လူထုခေါင်းဆောင်အမေစု နှင့် အနုပညာရှင် ၁၀၀ ကျော် (ရုပ်/သံ)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ရုပ်ရှင်အနုပညာရှင်များ ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေး ခဲ့ကြသည့် (ရုပ်/သံ)
Burma VJ Media Network
Myanmar News Now
လူထုခေါင်းဆောင်အမေစု နှင့် အနုပညာရှင် ၁၀၀ ကျော် (ဓါတ်ပုံ)
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိရိုက်ကူးရန် အတွက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ဒါရိုက်တာ မောင်မျိုးမင်း ၊ လူမင်း၊ ဦးမိုးသူ ၊ ကျော်သူ ၊ နေဆန်း ၊ ရန်အောင် ၊ရဲအောင် ၊ကိုလူမင်း ၊ ပြေတီဦး ၊ ရဲတိုက်၊ နေတိုး ၊ ဇေယျာသော် ၊ ကင်းကောင် ၊ အရိုင်း ၊ ကောင်းကျော်၊ မင်းမော်ကွန်း၊ နန္ဒ ၊ သီးလေးသီးမှ ညီအကိုမောင်နှမများ ၊ အိနြေ္ဒကျော်ဇင် ၊ ထွန်းအိနြေဗိုလ် ၊ ချိုပြုံး ၊ မြင့်မြင့်ခင် ၊ ခင်လေးနွယ် ၊ ဖွေးဖွေး ၊ သျှီ ၊ ပုလဲဝင်း ၊ သင်ဇာဝင့်ကျော် နှင့် အခြားသော အနုပညာရှင်များလည်း လာရောက် တွေ့ဆုံခဲ့သည့် ဓါတ်ပုံမှတ်တမ်း------
Myanmar News Now
ပါဖောမန့်အနုပညာပြပွဲ ((ရုပ်/သံ)
လူ့အဖွဲ့အစည်း လူ့ပတ်ဝန်းကျင်က ဖိအားတွေရဲ့အလွန်မှာ လူတယောက်ဟာ ဘယ်လောက်အထိ ခံနိုင်ရည်ရှိသလဲဆိုတဲ့ Beyond Pressure လို့ အမည်ပေးထားတဲ့ ပါဖောမန့်အနုပညာပြပွဲတခုကို ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ BAK စင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအနုပညာပြပွဲလေးကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ၄ ကြိမ်မြောက် ခင်းကျင်းပြသတာလဲ ဖြစ်ပါတယ်။
ဒီပြပွဲကို အာရှ၊ ဥရောပနဲ့ မြန်မာနိုင်ငံက ပါဖောမန့်အနုပညာရှင်တွေ ပူးပေါင်းပြီး တဦးနဲ့တဦး အတွေ့အကြုံတွေ အသိပညာတွေ ဖလှယ်တဲ့အနေနဲ့ အခုလိုမျိုးကျင်းပရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအနုပညာဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Burma VJ Media Network
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိရိုက်ကူးရန် ဒေါ်စု နေအိမ်မှာဆွေးနွေး
ဒီဇင်ဘာလ ၃ရက် နေ့လည် ၂နာရီခွဲဝန်းကျင်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်ပေါင်း ၁၀၀ ကျော်နှင့်တွေ့ဆုံပြီး  ဗိုလ်ချုပ်အောင်ဆန်းအသက် နှစ်တစ်ရာပြည့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိကို ဇာတ်လမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် တွေ့ဆုံ ဆွေးနွေးတိုင်ပင်ကြကြောင်းသိရှိရသည်။
“ကဲအားလုံးဘဲ ၀ိုင်းစဉ်းစားပေးကြပါ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ လူငယ်တွေလည်းထည့်ချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်မှ အနုပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များတွေ့ဆုံရခြင်းသည် ဗိုလ်ချုပ်အတ္တုပ္ပတ္တိကို ဇာတ်လမ်းရိုက်ကူးရန်ဖြစ်ကြောင်း ကိုဇာဂနာထံမှ သိရှိရသည်။
“လာမဲ့ ၂၀၁၅ ခုနှစ်မှာ ပြည့်မဲ့ ဗိုလ်ချုပ်အောင်ဆန်းအသက် နှစ်တရာပြည့် အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အတ္တုပတ္တိအကြောင်းကို ရိုက်မှာပါ အဲ့ဒါကြောင့် အနုပညာရှင်တွေနဲ့ တွေ့ဖြစ်တာပါ”ဟု ရုပ်ရှင် သရုပ်ဆောင်ကိုသူရ (ခေါ်) ဇာဂနာက ပြောသည်။
အဆိုပါရုပ်ရှင်အတွက် ဇာတ်လမ်း ဖြစ်မြောက်ရေးအတွက် ကိုဇာဂနာမှ တာဝန်ယူထားပြီး ဇာတ်လမ်းကော်မတီ ဖွဲ့ရာတွင်လည်း ၊ မောင်မျိုးမင်း ၊ အောင်လွင် ၊ ၀ိုင်း ၊ ဦးမိုးသူ နှင့် ဇင်ဝိုင်း ၊ ကိုလူမင်း နှင့် ကိုကျော်ဇောလင်းတို့ ပါဝင်ကြောင်း သိရှိရသည်။
“ကျွန်တော်ကိုယ်တိုင်ကလည်း ထောင်ထဲမရောက်ခင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္တုပတ္တိကို ရိုက်ချင်တဲ့ဆန္ဒ ရှိတယ် ကျွန်တော်ကိုယ်တိုင်ကလည်း ဇာတ်ညွှန်းရေးနေတာဆိုတော့ ပွဲဖြစ်မြောက်ရေးမှာလဲ ကျွန်တော်ပါဘဲ ဒီကော်မတီမှာ ဘကြီးမိုးတို့ ၊ ဦးအောင်လွင် ၊ ၀ိုင်း ၊  ၊ ဇင်ဝိုင်း ၊ ကိုလူမင်း ၊ ကိုကျော်ဇောလင်း နောက် မောင်မျိုးမင်းတို့ ပါတယ်” ဟု အဆိုပါပွဲဖြစ်မြောက်ရေး တာဝန်ယူထားသော ကိုသူရ (ခေါ်) ကိုဇာဂနာက ပြောသည်။
အဆိုပါ ဇာတ်လမ်းရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ဒါရိုက်တာ မောင်မျိုးမင်း ၊ လူမင်း၊ ဦးမိုးသူ ၊ ကျော်သူ ၊ နေဆန်း ၊ ရန်အောင် ၊ရဲအောင် ၊ကိုလူမင်း ၊ ပြေတီဦး ၊ ရဲတိုက်၊ နေတိုး ၊ ဇေယျာသော် ၊ ကင်းကောင် ၊ အရိုင်း ၊ ကောင်းကျော်၊ မင်းမော်ကွန်း၊ နန္ဒ ၊ သီးလေးသီးမှ ညီအကိုမောင်နှမများ ၊ အိနြေ္ဒကျော်ဇင် ၊ ထွန်းအိနြေဗိုလ် ၊ ချိုပြုံး ၊ မြင့်မြင့်ခင် ၊ ခင်လေးနွယ် ၊ ဖွေးဖွေး ၊ သျှီ ၊ ပုလဲဝင်း ၊ သင်ဇာဝင့်ကျော် နှင့် အခြားသော အနုပညာရှင်များလည်း လာရောက် တွေ့ဆုံခဲ့သည်။
ဝင့်သင်ဇာကျော် (မြစ်မခ) ဒီဇင်ဘာ ၃ ရက်၊ ရန်ကုန်မြို့။
ဒေါ်အောင်ဆန်းစုကြည် အနုပညာရှင် ၁၀၀ ကျော်နှင့် တွေ့ဆုံဆွေးနွေး
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း အနုပညာရှင် ၁၀၀ ခန့် ဒီဇင်ဘာ ၃ ရက်နေ့ (ယနေ့) ညနေ ၃ နာရီဝန်းကျင်က ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြစဉ်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း အနုပညာရှင် ၁၀၀ ခန့် ဒီဇင်ဘာ ၃ ရက်နေ့ (ယနေ့) ညနေ ၃ နာရီဝန်းကျင်က ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြစဉ်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိ ရုပ်ရှင်ကားကြီးတစ်ကားကို ရိုက်ကူးဖန်တီးနိုင်ရန် နိုင်ငံကျော် သရုပ်ဆောင်များ၊ ဒါရိုက်တာများအပါအ၀င် အနုပညာရှင် ၁၀၀ ကျော်နှင့်ယနေ့ ညနေ ၃ နာရီတွင် သူမ၏နေအိမ်တွင် တွေ့ဆုံဆွေးနွေး ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အထ္ထုပ္ပတိ ရိုက်ကူးရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁၈ နှစ်မှ ၃၂ နှစ်အတွင်း ဘ၀ဖြတ်သန်းမှုများနှင့် လွတ်လပ်ရေး အတွက်ကြိုးပမ်းမှုများကို ရိုက်ကူးစေလိုကြောင်း ပြောကြားခဲ့ကာ အနုပညာရှင်များကို ဗိုလ်ချုပ်နေရာတွင် မည်သူ့ကို သရုပ်ဆောင် စေလျှင်ကောင်းမည်လည်းဟု မေးမြန်းအကြံတောင်းခဲ့ကြောင်း သိရသည်။ မြန်မာပြည်လွတ်လပ်ရေးရသည့် အလံတင်အခမ်းအနားမြင်ကွင်းဖြင့် ရုပ်ရှင်ကို စတင်စေလိုကြောင်း လည်း ပြောကြားခဲ့သည်ဟု ဆွေးနွေးပွဲသို့ သွားရောက်ခဲ့သော ဒါရိုက်တာရီဇော်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင်ဇာတ်ကားကို ၂၀၁၅ ဖေဖော်ဝါရီအမီ ရုံတင်ပြသနိုင်လျှင် ကောင်းမည်ဟု ပြောကြားခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာကိုပါ ပြသရန် စိတ်ကူးရှိကြောင်း ပြောကြားခဲ့သည်။ ထိုဆွေးနွေးပွဲသို့ အနုပညာရှင်များထဲမှ နေတိုး၊ ပြေတီဦး၊ လူမင်း၊ ရဲတိုက်၊ ဒါရိုက်တာဝိုင်း၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဇင်ဝိုင်း၊လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ မိုးဟေကို စသည့်နာမည်ကျော်သရုပ်ဆောင်များလာရောက်ခဲ့ကြောင်းသိရသည်။
Myanmar News Now
ပြည်ပ စာပို့ခ နှုန်းထား ၁၅ ဆကျော် တိုးမြှင့်
ပြည်ပ စာပို့ခ နှုန်းထားများကို ၂၀၁၁၊ နိုဝင်ဘာ ၃၀ ရက်မှ စတင် ကာ မူလလက်ခံဆောင်ရွက်ပေး နေသော နှုန်းထားများထက် တစ်ဆယ့်ငါးဆ ကျော်အထိ တိုးမြှင့် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း မြန် မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ စာပို့ တိုက်လုပ်ငန်းမှ သတင်းရရှိသည်။ ယခင်က ပြည်ပသို့စာများ ပေးပို့ရာတွင် ရိုးရိုးစာတစ်စောင်လျှင် ၃၀ ကျပ်နှင့် မှတ်ပုံတင်ချောစာ (Register Letter) တစ်စောင်လျှင် ၈၀ ကျပ် သတ်မှတ် ထားသည်။
ယခုလကုန်ရက်မှ စတင်တိုး မြှင့်သတ်မှတ်တော့မည့် အဆိုပါ ပြည်ပစာပို့ခနှုန်းထားများမှာ ရိုးရိုး စာတစ်စောင်လျှင် ၃၀ ကျပ်မှ ၅၀ဝ ကျပ်နှင့် (Register Letter) တစ်စောင်လျှင် ၈၀ ကျပ်မှ ၁,၂၀ဝ ကျပ်အစ ရှိသည်တို့ဖြစ်သည်။
အဆိုပါစာပို့ခနှုန်းထားများ မှာ ၂၀ ဂရမ်အလေးချိန်ပေါ်တွင် အခြေခံပြီး ပေးဆောင်ရမည်ဖြစ် ပြီး ၂၀ ဂရမ်အထက်ကျော်လွန်ပါ က အခြေခံသတ်မှတ်နှုန်းထား များ အတိုင်း မြင့်တက်သွားမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာသို့စာ များပေးပို့ရာတွင် အပိုင်း သုံးပိုင်း ခွဲခြားထားပြီး အပိုင်းအလိုက် ပေး ဆောင်ရမည့် နှုန်းထားများလည်း ကွာခြားသွားမည်ဟုသိရသည်။ အပိုင်းသုံးပိုင်းမှာ ဇုန် (A)၊ ဇုန် (B)နှင့် ဇုန် (C)တို့ဖြစ်သည်။ ဇုန် (A) တွင် အမေရိက အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ်သည်။ ဇုန်(B)တွင် ဥရောပနိုင်ငံ များဖြစ်သည်။
ဇုန် (C) တွင် အာရှနှင့် ပစိ ဖိတ်ဒေသနိုင်ငံများဖြစ်ကြသည်။ ယခုကဲ့သို့ ပြည်ပစာပို့ခနှုန်း ထားများကို တိုးမြှင့်သတ်မှတ်ရ ခြင်းမှာ အစိုးရအနေဖြင့် နိုင်ငံတ ကာစာပို့လုပ်ငန်းတွင် ငွေကျပ် ပေါင်းများစွာ ဆုံးရှုံးနေ ခြင်းကြောင့် ဖြစ်ပြီး၊ ထိုကဲ့သို့ ပြောင်းလဲလိုက် သော်လည်း ယခုနှုန်းထားမှာ အခြားသော နိုင်ငံများ၏ ဝန်ဆောင်ခနှုန်း ထားများထက်ပင် နည်းပါးနေသေး ကြောင်းသိရသည်။ ပြည်တွင်းစာပို့တိုက် လုပ်ငန်းအနေဖြင့် တစ်နှစ်လျှင် ပြည်ပသို့ မှတ်ပုံတင်ချောစာအရေအတွက် နှစ်သိန်းဝန်းကျင်နှင့် ပုံနှိပ်ထားသော စာစောင်၊မဂ္ဂဇင်းအရေအတွက် ခုနစ်သောင်းကျော်ကို ပုံမှန်ပေးပို့ပေးနေရသည်။
နိုင်ငံတကာမှ မှတ်ပုံတင် ချောစာများမှာမူ တစ်နှစ်လျှင် အရေအတွက် သုံးသောင်းဝန်းကျင်နှင့် ပုံနှိပ်စာစောင်၊ မဂ္ဂဇင်းအရေအတွက် ခြောက်သောင်းကျော်ကို လက်ခံရရှိနေသည်ဟု ယင်းလုပ်ငန်း၏ မန်နေဂျာ ဦးတိုးနိုင်ဌေးက ပြောသည်။
ပြည်တွင်း စာပို့တိုက်လုပ် ငန်းအနေဖြင့် ယခုကဲ့သို့ပြည်ပစာ ပို့ခနှုန်းထားများကို တိုးမြှင့်ပြောင်း လဲလိုက်ပြီး နောက်ပိုင်းတွင် ပြည် တွင်းစာပို့ခများကိုလည်း ထပ်မံ ပြင်ဆင်သတ်မှတ်သွားရန်ဆောင် ရွက်နေကြောင်း သိရသည်။
 7 DAY NEWS Journal -
တံစိုးလက်ဆောင်
ယနေ့ကမ္ဘာကြီးရဲ့ တိုင်းနိုင်ငံအသီးသီးကို ဆန်းစစ်ကြည့်ရင် လာဘ်စားမှုကင်းတဲ့ အစိုးရဆိုတာ လက်ချိုးရေလို့ရပါတယ်။ တံစိုးလက်ဆောင်ကင်းတဲ့ နိုင်ငံတော့ မရှိဘူးပေါ့။ ဖွံ့ဖြိုးပြီးအဆင့်ရောက်နေတဲ့ တောင်ကိုရီးယား၊ တိုင်ဝမ် စတဲ့ နိုင်ငံတွေမှာဆို လာဘ်စားမှုတွေကြောင့် သမ္မတတွေ သတ်သေတာ၊ ထောင်ကျတာတွေအထိ ဟိုးလေးတကျော်ဖြစ်ခဲ့ကြပါတယ်။ လောဘကြီးလွန်း လို့လည်း ဖြစ်မှာပါလေ။ ဒီအဆင့်တွေက တံစိုးလက်ဆောင် လောက်နဲ့လည်း အဆင်ပြေနိုင်ပါရဲ့နော်။ ဖွံ့ဖြိုးမှုနည်းတဲ့ တိုင်းပြည် တွေမှာ အခြေခံလူတန်းစားရဲ့ဝင်ငွေဟာ သူ့တစ်ကိုယ်စာ သုံးစွဲနိုင်တဲ့ပမာဏလောက်ပဲ ရှိကြပါတယ်။ ၀င်ငွေနဲ့ သုံးစွဲငွေအချိုးလည်း မြင့်မားပါတယ်။
အရှေ့တောင်အာရှမှာ အဆင်ပြေတဲ့ အဆင့်ရောက်နေတဲ့ စင်ကာပူမှာ အနိမ့် ဆုံးအဆင့်လစာဟာ မြန်မာလုပ်သား တွေအတွက် အခြေအနေရ စင်ကာပူ ဒေါ်လာ ၄၀၀ နဲ့ ၇၀၀ အတွင်း ဖြစ်ပါတယ်။ နေ့စားလုပ်ခကတော့ ၂၅ ဒေါ်လာ ဖြစ်ပါတယ်။ သူတို့နိုင်ငံသား တွေရဲ့ လုပ်ခထက် သုံးပုံတစ်ပုံ နည်းပါ သေးတယ်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ ဖန်တီးထားတဲ့ အခြေအနေအရ တစ်နေ့ စင်ကာပူ ၁၀ ဒေါ်လာဆို လောက်တယ်။ ၀မ်း၀၀စားရတော့ သုံးပုံနှစ်ပုံလောက် ခေါင်းပုံဖြတ်ထားခဲ့ရသည့်တိုင် မြန်မာတွေ လုပ်ပျော်တယ်ပေါ့။
သူတို့နိုင်ငံသားတွေရဲ့ အနိမ့်ဆုံးက တော့ ၁,၅၀၀ နဲ့ ၂,၀၀၀ အတွင်း ဖြစ်ပါတယ်။ သူတို့ရဲ့ဝင်ငွေနဲ့ သုံးစွဲမှု (Consumption) အချိုးလေး ချကြည့်ရ အောင်ပါ။
စင်ကာပူနိုင်ငံသားတွေ မိသားစုဟာ သုံးယောက်ထက်မပိုတာ များပါတယ်။ စားစရိတ်က သုံးယောက် ဒေါ်လာ ၉၀၀ လောက်နဲ့ အထွေထွေ စရိတ်က ၃၀၀ လောက် ရှိမယ်။
ဒီတော့ မိသားစုတွေ လူတန်းစေ့ နေနိုင်ကြတယ်။
ဒါကြောင့် သူတို့ဟာ လာဘ်ပေးလာဘ် ယူမှု တိုက်ဖျက်တဲ့ စင်ကာပူနိုင်ငံရဲ့ လူနေမှုစနစ်အောက်မှာ အခက်အခဲမရှိ နေလို့ရပါတယ်။
Ratio Income to Consumption က မျှတတော့ လာဘ် ပေးလာဘ်ယူမှုကို အတတ်နိုင်ဆုံး လျော့ ကျစေခဲ့ပါတယ်။ လင်မယား နှစ်ယောက် စလုံး အလုပ်လုပ်ရင် အိမ်ဖော်ခ ၃၀၀။ စားစရိတ် ၁၅၀ ပိုကုန်မယ်။ အဆင်ပြေ တုန်းပါ။ ဒါက အနိမ့်ဆုံးအဆင့်ကိုသာ တွက်ပြတာပါ။ စင်ကာပူနိုင်ငံဟာ ဘာအရင်းအမြစ် မှ မရှိပါဘူး။ တစ်ကမ္ဘာလုံးက ပညာတတ် တွေနဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် တံခါးဖွင့်ထားတယ်။
သူ့နိုင်ငံက တက္ကသိုလ်တွေရဲ့ အရည်အသွေးကို မြင့်အောင် မြှင့်တင်တယ်။ နိုင်ငံရပ်ခြားက သူ့နိုင်ငံမှာလာသင်တဲ့ ပညာသင်တွေကို အရည်အချင်းအလိုက် ထောက်ပံ့ကြေး ပေးတယ်။
ပြီးရင် သူ့နိုင်ငံထူထောင် ရေးတွေမှာ ၀င်ရောက်လုပ်ကိုင်နိုင် အောင်၊ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးတယ်။ နိုင်ငံသားခံယူခွင့်အထိ အခွင့် အရေးပေးတယ်။ စင်ကာပူမှာ စင်ကာပူ နိုင်ငံသား မြန်မာတွေ အများကြီးရှိပါ တယ်။ စံနမူနာယူထိုက်တဲ့ နိုင်ငံ တစ်နိုင်ငံပါ။
ကဲ ကျွန်တော်တို့နိုင်ငံအလှည့်။
လက်ရှိအနိမ့်ဆုံးလစာက ကျပ် ၅၀,၀၀၀ မပြည့်ပါ၊ သာသာထိုးထိုး ၅၀,၀၀၀ လို့ ထားကြရအောင်။ ထမင်းက တစ်ခါပြင် ၅၀၀၊ ချက်စားရင် ဒါထက်ပိုကုန်ပါတယ်။ ကဲပါလေ အ၀စားလို့ ပြောကြည့်ပါ။ တစ်လ နပ် ၆၀။ သုံးသောင်းကုန်ပြီ။
လမ်းစရိတ်က တစ်နေ့ ၂၀၀ ထား (တကယ်တော့ မရပါ)။ အလုပ်ဆင်းရက် ၂၂ ရက်၊ ၄,၄၀၀။
ဆင်ခြေဖုံးဒေသ ရေဖိုး စည်တစ်ဝက် ၅၀၊ ရက် ၃၀ မှာ ၁,၅၀၀။
မီးမရှိ မီးပျက် ဖယောင်းတိုင်ဖိုး (မီတာခဆိုပါစို့) ၂,၀၀၀ (ဒါထက်များပါမယ်)။
သာရေးနာရေး အလုပ်အကိုင်သစ်ရရှိရေး၊ ဖုန်းဆက်ခ တစ်ခါဆက် ၅၀၊ တစ်လ ပျမ်းမျှ ၁,၀၀၀ (တစ်ရက် တစ်ခါဆက်၊ ရက် ၂၀ လောက်များ အာတွေ့တွေ့ပြောလိုက်မိရင် တစ်သောင်းပါ၊ ဒါကိုဖယ်ပါ)၊
မနက်မိုးလင်းစာ ချွေချွေတာတာ တစ်မနက် ၅၀ (စမူဆာ ဒါမှမဟုတ် ဘိန်းမုန့်နဲ့ရေ) တစ်လလုံး ၁,၅၀၀ ပေါင်းလိုက်ရင် ၄၀,၀၀၀ ကျော်ရှိပြီ။
ဒါတွေက အနိမ့်ဆုံး စရိတ် အဆင့်နဲ့ တွက်ထားတာပါ။ အဲ မေ့နေလို့ အ၀တ်အစားနဲ့ နေဖို့နေရာ အတွက် တန်ဖိုးထည့်ပေါင်းရရင် ဘယ်လိုစဉ်းစားကြံစည်ရမှာပါလဲ။
ဒါက တစ်ကိုယ်ရေ တစ်ကာယအတွက်ပါ။
မိသားစုရှိရင်တော့ ဘ၀ခရီးကြမ်းကို ရုန်းရပါပြီ။
မိဘကျေးဇူးဆပ်ဖို့ဆိုတာလည်း မမျှော်မှန်းနိုင်ပါ။
မြန်မာလုပ်သားတွေအတွက် လျှပ်စစ် မီတာခ၊ ရေခ၊ လမ်းစရိတ်၊ ဆေးဝါးကုသ စရိတ်တွေဟာ ရလာတဲ့လစာငွေနဲ့ စာရင် တန်ဖိုးကြီးလွန်းနေပါတယ်။
ဒီတော့ ခဏမှေးလုပ်ပြီး အခြေခံလေးရရင် နိုင်ငံခြားမှာ အလုပ်လုပ်တော့ မြန်မာ ပြည်ထဲမှာ ကျွမ်းကျင်လုပ်သားတွေ ပြတ်လပ်လာ ပါတယ်။
အသက်မွေးဝမ်းကျောင်းတက္ကသိုလ်က ကျောင်းဆင်းတွေကလည်း အထက်တန်းကျောင်း အဆင့်သာသာလောက်သာဖြစ်လို့ တိုင်းပြည်တည်ဆောက် ထူထောင်ရေးတွေမှာ ပညာသည်တွေအပိုင်း ခါးပြတ် ခဲ့ပါပြီ။
ပညာတတ်တွေဘက်က ကြည့်ရင် မြန်မာပြည်ထဲမှာ ကျပ်ကျပ်တည်း တည်းနေမယ့်အစား မျက်နှာငယ်ရင် ငယ်၊ နိုင်ငံခြားမှာပဲ အလုပ်သွားလုပ်မယ့် ဆိုတဲ့အတွေး ရှိလာကြပါတယ်။
လက်ရှိ အစိုးရ၀န်ထမ်းငယ်တွေအဖြစ် မတတ်သာလို့ လုပ်နေရသူတွေများဟာ ၀န်ထမ်းဆိုတဲ့ အကာအကွယ်နဲ့ ၀မ်းစာရေး လုံးပန်းနေရကြတာပါ။
ဒီအချိန်မှာ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးဆိုတာ အတော်ဖြေရှင်းရခက်နေမှာပါ။
မြန်မာနိုင်ငံရဲ့ အသားကျနေပြီဖြစ်တဲ့ လက်ဖက်ရည်ဖိုးဆိုတာလေး ချပေးလိုက်ရင် မလူးသာ မငြင်းသာတဲ့ ၀န်ထမ်းလေးတွေခင်ဗျာ ပေးတဲ့ငွေလေးကို သူ့ စားပွဲထဲ အံဆွဲထဲ အသာလေး လျှောသွင်းလိုက်ရုံကလွဲလို့ အခြား ဘာကိုမှ တွေး မကြောက်အားတော့ပါ။
ကိုယ့်ဝမ်းနာ ကိုယ်သာသိတယ်၊ အိမ်အပြန် ဆန်ဝယ်သွားရမယ်လေ။ ဆီဖိုး ဈေးဖိုးလေးလည်း လာပါစေဦးဗျာနဲ့ မျှော်သူမောပြီ ဆိုတဲ့ ဘ၀မျိုးက ဘယ်တော့လွတ်မှာပါလိမ့်လို့လည်း မတွေးသာသေးတဲ့ ၀န်ထမ်းငယ်တွေဘ၀ လက်ရှိဖြစ်နေစဉ်မှာ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးဆိုတာ နားထဲမှာ မကြားရဲပါ၊ သီချင်းစာသား လိုပါ။
လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ရည်မှန်းချက်ထက် ကောင်းတာက Clean Government ဆိုထားတဲ့ သန့် ရှင်းသော အစိုးရဖြစ် ရေးက အကောင်း ဆုံးဖြစ်ပါတယ်။
လုပ်လို့အဖြစ်နိုင်ဆုံးနဲ့ အလွယ်ဆုံးပါ။ Clean Government ဆိုတဲ့ သန့်ရှင်းသော အစိုးရကို ပြည်သူကလုပ်လို့မရပါ။
အစိုးရအဖွဲ့ကိုယ်တိုင် သမာဓိရှိရှိ သိက္ခာရှိရှိ၊ အရှက်အကြောက်တရား သိသိနဲ့ လူသားဆန်စွာ အကောင် အထည်ဖော်မှ ရတာပါ။
လူသားချင်း စာနာထောက်ထား ညှာတာမှုလည်း လိုပါသေးတယ်။
မိမိအစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းထဲက လူတွေပဲ အစိုးရနဲ့ ပတ်သက်တဲ့ အသီးအပွင့်တွေ ခံစားနေကြတယ်ဆိုရင် ဒါဟာ Clean Government မဖြစ်နိုင်သေးလို့ပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့သူတစ်ယောက်က ပြောခဲ့ဖူးတယ်။ ရန်ကုန်ကနေ ဘန်ကောက် ရောက်တော့ ရန်ကုန်ကို အမှိုက်ပုံလို့ မြင်တယ်။
စင်ကာပူနဲ့ ဥရောပနိုင်ငံတွေ ရောက်တော့ ဘန်ကောက်ကို အမှိုက်ပုံလို့ မြင်တယ်။
ဂျပန်နိုင်ငံကိုရောက်တော့ စင်ကာပူကို အမှိုက်ပုံလို့ မြင်ပြန်ရောတဲ့။
နောက်ဆက်ပြောတာက ဒီနေ့အထိ ရန်ကုန်မြို့တော်ဟာ အဲဒီအမွေအနှစ်ကို ထိန်းသိမ်းနိုင်ဆဲပါတဲ့ ခင်ဗျာ။
ကျွန်တော်တို့တိုင်းပြည်ဟာ နှစ် ၅၀ လောက်မှာ အုပ်စိုးမှုစနစ်ကို အားပြုခဲ့တော့ အရှေ့တောင်အာရှနိုင်ငံတွေ အတွင်းမှာတင် ဖွံ့ဖြိုးမှု တွေ နောက်ကျခဲ့ပြီး အာဆီယံအဖွဲ့ဥက္ကဋ္ဌရာထူးနဲ့တောင် မတန်သလိုပြောခံနေရတာတော့ ရင်နာစရာကောင်းလှပါတယ်။
ဘာလို့ မရထိုက်ရမှာလဲ၊ အဖွဲ့နိုင်ငံ အချင်းချင်း အဆင့်လျှော့ချထားသလို ဖြစ်နေတာပေါ့။
ကျွန်တော်တို့အစိုးရကလည်း နိုင်ငံတကာကျင့်သုံးတဲ့ မူဝါဒတွေကို နားလည်ရပါမယ်။
ကိုယ့်မူဟာ အများ နားမလည်နိုင်တာမျိုးဖြစ်နေရင် ဒါဟာ တစ်ယူသန်ဝါဒဆန်နေပါလိမ့်မယ်။
လက်ရှိအခြေအနေမှာ Clean Government ဖြစ်အောင် တည်ဆောက် ရင်း မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့ ပညာတတ်တွေ၊ မြန်မာပြည် လာလုပ်နိုင်တဲ့ စက်မှုလုပ်ငန်းတွေ ပေါ်ထွက်လာရေးအတွက် နည်းပညာ မြင့်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖြစ် ပေါ်ရေး ရည်မှန်းချက်ကို အရေးတကြီး ချမှတ်သင့်ပါပြီ။
အဲဒီအတွက်လည်း ထိုက်သင့်တဲ့ မက်လုံးတွေနဲ့ အခွန်အတုတ် သက်သာခွင့်တွေ ဖော်ဆောင်ပေးရပါမယ်။
ပြည်တွင်းအားနဲ့ ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ကျွန်တော်တို့ရဲ့ လူအရင်းအမြစ်နဲ့ နည်းပညာတွေ နောက်ကျကျန်ခဲ့တဲ့ အရှိတရားကို နားလည်လက်ခံကြရ ပါမယ်။
ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတောင် သူ့စနစ်ရဲ့ ရန်သူလို သဘောထားတဲ့ အရင်းရှင်တွေ သူ့နိုင်ငံထဲလာပြီး ရင်းနှီးမြှုပ်နှံအောင် ကြံဆောင်နိုင်သေးတာ၊ ကျွန်တော်တို့လည်း လုပ်နိုင်ရမှာပေါ့။
Clean Government လည်းဖြစ်၊ ကမ္ဘာမှာ ပြန့်နေတဲ့ ပညာတတ်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေ မြန်မာပြည် ပြန်လာ အလုပ်လုပ် နိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာရင် အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ လျော့ပါးလာပါလိမ့်မယ်။
 မြင့်သန်းကျော်
ဦးသန့်အထိမ်းအမှတ်ကြေးရုပ်နဲ့စာကြည့်တိုက် ဇာတိပန်းတနော်မြို့တွင် ထားရှိမည်
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်စဉ်က ဦးသန့်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ကုလသမဂ္ဂပြန်ကြားရေးဌာန
ပန်းတနော်မြို့ဟာ တတိယမြောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်နဲ့ မြန်မာပန်းချီလောကမှာ ဒီနေ့ရေပန်း စားနေတဲ့ ဥရောပပန်းချီ နည်းပညာကို စတင်အုတ်မြစ်ချခဲ့သူ ပန်းချီဖခင်ကြီး ဦးဘဉာဏ်တို့နှစ်ဦးကို မွေးဖွားခဲ့တဲ့ဇာတိဖြစ်လို့ နာမည်ကျော်ပါတယ်။
ဒါပေမယ့် ဧရာဝတီတိုင်းဒေသကြီးမှာ တည်ရှိတဲ့ အဲဒီပန်းတနော်မြို့ လေးမှာ နိုင်ငံ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးနှစ်ဦးရဲ့ အထိမ်းအမှတ်တွေ မရှိတာကြောင့် ပန်းတနော်အသင်းက အသင်းသူ၊ အသင်းသားတွေနဲ့ မြို့ခံတွေရဲ့အလှူငွေ တွေစုပေါင်းပြီး ဦးသန့်အထိမ်းအမှတ် အဖြစ် ကိုယ်တစ်ပိုင်းပုံကြေးရုပ်နဲ့ စာကြည့်တိုက်ကို ပန်းတနော်မြို့အ၀င် (ရန်ကုန်-ပုသိမ်ကားလမ်းဘေး) မြို့ ကွက်သစ်(၁)မှာ ဆောက်လုပ် ကြမှာဖြစ်ပါတယ်။
ဦးသန့်ကြေးရုပ်အပြီး ပန်းချီ ဆရာကြီးဦးဘဉာဏ်ရဲ့ ကြေးရုပ် ကိုလည်း ဆက်လက်ထုလုပ်သွားမယ်လို့ သိရပါတယ်။
"မလေးရှားနိုင်ငံမှာ ဦးသန့်လမ်းရှိသလို အမေရိကန်နိုင်ငံ၊နယူးယော့ခ် မြို့ အရှေ့မြစ်မှာ ဦးသန့်ကျွန်း ရှိပါတယ်။ ပန်းတနော် မှာကျတော့ ဦးသန့်နဲ့ ပတ်သက်လို့ ဘာအထိမ်းအမှတ်မှ မရှိခဲ့တာကြောင့်"လို့ ဦးသန့်ပန်းပုအတွက် ပုံကြမ်းရေးဆွဲနေတဲ့ ပန်းတနော်ဇာတိသား ပန်းချီသိန်းရွှေကြည်က ပြောပါတယ်။
ရွှံ့နဲ့ပုံကြမ်းပြုလုပ်ပြီး အပေါ်က ကြေး လောင်းမယ့် ဦးသန့်ရုပ်တုကို ပန်းပုဆရာ ဦးတင်ဝင်းက ထုလုပ်သွားမှာဖြစ်ပြီး တစ်မီတာခန့် အမြင့်ရှိမှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြီးစီးဖို့ ခန့်မှန်းထားပြီး ဦးသန့် စာကြည့်တိုက်ရှေ့မှာ ထားရှိမှာဖြစ်ပါတယ်။ ဦးသန့်ရဲ့ သမီး ဖြစ်သူ ဒေါ်အေး အေးသန့်ကလည်း စာအုပ် ၂၀၀ ကို လှူဒါန်းထားတယ်လို့ ပန်းတနော်သား ဖြစ်သလို ပန်းတနော်အသင်းမှ အမှု ဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းမောင်က ပြောပါတယ်။
"ဦးသန့်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့ပြဿနာတွေကို ကိုင်တွယ်နိုင်ရုံသာမကဘူး၊ သူ့မှာလည်း ကျွန်တော်တို့ အလွန် လေးစားရတဲ့ လျှပ်တစ်ပြက်ဖြတ်ထိုး ဉာဏ်မျိုး ရှိပါတယ်။ သူ့ရဲ့ "View from the UN The Memoirs of
U Thant"
စာအုပ်ကိုဖတ်ပြီး ဆရာကြီးရဲ့ ဖြတ်ထိုးဉာဏ်ကောင်းပုံကို တွေ့ရပါတယ်။ "အဲဒီစာအုပ်ထဲမှာ ဦးသန့်ရေးထားတာ 'ပြင်သစ်သံတမန်တစ်ဦးက ကျွန်တော့ကို အရပ်လည်းပုပြီး ပြင်သစ် ဘာသာစကားလည်း မပြောတတ်ဘူး ဆိုပြီး သတင်းထောက် တစ်ယောက်နဲ့ ပြောခိုင်းလိုက်တယ်။
အဲဒီသတင်းထောက်က ပြင်သစ်သံတမန်ပြောလိုက်တဲ့ မှတ်ချက်ကို ထင်မြင်သုံးသပ်ချက်ပေးဖို့ ကျွန်တော့ဆီလာတယ်။ စစ်ဘုရင် နပိုလီယံထက် ကျွန်တော်က အရပ် ပိုရှည်ပြီး နပိုလီယံက အင်္ဂလိပ်စကား မတတ်ဘူးလို့ ပြန်ပြောလိုက်တယ်' လို့ ဦးသန့်ရဲ့ စာအုပ် ထဲက စာပိုဒ်လေးကို ဖတ်ကြည့်ပြီး သူ့ရဲ့ ဖြတ်ထိုးဉာဏ်ရှိပုံကို ကျွန်တော်လေးစားမိတယ်"လို့ ဦးဝင်းမောင်က ဆိုပါတယ်။
အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်းကလည်း ဦးသန့်နဲ့ပတ်သက်ပြီး "ဦးသန့်က View from the Bridge ကို ရေးသားခဲ့တဲ့ စာရေးဆရာ Arthur Miller ကို သိပ်သဘောကျတယ်။ ဒါကြောင့် သူ့ရဲ့ဘ၀အမှတ်တရများ စာအုပ်ရေးတဲ့အခါမှာလည်း စာအုပ်ရဲ့ အမည်ကို View from the UN လို့ အမည်ပေးခဲ့တယ်။ နောက် သူ့ရဲ့ဒုတိယ စာအုပ်ကို ဆက်ရေးသားခဲ့တယ်။ အဲဒီ မှာ သူဆုံခဲ့တဲ့ ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ် ကြီးတွေရဲ့ အကြောင်းကို ရေးသားခဲ့ပေ မယ့် ကျန်းမာရေးအခြေအနေကြောင့် စာအုပ်ကို ပြီးဆုံးအောင် မရေးနိုင်ခဲ့ဘူး။ သူ့ရဲ့စာအုပ်သာ ပြီးဆုံးခဲ့မယ်ဆိုရင် ဒီစာအုပ်က ပိုပြီးစိတ်ဝင်စားဖို့ ကောင်း လိမ့်မယ်"လို့ ဆိုပါတယ်။
ဦးသန့်ကိုယ်တစ်ပိုင်းပုံ ကြေးရုပ်တု လုပ်ဖို့ ပြင်ဆင်နေတဲ့ ပန်းပုဆရာ ဦးတင်ဝင်းကလည်း "ကျွန်တော် ဦးသန့် စာအုပ်တွေ အများကြီး ဖတ်နေပါတယ်။ သူ့ရဲ့အကြောင်း၊ လုပ်ဆောင်ချက်တွေ၊ သူ့သမိုင်းကြောင်းတွေကို လေ့လာထားတော့ သူ့ရဲ့ပန်းပုကို ထုတဲ့အခါ ပိုပြီး အာရုံရပါတယ်။ ကျွန်တော့အနေနဲ့ အောင်အောင်မြင်မြင်နဲ့ သူနဲ့တူအောင် ထုနိုင်မယ်လို့ ထင်ပါတယ်"လို့ ပြောပါတယ်။
ဇွန်ပန်းပွင့် 
ချင်းတွင်းအလှ ရှာပုံတော်
ချင်းတွင်းစာပေခရီးစဉ်အတွက် မုံရွာမြို့မှ စတင်ထွက်ခွာသွား သော ချယ်ရီအောင်သင်္ဘောကို ယခုလ ၂၆ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
သင်္ဘောပေါ်ကို ကျွန်တော်တို့ရောက်တော့ ချင်းတွင်းမြစ်ဟာ အပျိုမလေး မခို့ တရို့နဲ့ အိုက်တင်ပေးသလို ငြိမ့်ငြိမ့်ကလေး ငြိမ်နေရဲ့ကိုယ့်လူရေ။ သူဒီလိုငြိမ်နေပေမယ့်..ရင်ထဲမှာတော့ ဒိန်းတပ်တပ်ဖြစ်နေမလားပဲ။ ဟိုစာရေးဆရာကြီး၊ အိတ်ဟဲဗီးကြီးနဲ့ ဖြည်းဖြည်းတက်ပါနော။ နာမည်ကျော် ဓာတ်ပုံဆရာကြီးကတော့ သင်္ဘောပေါ်ကို မတက်ရသေးဘူး၊ မြစ်ဆန်ကိုလှမ်း မျှော်ကြည့်နေပြီ။
အတွေးထဲမှာ ချင်းတွင်းမြစ်ကို ဓာတ်ပုံတွေကြိုရိုက်နေပြီထင်ပါတယ်။
သူတို့တင် ဘယ်ကမလဲ၊ စာရေးဆရာ၊ ပန်းချီပညာရှင်၊ ဓာတ်ပုံပညာရှင်၊ ဂီတ ပညာရှင်၊ ရုပ်သံလွှင့်အဖွဲ့တွေနဲ့ မီဒီယာ သမားအယောက် ၆၀ ဟာ ကိုယ်စီသယ် လာတဲ့အိတ်တွေ၊ အသုံးအဆောင်တွေကို သင်္ဘောပေါ် တင်သူတင်၊ စကားပြော သူပြော၊ လူစုံမစုံ စစ်သူစစ်နဲ့ ချင်းတွင်းမြစ် ကို ဖွဲ့နွဲ့မှတ်တမ်း တင်ကြဖို့ စပြင်ဆင်နေ ကြပြီ။
ဒီတော့ ချင်းတွင်းမလေးရဲ့ ရင်ထဲ မှာ ဒိန်းတပ်တပ်မဖြစ် ခံနိုင်ရိုးလား။
"..အရင်က ဧရာဝတီစာပေခရီးကို သွားခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာ ဧရာဝတီမြစ်ရဲ့ ထင်ရှားတဲ့လက်ရုံးမြစ်ကိုလည်း ခရီးသွား မယ်လို့စိတ်ကူးခဲ့တယ်။ ဒီလိုသွားဖို့ကလည်း ငွေကုန်ခံနိုင်ဖို့၊ ပြီးတော့ အတွေ့အကြုံရှိဖို့ကလည်း လိုသေးတယ်"လို့ ချင်းတွင်း စာပေခရီး ၂၀၁၁ ရဲ့အဖွဲ့ခေါင်းဆောင် စာရေးဆရာ ချစ်စံဝင်းက နိုဝင်ဘာလ ၂၆ ရက်နေ့ မုံရွာ ဆိပ်ကမ်းကနေ မခွာခင်မှာ ပြောပါ တယ်။
တကယ်တော့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ ဆိုအပ်တဲ့ ဧရာဝတီမြစ်ရဲ့ လက်ရုံး၊ ချင်းတွင်းမြစ်ရဲ့ဝဲယာနေ ပြည်သူတို့ရဲ့ ဘ၀ဟာ စိတ်ဝင်စားစရာ ကောင်းပြီး လေ့လာစရာ၊ မှတ်သားစရာ၊ သုတေသန ပြုဖွယ်ရာတွေအပြင် လျှို့ဝှက်ဆန်းကြယ်မှုတွေ များတယ်။ ချင်းတွင်းမြစ်ဝှမ်းနေ ပြည်သူတို့ဘ၀ လေ့လာရေးခရီးဟာ လေ့လာမှုပြုသင့်တဲ့၊ ရှေးကလည်း ဆောင်ရွက်ခဲ့ဖူးခြင်း မရှိသေးတဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်တဲ့။
လိုအပ်တဲ့ ငွေကြေးကိစ္စနဲ့ အတွေ့ အကြုံလိုအပ်ချက် စတဲ့အခက် အခဲတွေကို ကျော်လွှားပြီး ချင်းတွင်းခရီး ဖြစ်လာဖို့ အကြောင်းဖန် လာပါတယ် ကိုယ့်လူရေ။ ကနီမြို့နယ် ချိုင်နဲ့ သရက်ပင်က ချင်းတွင်းကိုမြတ်နိုးကြတဲ့ လူငယ် တွေဖြစ်တဲ့ ဦးသန်းဇော်ထွန်းနဲ့ ဦးမင်း မင်းဦးတို့က ချင်းတွင်းခရီးမှာ ကုန်ကျ စရိတ် ကျခံစီစဉ်ပေးလာကြတာပါ။
"ရန်ကုန်မှာ ကြီးပွားနေကြတဲ့ ဒီလူငယ်တွေက သိန်း ၁၀၀ အကုန်ခံနိုင်တယ်လို့ ကမ်းလှမ်းပါတယ်။ ဒီခရီးကို စာရေးဆရာ၊ သတင်းစာ ဆရာ၊ ပန်းချီ၊ ဓာတ်ပုံ စတဲ့ အနုပညာရှင်၊ မီဒီယာသမား ဦးရေ ၁၀၀ လောက်က လိုက်ပါချင်တယ် လို့ ဆန္ဒပြုခဲ့ပါတယ်။ အစက ၃၅ ယောက် လိုက်ပါဖို့စီစဉ်ခဲ့ပေမယ့် အခု အယောက် ၆၀ ဖြစ်သွားပါတယ်။ ချင်းတွင်းမြစ်ရဲ့ အရေးပါမှု၊ လျှို့ဝှက် ဆန်းကြယ်မှုတွေကို လေ့လာပြီး စာအုပ်စာတမ်း၊ ဂျာနယ်တွေ ထုတ်ဝေအသိပေးသွားမယ်။ ဒါတွေကို ပြည်သူတွေ သိစေချင်ပါတယ်။ ပြည်သူ တွေနဲ့ ချင်းတွင်းမြစ်ကို ရင်းနှီးစေချင် ပါတယ်"လို့ စာရေး ဆရာချစ်စံဝင်းက ဆက်လက်ရှင်းလင်းပြောပြပါရဲ့။
ဒါဆို ချင်းတွင်းမြစ်ဟာ ဘယ်လိုလှပြီး ဘယ်လိုဆန်းကြယ်တတ်သလဲ။ ဆရာ ခင်စန်းအောင်(ဘာသာပြန်)ရဲ့ 'ချင်း တွင်းမြစ် အကြောင်း' မှာ.. "ဧရာဝတီမြစ်အထက်ပိုင်းတွင် အချို့ သော အစိတ်အပိုင်းများတွင်သာ ရှုခင်း အလှအပတို့ရှိ၍ ဆွဲဆောင်နိုင်သော် လည်း ချင်းတွင်းမြစ်မူကား ပေ ၃, ၀၀၀ မှ ၄,၀၀၀ အထိမြင့်မားသော ဧရာမ လွှသွားပမာ တောင်ကြောတောင်ကြား ကြီးများကြောင့် မြစ်ကြောတစ်လျှောက် လုံး လှပနေသော မြစ်ဖြစ်သည်။
ချင်း တွင်းမြစ်အတွင်း ခရီးသွားရာတွင် မြစ်ကြောတစ်လျှောက်လုံး အံ့မခန်းဖွယ် ဆန်းကြယ်သောရှုခင်းများ ဆက်ခါစပ်ခါ တစ်ဆက် တစ်စပ်တည်းရှိသောကြောင့် အံ့ဩဖွယ်ရာ မြစ်ခရီးလမ်းကြောင်းဖြစ် သည်...။
မြစ်ဖျားတွင် ရေတို့ ဖော်ပြပါ အတိုင်းစုပုံလာပြီး ဟူးကောင်းတောင် ကြားကို ဖြတ်သန်းပြီး တောင်ဘက် ကလေးဝမြို့ဆီသို့ အလုံး အရင်းဖြင့် စီးဆင်းသည်။
ထိုလမ်းကြောင်းတွင် ချင်းတွင်းမြစ်သည် ရေမျက်နှာပြင်မြင့်တက်သည့် ရာသီများတွင် ကြောက်မက်ဖွယ်ရာ ၀ဲဂယက်များရှိသည့် လှပဆန်းကြယ် လွန်းသော လျှိုစောက်ချောက်အနက်များဖြင့် အံ့ဖွယ်ဆန်းဘွယ်မြစ်ဖြစ်သည်" လို့ ရေးထားတာ တွေ့ရပါရဲ့။
ဟူးကောင်းချိုင့်ဝှမ်း အရှေ့ဘက်က တောင်တန်းတွေကနေ မြစ်ဖျားခံပြီး ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်သန်း စီးဆင်းလာတဲ့ ချင်းတွင်း မြစ်ဟာ စစ်ကိုင်းမြို့ အောက်ပိုင်း မိုင် ၆၀ ခန့်အကွာ၊ အပူ ပိုင်း ရပ်ဝန်းဒေသရဲ့ အလယ်ဗဟို လောက်မှာ ဧရာဝတီမြစ်နဲ့ ပေါင်းဆုံပါ တယ်ကိုယ့်လူရေ။ မြစ်အစက အဆုံးတိုင် ၆၉၁ မိုင် ရှည်လျားပြီး ထင်ရှားတဲ့ ဆိပ်ကမ်းမြို့တွေအဖြစ် ရေစကြို၊ မုံရွာ၊ အလုံ၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မစိန်၊ မော်လိုက်၊ ကင်းတပ်၊ ပန်းသာ၊ ဖောင်းပြင်၊ သောင်သွပ်၊ ဟုမ္မလင်း၊ ထမန်သီနဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသဖြစ်တဲ့ ခန္တီးတို့ ရှိနေ ကြပါတယ်။
အခု ချင်းတွင်းမြစ်ကို အဆန်၊ အစုန် သွားကြတဲ့ခရီးမှာ မြစ်ကြောင်း ၀ဲ၊ ယာက မြို့ကြီးတွေက စာပေမြတ်နိုးသူတွေက စာပေ ဟောပြောပွဲ၊ ဆွေးနွေးပွဲလုပ်ဖို့ စိတ်ဆန္ဒရှိလို့ဖိတ်ကြားလာရင် လိုက်ပါ လာသူတွေက အလှည့်ကျဟောပြော ပေးသွားကြမှာပါ။
ဒီအတွက် ချင်းတွင်း ရေကြောင်းတစ်လျှောက် ကျွမ်းကျင်တဲ့၊ အတွေ့အကြုံကြွယ်ဝတဲ့ ဒေသခံအဖွဲ့ တစ်ဖွဲ့က 'ရှေ့ပြေး' အဖြစ် ပါဝင်ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ကစပြီး ရန်ကုန် က အဖွဲ့လိုက်စထွက်ခဲ့ပြီး ရန်ကုန်ကို ပြန်ရောက်မယ့် ဒီဇင်ဘာ ၉ ရက်နေ့ အထိ တွက်ရင် ခရီးစဉ်ကြာမယ့် ရက်ပေါင်းက ၁၅ ရက်တိတိ။
ချင်းတွင်းရွှေပြည်ဂျာနယ်က အယ်ဒီတာချုပ် နေမင်းသန်းက မုံရွာကမ်းက ခွာတော့မယ့် 'ချယ်ရီအောင်' သင်္ဘော ကိုကြည့်ရင်း "ဒီလိုအခွင့်အရေးမျိုးက နောက်ထပ်ရဖို့မလွယ်ပါဘူး...။ ဒီခရီးစဉ်က အောင်မြင်မှာပါ။ ခရီးစဉ်က အပြန်မှာ ထွက်ပေါ်လာမယ့် ချင်းတွင်း မြစ်အတွက် ဖန်တီးမှုတွေကိုလည်း မျှော်လင့်နေပါတယ်"တဲ့။
ဒါဟာ မြန်မာပြည်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝအရင်း အမြစ်တွေကို မြတ်နိုးသူတိုင်းရဲ့ ယုံကြည်မျှော်လင့်ချက်ပဲဆိုတာ ငြင်းစရာ လိုမယ်မထင်ပါဘူး ကိုယ့်လူရာ။
 လန်းစေသော်
လူမှုရေးလုပ်ငန်းတွေကို ဒေါ်လာ ၁.၂ သန်း ကူညီမယ်
မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲမှု တချို့ လုပ်လာတာကို အားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံအနှံ့ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ ၁.၂ သန်း ကူညီပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားပါတယ်။
နိုင်ငံအနှံ့ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေဒေသမှာ အသေးစား ငွေချေးလုပ်ငန်းတွေ၊ အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ကျန်းမာရေး စောင့်ရှောက်မှုတွေ အတွက် လူမှု အဖွဲ့အစည်းတွေကို အကူအညီတွေ ပေးသွားချင်ကြောင်း၊ ဒါ့အပြင် အာဆီယံတို့ East-West ဌာနတို့နဲ့ ပူးပေါင်းပြီး အင်္ဂလိပ်စာ သင်ကြားသူတွေ အချင်းချင်း အတွေ့အကြုံ ဖလှယ်မှု လုပ်ငန်းတွေလည်း မြန်မာနိုင်ငံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်း စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့သူတွေ၊ အထူးသဖြင့် မြေမြှုပ်မိုင်းဒဏ် ခံရတဲ့သူတွေ အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း အကူအညီပေးမှာ ဖြစ်ပြီး အမေရိကန် တက္ကသိုလ်နဲ့ အဖွဲ့အစည်းတွေ ကိုလည်း ကျန်းမာရေးနဲ့ တခြား ဘာသာရပ်တွေမှာ မြန်မာနိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တွန်းအားပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့တင်ပြချက်နဲ့ အခက်အခဲတွေကို နားထောင်ခဲ့တယ်လို့လည်း သိရပါတယ်။
 RFA
ကပ္ပလီပင်လယ်တောင်ပိုင်းမှာ လေဖိအားနည်းဆဲလ် 90B စတင်ဖြစ်ပေါ်လျှက်ရှိ
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ မနေ့က (ဒီဇင်ဘာလ ၂ ရက်) စတင်ဖြစ်ပေါ်လာတဲ့ လေဖိအားနည်းဆဲကို စောင့်ကြည့်လျှက်ရှိပါတယ်။
03DEC update : မနေ့က စပြီး ဖြစ်လာတဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက လေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်ကို ရွေ့လျားပြီး ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းကိုရောက်လာပါတယ်။
ဒီနေ့ဒီဇင်ဘာလ ၃ ရက် မြန်မာစံတော်ချိန် မနက် ၀၀၃၀ နာရီမှာ ရတဲ့ NRL data တွေအရ လေဖိအားနည်းဆဲလ် 90B ဟာ ပို့ဘလဲယားမြို့တောင်ဘက် မိုင် ၈၀ ခန့်၊ ကော့သောင်းမြို့အနောက်ဘက် မိုင် ၃၈၀ ခန့်၊ ထားဝယ်မြို့အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်၊ ကပ္ပလီပင်လယ်တောင်ပိုင်းမှာ ဆက်လက်တည်ရှိနေပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်း အရှေ့ဘက်ကို တစ်နာရီ ၁ မိုင်နှုန်းခန့်နဲ့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ကြောင်းသိရပါတယ်။
တိမ်တိုက်ဖြစ်ပေါ်နေတဲ့ အခြေအနေက ကော့သောင်းမြို့နဲ့ ပိုပြီး နီးနေကြောင်း ပုံမှာ တွေ့နိုင်ပါတယ်။ ကျနော်တို့ ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမယ်။ 90B – 02 Dec 2011 1800Z, Location: 10.5 93.0, Winds: 15 knots, Central Pressure: 1010 hPa.
လေဖိအားနည်းဆဲလ် 90B ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင်ဖြစ်ပေါ်နေမှု အခြေအနေ(အောက်ပုံ) နှင့် တိမ်တိုက်များ/တိမ်ထိပ် အပူချိန်များ ပြပုံ(အပေါ်)
By mmweather.ygn
Myanmar News Now
မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား ဒီဇင်ဘာ ၅ တွင် ပြန်ဖွင့်မည်
လွန်ခဲ့သော တစ်နှစ်ကျော်ကပင် ပိတ်ထားခဲ့သည့် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားကို ဒီဇင်ဘာ ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု နယ်စပ်ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချယ်ရီမောင်က 7Day News သို့ပြောကြားသည်။
မြန်မာနိုင်ငံဘက်မှ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံဘက်မှ မဲဆောက်မြို့တို့ကို ဆက်သွယ်ပေးထားသော မြ၀တီချစ်ကြည်ရေးတံတားအား၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်က စတင်၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။ တံတားပိတ်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများမှာလည်း ထိုအချိန်ကတည်းကပင် ရပ်နားထားခဲ့ရသည်။
မြန်မာနိုင်ငံသို့ ယခုနှစ် အောက်တိုဘာ ပထမပတ်က လာရောက်ခဲ့သော ထိုင်းဝန်ကြီးချုပ် မစ္စယင်းလပ်ရှင်နာဝပ်က သူ့ခရီးစဉ်အတွင်း ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ပေးရန် မြန်မာနိုင်ငံအစိုးရထံ မေတ္တာရပ်ခံခဲ့သည်။
တံတားကို မြန်မာနိုင်ငံဘက်မှ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်၏ မေတ္တာရပ်ခံမှုကို တုံ့ပြန်ရာတွင် မြန်မာအစိုးရက အဆိုပါတံတားအောက်ခြေပြင်ဆင်မှုလုပ်ငန်းများကို ဦးစွာဆောင်ရွက်မည်ဖြစ်ပြီး ပြင်ဆင်မှုပြုလုပ်ပြီးပါက တံတားပြန်လည်ဖွင့်လှစ်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါတံတားကို ၁၉၉၇ ခုနှစ်တွင် သောင်ရင်းမြစ်ကိုဖြတ်ကျော်၍ မြ၀တီနှင့် မဲဆောက်မြို့တို့အား ဆက်သွယ်ဖောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။
by 7Day News Journal 
Myanmar News Now
ဟီလာရီကလင်တန်၏ သမိုင်းဝင် မြန်မာပြည်ခရီးစဉ်
ပထမနေ့
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီ ကလင်တန်သည် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာကာ့တ်ကမ်းဘဲလ်၊ ဒီမို ကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုက်ကယ် ပိုစနာ၊ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာဒဲရစ်မစ်ချယ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ(၃၀)ရက်နေ့ညနေ ၄နာရီခွဲတွင် အထူးလေယာဉ်ဖြင့်   နေပြည်တော်သို့ ရောက်ရှိကြသည်။ ဧည့်သည်တော် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်နှင့် အဖွဲ့ဝင်များအား နိုင်ငံခြားရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်နှင့် တာဝန်ရှိသူများ၊ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ မစ္စတာ မိုက်ကယ် အီးသာစတန်နှင့် သံရုံးမှ တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။ နေပြည်တော် သင်္ဂဟ ဟိုတယ်တွင်ညအိပ်တည်းခိုခဲ့သည်။
ဒုတိယနေ့
ဒီဇင်ဘာ(၁)ရက်နေ့ နံနက်(၁၀)နာရီတွင်မူ နိုင်ငံတော်သမတ ဦးသိန်းစိန်နှင့်လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နှင့်လည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့်လည်းကောင်း အစိုးရအဖွဲ့ဝင်   ပြည်ထောင်စု ၀န်ကြီးများနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။ ထို့နောက် ထိုနေ့ညနေ ၄ နာရီ ၁၅ မိနစ်တွင် အထူးလေယာဉ်ဖြင့်ပင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၅ နာရီခန့်တွင်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်   နိုင်ငံခြားရေးဝန်ကြီး ဌာနမှတာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် မစ္စစ် ဟီလာရီ ကလင်တန်နှင့် အဖွဲ့သည် လေးဆူဓာတ်ပုံ  ရွှေတိဂုံစေတီတော်ကြီးအား တောင်  ဖက်မုခ်မှ တက်ရောက်ကာ လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုသည်။ ထိုနေ့ ညနေပိုင်းတွင် အမေရိကန်သံအမတ်ကြီး၏ အိမ်တွင် ညစာစားပွဲ တစ်ခုကျင်းပပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။ ရန်ကုန်မြို့ ချတ်ထရီယန် ဟိုတယ်တွင် ညအိပ်တည်းခိုခဲ့သည်။
တတိယနေ့
မစ္စစ် ဟီလာရီ ကလင်တန်သည် ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် သတင်းမီဒီယာများနှင့် ခေတ္တမျှတွေ့ဆုံခဲ့သည်။ ထို့နောက် ပိသနိုးဂယ်လာရီသို့ သွားရောက်လေ့လာပြီး၊ နေ့လည် ၁၂ နာရီခန့်တွင်မူ အင်းယားလမ်းရှိ အမေရိကန် သံရုံးတွင် သရုပ်ဆောင် ဇာဂနာ၊ AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးပြုလုပ်နေသူ မဖြူဖြူသင်း၊ သတင်းစာဆရာ   မောင်ဝံသ၊   ဇေယျာသော် တို့အပြင် လူမှုရေးအဖွဲ့အစည်းအချို့နှင့်တွေ့ဆုံခဲ့သည်။ ထိုနေ့ မွန်းလွဲ ၃ နာရီခန့်တွင် အမေရိကန်သံရုံး၌ပင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင်ပင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့သည်။
PN-002၊ မိုးမြင့်မြတ်
Photo : AFP, ဟိန်းလတ်၊ မိုးမြင့်မြတ်၊ နိုင်လင်း၊ အောင်နိုင်စိုး
လွတ်လပ်ရေးနေ့တွင် ဇာဂနာနှင့် သီးလေးသီး အငြိမ့် ပြန်ကမည်
နိုင်ငံကျော် စွယ်စုံ အနုပညာရှင် ဇာဂနာနှင့် သီးလေးသီး အဖွဲ့ဝင်များ စုပေါင်း၍ လွတ်လပ်ရေးနေ့တွင် ကျင်းပမည့် လွတ်လပ်သော အနုပညာဆု ပေးပွဲတွင် အငြိမ့် ပြန်လည် ကပြမည် ဖြစ်ကြောင်း ဇာဂနာက The Voice Weekly သို့ ပြောကြားသည်။ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှ ရန်ကုန် မြို့တော်သို့ ပြည်လည် ရောက်ရှိလာသော လက်ကျန် သီးနှစ်သီး ဖြစ်သည့် ဟာသ အနုပညာရှင် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစပယ်ငုံတို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ကြိုဆိုစဉ် ဇာဂနာက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။" ကျွန်တော် ပြန်ကချင် ပါတယ်။ အခုက အလုပ်တွေ များနေလို့။ သီးလေးသီးလည်း စုံပြီဆိုတော့ လွတ်လပ်ရေးနေ့ ကျရင်တော့ ပြန်ကဖြစ်မယ် " ဟု ဇာဂနာက ပြောဆိုသည်။လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ဒိုင်လူကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဇာဂနာတို့က ဆောင်ရွက် ကြမည် ဖြစ်သည်။" ဒိုင်ဖြစ်ချင် ဖြစ်ပါစေ။ ကျွန်တော်ကတော့ ဝင်ကမှာပဲ " ဟု ဇာဂနာက ဆိုသည်။ဟာသ အနုပညာရှင် ဂေါ်ဇီလာ ဦးဆောင်သော သီးလေးသီး အဖွဲ့မှ သီးနှစ်သီးနှင့် ဂေါ်ဇီလာတို့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြန်လာခဲ့ပြီးနောက် နှစ်လကျော် အကြာ ကျန်ရှိသော သီးနှစ်သီးနှင့် မင်းသမီးတို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။" ကျွန်တော်တို့ ပြန်ရောက်လာပါပြီ။ နောက်ကျ နေတာက အနုပညာ အလုပ်တွေ ဆက်လုပ်နေလို့ပါ။ ကျွန်တော်တို့ (သီးလေးသီး) အကြားမှာ ဘာပြဿနာမှ မရှိပါဘူး " ဟု ပြန်လည် ရောက်ရှိ လာသည့် ဟာသ အနုပညာရှင် ပန်းသီးက The Voice Weekly သို့ ပြောကြားသည်။လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲနှင့် အငြိမ့်ပွဲကို ပြည်သူ့ရင်ပြင်တွင် ကျင်းပဖွယ် ရှိကြောင်း သီးလေးသီး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဟာသ အနုပညာရှင် ဂေါ်ဇီလာက ပြောကြားသည်။
Myanmar News Now
အစိုးရနှင့် ရှမ်း (တောင်) တို့ အပစ်ခတ်ရပ် လက်မှတ်ထိုး
 မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တို့ အပစ်ခတ်ရပ်စဲရေး
နှစ်ဘက် သဘောတူစာချုပ် တရပ်ကို သောကြာနေ့ နေ့လည်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် လက်မှတ်
ရေးထိုးခဲ့ကြသည်။
လက်မှတ်ရေးထိုးခြင်းကို မူလက သဘောတူထားသည့်အတိုင်း တောင်ကြီး ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မြန်မာအစိုးရ
ပြည်နယ်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ဗဟိုအစိုးရဝန်ကြီးများဖြစ်သော မီးရထားဝန်ကြီး ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦးခင်မာင်စိုး တို့အပါအဝင် တပ်မတော် အရာရှိတချို့နှင့်အတူ SSA-S မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် ဗိုလ်မှူးကြီး စိုင်းလှတို့က ဦးဆောင်သည့် ခြောက်ဦးအဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
“ဒီနေ့ဆွေးနွေးကြတဲ့ အနေအထားမှာ အစိုးရဘက်ကလည်း ငြိမ်းချမ်းရေး လိုလားမှုတွေရှိသလို တိုင်းရင်းသားတွေ ဘက်ကလည်း လိုလားတဲ့ ဆန္ဒတွေနဲ့ ဆွေးနွေးပြောဆိုကြတယ်လို့ သုံးသပ်မိပါတယ်။” ဟု ပွဲဖြစ်မြောက်ရေး စီစဉ်ရာ တွင် ပါဝင်သော ငြိမ်းချမ်းရေး အကျိုးဆောင် တဦးက ပြောသည်။
shanpeace
ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီး ဟိုတယ်တွင် နှစ်ဘက်သဘောတူ လက်မှတ်ထိုးပြီး တွေ့ရသော မြန်မာအစိုးရ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တို့ကို သောကြာနေ့ ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
နိုဝင်ဘာ တတိယပတ်က အကြိုတွေ့ဆုံခဲ့မှုတွင် SSA-S အဖွဲ့က အပစ်အခတ် ရပ်ရေး၊ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းနှင့် အဖြေရှာရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် မူးယစ်ဆေးဝါး
ပြဿနာများကို ပူးပေါင်း တိုက်ဖျက်သွားရေး ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း တောင်ကြီး၊ မိုင်းတုံနှင့် ခိုလမ် စသည့် မြို့နယ်သုံးခု တွင် SSA-S ဆက်ဆံရေးရုံး ဖွင့်ရန်လည်း စသည့် အချက်များ တင်ပြထားသည်။
SSA-S ကို ၁၉၉၆ ခုနှစ်က ထိုစဉ်က ဗိုလ်မှူးကြီးအဆင့်ဖြစ်သော ရွက်ဆစ်က ဦးဆောင်ကာ ယခင် မုန်တိုင်း တပ်မတော် (အမ်တီအေ) အဖွဲ့ဝင်ဟောင်းအချို့နှင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချသွားသော ခေါင်းဆောင် ခွန်ဆာလက်ထက် တချိန်တွင် အမ်တီအေသည် ထိုင်း-မြန်မာ နယ်စပ် တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက် အင်အားအကောင်းဆုံး အဖွဲ့တခု ဖြစ်ခဲ့သည်။ 
နိုဝင်ဘာ ၁၉ ရက်နေ့က အကြိုသဘောဖြင့် သီးခြားစီ တွေ့ဆုံခဲ့ကြသည့် အဖွဲ့များထဲက ရှမ်းပြည်တပ်မတော်
တောင်ပိုင်း SSA-S တဖွဲ့တည်းသာ သဘောတူ လက်မှတ်ရေးထိုးနိုင်သေးပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်အမျိုးသား အစည်းအရုံးနှင့် ချင်းအမျိုးသား တပ်ဦးတို့သည် သဘောတူ လက်မှတ်ရေးထိုးခြင်း မပြုရသေးပေ။
ထို့ပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် မြန်မာအစိုးရခေါင်းဆောင်များ အင်္ဂါနေ့ ညနေပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ရွှေလီမြို့တွင် အပစ်ခတ်ရပ်ရေး အတွက် ဆွေးနွေးကြသော်လည်း သဘောတူ ညီမှုမရသေးဘဲရှိသည်။
ကျော်ခ
ချင်းမိုင် (မဇ္ဈိမ) ။        ။
ကျောက်စိမ်းကား ၇ စီး လားရှိုးမြို့ အဝင်ဂိတ်၌ဖမ်းမိ
မန္တလေး-လားရှိုး-မူဆယ်လမ်း
တရုတ်နယ်စပ်ဘက် ကျောက်စိမ်းသယ်လာသည့် TE ကားကြီး ၇ စီးကို နိုဝင်ဘာလ ၂၈ ရက်နေ့က လားရှိုးမြို့ အဝင် အေးရှားဝေါလ်ဂိတ်တွင်အကောက် အခွန်ဋ္ဌာနမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဒေါ်နွယ်နွယ်အောင်ဆိုသူ အမျိုးသမီးမှ ကယ်ရီသယ်လာသည့် ကျောက်စိမ်းများဖြစ်ပြီး ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း သောင်းချီဆုံးရှုံးမှုရှိကြောင်း ကျောက်ကုန်သည် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “မန္တလေးကနေ မူစယ်ဘက်ကို အလာ တီအီးကား ၇ စီး ပေါ်မှာ ဖမ်းမိတာ အပေါ်မှာက သစ်နဲ့အင်ကြင်းကျောက် တွေ အောက်မှာ ကျောက်စိမ်းပေါ့ ပိုင်ရှင်က မန္တလေးက ကုန်သည်တွေ ဒေါ်နွယ်နွယ်အောင်ဆိုတဲ့ အမျိုးသမီးက ကယ်ရီ သယ်တာ ” - ဟု ကျောက်ကုန်သည် တစ်ဦးက ဆိုသည်။ အဆိုပါ ကျောက်ကယ်ရီ အမျိုးသမီးအား မဖမ်းပဲ ကျောက်စိမ်းများသာ ဖမ်းလိုက်သဖြင့် ပစ္စည်းဆုံးရှိုးသွားသည့် ကျောက် ပိုင်ရှင်များ မကျေမနပ်ဖြစ်နေကြောင်း သူကဆိုသည်။ “သိန်း ၁၀၀ တောင်းတာ မပေးလို့ဖမ်းတာ သိန္နီနားက ရေပူဂိတ်မှာလည်း ကျောက်ကားတွေဖြတ်ဖို့ညှိ ထားပြီးပြီ ကယ်ရီ အမျိုးသမီးကိုတော့ မဖမ်းဘူး ပစ္စည်းတွေပဲ ဖမ်းထားတာ ကျောက်ပိုင်ရှင်တွေပဲ နစ်နာတာပေါ့ ” ဟု ဆိုသည်။ မန္တလေးမြို့ပေါ်တွင် အခကြေးငွေယူ၍ ကျောက်စိမ်းသယ်ပေးသော ကယ်ရီသမား ၁၀ ဦးဝန်းကျင်ခန့်ရှိပြီး ၄င်းကယ်ရီ သမားများက ဒေါ်နွယ်နွယ်အောင်ထံ တဆင့်ပြန်လည်အပ်နှံကြောင်း သယ်ယူခ တစ်ပိဿာ ကျပ် ၅၀၀၀ ပေါက်ဈေး ရှိ ကြောင်း သိရသည်။ မကြာမီရက်ပိုင်းအတွင်း တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲကျင်းပမည် ဖြစ်ရာယခုရက် ပိုင်း အတွင်း ကျောက်စိမ်းကားများ ဖမ်းဆီး ခံနေရကြောင်း ရွှေလီမြို့ ကျောက်ပွဲရုံအသိုင်းအဝိုင်းကလည်း ပြောသည်။
 သျှမ်းသံတော်ဆင့်
Myanmar News Now
RCSS နှင့် ရှမ်းပြည်နယ် အစိုးရကြား ငြိမ်းချမ်းရေးတည်ဆောက်မှု အောင်မြင်
မြန်မာအစိုးရသစ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်အခြေစိုက် RCSS/SSA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“အားလုံးအဆင်ပြေပြေပါပဲ၊ ပြောကြဆိုကြရတာတွေလည်း နွေးနွေးထွေးထွေးရှိပြီးတော့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ရှေ့ဆက်ပြီးလည်း ဖော်ဆောင်သွားရမယ့် လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးခဲ့ပါတယ်”ဟု အစိုးရဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခရော်နီကယ်သို့ ပြောကြားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးမှုကို RCSS/SSA ဘက်မှ  ဗိုလ်မှူးချုပ် စိုင်းလူ ခေါင်းဆောင်ပြီး ရှမ်းပြည်နယ်အစိုးရဘက်မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းတို့ ဦးဆောင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရန် ပထမအဆင့်အနေဖြင့် နှစ်ဦးနှစ်ဖက်အပစ်ရပ်ဆဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီး ကျန်ရှိသော လုပ်ငန်းစဉ် များဖြစ်သည့် နှစ်ဖက်ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရဖက်မှ RCSS/SSA နယ်မြေထဲသို့ ဝင်ရောက်သည်ဖြစ်စေ၊ RCSS/SSA ဖက်မှ အစိုးရ နယ်မြေထဲသို့ ၀င်ရောက်သည်ဖြစ်စေ  လက်နက်ယူဆောင်ခြင်း မပြုရေး၊ မပြေလည်သေးသည့် နိုင်ငံရေးကိစ္စများကို ပြည်ထောင်စုအစိုးရနှင့် တိုက်ရိုက် ဆွေးနွေးရေး စသည့်သဘော တူညီချက်များကိုလည်း ဆက်လက်လုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း သိရသည်။
RCSS/SSA အဖွဲ့သည် ဦးခွန်ဆာဦးဆောင်သည့် MTA မှ ၁၉၉၆ ခုနှစ်တွင် ခွဲထွက်ပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခြင်းဖြစ်ကာ ယင်းဖြစ်ရပ်ကြောင့် ရှမ်းပြည်နယ်တွင် ဖွံဖြိုးတိုးတက်မှုများ၊ ငြိမ်းချမ်းမှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း RCSS/SSA ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခဲ့သူတစ်ဦးက ပြန်လည်ပြောကြားသည်။
“သူတို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ RCSS က တောင်းဆိုတဲ့အချက် တစ်ချက်ကို ပြည်ထောင်စုအစိုးရထံ တင်ပြဖို့ရှိပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်  နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ အစိုးရဖက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သည် RCSS/SSA မှ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သည့်အဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။
“မဝေးတော့တဲ့ အနာဂတ်မှာ ရှမ်းပြည်နယ်အတွက် ငြိမ်းချမ်းရေးပန်းက အလှမ်းမဝေးတော့ပါဘူး”ဟု ယင်းဆွေးနွေးပွဲတွင် ပါဝင်သူ RCSS ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားသည်။
ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်းကို ပြည်တွင်းတွင် ထုတ်လွှင့်နေသည့် ချယ်ရီအက်အဖ်မ်မှ ကြားသိရသဖြင့် ရှမ်းပြည်နယ် ငြိမ်းချမ်းရေး အတွက် ဝမ်းသာမိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက တရားမဝင်အဖွဲ့အစည်းတွေနဲ့ မဆက်သွယ်ရဘူးဆိုတော့ အဆက်ပြတ်နေတာ ပြည်တွင်း ပုဂ္ဂလိက အက်အဖ်မ်ကနေ အစိုးရသတင်းမီဒီယာထက် ပိုမြန်တော့ သတင်းအတွက်ကော၊ လုပ်နိုင်စွမ်းအတွက်ကော တော်တော်အားရတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိခြင်းကြောင့် အစိုးရသစ်လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေး မျှော်လင့်ချက်သည် အကောင်အထည် ဖော်လာမည်ကို တွေ့မြင်နေရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။
YC(KS)
Myanmar News Now
အဓမ္မပြုကျင့်ခံရမှု ကလေးတယောက်ရတဲ့အထိ တရားရုံးက မစစ်ဆေး (ရုပ်/သံ)
ကိုယ်တိုင် အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေး ရဲ့ ပြောပြချက် ဗွီဒီယို ဖိုင်လေးပါ။ မတရားမှုတွေ အမြန်းအဆုံးသတ်ပါစေလို့  Myanmar News Now မှ ဆန္ဒပြုပါတယ်။
ယာဉ်ထိန်း နဲ့  ရပ်ကွက်အုပ်ချုပ်ရေးမှူး အကြောင်းတိုင်းကြားစာ
wfg Ph&fax Myanmar News Now
မုဒိမ်းကျင့် လူသတ်မှု တိုင်းကြားစာ
ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုမေသော်ရဲ့ အမှုဖြစ်စဉ်...
အစော်ကားခံရတဲ့ မိန်းကလေး
Myanmar News Now
သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ (အသံဖိုင်)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်။
တွေကို အသံဖိုင် မှာ အပြည့်အစုံနားထောင်နိုင်ပါတယ်။
Myanmar News Now
ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာခွင့်ပြုရန် ဟီလာရီ ကလင်တန် မေတ္တာရပ်ခံ
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်  ယမန်နေ့က တွေ့ဆုံစဉ် မကြာမီ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး မျှော်လင့်ပါကြောင်းနှင့် ယင်းရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာရေး အဖွဲ့များ လာရောက်ခွင့်ပြုရန်မေတ္တာ ရပ်ခံလိုပါကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ပြောကြားချက်ကို ရွေးကောက်ပွဲဝင် ပါတီအချို့က သဘောတူပြီး ၎င်းတို့အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲကို  နိုင်ငံတကာ လေ့လာရေးအဖွဲ့များ လာစေချင်ကြောင်းနှင့် ထိုသို့လာရောက်ပါက  တရားမျှတမှုပိုရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။
၎င်းတို့က လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပမည့်ဟု မျှော်လင့်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲအား နိုင်ငံတကာ လေ့လာရေးအဖွဲ့များက လာရောက်အကဲဖြတ်စေလိုသည့် ဆန္ဒလည်း ရှိကြသည်ဟု ထုတ်ဖေါ်ပြောဆိုလိုက်ကြသည်။
"၂၀၁၀ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ မသမာမှုတွေရော အခက်အခဲ အကျပ်အတည်းတွေ တွေ့ခဲ့ရတယ်၊ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေ လာမယ်ဆိုရင် နိုင်ငံတကာကိုလည်း သတင်းတွေပြန်ရောက်မယ် အဲဒီတော့ မသမာမှုတွေ ကျူးလွန်ချင်ဦးတော့ကျူးလွန်ဖို့ အကြောင်းမရှိဘူး၊ အဲဒီတော့ အာမခံချက် ပိုရှိသွားတာပေါ့" ဟုအမျိုး သားဒီမိုကရေစီအင်အားစု (NDF) ပါတီမှနိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေ ကYPI သို့ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်ပွဲမသမာမှုနှင့် ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းထားသော်လည်း ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်သည့် မဲမသမာမှုများ ဖြစ်ပွားခဲ့သဖြင့် တကယ့်လက်တွေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ကို မရှုံးသင့်ဘဲ ရှုံးခဲ့သည့် ကိုယ်စားလှယ်လောင်းများရှိသည်ဟု ၎င်းကပင် ပြောသည်။
အခြား ဒီမိုကရေစီအင်အားစုဘက်မှ ပါတီတပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ပါတီခေါင်းဆောင် ဦးသုဝေကလည်း နိုင်ငံတကာလေ့လာရေးအဖွဲ့များလာပါက ကြားဖြတ်ရွေးကောက်ပွဲ ကပိုပြီးပွင့်လင်းမှုရှိပြီး တရားမျှတမှု ပိုရှိမည်ဟု မျှော်လင့်သည်ဟုဆိုသည်။
 မကြာခင်ကမှ ကရင်ဒီမိုကရက်တစ်ပါတီ အမည်ရှိ ပါတီသစ် တည်ထောင်ခွင့် လျောက်ထားသူ  ယခင် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးစောသန်းကျော်ဦး ကလည်း နိုင်ငံတကာလေ့လာရေးအဖွဲ့များ လာရောက်ပါက ကြားဖြတ် ရွေးကောက်ပွဲသည် တရားမျှတမှု ပိုမိုရှိလာမည်ဟု ဆိုသည်။
 ၂၀၁၀ရွေးကောက်ပွဲ တွင် မသမာမှုနှင့်ပတ်သတ်သည့်အချက် ၅၀ ခန့်ကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ဒီမိုပါတီများက တင်ပြထားရာ ကော်မရှင်ဥက္ကဋ္ဌမှ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတပြီး လွတ်လပ်မှုပိုရှိအောင် ပြုလုပ်မည်ဟု ကတိပေးထားသည့် အချက်ကြောင့်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပသည် မျှတ၍ လွတ်လပ်မှုပိုရှိလာမည်ဟု မျှော်လင့်ကြောင်း ဦးသုဝေကဆိုသည်။
"ဥက္ကဋ္ဌက အရင်လိုမဖြစ်အောင် ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ကိုလည်း သင်တန်းတွေပေးမယ်လို့ပြောတယ်၊ အကယ်လို့သူတို့က အမှန်ပဲ ကြားဖြတ်ရွေးကောက်ပွဲကို မျှတမှု ရှိအောင်လုပ်မယ်ဆိုရင် နိုင်ငံတကာကို ခေါ်ပြတာ ဂုဏ်တောင်ရှိသေးတယ်၊ မပြနိုင်စရာအကြောင်းလည်း မရှိဘူးလေ" ဟု၎င်းကဆက်ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲသည် ကြိုတင်မဲများဖြင့် ပြည်ခိုင်ဖြိုးပါတီ မှကိုယ်စားလှယ်လောင်း အများအပြား အနိုင်ရရှိခဲ့သောရွေးကောက်ပွဲ ဖြစ်သည့်အတွက် လွတ်လပ်မှုနှင့်တရားမျှတမှု မရှိသည့်ရွေးကောက်ပွဲဟု ရွေးကောက်ပွဲဝင်ရောက်ခဲ့သည့် ဒီမိုပါတီအချို့ကပြောဆိုကြသည်။
အဆိုပါနိုင်ငံတကာလေ့လာရေးအဖွဲ့များလာရောက်ခြင်းနှင့်ပတ်သတ်၍ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်အားဆက်သွယ်မေးမြန်းရာတွင် ၄င်းအနေနှင့် မည်သည့်မှတ်ချက်မှ မပေးခြင်းကြောင်းသာ ဖြေကြားခဲ့သည်။
နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး၏ ၃ ရက်တာခရီးစဉ်အတွင်း နိုင်ငံသမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။     ။
 ဒီဇင်ဘာ ၂၊ ၂၀၁၁ (YPI)
စီးပွါးရေးပိတ်ဆို့ မှု ရုတ်သိမ်းဖို့ စဉ်းစားတော့မည်
လုံလောက်သည့် တိုးတက်မှုများ ရှိခဲ့မည်ဆိုပါက စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရန် စဉ်းစားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က Eleven Media Group ၏ မေးမြန်းမှုနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျာနယ်လစ်များ၏ မေးမြန်းမှုကို လက်မခံမီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သူမ၏ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံရေး အကျဉ်းသားများကိစ္စ၊ တိုင်းရင်းသား လူမျိုးစုဒေသများအရေး၊ မြန်မာနိုင်ငံရှိ နေရာတိုင်းက နိုင်ငံသားတိုင်း ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို မခံစားနိုင်သမျှ ကာလပတ်လုံး တစ်ကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု မရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံကို အကူအညီပေးရေးနှင့် မြန်မာခေါင်းဆောင်များ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ဆက်လျှောက်နေမည်ဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့်  မြန်မာခေါင်းဆောင်များနှင့်အတူ အဆိုပါလမ်းပေါ်တွင် လျှောက်လှမ်းရန် အသင့်ရှိပါကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။
"နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသား လူမျိုးစုဒေသများ နိုင်ငံရေး၊ လူမှုရေးနယ်များ နေရာချဲ့ပေးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေး၊ နိုင်ငံပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းသွားရာကနေ ကျွန်မတို့ ဆွေးနွေးကြရမှာပါ။ ဒီနေ့မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်မယ်ဆိုတာလည်း သိခဲ့ရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် ကျန်ရှိနေပါတယ်။ ဒါ့ပြင် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးများကို ငြင်းပယ်ခြင်းခံနေခဲ့ရတဲ့ လူသန်းပေါင်းများစွာ ရှိနေပါတယ်။
နိုင်ငံပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ ကတိက၀တ်ကို ဆုံးဖြတ်ပေးမှာကတော့  ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးရေးသာဖြစ်လိမ့်မယ်လို့ ကျွန်မတို့ သဘောတူညီခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ပြိုကွဲခဲ့တဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်။ လူမျိုးပေါင်းစုံ ကွဲပြားစွာနေထိုင်ကြတဲ့ ဒီနိုင်ငံထဲကနေရာတိုင်းက နိုင်ငံသားတိုင်း ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို မခံစားနိုင်သမျှ ကာလပတ်လုံး တစ်ကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုဆိုတာ မရှိနိုင်ပါဘူး။
နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေ တစ်စုံတရာ ဖွံ့ဖြိုးတိုးတက်လာပေမယ့် အထူးသဖြင့် ရန်ကုန်မြို့မှာ တိုးတက်မှုတစ်စုံတစ်ရာ ရရှိလာခဲ့ပေမယ့် ကျန်ဒေသတွေ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေ အများဆုံး နေထိုင်ကြတဲ့ဒေသတွေမှာ အကြမ်းဖက်မှုတွေ၊ ဆင်းရဲနွမ်းပါးမှု၊ စာမတတ်မြောက်မှုတွေဟာလည်း လက်မခံနိုင်လောက်အောင် အလွန်မြင့်မားနေဆဲဖြစ်သလို အဓမ္မ နှိပ်စက်ခြင်းကို ဒီဒေသတွေမှာ ခံစားနေရပါတယ်။ အလွန်အကျွံလောက်အောင် များပြားတဲ့လူမျိုးစု ကွဲပြားနေတာဟာ ဒီနိုင်ငံမှာ များပြားနေပါတယ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန် တခြားဘာသာကို ကိုးကွယ်နေကြတဲ့သူတွေ၊ ကိုယ်တိုင် သီးခြားဘာသာစကားနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရှိကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ တစ်ရာကျော် ရှိကြတဲ့ နိုင်ငံလည်းဖြစ်တယ်။
သူတို့အားလုံးဟာ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးတွေ ရှိသင့်သလိုသူတို့ဟာလည်း နိုင်ငံရဲ့အနာဂတ်ရေးမှာလည်း ပါဝင်ဆုံးဖြတ်ခွင့် ရှိသင့်ပါတယ်။ နိုင်ငံရဲ့သဘာဝသယံ ဇာတ ကြွယ်ဝမှုကို နိုင်ငံသားတိုင်းခံစားခွင့် ရှိသင့်တဲ့ အရပ်သားလူ့ဘောင်ခေါင်းဆောင်တွေနဲ့ ကျွန်မတို့တွေ သဘောတူညီမှုရှိခဲ့ကြပါတယ်။
ကျွန်မ ဒီနေ့တွေ့ခဲ့ရတဲ့ စည်းရုံးလှုပ်ရှားသူများနဲ့ တက်ကြွဆောင်ရွက်နေသူများက သူတို့ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုအများအပြားနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ရရှိဖို့ သူတို့မျှော်လင့်ထားတဲ့ သူတို့ ပံ့ပိုးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ကြပါတယ်။ သူတို့ရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေ၊ အရပ်သားလူ့ဘောင် တခြားသူက ကြောင့်ကြမှုတွေကို အမေရိကန်က ကြားနာခဲ့ရပါတယ်။ ဒီနိုင်ငံက ပြည်သူလူထုအတွက် ကျွန်မတို့ သရုပ်ဖော်ဖို့ ဆောင်ရွက်သွားမယ့် အစီအစဉ်များကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပွင့်လင်းစွာ ကြေညာလိုပါတယ်။ ဒါက အစိုးရကနေ လုပ်မှာ မဟုတ်ပါဘူး။
ဒီနိုင်ငံက ခေါင်းဆောင်တွေကို ကျွန်မတို့ နောက်တစ်ခေါက် ပြောချင်ပါ တယ်။ လူကြီးမင်းတို့ဘက်က ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ်ဆက် လျှောက်နေမယ်ဆိုပါရင် အမေရိကန်ပြည်ထောင်စုကနေ လူကြီးမင်း တို့နဲ့အတူ အဲဒီလမ်းပေါ်မှာလျှောက်လှမ်းဖို့ အသင့်ရှိပါတယ်။
ကျွန်မတို့ ဆောင်ရွက်သွားမှာကတော့ နိုင်ငံတစ်ဝန်းလုံး အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသတွေမှာ အသေးစားချေးငွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားအရေးကြီးတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေသော အရပ်သားလူ့ဘောင်အဖွဲ့များကို တိုးမြှင့် ထောက်ပံ့သွားပါ့မယ်။ ဒုတိယက အာဆီယံနဲ့ အရှေ့-အနောက်စင်တာတို့ တွဲပြီး အင်္ဂလိပ်စာ ထိရောက်စွာ သင်ကြားရေး ကနဦးဆောင်ရွက်ချက်များအပါအ၀င် ပြန်လည်ဖလှယ်ရေး အစီအစဉ်သစ်များကို ဆောင်ရွက်သွားပါ့မယ်။ တတိယကတော့ ပြည်တွင်း မိတ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံသားများ တိုးတက်အောင် အခွင့်အရေးပေး လက်တွေ့ဆောင်ရွက်နေသူများနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ စတုတ္ထအနေနဲ့ ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ တခြားကိစ္စရပ်များမှာ ပညာရေးဆိုင်ရာ ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နေကြတဲ့ အမေရိကန်တက္ကသိုလ်တွေ ဖောင်ဒေးရှင်းတွေကို ကျွန်မတို့ ပံ့ပိုးပေး သွားပါမယ်။
မနေ့ကပြောခဲ့သလိုပဲ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကို ထိန်းထားမယ်ဆိုရင် ဒီထက်မက ဆောင်ရွက်ပေးသွားဖို့ ပြင်ဆင်ထားပါတယ်။ မိခင် ဧရာဝတီရဲ့ ရေစီးလိုပါပဲ။ လူသားလွတ်မြောက်ဖို့ ရေစီးကို ထိန်းထားလို့ မရပါဘူး။ ဒီနိုင်ငံက ခေါင်းဆောင်တွေကို ကျွန်မတို့ နောက်တစ်ခေါက် ပြောချင်ပါ တယ်။ လူကြီးမင်းတို့ဘက်က ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ်ဆက် လျှောက်နေမယ်ဆိုပါရင် အမေရိကန်ပြည်ထောင်စုကနေ လူကြီးမင်း တို့နဲ့အတူ အဲဒီလမ်းပေါ်မှာလျှောက်လှမ်းဖို့ အသင့်ရှိပါတယ်။
အထဲမှာပါ၊ အပြင်မှာပါရှိကြတဲ့ ပြုပြင်ပြောင်းလဲသူများကို ကျွန်မတို့ ပံ့ပိုးပေးသွားပါမယ်။ လာမယ့်အရေးကြီးလှတဲ့ နေ့ရက်များမှာ အမေရိကန် နိုင်ငံသားတို့ရဲ့ မျှော်လင့်ချက်နဲ့ ဆုတောင်းများက မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနဲ့ အတူရှိနေပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မရရအောင် ဆောင်ရွက်သွားပေးဖို့ စိတ်အားထက်သန်နေပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည် တွင်း၊ ပြည်ပသတင်းထောက်များ၏ မေးမြန်းမှုကို လက်ခံရာတွင် ပြည်ပသတင်းထောက်မှ မေးခွန်းတစ်ခု နှင့် ပြည်တွင်းသတင်းထောက်မှ မေး ခွန်း တစ်ခု တို့ကိုသာ ဖြေကြား သွားခဲ့သည်။
Eleven Media Group မှ သတင်းထောက်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်၏ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေးရန် အလားအလာများ ရှိလာပါသလားဟု  မေးမြန်းခဲ့ရာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်က "ကျွန်မတို့မှာ အစိုးရအတွက် ကျွန်မတို့မြင်ချင်တဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေအတွက် ရေးဆွဲသတ်မှတ်ထားတာတွေ ရှိပါတယ်။ ကျွန်မအနေနဲ့ သီးသန့် ဆွေးနွေးပွဲမှာရော၊ အများပြည်သူဆွေးနွေးပွဲတွေမှာပါ ပြောခဲ့တာကတော့  ကျွန်မတို့အနေနဲ့ လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်ချက်တစ်ခုနဲ့ တုံ့ပြန်ဆောင်ရွက်သွားမှာ ဆိုတာပါပဲ။ တစ်ကယ်လို့များ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ လုံးဝသိသာတာကတော့ ကျွန်မတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ စဉ်းစားသွားမယ် ဆိုတာပါပဲ။ ဒါပေမယ်လို့ ကျွန်မ အရင်ကပြောသလိုပဲ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ တွေ့ဆုံ ဆွေးနွေးမှုအဆင့်ဟာ အစဦးအဆင့်ပဲ ရှိသေးပါတယ်။ အဲဒီအဆင့်ကို လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကြိုးစားတည်ဆောက်ခဲ့ရတာပါ"ဟု နိုင်ငံခြားaရးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။
"ကျွန်မတို့ မြင်တွေ့နေရတဲ့ အားတက်ဖွယ်ရာ လက္ခဏာ၊ တိုးတက်မှုအခြေအနေတွေဟာ ကျွန်မတို့ အခိုင်အမာပြောထားတဲ့အရာတွေကို  ပွင့်ပွင့်လင်းလင်း စမ်းသပ်နေတာပါပဲ။ ကျွန်မတို့အနေနဲ့ ဒီတိုးတက်မှုတွေမှာ အမှန်တကယ် ဖြစ်ပြီး စဉ်ဆက်မပြတ် ဖြစ်ပေါ်နေမှာလားလို့ သိချင်ပါတယ်"ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် "ကျွန်မအနေနဲ့ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာကတော့ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ ရှိတယ်ဆိုတာပါပဲ။ အခုအချိန်မှာတော့ ကျွန်မတို့အနေနဲ့ ဒါကို ဆွေး နွေးဖို့ရာ အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှု အခုမှ စတုန်းရှိပါသေးတယ်။ ကျွန်မတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးတာကို မြင်ချင်ပါတယ်။ လေးနက်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးကို ကျွန်မတို့ မြင်ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ တွေ့ခဲ့ရတဲ့ လူတွေနဲ့သာမက ပြီးခဲ့ တဲ့ နှစ်နှစ်အတွင်း ကျွန်မတွေ့ခဲ့ဖူးတဲ့လူတွေကပါ စီးပွားရေး ပိတ်ဆို့ မှုကို ရုပ်သိမ်းခြင်းဟာ စီးပွားရေးကို အကျိုးရှိစေပေမယ်လို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုတယ်ဆိုတာကိုလည်း လက်ခံထားကြပါတယ်။ နောက်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ လည်း လိုတယ်ဆိုတာပါပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် အကျိုးခံစားခွင့်တွေကို လူအနည်းအကျဉ်းသာ ခံစားရတာထက် လူအများစု ခံစားရမှာ ဖြစ်ပါတယ်" ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။
၁၈ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည့် အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်း ထောက် ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။
Eleven Media Group
ဒေါ်အောင်ဆန်းစုကြည်အား ယူကေမှ ၂၀၁၁ ခုနှစ် ချာသန်ဟောက်စ် (Chatham House Prize 2011)ဆုချီးမြှင့်
Chatham House Prize 2011
 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၁ ခုနှစ် အတွက် ချာသန်ဟောက်စ် (Chatham House Prize 2011)ဆု ကို ဒီဇင်ဘာလ ၁ ရက်နေ့ ညက လန်ဒန် တွင် ကျင်းပသော ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။ ဒီဆုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်မှ တက်ရောက်လက်ခံယူခဲ့ပါတယ်။ ချာသန်ဟောက်စ် ဆု ကို နိုင်ငံတကာဆက်ဆံရေးကိစ္စများတိုးတက်ကောင်းမွန်စေရန် ထူးချွန်စွာ ကူညီပါဝင်ခဲ့သူ တိုင်းကျိုးပြည်ပြု ပုဂ္ဂိုလ်များကို နှစ်စဉ် ရွေးချယ်ပေးတာပါ။ အင်္ဂလန်အခြေစိုက် တော်ဝင်နိုင်ငံတကာလေ့လာရေး အဖွဲ့ လို့ လည်း ခေါ်တဲ့ ဒီ အဖွဲ့ က ပေးတဲ့ ဆုပေးပွဲကို ဗြိတိန်ဘုရင်မကြီးကလည်း ဆုရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ယူကြောင်းနဲ့ သူမရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေမှုများအတွက် အသိအမှတ်ပြုကြောင်း သ၀ဏ်လွာ ပါးခဲ့ပါတယ်။ ဆုပေးပွဲကို ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုနဲ့ အမှာစကားပေးပို့ ခဲ့ပြီး တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်မှုမှာအရေးကြီးကြောင်း၊အချိန်ကြာမြင့်စွာမျှော်လင့်ကြိုးပမ်းခဲ့ရသော ဒီမိုကရေစီပန်းတိုင်ကို
Aung San Suu Kyi, Burmese democracy campaigner, has been voted the winner of the Chatham House Prize 2011 by Chatham House members. The annual award is presented to the statesperson deemed to have made the most significant contribution to the improvement of international relations in the previous year.
Aung San Suu Kyi has become an international icon of democracy and peaceful resistance to oppressive rule, having spent most of the last two decades in some form of detention because of her efforts to bring democracy to Burma. Following her release from house arrest in November 2010, her measured approach has enhanced her international standing and demonstrated that she remains the central figure and overwhelming symbol of opposition in Burma.
HE Madeleine Albright, US Secretary of State (1997-2001) received the Prize on behalf of Aung San Suu Kyi at an award ceremony and dinner at the Banqueting House in London on Thursday 1 December.
For more Information : http://www.chathamhouse.org/chatham-house-prize/2011
ဒေါ်စု နှင် ကလင်တန် သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)
ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သော တွေ့ ဆုံဆွေးနွေးမှု အပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှ နှစ်ဦးနှစ်ဖက် သဘောထား အမြင်များကို တက်ရောက်လာသော မီဒီယာများသို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီကလင်တန် ဘာတွေဆွေးနွေးခဲ့သလဲ သူတို့ နှစ်ဦးရဲ့ ထုတ်ဖေါ်ပြောဆိုချက်များ
b35_22
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မီဒီယာများနှင့် တွေ့ဆုံနေစဉ်
မြန်မာနိုင်ငံသို့ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နံနက် ၉ နာရီခန့်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုသည် ၁နာရီ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး တွေ့ဆုံမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့သည် ၉ မိနစ်ခန့် မီဒီယာများနှင့်တွေ့ဆုံခဲ့ပါသည်။
မီဒီယာများနှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ''ဟီလာရီအနေနဲ့ နေပြည်တော်မှာ နိုင်ငံတော် သမ္မတ၊ ၀န်ကြီးတွေ ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကောင်းမွန်တဲ့ တွေ့ဆုံမှုရှိခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ပြန်လည်ထိတွေ့ဆက်ဆံရာမှာ အမေရိကန်ရဲ့ ခြေလှမ်းအစတွေဖြစ်သလို နှစ်နိုင်ငံကြားမှာ နားလည်မှု၊ ဆွေးနွေးမှုတွေနဲ့ ဆက်သွားကြမှာ ဖြစ်ပါတယ်။  အခုအချိန်က အမေရိကန်က ကျွန်မတို့အတွက် ကောင်းမွန်တဲ့ ဂိတ်ပေါက်တစ်ခုပဲ။ ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရာမှာလိုအပ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေကြားမှာ ဂုဏ်သိက္ခာရှိရှိ  ထိတွေ့ဆက်ဆံသွားဖို့ မျှော်လင့် တယ်။ ကျွန်မတို့ အကူအညီတွေ လိုပါတယ်။ အမေရိကန်နိုင်ငံမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အပါအ၀င်ပါ။ နိုင်ငံမှာလိုအပ်မယ့် နည်းပညာတွေအတွက် ပံ့ပိုးမှုတွေမှာ ကမ္ဘာ့ဘဏ်တွေလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။ ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေ ပြန်လည်လွတ်မြောက်လာဖို့ အဲလိုပြောတဲ့အခါမှာ တိုင်းပြည်ရဲ့အခြေခံကျလှတဲ့ တရားဥပဒေစိုးမိုးရေးပိုင်းအရ နောင်မှာနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်နိုင်အောင် လုပ်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် တရားဥပဒေစိုး မိုးရေးပိုင်းကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။  ပြီးတော့ ကျွန်မတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသားလူမျိုးစုတွေ အများကြီးပါ ။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သာတူညီမျှရှိစေမယ့် ခံစားခွင့်တွေ တိုင်းရင်းသားအရေးတွေကိုလည်း အလေးထားစဉ်းစားကြဖို့ မျှော် လင့်တယ်။ အဲဒီအတွက် ကျွန်မ အခိုင်မာ ယုံကြည်တာကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးပိုင်းမှာ လိုအပ်ချက်တွေကို အစိုးရသစ်၊ အမေရိကန်သာမက နိုင်ငံတကာအဖွဲ့အ စည်း၊ အတိုက်အခံ ၊တစ်ကမ္ဘာလုံးက တူညီတဲ့လုပ်ဆောင်ချက်၊ တန်ဖိုးတွေ သာရှိမယ်ဆို အားလုံးလက်တွဲပါဝင်ကူညီကြဖို့ လိုတယ်။ ကျွန်မယုံကြည်ပါတယ် ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ နောက်ပြန်မကွေ့ဘူးဆိုတာ။ ပြီးတော့ တရုတ်နိုင်ငံ အရေးကိစ္စပါ။တရုတ်က ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကောင်းမွန်တဲ့ ဆက်ဆံ ရေးတွေ ဆက်ရှိနေဖို့လည်း ကျွန်မမျှော်လင့်တယ်" ဟု ပြောကြားခဲ့ပါသည်။
b35_22_1
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ''ကျွန်မအနေနဲ့ ပြောချင်တာကတော့ ဒီမိုကရေစီဆိုတာ ပန်းတိုင်တစ်ခုပါ။ အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ အမှန်တစ်ကယ်ပဲ မိတ်ဖွဲ့နိုင်ငံဖြစ်ချင်ပါတယ်။ ကျွန်မတို့ အလုပ်တွေလည်း အများကြီးလုပ်ချင်ပါတယ်။ အကယ်၍ ဒီထက်ပိုပြီး ဒီမိုကရေစီနည်း ကျင့်သုံးမယ်၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမယ်၊ ကာလကြာရှည်စွာရှိခဲ့တဲ့ တိုင်းရင်းသားရေးရာ ပဋိပက္ခတွေ အဆုံးသတ်မယ်၊ ပြီးတော့ ရွေးကောက်ပွဲမှာ လွပ်လပ်ပြီး တရားမျှတပြီး ယုံကြည်နိုင်လောက်တဲ့အခြေအနေတွေ ဖြစ်လာမယ်ဆိုရင်ပေါ့။ နောင်မှာလည်း အ မေရိကန်က အနီးကပ် ဆက်လက်ပြီး စစ်မှန်တဲ့ အကူအညီ ပေးမှုတွေ အကြံပေးမှုတွေ လုပ်ဆောင်သွားမှာပါ။ နှစ်ပေါင်းများစွာက မြန်မာက လူအများရှေ့မှာ ရပ်တည်ဖို့ ခက်ခဲမှုအနေအထားတွေ ရှိခဲ့တယ်။ အခုအချိန်မှာတော့ ကျွန်မတို့မြင်ချင်တာက မြန်မာဟာ ကမ္ဘာမှာ မှန်ကန်တဲ့နေ ရာတစ်ခုမှာ ရှိနေမှုပါ။ ပြီးတော့ မြို့သာမက ကျေးလက်ဒေသမှာရှိနေတဲ့ ဖွံ့ဖြိုးမှုလိုအပ်တဲ့ မိသားစုတွေ၊ ကလေးသူငယ်တိုင်းဟာ ကောင်းမွန်တဲ့ ပညာရေးတွေပေးနိုင်အောင် အခွင့်အရေးတွေ ရှိရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိရမယ်။ အမေရိကန်အနေနဲ့ မြန်မာနဲ့ အကောင်း ဆုံး မိတ်ဖက်နိုင်ငံအဖြစ် မျှော်လင့်ပါတယ်။ အနာဂတ်မှာတော့ နိုင်ငံသားတိုင်းဟာ မှန်ကန်တဲ့နေရာတစ်ခုမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ကျွန်မတို့ စောင့်ကြည့်မျှော်လင့်မိပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
''ကျွန်မတို့မှာ အစိုးရအတွက် ကျွန်မတို့မြင်ချင်တဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေအတွက် ရေးဆွဲသတ်မှတ်ထားတာတွေ ရှိပါတယ်။ ကျွန်မအနေနဲ့ သီးသန့်ဆွေးနွေးပွဲမှာရော၊ အများပြည်သူ ဆွေးနွေးပွဲတွေမှာပါ ပြောခဲ့တာကတော့  ကျွန်မတို့အနေနဲ့ လုပ် ဆောင်ချက်တစ်ခုကို လုပ်ဆောင်ချက်တစ်ခုနဲ့ တုံ့ပြန်ဆောင်ရွက်သွားမှာ ဆိုတာပါပဲ။ တစ်ကယ်လို့များ လုံလောက်တဲ့ တိုးတက်မှုများရှိခဲ့မယ်ဆိုရင်တော့ လုံးဝသိသာတာကတော့ ကျွန်မတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို စဉ်းစားသွားမယ်ဆိုတာပါပဲ။ ဒါပေမယ်လို့ ကျွန်မ အရင်ကပြောသလိုပဲ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ တွေ့ဆုံဆွေးနွေးမှုအဆင့်ဟာ အစဦးအဆင့်ပဲ ရှိသေးပါတယ်။ အဲဒီအဆင့်ကို လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကြိုးစားတည်ဆောက်ခဲ့ရတာပါ''ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။
Eleven Media Group
မြောက်ဥက္ကလာတွင် အမျိုးသမီးတစ်ဦး ပဟေဠိဆန်ဆန် သေဆုံး
မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှု ဖြစ်ပွားအပြီး ရက်ပိုင်းခန့်အကြာ မြောက်ဥက္ကလာပ မြို့နယ်အတွင်း၌ပင် နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၃၀ ခန့်က အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာဖြင့်  ပဟေဠိဆန်ဆန် သေဆုံး သွားကြောင်း သေဆုံးသူ၏ မိသားစုဝင်များနှင့် မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့စခန်းတို့က The Voice Weekly သို့ အတည်ပြု ပြောကြားသည်။ (၂) ရပ်ကွက် အာသာဝတီလမ်းရှိ ယောက္ခမဖြစ်သူ ကျူရှင်ဆရာ ဦးဌေးညွန့်၏ နေအိမ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က သေဆုံးသူ၏ ယောက္ခမနှင့် မိသားစုဝင်များသာ ရှိကြောင်း၊ ၎င်းတို့အနေနှင့် သေဆုံးသူ ဒေါ်ထက်ထက်အေးကျော် သေဆုံးသွားသည်ကို အဆိုပါအိမ်သို့ သွားရောက်စစ်ဆေးခဲ့သူ ဆရာဝန်၏ ဇနီးက အကြောင်းကြားမှသာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သိရှိရခြင်းဖြစ်ကြောင်း သေဆုံးသူ၏ အဘွားဖြစ်သူ ဒေါ်ယဉ်ယဉ်စိန်က ရှင်းပြသည်။
အဆိုပါ သေဆုံးမှုကို အတည်ပြုခဲ့သူ ဒေါက်တာလှမြင့်ကမူ ၎င်းကို ဦးဌေးညွန့်နေအိမ်မှ ဆရာဝန်လာပင့်သည့် အမျိုးသမီးက ဦးဌေးညွန့်၏ ဇနီး နေမကောင်းကြောင်း ပြောဆိုသဖြင့် လိုက်သွားခြင်း ဖြစ်သော်လည်း ၎င်းရောက်ရှိသွားသည့် အချိန်၌ အိပ်ရာထက်တွင် လဲလျောင်းနေသည်မှာ သေဆုံးသူ ဒေါ်ထက်ထက်အေးကျော် ဖြစ်ပြီး သေဆုံးသူ၏ ရင်ဘတ်ကို ဦးဌေးညွန့်၏ ဇနီးက တက်ဖိပြီး အသက်ကယ်နေသည်ကို တွေ့ရှိရကြောင်း၊ စမ်းသပ်ကြည့်ရှုသောအခါ နှလုံးခုန် ရပ်တန့်နေပြီး မျက်စိ သူငယ်အိမ်မှာလည်း ပိတ်နေသည့်အတွက် သေဆုံးပြီဟု အတည်ပြုပေးကာ ဆေးရုံသို့ စစ်ချက်ခံယူရန် ညွှန်ကြားခဲ့ကြောင်း ပြောကြားသည်။ “ကျွန်တော်က သေဆုံးတာကို အတည်ပြုပေးခဲ့တာပါ။ ဘာကြောင့် သေဆုံးရတယ် ဆိုတာကတော့ ဆေးရုံရဲ့ စစ်ချက်အရ ထိုးသွင်းဒဏ်ရာဆိုပြီး ပေါ်ထွက်လာတာပါ” ဟု ၎င်းကဆိုသည်။
သေဆုံးသူ၏ မိသားစုများနှင့် ဦးဌေးညွန့်တို့ မိသားစုမှာ ဆက်ဆံမှုမရှိကြဘဲ သမီးဖြစ်သူသာ မိဘအိမ်သို့ ဝင်ထွက်လေ့ရှိကြောင်း  အသုဘအိမ်အဖြစ် ပြင်ဆင်ထားသည့် ယုဇန (၃) လမ်းတွင် နေထိုင်သော သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်အေးအေးမြင့်က မျက်ရည်သုတ်လျက် ပြောဆိုသည်။ “အစက သူတို့ (ဦးဌေးညွန့်မိသားစု) က နှလုံးရောဂါနဲ့ သေတာဆိုပြီးပြောတာ။ ဆေးရုံက စစ်ချက်နဲ့မှ ထိုးသွင်းဒဏ်ရာ ဖြစ်သွားတာ။ အမှုမှန် ပေါ်ပေါက်စေချင်တယ်” ဟု သေဆုံးသူ၏ အဘွားဖြစ်သူက ရင်ဖွင့်သည်။ ယောက္ခမဖြစ်သူ ကျူရှင်ဆရာ ဦးဌေးညွန့်ကမူ “အမှုမှန် မပေါ်သေးတဲ့အတွက် ဘာမှ မပြောချင်သေးဘူး” ဟု The Voice Weekly သို့ ပြောဆိုသည်။ ချွေးမဖြစ်သူ သေဆုံးချိန်တွင် ၎င်း၏သားမှာ နေအိမ်တွင် မရှိကြောင်း ၎င်းက ပြောဆိုသည်။ မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးကလည်း ယင်းအမှုကို အတည်ပြုထားပြီး လောလောဆယ်တွင် သေမှုသေခင်းဖြင့်သာ စစ်ဆေးနေဆဲဖြစ်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က အတည်ပြု ပြောကြားသည်။
Source; www.yatanarpon.com.mm
ဘာမှ မလုပ်ဘဲ ဝယ်ထားတဲ့ မြေလွတ်စာရင်း ကောက်ယူမည်
စက်မှုဇုန်၊ ဟိုတယ်ဆောက်မယ်စတဲ့ လုပ်ငန်းပြပြီးမြေလွတ်တွေ အများကြီးဝယ်ယူကာ ဘာမှ မလုပ်ဘဲ ထားတဲ့လုပ်ငန်းရှင်းတွေကို စာရင်းကောက်ယူပြီးရှင်းမယ်လို့ စက်မှု-၂ ဝန်ကြီးဌာနတွေ့ဆုံပွဲက သိရတယ်။ စက်မှုဇုန်အဖြစ်နဲ့မြေတွေ လျော်ကြေးပေးသိမ်းထားတာ၊ ဟိုတယ်တွေပြီးအောင် မဆောက်တဲ့ မြေလွတ်စာရင်းတွေ ကောက်ပြီးရှင်းဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ လုပ်မှာဖြစ်တယ်။ စက်ရုံတွေအနေနဲ့ လိုသလောက်ပဲ မြေယူခွင့်ရမှာဖြစ်တယ်။ ပိုပြီးယူထားလို့မရအောင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စိစစ်နေတယ်လို့ စက်မှု ၁၊ ၂ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ဆိုပါတယ်။ သူက “ဘိလပ်မြေစက်ရုံးတစ်ခု လုပ်မယ်ဆိုပြီး မြေဧက ထောင်ချီလျော်ကြေးပေးဝယ်သိမ်းခွင့် မပြုဘူး။ လိုသလောက်ပဲယူရမယ်၊ လုပ်ပိုင်ခွင့်ပြုထားတဲ့ လုပ်ငန်းတွေ အနေနဲ့ ပတ်ဝန်းကျင်နဲ့လူ့အဖွဲ့အစည်းအပေါ် ထိခိုက်မှုနည်းအောင် လုပ်ရမယ်” လို့ ပြောပါတယ်။ အရင်က ခွင့်ပြုထားတဲ့ လုပ်ငန်းတွေ အနေနဲ့ အခုအချိန်မှာ အမြန် အကောင်အထည်ဖော်ဖို့လိုမှာ ဖြစ်ပါတယ်။ သည်နေ့လက်ရှိခေတ်မှာ မြေလွတ်က ရှားလာပါတယ်။ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးတွေမှာ မြေလွတ်မရှိတော့ဘူး။ လယ်နဲ့ သစ်တောကလွဲလို့ မြေလွတ်က အတော်ရှားလာတယ်။ စက်မှုလုပ်ငန်း လုပ်ချင်လို့ မြေလိုချင်ရင် နယ်စွန်နယ်ဖျားတွေသွားမှ ရမယ်။ ရန်ကုန်ရဲ့ မြေတစ်ဧက တန်ဖိုးကလည်း ဈေးအရမ်းများနေပြီလို့ ဆိုပါတယ်။ “သတ်မှတ်ကာလ တစ်ခုမှာလုပ်ငန်းပြီးအောင် လုပ်ရမယ်၊ အဲဒီလိုမဟုတ်ဘဲ ဟိုတယ်ဆောက်ဖို့ ငွေစောင့်တာ၊ မြေတန်ဖိုးတက်လာတာအောင် စောင့်တာ၊ မြေဧက အများကြီးဝယ်ပြီးဘာမှ မလုပ်တာမျိုး ခွင့်မပြုတော့ဘူး” လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရှိစက်မှုဇုန်အများစုက ကားထုတ်လုပ်နေပါတယ်။ အချို့ စက်မှုဇုန်တွေကို တိုးချဲ့မှာဖြစ်ပြီး အချို့စက်မှုဇုန်ဟောင်းတွေကို အဆင့်မြှင့်ဖို့လုပ် နေတယ်။ မြေဝယ်သူအများစုက ဈေးပေါချိန် မြေလွတ်တွေဝယ်ထားပြီး နောက် ပြန်ရောင်းငွေရှာတယ်။ မြေပေါ်မှာ စက်မှုလုပ်ငန်းလုပ်ပြီး ရှာတာမျိုးမဟုတ် ဘူးလိုဆိုကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar News Now
မြောက်ကိုရီးယားနှင့် စစ်ရေး အဆက်ဖြတ်မှာကို အမေရိကန် ကြိုဆို
 မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ထားရှိသည့် စစ်ရေးဆက်ဆံမှုကို ဖြတ်တောက် သွားမည်ဟု မြန်မာအစိုးရ၏ တုံ့ပြန်မှုအပေါ် ကြိုဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုလိုက်သည်။
ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့များနှင့် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံမှုအပြီး နေပြည်တော် သင်္ဂဟဟိုယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်း
ဖြစ်သည်။
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ တို့ကို အစိုးရအနေနဲ့ အကောင် အထည်ဖော်ဖို့ ကျမတို့ မျှော်လင့်ပါတယ်။ အစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်တဲ့ အပေါ် ကျမတို့ ကြိုဆိုထောက်ခံပါတယ်” ဟု မစ္စစ် ဟီလာရီကလင်တန်က ပြောသည်။
ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၇၁၈ နှင့် ၁၈၇၄ မှာ မြောက်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် စစ်လက်နက် ပစ္စည်းများအား အခြားကမ္ဘာ့နိုင်ငံများမှ ဝယ်ယူခွင့် မပြုရန် ဖြစ်သည်။
shwemannmeetcalinton2
မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ထားရှိသည့် စစ်ရေးဆက်ဆံမှုကို ဖြတ်တောက်သွားမည်ဟု မြန်မာအစိုးရ၏ တုံ့ပြန်မှုအပေါ် ကြိုဆိုကြောင်း ဟီလာရီ ကလင်တန်က ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)
ကလင်တန်မှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်ကာ ဒီဇင်ဘာလ ၁ ရက် အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့ရာတွင် သမ္မတအပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း၊
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ သည်။
မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် ဆက်ဆံရေး တိုးမြှင့်လိုပါကလည်း နျူကလီးယားလက်နက် မပြန့်ပွားမှု ဆန့်ကျင်
ရေး နိုင်ငံတကာ သဘောတူညီချက်များအား လိုက်နာနိုင်မှသာလျှင် အဆင်ပြေနိုင်မည်ဟုလည်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးက သတိပေးထားသည်။
ကန်နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်မှာ မြန်မာနှင့် မြောက်ကိုရီးယားကြား လျှို့ဝှက်ဆက်ဆံမှုနှင့် ဒုံးလက်နက် နည်းပညာ ကိစ္စတို့အား အဓိကထား ဆွေးနွေးသွားမည်ဟုလည်း နိုဝင်ဘာလ ၂၉ ရက်က
တောင်ကိုရီးယား နိုင်ငံ ဘူဆန်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အကြီးအရာရှိတဦးက ပြောဆိုခဲ့သေးသည်။
“ဆုံးဖြတ်ချက်တွေ ဘယ်လိုချတယ်ဆိုတာက မြန်မာနိုင်ငံမှာ သိရဖို့က ခက်ခဲတယ်။ ရှင်တို့သိတဲ့အတိုင်း ကျမ အရင်က ပြောခဲ့သလို အာရှမှာရှိတဲ့ နိုင်ငံနှစ်နိုင်ငံကတော့ ဆုံးဖြတ်ချက်တွေ၊ နောက်ကွယ်က ကျိတ်ပုန်းခုတ်နေ တာမျိုးတွေ ဘယ်လိုချတယ်ဆိုတာ ကျမတို့ သိရခဲ့ဆုံးပဲ။ မြန်မာနဲ့ မြောက်ကိုရီးယားလိုမျိုးပေါ့။ အဓိက ကတော့ ဒုံးလက်နက် နည်းပညာကိစ္စပါပဲ” ဟု ယင်းအရာရှိက ဆိုထားသည်။
မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများ ရှိခဲ့သည်မှာ မှန်ကန်သော်လည်း နျူကလီးယား လက်နက် ကိစ္စတွင်မူ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း ယခင်စစ်အစိုးရ တတိယခေါင်းဆောင် ဖြစ်ခဲ့သူ သူရဦးရွှေမန်းက ငြင်းဆိုခဲ့သည်။
“တချို့စွပ်စွဲတာကတော့ နျူးကလီးယားကိစ္စ အပါအဝင်မိမိသွားပြီးတော့ လက်မှတ်ထိုးခဲ့တယ်လို့ပြောတယ်။ မဟုတ်ပါဘူး။ နျူကလီးယားကိစ္စဆိုတာ အင်မတန်မှ ကြီးမားတဲ့ကိစ္စပါ။ ဒီကိစ္စ မိမိ လတ်မှတ်ထိုးလို့လည်း ရနိုင်တဲ့ အနေအထားမဟုတ်ပါဘူး” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ဒီဇင်ဘာလ ၁ ရက်နေ့က
ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောဆိုခဲ့သည်။
သို့သော် မြန်မာ့ တပ်မတော်စွမ်းရည်မြင့်တင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်
ရေးထိုးခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေးလက်နက်စက်ရုံ၊ လေယာဉ်နှင့် သင်္ဘောကိစ္စရပ်များကိုလည်း လေ့လာမှု
ပြုခဲ့သည်။
“အမေရိကန်နိုင်ငံမှာ မိမိတို့ သိထားတာထက် လွန်ကဲသော ထောက်လှမ်းရေးစနစ်ရှိပါတယ်။ လူပုဂ္ဂိုလ်တင် မကဘူး။ နည်းပညာထောက်လှမ်းရေးတွေရှိပါတယ်။ ဟိုတုန်းက မိမိ ဗိုလ်ချုပ်ကြီးတယောက်အနေနဲ့ အဲနိုင်ငံ သွားတဲ့အခါမှာ မိမိသွားတဲ့အကြောင်းလဲ သူသိနေမှာပဲ။ မိမိဘာတွေလုပ်နေတယ်ဆိုတာလဲ သိနေမှာပဲ” ဟု ယခင်စစ်အစိုးရ တတိယခေါင်းဆောင်က မီဒီယာများကို ထုတ်ဖော်ခဲ့သည်။
ယခုကဲ့သို့ မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု ဖြတ်တောက်မည်ဟု ပြောဆိုနေချိန်မှာပင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှာ တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုဝင်ဘာလ ၃ဝ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။
တရုတ်ပြည်ခရီးစဉ်အတွင်း တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာရေးနှင့် ဒေသတွင်း လုံခြုံရေး ခြိမ်းခြောက်မှု ဆိုင်ရာ ကိစ္စရပ်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့သည်။
ယင်းအပြင် ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ကာ တပ်မတော်နှစ်ရပ် ချစ်ကြည်မှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရအာဏာပိုင်များနှင့် နှစ်နိုင်ငံ သံတမန်တိုးမြှင့်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး၊ မြေမြှုပ်မိုင်းဖော်ထုတ်ရေး၊ ပညာရေးနှင့် အသေးစား ငွေချေး လုပ်ငန်းများတွင် အမေရိကန်ဘက်မှ ကူညီရန် ကိစ္စများ ဆွေးနွေးခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံသို့ လူ့အခွင့်အရေးအဖွဲ့များ ဝင်ရောက်ခွင့်ပြုရန်၊ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ကိစ္စနှင့် လွတ်လပ်မျှတသည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရေးကိစ္စတို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
“နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ပေးဖို့ ကိစ္စ ဒီလို တိုက်တွန်းပါတယ်။ တိုက်တွန်းတဲ့အခါမှာ မိမိဘက်က ဖြေတာ ကတော့ တိုင်းရင်းသားများ ပြန်လည် စည်းလုံးညီညွှတ်ရေးနဲ့ နိုင်ငံသားများအားလုံး ပါဝင်ဆောင်ရွက် နိုင်ရေး အတွက် နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ပါဝင်နိုင်ရေးအတွက် သူတိုက်တွန်းသွားတဲ့ကိစ္စ မိမိတို့ဘက်က အစွမ်းကုန် ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကတိပြုလိုက်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ပြောဆိုခဲ့သည်။
သို့သော် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ကမူ သန့်ရှင်းမျှသည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ
ပေးရန်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိသော်လည်း နိုင်ငံရေး အကျဉ်းသားများမှာမူ အချိန်တန်ပါက သူ့ဟာသူ ထွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်အမတ်များကို ပြောဆိုခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ ပြောဆိုမှုမှာ ဒီဇင်ဘာလ ၁ ရက် နေ့လယ် ၁၂ နာရီခွဲတွင် မစ္စစ်ကလင်တန်နှင့် တွေ့ဆုံမှုအပြီးတွင်
ပြောဆိုခဲ့ခြင်း ဖြစ်ကာ ယင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
“သူ ( ကလင်တန်) အကြံပြုတာကတော့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးပြီးတော့တဲ့ ဒီကိစ္စတွေ အားလုံးကို ဖြတ်လိုက်ပါတော့တဲ့။ ဦးခင်အောင်မြင့်က သူ ထွက်သွားတော့မှ ပြောတာပေါ့နော်။ ကလင်တန်
တောင်းဆိုတဲ့ အချက်တွေက မဖြစ်နိုင်စရာတွေ မရှိဘူးပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားဆိုတာလည်း သူ့အချိန်
စေ့ရင် ထွက်သွားမှာပဲတဲ့” ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြန်ပြောပြသည်။
ကလင်တန်မှာ ယနေ့တွင်လည်း ရန်ကုန်မြို့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံမည်ဖြစ်ကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဦးမည်
ဖြစ်သည်။
ယင်းနောက် လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံမှ
ပြန်လည်ထွက်ခွာမည် ဖြစ်သည်။
နယူးဒေလီ (မဇ္ဈိမ) ။        ။
ရွှေည၀ါဆရာတော် ဟီလာရီ ကလင်တန်နှင့်တွေ့စဉ် ပြည်တွင်းစစ်ကြောင့် လူမှုဒုက္ခများကို အသိပေး
Prominent monk  focused on ethnic civil war
ဒီဇင်ဘာ ၂၊ ၂၀၁၁ (YPI)
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နှင့် ပြည်တွင်းမှ လူမှုအဖွဲ့အစည်းမှပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ် ရွှေည၀ါဆရာတော်က ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသည့် အဖြစ်အပျက်များကို အဓိကထား အသိပေးပြောဆိုလိုက်သည်။
ဆရာတော်သည် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နှင့် တွေ့ဆုံသည့် သတင်းစာဆရာ လူမှုရေး ကူညီသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်း  ၁၀ ဦးအနက်တဦး အပါအ၀င်ဖြစ်သည်။
ဆရာတော်က “ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီး ဦးသိန်းစိန်တို့ မသိသေးတဲ့ တကယ့်အဖြစ်မှန်ကို ဘုန်းကြီးသိထားပါတယ်လို့” နိုင်ငံခြားရေး ၀န်ကြီးအား အသိပေးပြောဆိုခဲ့သည်။
ယမန်နေ့ညက အမေရိကန် သံရုံးယာယီတာဝန်ခံအိမ် ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရသည့် ဟီလာရီ ကလင်တန် (ဓါတ်ပုံ AFP)
၎င်းက ဗန်းမော်တွင် မိတကွဲ ဖတကွဲ ကမ့်ထဲ ရောက်ရသည့် သက်ကြီးရွယ်အိုများ၊ တောထဲတောင်ထဲ ပြေးလွှားစားသောက်နေရသည့် အခြေအနေအားလုံးကိုပြောပြခဲ့သည်ဟု ဆိုသည်။ ဆရာတော်ကပင် “အဓိကက ပြည်တွင်းငြိမ်းချမ်းရေး အများကြီးလိုတယ်၊ ဗြဟ္မစိုရ် တရားထွန်းကားတယ်ဆိုတဲ့ ဘုန်းကြီးတို့နိုင်ငံမှာ ဇီဝိတ ကရုဏာဆိုတဲ့ တရားချိုးဖောက်ခံရဆုံးကလည်း ဘုန်းကြီးတို့ နိုင်ငံပဲ” ဟု ပြောပြခဲ့သည်လည်း ပြောသည်။
ဆရာတော် ပြောဆိုသည်များကို ဟီလာရီ ကလင်တန်က စကားပြန်မှ တဆင့် အာရုံစိုက်နားထောင်ပြီး ခေါင်းညိတ်သည်ဟု လည်းဆရာတော်က ပြောသည်။
ဟီလာရီ ကလင်တန်နှင့် ယနေ့တွေ့ဆုံသူ ၁၀ ဦးတွင် အန်အယ်ဒီ အိတ်ခ်ျအိုင်ဗီဝေဒနာသည် ကူညီသူ မဖြူဖြူသင်း၊ သတင်းစာဆရာ မောင်ဝံသ၊ နာရေး ကူညီမှု အသင်းမှ ဒေါ်ရွှေဇီးကွက်၊ မြန်မာအီးဂရက်စ်မှ ဒေါက်တာနေ၀င်းမောင်၊ ဗေဒါအခမဲ့စာသင်ကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်း၊ မလှလှစိုး၊ ၈၈ မျိုးဆက်ကျောင်းသား မဇင်မာအောင်၊ Generation Wave မှ ကိုဇေယျာသော်၊ လူရွှင်တော် ဇာဂနာတို့ ဖြစ်သည်။
မဖြူဖြူသင်းက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံမှုအပေါ် မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ သွားနေသည့်အချိန်တွင် ဒီမိုကရေစီ တိုင်းပြည် နိုင်ငံကြီးမှ လာရောက်သည့်အတွက် အကောင်းမြင်ကြောင်းနှင့်ု့ “မြန်မာပြည် အပြောင်းအလဲဖြစ်နေတဲ့ အချိန်မှာရောက်လာတဲ့ အတွက် ကျွန်မတို့အတွက် အများကြီး အကျိုးရှိမယ်လို့ မျှော်လင့်တယ် ”ဟုပြောသည်။
သတင်းစာဆရာ မောင်ဝံသက “မြန်မာပြည်မီဒီယာ နှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့အကြောင်းနဲ့ လေ့ကျင့်သင်ကြားဖို့လိုအပ်တဲ့အကြောင်း၊ အကျဉ်းကျ မီဒီယာသမားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ ၀ိုင်း ၀န်းဆောင်ရွက်ဖို့ အကြောင်းပြောခဲ့တယ်” ဟု YPI သို့ပြောသည်။
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည်  နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်သည့် အမေရိကန် အစိုးရခေါင်းဆောင် တဦးဖြစ်သည်။ မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဟီလာရီသည် ယနေ့နံနက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ နေ့ခင်းပိုင်းတွင် ယခုလို လူမှုရေး နယ်ပယ်မှ ပုဂ္ဂိုလ် များနှင့် တွေ့ဆုံခြင်းဖြစ်သည်။    ။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်