လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်၌ ဝင်ပြိုင်မည်

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ ကော့မှူးမဲဆန္ဒနယ်၌ ဝင်ရောက်အရွေးချယ်ခံမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ်မှုဆောင်တစ်ဦးက ပြောကြားသည်။
“ဒေါ်စုက တရားဝင် မကြေငြာသေးပေမဲ့ ကော့မှူးမှာ ဝင်ပြိုင်မယ်ဆိုတာကတော့ သေချာသွားပြီ” ဟု ၎င်းကဆိုသည်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်အရွေးချယ်ခံပြီး အနိုင်ရသွားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ဦးစိုးတင့်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးရာထူး တာဝန်ထမ်းဆောင်ရသည့်အတွက် ကော့မှူးမဲဆန္ဒနယ်သည် လစ်လပ်နေရာဖြစ်သွားကြောင်း သိရသည်။
နိုင်ငံရေးအင်အားစုများထဲတွင် တချို့က ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မဝင်သင့်သေးကြောင်း ပြောဆိုကြ သော်လည်း တချို့ကမူ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ထဲသို့ သွားရောက်ရန် နောက်ကျနေပြီဟု သုံးသပ်ပြောဆိုလျက်ရှိသည်။
လစ်လပ်နေရာတစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ်တွင် နိုင်ငံရေးအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးချယ်ခံနိုင်သည်ဟု သုံးသပ်ကြသော်လည်း မရမ်းကုန်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် လုံးဝဝင်ပြိုင်မည်မဟုတ်ကြောင်း အထက်ပါပုဂ္ဂိုလ်က အတည်ပြုပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မည့်မဲဆန္ဒနယ်တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည) က လုံးဝဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ် ကြောင်း တစညပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းအပြင် NLD ပါတီက လစ်လပ်နေရာ ၄၈နေရာစလုံးတွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်အတွက် အတိုက်အခံပါတီများက ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်နေကြကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းမှစုံစမ်းသိရသည်။
“တကယ်တော့ ဒေါ်စုအဆင့်က ရွေးကောက်ပွဲ ဝင်ပြိုင်ရမယ့်အဆင့်တော့ မဟုတ်ဘူးဗျ” ဟု NLDမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။
တရားဝင်ကြေငြာထားသော လစ်လပ်နေရာ ၄၈နေရာတွင် ပြည်သူ့လွှတ်တော်၌ ၄၀နေရာ၊ အမျိုးသားလွှတ်တော်၌ ၆နေရာနှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ၂နေရာ ဖြစ်သည်။
NLD ပါတီသည် လာမည့်သတင်းအပတ်အတွင်း ပါတီမှတ်ပုံတင်ခွင့်ရမည် ဖြစ်သည့်အတွက် လစ်လပ်မဲဆန္ဒနယ်များတွင် အောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း၊ လစ်လပ်နေရာမဟုတ်သည့် မြို့နယ်များတွင်မူ ဝန်းရံရေးအဖွဲ့များကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။
Peace Press
Myanmar News Now

နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် စိစစ်ရေးလုပ်ငန်းများ စတင်

အကျဉ်းထောင်များတွင် ဆက်လက်အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန်အတွက် အကျဉ်းသားစိစစ်ရေး လုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း သိရသည်။
“ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့အတွက် အကျဉ်းသားစာရင်း စစ်ရတာ သုံးလနီးပါးရှိတယ်။ အခုလည်း လွှတ်ဖို့အတွက် စစ်နေတာ နည်းနည်းတောင်ကြာနေပြီ"ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်း သတင်းရင်းမြစ်က အဆိုပါ အကျဉ်းသားစာရင်း မည်သည့်အချိန်ပြီးစီးမည်ကို ဖြေကြားရန် ငြင်းဆန်သည်။
အစိုးရသစ်တက်ပြီးနောက်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။
နိုင်ငံရေးဖြေလျှော့ပေးမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတို့သည် ချိတ်ဆက်လျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုသည် မြန်မာနိုင်ငံ အပေါ်တွင် ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းရန် များစွာအထောက်အကူပြုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။
မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ရောက်ရှိခဲ့သူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို ဆက်လက်လွှတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
YC(KS)
Myanmar News Now

မိတ်ဆွေပါတီများမှ မြေယာပိုင်ဆိုင်ခွင့် ဥပဒေနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်


၂၀၁၀ ရွေးကောက်ပွဲဝင် မပာာမိတ်ပါတီများဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေမိတ်ဆွေပါတီများမှ မြေယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ထောက်ပြထားသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
၎င်း မိတ်ဆွေပါတီများမှ မြေယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းကို ထောက်ပြထားသည့် ကြေညာချက်ကို ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌများထံသို့ ပေးပို့တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလျက်ရှိသည့် မြေယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းအား ထောက်ပြထား သည့် မိတ်ဆွေပါတီများ၏ ထုတ်ကြေညာချက်တွင် လယ်ယာမြေဥပဒေမူကြမ်းနှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ်အနေဖြင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ ဗြိတိသျှ ကိုလိုနီခေတ်၊ ဖ.ဆ.ပ.လခေတ်၊ လမ်းစဉ်ပါတီခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်ကို ပြန်လည်သုံးသပ်မှသာ ယခုလက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပကတိအခြေအနေများနှင့် လျော်ညီမည့် လယ်ယာမြေမူဝါဒမျိုးကို ရှေးဦးစွာချမှတ်ပြီး ထိုမူဝါဒနှင့်အညီ လိုက်လျော ညီထွေ ဖြစ်မည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း တို့ကို ရေးဆွဲပြဋ္ဌာန်းသင့်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည့် လယ်ယာမြေဥပဒေမူကြမ်းနှင့် ပတ်သက်၍ မူဝါဒတစ်ရပ်ကို ရှေးဦးစွာ စီစဉ်ဆောင်ရွက်ထားခြင်းမရှိဘဲ ဥပဒေရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်ခြင်းမှာ ရှေ့နောက်အစီအစဉ်ကျမှုမရှိဘဲ လွဲမှားနေကြောင်း၊  ထိုကဲ့သို့ ရှေ့နောက် အစီအစဉ် မှားယွင်းဆောင်ရွက်မှုများကြောင့် မြန်မာတောင်သူလယ်သမားထု၏ အကျိုးစီးပွား၊ မြန်မာ့အကျိုးစီးပွား တိုးတက်ရေးတို့ကို အနှောင့် အယှက် အပာန့်အတားဖြစ်စေမည့်အပြင် ခေတ်နောက်ပြန်ဆွဲသည့် မြေခစား၊ မြေရှင်ကြီးစနစ် ပြန်လည်ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ၎င်း ကြေညာချက်တွင် ထောက်ပြခဲ့သည်။
လယ်ယာမြေ ဥပဒေမူကြမ်းအား လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးနေမှုများနှင့် ပတ်သက်၍ ပါတီဝင်တစ်ဦးမှ “လွှတ်တော်နှစ်ရပ် ကိုယ်စားလှယ် တွေအနေနဲ့ လယ်ယာမြေဥပဒေမူကြမ်းကို ဆွေးနွေးရာမှာ သက်ဆိုင်ရာ နယ်ပယ်က ပညာရှင်တွေကိုခေါ်ယူဆွေးနွေးတာမျိုး လုပ်သင့်ပါတယ်” ပာု ပြောကြားခဲ့သည်။
                                                                                                                      YC
Myanmar News Now

 ကျောက်တန်းမြို့တွင် တွေ့ရှိခဲ့သော ရှေးဟောင်းရုပ်ပွားတော်များ ကျိုက်မှော်ဝန်း ရေလယ်စေတီတော် ၌ ခေတ္တအပူဇော်ခံထားရှိ

ကျိုက်မှော်ဝန်းရေလယ်စေတီတော်၌ အပူဇော်ခံထားရှိသော ရှေးဟောင်းရုပ်ပွားတော်များနှင့်အုတ်ခွက်များ
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက် ဆက်သွယ်ရေး စာတိုက်ဝန်းအတွင်း နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရှိခဲ့သော ရှေးဟောင်းရုပ်ပွားတော်များကို ကျိုက်မှော်ဝန်း ရေလယ် စေတီတော်တွင် အပူဇော်ခံထားရှိထားကြောင်း သိရှိရသည်။
“အခုလောလောဆယ် ဒီမှာက အပူဇော်ခံထားတယ် ဆိုတာက ယာယီ သဘောမျိုးပါပဲ။ တွေ့ခဲ့တဲ့ နေရာကို ဘုရားတည်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှမသိပါဘူး။ ကျွန်တော်တို့က လောလောဆယ် လက်ခံပြီးတော့ ခေတ္တ အပူဇော်ခံထားပေးတာပဲရှိပါတယ်” ဟု ကျိုက်မှော်ဝန်းရေလယ်စေတီ တော်ဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးသန်းဦးက ပြောကြားပါသည်။
ရှေးဟောင်းရုပ်ပွားတော်များ တွေ့ရှိသည့်နေရာကို ဒေသခံအချို့က ဘုရားတည်၍ကိုးကွယ်လိုကြကြောင်း သိရှိရသည်။ ဘုရားတည်မည် ဆိုပါ က လှူဒါန်းလိုသူများလည်းရှိနေ ကြောင်းသိရသည်။
“အခုလောလောဆယ် တွေ့ခဲ့ ရတဲ့နေရာကို ဘုရားတည်မယ်  ဆိုပြီး အသံတွေထွက်နေပါတယ်။ တကယ်တော့  ဒေသခံတချို့ရဲ့ သဘောထားကြောင့် ထွက်ပေါ်လာ တဲ့သတင်းပါ။ ကျွန်တော်တို့ဆီမှာ ဘာညွှန်ကြားချက်မှ မရှိသေးပါဘူး” ဟု ကျောက်တန်းမြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
အဆိုပါတွေ့ရှိရသောရှေးဟောင်း ရုပ်ပွားတော်များနှင့်အုတ်ခွက်၊ကျောက် ခွက်များအားမည်သည့်ခေတ်လက်ရာ များဖြစ်သည်ကိုအတည်ပြုရန် ရှေး ဟောင်းသုတေသနဌာနမှ ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်းသိရှိ ရသည်။
“ပျူခေတ်နှောင်းကလို့ ကျွန် တော်တို့ဘက်က အတိအကျထုတ် ပြန်တာမျိုးတော့ မရှိသေးပါဘူး။လေ့လာနေဆဲအဆင့်ပဲ ရှိသေးတာ ပါ။ တွေ့တဲ့နေရာနဲ့ပတ်သက်ပြီး တော့လည်း ဘာမှဆက်မလုပ်သေးဘဲ လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားပါ တယ်။ သက်ဆိုင်ရာဝန်ကြီးဌာန တွေကိုလည်း စာတင်ထားပါတယ်။ အထက်ကတော့ ညွှန်ကြားချက်ပြန် မလာသေးပါဘူး။ လောလောဆယ် ကျွန်တော်တို့ကတော့ ပုဂံခေတ်က လက်ရာတွေလို့ယူဆထားပါတယ်။ သေသေချာချာအတည်ပြုဖို့အတွက် တော့ ဆက်လက်ဆောင်ရွက်ဆဲပဲ ရှိပါသေးတယ်”ဟုရှေးဟောင်းသု တေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အရေးယူပိတ်ဆို့မှုများ လျော့ချရုပ်သိမ်းသွားနိုင်ရန် Road Map ရေးဆွဲဆောင်ရွက်မည်ဟု ဟီလာရီကလင်တန် ပြောကြား


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ်
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့သည် ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြပါသည်။ 
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊  နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟီလာရီကလင်တန် ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ် အဖွဲ့တွင်မူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာ၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံ မိုက်ကယ်အီးသာစတန်တို့ တက်ရောက်ခဲ့ကြသည်။  တွေ့ဆုံ ဆွေးနွေးမှုတွင် နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ၏ ပြုပြုပြောင်းလဲမှုများ၊ နိုင်ငံရေးမူဝါဒများ ဆောင်ရွက်လျှက်ရှိသည်များကို ပြောဆိုခဲ့ပါသည်။
ဟီလာရီကလင်တန်ကမူ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ဆောင်ရွက်ချက်များကို  အသိအမှတ်ပြု ဆွေးနွေးခဲ့ပါသည်။  ယင်းကဲ့သို့ ဆွေးနွေးရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုခဲ့ပြီး လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး၊  ကြားဖြတ်ရွေးကောက်ပွဲအပါအ၀င်  နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်စေ လိုကြောင်းနှင့် အမေရိကန်ဘက်မှ စီးပွားရေးပိတ်ဆို့မှု၊ ခရီးသွားလုပ်ငန်းကန့်သတ်မှု၊ သွင်းကုန်တင်ပို့ခြင်း ကန့်သတ်မှုများ အစရှိသည့် အရေးယူပိတ်ဆို့မှုများကို လျော့ချရုပ်သိမ်းသွားနိုင်ရန် Road Map ရေးဆွဲ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် အမေရိကန်သမ္မတ အိုဘားမားက ဟီလာရီကလင်တန် မှတစ်ဆင့် နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့သော ကိုယ်ရေးစာတွင် နှစ် နိုင်ငံဆက်ဆံရေးအတွက် ခြေလှမ်းသစ်လှမ်းနိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာမည်ဟု မိမိတို့အားလုံး မျှော်လင့်ထားပါကြောင်းကို ရေးသားထားကြောင်း သိရှိရပါသည်။
နှစ်ဖက်တွေ့ဆုံမှု၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားမှုအချို့
  • နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ခရီးစဉ်ဖြစ်သည့်အတွက် သမိုင်းတွင်မည့် ခရီးစဉ်ဖြစ်။
  • နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှုအဆင့်မှ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုအဆင့်သို့ တိုးမြှင့်နိုင်မည်ဟု ယုံကြည်။
  • တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် Geo-Politics အရ အရေးပါသည့် အိမ်နီးချင်းများဖြစ်။
  • တရုတ်နိုင်ငံအနေဖြင့် မိမိတို့အား အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် တိုက်တွန်းအားပေးမှု၊ အနောက်နိုင်ငံများနှင့် နှစ်နိုင်ငံထိတွေ့ ဆွေးနွေးနိုင်ရန် စီမံဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးခဲ့။
  • တရုတ်၊ အိန္ဒိယတို့နှင့် ဆက်လက်၍ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်သွားမည်။
  • အစိုးရအဖွဲ့သစ်၏ သက်တမ်းမှာ ရှစ်လသာရှိသေးသည့်အတွက် ဒီမိုကရေစီ ထွန်းကားရေးအတွက် ညင်သာစွာ အသွင်ကူးပြောင်းနိုင်အောင် ဆောင်ရွက်နေ။
  • ပြည်တွင်း၊ ပြည်ပမှ ထောက်ခံမှုများ ရရှိနေပြီဖြစ်သည့်အတွက် မိမိတို့အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် မရှိ။
  • နိုင်ငံရေးတွင် အားလုံးပါဝင်လာနိုင်အောင် ဥပဒေနှင့်အညီ အလေးထား ဆောင်ရွက်ပေးသွားမည်။
  • ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်နိုင်အောင် စီမံဆောင်ရွက်ပေးခြင်းသည် ထင်ရှားသည့် အပြောင်းအလဲဖြစ်။
  • မီဒီယာပိုင်းတွင် လွတ်လပ်မှုနှင့် တာဝန်ယူမှုကို ဒွန်တွဲ၍ မီဒီယာလွတ်လပ်ခွင့်ကို တစ်ဆင့်ချင်း ခွင့်ပြုပေးလျက်ရှိ။
  • တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ဆွေးနွေးမှုများ ဆောင်ရွက်နေပြီဖြစ်။
  • စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် စားရေး၊ ၀တ်ရေးနှင့် နေရေးတို့တွင် စိုးရိမ်ပူပန်ရန်မရှိ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေသည့်အတွက် ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်း ရှိနေ။
  • စက်မှုဇုန်များ၊ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်များ ထူထောင်ဆောင်ရွက်ပေးနေ၊ စီးပွားရေးလုပ်ငန်းရှင် အလယ် အလတ်လူတန်းစား များများပေါ်ထွန်းရေး အားပေးဆောင်ရွက်နေ။
  • နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ အပြန်အလှန်ကုန်သွယ်ရေး၊ ငွေကြေးအရင်းအနှီးစီးဆင်းမှု စံချိန်စံညွှန်းများအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှု (FDI) နှင့် IMFနှင့် World Bank ကဲ့သို့သော နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများ၏ ကူညီမှုများလိုအပ်။
  • လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်လို။
  • အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ကြီးများ၌ မြန်မာကျောင်းသားများ တက်ရောက်ခွင့်ရရန် ဆန္ဒရှိ၊ နှစ်နိုင်ငံပူးပေါင်း၍ မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းကို မြှင့်တင်လို။
  • အဏုမြူမပြန့်ပွားရေးအတွက် အခြားနိုင်ငံများနည်းတူ ပူးပေါင်းဆောင်ရွက်လျက်ရှိ၊ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အမှတ် ၁၇၁၈ နှင့် ၁၈၇၄ တို့အပေါ် လေးစားလိုက်နာ။
  • နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် IAEA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး IAEA နောက်ဆက်တွဲ Protocol တွင် လက်မှတ်ရေးထိုးနိုင်ရန် စဉ်းစားဆောင်ရွက်သွားမည်။
နှစ်ဖက်တွေ့ဆုံမှု၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပြောကြားမှုအချို့
  • နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုကို အခြေခံလျက် ဆက်ဆံရေး တိုးမြှင့်သွားနိုင်မည်ဟု အလေးအနက် ယုံကြည်။
  • မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များတွင် မိတ်ဖက်နိုင်ငံအနေဖြင့် ပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် ကတိပြုလို။
  • အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍတိုးမြှင့်လာမှုကို အသိအမှတ်ပြုပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မှုများအပေါ် ထောက်ခံ။
  • မြန်မာနိုင်ငံအနာဂတ်အတွက် ရွေးချယ်ခဲ့သည့် လမ်းကြောင်းသည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပင်ဖြစ်သည်ဟု ယုံကြည်။ ရှေ့ဆက်လျောက်မည့်လမ်းကြောင်းတွင် မိမိတို့အပါအ၀င် နိုင်ငံများက ကူညီပံ့ပိုးပေးသွားမည်ဖြစ်။
  • မြန်မာအစိုးရအဖွဲ့သစ်၏ ထူးခြားသော ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို အသိအမှတ်ပြု။
  • ဖြစ်ပေါ်တိုးတက်မှုများအတွက် တူညီသောပူးပေါင်းဆောင်ရွက်မှုဖြင့် တုံ့ပြန်ရန် ဆန္ဒရှိ။
  • မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်ကို ကူညီပံ့ပိုးနိုင်ရန်အတွက် World Bank Mission စေလွှတ်ရန် ညှိနှိုင်းဆောင်ရွက်ပေးလို။
  • UNDP နှင့် ပူးပေါင်းဆောင်ရွက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြေမြှုပ်မိုင်းများ ဖော်ထုတ်ရေး၊ အသေးစား ငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးသူငယ် ပညာပေးရေးလုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးဆောင်ရွက်သွားမည်။
  • John Hopkins ပညာသင်ဆု အစီအစဉ်အောက်မှ Public Health နှင့် Engineeringဆိုင်ရာ ပညာသင်ဆုများ ပူးပေါင်းဆောင်ရွက်ပေးမည်။ မဲခေါင်မြစ်အောက်ပိုင်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်များ၌ မြန်မာနိုင်ငံ ပါဝင်နိုင်အောင် ဆောင်ရွက်သွားမည်။
  • နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ပုံမှန်အတိုင်းဖြစ်စေရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး သံအမတ်ကြီးအဆင့် တိုးမြှင့်ခန့်အပ်နိုင်ရေး စဉ်းစားသွားမည်။
  • လူ့အခွင့်အရေးကိစ္စနှင့် စပ်လျဉ်း၍ လာမည့်နှစ်အစောပိုင်းတွင် အဖွဲ့တစ်ဖွဲ့ စေလွှတ်လို။
  • တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အပစ်အခတ်ရပ်စဲခြင်းစသည့် ငြိမ်းချမ်းရေး တည်ဆောက်မှုများအတွက် ချီးကျူး၊ တတ်အားသရွေ့ ကူညီပေးလို။
  • မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြု၊ ကော်မရှင်အနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်စေလို။
  • မကြာမီ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး မျှော်လင့်ကြောင်းနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့များ လာရောက်ခွင့်ပြုရန် မေတ္တာရပ်ခံလို။
  • နျူကလီးယား မပြန့်ပွားရေးကိစ္စသည် မိမိတို့အဓိကထားရသည့် ထိပ်တန်းဦးစားပေး ကိစ္စရပ်ဖြစ်။
  • ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအပေါ် မြန်မာနိုင်ငံ၏ လေးစားလိုက်နာမှုများအတွက် ကျေးဇူးတင်။
  • အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကြားဖြတ်ရွေးကောက်ပွဲ အပါအ၀င် နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်စေလို။ 
Eleven Media Group

ပင်လယ်ရေနက်ပိုင်း ငါးဖမ်းကွက်များတွင် နိုင်ငံသားပိုင် ငါးဖမ်းသင်္ဘောများ ၀င်ရောက်နိုင်တော့မယ်ဆို

ညောင်တန်းတံတားတွင် ဆိုက်ကပ်ထားသည့် ငါးဖမ်းသဘောင်္များကို တွေ့ရစဉ်
၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်ထိငါးနှစ် တာကာလအတွင်း မြန်မာ့ပင်လယ် ပြင်တွင်ဖမ်းဆီးခွင့် ပြုထားသည့် နိုင်ငံခြား ကမ်းဝေး ငါးဖမ်းသင်္ဘော အရေအတွက်မှာ နှစ်စဉ် တိုးတက်နေကြောင်းနှင့် ပင်လယ်ရေနက်ပိုင်း ငါးဖမ်းကွက်များတွင် နိုင်ငံသားပိုင်ငါးဖမ်း သင်္ဘောများ ၀င်ရောက်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံခြားငါးဖမ်းရေယာဉ် အရေအတွက်  ၂၀၆ စင်းရှိခဲ့ရာမှ ၂၀၁၀ -၂၀၁၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားငါးဖမ်းရေယာဉ် ၃၉၆ စင်းထိတိုး တက်လာ၍့ ငါးနှစ်တာကာလအတွင်း အစင်းရေ ၁၉၀ တိုးတက်လာကြောင်း သိရသည်။
နိုင်ငံသားပိုင် ငါးဖမ်းသင်္ဘောများ အနေဖြင့် ပင်လယ်ရေနက်ပိုင်း ငါးဖမ်းဆီးသည့် လုပ်ငန်းများ လုပ် ကိုင်နိုင်ရန်အတွက် ကူညီပေးသွားမည်ဖြစ်ကြောင်းကိုလည်း “သယံဇာတ ထိန်းသိမ်းရေး၊ ငါးလုပ်ငန်းရေ ရှည်တည်တံ့ရေးအ တွက် ဇူလိုင်လ ကပြုလုပ်ခဲ့တဲ့အလုပ် ရုံဆွေးနွေးပွဲမှာ နိုင်ငံသားပိုင်ငါးဖမ်း သင်္ဘောတွေ  ပင်လယ်ရေနက်ပိုင်း ငါးဖမ်းလုပ်ငန်းတွေတိုးချဲ့ ဆောင်ရွက်နိုင်ဖို့ အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နိုင်ငံခြားငါး ဖမ်း ရေယာဉ်နေရာတွေမှာ ပြည်တွင်း ငါးဖမ်းရေယာဉ်တွေ ၀င်ရောက်နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“နိုင်ငံခြားငါးဖမ်းရေယာဉ်တွေကို ဘယ်မှာငါးဖမ်းခွင့် ပေးထားလဲဆိုရင် မြန်မာနိုင်ငံရဲ့အစွန်ဆုံး ကျွန်းတွေကိုဆက်ပြီး မျဉ်းဖြောင့်တစ်ကြောင်းဆွဲလိုက်ရင် အဲဒီဟာ ကို အခြေခံမျဉ်း(base line )လို့ ခေါ်တယ်။ အဲဒါနဲ့ ၁၂ မိုင်အကွာမှာ မျဉ်းဖြောင့်တစ်ကြောင်း ထပ်ဆွဲ အဲဒါကို တယ်ရီတိုရီယယ်လိုင်းလို့ ခေါ်တယ်။ အဲဒါကနေမိုင် ၂၀၀အကွာမျဉ်း ထပ်ဆွဲရင် EEZ(Exclusive Economic Zone) ဖြစ်ပါတယ်။ နိုင်ငံခြားငါးဖမ်းရေယာဉ်တွေကို အီးအီးဇက်ကနေ တယ်ရီတိုရီယယ်ကြားမှာ ပဲဖမ်းခွင့်ပြုထားပါတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန၊ ကြီးကြပ်/အခွန် ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“သဘာဝက ငါးဖမ်းဆီးရမိမှု လျော့နည်းလာတာ ငါးဖမ်းဆီးမှု လွန်ကဲမှုကြောင့်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် over fishing  ကို အမြဲတန်း ကျွန်တော်တို့ Monitoring ,Control and Surveillance  လို့ ခေါ်တဲ့ MCS စနစ်နဲ့ စောင့်ကြည့်နေပါတယ်၊ Over Fishing မဖြစ်အောင် ငါးဖမ်းလုပ်သားတွေများ လာသလား၊ ငါးဖမ်းကိရိယာတွေ များလာသလား၊ ငါးဖမ်းသင်္ဘောတွေ တိုးတက်လာသလား ဆိုတာကို စာရင်းဇယားနဲ့ ထိန်းချုပ်နေပါတယ်။ ဒါတွေကို သုံးသပ်ပြီးမှ ငါးဖမ်း သင်္ဘောတွေကို ဖမ်းဆီးခွင့်ပြုတာ ဖြစ်ပါတယ်”ဟု ၎င်းကရှင်းပြခဲ့သည်။
မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ငါးဖမ်း လုပ်ကွက်များတွင် ကမ်းနီးကမ်းဝေး  ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားကြောင်း သိရသည်။
မှတ်ပုံတင်ထားသည့် နိုင်ငံခြားငါးဖမ်းရေယာဉ် အရေအတွက်
ဘဏ္ဍာနှစ် အရေအတွက်
၂၀၀၆-၀၇     ၂၀၆
၂၀၀၇-၀၈     ၂၄၈
၂၀၀၈-၀၉     ၃၅၆
၂၀၀၉-၁၀     ၃၉၁
၂၀၁၀-၁၁     ၃၉၆
Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နှင့် ရင်းနှီးသောဆက်ဆံရေးလိုလား

မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် ပိုမိုနီးကပ်သော ထိတွေ့ဆက်ဆံမှု ပြုလုပ်လာချိန်တွင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်လည်း ရင်းနှီးချစ်ခင်သော ဆက်ဆံရေးကို ထားရှိနိုင်မည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးတွင် ကလင်တန်နှင့် တွေ့ဆုံဆွေးနွေးအပြီး ၎င်းက ပြောကြားရာ၌ မြန်မာနိုင်ငံ၏ အနောက်နှင့်ထိတွေ့ဆက်ဆံမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုကြောင်း ကြားသိရခြင်းသည် အလွန်ပင် လျော်ကန်သင့်မြတ်ကြောင်း ပြောသည်။
"ဒါဟာ တစ်ကမ္ဘာလုံးရဲ့ ထောက်ခံမှုကို ကျွန်မတို့ရရှိနေတယ်ဆိုတာ ပြလိုက်တာပါ။ အထူးသဖြင့် ကျွန်မတို့နဲ့ အလွန်နီးကပ်တဲ့ အိမ်နီးချင်းနိုင်ငံ တရုတ်ပြည်နဲ့ ရင်းနှီးကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားရှိဖို့ ကျွန်မတို့မျှော်လင့်ထားလို့ပါပဲ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည် ။

 (အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။

တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းကို တစ်လစောပြီးထုတ်ပြန်

၂၀၁၂ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းကို ဒီဇင်ဘာ ၁ ရက်က စတင်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်လိုက်သော အချိန်စာရင်းအရ တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသားများသည် စာမေးပွဲကို မတ်လ ၁၂ ရက်နေ့မှ စတင်ဖြေဆိုရမည်ဖြစ်ပြီး ၂၂ ရက်နေ့တွင် စာမေးပွဲပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

"ဆရာမရဲ့ လုပ်သက်တစ်လျှောက်မှာတော့ စာမေးပွဲ အချိန်စာရင်းထွက်တာ ဒီနှစ်က အစောဆုံးလို့ထင်ပါတယ်။ ဒီလိုစောတဲ့အတွက် ကျောင်းသားတွေအတွက် အများကြီး အထောက်အကူပြုမယ်လို့လဲ ဆရာမယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကျောင်းသားတွေက စာမေးပွဲဖြေဆိုရမယ့်လကို ကျောင်းသားတိုင်းကြိုသိကြပေမယ့် အချိန်စာရင်းထွက်လာတာနဲ့ မထွက်လာတာက အနည်းနဲ့အများ ကြိုတင်ပြင်ဆင်ကြတာ ကွာပါတယ်။ ယခုဆိုရင် စာမေးပွဲဖြေဆိုရမယ့် ကျောင်းသားတိုင်းကို ကြိုတင်ပြင်ဆင်ကြဖို့ အသိပေးလိုက်တာလဲဖြစ်တဲ့အပြင် ကျောင်းသားတွေ အနေနဲ့လဲ ကြိုတင်ပြင်ဆင်ကြတော့မှာ ဖြစ်ပါတယ်" ဟု အထက်တန်းဆရာမ တစ်ဦးက သုံးသပ်ပြောကြားသည်။

ယခင်က တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာစာရင်းကို နှစ်စဉ် ဇန်နဝါရီလတွင်သာ ဖော်ပြလျက်ရှိသော်လည်း ယခုနှစ်တွင်မူ ယခင်နှစ်များထက် တစ်လစော၍ ထုတ်ပြန်လာခြင်းလဲဖြစ်ကြောင်း သိရသည်။

"ရင်ခုန်ပါတယ်။ ဘယ်လမှာ စာမေးပွဲဖြေရမယ်ဆိုတာကို သိပေမယ့် အချိန်စာရင်းကို ဖတ်လိုက်ရတဲ့အခါမှာ စာမေးပွဲဖြေဆိုရမယ့် ရက်ကို အတိအကျသိရတဲ့အတွက်လဲ ဒီအချိန်စာရင်းက မိမိကိုယ်မိမိ ပေါ့နေလို့မရတော့ဘူးလို့လဲ သတိပေးနေသလို ခံစားရပါတယ်။ ပုံမှန်ကြိုးစားနေပေမယ့် ယခုဆိုရင် ပုံမှန်ထက်ပိုပြီး ကြိုးစားရတော့မှာဖြစ်ပါတယ်" ဟု တက္ကသိုလ်ဝင်ကျောင်းသားတစ်ဦးက ပြောသည်။

 ပန်းသတင်းဂျာနယ်
Myanmar News Now

ကျောက်ဖြူမြို့နယ် ဘောရဘာကျေးရွာအနီးမှ ရွှံ့မီးတောင်ပေါက်ကွဲ

7107b
ချော်ရည်များ ပွက်ထနေသည်ကို တွေ့မြင်ရစဉ်
နိုဝင်ဘာလ ၂၆ ရက်နေ့နံနက် ၇ နာရီတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဘောရဘာကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် ရှိသော ရွှံ့မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးတောင်ပေါက်ကွဲမှုကို ဘောရဘာကျေးရွာမှ လယ်သမားတစ်ဦး က “ရွှံ့မီးတောင် မနက် ၇ နာရီမှာ စပြီး ပေါက်ကွဲတာ ညနေ ၅ နာရီ အချိန်လောက်မှ ငြိမ်သက်သွားခဲ့တယ်။ ပေါက်ကွဲမှုက နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး မနက် ၇ နာရီခန့်မှာ ပထမတစ်ကြိမ် ပေါက်ကွဲတဲ့အခါ ချော်ရည်တွေက အမြင့်ပေ ၂၀  ခန့် လောက် ပန်းထွက်သွားတယ်။ ဒုတိယတစ်ကြိမ်က မွန်းလွဲ ၂ နာရီ ခန့်မှာဖြစ်ပေါ်ခဲ့ပြီး ချော်ရည်တွေ အမြင့် ၁၀ ပေခန့်ထိ မြင့်တက်ခဲ့ တယ်”ဟု အဆိုပါ လယ်သမားက ပြောကြားသည်။
“ချော်ရည်တွေတဗွက်ဗွက်နဲ့ ထွက်နေတာကြောင့် တောင်ကုန်းပေါ်မှာ ခြောက်ဧကခန့်လောက် ချော်ရည်တွေ ပြန့်ကျဲသွားတယ်။ ချော်ရည်တွေဟာ အဲဒီနေရာမှာ အရင်တုန်းက မီးတောင်ပေါက်ကွဲတဲ့အခါ  ချော်ရည်တွေ စီးဆင်းခဲ့တဲ့ လမ်းကြောင်းအတိုင်း တောင်ဘက်ကို လေးဖာလုံခန့် စီးဆင်းသွားခဲ့တယ်။ မီးတောင်နားမှာ ရှိတဲ့ လယ်မားတွေ က စပါးရိတ်သိမ်းမယ့် အချိန်နဲ့ နီးကပ်နေတာကြောင့် ချော်ရည်တွေ စီးဆင်းလာမှာကို စိုးရိမ်နေကြတယ်”ဟု  ဘောရဘာကျေးရွာမှ အခြားလယ်သမားတစ်ဦးက ပြောပါ သည်။
7107a
ဘောရဘာ ကျေးရွာအနီးရှိ ရွှံ့မီးတောင်မှ ချော်ရည်များ စီးဆင်းလာပုံ
အဆိုပါ ရွှံ့မီးတောင်မှာ ၁၉၉၀ ပြည့်နှစ် တစ်ကြိမ်ပေါက်ကွဲခဲ့ပြီး လယ်ဧက ၂၀ ကျော်ပျက်စီးခဲ့ပြီး  ၂၀၀၀ ပြည့်နှစ်တွင်လည်း တစ်ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။ ယင်းရွှံ့မီးတောင်မှာ ၁၀ နှစ် တစ်ကြိမ်စီ ပေါက်ကွဲလေ့ရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ်တွင် နေရာအနှံ့မီးတောင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး စိုင်ခြုံးကျေးရွာ အနီး နဂါးတောင်မှာ ၁၉၉၆ ခုနှစ်က မီးတောင်ပေါက်ကွဲခဲ့ရာ ချော်ရည်များ ပန်းထွက်လာကာ လယ်မြေ ဧက ၄၀ ကျော် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
7107
၂၀၀၈ ခုနှစ် ဇန်န၀ါရီလတွင်လည်း ၎င်းမီးတောင်မှာမိနစ် ၂၀ ကြာ ပေါက်ကွဲခဲ့ရာ ရွှံ့မီးတောင်မှ ရွှံ့ရည်၊ ချော်ရည်များပေ ၁၀၀ ခန့်မြင့်တက်ခဲ့ပြီး မီးတောက်မီးလျှံများမှာ ပေ ၄၀၀ ခန့်မြင့်တက် ခဲ့ကြောင်း၊ မီးတောင် ပေါက်ကွဲမှုကြောင့် လယ်နှစ်ဧကချော်ရည် ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။
“မီးတောင် ပေါက်ကွဲခြင်းကြောင့် ချော်ရည်ပူများ စီးဆင်းလာနိုင်သလို လေထုကိုလည်း အဆိပ်ငွေ့တွေပျံ့ နှံ့စေနိုင်ကြောင်း၊ များပြားလှသော ချော်ရည်ပူများကြောင့် အနီးတစ်ဝိုက် ပတ်ဝန်းကျင်ရှိ နေအိမ်၊ လယ်ယာ မြေများအပြင် သတ္တ၀ါများ၏ အသက်ပေါင်းများစွာကိုပါ ခြိမ်းခြောက်နိုင် စွမ်းရှိသော သဘာဝအန္တရာယ် တစ်မျိုးပင် ဖြစ်ကြောင်း သိရှိရပါသည်။
Eleven Media Group

မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပွဲ ((ရုပ်/သံ)

  ၁၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ တိရစ္ဆာန် ဥယျာဉ်မှာ ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။
ဒီပွဲကို (TLMI Myanmar ) လို့ခေါ်တဲ့ The Leprosy Mission International Myanmar က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး မနက် ၉ နာရီကနေ ညနေ ၃ နာရီထိ ကျင်းပခဲ့တာပါ။
ဒီပွဲမှာ မသန်စွမ်းသူများအကြောင်းနဲ့ ပတ်သက်တဲ့ ပဟေဠိဥာဏ်စမ်းပွဲကို ပြုလုပ်ခဲ့ကြသလို မသန်စွမ်းသူတွေပြုလုပ်ထားတဲ့ လူမှုအသုံးပစ္စည်းတွေကိုလည်း ရံပုံငွေအဖြစ် (TLMI Myanmar) ကရောင်းချခဲ့ပါတယ်။
မသန်စွမ်းတွေ အပါအ၀င် လူဦးရေ ၃၀၀ လောက် လာရောက်ခဲ့ကြတဲ့ ဒီပွဲမှာ ရွှေပြည်သာလင်းရောင်ခြည် အဖွဲ့ကလည်း အဆိုအကတွေနဲ့ဖျော်ဖြေသွားခဲ့တယ်လို့သိရပါတယ်။
ဒီပွဲကို ဦးဆာင်ကျင်းပပေးတဲ့ TLMI Myanmar အနေနဲ့ လည်း ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးဆိုတဲ့ မသန်စွမ်းသူတွေနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထပ်မံလုပ်ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပွဲကို မြန်မာနိုင်ငံမှာ ၁၉၉၄ ခုနှစ်မှာ စတင်ပြီးကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တဆက်ထဲမှာပဲ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်ပွဲကို နေပြည်တော် ဇမ္ဗူသီရိမြို့မှာရှိတဲ့ MICC ခန်းမမှာလည်း လူမှုဝန်ထမ်း ဦးစီးဌာနက ဦးစီးကျင်းပပြုလုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၁ ဒသမ ၃ သန်းဟာ မသန်စွမ်းသူများဖြစ်ကြပြီး အဲဒီထဲကမှ ၇ဝ ရာခိုင်နှုန်းဟာ လှုပ်ရှားသွားလာမှု ခက်ခဲသူတွေဖြစ်ကြသလို ကျန်တဲ့ ၃ဝ ရာခိုင်နှုန်းဟာ အသိညဏ်ခံစားမှု မသန်စွမ်းသူများ ဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုဝန်ထမ်းဦးစီးဌာန စစ်တမ်းများအရ သိရပါတယ်ခင်ဗျာ။
 
Burma VJ Media Network
 

လှည်းကူးမြို့ နယ်ရှိ NDF ပါတီရုံးခွဲဆိုင်းဘုတ်ဖြုတ်ပြီး ပါတီဝင်များ NLD ပါတီသို့ ပြန်လည်ဝင်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အပေါ် ကြိုဆိုထောက်ခံသည့်အနေနှင့် လှည်းကူးမြို့နယ်ကိုယ်စားပြု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDFပါတီရုံးခွဲဆိုင်းဘုတ်ကို ဒီဇင်ဘာလ၂ရက်နေ့က ဖြုတ်ချလိုက်ပြီလို့ သတင်းရရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီအနိုင်ရမှာစိုးတဲ့အတွက် NDFပါတီဝင်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး  အခုလို NLD ပါတီရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်တဲ့အတွက် NDF ပါတီဝင်တွေအနေနဲ့ NLD ပါတီကိုအင်အားတရပ်အနေနဲ့ ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။အခုလိုဆိုင်းဘုတ်ဖြုတ်ပြီး NDF ပါတီဝင်တွေအနေနဲ့ NLD ပါတီကို ဝင်ရောက်တော့မှာ ဖြစ်တဲ့အကြောင်းကို NDF ဗဟိုအပါအဝင် လှည်းကူးမြို့နယ် ကော်မရှင်ရုံးနဲ့ လှည်းကူးမြို့နယ် မယကကိုလဲ အကြောင်းကြားစာပေးပို့ထားတယ်လို့ ဆိုပါတယ်။

လှည်းကူးမြို့နယ် NDF ပါတီက EC ၁၀ ယောက်နဲ့အဖွဲ့ဝင်တွေ အပါအဝင် လျာထားတဲ့ ကိုယ်စားလှယ်တွေနဲ့ အနီးအနားကျေးရွာတွေကိုပါ လှည့်လည်စည်းရုံးပြီး အခုလိုဆုံးဖြတ်ချက် ချခဲ့ကြတာဖြစ်ပါတယ်။
ကျန်တဲ့ပါတီအဖွဲ့ဝင်တွေကလဲသဘောတူညီနေကြပြီးကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီရွေးကောက်ပွဲဝင်ဖို့အတွက် အင်အားအနေနဲ့ ပူးပေါင်းပါဝင်ဖို့ရှိတယ်လို့ သိရပါတယ်။

လှည်းကူးမြို့နယ် အင်းတိုင်တပ်နယ်ကလှည်းကူးမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီဝင် ဒေသခံ ၅၇ ယောက်ကလည်း NLD ပါတီနဲ့ ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိတဲ့အတွက် လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးNLD ပါတီကိုဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က လာရောက်အကြောင်းကြားထားတာရှိတယ်လို့လဲလှည်းကူးမြို့နယ် NLD ပါတီဝင်တစ်ဦးက ဘားမားဗီဂျေကို ဆက်သွယ်ပြောဆိုပါတယ်။

By ဇာဏီ ( Burma VJ Media Network)

လက်ရှိ တရားစီရင်ရေးစနစ်ဖြင့် ဒီမိုကရေစီဖော်ဆောင်ရန် ခက်ခဲနိုင်


အစိုးရအဖွဲ့သစ်ပြောင်းလဲပြီး ဖြစ်သော်လည်း လက်ရှိတရားစီရင်ရေးစနစ်တွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းအချို့နှင့် တရားရေးဝန်ထမ်းအချို့၏ လုပ်ဆောင်မှုဆုံးဖြတ်မှုအချို့မှာမူ ဒီမိုကရေစီဖော်ဆောင်နိုင်သည့် အခြေအနေတွင် မရှိနိုင်ကြောင်း အမှုသည်များ၊ ရှေ့နေများထံမှ သိရသည်။

"တရားစီရင်ရေးမဏ္ဍိုင် မတိမ်းစောင်းစေဖို့ ဆိုတဲ့နေရာမှာ အဓိကအားဖြင့်တော့ တရားသူကြီးတွေပေါ်ပဲ မူတည်တာတော့ မဟုတ်ပါဘူး။ ဒီတရားစီရင်ရေး အ၀န်းအ၀ိုင်းကြီးထဲမှာ ပါဝင်ပတ်သက်နေသူတွေ ကိုယ်တိုင်လည်းပဲ ၀ိုင်းဝန်းထိန်းကျောင်းကြရမယ်လို့ ပြောရမှာပါ။ အမှုသည်တိုင်းကတော့ အမှုနိုင်ချင်ကြတာချည်းပါပဲ။ ဒါကြောင့် အမှုနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ လာဘ်လာဘ လမ်းကြောင်းဆိုတာကြီးပေါ် တက်သွားပါပြီ။ ရှေ့နေတွေကလည်း သူ့အမှုသည်ကို နိုင်စေချင်တာပါပဲ။ ဒီမှာလည်း အမှုနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လာဘ်လာဘလမ်းကြောင်းကို သွားနေမှာပါပဲ။ တရားသူကြီးတွေ ကိုယ်တိုင်ကလည်း အမှုတိုင်းကို လာဘ်လာဘထက်ဆိုးတဲ့ အဂတိတရား လမ်းကြောင်းပေါ်ကို ရောက်သွားတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုမျိုးဆိုရင် ဒီတရားစီရင်ရေးမဏ္ဍိုင်ဟာ တိမ်းစောင်းသွားမယ့် အခြေအနေဖြစ်ပါတယ်။ အဂတိတရားမှာလည်း ပြန်ကြည့်မယ်ဆိုရင် မောဟဂတိနဲ့ ဘယဂတိက ပိုအရေးကြီးပါတယ်။ သိမ်မွေ့လွန်းတဲ့အတွက် အဂတိတရား လုပ်မိပါလားလို့ မတွေးမိဘဲ အဂတိလိုက်မိ သွားတတ်ပါတယ်။ မိမိကိုယ်တိုင် ဥပဒေကလည်း မကျွမ်းကျင်၊ ထောက်ထားစာနာစရာလည်း ပေါ်လာမယ်ဆိုရင် မိမိဆုံးဖြတ်လိုက်တာဟာ မောဟဂတိနဲ့ ညှိသွားတယ်လို့ မသိဘဲနဲ့ ဆောင်ရွက်သွားမိတတ်ပါတယ်။ အလားတူပါပဲ ဥပဒေပိုင်းအရ ကျွမ်းကျင်သော်လည်း ဖြောင့်မတ်စွာ ဆောင်ရွက်လိုသော်လည်း ဒီလိုဆောင်ရွက်လိုက်ရင် တစ်စုံတစ်ရာသော ဘေးကျမှာကို ကြောက်တဲ့အတွက် စီရင်ဆုံးဖြတ် လိုက်မိတာလည်းပဲ ဘယဂတိနဲ့ ညှိသွားတာပါပဲ။ ဒါကြောင့် အဂတိတရားတွေထဲမှာ ဒီဂတိတရားနှစ်ပါးဟာ သိပ်ကိုအရေးကြီးတဲ့အတွက် တရားသူကြီးတွေ သတိထားပြီး ဆင်ခြင်ဆောင်ရွက် သင့်ပါတယ်"ဟု စာရေးဆရာ တရားလွှတ်တော်ရှေ့နေတစ်ဦးက မျက်မှောက်တရားစီရင်ရေးမဏ္ဍိုင်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားပါသည်။


တရားစီရင်ရေး မဏ္ဍိုင်ကို ဦးဆောင်သူ အချို့ဟာ လာဘ်လာဘ အခွင့်အရေးနဲ့ အာဏာအတွက် ဝေဖန်မယ့်သူ၊ ထောက်ပြမယ့်သူတွေကိုတောင် နှိပ်ကွပ်ဖို့ အားထုတ်လာတဲ့ သဘောတွေတွေ့နေရတယ်။ တရားရုံး မထီမဲ့မြင်ပြုမှုဆိုတဲ့ ဥပဒေကို တရားသူကြီးအချို့က လက်နက်သဖွယ် အသုံးပြု ခြိမ်းခြောက်ဖို့ လုပ်ဆောင်နေတာကို တွေ့ရတယ်။ အဝေဖန်မခံနိုင်တာ တင်မကဘဲ ဝေဖန်မယ့်သူတွေ ဝေဖန်နိုင်အောင် ဥပဒေကို အလွဲသုံးစားလုပ် ခြိမ်းခြောက်ချင်တဲ့ ပုံစံမျိုးတွေရှိနေတယ် . . .
"တရားသူကြီး တစ်ဦးတည်း တရားစီရင်ဆုံးဖြတ်တာ ထက် တရားသူကြီးတစ်ဦးထက် ပိုပါဝင်တဲ့ခုံအဖွဲ့နဲ့ ဆုံးဖြတ်တာကပိုပြီးတော့ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာကတော့ အဲဒီခုံအဖွဲ့မှာပါဝင်နေတဲ့ တရားသူကြီးတွေရဲ့ တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ကိုယ်ကျင့်တရား ရိုးဖြောင့်မှုက ပိုပြီးအဓိကကျနေပါတယ်။ တစ်ခေတ်တစ်ခါတုန်းကလည်း ခုံအဖွဲ့နဲ့ တရားစီရင်ခဲ့တာ ရှိခဲ့ပေမယ့် အဲဒီတုန်းက တရားသူကြီးတွေဟာ တရားသူကြီး တစ်ယောက်ဖြစ်ထိုက်တဲ့ ကိုယ်ကျင့်တရား အရည်အသွေး၊ တရားဥပဒေ ကျွမ်းကျင်မှုမရှိတဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင်မှာ ကမောက်ကမဖြစ်ခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်"ဟု ၎င်းက ထောက်ပြပြောကြားခဲ့သည်။

7104
လက်ရှိတရားစီရင်ရေး စနစ်တွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်း အချို့သည် ဒီမိုကရေစီ ဖော်ဆောင်နိုင်သည့် အခြေအနေတွင်မ ရှိနိုင်ဟု ဆိုရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့မှာ ဒီမိုကရေစီကို အမှန်တကယ် ဖော်ဆောင်ရာတွင် လိုအပ်ချက်အချို့ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၀ါရင့်ရှေ့နေကြီးများက ဆိုပါသည်။

လက်ရှိအချိန်အထိ ကျင့်သုံးနေသော တရားစီရင်ရေးနှင့် ဆက်နွှယ်နေသည့် ဥပဒေများထဲတွင် တရားရုံးများကို မထီမဲ့မြင်ပြုမှု အက်ဥပဒေ၊ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ၊ ပြည်ထောင်စုတရား စီရင်ရေး ဥပဒေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ တရားစီရင်ရေးအခန်းတို့မှာ အဓိကပါဝင်နေကြောင်း သိရသည်။

"တိုင်းပြည်တစ်ပြည်မှာ ပထမမဏ္ဍိုင်၊ ဒုတိယမဏ္ဍိုင်နဲ့ တတိယမဏ္ဍိုင်က အရေးအကြီးဆုံးပဲ။ ဒါကြောင့်နိုင်ငံတိုင်း မဏ္ဍိုင်သုံးရပ်ကို ကောင်းအောင်လုပ်ရတယ်။ ဒီမဏ္ဍိုင်သုံးရပ်ကို စတုတ္ထမဏ္ဍိုင်က ပြန်ထောက်တယ်။ ဒီ ၁၊ ၂၊ ၃ က မမှန်ရင် ၄ ကို ထောင်ချလို့ရတယ်။ အရေးယူလို့ရတယ်။ လောကမှာ မှန်တယ်၊ မှားတယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင်က စည်းမပျက်ဖို့ လိုတယ်။ ဒီမဏ္ဍိုင် စည်းပျက်ပြီပဲထား။ အဲဒီတိုင်းပြည်က ဘာကျန်သေးလို့လဲ" တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့မှာ ဒီမိုကရေစီကို အမှန်တကယ် ဖော်ဆောင်ရာတွင် လိုအပ်ချက်အချို့ရှိနေပြီး ယင်းဥပဒေများထဲတွင် အဂတိလိုက်စားသူ တရားသူကြီးများကို မည်သို့အရေးယူရမည် ဆိုသည့်အချက်တို့ မပါဝင်ခြင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ အားလုံး၏ သက်တမ်းသည် နှစ်၂၀ အထိရှိနေပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၏ သက်တမ်းဖြစ်သည့် ၅ နှစ်နှင့်များစွာ ကွာခြားနေခြင်း၊ တရားသူကြီးများ၏ အရည်အချင်းများနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်အချို့သည် အငြင်းပွားဖွယ်ရာ ဖြစ်နေခြင်း၊ အချို့သော ပြဋ္ဌာန်းချက်ပါ စကားလုံးများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် မပါရှိသောကြောင့် ဥပဒေကို လိုက်နာကျင့်သုံးရာ၌ အခက်အခဲရှိနေခြင်းတို့ ဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် အသက် ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ်ထက်မကြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ်သစ္စာရှိသူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ စသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် မိမိသဘောအလျောက် ရာထူးမှ နုတ်ထွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊ ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိကြောင်း တွေ့ရှိရခြင်း၊ ကွယ်လွန်ခြင်းစသည့် အကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် အသက် ၇၀ နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း သိရသည်။

“ယခု တရားစီရင်ရေးတွင်လည်း တရားသူကြီးများ၏ အဂတိလိုက်စားမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ အဆင့်ဆင့်စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်း မရှိသော်လည်း ယခင်တည်ဆဲဥပဒေအရအရေးယူနိုင် . . .”

"ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၁ ကိုကြည့်ရင် အာဏာပိုင်အဆင့် တရားသူကြီးတွေ သက်တမ်းကို နှစ် ၂၀ တောင် ပေးထားတာ တွေ့နိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်  တိုင်းပြည်ရဲ့ တတိယမဏ္ဍိုင် တရားစီရင်ရေးက အာဏာပိုင်တွေက သူတို့အာဏာကို နှစ်ပေါင်းရှည်ကြာ ရယူမဲ့သဘောဖြစ်နေလို့ ကျွန်တော်တို့ တိုင်းပြည်လို ကာလအတော်ကြာ ယိုင်နဲ့ခဲ့တဲ့ တရားစီရင်ရေးမဏ္ဍိုင် အတွက်ဆိုရင် ဒီမိုကရေစီဖော်ဆောင်ရာမှာ အခက်ခဲရှိနိုင်မှာ ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်က အာဏာပိုင်တွေတောင် ဒီမိုကရေစီနည်းကျကျ အာဏာကိုအကြာကြီးယူမထားပဲ ငါးနှစ်တစ်ခါလဲမှာ ဖြစ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၆ တရားစီရင်ရေးအခန်းပါ ဒီအချက်တွေနဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ ဒီလိုအချက်တွေကို ပြင်ဆင်သင့်ပါတယ်။ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေမှာလည်း တရားသူကြီးတွေ သက်တမ်းနဲ့ ပတ်သက်လို့ ဒီလိုပဲ ပြဋ္ဌာန်းထားလို့ပါ" အထက်တန်း ရှေ့နေတစ်ဦးက သုံးသပ်ပါသည်။

"တရားသူကြီး အရည်အချင်းတွေကို အထက်မှာ ဘယ်လိုဖြင့် ဘယ်နေရာတွေမှာ လုပ်သက်ရှိရမယ် ပါပေမဲ့ ဥပဒေစာကြောင်း အောက်နားရောက်တော့ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူလို့ပါတယ်။ ဒါကြောင့် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဆိုတဲ့အချက်နဲ့ ပတ်သက်လို့အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုးထည့်ပြီး ပြင်ဆင်မှ ဥပဒေက သရေကြိုးလို လိုသလိုဆွဲလို့ရတယ်လို့ အထင်မြင် မမှားနိုင်မှာဖြစ်ပါတယ်"ဟု ဥပဒေအကြံပေးတစ်ဦးက ရှင်းပြသည်။

တရားရုံးများအား မထီမဲ့မြင်ပြုပါက ပြစ်မှုထင်ရှားသူကို ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်ငွေနှစ်ထောင်အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ်နိုင်ကြောင်းနှင့် တရားရုံးများအား မထီမဲ့မြင်ပြုမိသူသည် တရားရုံးက  စိတ်ကျေနပ်တဲ့အထိ တောင်းပန်ပါက ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနိုင်ကြောင်း THE CONTEMPT OF COURTS ACT ပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

THE CONTEMPT OF COURTS ACT သည်  ပြည်ထောင်စုမြန်မာနိုင်ငံ ဥပဒေအတွဲ(၁) (THE BURMA CODE VOLUME 1)တွင် ပါဝင်ပြီး ဥပဒေတစ်ခုလုံးတွင် ပုဒ်မ ၁ မှာ ဖျက်သိမ်းထားပြီး ပုဒ်မ၂နှင့် ၃သာ ပြဋ္ဌာန်းထားသည်ဖြစ်ရာ မည်ကဲ့သို့သော အပြုအမူလုပ်ရပ်များသည် တရားရုံးများအပေါ် မထီမဲ့မြင်ပြုရာ ရောက်ကြောင်းကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုပြဋ္ဌာန်းထားချက် မရှိကြောင်း သိရသည်။

ထို့ပြင် THE CONTEMPT OF COURTS ACT ကို မြန်မာနိုင်ငံမှ ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ ၁၉၂၆ ခုနှစ် မေလ ၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် INDIA ACT X11 ကို ဆက်လက် ကျင့်သုံးနေခြင်း ဖြစ်ကြောင်း တရားရုံးများ မထီမဲ့မြင်ပြုမှုနှင့် ပတ်သက်၍လည်း သတိပြုသင့်သည့် စီရင်ထုံးတစ်ခုရှိခဲ့ကြောင်း သိရသည်။

ယင်းစီရင်ထုံးတွင် "တရားရုံးများ မထီမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ ၃ တွင် မည်ကဲ့သို့သော အပြုအမူလုပ်ရပ်များသည် တရားရုံးများအပေါ် မထီမဲ့မြင်ပြုရာရောက်ကြောင်း ဖွင့်ဆိုပြဋ္ဌာန်းထားခြင်း မရှိချေ။ အမှုတစ်ခုချင်းကို လိုက်၍ပေါ်ပေါက်သည့် အကြောင်းခြင်းရာ ပြသနာကိုအခြေခံပြီး တရားရုံးအား မထီမဲ့မြင်ပြုရာ ရောက်မရောက် သုံးသပ်ဆုံးဖြတ်ရန် ဖြစ်သည်။ တရားရုံးက အဆုံးအဖြတ်ပေးမည့် ကိစ္စတစ်ရပ်ကို တရားရုံးက မဆုံးဖြတ်မီ တရားရုံး(သို့) တရားသူကြီးကို အထင်အမြင် သေးသိမ်စေနိုင်သော သို့မဟုတ် တရားရုံး၏ တရားဖြောင့်မှန်ရေးကို အနှောင့်အယှက်ဖြစ်စေသော သို့တည်းမဟုတ် တရားရုံး၏ အဆုံးအဖြတ်ကို ၀င်ရောက်စွက်ဖက်ရာ ရောက်သော အရေးအသား၊ အပြောအဆို၊ အပြုအမူများ ပြုလုပ်ခြင်း သတင်းစာမှ ကြော်ငြာခြင်းတို့သည် လည်းကောင်း တရားရုံးက တရားသဖြင့် ထုတ်ဆင့်သော အမိန့်စာ၊ ဆင့်စာ၊ ၀ရမ်းစာစသည်တို့ကို အတည်ပြုရာ၌ အနှောင့်အယှက် အကာအကွယ် အတားအဆီး ပြုလုပ်ခြင်းတို့သည် လည်းကောင်း တရားရုံးကို မထီမဲ့မြင့်ပြုမှုများ ဖြစ်သည်။"ဟူ၍ ဦးမောင်မောင်ပါ-၂ နှင့် ဒေါ်ကြူစိန်ပါ-၃ (၁၉၉၂၊ မ.တ.စ၊ စာ-၁၀၂)တွင် ဆိုထားချက်အရ သိရသည်။  

တရားရုံးတွေကို မထီမဲ့မြင်ပြုရင် တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေနဲ့ အရေးယူလေ့ရှိပါတယ်။ တရားရုံးများကို မထီမဲ့မြင်ပြုမှု အက်ဥပဒေက မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတာမဟုတ်ဘဲ ၁၉၂၆ခုနှစ် မေလ ၁ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ INDIA ACT X11 ကို ဆက်လက်ကျင့်သုံးနေတာပါ။ ဥပဒေတစ်ခုလုံးမှာလည်း ပုဒ်မနှစ်ခုပဲပါပြီး ဘယ်လိုကျူးလွန်မှုမျိုးက ပြစ်မှုမြောက်လဲ အတိအကျမပြဋ္ဌာန်းထားပါဘူး။ စီရင်ထုံးပဲရှိပါတယ်။ ဒါကြောင့် ဒီဥပဒေကိုဖျက်သိမ်းသင့်ပြီး ဥပဒေတစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့အညီ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အစုံအလင်နဲ့ တရားရုံးကို မထီမဲ့မြင်ပြုခြင်းကို အရေးယူတဲ့ သီးခြားဥပဒေတစ်ခုကို မြန်မာနိုင်ငံအနေနဲ့ ပြဋ္ဌာန်းလိုက်နိုင်မယ်ဆိုရင် အငြင်းပွားဖွယ်ရာတွေရှိမှာ မဟုတ်တော့ပါဘူး။  အဲဒီအခါ အပြစ်မရှိသူတွေကိုလည်း THE CONTEMPT OF COURTS ACT ကို အကြောင်းပြ လက်တစ်လုံးခြားလုပ်ပြီး အရေးယူတာတွေ ရှိလာနိုင်မှာ မဟုတ်တော့ဘူး"ဟု ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ်ခဲ့ပါသည်။

လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှုများ ပြုလုပ်သည့် တရားသူကြီးအချို့ကို ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ခဲ့ရခြင်းကြောင့် တရားသူကြီးများသည် အဂတိတရားကင်းရှင်းပြီး ကိုယ်ကျင့်သီလ စင်ကြယ်သည့် ပုဂ္ဂိုလ်များဖြစ်ရေး ကြိုးစားကြရန်လိုကြောင်း ၂၀၀၉ ခုနှစ် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ တရားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည်နယ်/တိုင်း တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် (လက်ရှိနိုင်ငံတော်သမ္မတကြီး)က ပြောကြားခဲ့ဖူးကြောင်း သိရသည်။

ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ပင် နိုင်ငံတော်ဝန်ကြီးချုပ် (လက်ရှိနိုင်ငံတော်သမ္မတကြီး)က "တရားစီရင်ရေးစနစ်ကိုလည်း ပြည်သူများ အားကိုးယုံကြည်သော စနစ်ဖြစ်လာအောင် မိမိတို့ပြုပြင် ထူထောင်သွားရမည် ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘူယျခြုံငုံပြီး စိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံး လုပ်နည်းတို့၏ မပြည့်စုံအားနည်းမှုကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချို့ယွင်းချက်များကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း၊ သို့သော်အချို့သော အားနည်းချက်များသည် ပုဂ္ဂိုလ်တစ်ဦးချင်း၏ အကျင့်သိက္ခာနှင့် မဆိုင်ဘဲ လုပ်ငန်းဆိုင်ရာ မကျွမ်းကျင်မှု၊ မသေသပ်မှု၊ ပေါ့လျော့မှု၊ စည်းကမ်းမကျမှုမျိုးများ တွေ့ရခြင်းကြောင့် အဆင့်ဆင့်သော တရားသူကြီးများကို စနစ်တကျ သွန်သင်လေ့ကျင့် ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမှု ကင်းရှင်းသော စီရင်ဆုံးဖြတ်ချက်များ ဖြစ်ရန်နှင့် မေတ္တာဖြင့်ယှဉ်သော သွန်သင်ဆုံးမမှု၊ ပညာပေးမှုမျိုးဖြစ်စေရန် အမြဲဂရုပြုသင့်ကြောင်း" ပြောကြားခဲ့ပါသည်။

သက်သာချောင်ချိမှု အခက်အခဲနှင့် လောဘကြောင့် လာဘ်ပေးလာဘ်ယူ ဖြစ်ပွားနေရကြောင်း၊ သက်သာချောင်ချိရေးအတွက် မည်သို့ စီမံဆောင်ရွက်မည်ကို စောင့်ကြည့်ပေးစေလိုကြောင်း ပြည်သူများ၏ နစ်နာမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးထံ လိပ်မူတိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီဒီယာများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ  ၀န်ကြီးဦးဥာဏ်ထွန်းဦးက ပြောကြားခဲ့ပါသည်။

Clean Government, Good Governmnet ကို ပိပိရိရိ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ Clean Government ဖြစ်ရန် Good Government လိုကြောင်း၊ စနစ်တကျ စီမံအုပ်ချုပ် ကွပ်ကဲမှသာလျှင် လာဘ်ပေးလာဘ်ယူ ကင်းလာမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူ ဘာကြောင့်ဖြစ်သလဲဆိုပါက (၁)အချက် လောဘကြီး၍ ဖြစ်ကြောင်း(၂)အချက် သက်သာချောင် ချိမှုအတွက် အခက်အခဲရှိလာ၍ ဖြစ်ကြောင်း၊ အဲဒီအချက်များအား လေ့လာပြီး သက်သာချောင်ချိမှု မရှိသူများကို သက်သာချောင်ချိမှု ရှိအောင် တာဝန်ရှိသူများက ဘယ်လိုအစီအမံများ လုပ်မည်၊လောဘကြီးပြီး မတရားလုပ်နေသူများကို ဘယ်လိုအရေးယူမည်ကို နည်းနည်းစောင့်ကြည့် စေလိုကြောင်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၀န်ကြီးဦးဥာဏ်ထွန်းဦးက ဆိုပါသည်။

ထို့အတူ လက်ရှိတရား စီရင်ရေးတွင် အဂတိလိုက်စားသူ တရားသူကြီးအချို့ကြောင့် နစ်နာသူ အမှုသည်များရှိနေပြီး တိုင်ကြားသူများလည်း ရှိနေကြောင်း နစ်နာသူအမှုသည်များ အနေဖြင့် သက်ဆိုင်ရာသို့ ထိထိရောက်ရောက် တိုင်ကြားခြင်း လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့်လွှတ်တော်သို့ တင်သွင်းကာ ယင်းတရားသူကြီးအား စွပ်စွဲပြစ်တင်ကာ ရာထူးမှရပ်ဆဲသင့်ကြောင်း နစ်နာသူအမှုသည်များက အကြံပြုခဲ့ကြသည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား မိမိသဘောဖြင့် တာဝန်မှရပ်စဲခြင်း မပြုလုပ်နိုင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်မှုသာ ပြုလုပ်နိုင်ကြောင်း စွပ်စွဲပြစ်တင်ခြင်းသည် မှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်တင်ပြမှသာလျှင် နိုင်ငံတော်သမ္မတက ရာထူးမှရပ်စဲရမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအား စွပ်စွဲပြစ်တင်နိုင်ရန် အကြောင်းအရာငါးချက်ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်များအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာ ငါးချက်အတိုင်း ပြဋ္ဌာန်းထားပြီး အရည်အချင်း ပျက်ယွင်းခြင်း ဆိုင်ရာအချက်သာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်း ပျက်ယွင်းခြင်း အချက်နှင့် ကွာခြားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၂ အရ သိရသည်။

ထို့ပြင် အဂတိလိုက်စားသော တရားသူကြီးများအား အရေးယူနိုင်သည့် အချက်ကို ပြည်ထောင်စု တရားစီရင်ရေး ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့တွင် ပြဋ္ဌာန်းမထားသော်လည်း ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေအရ သိရသည်။

အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ ပုဒ်မ၄(၁)(ဂ)တွင် ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်သည်အဖိုးတန်ပစ္စည်း သို့တည်းမဟုတ်၊ ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာကို မရိုးမသား အဂတိလိုက်စားသော နည်းဖြင့်ဖြစ်စေ၊ တရားဥပဒေနှင့် ဆန့်ကျင်သော နည်းဖြင့်ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းအဖြစ် မိမိ၏အခြေအနေကို အလွဲအသုံးပြု၍ဖြစ်စေ မိမိအတွက်သော် လည်းကောင်း၊ သူတစ်ပါးအတွက် သော်လည်းကောင်း ရယူလျှင် မိမိ၏ အလုပ်ဝတ္တရားများ ဆောင်ရွက်ရာတွင် ရာဇ၀တ်ပြစ်ဒဏ် ထိုက်သင့်အောင် အကျင့်ဖောက်ပြန် ကျူးလွန်သည်မည်၏ ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ယင်းဥပဒေအရ ဖောက်ဖျက်ကျူးလွန်သူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ယခင်ပါလီမန် ဒီမိုကရေစီ လက်ထက်ကတည်းကပင် ဖွဲ့စည်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယခုတရားစီရင်ရေးတွင်လည်း တရားသူကြီးများ၏ အဂတိလိုက်စားမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ အဆင့်ဆင့် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်းမရှိသော်လည်း ယခင် တည်ဆဲဥပဒေအရ အရေးယူနိုင်ကြောင်း သိရသည်။

ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် တရားစီရင်ရေးစနစ် ပိုမိုတရားမျှတ လွတ်လပ်လာစေရန် လာဘ်ပေးလာဘ်ယူကိစ္စများ လျော့နည်းရာမှ ပပျောက်သွားစေရန် လိုအပ်ပါက တရားစီရင်ရေးစနစ် တစ်ခုလုံးအား ပြောင်းလဲသင့်ကြောင်း အကျင့်သိက္ခာနှင့် မပြည်စုံသည့် တရားသူကြီးများအား ရှာဖွေဖော်ထုတ် အရေးယူကာ ဖြောင့်မတ်သည့် တရားသူကြီးများနှင့် လဲလှယ် ခန့်အပ်သင့်ကြောင်း ဂျူရီစနစ်ဖြစ်သည့် တစ်ပါးထိုင်မဟုတ်ဘဲ အများထိုင်ဆုံးဖြတ်သည့် စနစ်ဖြင့် လက်ရှိတရားစီရင်ရေး စနစ်အားပြောင်း လဲကျင့်သုံးရန်လိုအပ်ပါကကျင့်သုံးရမည် ဖြစ်ကြောင်း ဂျူရီလူကြီးများ ရွေးချယ်ရာတွင် ဥပဒေကျွမ်းကျင်ကာ သမာသမတ် ရှိသူများသာ ဖြစ်ရန်လိုကြောင်း လက်ရှိ တရားစီရင်ရေးအား လေ့လာသူ ဥပဒေ ပညာရှင်တစ်ဦးက အကြံပြုခဲ့သည်။
“အခုတိုင်းပြည်မှာဖြစ်နေတဲ့ ကိစ္စ၊ ယုံကြည်ချက်ကြောင့် ကျခံရသော အကျဉ်းသားတွေကိစ္စ၊ ယုံကြည်မှု တည်ဆောက်နေရတဲ့ အချိန်မှာ လွှတ်ပေးစေချင်တယ်။ အခုအနေအထားတွေက တချိန်တုန်းက အနေအထားတွေနဲ့ မတူတော့ဘူး။ သက်ဆိုင်ရာဘက်က Sincere ဖြစ်တယ် ဆိုရင် လူထုယုံကြည်မှုကို ရရှိမှာပဲ။ အခုမြစ်ဆုံကိစ္စပြီးသွားပြီ။ ယုံကြည်ချက်ကြောင့် ကျခံရသော အကျဉ်းသား ကိစ္စလည်း အဆင်ပြေတယ်ဆိုရင် အရွေ့ကပိုဖြစ်သွားပြီ။ ဖြစ်သွားရင် တစ်နိုင်ငံလုံး အသီးအပွင့်တွေ ခံစားရမယ်။ ဥပမာ တိုင်းရင်းသားကိစ္စလိုဟာမျိုး နှစ်ပေါင်း ၅၀ လောက် ရန်ဖြစ်ထားတာ ချက်ချင်းအဆင်မပြေတာ လက်ခံတယ်။ အပြစ်မရှိတဲ့လူကို အပြစ်စီရင်တာမျိုးက တရားဥပဒေ မှာ မဖြစ်သင့်ဘူး။ တရားရေးမဏ္ဍိုင်က အားလုံးရဲ့ အပေါ်မှာရှိနေရမယ်။ ဒီတရားရေး မဏ္ဍိုင်ကိုတစ်စုံတစ်ဦး၊ အဖွဲ့အစည်းတစ်ခုခုက ထိန်းကွပ်ထားတာ တိုင်းပြည်အတွက် မကောင်းဘူး။ လောကမှာ မှန်တယ်၊ မှားတယ် ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင် စည်းမပျက်ပါစေနဲ့။ စည်းပျက်နေရင်လည်း ဒါကိုဖြစ်နိုင်အောင် ကြိုးစားဖို့လိုတယ်။ တရားမျှတမှုဆိုတာ ရှိသလို မတရားမှုဆိုတာ ရှိတယ်။ မှန်ကန်တဲ့ တရားရေး မဏ္ဍိုင်ဟာ တရားမျှတမှုဘက် တည်နိုင်ရမယ်။ ဘယ်သူတစ်ဦးတစ်ယောက် ရဲ့မျက်နှာမှ ကြည့်စရာမလိုဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် (စစ်တွေ)က ပြောကြားခဲ့သည်။
၂၀၁၁ခုနှစ် သြဂုတ်လ(၂၉)ရက် နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ၁၉၇၄ ခုနှစ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေ၊ ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေနှင့် ၂၀၀၀ပြည့်နှစ် တရားစီရင်ရေး ဥပဒေများတွင်သတ်မှတ်ထားသည့် တရားသူကြီးများသည် ပြစ်ဒဏ်ကျခံ နေရသူများ၊ အချုပ်ခံနေရသူများနှင့် ပတ်သက်၍ ဥပဒေနှင့် အညီရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့် အမှုစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် အကျဉ်းစခန်များ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ် စခန်းများအား စစ်ဆေးကြည့်ရှုနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်းနှင့် ထို့အတူ ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတွင်လည်း အဆိုပါကဲ့သို့ပင် ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ် ပါကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ စက်ရှင်တရားသူကြီးများသည် အကျဉ်းထောင်များသို့ သွားရောက်စစ်ဆေး၍ အစီရင်ခံရန်နှင့် တရားဝင်ထုတ်ပြန်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်ထောင်စု တရားသူကြီးချုပ်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာဖြစ်ဖြစ်၊ ပြည်သူ့ လွှတ်တော် ဒါမှမဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဖြစ်ဖြစ်၊ နိုင်ငံတော် ဒါမှမဟုတ် အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ တရားစီရင်ရေးဆိုင်ရာ အခြေအနေကို အခါအားလျော်စွာ တင်ပြနိုင်တယ်လို့ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၆ မှာ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အရေးကြီးတဲ့ တရားစီရင်ရေးဆိုင်ရာ အခြေအနေတွေကို တင်ပြရမှာဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးလာပြီ ဆိုရင်လွှတ်တော်မှာ တင်ပြဖို့လည်း သင့်ပါတယ်။ တရားစီရင်ရေးဆိုင်ရာ အခြေအနေလို့ ဥပဒေမှာဆိုထားတာဖြစ်လို့ အများပြည်သူ သိသင့်သိထိုက်ပြီး ပြည်သူတွေအတွက် သက်ဆိုင်တဲ့ အမှုဆုံးဖြတ်ချက်တွေကိုလည်း လွှတ်တော်မှာ တင်ပြနိုင်တာကို တွေ့ရပါတယ်။ အခုတရားစီရင်ရေး အသစ်ရဲ့ ပြည်ထောင်စုတရားသူကြီးချုပ် အနေနဲ့လည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ အမှု အခြေအနေတွေကို လွှတ်တော်က တစ်ဆင့်တင်ပြဖို့ ပြည်သူတွေကလည်း လိုလားနေပါတယ်”ဟု ဥပဒေ အတိုင်ပင်ခံတစ်ဦးက ဆိုပါသည်။
“ဒီမိုကရေစီဆိုတာ ကျယ်ဝန်းတယ်။ ဒီမိုကရေစီဖော်ဆောင်ဖို့ ဆိုရင် တရားဥပေဒေ စိုးမိုးရေးရှိဖို့ လိုသလိုတရားရေးမဏ္ဍိုင်လည်း ကြံ့ခိုင်ဖို့လိုတယ်။ တရားဥပဒေကို ညွှန်ကြားချက်က လွှမ်းမိုးရင်၊ ညွှန်ကြားချက်ကို နှုတ်မိန့်က လွှမ်းမိုးရင်တရားစီရင်ရေးမှာ အဆင်မပြေနိုင်ဘူး။ တရားခံ တစ်ဦးကို တရားသူကြီးက အပြစ်မရှိဘူးလို့ ယူဆရင် အဲဒီတရားခံကို လွှတ်ပေးနိုင်တယ်။ ဒီလိုမှမဟုတ်ဘဲ တရားဥပေဒေကို ညွှန်ကြားချက်က လွှမ်းမိုးမယ်၊ ညွှန်ကြားချက်ကို နှုတ်မိန့်က လွှမ်းမိုးမယ်ဆိုရင်တော့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အထောက်အကူ မဖြစ်နိုင်ပါဘူး။ တရားစီရင်ရေးမှာ ပါဝင်သူအားလုံးဟာ ကျွမ်းကျင်သူတွေ ဖြစ်ရမယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ရမယ်။ အရင်တုန်းက အငြင်းပွားမှု အားလုံးကို တရားလွှတ်တော်ချုပ်ကပဲ ဆုံးဖြတ်ခဲ့တယ်။ ဖွဲ့စည်းပုံ နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုပဲ ဖြစ်ဖြစ်၊ သမ္မတလောင်းရွေးချယ်တဲ့ အငြင်းပွားမှုပဲဖြစ်ဖြစ်၊ စစ်ဘက်ဆိုင်ရာ အငြင်းပွားမှုပဲဖြစ်ဖြစ် တရားလွှတ်တော်ချုပ်က သာ ဆုံးဖြတ်ခဲ့တယ်” မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်ကျော်က ပြောပါသည်။
“မူလည်းပြောင်းရမယ်။ လူလည်းပြောင်းရမယ်။ ပြောချင်တာကတော့ ဥပဒေတွေကိုလည်း ပြင်ရမယ်။ ဆိုကြပါစို့ နိုင်ငံတော်ဘဏ္ဍာ နဲ့သက်ဆိုင်တဲ့ငွေကြေး၊ ပစ္စည်းတွေ ကို အလွဲသုံးစားပြုခဲ့ရင် တော်လှန်ရေးကောင်စီ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ အပက(၃)ဆိုတဲ့ အများပြည်သူ နဲ့ဆိုင်သော ပစ္စည်းကာကွယ်ရေး ပုဒ်မနဲ့ ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချလို့ရတယ်။ အဲဒီဟာကို ပြောင်းလဲလို့ ရတာက ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းတဲ့ အများပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ အခုခေတ် စကားနဲ့ပြောရင် (၆/ ၁)ပေါ့။ အဲဒါနဲ့ လွှဲပြောင်းပြီး စီရင်မယ်ဆိုရင် ထောင်ဒဏ်က တစ်ရက်လည်းချလို့ရတယ်။ တစ်လလည်း ချလို့ရတယ်။ လေး၊ငါး၊ ခြောက်နှစ်လည်း ချလို့ရတယ်။ အများဆုံးကမှ ၁၀ နှစ်ထိပဲချလို့ရတယ်။ ဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာက တပ်မတော်ပိုင်၊ ကော်ပိုရေးရှင်းပိုင်ဆိုရင် အပက(၃)ပဲ ကျန် သာမာန်ပြည်သူပိုင် ပစ္စည်း ဆိုရင် (၆/၁)။ ဥပဒေကိုက အားနည်းချက်တွေ ရှိနေတယ်။ ဒါတွေကို ပြင်ရမယ်။ တရားရေးစနစ် ဖြောင့်မတ်မှန်ကန်ဖို့ ဆိုရင် တရားသူကြီးတွေအပြင် ရှေ့နေတွေမှာလည်း တာဝန်ရှိတယ်။ တရားသူကြီးက တရားခွင်မှာ မတရားသဖြင့် လုပ်တယ်ဆိုရင် ရှေ့နေမှာလည်း တာဝန်ရှိတယ်။ အမှုသည်ဆိုတာ အလုပ်သမားရှိတယ်။ ဆိုက်ကားသမားရှိတယ်။ ဆင်းရဲသားရှိတယ်။ သူတို့အနေနဲ့ ဥပဒေကို ဘာမှ နားလည်ကြမှာ မဟုတ်ဘူး။ တရားသူကြီးရဲ့ စီရင်ချက်မှားနေရင် မှားနေတဲ့အကြောင်း ရှေ့နေက သူတို့ကိုရှင်းပြရမယ်။ အဲဒီတော့ ရှေ့နေတွေအနေနဲ့ ကလည်း တစ်အချက် ဥပဒေ တကယ် တတ်ရမယ်။ နှစ်အချက် တတ်သည့် ဥပဒေနဲ့ ပြည်သူ့အကျိုးကို ရဲရဲဝံ့ဝံ့ တင်ပြရဲရမယ်။ သုံးအချက် တရားခွင် စစ်ဆေးတဲ့နေရာတွေမှာ ရှေ့နေတွေ အနေနဲ့ ဥပဒေနဲ့အညီစစ်ဆေး တတ်ရမယ်။ နောက်ပြီးတော့ တရားသူကြီး ခန့်ထားတဲ့နေရာမှာ သီရိလင်္ကာ  နိုင်ငံကို ဥပမာပေးပြီးပြောရမယ် ဆိုရင် ဥပဒေ ဘယ်လောက်တတ်တတ် ယဉ်ကျေးမှုသင်တန်း တက်မထားဘူးဆိုရင် တရားသူကြီးအဖြစ် မခန့်ဘူး။ ဒီမှာလည်း အလားတူစနစ်မျိုး ကျင့်သုံးဖို့လိုတယ်။ တိုင်းပြည် တည်ဆောက်တဲ့နေရာမှာ ဥပဒေနဲ့ဆေးပညာက အရမ်းအရေးကြီးတယ်။ ဆရာဝန်တစ်ယောက်ဟာ လူတစ်ယောက်ရဲ့အသက်ကို တန်ဖိုးသိသိ၊ တန်ဖိုးထားတတ်ရမယ်။ ယုတ်မာကောက်ကျစ်တဲ့ စိတ်ရှိသူတွေ ဆရာဝန် မဖြစ်ထိုက်ဘူး။ ယုတ်မာကောက်ကျစ်တဲ့ စိတ်ရှိတဲ့အပြင် ဘာသာရေး ယဉ်ကျေးမှုမရှိတဲ့သူတွေ တရားသူကြီး မဖြစ်ထိုက်ဘူး။ ဆရာဝန်တစ်ယောက် ဆေးကုမှားတာက လူတစ်ယောက်ရဲ့အသက် သေဆုံးရပေမယ့် တရားသူကြီးတစ်ဦး မှားယွင်းပြီး စီရင်ချက်ချမယ်ဆိုရင် သက်ဆိုင်ရာ ကာယကံရှင်အပြင် သူ့နောက်က မိသားစုတစ်စုလုံးနဲ့ ဆွေစဉ်မျိုးဆက်ပါ လူမှုဒုက္ခ ခံစားရပါတယ်။
တရားစီရင်ရေးကဏ္ဍမှာ မူလည်းပြောင်းရမယ်။ လူလည်းပြောင်း ရမယ်။ လူတွေက တော်လှန်ရေး ကောင်စီခေတ်နဲ့ မဆလခေတ်မှာ မကောင်းတဲ့အကျင့်တွေ အရိုးစွဲနေပြီ။ အကျင့်ဆိုးတွေနဲ့လူတွေကို တရားရုံးဝန်းကျင်က ခွာထုတ်ပစ်ရမယ်။ မူအရဆိုရင် တချို့တရားစီရင်ရေး နယ်တွေမှာ ရှေ့နေတွေက တရားရေးလမ်းကြောင်း အမှန်တင်ပြပါလျက်နဲ့ တရားသူကြီးက လိုရာဆွဲတွေပြီး စီရင်ချက်ချတယ်။ ဒီလိုဖြစ်စဉ်တွေမှာ တရားသူကြီးကို ပြန်တရားစွဲဖို့က ခက်တယ်။ စီရင်ထုံးနဲ့ ဥပဒေအတိအလင်း ရှိပါလျက်နဲ့ တရားသူကြီးက အမှားချသွားရင် အဲဒီတရားသူကြီးကို ပြန်တရားစွဲပြီး ပြစ်ဒဏ်ပေးရမယ့် ဥပဒေရှိကို ရှိရမယ်။ တရားသူကြီးတွေကို ထိန်းကွတ်တဲ့ ဥပဒေရှိကို ရှိရမယ်။ မရှိခဲ့ရင် တရားသူကြီးတွေ လုပ်ချင်ရာလုပ်ခွင့် ရနေမယ်။ တရားသူကြီး တစ်ယောက် မကောင်းဘူးဆိုရင် ဒီမြို့နယ်မှာရှိတဲ့ ဒါမှမဟုတ် ဒီတိုင်းခရိုင်မှာ ရှိတဲ့ ပြည်သူအများ အင်မတန် ဒုက္ခရောက်ပါတယ်။ အဲဒါကြောင့် တရားသူကြီးတွေကို ထိန်းကွတ်တဲ့ ဥပဒေရှိကို ရှိသင့်ပါတယ်”ဟု ရှေ့နေလိုင်စင် အသိမ်းခံထားရသူ ဦးစိန်လှ (၂၀၁၀ ရွေးကောက်ပွဲဝင် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း)က ပြောကြားခဲ့ပါသည်။
“တရားစီရင်ရေးစနစ်ဆိုတာ အမှားတကာ့အမှားတွေကို နောက်ဆုံးပြင်ပေးတဲ့ နေရာဖြစ်တယ်။ လူဆိုတာ မှားတတ်တာပဲ။ ဒီမှားတာကို ပြင်ပေးတဲ့နေရာမှာ တရားစီရင်ရေးက အဓိကပဲ။ ဒီမိုကရေစီနိုင်ငံမှာ တရား ဥပဒေစိုးမိုးဖို့ဆိုရင် တရားစီရင်ရေး တည့်မတ်မှန်ကန်ဖို့က အရမ်း အရေးကြီးတယ်။ တရားစီရင်ရေးမဏ္ဍိုင် ကြံ့ခိုင်မှုမရှိရင် ဒီမိုကရေစီစနစ်ဆိုတာလည်း ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အုပ်ချုပ်ရေးစနစ်ဘက်က အမှားတွေရှိရင်ထိန်းဖို့ ဖြစ်ပါတယ်။ အခုကတော့ အားလုံးသိတဲ့ အတိုင်းဘဲ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာမှုနဲ့ပါတ်သက်ပြီးရင် မေးခွန်းထုတ်စရာတွေ အများကြီးရှိလာတယ်။ ဘယ်လောက်ထိ ရှိလာလဲဆိုရင် ကျွန်တော့်ဆီကို အလှုအတန်းနဲ့ ပတ်သက်ပြီး အင်မတန်မှ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးတစ်ယောက်က လာပြောတယ်။ သူမှတ်ပုံတင်ပြီးဝယ်ထားတဲ့ ခြံစာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး အမှုဖြစ်တဲ့အခါမှာ သက်ဆိုင်ရာ တိုင်းတရားသူကြီးက သိန်းဆယ်ဂဏန်း ပေါင်းများစွာ တောင်းတာမပေးလို့ ရှုံးခဲ့တဲ့အကြောင်း ပြောတယ်။
အဲဒီလိုပဲ တော်တော်များများမှာ ငွေတောင်းနေတဲ့ကိစ္စတွေ ကျွန်တော်တို့ ကြားနေရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အုပ်ချုပ်ရေးစနစ်နဲ့ ဥပဒေပြုရေးစနစ်မှာ ပြုပြင်ပြောင်းလဲရေး အငွေ့အသက်တွေ လွှမ်းခြုံနေပေမယ့် တရားစီရင်ရေးနယ်ပယ်မှာ ဘာမျှပြုပြင် ပြောင်းလဲမှု မရှိသေးပါဘူး။ အဲဒီလိုပဲကျန်တဲ့ ပြစ်မှုတို့၊ တရားမမှုတို့ ဆိုရင် ငွေပေးတဲ့သူဘက်က တော်တော်များများ လုပ်နေတယ်ဆိုတာ အခုထိ ပါပဲ။ ကျွန်တော်တို့ တရားစီရင်ရေးစနစ်မှာ ဥပဒေတစ်ကယ် စိုးမိုးဖို့လိုပါတယ်။ ခုနကပြောသလို ဥပဒေစိုးမိုးရေးကို တရားစီရင်ရေးနယ်ပယ်မှာ အမှန်တစ်ကယ် ဖြစ်ပေါ်ဖို့ဆိုရင် လွှတ်တော်ကရော၊ အုပ်ချုပ်ရေးပိုင်းကရော ထိန်းကျောင်းပေးဖို့ လိုပါတယ်။ လာဘ်ပေးလာဘ်ယူ တာတို့၊ တရားမ၀င်နည်းလမ်းနဲ့ ၀င်ငွေရရှိမှုတွေကို ထိန်းချုပ်ပေးရမယ့် ကိစ္စတွေက တရားရေးစနစ်ခန့်အပ် တာထက် ပိုအရေးကြီးပါတယ်။ အခု မြန်မာပြည်မှာ ဂျူရီစနစ်နဲ့ တရားစီရင်ရေးအဖွဲ့ ခန့်ရင်လည်း လာဘ်ပေးရမယ့် လူအရေအတွက် ပိုများလာတာပဲ ရှိမယ်။ အဲဒီတော့ ကျွန်တော်တို့ဆီမှာ ပြဋ္ဌာန်းထားတဲ့ တရားမ၀င် နည်းလမ်းဖြင့် ရရှိသော ငွေကြေးများကို အရေးယူရေး ဥပဒေက အသက်ဝင်ဖို့ လိုတယ်။ အခုဆိုရင်တချို့ တချို့သော တရားရေးလောကက ပုဂ္ဂိုလ်တွေဟာ သိန်း ၅ ထောင် အထက် အိမ်တွေ၊ ကားတွေ၊ တိုက်ခန်းတွေ မြောက်မြားစွာ ၀ယ်ထားတဲ့ သတင်းတွေက လူထုကြားထဲမှာ ပြောဆိုနေကြတယ်။ ရှေ့နေတချို့ကလည်း အဲဒါတွေကို ပြောကြဆိုကြတဲ့ အသံတွေထွက်လာတယ်။ အဲဒါကြောင့် အကောင်းဆုံးကတော့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ လောလောဆယ် လုပ်သင့်တာကတော့ တရားမ၀င်နည်းလမ်းနဲ့ ရှာဖွေထားတဲ့ ငွေများကို သိမ်းဆည်းအရေးယူတဲ့ ဥပဒေနဲ့ တချို့တရားသူကြီးတွေရဲ့ နေမှုထိုင်မှု သုံးစွဲမှုတွေကို ဒီဥပဒေနဲ့ အညီပြန်လည်စိစစ်ဖို့ လိုပါတယ်။ အဲဒီလိုစိစစ်ပြီး လုပ်မှသာ လာဘ်ပေး လာဘ်ယူမှုနဲ့ ပတ်သက်ရင်ချင့်ချင့် ချိန်ချိန်လုပ်မယ်။ အဲဒီလိုလုပ်လို့ရှိရင် ဒီဥပဒေတွေ ရှိနေပါလားဆိုတာ သိမယ်”ဟု ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တရားရုံးချုပ် ရှေ့နေ)က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း ၆ ပါတရားစီရင်ရေးအခန်းအား ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ တွင် ပုဒ်မ ၄၃၃ မှ ၄၃၆ အထိပြဋ္ဌာန်းထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းရမည်ဖြစ်ကြောင်း ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း ၁၂၊ ပုဒ်မ ၄၃၄ နှင့် ၄၃၅ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားစီရင်ရေး အခန်းပါ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူလစီရင်ပိုင်ခွင့်အာဏာများ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း၊ တိုင်းဒေသကြီး တရားလွှတ်တော်များ သို့မဟုတ် ပြည်နယ် တရားလွှတ်တော်များ၏ စီရင်ပိုင်ခွင့် အာဏာများ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၏ အရည်အချင်း စသည့် ပြဋ္ဌာန်းချက်တို့နှင့် ပတ်သက်၍ ပြင်ဆင်လိုပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန်မလိုဘဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သိရသည်။
ထို့ကြောင့် လက်ရှိတရားစီရင်ရေး စနစ် ဒီမိုကရေစီကျကျ ပီပီပြင်ပြင် အကောင်ထည် ပေါ်လာစေရန် မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်သည်များကို အမြန်ဆုံး ပြင်ဆင်သင့်ပြီး ကိုယ်ကျင့်သိက္ခာနှင့် မပြည့်စုံလုပ်ငန်း မကျွမ်းကျင်သော တရားသူကြီးများအား အမြန်ဆုံး လဲလှယ်ခြင်းဖြင့် ဒီမိုကရေစီကို ပိုမိုဖော်ဆောင် လာနိုင်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည်သူများ အကျိုးအား ရှေးရှုထား၍ သက်ဆိုင်ရာ လွှတ်တော်များတွင် တရားစီရင်ရေး၏ ချို့ယွင်းချက်များကို ထိထိရောက်ရောက် ဆွေးနွေးသင့်ပြီ ဖြစ်ကြောင်း ဥပဒေပညာရှင်များက အကြံပြုခဲ့ကြပါသည်။
လက်ရှိတရားစီရင်ရေး စနစ်နှင့် ပတ်သက်၍ စစ်တမ်း ကောက်ယူခြင်း တရားစီရင်ရေးစနစ်နှင့် ပတ်သက်၍ Eleven Meida Group ၏ website ပေါ်၌ ဆန္ဒမဲကောက်ယူခဲ့ရာ ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းမှ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် အစောပိုင်းထိ မဲပေးသူ စုစုပေါင်း ၂၀၂၅ ဦး ရှိသည့်အနက် ၁ဒသမ၉ ရာခိုင်နှုန်း (၃၈ဦး)မှာ လက်ရှိတရားစီရင်စနစ် သည် မျှတမှုရှိပြီး မြန်မာနိုင်ငံ၏ လက်ရှိလူနေမှု အခြေအနေ၊ လူမှုအဖွဲ့အစည်းနှင့် ကိုက်ညီသည်ဟု ယူဆကြောင်း၊ ၂၀ ဒသမ ၁ ရာခိုင်နှုန်း (၄၀၇ ဦး)က လက်ရှိတရားစီရင်ရေး စနစ်သည် မမျှမတ ဖြစ်ပေါ်နေရခြင်းသည် ပြဋ္ဌာန်းထားသောဥပဒေများ၏ အားနည်းချက်ကြောင့် ဖြစ်သည်ဟု မဲပေးခဲ့ကြပြီး၊ ၇၈ ရာခိုင်နှုန်း(၁၅၈၀ ဦး)က ၎င်းတရားစီရင်ရေးစနစ်တွင် ပါဝင်သူများအထူးသဖြင့် တရားသူကြီးများ၏ အဂတိ တရားလေးပါး (ဆန္ဒာဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ဘယာဂတိ)လိုက်စားမှုကြောင့် ဖြစ်သည်ဟု ယူဆကြောင်း ဆန္ဒပေးခဲ့သည်။

လက်ရှိတရားစီရင်ရေး စနစ်အပေါ် သုံးသပ် ပြောကြားချက်များ
ဒေါ်အောင်ဆန်းစုကြည်

အဲဒီလိုပဲယူဆရမှာပဲ။ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါအများသိနေတဲ့ကိစ္စပဲလေ။ ကျွန်မတို့ နိုင်ငံရေး အကျဉ်းသား တော်တော်များများဟာလည်း အကျဉ်းထောင်ထဲ ရောက်သွားတာဟာ လွတ်လပ်ပြီးတော့ တရားမျှတပြီးတော့ သန့်ရှင်းတဲ့တရားရေး မဏ္ဍိုင်မရှိလို့ပါ" ဟု ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Eleven Media Group မှ ဒေါ်အောင်ဆန်းစုကြည်အား 'အန်တီပြောသွားတဲ့အထဲမှာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင်အတွက် ကြိုးစားသွားမယ်လို့ ပြောသွားပါတယ်။ ဒါဆို လက်ရှိတရားရေး မဏ္ဍိုင်ဟာ လွတ်လပ်သန့်ရှင်းမှုမရှိဟု သဘောယူဆပါသလား'ဟူသော မေးခွန်းအပေါ်ဖြေကြားချက်  . . .
ဒေါက်တာညိုညိုသင်း (ဒီမိုကရက်တစ်ပါတီမြန်မာ) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

"နိုင်ငံရေးအဆောက်အအုံက ပြောင်းလဲနေပြီ။ တစ်ပါတီစနစ်လိုမျိုး တပ်မတော်က အုပ်ချုပ်တဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းနေပြီ။ ဒါပေမဲ့ လက်ရှိတရားစီရင်ရေးကတော့ ပါဝင်တဲ့တရားသူကြီးတွေနဲ့ တရားစီရင်ရေးစနစ်လည်း မပြောင်းသေးပါဘူး။ တရားစီရင်ရေး ယန္တရားမှာပါတဲ့ လူတွေရော မူတွေရော မပြောင်းနိုင်သေးဘူး။ လူတွေဘာလို့ မပြောင်းနိုင်သေးဘူးလဲဆိုတော့ လက်ရှိတိုင်းပြည်မှာ ခေတ်စနစ်နဲ့ လိုက်လျောညီထွေရှိမယ့် တရားစီရင်ရေးစနစ်ကို ကျင့်သုံးနိုင်မယ့် ပညာရှင်တွေ ရှားနေပါတယ်။ တရားစီရင်ရေး ယန္တရားထဲမှာ တရားသူကြီးနဲ့ ရှေ့နေတွေသာမကဘဲ ရဲနှင့်ဥပဒေအရာရှိ တွေလည်းပါတယ်။ တရားစီရင်ရေးယန္တရားဖြောင့်မတ်မှန်ကန်ဖို့ဆိုရင် တရားသူကြီးတွေနဲ့ ရှေ့နေတွေကိုပဲ ပြောလို့မရဘူး။ ရဲနဲ့ ဥပဒေအရာရှိတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတွေကိုပါ ပြောရမှာဖြစ်ပါတယ်။ ဥပမာပြောရရင် နယ်တွေမှာ လယ်သမားတွေကို အာဏာဖီဆန်မှုနဲ့ အုပ်ချုပ်ရေးမှူးတွေက တရားစွဲဆိုတာတွေ ရှိနေတုန်းပဲ။ တရားစီရင်ရေးမှာ ပါတဲ့သူတွေ ဘာကြောင့် မပြောင်းနိုင်သေးလဲဆိုရင် ဥပဒေတွေကလည်း မပြောင်းနိုင်သေးလို့ပါ။ နောက်ပြီး သူတို့တွေရဲ့ခံယူချက်တွေက တစ်ပါတီစနစ်ပုံစံ၊ တပ်မတော် စစ်အစိုးရအုပ်ချုပ်တဲ့ ပုံစံတုန်းကလို ဖြစ်နေတော့ ခေတ်နဲ့လိုက်လျော ညီထွေတဲ့ တရားစီရင်ရေးစနစ်ကို မပြောင်းနိုင်သေးပါဘူး။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ တရားမျှတမှု မရှိတာ၊ ခေတ်နဲ့လိုက်လျောညီထွေမှု မရှိတာတွေ ဖြစ်နေတုန်းပါ။ ပြည်သူတွေအနေနဲ့ နစ်နာပေမယ့် တရားရုံးစရိတ်ကြီးလို့ အမှုမဖွင့်နိုင်တဲ့ သူတွေရှိနေပါတယ်။ အခုလိုအသွင် ကူးပြောင်းရေးကာလမှာ ပြည်သူတွေ နစ်နာတယ်ဆိုတာနဲ့ အလွယ်တကူစရိတ် သက်သက်သာသာနဲ့ အမှုဖွင့်နိုင်တဲ့  တရားစီရင်ရေးစနစ်ကို မပြောင်းလဲနိုင်သေးပါဘူး။ ရဲတွေအနေနဲ့ကလည်း အိတ်ကစိုက်ပြီး စရိတ်စခမထုတ်နိုင်လို့ မဖော်ထုတ်နိုင်တဲ့ အမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အခုလက်ရှိ တရားစီရင်ရေးဟာ လူတွေလည်း မပြောင်းနိုင်သလို မူတွေလည်း မပြောင်းနိုင်သေးပါဘူး"။

ကိုဝေဖြိုး  Weekly Eleven News Journal၊ အယ်ဒီတာချုပ်

"ကျွန်တော်တို့နိုင်ငံမှာ အရေးကြီးမဏ္ဍိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေမှာ ဝေဖန်မှုတွေကို လက်ခံသလို၊ ပြုပြင်ပြောင်းလဲသင့်တာ တွေကိုလည်း တစ်ဆင့်ချင်းစီ လုပ်ဆောင်နေတာ တွေ့ရတယ်။ လွှတ်တော် အစည်းအဝေးတွေမှာလည်း တစ်ကြိမ်ထက်တစ်ကြိမ် ဒီမိုကရေစီနည်းကျသွားနိုင်ဖို့ အားထုတ်လာတာကို သိသိသာသာ တွေ့လာရတယ်။ ဒါပေမယ့်တရားစီရင်ရေး မဏ္ဍိုင်မှာတော့ အပြောင်းအလဲတွေ မတွေ့ရသေးပါဘူး။ ခေတ်နောက်ပြန် ဆွဲနေတာတွေ ရှိတုန်းပါပဲ။ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေဟာ ကိုယ့်ရဲ့ အားနည်းချက်နဲ့ လိုအပ်ချက်တွေအပေါ် ပြုပြင်ဖို့ ဝေဖန်မှုတွေကို လက်ခံပေမယ့် တရားစီရင်ရေးမဏ္ဍိုင်ကို ဦးဆောင်သူအချို့ဟာ လာဘ်လာဘ အခွင့်အရေးနဲ့ အာဏာအတွက် ဝေဖန်မယ့်သူ၊ ထောက်ပြမယ့်သူတွေကိုတောင် နှိပ်ကွပ်ဖို့အားထုတ်လာတဲ့ သဘောတွေ တွေ့နေရတယ်။ တရားရုံးမထီမဲ့မြင်ပြုမှုဆိုတဲ့ ဥပဒေကို တရားသူကြီးအချို့က လက်နက်သဖွယ် အသုံးပြုခြိမ်းခြောက်ဖို့ လုပ်ဆောင်နေတာကို တွေ့ရတယ်။ အဝေဖန်မခံနိုင်တာ တင်မကဘဲ ဝေဖန်မယ့်သူတွေ မဝေဖန်နိုင်အောင် ဥပဒေကို အလွဲသုံးစားလုပ် ခြိမ်းခြောက်ချင်တဲ့ ပုံစံမျိုးတွေရှိနေတယ်။ မတရားသဖြင့် ဆုံးဖြတ်တဲ့ အမှုတွေရှိပြီး အရင်စနစ်ဟောင်းက အကြွင်းအကျန်ဖြစ်တဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး မတရားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာတယ်။ ဥပမာတစ်ခုပြောရရင် တာမွေမြို့နယ် တရားရုံးမှာ တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အမှုတစ်ခုမှာ တစ်ဖက်စွပ်စွဲခံရသူအဖြစ် တရားရုံးမှာ လာရောက်ရင်ဆိုင်ရသူက တရားရုံးမှာ ဥပဒေမဲ့စွာ နင်ပဲငဆ အော်ဟစ်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေအရ တရားစွဲဖို့ လုပ်ဆောင်ရာမှာ ဒီဖြစ်စဉ်ကိုသိတဲ့ တရားသူကြီးနဲ့ တရားရေးဝန်ထမ်းအချို့က ကိုယ့်ရှေ့မှာဖြစ်တဲ့ကိစ္စကို သက်သေထွက်မပေးခဲ့ကြဘူး။ ဒါကြောင့် ဒီဖြစ်စဉ်ကို မျက်မြင်သိတဲ့ အခြားအနီးအနားက သူတွေကို သက်သေအဖြစ် ထွက်ဆိုစေခဲ့ရတယ်။ ဒါပေမယ့် ဒီအမှုကို ဆုံးဖြတ်တဲ့တရားသူကြီးက အမှုအတွက် လုံလောက်တဲ့ သက်သေမရှိလို့ အမှုမမြောက်ဘူးလို့ လက်မခံခဲ့ဘူး။ ဒါဟာ ဘာမှမဟုတ်တဲ့ သာမန်အမှုလေးလို့ ထင်ရပေမယ့် ရေးနိုင်ပြောနိုင်တဲ့သူတွေကိုတောင် ဒီလိုတရားမဲ့ လုပ်ရဲတယ်ဆိုတာဟာ ဘာမှပြောနိုင်ဆိုနိုင်ခြင်းမရှိတဲ့ ပြည်သူအများစု ဘယ်လောက်တောင် ဖိနှိပ်ခံထားရပြီလဲဆိုတာ မစဉ်းစားနိုင်လောက်အောင်ပါပဲ။ တကယ်တော့ တရားစီရင်ရေးစနစ် တည့်မတ်မှန်ကန်မှသာ ဒီမိုကရေစီစနစ် ခိုင်မာမှာပါ။ ဒါကြောင့် တရားစီရင်ရေးမဏ္ဍိုင်ကို ကျန်မဏ္ဍိုင်တွေဖြစ်တဲ့ အစိုးရ၊ လွှတ်တော်၊ သတင်းမီဒီယာတွေနဲ့ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူတွေကပါ ကွပ်ညှပ်ပဲ့ပြင်မှ ရတော့မယ်။ သတင်းမီဒီယာတွေကလည်း မတရားမှုတွေကို တိတိကျကျ ဖော်ထုတ်ရေးသားဖို့ လိုပါတယ်။ ပြည်သူတွေကလည်း မိမိတို့ တွေ့ကြုံရင်ဆိုင်ရတဲ့ မတရားခံရတဲ့ ကိစ္စတွေအတွက် အမှုမှန်ကို သတင်းပို့ပြီး ရဲရဲဝံ့ဝံ့ပြောဆို ရင်ဆိုင်ကြဖို့ လိုပါတယ်။ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့နဲ့ နည်းလမ်းစနစ်တကျ တုံ့ပြန်သွားရမယ်။

စမ်းချောင်းကိုကိုကြီး
(ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရာမှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြန်လည် လွတ်မြောက်လာသူ)

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က သရေကွင်းလိုပဲ။ လိုရင်ချဲ့လို့ရသလို၊ မလိုရင်ချုံ့လို့ရတယ်။ ငွေပေးရင် လွတ်သလို၊ ငွေမပေးရင် မလွတ်တာလည်း ရှိပါတယ်။ အတွေ့အကြုံတစ်ခုပြောရရင် ကျွန်တော် သံတွဲထောင်မှာ ရှိတုန်းကပါ။ မုဒိမ်းမှုနဲ့ စွပ်စွဲခံရတဲ့ နှစ်ယောက်က တစ်ယောက်က ပြစ်မှုကျူးလွန်ရာမှာ မပါခဲ့ဘူး။ ဒါကို တရားလို အမျိုးသမီးကလည်း မပါဘူးလို့ထွက်တယ်။ စွပ်စွဲခံထားတဲ့ နှစ်ယောက်တည်းမှာ ကျူးလွန်သူ ကိုယ်တိုင်ကလည်း သူ့သူငယ်ချင်းက ဒီပြစ်မှုကျူးလွန်ရာမှာ မပါဘူးလို့ပဲ ထွက်တယ်။ ဒီလိုထွက်ခဲ့ပေမဲ့ တရားရုံးက ငွေခြောက်သောင်းပေးမှ လွှတ်ပေးမယ်လို့ ပြောတယ်။ မပေးနိုင်တဲ့အတွက် ပြစ်မှုကျူးလွန်ရာမှာ မပါတဲ့ တစ်ယောက်ဟာ ထောင်ခြောက်နှစ် ကျသွားတယ်။ အခုချိန်အထိ ထောင်ထဲမှာ ရှိနေတုန်းပဲ။ တရားစီရင်ရေးစနစ်ဟာ ဟိုတုန်းကလည်း မကောင်းခဲ့ပါဘူး။ အခုလည်း မကောင်းသေးပါဘူး။ အခုပဲ ကြည့်လို့ရပါတယ်။ အင်းစိန်ထောင်မှာ အထူးတရားရုံးဖွင့်ပြီး စစ်ဆေးနေတဲ့ အမှုတွေပါ။ ဒီအမှုတွေကို စစ်ဆေးတဲ့နေရာမှာ အများပြည်သူရှေ့မှာ တရားစီရင်တာမျိုး မဟုတ်ဘဲ ဘယ်သူမှ မသိအောင် စစ်ဆေးနေတာ မျိုးတွေပါ။ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင်တော့ တရားစီရင်ရေးစနစ်ဟာ မှန်ကန်မျှတမှ ဖြစ်နိုင်မှာပါ။ တရားစီရင်ရေး စနစ်တွေမှာ မမှန်တာတွေ၊ မမျှတတာတွေ ရှိနေမယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ တရားသူကြီးတွေ အဂတိမလိုက်စားဖို့ဆိုရင်တော့ တရားသူကြီးတွေ အဂတိ မလိုက်စားနိုင်အောင် လစာငွေပေးထားမှ ဖြစ်နိုင်မှာပါ။ ဒီအချက်က အခြေခံအချက်ဖြစ်ပါတယ်။ ဒီအခြေခံအချက်ကို မဖြေရှင်းနိုင်ဘဲ၊ တခြားလိုအပ်ချက်တွေကို မဖြည့်နိုင်ဘဲနဲ့တော့ အဂတိလိုက်စားမှုတွေ ပျောက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကို နိုင်ငံတော်ပိုင်းက လုပ်မှဖြစ်နိုင်မှာပါ။

မစုစုနွေး
(ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရာမှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြန်လည်လွတ်မြောက်လာသူ)

ကျွန်မတို့တုန်းကကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအမှုတွေမှာတော့ တရားသူကြီးတွေဟာ ချမှတ်ထားတဲ့ ဥပဒေအတိုင်း ချပြပိုင်ခွင့်မရှိဘဲ အပေါ်ကလာတဲ့ အမိန့်နဲ့ အမိန့်ချမှတ်ရတာမျိုးတွေ ဖြစ်ပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ သိရသလောက်ကတော့ တရားစီရင်ရေးနယ်ပယ်မှာ အမှန်ကိုအမှန်အတိုင်း ဆုံးဖြတ်မှုမလုပ်နိုင်ဘဲ ငွေများတရားနိုင် ပုံစံမျိုးတွေအများကြီး ရှိနေပါတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ငွေရှင်ကြေးရှင်တွေနဲ့ ဖြစ်ကြတဲ့အခါမှာလည်း နစ်နာသူတွေဘက်က အမှန်ကို အမှန်အတိုင်း၊ တရားဥပဒေအရ အဆုံးအဖြတ်မရတာတွေ ရှိနေပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးဆိုတာ သူတို့ပြောနေကြစကားပါပဲ။ သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း ပြောတတ်ပါတယ်။ ကျွန်မကတော့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေချင်တာ အမှန်ပါပဲ။ သီးခြားအနေနဲ့ ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ယိမ်းယိုင်နေပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့တကွ တရားစီရင်ရေးနယ်ပယ်မှာ ရှိနေတဲ့သူတွေအားလုံးကို ပြောချင်တာကတော့ တရားဥပဒေရဲ့ အထက်မှာအမှန်တကယ်ပဲ ဘယ်သူမှမရှိဘဲ ကျောသားရင်သားမခွဲခြားဘဲ ဥပဒေအတိုင်း ဆုံးဖြတ်နိုင်အောင် လုပ်ဆောင်ပေးစေ လိုပါတယ်။ ဒီအတိုင်း လုပ်ဆောင်နိုင်ဖို့ကိုလည်း ပြည်သူတွေအတွက် လုပ်ဆောင်နေတဲ့ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ကို တောင်းဆိုချင်ပါတယ်။

ဒေါက်တာမောင်မောင်သိမ်း (မန်နေဂျာ၊ မြန်မာ့အာမခံလုပ်ငန်း)
လာဘ်စားမှုဆိုတာ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ကြုံတွေ့နေရတာပါပဲ။ အဲဒီလို လာဘ်စားမှုတွေ ပပျောက်ဖို့ဆိုရင် သုံးဘက်ညီဖြေရှင်းဖို့ လိုတယ်လို့မြင်ပါတယ်။ နံပါတ်တစ်အနေနဲ့ အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့စကားလိုပဲ။ ၀န်ထမ်းတွေအနေနဲ့လုံလောက်တဲ့လစာ၊ နေထိုင်မှုတွေလိုအပ်တယ်လို့ ထင်ပါတယ်။ နှစ်အချက်အနေနဲ့ လာဘ်စားမှု ကင်းတဲ့ တရားစီရင်ရေးစနစ် ဖြစ်ဖို့အတွက် တရားသူကြီးတွေ၊ ရှေ့နေတွေ သာမကဘဲ အမှုသည်တွေ ဘက်ကလည်း တရားမျှတမှုကို လေးစားမှုရှိဖို့ လိုပါတယ်။ ကိုယ့်အမှုနိုင်ချင်ဇောနဲ့လာဘ်ထိုးတာတွေ၊ မတရားတာတွေကို လုပ်တာတွေအပေါ်မှာ တရားမျှတမှုဆိုတာကို နားလည်လက်ခံဖို့လဲ အမှုသည်တွေမှာ လိုပါတယ်။ နောက်သုံးအချက်ကတော့ သက်ဆိုင်ရာဝန်ထမ်းတွေကဥပဒေကို တိတိကျကျ လိုက်နာ ဆောင်ရွက်ရပါမယ်။ ဖောက်ဖျက်မှုရှိရင်လဲ ပေးတဲ့သူရော၊ ယူတဲ့သူကိုပါ ထိထိရောက်ရောက် စုံစမ်းအရေးယူပြီး တိုက်ဖျက်မယ်ဆိုရင်တော့ တရားစီရင်ရေးစနစ်ဟာ ပိုကောင်းလာမယ်လို့ မြင်ပါတယ်။

ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
တရားစီရင်ရေးစနစ်ကိုတော့ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိတာပဲ ဖြစ်စေချင်တယ်။ ကျောသားရင်သား ခွဲခြားတာတွေ မရှိစေချင်ဘူး။ ပြည်သူလူထုအတွက် လုံလောက်သော အကာအကွယ်ဖြစ်စေ ချင်တယ်။ လူ့အခွင့်အရေးကို ကာကွယ်နိုင်တာပဲ ဖြစ်စေချင်တယ်။ လက်ဖ၀ါး၊ လက်ဖမိုးလို ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက် မဖြစ်ဘဲနဲ့ ခြေဖ၀ါးလို တစ်ဖက်တည်းမှာပဲ ရှိနေစေချင်တယ်။ ငွေများရင်၊ အာဏာရှိရင် တရားနိုင်တာပဲ ဆိုတာကို ပြောင်းရတော့မယ်။ သမာသမတ်ကျတဲ့ တရားစီရင်ရေးစနစ်ကိုပဲ ပြည်သူလူထုက လိုလားတာ။ တိုင်းပြည်ကို ဘယ်လိုဥပဒေနဲ့ အုပ်ချုပ်မလဲဆိုတာက အရေးကြီးသလို တရားစီရင်ရေးဆိုတာလည်း တိုင်းပြည်ရဲ့အသက်ပဲ။
ဦးစောဝေ (ကဗျာဆရာ)
လက်ရှိမြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ တရားစီရင်ရေးကို ကြည့်မယ်ဆိုရင် တရားဥပဒေနဲ့အညီ လွတ်လပ်စွာ စီရင်ပိုင်ခွင့်မတွေ့ရသေးဘူး။ တရားလို၊ တရားခံတွေရဲ့ရပိုင်ခွင့်ကို ဘယ်လိုပေးရမှန်း မသိသေးဘူး။ တရားသူကြီးတွေကလည်း သူတို့ရဲ့ကျင့်ဝတ်ကို မသိကြဘူး။ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကျင့်သားမရသေးဘူး။ ဘာလို့ ဒီလိုဖြစ်နေရလဲဆိုနှစ် ၅၀ လောက် အမိန့်ပေးတဲ့ စနစ်အောက်မှာပဲ ရှိခဲ့တော့ ဘယ်လိုလုပ်ရမယ်ဆိုတာ တရားသူကြီးတွေ ကိုယ်တိုင်မသိကြဘူး။ အခု ဒီတရားစီရင်ရေးစနစ်ကို ပြင်မယ်ဆိုရင် ဦးဆုံး ခေါင်ကစရမယ်။ ခေါင်မိုးလုံဖို့ရမယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအာဏာ သုံးရပ်ပြဋ္ဌာန်းတဲ့ အစိုးရကပြုသူတွေကို အုပ်ချုပ်ရာမှာ သူ့လူကိုယ့်ဘက်သား မရှိရဘူး။ တန်းတူညီမျှရှိဖို့ လိုတော့။ ဒါတွေကိုပြုပြင်ရမယ်လို့ ထင်တယ်။
Eleven Media Group

ပြည်သူ့ဆန္ဒသဘောထားမပါသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရှိဆဲ

အုပ်ချုပ်ရေးပိုင်း၏ အခြေခံအကျဆုံးဖြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေး၌ အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရာတွင် ပြည်သူများ၏ သဘောဆန္ဒမပါဝင်ဘဲ သက်ဆိုင်ရာ၏ဆန္ဒအရသာ ရွေးချယ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရှိနေဆဲဖြစ်ကြောင်း တောင်ဒဂုံရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်အတွင်းနေထိုင်သူအများစုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြစ်သည့် ဆယ်အိမ်မှူး၊ ရာအိမ် မှူးများကို မိမိတို့ဆန္ဒအရ ရွေးချယ်ရမည်ဆိုသည်ကို သိရှိခြင်းမရှိသည့်အပြင် ကြောက်စိတ်များကို ဖယ်ရှားနိုင်ခြင်း မရှိသေးသည့်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှာ ထင်သလိုကျဲခွင့်ရရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ ရပ်ကွက်ထဲမှာ အခု ဘယ်သူက အုပ်ချုပ်ရေးမှူးလဲဆိုတာတောင် ကျွန်တော်မသိဘူး။ ဘယ်သူက မဲပေးပြီး ဘယ်သူတွေက ရွေးချယ်နေတယ်ဆိုတာကို ပြောလို့မကောင်းတော့ မပြောတော့ပါဘူး။ တကယ်ကို ရပ်ကွက်အကျိုးမျှော်ကိုးပြီး အမှန်တကယ် အလုပ်လုပ်မယ့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကိုပဲ အလိုရှိပါတယ်”ပာု လှိုင်သာယာ မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ယခုကျင်းပပြီးစီးခဲ့သည့် လွှတ်တော်ပုံမှန်အစည်းအဝေးများ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်အပ်ရေးနှင့် ပတ်သက်၍ ရပ်ရွာမှ ကြည်ညိုလေးစားသော ပုဂ္ဂိုလ်များကို ခန့်အပ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုမှ ပြည်ထောင်စု လွှတ်တော်သို့ ဥပဒေကြမ်းတင်သွင်းခဲ့ကြောင်း သိရသည်။
လွှတ်တော်မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကြမ်းကို အတည်ပြုပြီးပါက လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အပြောင်းအလဲဖြစ်လာနိုင်ကြောင်း ရပ်ကွက်နေပြည်သူအချို့မှ မျှော်လင့်လျက်ရှိကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ရပ်ကွက်ထောက်ခံစာအတွက် ငွေတောင်း ခံမှု၊ ဧည့်စာရင်းတိုင်ကြားရာ၌ ငွေကြေးကောက်ခံမှုများအပြင် အဓမ္မအလှူငွေ ကောက်ခံမှုဖြစ်စဉ်များပါ ရှိနေသေးကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၈၉) တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူများ တာဝန်ပေးအပ်ရာတွင် ရပ်ရွာမှ ကြည်ညိုလေးစားပြီး အကျင့်သိက္ခာ သမာဓိရှိသူများကိုသာ တာဝန်ပေးအပ်သင့်ကြောင်း ဖော်ပြထားသည်။
                                                                                                                                        YC
Myanmar News Now

RSF သတင်းမီဒီယာဆု Eleven Media Group စာရင်းတင်သွင်းခံရ

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Re-porters Without Borders-RSF) မှ ၂၀၁၀ ပြည့်နှစ်အတွက် ချီးမြှင့်မည့် မီဒီယာဆုပေးပွဲတွင် Eleven Media Group မှ တစ်နှစ်တာအကောင်းဆုံး သတင်းမီဒီယာဆုနှင့် တစ်နှစ်တာအကောင်းဆုံး ဂျာနယ်လစ်ဆုများအတွက် ပဏာမစာရင်း တင်သွင်းခံခဲ့ရကြောင်း သိရှိရသည်။ ယင်းဆုပေးပွဲအခမ်းအနားကို လာမည့်ဒီဇင်ဘာ(၇)ရက်နေ့တွင် ပဲရစ်မြို့၌ ကျင်းပ သွားမည်ဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းမှ ဖိတ်ကြားခံရသည့် သတင်းမီဒီယာများစွာ တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့သည် ၁၉၉၂ ခုနှစ်မှစတင်၍ ယင်းဆုပေးပွဲ အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။ 
ယင်းဆုပေးပွဲအခမ်းအနားတွင် တစ်နှစ်တာအကောင်းဆုံးဂျာနယ်လစ်ဆု (Journalist of the Year)၊ တစ်နှစ်တာအကောင်းဆုံး သတင်းမီဒီယာဌာနဆု(Media Prize)နှင့် တစ်နှစ်တာ အကောင်းဆုံး အွန်လိုင်းမီဒီယာဆု (Cyber Dissident)စသည်တို့ကို ချီးမြှင့်ပေးအပ်နေခြင်းဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းလုံးရှိ ဂျာနယ်လစ်များနှင့် သတင်းမီဒီယာများထဲမှ အခက်အခဲအမျိုးမျိုးကိုဖြတ်ကျော်ကာ ပရိသတ်များထံသို့ သတင်းများကို တိကျမှန်ကန်စွာ ပေးပို့နေသည့် ဂျာနယ်လစ်များနှင့် မီဒီယာဌာနများကို ရွေးချယ်ကာ ဆုများချီးမြှင့် ပေးအပ်နေခြင်း ဖြစ်သည်။ သတင်းလွတ်လပ်ခွင့်ရရှိရန် အခက်အခဲ၊ အတားအဆီးအမျိုးမျိုးကြားမှ ရုန်းကန်လှုပ်ရှားနေသည့် ဂျာနယ်လစ်များနှင့် မီဒီယာများ၏ ခိုင်မာသည့် မူဝါဒနှင့်ရပ်တည်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ယင်းဆုများကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့်နေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ယခုနှစ်အတွက် ပဏာမစာရင်းတွင် တစ်နှစ်တာအကောင်းဆုံး သတင်းမီဒီယာဆု ပဏာမစာရင်း၌ Eleven Media Group(Weekly Eleven News Journal) ပါဝင်နေပြီး၊ တစ်နှစ်တာအကောင်းဆုံး ဂျာနယ်လစ်ဆု ပဏာမစာရင်း၌ Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုး ပါဝင်နေကြောင်း သိရှိရသည်။ ယခုနှစ်ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ရန် Eleven Media Group မှ Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးနှင့် Premier Eleven Sports Journal တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်းတို့ ဒီဇင်ဘာ(၄)ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့သို့ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
နှစ်စဉ်ဆုပေးပွဲအခမ်းအနား မတိုင်မီတွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်များပါဝင် သည့်ဆုချီးမြှင့်ရေး ဂျူရီအဖွဲ့မှ ပဏာမစာရင်းများ ရွေးချယ်ခဲ့ပြီး ထိုအထဲမှဆုရရှိသူကို အပြီးသတ်ရွေးချယ်ကာ ဆုချီးမြှင့် ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဆုသည် ကမ္ဘာ့နိုင်ငံ ၂၀၀ ကျော်မှ ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်ပြီး မီဒီယာလောကတွင် အလေးထားသည့် ဆုများအနက်တစ်ခု အပါအ၀င်ဖြစ်ကြောင်း သိရသည်။
Eleven Media Group

ကချင်မှာ စစ်ပြေးဒုက္ခသည်တွေပိုများလာ

ကချင်ပြည်နယ်တွင်းတွင် တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသ၀န်းကျင်ရှိ တိုင်းရင်းသားများ နေရပ်ကို စွန့်ခွာတိမ်းရှောင်ရမှု ပိုမိုမြင့်တက်လာနေကြောင်း သတင်း ရရှိပါသည်။
ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက စတင်ခဲ့ပြီး စတင်ဖြစ်ပွားရာဒေသသည် ဗန်းမော်ခရိုင်အတွင်းတွင် တည်ရှိသည်။ ထို့နောက် မြစ်ကြီးနား၊ ၀ိုင်း မော်ဒေသများအထိပါ တိုက်ပွဲဖြစ်ပွားမှုများ ရှိလာခဲ့ပြီး ဇွန်လအတွင်းမှ စတင်ကာ လက်ရှိအချိန်အထိ ဒေသခံများ နေရပ်စွန့်ခွာမှုများ ရှိနေခြင်း ဖြစ်သည်။
လတ်တလောတွင် မြို့ပေါ်နှင့် တောတွင်းစခန်းများတွင် နေထိုင်သူဦးရေ တဖြည်းဖြည်းတိုးတက်လာ နေကာ စားဝတ်နေရေးတို့အတွက် အခက်အခဲများစွာနှင့်လည်း ရင်ဆိုင်နေရကြောင်း အဆိုပါဒေသများတွင် လူမှုကူညီရေး လုပ်ကိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများထံမှ သိရှိရပါသည်။ မြို့များရှိ ကယ်ဆယ်ရေး  စခန်းများတွင်သာ လူဦးရေအလွန် များပြားနေမှုကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ကျေးရွာအချို့နှင့် တောတွင်းနေရာများတွင်ပါ ယာယီစခန်း များပေါ်ပေါက်လာခြင်းများရှိနေသည်။
7101a
နိုဝင်ဘာလနောက်ဆုံးပတ် မှ စတင်ကာ ယခုကဲ့သို့ပြောင်းရွှေ့သူဦးရေ ပိုမိုတိုးတက်လာခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။
“ ဒီရက်တွေအတွင်းမှာ ရှိရင်း စွဲ Camp  တွေမှာ လူကဦးရေ မတရား ထိုးတက်လာတယ်။ ပြီးတော့ မရှိ သေးတဲ့နေရာတွေမှာ ဘုန်းတော်ကြီးကျောင်း၊ Chruch ရှိ တဲ့ရွာ၊ chruch မှာမှ အုတ်တိုက် အခိုင်အမာရှိတဲ့ နေရာတွေကို အစုလိုက်အပြုံလိုက် ရောက်သွားတယ်ပေါ့။ CAMP  တွေက နဂိုက ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာမှာ ဖွင့်ထားတဲ့ CAMP  တွေကျတော့လည်း တိုက်ပွဲက အဲဒီနေရာ ရောက်သွားတဲ့အခါ ကျတော့ ထွက်ပြေးသွားရတာတွေလည်း ရှိတယ်။ CAMP  တွေရဲ့ အခြေ အနေက အမြဲတမ်းပြောင်းရွှေ့နေရတယ်”ဟု ဆက်လက်ပြောပြသည်။
7101b
“ပထမ camp  အမျိုးအစားက မြို့ပေါ်မှာ ရှိတဲ့ camp  ပေါ့။ အဲဒါ ကတော့ အစိုးရကပါ ပြည်နယ် အစိုးရကပါ တရားဝင်လုပ်ထားခွင့် ပေးတဲ့အတွက်ကြောင့် WFP တို့၊ UN အေဂျင်စီတွေကနေ၊ မေတ္တာဖောင်ဒေးရှင်း အပါ ပေါ့။ မြို့ထဲက အလှူရှင်တွေကပါ လှူဒါန်းတယ်။ ပြဿနာက ဘာလဲဆိုတော့ ခုနက လို လူဦးရေက အဆမတန်တိုးလာ တဲ့အခါ အခက်အခဲရှိတယ်။ ဥပမာ ဆို WFP က နိုဝင်ဘာ ၁၅ ရက်မှာ ကောက်ထားတဲ့ data နဲ့ ၃၀ ရက် နေ့မှာ လာဝေတယ်။CAMP  မှာ အရင်ကလူဦးရေ ၁၅၁ ယောက်ပဲရှိ တယ်။ တကယ်တမ်း လာဝေတဲ့နေ့မှာ၄၂၆ ယောက်ဖြစ်တယ်။ အဲဒီမှာ ဆေးဖိုးတို့၊ ဟင်းဖိုး၊ ထင်းဖိုး တို့လာလှူတဲ့လူ မရှိတဲ့အခါကျတော့ ပြဿနာ ဖြစ်တယ်။ အဲဒီလူ ၄၂၆ ယောက်ကို ဘူးသီးနဲ့ ကြက်သုံးကောင်နဲ့ ချက် ကျွေးရတယ်။ဆိုလိုတာက ကြက်တစ်ကောင်ကို လူတစ်ရာကျော် က မျှပြီးစားရတဲ့ သဘောမှာဖြစ် သွားတယ်”ဟု လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူက ပြောကြား ခဲ့သည်။
7101c
“တချို့ကျတော့ တောတွင်းနဲ့ ရွာတွေမှာရှိတယ်။ အဲဒါတွေကတော့ နာမည်မပေါက်ဘူး။ လောလောဆယ် လွယ်ဂျယ်တစ်ခုပဲ နာမည်ပေါက်တယ်ပေါ့။ နာမည်ပေါက်တာတောင် အိမ်ခြေ က ၁၉ အိမ်နဲ့ နာမည်ပေါက်နေတာ။ တကယ်တမ်း ရှိနေတာက ၁၇၄၄ ဦး။ အဲဒါ ၃၀ ရက်နေ့မှာ ပေါ့။ အဲဒီ စခန်းတွေက ရှိနေတယ်။ အဲဒီနေရာတွေ ကျတော့ ဆက်သွယ်ရခက်တာ တစ်ကြောင်း နယ်စပ်နဲ့ နီးသွားတယ် ပေါ့။ နယ်စပ်အပြင်တော့ မဟုတ်ဘူး။ အထဲမှာပေါ့။ ခပေါင်းဆိုတာကတော့ တောတွင်းမှာ CAMP လိုမျိုးတောင် မဟုတ်ဘူး။ တောထဲမှာ ဖက်တွေနဲ့ပဲ တဲလုပ်ပြီး နေနေတဲ့နေရာဖြစ်တယ်”ဟု ဆက်လက်ပြောပြ ခဲ့သည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် နေရပ်ကို စွန့်ခွာကာ နီးစပ်ရာမြို့ပေါ်၊ နယ်စပ်ဒေသနှင့် တောတွင်းများတွင် ရွှေ့ပြောင်းနေထိုင်ကြသူများတွင် ကချင်တိုင်းရင်းသားများ၊ ရှမ်းဗမာ တိုင်းရင်းသားများ ပါဝင်နေသည်။ ဗန်းမော်ဒေသ တစ်ဝိုက်နှင့် နယ်စပ် ဒေသများတွင် နေရပ်မှ တိမ်းရှောင် နေရသူဦးရေသည် ၅၀၀၀၀ ၀န်း ကျင်အထိ ရှိနိုင်သည်ဟုလည်း ခန့်မှန်းမှုများအရ သိရှိရသည်။
7101d
လတ်တလောတွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူများအတွက် အဓိကလိုအပ်ချက်သည် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်နေကာ အမိုးအကာ ဖြင့်နေထိုင်နိုင်ခြင်းနည်းပါးမှု၊ ကယ်ဆယ်ထားသည့်နေရာနှင့် လူဦးရေ မမျှတမှု၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် သွားလာရေး အခက်အခဲရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ နှောင့်နှေးခဲ့သည့်အတွက် လာမည့် နှစ်တွင် ဒေသတွင်း စားနပ် ရိက္ခာ ပြတ်လပ်နိုင်ခြေရှိမှု စသည်တို့ ကြုံတွေ့နေရကြောင်း သိရှိရသည်။
Eleven Media Group

မြန်မာ့အကြီးဆုံးရွှေကြောသစ်တွေ့ ရှိ နှစ်ရာချီကြာ တူးဖော်ရရှိနိုင်ဟုဆို


ပြီးခဲ့သည့် လပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံးရွှေကြောကြီးသည် ကရင်ပြည်နယ်မယ်ဝိုင်ဒေသတစ်ဝိုက်မှ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအထိ ကြီးမားကျယ်ပြန့်စွာ တည်ရှိနေပြီး နှစ်ရာချီထုတ်ယူရရှိနိုင်ကြောင်း ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနအငြိမ်းစားပါမောက္ခနှင့် Advanture Mental International Mining Co., Ltd. ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးစိုးသိန်းက ပြောကြားသည်။

ယင်းရွှေကြောကြီးသည် ကရင်ပြည်နယ် မယ်ဝိုင်ဒေသမှ မွန်ပြည်နယ်ကျိုက်ထီးရိုးဘုရားတောင်ခြေ၊ ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး တောင်ငူအထိရှည်လျားကြောင်း၊ ရွှေကြောများကိုကောင်းကင်ဂြိုလ်တုမှတစ်ဆင့် ဓာတ်ပုံရိုက်ရာ နေရာခြောက်ခုကို ချိတ်ဆက်ရိုက်ယူရသည်အထိ ကြီးမားကြောင်း ၎င်းကပြောကြားသည်။

"မယ်ဝိုင်မှော်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ရွှေတူးတဲ့ သူတွေ တန်ချီရဖူးတယ်" ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ရွှေတန်ချီရရှိကြခြင်းမှာ ရွှေကြောကြီး၏ အောက်ခြေအဆင့်နုန်းမြေများတွင်သာ တူးဖော် (ကျင်ယူ) ရရှိခြင်းကြောင့်ဖြစ်ပြီး ရွှေသာမြောက်မြားစွာပါဝင်သော ကျောက်သားများမှာ မိုင်ချီကျန်နေသေးကြောင်း၊ ယင်းကျောက်သားများမှာ ကျောက်သားတစ်တန်လျှင် ရွှေ ၂၀ ကျပ်သားအထိ ရရှိမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

"မယ်ဝိုင်ရွှေမှော်က တော်တော်ခေါင်ပါတယ်။ ဒီဒေသခံတွေက သွားလုပ်ကြတဲ့သူနည်းပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါပါတယ်" ဟု ဘားအံတစ်ဦးက The Voice Weekly သို့ ပြောပြသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးသော ရွှေကြောများမှာ ရမည်းသင်း၊ စဥ့်ကူး၊ သပိတ်ကျင်းမှ နကထီး-မယ်ဝိုင်ကိုဖြတ်၍ ကျိုက်ထိုဘက်တစ်လျှောက် ရွှေကြော၊ မြန်မာနိုင်ငံအထက်ပိုင်း ကောလင်း၊ ဝန်းသိုဘက်မှ မြောက်ပိုင်းကချင်ပြည်နယ်ဘက်သို့ တက်သွားသွားသော ရွှေကြော၊ ကြေးနှင့် ရွှေရောနှောနေသော အနောက်ရိုးမ ပုသိမ်အနောက်ဘက် ဟင်္သာတမှ မကွေးတိုင်းမြောင်ဒေသအထိ တည်ရှိသည့် ရွှေကြော၊ မြန်မာနိုင်ငံအရှေ့ဘက် ရှမ်းကုန်းပြင်မြင့်ဘက်မှ တာချီလိတ်ဘက်သို့ ဖြတ်ဝင်လာပြီး တရုတ်နိုင်ငံသို့ ဖြတ်ဝင်သွားသော ရွှေကြောများဖြစ်ကြောင်း ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရွှေထွက်ရှိနိုင်သည့် နေရာ ၂၂၇ နေရာရှိပြီး ရှာဖွေထုတ်လုပ်နေကြသော အသေးစားရွှေတူးဖော်ရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်မှ စတင်ကာ ယခင်က လစဉ်ရွှေနှစ်ကျပ်သား အခွန်ကောက်ခံရာမှ တစ်နှစ်စာ ရွှေ ၂၄ ကျပ်သားစနစ်သို့ ပြောင်းလဲထားကြောင်း သတ္တုတွင်းဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ ရွှေထွက်ရှိနိုင်သောနေရာများကို နာဆာက လွှတ်တင်ထားသော Landast 7 ဂြိုလ်တုဖြင့် ရိုက်ယူထားခြင်းဖြစ်ပြီး ယင်းကဲ့သို့ မရိုက်ယူခင်က ရွှေကျင်ရွှေကြောမှာ အကြီးဆုံးဟု သတ်မှတ်ထားသော်လည်း လွန်ခဲ့သည့် ငါးလခန့် Landsat 7 ဂြိုလ်တုဖြင့် ကြည့်ရှုရာတွင် မယ်ဝိုင်ရွှေကြောကြီးမှာ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေကြောဖြစ်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။

 The Voice Weekly Journal

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတစ်ဝန်း ရုံးပေါင်း ၃၀၀ ကျော်ဖွင့်လှစ်မည်


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင်မှတ်ပုံတင်လျှောက်ထားပြီဖြစ်သော အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၀၀ ကျော်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းပါတီ ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က The Voice Weekly သို့တရားဝင်ပြောကြားသည်။

" မှတ်ပုံတင်ရပြီဆိုတာနဲ့ တစ်နိုင်ငံလုံးမှာ မြို့နယ် ၃၃၀ ရှိရင် ရုံး ၃၃၀ ဖွင့်မယ်။ နောက်ပြီး ၁၉၉၀ တုန်းက ရပ်ကွက်၊ ကျေးရွာရုံးတွေဖွင့်ခဲ့သလိုမျိုး ဖွင့်ခွင့်ရမယ်ဆိုရင်လည်း ထပ်ပြီးတော့ ရုံးတွေဖွင့်မယ်" ဟု ဦးအုန်းကြိုင်က ပြောကြားသည်။

ဦးအုန်းကြိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်လျှောက်လွှာတစ်သန်း ပထမဆုံး အကြိမ်ရိုက်နှိပ်မည်ဖြစ်ပြီး လျှောက်လွှာများကိုနိုင်ငံတစ်ဝန်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများကိုလည်း အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

" နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ လုပ်စရာတွေက အများကြီး၊ အားလုံးကိုလုပ်သွားမယ်" ဟု ဦး အုန်းကြိုင်က ရှင်းပြသည်။

အခြားသောနိုင်ငံရေးပါတီများနှင့် မဟာမိတ်အဖြစ် ရပ်တည်ရေးကိစ္စရပ်များကိုလည်း အစည်း အဝေးများကျင်းပပြီး မူဝါဒချမှတ်လုပ်ဆောင်သွားမည်ဟု ဦးအုန်းကြိုင်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှု ဆောင် တစ်ဦးလည်းဖြစ်သူ ဦးဉာဏ်ဝင်းကမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အင်အားကြီးသော နိုင်ငံရေး ပါတီကြီးတစ်ရပ်အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော်ပြောကြားသည်။

ဦးဉာဏ်ဝင်းက ပါတီဝင်ဟောင်းများသာမက ပါတီဝင်အသစ် ဖြစ်လိုသူများလည်း ဥပဒေအရ တရားဝင် ပြန်လည်မှတ်ပုံတင်ရမည်ဟု မီဒီယာများသို့ တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်အနာဂတ် တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်ရှိသည်ဟု ဦးဉာဏ်ဝင်း၏ ပြော ဆိုချက်အရ သိရှိရသည်။

The Voice Weekly

လွင်မိုး လျှောက်ပြောနေသည်


ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် မဲဆွယ်ပေးခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ လွင်မိုးရဲ့ လုပ်ရပ်တွေက စိတ်ဝင်စားစရာ ကောင်းတယ်လို့ ပြောရမယ် ထင်ပါတယ်။

မင်းသား အကယ်ဒမီ လွင်မိုး
မကြာသေးခင်ကမှ အကျဉ်းထောင်က လွတ်မြောက်လာခဲ့တဲ့ လူရွှင်တော် ဇာဂနာ ဦးစီးကျင်းပပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဆုချီးမြှင့်ပေးမ
ယ့် “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင်ပွဲတော်မှာလည်း လွင်မိုးတယောက် ပါဝင်ယှဉ်ပြိုင်ဦးမယ် ဆိုလို့ပါ။

ပြီးခဲ့တဲ့၂၀၁၀ရွေးကောက်ပွဲမှာကြံ့ဖွံ့ပါတီက၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ယုဇနဦးဌေးမြင့်ကိုမဲထည့်ခဲ့သူ လွင်မိုးဟာ မကြာခင်က မီဒီယာတွေနဲ့ ပြဿနာဖြစ်ခဲ့တဲ့ လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေအတွက် မဲဆွယ်စည်းရုံးရေး ပွဲတွေမှာလည်း လိုက်ပါစည်းရုံးခဲ့ပါ သေးတယ်။

ပြီးတော့ သူက “ကြံ့ဖွံ့ပါတီဟာအင်အားအတောင့်တင့်ဆုံးနဲ့အခိုင်မာဆုံးပါတီဖြစ်လို့မဲထည့်ခဲ့ တာပါ” လို့ ပြောတဲ့အတွက်ပရိသတ် တွေရဲ့ဝေဖန်အပြစ်တင်သံ တွေနဲ့ညံခဲ့တာ မှတ်မိကြဦးမှာပါ။
လွင်မိုးဟာ စစ်အစိုးရနဲ့ဆက်စပ်နေတဲ့စီးပွားရေးသမားတွေနဲ့အတူ အကျိုးအမြတ်လုပ်ငန်းတွေ
လက်တွဲလုပ်ကိုင်ခဲ့တဲ့သူ လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကာလက ဆိုရင် သူက “စီးပွားရေးလုပ်လာတဲ့အခါ ကျတော့ နိုင်ငံရေးက အရေးပါလာတယ်” လို့ ပေါ်ပြူလာ သတင်း ဂျာနယ်မှာ ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့တာပါ။
အခုတော့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက စစ်အစိုးရကျောထောက်ခံပြုထားတဲ့ ကြံ့ဖွံ့ပါတီကို မဲထည့်ခဲ့တဲ့ လွင်မိုးက မြန်မာနိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မယ့် ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင် ပါတော့မယ်။

ဇန်န၀ါရီ၎ရက်နေ့မှာကျင်းပပြုလုပ်မယ့် အဲဒီ “လွပ်လပ်ခြင်း ရုပ်ရှင်ပွဲတော်မှာ” ပါဝင်ယှဉ်ပြိုင်တာနဲ့ပတ်သက်ပြီးတော့ လွင်မိုးက မောနင်းပို့စ် ဂျာနယ်မှာ “လွတ်လပ်မှရှင်သန်လိမ့်မယ်လို့”ဆိုခဲ့ပါသေးတယ်။

“လွင်မိုး လျှောက်ပြောနေသည်” ဆိုတဲ့ ဇာတ်ကားရိုက်ဖို့များ အစီအစဉ်ရှိလေသလား ကိုလွင်မိုးရယ် လို့သာ မေးလိုက်ချင် ပါတော့တယ်။
Myat Thu Htet (Facebook)

ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးနိုင်ဖို့ ယာယီကော်မတီတစ်ရပ် ဖွဲ့စည်း

w80_01
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်နယ် ပယ်မှ အနုပညာရှင်များ တွေ့ဆုံညှိနှိုင်းခြင်းကို ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံညှိနှိုင်းခြင်းကို အချိန်တစ်နာရီခွဲခန့်ကြာအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရုပ်ရှင်နယ်ပယ်အတွင်းမှ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ညွှန်းစသည့်အလွှာများမှ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။
 w80_01_1
ဆွေးနွေးညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် နှစ်တစ်ရာပြည့်အထိမ်းအမှတ် ရိုက်ကူးမည်ဖြစ်သည့်အပြင် အတ္ထုပ္ပတ္တိရိုက် ကူးမည်ဖြစ်သောကြောင့် သမိုင်းကြောင်းစာအုပ်များ၊ အထောက်အထားများကို သေချာလေ့လာပြီးမှသာ ရိုက်ကူးစေလိုကြောင်း၊ ရိုက်ကူးရာတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အနီးစပ်ဆုံး တူညီနိုင်သူကို ထည့်သွင်းစေလိုကြောင်း၊ ပြည်ပအနုပညာရှင်များ၏ အကူအညီ လိုအပ်ပါက ရယူနိုင်ကြောင်း၊ကော်မတီတစ်ရပ်ဖွဲ့စည်း၍ ဆွေးနွေးညှိနှိုင်းကာ ရိုက်ကူးသွားရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြားသွားခဲ့သည်။
တက်ရောက်လာသည့် အနုပညာရှင်များထဲမှ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရိုက်ကူးရန် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ရာ၌ မောင်မိုးသူ၊ ဇာဂနာ၊ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ဇင်ဝိုင်း၊ ၀ိုင်း၊ ကြည်ဖြူသျင်စသူ တို့ပါဝင်သည့် ကော်မတီတစ်ရပ်အား ဖွဲ့စည်းခဲ့ပြီး ကျန်အနုပညာရှင်များမှ ကျရာတာဝန်ကို အသီးသီးပါဝင်သွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။
''ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးနိုင်ဖို့ ယာယီကော်မတီတစ်ရပ် ဖွဲ့စည်းတာပါ။ လောလောဆယ်တော့ တိုင်ပင်ညှိနှိုင်းတဲ့ အဆင့်ပေါ့လေ။ တာဝန်အရမ်းကြီးပါတယ်။ လုပ်ရမယ့်အဆင့်တွေ အရမ်းများမှာဖြစ်တဲ့အပြင် နှစ်ရှည်လများ စိတ်ပါဝင်စားစွာ လုပ်ရမှာပါ။ ဒီနှစ်ရက်သုံးရက် အတွင်း ပထမအဆင့်မှာဘာလုပ်မယ်ဆိုတာ တိုင်ပင်ရမှာပါ။ သုတေသန အရင်လုပ်ရမယ်။ ပြီးရင် သရုပ်ဆောင်ရှာရမယ်။ ဇာတ်ညွှန်းကို ဘယ်လိုပုံစံ ရေးရမလဲဆိုတာ ချဉ်းကပ်ရမှာပါ။ အစ်ကို့ရဲ့စိတ်ကူးကတော့ နိုင်ငံတကာပညာရှင်တွေပါမှရမှာပါ။ ဇာတ်ညွှန်းပညာရှင်သုံးယောက် လောက် ပါဖို့လိုပါလိမ့်မယ်'' ဟု ဒါရိုက်တာဝိုင်းကရှင်းပြသွားခဲ့သည်။
ထို့အပြင် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ကလည်း ''အင်တာဗျူးတစ်ခုမှာ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရရင် ဘာကားရိုက်မ လဲဆိုတဲ့မေးခွန်းကို ဖြေခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိကို ရိုက်ချင်ပါတယ်လို့ ဖြေခဲ့ဖူးပါတယ်။ အခုကတော့ အရမ်းလုပ်ချင်တဲ့အရာတစ်ခုကို ရိုက်ခွင့်ရမယ်ပေါ့လေ။ သုံးနှစ်အချိန်ကာလအတွင်းမှာ နိုင်ငံတကာက အနုပညာရှင်တွေနဲ့ပါတိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကူးရမှာပါ'' ဟုပြောပြသွားခဲ့သည်။
လူငယ်သရုပ်ဆောင် နေတိုးကလည်း ''ကျွန်တော်တို့ ကျရာ အခန်းကဏ္ဍကနေ ပါဝင်သွားမှာပါ။ ဒီအတွက်ပဲ လာရောက်ခဲ့တာပါ။ ကျွန်တော်တို့ လေးစားအားကျရတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့အတ္ထုပ္ပတ္တိဖြစ်တဲ့အတွက် အင်မတန်အရေးကြီးတယ်လို့လည်း မြင်ပါတယ်'' ဟု ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားအား သုံးနှစ်အချိန်ယူရိုက်ကူးရန် စီစဉ်ထားပြီး ဗိုလ်ချုပ် နှစ်တစ်ရာပြည့်ဖြစ်သည့် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ပြသနိုင်ရန်စီစဉ်သွားမည်ဟု သိရသည်။
ယင်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာ၌ ပြည်တွင်းရှိ အနုပညာရှင်များသာမက နိုင်ငံတကာမှ ဒါရိုက်တာများ၊ ဇာတ်ညွှန်းပညာများနှင့် ပူးပေါင်းရိုက်ကူးနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။  ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်အ နုပညာရှင်များတွေ့ဆုံပွဲသို့ ရုပ်ရှင်အနုပညာရှင်များ အများအပြားတက်ရောက်ခဲ့သည်ဟု သိရှိရသည်။
Eleven Media Group
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်