ရပ်ကွက်လူထု မလိုလားသည့် အုပ်ချုပ်ရေးမှူးအား ပြန်ခန့်၍ ကန့်ကွက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ရပ်ကွက်နေလူထုက ကန့်ကွက်ထားသည့် ပုဂ္ဂိုလ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည်ခန့်အပ် လိုက်သဖြင့် ယင်းရပ်ကွက်လူထုက လက်မှတ်ရေးထိုးကာ ပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်တိုင်ကြားလိုက်ကြသည်။
အတိုင်ခံရသူမှာ သံတွဲမြို့ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ခေါ် ဦးပါကြီးဖြစ်၍ ၎င်းသည်  ရပ်ကွက်သားများထံမှ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးကောက်ခံသည့် အချက်ကို ရပ်ကွက်နေလူထုက သြဂုတ်လ ၁၇ ရက်နေ့တွင်တိုင်ကြားရာမှ တာဝန်မှ ရပ်ဆိုင်းခံခဲ့ရသည်။
ထိုသို့ ရပ်ဆိုင်းပြီး သီတင်းတပတ်အကြာတွင် အုပ်ချုပ်ရေးမှူးအသစ် ပြန်လည် ရွေးချယ်ရန်ခဲ့ရာ ဦးမောင်ချေက ထောက်ခံမဲ အများဆုံးရ၍ ဦးဝင်းလတ်က ဒုတိယအများဆုံးရကာ ဦးကျော်နိုင်မှာ ထောက်ခံမဲ ၅၈ မဲဖြင့် အနည်းဆုံးရခဲ့သော်လည်း စက်တင်ဘာ ၂၄ ရက်နေ့တွင် ဦးကျော်နိုင်အား ပြန်လည် ခန့်အပ်လိုက်ကြောင်း  ပြည်နယ် စည်ပင်ဝန်ကြီးက လက်မှတ်ထိုးထားသည့် စာထွက်ရှိလာခဲ့သည်။
ယင်းကဲ့သို့ ရပ်ရွာမှ မနှစ်သက်သူကို အုပ်ချုပ်ရေးမှူး ပြန်လည်ခန့်အပ်သည့် ကိစ္စကို ရပ်ကွက်ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက စုပေါင်းလက်မှတ်ထိုးကာ စက်တင်ဘာ နောက်ဆုံးပတ်တွင် ပြည်နယ်စည်ပင်ဝန်ကြီးထံသို့ တိုင်ကြားခဲ့သော်လည်း နိုဝင်ဘာလအထိ အကြောင်းမထူးသောကြောင့် ရပ်ကွက်သားများပါ  စုပေါင်းပါဝင်ကာ ယခုလ ၁၈ ရက်က ပြည်နယ်ဝန်ကြီးချုပ်ထံသို့ စာဖြင့်ထပ်မံတိုင်ကြားခဲ့သည်။
“မဲအပြတ်အနိုင်ရခဲ့သူ တစ်ယောက်ကိုမခန့်ပဲ၊ ထောက်ခံမဲအနည်းဆုံး ကန့်ကွက်မဲအများဆုံးသူ ကရသွားတယ်ဆိုတော့ မစဉ်းစားတတ်အောင်ပါပဲ” ဟု ရပ်ကွက်သားတစ်ဦးကပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်စဉ်က ရွေးချယ်ပုံနည်းလမ်းနှင့် ကြိုတင်လျာထားသူရှိမရှိ ရပ်ကွက်လူထုက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးကြီး ဦးလှရွှေကိုမေးမြန်းခဲ့ရာတွင် ၎င်းတို့အနေဖြင့်ကြိုတင်လျာထားသူများ မရှိကြောင်း ဒီမိုကရေစီ စနစ်အရလူထုဆန္ဒကိုသာ ခံယူမည်ဟု ဖြေဆိုခဲ့သည် ဟု ရပ်ကွက်နေသူတဦး ကပြောသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအဖွဲ့တွင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးကြည်စိုးထွန်း၊ စာရေးကြီးဦးလှရွှေနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှနိုင်အေးတို့ပါဝင်ကြသည်။
စာပို့ပြီးလနှင့်ချီကြာသော်လည်း အကြောင်းမထူးသဖြင့် ယခုလ  (၂၅)ရက် က တဖန် ပြည်နယ်ဝန်ကြီးချုပ်ထံ ဖုန်းဆက်ပြီးစုံစမ်းရာ ၀န်ကြီးချုပ်က သူ့ဆီသို့တိုင်စာရောက်လာကတည်းက တစ်ခုခုမှားနေပြီဆိုတာသိကြောင်း၊ အတိုင်အတော မလုပ်ရန် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ အားပြဿနာ မရှာရန်နှင့် လတ်တလော ခန့်ခြင်း  ဖြုတ်ခြင်း ပြုလုပ်ဖို့ မလွယ်သောကြောင့် တစ်လခန့်စောင့်ကြည့်ပေးရန်သာ နှစ်သိမ့်ပြောဆိုခဲ့သည်ဟု  မေးမြန်းသူများ က ပြောပြသည်။
လက်မှတ်ထိုးရာတွင်ပါဝင်ခဲ့သူတစ်ဦးက “ခုထိဘယ်သူမှအရေးယူဆောင်ရွက်ပေးတာ မရှိသေးဘူး ဒါဆိုရင်ဘာဖြစ်လို့ဆန္ဒခံယူပွဲလုပ်တာလဲ လို့ မေးရတော့မယ် ”ဟုသူ၏မကျေနပ်ချက်ကို ပြောသည်။
ရပ်ကျေးဥပဒေဟု ခေါ်ဆိုသည့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေမူကြမ်း ဥပဒေကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် လွှတ်တော်မှ ဆွေးနွေးအတည်ပြုခဲ့ပြီဖြစ်သည်။ အဆိုပါ ဥပဒေမူကြမ်းတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး များ ရွေးချယ်ရာ တွင် ရပ်ကွက်ရှိ ဆယ်အိမ်မှူးများက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။  ဆယ်အိမ်မှူးများအား ရပ်ကွက် ရပ်မိရပ်ဖများက မဲပေးရွေးချယ်သွားမည်ဟုလည်း ဖေါ်ပြထားသည်။ အဆိုပါ ဥပဒေအတည်ဖြစ်စေရန် မကြာမီ သီတင်းပတ်များ အတွင်း သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်လိမ့်မည်ဖြစ်သည်။
ရန်ကုန်မြို့ မြို့နယ်အချို့တွင် ယခုနှစ် မေလက  ခန့်အပ်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုမူ ယင်းမြို့နယ်အပိုင် လွှတ်တော်ကိုယ်စားလှယ်များကသာ ရွေးချယ်ခန့်အပ်ခဲ့ကြသည်ဟု ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတဦးကပြောသည်။ ၎င်းတို့အနေဖြင့် မခန့်အပ်မီ အသိပေးခံရခြင်းမျိုး မရှိခဲ့ကြောင်းလည်း ဖြည့်စွက်ပြောဆိုသည်။
သံတွဲ၊ နိုဝင်ဘာ ၂၈၊ ၂၀၁၁ (YPI)
အရည်အချင်းတူလျင် အမျိုးသမီးဦးစားပေးမည်ဟု NLD ဆို
နိုဝင်ဘာ ၂၈၊ ၂၀၁၁ (YPI)
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အမတ်လောင်းရွေးချယ်ရမည့် စံသတ်မှတ်ချက် ပြင်ဆင်ထားခြင်း မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက YPI သို့ပြောသည်။
သို့ရာတွင် ဦးစားပေးမည့် အချက်အလက်များတွင် ပညာအရည်အချင်း၊ အတွေ့အကြုံ၊ တိုင်းရင်းသား ဖြစ်ခြင်း၊ အမျိုးသမီးနှင့် လူငယ်စသည့် အချက်အလက်များပါဝင်သည်ဟုလည်း ဦးဉာဏ်ဝင်းကဆိုသည်။  “ အရည်အချင်းချင်း တူရင် အမျိုးသမီးကိုပဲ ဦးစားပေးမယ်” ဟုလည်း ၎င်းက ရှင်းလင်းပြောဆိုသည်။
အန်အယ်ဒီပါတီ ပြန်လည်မှတ်ပုံတင်မတင် ဆုံးဖြတ်သည့် နိုဝင်ဘာ ၁၈ ရက်နေ့က မြင်ကွင်း
လောလောဆယ်အနေအထားတွင် အန်အယ်ဒီအနေဖြင့် ပါတီတည်ထောင်ခွင့် ပြန်လည် လျှောက်ထားဆဲဖြစ်သကဲ့သို့ အစိုးရဘက်မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှလည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကို မကြေညာသေးသည့်အတွက် အန်အယ်ဒီအနေဖြင့် မဆုံးဖြတ်ရသေးခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အန်အယ်ဒီမှ တည်ထောင်ဖွဲ့စည်းမည့် ပါတီသစ်တွင် ၀င်ရောက်လိုသူများအား အရေအတွက် ကန့်သတ်ချက် မထားရှိပဲ အဖွဲဝင်ဖြစ်ရန် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို လက်ခံမည်ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုလိုက်သည်။ မကြာခင်ရက်ပိုင်းက သတင်းဖေါ်ပြချက်အချို့တွင် ပါရှိသကဲ့သို့ အဖွဲ့ဝင်အရေအတွက် ကန့်သတ်ထားခြင်း မရှိကြောင်းကိုလည်း ၎င်းကအတည်ပြုပြောဆိုသည်။
အဖွဲ့ဝင် တယောက်ဖြစ်ရန် အရည်အချင်းနှင့် ပြည့်စုံပါက လက်ခံသွားမည်ဟု လည်းဖြည့်စွက်ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယခင်သီတင်းပတ် နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် လာမည့်ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့် အချိန်နှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း မကျင်းပမီ ၃ လအလိုတွင်ကြေညာရမည် စည်းမျဉ်းကို ပြန်လည်ကိုးကား ပြောဆိုသွားခဲ့သည်။
ယခုလက်ရှိသိရှိရသမျှ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ရန် လစ်လပ်နေရာ ၄၈ နေရာ ရှိသည်ဟု သိရသည်။
အန်အယ်ဒီပါတီ အနေဖြင့် ပါတီအသစ်တည်ထောင်ရန် ပြီးခဲ့သည့် သောကြာနေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အဖွဲ့ဝင် ၂၁ ဦးဖြင့် သွားရောက်လျှောက်ထားခဲ့ရာ မကြာမီရက်ပိုင်းအတွင်း ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုပါက ပါတီနှင့် ပတ်သက်သည့် အလံ ၊ လိုဂို အစရှိသည်တို့ကို တင်ပြ၍ ပါတီမှတ်ပုံတင်သည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်မည်ဖြစ်သည်။       ။
ပါတီစည်းရုံးရေး အတွက်မဟုတ်ပါ
နိုဝင်ဘာလ ၂၅ ရက်နေ့၊ မွန်းလွဲ ၃ နာရီတိတိမှာ အမှတ် – ၅၄/၅၆၊တက္ကသိုလ်ရိပ်သာလမ်း၊ဗဟန်းမြို့နယ်ရှိ နေအိမ်တွင်
ဒေါ်အောင်ဆန်းစုကြည်က ဂီတအနုပညာရှင် များနှင့်တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ယင်းတွေ့ဆုံပွဲသို့ ဂီတအနုပညာရှင်များ ဖြစ်ကြသော တေးရေးဆရာများ၊ တူရိယာပညာရှင်များ၊ တေးဂီတဝိုင်း မန်နေဂျာများ၊   တေးထုတ်လုပ်စီစဉ်သူများနှင့် အဆိုတော်များ ပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က ဂီတအနုပညာရှင်များကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် ဂီတအနုပညာများ ဖန်တီး ပေးကြပါရန် ပန်ကြားခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်း အတွင်းတွင် ဂီတလောက အနုပညာရှင်များနှင့် တွေ့ဆုံရာ၌ အိမ်ရှေ့ ဆင်ဝင်အနီး မြက်ခင်းပြင်၌ ခုံများခင်းကာ စကားဝိုင်းသဖွယ် ရင်းနှီးစွာဆွေးနွေး ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းကို ယင်းစကားဝိုင်းတွင် ပါဝင်ခဲ့သူ အနုပညာရှင်များက   ပေါ်ပြူလာသို့ ယခုလိုဖြေကြားပေးပါသည်။
ဆောင်းဦးလှိုင်
“တကယ်တမ်းစကား ပြောကြတဲ့အခါမှာတော့ နိုင်ငံကျော်ဂီတပညာရှင်တွေကို အမေစုဘက် ကနေ ပါတီစည်းရုံးရေး အတွက်မဟုတ်ဘဲ တိုင်းပြည်မှာ ရှိနေတဲ့ လူတွေရဲ့ စိတ်ဓာတ်၊ ခွန်အားကိုမြင့်စေချင်တဲ့ နဂါးနီလိုသီချင်းမျိုးတွေ၊ နောက်လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ် တွေကို ကိုယ်ချင်းစာ ရမယ်။ အနာဂတ်အတွက် အားလုံးက စိတ်ကောင်း၊ နှလုံး ကောင်း ထားရမယ်ဆိုတဲ့ မက်ဆေ့ခ်ျ တွေပါတဲ့ သီချင်းတွေကို ရေးသား သီဆိုပြီးတော့ အခွေတစ်ခွေလောက် ထုတ်လုပ်စေချင်တာဖြစ်ပါတယ်။ ပါတီစည်းရုံးရေး သီချင်းတွေကိုအဆိုတော်တွေက ဆိုပေးစရာမလိုဘူး။ ပါတီအဖွဲ့ဝင်တွေကပဲ ဆိုမှာပါ။ ဒါ အင်မတန်မြင့်မြတ်ပြီး မွန်မြတ်တဲ့ လမ်းညွှန်ချက်လည်းဖြစ်တယ်။ အမေစုက စိတ်ဓာတ်မြင့်မားရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တွေကို ဇောင်းပေးသွားတယ်။ ဒါကြောင့် ဂီတအနုပညာရှင်တွေ အားလုံးကလည်း ဝမ်းသာအားရနဲ့ အကြဲံဥာဏ်တွေ ပေးကြ၊   ဆွေးနွေးညှိနှိုင်းကြတာတွေ တွေ့ခဲ့ရတယ်။ အကောင်အထည်ကိုတော့ အမြန်ဆုံး ဖော်စေချင်ကြတယ်။ ၁ လအတွင်းပေါ့။  Group Song တွေက ပိုများမယ်လို့ ခန့်မှန်းမိတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဦး ဆုံး ဂီတပညာရှင်တွေနဲ့ အမေစု ပျော်ပျော်ရွှင်ရွှင်၊ နွေးနွေးထွေးထွေးတွေ့ ခွင့်ရတာပါ။  အားလုံးပျော်ရွှင်ပြီးတော့ ပျော်ရွှင်ချမ်းမြေ့ကြတဲ့ နေ့လေးတစ်နေ့ပါ”။
ရင်ဂို
“AIDS  DAYအတွက် တေးသီချင်းတစ် ပုဒ်သီဆိုပေးထားတယ်။ ကိုသားထွေးတို့က ဒီနေ့အန်တီစုနဲ့ တွေ့ဖို့ရှိတယ်လို့ ပြောတယ်။ အဲဒါနဲ့လာဖြစ်တာပါ။ အခုလို တွေ့ခွင့်ရ တဲ့ အတွက်ဝမ်းသာပါ တယ်။ AIDSနေ့ကို အဖွဲ့ ချုပ်မှာ ကျင်းပမယ်လို့ သိရတယ်။ ဖိတ်လည်းဖိတ်ထားတယ်။ သီချင်းဆိုချင်လည်း ဆိုရမယ်”။
ထွန်းအိန္ဒြာဗို
“ဂီတလောကက လူတွေ ခေါ်လိုက်တော့ ရုပ်ရှင်လောကက လူတွေ သိပ်မသိလိုက်ကြဘူး။ မနေ့ညက ကိုဖိုးကာနဲ့တွေ့တော့ ဒီနေ့အစီအစဉ်ရှိတယ် ကြားတာနဲ့ လာဖြစ် သွားတာပါ။ ကိုယ့်ဘက်က ဘယ်နေရာကနေ ကူညီပေးနိုင်မလဲဆိုတဲ့ စိတ်တစ်ခု နဲ့လာခဲ့တာပါ။ ဆိုနိုင်တဲ့ သီချင်းကိုဆိုပါမယ်။ အမေစုကို သိပ်ချစ်ခင် လေးစားမြတ်နိုးတဲ့ အတွက် တာဝန်ကျေချင်တယ်”။
ဘိုဖြူ
“အခုလိုမျိုးတွေ့ဆုံတာက တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါဘူး။ အားလုံးအတွက် တကယ်ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပါ။ အခုနိုင်ငံတော်မှာ   ပြုပြင်ပြောင်းလဲမှု တွေလုပ်နေတဲ့အချိန်ပါ။ ပြည်သူတွေအတွက် ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲ အများအတွက်ပါ”။
လင်းအက္ခရာ၊ ထွဋ်မြတ်
ဟီလာရီ ကို လက်မှတ်တွေက စောင့်ကြီုနေ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး စုပေါင်းလက်မှတ်ရေးထိုးပွဲတခုကို နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ပြည်တွင်းစစ်တွေ ရပ်စဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့ဆိုတဲ့ လိုအပ်ချက်တွေကို အဓိကထား တောင်းဆိုထားတာပါ။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အားလုံးစုစည်းပြီး အခုလို လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။
ဒီလက်မှတ်ရေးထိုးပွဲကို ဘူးသီးတောင်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်ရဲ့ မိခင်ကြီး ကွယ်လွန်ခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ပြုလုပ်ခဲ့ကြတာလဲ ဖြစ်ပါတယ်။
ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာ ပြုလုပ်တဲ့ ဒီအလှုပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့က ကျင်းပခဲ့တာဖြစ်ပါတယ်။
မန္တလေး မြို့ခံများ မြို့စွန်များသို့ ရွှေ့ပြောင်းမှု များလာ
မန္တလေးမြို့တွင် အိမ်ခြံမြေ ဈေးကွက် မြင့်တက်မှု မျာကြောင့် ဒေသခံမန္တလေး သားများ မိမိနေထိုင်ရာအိမ်ရာများ ရောင်း ချ၍ မန္တလေးတောင်ခြေသို့ ပြောင်း ရွှေ့ဝယ်ယူလာကြကြောင်း မန္တလေး အိမ် ခြံမြေအကျိုးဆောင်များက ပြောကြား သည်။
မန္တလေးမြို့ခံများ အနေဖြင့် ယခင်နှစ် များက မြို့သစ်တွင် နေထိုင်မှုများပြားခဲ့ သော်လည်း ယခုနှစ် အောက်တို ဘာမှ စတင်၍ မြို့သစ်မြေဈေးများ နှစ်ဆကျော် မြင့်တက်လာသဖြင့် မြို့သစ်ရှိ ၎င်းင်းတို့ပိုင် မြေများရောင်းချ၍မန္တလေး တောင်ခြေသို့ ပြောင်းရွှေ့မှုများလာခြင်းဖြစ်ကြောင်း၊ ယ ခင်ကမြို့သစ်ခေါ် တွင်သည့် သိပ္ပံလမ်းတစ် လျှောက်တွင် မြေတစ်ကွက် လျှင် ကျပ်သိန်း ထောင်ချီဈေးပေါက်လာခဲ့သဖြင့် ရောင်းချမှု များဖြစ်ပေါ်လာခဲ့ကြောင်း၊ မန္တလေးတောင် ခြေတွင် မြေတစ်ဧကလျှင် ကျပ်သိန်း ၆၀၀ ခန့်သာ ပေါက်ဈေးရှိသဖြင့် ၀ယ်ယူ၍မြေ ကွက်ပြန်ဖော်ကာ ရောင်းချမှုများရှိလာ ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြားသည်။
မန္တလေးမြို့မြေဈေး များမှာ အဆမတန် မြင့်တက် လာခဲ့ရာတွင် ရတနာပုံတက္ကသိုလ် အနီးရှိ ထန်းတောရပ် မြေဈေးများမှာလည်း ယခင်က ကျပ်သိန်း ၄၀ ခန့်သာရှိခဲ့ရာမှ ယခုနှစ် အောက်တိုဘာမှစတင်၍ ကျပ် သိန်း ၁၅၀၊ ၂၀၀ အထိ အရောင်းအ၀ယ်ဖြစ် ပေါ်လာခဲ့ကြောင်း၊ ကျွဲဆည်ကန်ကားဝင်း တစ်ဝိုက်တွင်လည်း မြေဈေးများမှာ နှစ်ဆ ကျော်မြင့်တက်လာခဲ့ကြောင်း ၎င်း တို့ကဆို သည်။
“မန္တလေးသားတွေ မန်းတောင်ရိပ်ခို ကုန်ကြပြီ။ မန္တလေးမြေဈေးက ကပ်မရ အောင် ခေါင်ခိုက်နေပြီ။ တောင်ခြေမှာအ ကွက်ရိုက်ထားတာတွေမဟုတ်ဘူး။ ကွက် ပျောက်တွေအရောင်းအ၀ယ်ဖြစ်နေတာ” ဟု မန္တလေးမြို့အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။
ယခင်ဆယ်စုနှစ်ကျော်က လူနေထိုင် မှုနည်းပါးသည့်မြို့သစ်ဒေသမှာ ယခုအခါ တွင် လူနေထူထပ်လာပြီး မြေဈေးများ မြင့်တက် လာသဖြင့် ရောင်းချမှုများလာ ပြီး ဈေးကွက်ပိုမိုဖြစ်ထွန်းလာနေကြောင်း မန်းအိမ်ခြံမြေအကျိုး ဆောင်များက ပြော ကြားသည်။
မင်းသစ်သန့်
ရန်ကုန်မြို့ တွင် တောင်းရမ်း စားသောက် သူများအား ဖမ်းဆီး အရေးယူတော့မည်
ရန်ကုန်မြို့တွင်း နှင့် လမ်းဆုံလမ်းခွများ တွင် တောင်း ရမ်း စားသောက် သူများအား ဖမ်းဆီး အရေးယူ သွားတော့ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ယခုအခါ ရန်ကုန်မြို့ အတွင်း လမ်းဆုံ မ်းခွ၊ ဈေး ဆိုင်များနှင့် မီးပွိုင့် များတွင် တောင်းရမ်း စားသောက်သူ များ တစ်နေ့ တခြား များပြားလာသဖြင့် ဖမ်းဆီး အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ သိရ သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့ အတွင်း နေ့ စဉ်သွားလာ နေသူတစ်ဦးက “ရန်ကုန်မှာက နေ့စဉ် တောင်း ရမ်းနေတဲ့ သူတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့နေရတယ်။ လိုင်း ကားပေါ် တွေမှာလည်းရှိတယ်။ အထူးသဖြင့် တိုက်ကြီး- ဆူးလေအထူး ကားတို့၊ ဥက္ကံ- ဆူးလေကားတွေကိုစီးရင် မြို့ ထဲဝင်လာတာနဲ့ ကားပေါ်မှာ စာရွက် တွေလိုက်ဝေပြီး တောင်း တယ်။ တချို့ သန်သန်မာမာ နဲ့ လူငယ်လေးတွေ ဖြစ်နေတာ တွေ့ရတယ်။ နောက်ပြီး လမ်း ၃၀(အောက် လမ်း) ကားဂိတ်တို့၊ ပန်းဆိုးတန်းကားဂိတ်တို့မှာလည်း ပြန်စရာ လမ်းစရိတ်မရှိလို့ဆိုပြီး ပိုက်ဆံလိုက်တောင်းတာ အမြဲ လိုလိုကြုံ ရတယ်။ လူလတ်ပိုင်း အမျိုးသမီးတွေ လည်း ပါတယ်။ ဒီလိုတောင်းစား တာကို အသက်မွေးဝမ်း ကျောင်း လုပ်ငန်းလို လုပ်နေတယ်ဆိုရင်တော့ မကောင်း ဘူးပေါ့။ ဒါတွေကို စိစစ် အရေးယူသွားမယ် ဆိုရင် ကောင်းတာပေါ့”  ဟု သူ၏ အမြင်ကို သုံးသပ် ပြောကြားသည်။
ထွန်းလင်း
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့်  ဇီကျင်ပင် ဘေကျင်း မြို့ တွင် တွေ့ ဆုံ
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့်  ဇီကျင်ပင် ဘေကျင်း မြို့ တွင် တွေ့ ဆုံ
မြန်မာ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည် တရုတ်
သမ္မတဟူကျင်တောင် ၏ အရိုက် အရာ ကို ၂၀၁၃ ခုနှစ် တွင် ဆက်ခံ မည့် သူ လည်း ဖြစ် လက်ရှိ
တရုတ် ဒုတိယ သမ္မတ လည်းဖြစ်သည့် ဇီကျင်ပင် နှင့် တနင်္လာ နေ့ က တရုတ် ပြည် ဘေကျင်း
မြို့ တွင် တွေ့ ဆုံ သည် ဟု ဆင်ဟွာ သတင်း တွင် ဖော်ပြ ထား သည်။
မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ တရုတ်ပြည် ခရီး စဉ် သည်
အမေရိကန် နိုင်ငံ ခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာ နိုင်ငံ သို့ လာရောက် လည်
ပတ် ခြင်း မပြု မှီ ၂ ရက် အလို တွင် ဖြစ်သည်။
တရုတ် ဗဟို စစ်ကော်မရှင် ဒု ဥက္ကဌ ဇီကျင်ပင် က ” နှစ် နိုင်ငံ စစ်တပ် ပိုမိုကောင်းမွန်သည့်
အပြန် အလှန် ဆက်မှု များ ဖြင့် နက်နက် ရှိုင်းရှိုင်း ပူးပေါင်းသွား မည် ဟု ပြောကြား ခဲ့ ပြီး
မြန်မာ နိုင်ငံ သည် တရုတ် နိုင်ငံ ၏ မဟာ ဗျူဟာ မြောက် မိတ် ဆွေ ဖြစ်ကြောင်း ပြောဆို
ခဲ့ သည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် မြန်မာ စစ်တပ် အရာရှိ များ ၏ ခရီးစဉ် ကို တရုတ် အစိုးရ
အာဘော် ရုပ်သံ များ က အကျယ် တ၀င့် ထုတ် လွှင့် ပြ သခဲ့ သည် ဟု FNG က စုံစမ်း သိ
ရှိ ရသည်။
တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ နှင့် အမေရိကန် ဆက်ဆံ ရေး ပိုမို နီးနီးကပ်ကပ် နက်နက်
ရှိုင်းရှိုင်း ရှိ သွား မည် ကို အထူး စိုး ရိမ် နေပုံ ရကြောင်း နိုင်ငံခြား သံတမန် များ က သုံး
သပ် သည်။
ယနေ့ တွေ့ ဆုံ ပွဲ တွင် တရုတ် အစိုးရ ထိပ်တန်း အရာ ရှိ များ က မြန်မာ ကာကွယ်ရေး ဦး
စီးချုပ် ကို မျိုးဆက် သစ် မြန်မာ ခေါင်းဆောင် ဟု ခေါ် ဝေါ် သုံးစွဲ သည် ဟု ချိုင်းနား ဒေးလီ
က ရေးသား ထား သည်။
by FNG
ပုဒ်မ ၄၁၇ နှင့် နစ်နာနေရသော အမျိုးသမီးများ
ရန်ကုန်မြို့လယ်ရှိ ဈေးဝယ်ပြန် အမျိုးသမီးများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ - Flickr / Robin Thom)
လိမ်လည်ပြီး ကာမ ရယူမှုဖြင့် တိုင်တန်းသူ အမျိုးသမီးများကို တရားရုံးတွင် တွေ့ရတိုင်း စာနာစိတ်ဖြင့် နာကျင် ခံစားရကြောင်း တရားရေး ၀န်ထမ်း ဒေါ်ယဉ်ယဉ်လှိုင်က ပြောပြသည်။
ပုဒ်မ ၄၁၇ ဖြင့် တရားစွဲသူ မိန်းကလေး များစွာကို တွေ့ကြုံခဲ့ရဖူးပြီ ဖြစ်ကြောင်း ဒေါ်ယဉ်ယဉ်လှိုင်က ပြောပြသည်။ ပုဒ်မ ၄၁၇  ဆိုသည်မှာ အမျိုးသားတဦးက အမျိုးသမီးတဦးကို လက်ထပ်ပါမည်ဟု ယုံကြည်အောင် လိမ်လည် လှည့်ဖျားပြီး ကာမ ရယူမှု ဖြစ်သည်။
“တရားခွင်မှာ ရှက်စိတ်၊ နာကြည်းစိတ်နဲ့ အံခဲပြီး အစစ်ခံ ထွက်ဆိုနေတဲ့ သူတို့ကို မြင်ရတိုင်း ဘာလို့ မိန်းမတွေ ဒီလောက် ယုံလွယ်ရတာ လဲလို့ ကျမ ဘ၀င်မကျ ဖြစ်ရတယ်” ဟု အသက် ၄၀ ၀န်းကျင် ရှိပြီ ဖြစ်သည့် တရားရေး ၀န်ထမ်း ဒေါ်ယဉ်ယဉ်လှိုင်က ပြောသည်။
ထိုအမှုမျိုးကို နယ်ဒေသများတွင် ပိုမို တွေ့ရတတ်ပြီး သူ တာဝန်ကျ ခဲ့သည့် တရားရုံးများတွင် လစဉ် အနည်းဆုံး ၄ မှုခန့် ရှိသည်ဟု ဆိုသည်။
“အချစ်မှာ မျက်စိ မရှိတာလား၊ ဘာလားတော့ မသိဘူး။ ပုဒ်မ ၄၁၇ နဲ့ စွဲတဲ့ အမျိုးသမီးတွေက များသော အားဖြင့် ဆင်းရဲ နွမ်းပါးသူတွေ များတယ်။ ရှေ့နေတောင် မငှားနိုင်ဘဲ တရားရုံးကို အားကိုးတကြီး လာသူတွေပါ” ဟု လုပ်သက် ၁၈ နှစ် ရှိပြီ ဖြစ်သည့် ဒေါ်ယဉ်ယဉ်လှိုင်က ရှင်းပြသည်။
မကြာသေးမီက ရုပ်ရှင်မင်းသမီးတဦးက သူ၏ ရည်းစားဟောင်းကို ထိုပုဒ်မဖြင့် တရားစွဲထားကြောင်း စာနယ်ဇင်းမှတဆင့် ဖွင့်ချလိုက်သည်။
အကယ်ဒမီ ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို စွဲဆိုထားသည့် သတင်းက လူပြောများခဲ့သည်။
“လက်ထပ်ဖို့ ရည်ရွယ်ပြီးတော့မှ အတူ နေခဲ့ကြတယ်။ ပြီးတော့ သူက လက်ထပ်ဖို့ ပျက်ကွက်ပြီး လမ်းခွဲ သွားပြီးနောက် သူက တော်တော်ကို မိုက်မိုက် ရိုင်းရိုင်းကို ပြောတယ်ပေါ့နော်။ အဲဒါကြောင့်လည်း တရား စွဲဖြစ်တာပါ” ဟု ပန်းဖြူက ဧရာဝတီကို ရှင်းပြထားသည်။
ရုပ်ရှင်မင်းသမီးက ထိုသို့ တရားစွဲလိုက်ခြင်းကို တရားရေးဝန်ထမ်း ဒေါ်သီတာအေးက ထောက်ခံသည်ဟု ဆိုသည်။
“အမှန်တရားကို ရင်ဆိုင်ပြီး လုပ်ရဲ၊ ကိုင်ရဲဖို့ လိုအပ်တယ်။ တရှက်ကနေ နှစ်ရှက် ဖြစ်မယ် ဆိုပြီး ဒီလို ကိစ္စတွေကို
အနိုင်ကျင့်ခံရမှန်း သိသိကြီးနဲ့ ခံကြတာမျိုးကို အားမပေးဘူး၊ အမျိုးသမီးတွေ အမြင် ကျယ်ကျယ်နဲ့ ခုလို မဟုတ်မခံရဲတဲ့ သတ္တိ ရှိဖို့ လိုတယ်” ဟု ဒေါ်သီတာအေးက ပြောဆိုသည်။
အမျိုးသမီးများ၏ ရှက်တတ် ကြောက်တတ်ခြင်း၊ တရားရုံး ရောက်မည်ကို စိုးရွံ့ခြင်းတို့ကို အသုံးချကာ မုဒိန်း ကျင့်ခြင်း၊ လိမ်လည်ပြီး ကာမ ရယူခြင်း၊ ကိုယ်ထိ လက်ရောက် ရိုက်နှက်ခြင်း စသည့် ပြစ်မှုများ ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်နေကြသည်ကို တွေ့နေရသည်ဟု သူက ရှင်းပြသည်။
သို့သော်လည်း မြန်မာပြည်ရှိ တရားရုံးများက ထိုအမျိုးသမီးတို့ အားကိုးနိုင်ခြင်း ရှိမရှိမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
မြို့နယ် နှင့် ခရိုင် အဆင့် တရားရုံးများက သူ့အမှုကို ပယ်ချလိုက်သည်ဟု ပန်းဖြူက ဧရာဝတီကို ပြောသည်။
ရန်ကုန်မြို့မှ မကြည်ထွန်း ဆိုသူကလည်း ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူ၏ ဖြစ်ရပ်နှင့် ဆင်တူနေသည်။
လက်ထပ်မည်ဟု ကတိပေးပြီး ပျက်ကွက်ခဲ့သူ ကိုလူဇိုင်းကို  ထိုပုဒ်မ ၄၁၇  ဖြင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးတွင် တရား စွဲဆိုခဲ့သော်လည်း ပယ်ချခံရကြောင်း ပြောပြသည်။
“တရားရုံးက ပလပ် လိုက်ပါတယ်၊ ဗဟို ဆက်တက်ဖို့ ဆိုတာလည်း ကျမမှာ အင်အား မရှိတော့ပါဘူး။ ငွေများ တရားနိုင် ဆိုတာမျိုးပါ၊ ကျမနဲ့သူ သမီး ရည်းစား ဖြစ်ကတည်းက သူ လက်ထပ်မယ်လို့ ပြောဆို ကတိပေးလို့ အတူတူ နေခဲ့ပါတယ်” ဟု မကြည်ထွန်းက ပြောသည်။
ရန်ကုန်ရောက်တိုင်း မကြည်ထွန်းထံ လာတွေ့သူ ကိုလူဇိုင်းက လက်ထပ်မည်ဟု ဆိုသောကြောင့် အတူ နေခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် လက်ထပ်ရန် ငြင်းဆိုခဲ့သောကြောင့် တရားစွဲရခြင်း ဖြစ်ကြောင်း၊ ကိုလူဇိုင်းက အမှုနိုင်စေရန် တရားသူကြီးကို လာဘ်ထိုးထားကြောင်း မကြည်ထွန်းက ပြောသည်။
ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ် သို့မဟုတ် ငွေဒဏ် ချမှတ်နိုင်သော ဥပဒေ ပုဒ်မ ၄၁၇ နှင့် ရင်ဆိုင်ရသည့် အမျိုးသားများက ငွေကြေး တတ်နိုင်လျှင် အမှုကို ပလပ်စေရန် ဆောင်ရွက်လေ့ ရှိကြကြောင်း စုံစမ်း သိရှိရသည်။
တရားစွဲခံသူ အမျိုးသားများမှာ ထိုတရားလို အမျိုးသမီးတို့ထက် လူရည် ပိုလည်ပြီး ငွေ ပိုသုံးနိုင်သကဲ့သို့ အိမ်ထောင်သည်များလည်း ဖြစ်တတ်သည်ဟု တရားရေးဝန်ထမ်း ဒေါ်ယဉ်ယဉ်လှိုင်က ပြောသည်။
ထိုသို့ ကျောရရုံ ကြံခံရပါက တရားစွဲနိုင်ကြောင်း မသိနားမလည်သည့် အမျိုးသမီး အများအပြား ရှိနေကြောင်း   ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့မှ လုပ်ငန်းရှင် တဦးက ပြောသည်။
အမျိုးသမီးရေးရာအဖွဲ့သို့ ထိုလူမှုရေးပြဿနာများ တိုင်တန်းပါက တရားရုံးအထိ ရောက်စရာ မလိုဘဲ ဖြေရှင်းပေးကြောင်း၊ ကာမ ရယူပြီး လက်ထပ်ရန် ပျက်ကွက်သူများကို အမျိုးသမီးများ ဘက်က နစ်နာကြေး တောင်းပါက  ရပ်ရွာ လူကြီးများနှင့် တိုင်ပင်ကာ ညှိုနှိုင်းပေးကြောင်း သူက ပြောပြသည်။
လက်ရှိအခြေအနေတွင် မည်သို့ တိုင်ကြားရမည် ဆိုသည်ကို သိရှိမှု နည်းပါးခြင်း၊ ငွေကြေး မတတ်နိုင်ခြင်း၊ အမှု တရားရုံး ရောက်ပါက အလုပ် အကိုင် ပျက်ကာ စားဝတ်နေရေး ထိခိုက် စေနိုင်သောကြောင့် ငုံ့ခံကြသူ အများအပြားရှိနေကြောင်း သူက ဆိုသည်။
“ပိုဆိုးတာက မြန်မာ လူမှု ၀န်းကျင် ကိုက ဒါမျိုး ဖြစ်လာရင် မိန်းကလေးတွေကိုပဲ အပြစ် တင်ကြတယ်၊ ပြီးတော့ လူကြား သူကြားထဲမှာ တရား ရင်ဆိုင်ကြရမှာလည်း ရှက်ကြောက် တတ်ကြတယ်။ မဟုတ်မခံ တိုင်တတ်ဖို့တောင် တော်တော်လေး လုပ်ယူရမယ့် အနေအထားမှာ ရှိတယ်” ဟု သူက ပြောသည်။
ဤသို့သော ပြဿနာများ၏ ရင်းမြစ်မှာ လက်မထပ်ဘဲ အတူနေခြင်းကို လက်ခံ ကျင့်သုံးလာကြခြင်းကြောင့် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ ကထိက တဦးက သုံးသပ်သည်။
“စီးပွားရေး အကျပ်အတည်းက ကျမတို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အခြေခံ အကြောင်းရင်းပါပဲ၊ လူငယ်တွေ အရွယ် ရောက်လို့ လက်ထပ်ချင်တယ်၊ လက်ထပ်ဖို့ အဆင် မပြေသေးတော့ စိတ်အလို လိုက်ပြီး တည်းခိုခန်းတွေမှာ သွားနေကြတယ် အဲလို နေကြတဲ့အတွက် ကြုံကြရတဲ့ ပြဿနာတွေပါ” ဟု ကထိက ဆရာမက ပြောသည်။
လက်ထပ် ထိမ်းမြားရေးမှာ ယခင်ကလောက် မလွယ်ကူတော့သည့် အပြင် ဘ၀ မြင့်မားရေးကိုသာ အဓိက ထားလာသည့် အတွက် အိမ်ထောင်ပြု နောက်ကျလာကြကြောင်း၊ လူလတ်ပိုင်း အများအပြား လက်မထပ်ဘဲ လွယ်လွယ်ကူကူ အတူနေကြကြောင်း၊ သို့သော်လည်း ကိုယ်ကျူးလွန်ထားသော အမျိုးသမီးကို လက်ထပ် သင့်ကြောင်း ကထိက ဆရာမက ဆိုသည်။
ဤအမှုမျိုး ကြုံလာစေရန် အမျိုးသမီးများကို တွန်းပို့နေသော အခြေအနေများလည်း ရှိနေသည်ဟု မှော်ဘီ အထက ၃ မှ ဆရာမ တဦးက သုံးသပ်သည်။
“အခုခေတ်က သမီး မိန်းကလေး ဆိုရင် ပညာ သင်မပေးချင်ကြတော့ဘူး၊ အသက် ၁၂ နှစ် ၁၃ နှစ် အရွယ် ဆိုရင် အိမ်ဖော် လုပ်ခိုင်းလို့ ရနေပြီဆိုတာ သိတော့ ဆင်းရဲတဲ့ မိသားစု ၁၀ စုမှာ ၈ စုလောက်က သမီးတွေကို နည်းနည်း အရွယ် ရလာတာနဲ့ အိမ်ဖော်ပဲ လုပ်ခိုင်းကြတာ” ဟု  ဆရာမကြီးက ပြောပြသည်။
ကျောင်းဆရာမကြီး ကဲ့သို့ပင် ဗဟိုတရားရုံးချုပ်ရှေ့နေ ဒေါ်နီနီသိန်း ကလည်း အမျိုးသမီးများ ဆင်းရဲ နွမ်းပါးခြင်း၊ ပညာ ဆင်ခြင်ဉာဏ် နည်းပါးကြခြင်းတို့ကြောင့်  လိမ်လည်ပြီး ကာမ ရယူခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
“သူတို့ခမျာ လုံခြုံ စိတ်ချရတဲ့ ပတ်ဝန်းကျင်လည်း မရှိတတ်တော့ အပျိုဖြစ်ပြီ ဆိုတာနဲ့တင် စိတ် ကစားပြီး ယုံမှားလွယ်ကြတယ်၊ ဒါကို ယောက်ျားတွေက အသုံးချလာကြတာ” ဟု ဒေါ်နီနီသိန်းက ပြောသည်။
ကြည်ဝေ ---- ဧရာဝတီ
မှတ်ချက်။    ။ အခုတော့ အမျိုးသမီးတွေ အမျိုးမျိုးအလိမ်ခံနေရတဲ့ သတင်းကြားသိနေရတဲ့အတွက်
ဆောင်းပါးရှင် ကြည်ဝေ ရဲ့ ဆောင်းပါးလေးကို ပြန်လည်ကောက်နှုတ်ဖေါ်ပြပေးလိုက်ပါတယ်။
ကချင်ဒေသ တိုက်ပွဲများနေရာအနှံ့ ဖြစ်ပွား
ယခုတိုက်ပွဲသတင်းများနှင့် ပါတ်သတ်၍ မြန်မာအစိုးရဘက်မှ သတင်းအချက်အလက်များ ပေးပို့ လာမည်ဆိုပါက Myanmar News Now မှဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ရှေ့တန်းထွက်ရန် အသင့်ပြင်နေသော ကေအိုင်အေ မျိုးချစ်စစ်သည်များ
နိုဝင်ဘာ (၂၆)ရက်နေ့ မနက် (၇း၃၀)နာရီ အချိန်ခန့် တွင် နန်ဆန်ယန်ကျေးရွာ အနောက်မြောက်ဘက်နှစ်မိုင်ခန့် အကွာရှိ ကေအိုင်အေ တပ်မဟာ (၅)နယ်မြေ ပန်ဆယ် (Pan Se ) ဘက်သွားသော လမ်းပိုင်းတွင် ကေအိုင်အေ တပ်ဖွဲ့ ဝင်များနှင့် မြန်မာစစ်တပ် ခမရ ( ၃၈၄)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ (၂)ဦး ကျဆုံးကြောင်းသိရှိရသည်။
နိုဝင်ဘာ(၂၆)ရက် မနက်(၉း၂၅)နာရီခန့် တွင် ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ ၀ူယန် လမ်းပိုင်း ရှအစ်ပါ ( Sha Eit Pa )တွင် ကေအိုင်အေ တပ်ဖွဲ့ ဝင်များ နှင့် မြန်မာစစ်တပ် ခလရ (၄၀) ၊ ခမရ (၃၈၃) (၃၈၄) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ အကျအဆုံး အများအပြားရှိကြောင်းသိရသည်။ ကေအိုင်အေ ဘက်မှ (၄)ဦးကျဆုံးပြီး (၄)ဦး ဒဏ်ရာ ရရှိကြောင်းထပ်မံသိရှိရသည်။
နိုဝင်ဘာ(၂၆)ရက် ညနေ(၆း၃၀)နာရီ အချိန်တွင် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေ စိန်လုံကဘာ ဒေသ  မရူ အူရား ( Maru , AuRa) ဘက်သို့ တက်လာသော အစိုးရစစ်ကြောင်းအား ကေအိုင်အေ တပ်ဖွဲ့ ဝင်များမှ ၀င်ရောက်တိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကြောင်းသိရသည်..။ အသေးစိတ်သတင်းအား မသိရသေးပါ။
နိုဝင်ဘာ(၂၆)ရက် နေ့ လည် ( ၂ - ၃ ) နာရီကြား ကေအိုင်အေ တပ်မဟာ(၁)တပ်ဖွဲ့ ဝင်များနှင့် ကေအိုင်အေ ပြည်သူ့ စစ်တပ်ဖွဲ့ ဝင်များ ပူးပေါင်းတပ်ဖွဲ့  နှင့် ကိုင်ထိပ်ကျေးရွာ (Kaihtik ) အနီး ဖုန်ဒူကောင် ( Hpungdu Kawng)တကြောတွင် ရောက်ရှိနေသော မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ အနည်းဆုံး (၁၀)ဦး ကျဆုံးကြောင်းသိရှိရသည်။
ကေအိုင်အေ တပ်မဟာ(၂၇)နယ်မြေ ဖြစ်သော မန်ကျယ် ( Mam Chyen) နှင့် ဂိုင်ထောင် (Gai Htau )ဒေသ တွင် ကေအိုင်အေ တပ်မဟာ (၂၇) လက်အောက်ခံ တပ်ဖွဲ့ ဝင်များနှင့် မြန်မာစစ်တပ် တပ်မ(၉၉) (၁၁)ပူးပေါင်းအဖွဲ့ တို့  နိုဝင်ဘာ(၂၆)ရက်နေ့ မနက် (၁၀း၃၀)နာရီခန့် တွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ အယောက်(၂၀)ကျော် ကျဆုံးကြောင်း ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။
နိုဝင်ဘာ(၂၆)ရက် ကေအိုင်အေ တပ်မဟာ(၃) လက်အောက်ခံတပ်ဖွဲ့ ဝင်များသည် ရှကွမ်ယန်ဒေသ( Shakum Yang)ရှိ လယ်ကွင်းတစ်ကြောတွင် ရောက်ရှိနေရာယူထားသော မြန်မာစစ်တပ် တပ်မ(၈၈)တပ်ဖွဲ့ ဝင်များ နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ ကျဆုံးဒဏ်ရာ ရ သတင်းအား မသိရှိရသေးပါ။
ရှမ်းပြည်မြောက်ပိုင်း ရှမ်းပြည်အခြေစိုက် ကေအိုင်အေ တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း(၃၆)တပ်ဖွဲ့ ဝင်များသည် နိုဝင်ဘာ(၂၅)ရက်နေ့ လည် ( 113း0)နာရီအချိန်ခန့် တွင် မူဆယ်ဘက်မှထိုးတက်လာသော မြန်မာစစ်ကြောင်းများအား မုန်ကိုး ၊ နောင်ကိုး ၊ နမ်ဆူ နှင့် မုန်ကိုး- မန်ဂျယ် ဒေသတို့ တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ အနည်းဆုံး(၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ မုန်ကိုး- မန်ဂျယ်ဒေသ တိုက်ပွဲဖြစ်ပွားရာတွင် မြန်မာစစ်တပ်များမှ ခြုံခိုတိုက်ခိုက်သော ကေအိုင်အေ တပ်ဖွဲ့ ဝင်များအား ရှာမတွေ့ သောကြောင့် အနီးအနားရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ထည့်ကြောင်းလည်းသိရှိရသည်။ ဖောင်းဆိုင်ဒေသ ( Hpawng Seng) ဘက်သို့ လည်း မြန်မာစစ်ကြောင်း အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျှက်ရှိကြောင်း ထပ်မံသိရှိရသည်။
Source ( Jinghpaw kasa)
ဒေါ်အောင်ဆန်းစုကြည်၏ ဗီနိုင်းပုံနှင့်တီရှပ်များ ၀ယ်ယူနှုန်းနှစ်ဆမြင့်တက်
နိုင်ငံတော်သမ္မတအသစ် ပြောင်းလဲပြီးနောက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဗီနိုင်းပုံများ နှင့်တီရှပ်များကို အထက်ဗမာပြည် အောက်ဗမာပြည်ရှိ ပြည်သူအချို့သည် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးသို့ လာရောက်ဝယ်ယူနှုန်းမှာ နှစ်ဆခန့်မြင့်တက်လာကြောင်း သိရှိရသည်။။
“အရင်က အခမ်းအနားနေ့လောက်ဘဲ ပွဲလာတက်ရင်းနဲ့ဘဲ သုံးလေးပုံ ၀ယ်ကြတာ အခု တစ်လကို တစ်ခေါက်နှုန်းနဲ့ အမြဲဘဲ အထက်ဗမာပြည် ၊ အောက်ဗမာပြည်က လူတွေ တော်တော်များများ  ဒေါ်အောင်ဆန်းစုကြည် ပုံအကြီးအသေး မျိုးစုံ လာဝယ်ကြတယ် ပြီးမှ နယ်တွေကို ပြန်ဖြန့်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပိုစတာများ ရောင်းချနေသူ ဒေါ်ဝေေ၀သိန်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဗီနိုင်း ၊ တီရှပ် ၊ သော့ချိတ်၊ မတ်ခွက် ၊ ဒိုင်ယာရီစာအုပ် နှင့် ဆွဲကြိုး အမျိုးမျိုးကို ရောင်းချပေးချခြင်းကို စိတ်ဝင်စားစွာဖြင့် လာရောက် အားပေးကြသူများမှာလည်း ယမန်နှစ်ထက် တိုးလာကြောင်း အဆိုပါ ပစ္စည်းများရောင်းချနေသူ ထံမှ သိရှိရသည်။
အချို့သောပြည်သူများမှာ ယခင်စစ်အစိုးရလက်ထက်တွင် လာရောက်ဝယ်ယူချင်သော်လည်း ဖမ်းဆီး ချုပ်နှောင်ခံရခြင်း  ၊ မေးမြန်းစစ်ဆေးခြင်းများပြုလုပ်မည်ကို ကြောက်ရွံ့ခြင်းကြောင့် မ၀ယ်ဖြစ်ကြောင်း၊ ယခု နိုင်ငံတော်သမ္မတသစ်လက်ထက်တွင် လွတ်လပ်စွာ ရောင်းချခွင့်ပြုလာခြင်းနှင့်အညီ ဆွေးနွေးညှို့နှိုင်းမှုများ ပြုလုပ်လာသောကြောင့် လာရောက်ဝယ်ယူရဲခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးထံမှ သိရှိရသည်။
“ အရင်က ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို ပေါ်ပေါ်ထင်ထင် မ၀ယ်ရဲဘူး အန်အယ်လ်ဒီရုံးရှေ့ကနေ ကားနဲ့ဖြတ်သွားရင်ဘဲ လှမ်းကြည့်ရအမောပဲ၊ အခု နိုင်ငံတော်သမ္မတအသစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးမှုတွေ ညှို့နှိုင်းမှုတွေ လုပ်နေပြီဆိုတာတွေ ပြီးတော့ အပြင်မှာလည်း ရောင်းနေကြပြီဆိုတော့ အခုမှ ကျွန်မလာ ၀ယ်ရဲတာ မဟုတ်ရင် ဘယ်တော့လောက်နောက်ယောင်ခံမလဲဘဲ ကြောက်နေရတာ “ဟု ရန်ကုန် ဒေသခံတစ်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံဖြင့် တံဆိပ်ရိုက်ထားသော တီရှပ်တစ်ထည်လျှင် ၂၅၀၀ကျပ် မှ ၅၀၀၀ ကျပ် ၊ ဗီနိုင်းတစ်ခုလျှင် ၁၅၀၀ ကျပ်မှ  ၃၀၀၀ကျပ်အထိရှိပြီး ကြွေဖန်ခွက်တစ်ခွက်လျှင် ၃၀၀၀ ကျပ်ရှိကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
နိုဝင်ဘာ ၂၇၊ ရန်ကုန်မြို့။
တာဝန်သိပြည်သူ
ဒီကနေ့ NLD လည်း မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ တွေဝင်မည့် တရားဝင်ပါတီတစ်ရပ် ဖြစ်ဖို့ ဆုံးဖြတ်သွားပါပြီ။ NLD တရားဝင်ခြင်း၊ မဝင်ခြင်းဟာ   ပြည်သူတော်တော် များများ စိတ်သွားတိုင်းကိုယ်ပါဖို့မှာ ရာခိုင်နှုန်းပြည့် မဟုတ်တောင် တော်တော် အခရာကျခဲ့သည် ဆိုခြင်းကို မငြင်းနိုင်။  ဤပွဲမှာ အမြင်ကောင်းဖို့ သက်သက် အကောင်း   မြင် ပေးတတ်ခြင်းထက် ပြည်တွင်း ငြိမ်းချမ်းရေး အခြေခံကာ သင့်မြတ်တာတွေ၊ ရင်ကြားစေ့တာတွေဟာ ခက်ခဲနက်နဲသည့် ပုစ္ဆာတွေကို အဖြေညှိနေကြရခြင်း   ဖြစ်ကြောင်း နားလည် လက်ခံပေးသူတွေကိုလည်း လေးစားဖွယ်တွေ့ရပါ၏။ အမှားအမှန်ကို သမိုင်းက ဆုံးဖြတ်လေ့ရှိကြောင်းနှင့် သမိုင်းကို သင်ယူ ကြခြင်းမှာ ‘မအ’   အောင် သင်ယူကြရခြင်းဖြစ် ကြောင်း ဒီကနေ့မှာ တဖွဖွကြားနေရ တတ်သည်လည်းဖြစ်၍ ဒီကနေ့ဖြစ်စဉ်တွေကို နောင်တစ်ချိန်မှာ သမိုင်းအဖြစ်သိကြမှတ်ကြ ရမည့် အနာဂတ်တိုင်းပြည်ရှိမျိုးဆက်တွေ သမိုင်းကြောင်းကောင်းမွေကို ဆက်ခံဂုဏ် ယူနိုင်ကြဖို့ ဒီကနေ့သက်ရှိလူတွေမှာ တာဝန် အရှိဆုံးဆိုရမည်။  တာဝန်သိမှ တာဝန်ရှိ   ကြောင်းခံစားရ မည်ဖြစ်ရာ ‘တာဝန်သိပြည်သူ’ဟူသော အသုံးအနှုန်းအား တော်သင့်မှန်ကန်ခြင်း အနက်နှင့် အတူပူးတွဲမြင်ခံစားမိနိုင်စေချင် စိတ်လည်းဖြစ်မိ၏။ ‘တာဝန်သိပြည်သူ’ ဟုဆို လျှင်ပင် သူတစ်ပါး ကိစ္စဝင်စွက်သူ၊ အတို့ အထောင် အတိုင်အတော ထူသူ၊ သတင်းပေး စသဖြင့်သေးသိမ်မြင်တတ်သည့် အမြင်ကနေ   လေးစား အားကျ ဂုဏ်ယူထိုက်သူအဖြစ် ပြောင်းလဲ မြင်လာနိုင်မှသာ ‘တာဝန်သိ ပြည်သူ’တွေအဖြစ် ကိုယ်တိုင် ခံယူချင်စိတ်ရှိလာ ကာ ခေတ်မီဖွံ့ဖြိုး တိုးတက်မှု   တွေအတွက် အထောက် အကူပြုနိုင်မှာဖြစ်ပါသည်။  တရားဥပဒေ စိုးမိုးဖို့ဆိုလျှင် ‘တာဝန်သိ ပြည်သူ’တွေကဏ္ဍ မရှိမဖြစ် အရေးပါပါမည်။ သက်သေမဖြစ်ချင် ကြခြင်း သည် သက်သေ (တာဝန်သိပြည်သူ)အပေါ် အလေးမထားမှု (မလေးမစား ဆက်ဆံခြင်း)ကနေ ဖြစ်ပေါ်နေ ခြင်းဆိုသည်အား ဥပဒေဘက်တော်သားတွေ ကိုယ်တိုင်ကပင် ဆိုကြ၏။ ‘ဝေးဝေးရှောင်၊ သက်သေဖြစ်နေဦးမယ်’ဟူသော တာဝန်မဲ့ (ခေါင်းရှောင်) အမူအကျင့်တွေ ဒီကနေ့ လူဘောင်လောကမှာ စတိုင်တစ်ခု ပမာဖြစ်နေရခြင်းသည် အနာဂတ် အတွက် လုံးဝ (လုံးဝ) မကောင်းလှပါ။ လွန်ခဲ့သော အောက်တိုဘာလအတွင်း ကဒါဖီသတင်းနှင့်အပြိုင် တရုတ်နိုင်ငံ နန်နင်း မြို့မှာသတင်း ထောက်တော်တော် များများ က တဖွဖွပြောကြလွန်း၍ China Daily သတင်းစာကို တောင်းယူကြည့်တော့ အသက် ၂ နှစ် အရွယ်ကလေးငယ်လေးယွီယွီကားတိုက်ခံရ မှုသတင်း ကိုလူတွေ တာဝန်မဲ့ လာမှု ရှုထောင့် ကနေတင်ပြထားသည် အားတွေ့ရ၏။ ခဲတစ်လုံးနှင့် ငှက်အကောင်များစွာကို ပစ်လိုက် နိုင်သောအရေး အသားဖြစ်ခြင်းကြောင့်  နိုင်ငံစုံက သတင်း ထောက် တွေ  တခုတ်တရ ဆိုဖြစ်သွားရခြင်းဖြစ်သည်။ ရှေ့တိုင်းနိုင်ငံ တွေကို အနောက်နိုင်ငံတွေက အထင်မြင် သေးသည်ဆိုရာတွင် ခွေးချင်းကိုက်သည် ကိုပင် အုံခဲကြည့်တတ်မှုလည်း တစ်ခုအပါ အဝင်ဖြစ်သည်ဟု မည်သူတွေမည်သို့သတ် မှတ်ခံစားနေသည်ကိုတော့ ကျွန်တော်မသိ။ သို့သော် အနောက်နိုင်ငံတွေက ဥရောပနှင့်   ဟောလီးဝုဒ် ကားတွေမှာ မြို့လည်လမ်းပေါ် ခိုက်ရန်ဖြစ်လည်းအမှုမထား၊ ကိုယ့်လမ်းကိုယ် သွားကြပုံ ကို အတုယူမှားကာ ဤသို့ အမှုမဲ့၊ တာဝန်မဲ့လိုက်ဖ်စတိုင် ပုံတူကူးချလာသည် ဟုတော့ စွပ်စွဲချင်ကြသည်ကိုတော့ နားလည် ပေးနိုင်ပါ၏။ ဤတွင် ကွန်မြူနစ်နှင့်အရင်းရှင် တို့စစ်အေးတိုက်ပွဲမှာ ခေတ်ဆန်သူတို့ လိုက်ဖ်စတိုင်ကို အနောက်မျှော် လူကျင့်ဝတ် ပျက်ယွင်းခြင်း၊ လူသားချင်း စာနာမှုကင်းမဲ့ ခြင်းအဖြစ် ကွန်မြူနစ်တို့ ဝါဒဖြန့်စရာ အကွက် တွေ့ရှိခဲ့ပါမည်။ မည်သို့ပင်ဆိုစေ ကျွန်တော် တို့လူမျိုးသည် အရှေ့တိုင်းသားလည်းဖြစ် ဒီမိုကရေစီလိုလား သူတွေလည်းဖြစ်၍ မဇ္ဈိမပဋိပဒါလမ်းစဉ်ကိုသာ မြတ်နိုးယုံကြည် ပြီး မြန်မာ့စိတ်ရင်းကို ထပ်ခါပေါင်းစပ် ထား ကြသူများဖြစ်သည့် အတွက် ဗြဟ္မစိုရ်တရား ရှေ့ဆောင်မှုမှာလူသားချင်းစာနာစိတ် အထွတ်အထိပ်ရှိ သူတွေဟု ယုံကြည်ပါသည်။ ”တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်၊ ဖိုရှိန်မြို့ လေးရဲ့ လူစည်ကားတဲ့ ဈေးလမ်းမပေါ်မှာ ကားတိုက်ခံ လိုက်ရတဲ့ အသက်၂နှစ်အရွယ် ယွီယွီလေးအကြောင်းပါ။ ကလေးမလေး လမ်းပေါ် ရောက်နေချိန်မှာ ဗင်ကားတစ်စီးက သူ့ကိုဝင်တိုက်လိုက်တယ်။ တိုက်မိသွား တာကို သိလိုက်တဲ့ယာဉ်မောင်းဟာ ကားကို တစ်ချက်တော့ ရပ်လိုက်ပေမယ့် ကလေးကို နောက်ဘီးနဲ့ ဆက်ကြိတ်ပြီး ဆက်မောင်းသွား တယ်။ သိပ်မကြာခင်မှာပဲ ကုန်တင်ကား အသေးတစ်စီးကလည်း ကလေးမလေးရဲ့ ခြေထောက်ပိုင်းကို ထပ်ကြိတ်သွားပြန်တယ်။ ကလေးမလေးလမ်းပေါ်မှာ ဒဏ်ရာတွေနဲ့လဲနေ တာကို ဖြတ်သွားဖြတ်လာ ၁၈ယောက်တိတိ က တွေ့ပေမယ့် တစ်ချက်ကလေးတောင် ဂရုမစိုက်ကြဘူး။ ၁၉  ယောက်    မြောက်တွေ့တဲ့ မိန်းမကြီး တစ်ယောက်ကတော့ ကလေးကို ပွေ့ပြီး အော်ဟစ် အကူအညီတောင်းပေမယ့် ဘယ်သူမှလာမကူကြဘူး။ ကလေးအမေ ရောက်လာမှာပဲ ကလေးဟာ ဆေးရုံပေါ်ကို ရောက်ရရှာတယ်။ ကလေးကိုဆေးရုံမှာ ၇ရက်လောက်ကုကြပေမယ့် ဆုံးသွားရှာ တယ်။ ဒီသတင်းဟာ အင်တာနက်က တစ်ဆင့် ကမ္ဘာကို အလျင်အမြန်ပြန့်သွား တယ်။ ယာဉ်ထိန်း ရုပ်မြင်ကင်မရာက အလို အလျောက်ရိုက်ယူထားတဲ့ ရုပ်မြင်ပုံတွေဟာ လည်း ကမ္ဘာကိုပြန့်သွားတယ်။ လူလူချင်း စာနာထောက် ထားမှုကင်းမဲ့တာနဲ့ ပတ်သက် ပြီး၊ ရှုတ်ချသံတွေ၊ စုတ်သပ်သံတွေ၊ ဝေဖန်သံ တွေအများကြီးပေါ်လာတယ်”ဟူ၍လည်း ပေါ်ပြူလာနယူးစ်ဂျာနယ် အတွဲ ၃၊ အမှတ် (၄၃) တွင် ဆရာဟက်ကာက တပ်လှန့်သံ ဆောင်းပါးဖြင့်တင်ပြထားသည်။ မည်သို့ဆိုစေ ဤအဖြစ်မျိုးလွန်စွာမှ နည်းသော မြန်မာနိုင်ငံမှ နိုင်ငံသားတစ်ဦး အနေဖြင့်   တော်   သေးရဲ့ ဟုတွေးမိသော်လည်း ရုပ်ရှင်ဆန်ဆန် ရက် ရက်စက်စက်သတ်ဖြတ်ခံရသည်ဆိုသော ကိုဇင်မင်း(သရုပ်ဆောင်၊ ဒါရိုက်တာ) သတင်းကို ဖတ်ရပြန်တော့ တာဝန်သိပြည်သူ တွေကို အားကိုးမိလာသည်။ ပြီးတော့ တစ်ခါ မြောက်ဥက္ကလာက လူတစ်စုဓားစွမ်းပြမှု သတင်းကြားရပြန်တော့ ကျောချမ်းမိလာ၏။ တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်သိ ပြည်သူတွေအကူအညီလိုကြောင်း ကျွန်တော် အထပ်ထပ်ပြောမနေလိုတော့ပါ။ ‘တာဝန်သိ ပြည်သူ’ဟု ခံယူချင် စိတ်တွေရှိအောင်၊ ခံယူ ရဲလာအောင် တာဝန်ရှိသူတွေကအထပ်ထပ် ပြောကာ Awareness  ပြုလာသည်ကိုပဲ မျှော်လင့်နေပါတော့မည်။
ကိုမျိုး(မြန်မာစာ)
အသက်မပြည့်အမျိုးသမီးတဦးကို အဓ္ဓမပြုကျင့်ပြီး ရောင်းစားသူကို ဖမ်းဆီးမိ
မီဇိုရမ်ပြည်နယ် မိုးယစ်ဆေးဝါးတိုက်ဖြတ်ရေးအဖွဲ့ Central Anti Drugs Squad (CADS) က အသက်မပြည့် အမျိုးသမီးတဦးကို ချိမ်းခြောက်ပေါင်းသင်းပြီး အခြားအမျိုးသားများထံ ပြန်လည်ရောင်းစားသူ အကြီးစား ချင်းအမျိုးသားတဦးကို နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ ကြောင်း သိရသည်။
အဖမ်းဆီးခံရသူ ချင်းအမျိုးသားမှာ ဖလမ်းမြို့နယ် Lausau ကျေးရွာသား Mena ခေါ် Lalrozama (27) နဲ့ အတူ အသက်မပြည့် မြန်မာအမျိုးသမီးတဦးကို အိုင်ဇောလ်မြို့ Tennis Court တွင် နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီ ခန့် တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသထွက်သတင်းစာ ဖြစ်သည့် The Zozam Time တွင် ဖော်ပြသည်။
“နိုဝင်ဘာလဆန်းလောက်က Lalrozama နဲ့ သူငယ်ချင်းများသည် သူများနေအိမ်တွင် အိမ်ဖော်အဖြစ်နေထိုင်သူအမျိုးသမီးတဦးကို ဘုရားကျောင်း အပြန်တွင် ဖမ်းဆီးပြီး အလိုမတူ ပေါင်းသင်းဆက်ဆံခဲ့ပြီးနောက်၊ အိမ်အပြင်မထွက်ရန် ချိမ်းခြောက်ခဲ့သည်ဟု” ၄င်းသတင်းစာ တွင် ဖော်ပြသည်။
ဒေသခံအိန္ဒိယအမျိုးသားများထံ တခါအိပ် ရှုပီးငွေ ၃၀၀ ဖြင့် ၂ ကြိမ် ရောင်းစားခဲ့ကြောင်း၊ အမျိုးသမီးအပေါ် ကိုယ်ထိလက်ရောက် စော်ကားခြင်း လည်းပြုလုပ်ခဲ့ပြီး ညအချိန်တွင် ကောင်း ကောင်းမအိပ်ခဲ့ကြောင်း တရာခံမြန်မာအမျိုးသမီးထွက်ဆိုချက်ကို ကိုးကားပြီးအဆိုပါ သတင်းစာတွင် ဖေါ်ပြထားသည်။
အဖမ်းခံခဲ့သူ Lalrozama သည် အမျိုးသမီးများကို အလိုမတူပေါင်းသင်းဆက်ဆံမှုကြောင့် ၃ ကြိမ် တိုင်တိုင် ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
 KNG News
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရုပ်ရုင် အနုပညာရှင်များနှင့် တွေ့ ဆုံမည်
ဓါတ်ပုံ(မဇ္ဈိမ)
ရုပ်ရှင် ဒါရိုက်တာများ ၊ သရုပ်ဆောင် မင်းသမီး မင်းသားများ အပါအ၀င် ရုပ်ရှင်လောကသားများ နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ လာမည့်ဒီဇင်ဘာ ၃ ရက် တွင်တွေ့ဆုံမည် ဖြစ်ကြောင်းသိရသည်။ ယင်းသို့တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် ၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း NLD အသိုင်းအ၀ိုင်းကပြောသည်။ ပြီးခဲ့သည့် စနေနေ့က လည်း အောင်နိုင်ရေး သီချင်းရေးစပ်ရန် အတွက် ဂီတ အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံခဲ့သေးသည်။
သတင်း----ဧရာဝတီ
နိုဝင်ဘာ ၂၈ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၉
Weekly Eleven Vol 7 No 9
နေပြည်တော်(သို့) အမေရိကန်၏ တန်ဖိုးကြီး ပုလဲတစ်လုံး
မြန်မာမှအကြီးဆုံး ပုလဲ
ထူးခြားတဲ့ မြန်မာပြည်ခရီး
လာမည့် နိုဝင်ဘာလ ၃၀ရက်နေ့ ဝန်းကျင်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ပါတော့မည်။ နှစ်ပေါင်းငါးဆယ်ကျော်အတွင်း အမေရိကန်ပြည်ထောင်စု၏ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး မြန်မာနိုင်ငံသို့ လာရောက်မည့် ကိစ္စရပ် များ၏ နောက်ကွယ်တွင် မည်သို့သော အကြောင်းအရာတွေ ရှိနေသနည်းဟူသည့် ကိစ္စရပ်မှာ စိတ်ဝင်စားစရာကောင်းသည်။ မြန်မာနိုင်ငံနှင့် အမေရိကန် အလွမ်းသင့်လျှင် မြန်မာတွေ ဘာရမည်နည်း။ အမေရိကန် ဘာရမည်နည်း။ မြန်မာတွေ လိုချင်တာဘာလဲ အမေရိကန် လိုချင်တာဘာလဲ စသည်ဖြင့် တွေးစရာတွေ အများကြီးရှိနေသည့်တိုင် ရိုးရိုးရှင်းရှင်းအဖြေတစ်ခုမှာ Power Balance သာဖြစ်သည်။
လိုရင်းက ပါဝါ
နိုင်ငံတကာ ဆက်ဆံရေးတွင် အဓိက ကျသည့် သီအိုရီတစ်ခုမှာ Realism ဖြစ်သည်။ ထိုသီအိုရီတွင် ပါဝါကို အဓိကရည်ရွယ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အသာရရေးပင်ဖြစ်သည်။ သီအိုရီဆင့်ပွားများစွာရှိသည့်တိုင် ထိုသီအိုရီအရ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ် စသည့်ခေတ်သုံးခေတ်လုံး ပါဝါအတွက် မဟာမိတ်အုပ်စုတွေ အပြန်အလှန်ဖွဲ့ခဲ့ကြသည့် သာဓကတွေ ရှိသည်။ စစ်အေးခေတ် နိဂုံးချုပ်သည့်တိုင် အရှေ့တောင်အာရှ စစ်ရေးအရ ပူးပေါင်းမှုတွေရှိခဲ့ပြီး ဆီးတိုးအဖွဲ့မှာ အမေရိကန်၏ ပါဝါကို အာရှပစိတ်ဖိတ်ဒေသတွင် ဖြန့်ကျက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်တို့၏ ရွှေခေတ်
စစ်အေးကာလအတွင်းက ဆိုဗီယက်ရုရှားကြီးမှာ စီးပွားရေးအရ ချွတ်ခြုံကျနေခဲ့သည်။ အကန့်အသတ်မရှိသော သဘာဝသယံဇာတ ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့တွေ့ကြောင့်သာ ရုရှားတွေမှာ အမေရိကန်က ကျည်ဆံတစ်တောင့် အကြောမခံနိုင်ဘဲ နည်းပညာအရ ထိပ်တိုက်လိုက်၍ ပြိုင်ဆိုင်ကြသည်။ ထိုအချက်ကို ရုရှားတွေ မဆိုထားနှင့် အမေရိကန်တွေပင်လျှင် မရိပ်မိခဲ့ကြပေ။ အဆုံးသတ်တွင် စီးပွားရေး အခြေအနေမခိုင်သော ဆိုဗီယက်ယူနီယံကြီး ဘုန်းဘုန်းလဲတော့သည်။ ဤတွင်ပင် အမေရိကန်မှာ ပြိုင်ဘက်ကင်း ကမ္ဘာ့စူပါပါဝါ နိုင်ငံ ဖြစ်ပြီဟူ၍ လက်မထောင်၍ ရခဲ့သည်။ စီးပွားရေးအရ ပြိုင်ဆိုင်လာသည့် ဂျပန်မှာလည်း နိုင်ငံရေး၊ စစ်ရေးအရမူ အမေရိကား၏ လက်အောက်ခံအဖြစ်သာရှိနေ၍  ကမ္ဘာတွင် ထင်ရာစိုင်းခွင့်ကို အမေရိကန်တွေ ရရှိသွားပြီဟူ၍ ဆိုရတော့မည်ဟု တွေးထွင်ခဲ့ကြသည်။
မိုးကျေရွှေကိုယ် တရုတ်
ထိုသို့ ဆရာကြီးဘွဲ့ခံ အမေရိကန်မှာ ကမ္ဘာ့ကုလသမဂ္ဂကိုပင် အိတ်ကပ်ထဲထည့်ထားနိုင်ပြီး လုပ်သမျှတင့်တယ်နေခဲ့သည့် အချိန်တွင် ထင်မှတ်မထားသည့် ပြိုင်ဘက်တစ်ဦး ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာပေါ်တွင် မဟာယဉ်ကျေးမှုကြီး ထွန်းကားခဲ့သော တရုတ်တွေ၏ ရုတ်တရက် အင်အားကြီးထွားလာမှုကို အံသြဖွယ်တွေ့လိုက်ရခြင်း ဖြစ်သည်။ ရုရှားပိုလာဝက်ဝံကြီးကို အလဲထိုးနိုင်ခဲ့သော်လည်း တရုတ်နဂါးက မီးလျှံတွေမှုတ်၍ ကောင်းကင်မှာ အင်အားပြနေချေပြီ။ ဆိုရလျှင် အမေရိကန်အနေဖြင့် တရုတ်တွေကို ပြိုင်ဘက်ဟုထင်ခဲ့ပုံမရပေ။ ကွန်မြူနစ်ငမွဲတွေ အချိန်တန်လျှင် ထမင်းရည်ပူလောင်လိမ့်မည်ဟုသာ ခပ်နှိမ်နှိမ်တွေးခဲ့ပုံရသည်။ နဂါးကို တီကောင်ထင်၍ နားရွက်တံတွေးဆွတ်ခဲ့သည့် လုပ်ရပ်တွေလည်း ရှိသည်။ ကိုဆိုဗိုအရေးအခင်းတွင် ကလေးဆန်ဆန် အကြောင်းပြချက်ဖြင့် တရုတ်သံရုံးကို ဒုံးကျည်သုံးစင်း လက်စွမ်းပြသည်။ တရုတ်ကောင်းကင်ယံတွင် တရုတ်တိုက်လေယာဉ်နှင့် ဝင်တိုက်မိသော်လည်း ခပ်တင်းတင်းပင် အပေါ်စီးကနေ၍ ဝမ်းနည်းပါသည်ဟုသာ မှတ်ချက်ပေးခဲ့သည်။ ထိုစဉ်က တရုတ် တွေအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို လိုအပ်နေချိန်ဖြစ်၍ အားမတန်သော်လည်း အံကြိတ်ကာ မာန်လျော့ခဲ့ရသည်။ ထိုနာကြည်းချက်တွေကပင် တရုတ်တွေ ယနေ့အထိအောင်မြင်လာခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် အမေရိကန်အတွက် ၂၁ရာစု ပြိုင်ဘက်မှာ တရုတ်တွေဖြစ်လာခဲ့ပြီ။  ဆိုဗီယက်တွေနှင့် မတူသည့်အချက်က တရုတ်တွေက ချမ်းသာပြီး အရံငွေကလည်း အာမခံနိုင်လောက်အောင် ရှိသည်။ ထိုငွေတွေမှာလည်း အမေရိကန်၏ ရှယ်ယာတွေ ကို ဝယ်ထားပြန်ရာ အမေရိကန်တွေအဖို့ မျက်လုံးပြူးမျက်ဆံပြာ ဖြစ်လာရတော့သည်။ ထို့ပြင် ပင်လယ်ရပ်ခြား ရုရှားအမျိုးသားများ မရှိခဲ့ဘဲ ယခု ပင်လယ်ရပ်ခြားတရုတ်အမျိုးသားတွေက အမေရိကန်မှာပညာသင်ယူပြီး အမိတရုတ်ပြည်အတွက် အဆင်သင့်ရှိနေကြပြီ။ တရုတ်ဈေးကွက်တွင် အမေရိကန်၏ အရင်းအနှီးတွေ မြောက်များစွာရှိနေသည်။ ဆိုရလျှင် အမေရိကန်မှာ ကိုယ့်အရိုးနှင့် ကိုယ့်ကို ပြန်ထိုးခံရသည့်ကိန်း ဆိုက်သွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးပုလဲလုံး
အမေရိကန်တွေ အိပ်မက်မက်ခဲ့ကြသည့် ပုလဲကုံးဗျူဟာဆိုတာရှိသည်။ ကမ္ဘာ့သမုဒ္ဒရာကြီးများအနှံ့ အမေရိကန် လေယာဉ်တင် သဘောင်္ကြီး တွေကို ဗျူဟာကျသည့်နေရာများတွင် ချထား၍ ဟန်ရေးပြရန် ဖြစ်သည်။ ထိုပုလဲကုံးတွင် ပုလဲလုံးတစ်လုံး လိုနေသည်။ အိန္ဒိယသမုဒ္ဒရာနှင့် ကပ္ပလီ ပင်လယ်ပြင်နေရာ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှာ အမေရိကန်အတွက် ပုလဲလုံးတစ်လုံးသာ ဖြစ်သည်။ တစ်ချိန်က ထိုပုလဲလုံးကို ဝယ်ချင် သည့်တိုင် အမေရိကန်တွေအကျင့်အတိုင်း ဈေးကိုင်တာများသွား၍ ပုလဲလုံးလေးမှာ အပေးအကမ်းရက်ရောသော တရုတ်တွေလက်ထဲရောက်ရန် တည်းတည်းလေးသာ လိုတော့သည်။ ထိုအချိန်တွင်မှ မြန်မာနိုင်ငံတွင် အပြောင်းအလဲတွေ ဖြစ်နေပါပြီဟု ဆင်ခြေပေး၍ အမေရိကန်တွေ ထိုပုလဲလုံးကို ပြန်လည်စိတ်ဝင်စားဟန် ပြုလာရခြင်းဖြစ်သည်။ ဆိုရလျှင် အမေရိကန်အနေဖြင့် မည်မျှပင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေကို တန်ဖိုးထား ပြောဆိုနေစေကာမူ တကယ်တမ်းလက်တွေ့တွင် သူ့နိုင်ငံအကျိုးရှိပါက အာဏာရှင်ရော လူဆိုးရော အကုန်တည့်အောင်ပေါင်းသည်မှာလည်း လက်တွေ့ဖြစ်သည်။ မူဘာရက်ကို နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးပေါင်းခဲ့သည်။ ဆက်ဒမ်ဟူစိန်ရော အိုစမာဘင်လာဒင်ရော တစ်ချိန်က အမေရိကန်၏ နောက်လိုက်တွေဖြစ်ခဲ့ဖူးသည်။ ယနေ့ အရှေ့အလယ်ပိုင်းမှာ အမေရိကန်သြဇာတွေ ဆက်တိုက်ကျဆင်းလာ၍သာ အမေရိကန်တွေအနေဖြင့် အရှေ့ အလယ်ပိုင်း ဒီမိုကရေစီပြန့်ပွားရေးဟု ခေါင်းစဉ်ပြောင်း အော်ဟစ်လာခြင်းဖြစ်သည်။ ပါကစ္စတန်ကိုလည်း အလားတူပင်။ မြန်မာနှင့်လည်း ထူးမခြား နားလှပါ။ ကွန်မြူနစ်အန္တရာယ်ကို ကာကွယ်ရန်အတွက် ရဟတ်ယာဉ်တွေကို ဘိန်းတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ပေးပို့ခဲ့သေးသည်။ ဦးနု၏ ပါလီမန် အစိုးရလက်ထက်ကလည်း တရုတ်ဖြူတွေကိုတိုက်ရန် လက်နက်တွေ အကြီးအကျယ်ပံ့ပိုးခဲ့သလို ဦးနေဝင်းလက်ထက်တွင်လည်း မြန်မာတွေကို အလိုလိုက် အကြိုက်ဆောင်ခဲ့ဖူးသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာကြောတင်း၍သာ အမေရိကန်တွေ မြန်မာကို ကပ်၍မရခဲ့ခြင်းဖြစ်သည်။ ယခုမူ အရှေ့အလယ်ပိုင်းမှာ ကျဆင်းလာသော သြဇာတွေအရ၊ ရုရှား၏  ဆိုဗီယက်စတိုင် အရှေ့ဥရောပနိုင်ငံတွေ ပါဝင်လာမည့် ခေတ်သစ်ဝါဆောဟု ဆိုရမည့် အရှေ့ဥရောပသမဂ္ဂ စီမံကိန်း၊ တရုတ်တွေ၏ မြန်မာ့မြေပေါ်က ကျောက်ဖြူရေနက် စီမံကိန်းတွေကြောင့် အမေရိကန်တွေအတွက် မြန်မာ နိုင်ငံကို ယခုအချိန်မှ ချဥ်းကပ်မှုမပြုတော့လျှင် တန်ဖိုးကြီးသည့် ပုလဲလုံးကို လက်လွှတ်ရတော့မည်ဖြစ်သည်။
မြန်မာဆီက ဘာတွေရမလဲ
ယခု အာဆီယံ ဆွေးနွေးပွဲတွင် သမ္မတ အိုဘားမားက သြစတေးလျတွင် အမေရိကန်တပ်သား ၂၅၀ ချထားမည့် သဘောတူညီချက်ကို အရယူ ခဲ့သည်။ နောက်ထပ်လည်း ခေါင်းစဉ်အမျိုးမျိုးဖြင့် အမေရိကန်တပ်သားတွေ သြစတေးလျကို ရောက်လာနိုင်သည်။ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် လာရောက်စဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ တာတွေ ရှိသည်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ လူငယ်ဖြစ်၍ အမေရိကား၏စွမ်းရည်ကို သဘောကျနေသူ။ တရုတ်ဘက်က လက်နက်၊ လူအင်အား ထောက်ပံ့ထားသော ကိုးကန့်၊ ဝတို့နှင့် တိုက်ခဲ့ရသော တိုက်ပွဲများတွင် မြန်မာ့တပ်မတော် သားတွေ၏ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရမှုအတွက် တရုတ်ကို အခဲမကြေသူ။ ထို့ကြောင့် မြန်မာနှင့် အမေရိကန် တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရန် အနာဂတ်မှာ မဝေးလှဟုသာ ဆိုရပေလိမ့်မည်။ ဤသည်မှာ အမေရိကန်တွေ မြန်မာဆီက အလိုချင်ဆုံးဆိုသည့် မက်လုံးတစ်ခုဖြစ်ပါလိမ့်မည်။ စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုဆိုသည်မှာ အမေရိကန်တို့ အတွက် ဒုတိယဦးစားပေးသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အမေရိကန်တွေမှာ အကြိမ်ကြိမ်လက်လွှတ်ခံခဲ့ရသော နောက်ဆုံးပုလဲလုံးကို ယခု တစ်ကြိမ်တွင် မဖြစ်မနေ ပိုင်ဆိုင်ရန် ကြိုးစားတော့ မည်ဟု ဆိုရတော့မည်ဖြစ်သည်။ 
yangonchronicle
****************************************************************************************************
NLD ပါတီဝင်လျှောက်လွှာများ ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည်
NLD ရုံးချုပ်
တရားဝင်နိုင်ငံရေးပါတီ အဖြစ်တည်ထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် ပါတီဝင်အသစ်များလက်ခံရန်အတွက် ပါတီဝင်လျှောက်လွှာများကို လာမည့်ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည် ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။
NLD ပါတီသည် ပထမဆုံးအသုတ်အဖြစ် ပါတီဝင်လျှောက်လွှာ ဆယ်သိန်းရိုက်နှိပ်ဖြန့်ဝေမည် ဖြစ်ကာ၊ တစ်စောင်လျှင် တစ်ရာကျပ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ပါတီဝင်လျှောက်လွှာတွေကို အခမဲ့ဖြန့်ဝေပေးဖို့တော့ မရှိပါဘူး”ဟု NLD ပါတီတည်ထောင်ရာတွင် ပါဝင်သူ ဦးဥာဏ်ဝင်းက ပြောသည်။
ပါတီဝင်လျှောက်လွှာတွင် ထူးထူးခြားခြား ဖြည့်စွက်စရာများ ပါဝင်မည်မဟုတ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
NLD ပါတီတည်ထောင်ရန် စတင်သည်နှင့် တစ်ပြိုက်နက် မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်များက ပါတီဝင်အသစ်များ စည်းရုံးရေးကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း လူငယ်တာဝန်ခံတစ်ဦးက အတည်ပြုပြောကြားသည်။
“စစ်အစိုးရလက်ထက်မှာ ခေါင်းငုံ့နေရတဲ့အချိန်တွေကို ကျွန်တော်တို့ အတိုးချပြီး ပြန်ကြိုးစားကြမှာပါ”ဟု ယင်းက ဆက်လက်ပြောကြားသည်။
ပါတီဝင်အသစ် လျှေက်လွှာများ ရရှိသည်နှင့်တပြိုင်နက် ပါတီတည်ထောင်သူများဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ကိုယ်တိုင် ပါတီစည်းကမ်းနှင့်အညီ လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။
YC(KS)
ဝန်ကြီးဌာနအချို့တွင် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိ
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်း
ဝန်ကြီးဌာနအချို့တွင် ပြောရေးဆိုခွင့်ရှိသည့် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်း တာဝန် ပေးအပ်ထားရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းဝန်ကြီးဌာနများမှာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းရခြင်းမှာ ပြည်သူများအကျိုးအတွက် မှန်ကန်ထိရောက် သည့် သတင်းများကို ပြည်သူများသို့ အသိပေးနိုင်ရန်၊ ပြင်ပပုဂ္ဂလိက စာနယ်ဇင်းများမှ သိရှိလိုသော သတင်းများ၊ အကြောင်းအရာများ၊ မေးမြန်းလိုသည့်အချက်များကို ဖြေရှင်းဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ရှိစေရန် ရည်ရွယ်ဖွဲ့ စည်းထားကြောင်း သိရသည်။ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ထားရှိသည့်အတွက် သိရှိလိုသောသတင်းများကို မေးမြန်းရမည့် ပုဂ္ဂိုလ်၊ အဖွဲ့တို့ထံ တိတိ ကျကျ မေးမြန်းနိုင်မည်ဖြစ်ပြီး၊မှန်ကန်သည့်၊ တိကျသည့်သတင်းများကို ရရှိနိုင်မည်ဖြစ်သည်။ ယခင်က သတင်းများသိရှိလိုလျှင် မည်သူ့ထံ မေးမြန်းရ မည်ကို မသိရှိဘဲ တစ်ဦးအပေါ်တစ်ဦး ပုံချမှုများနှင့် ကြုံတွေ့နေရကြောင်း သတင်းထောက်တစ်ဦးကပြောကြားခဲ့သည်။
Ref : နေပြည်တော်တိုင်းမ်
သတင်းမီဒီယာ ပညာရပ်ကို အာဏရှင်အတွက် အသုံးချခံခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး (ရုပ်/သံ)
လန်ဒန်မှာ ၁၅ နှစ်ကြာ သတင်းမီဒီယာ ပညာရပ်ကို ပါရဂူဘွဲ့  ရဖို့အထိ လေ့လာဆည်းပူးခဲ့ပေမဲ့ နောက်ဆုံးတော့ ကိုယ်တတ်ကျွမ်းတဲ့ပညာရပ်ကို သတင်းလွတ်လပ်ခွင့်အတွက် အသုံးမချနိုင်ခဲ့ပဲ အာဏာရှင် ဂဒါဖီမိသားစုရဲ့  အသုံးချ ခံ ဖြစ်ခဲ့ရတဲ့ ဂဒါဖီရဲ့ ပြောခွင့်ရနဲ့ ပြန်ကြားရေးဝန်ကြီး မူဆာ အီဗရာဟင်ရဲ့  ဘ၀ တစိတ်တဒေသ ကို နိဒါန်းပျိုးတဲ့အနေနဲ့ ဒီတပါတ်အစီအစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ ( ပြီးခဲ့တဲ့ လစ်ဗျားက ပေးတဲ့သင်ခန်းစားများအစီအစဉ်တွေ
ထဲက သိပြီးသား တင်ပြပြီးသားအချက်အလက်တချို့ ပါ ပါဝင်ပါကြောင်း အသိပေးအပ်ပါသည်) 
ကိုမိုးအေး ( DVB) တင်ဆက်သည်။
ဘိုဘွားပိုင် ခြံမြေကို အာဏာပိုင်တွေ ရောင်းစားတဲ့ အကြောင်း ခြံရှင်ကိုဝင်းထိုက်မှ တင်ပြချက် (ရုပ်/သံ)
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြိုနယ်ရဲမှူး တို့ပူးပေါင်းပြီး ရွှေကျင်မြို့ ကျွဲတဲရပ်ကွက်၊ တပ်ကုန်းလမ်းမှာ နေထိုင်တဲ့ ကိုဝင်းထိုက် ၏ ဘိုဘွားပိုင် ခြံမြေအား လက်ညှိးထိုးပြီး ရွှေစက်ပိုင်ရှင်များအား ရောင်းစာလိုက်သည်ကိစ္စအား ခြံရှင်ကိုဝင်းထိုက်မှ တင်ပြချက်များ--
Video - Ko Shin - Facebook
Myanmar News Now
ပဲခူးမြို့ မှာတရားစီရင်ရေးစနစ်တိမ်းစောင်းနေကြောင်း မြို့ ခံတဦးရဲ့ တင်ပြချက် (ရုပ်/သံ)
Video -- Ko Shin-Facebook
Myanmar News Now
မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န တရားပွဲများဆက်လက်ဟောကြားနေ
 မင်္ဂလာပါဒါယကာ
မေတ္တာရှင်ဆရာတော်ကို တရားပွဲပိတ်တယ်ဆိုတာမဟုတ်ပါဘူး။ ဆရာတော်အဲဒီနေ့က ရန်ကုန်ကအခမ်းအနားတစ်ခုကပင့်ထားတဲ့အတွက် ညပွဲမဟောဖြစ်ပဲ နေ့ပွဲဟောပေးခဲ့ပြီး ရန်ကုန်ကိုကြွသွားခဲ့တာဖြစ်ခဲ့ပါတယ်။ အခုလည်းတရားပွဲတွေဆက်လက်ဟောကြားပေး နေပါတယ်။ သတင်းလေးကိုပြန်လည်ပြုပြင်ပေးစေချင်ပါတယ်။ အဓိက ကတော့ နိုင်ငံရေး ကိစ္စဟောခဲ့လို့ပိတ်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ဒါယကာဆီကို အသိပေး ခြင်းဖြစ်ပါ တယ်။ 
ကျန်းမာစွာဖြင့် သတင်းမှန်များကိုတင်ပေးနိုင်ပါစေ။
 U kovida . kovida@mettashinfoundation.com
မေတ္တာရှင်ဖောင်ဒေးရှင်းမှ ဆရာတော်ဦးကောဝိဒ မှ အဆိုပါ စာကို ပေးပို့ လာတာဖြစ်ပါတယ်။ 
အမှားပြင်ဆင်နိုင်အောင် အသိပေးအကြောင်းကြားလာတဲ့ ဆရာတော်ဦးကောဝိဒ အား Myanmar News Now မှ ကျေးဇူးတင်ရှိပါသည်။
Network Media Group မှ အောက်ပါသတင်းအား အောက်နှုတ်ဖေါ်ပြမိတဲ့ အတွက်လည်း Myanmar News Now မှ ၀န်ချတောင်းပန်ပါကြောင်း ရိုသေစွာလျှောက်ထားအပ်ပါသည် အရှင်ဘုရား၊
ရွှေပြည်သာ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရ
 ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀နအား ရှမ်းပြည်နယ် ပြည်နယ် သာသနာရေး ဦးစီးဌာန တာဝန်ရှိသူများက တရားဟောခွင့် တနှစ် ပိတ်ပင်လိုက်သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် “အမျိုးဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ” အမည်ဖြင့် နိုဝင်ဘာလ (၂၀) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ တရားပွဲ ကျင်းပနေပြီး နိုဝင်ဘာလ (၂၂) ရက် နေ့ညတွင် ဆရာတော် ဦးဇ၀န ဟောကြားရန်အလှည့် ဖြစ်သော်လည်း ဟောခွင့် မပေးခဲ့ဟု တာချီလိတ်မြို့ခံ တဦးက ပြောသည်။
“တရား မဟောရဘူး။ တနှစ်တိတိ ပိတ်တယ်လို့ ပြောတယ်။ ဆရာတော်ကတော့ ပြောသွား ပါတယ်။ ဒီနှစ်မဟောရလည်း နောက်နှစ်ပေါ့တဲ့။ အဲဒါနဲ့ နေ့လည် နှစ်နာရီ လောက်မှာ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်တက် သွားတယ်။”
ဆရာတော် ဦးဇ၀န ကျန်းမာရေး မကောင်းသည့်အတွက် တရားမဟောနိုင်ကြောင်း အာဏာပိုင် များက ပြောဆိုခဲ့သည်။ သို့သော် ဆရာတော်မှာ ကျန်းမာရေး ကောင်းမွန်ပြီး နေ့လည် (၁) နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့ ဗယ်လင်တိုင်း လက်ဖက်ရည်ဆိုင်၌ လာရောက် ဖူးမျော်သည့် ပရိတ်သတ် (၂၀၀) ကျော်အား တရားတိုလေး ဟောကြားပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
တာချီလိတ်မြို့သို့ မလာမီ နိုဝင်ဘာလ(၂၀)နှင့် (၂၁) ရက်နေ့များက ကျိုင်းတုံမြို့တွင် တရား ဟောခဲ့ရာ နိုင်ငံရေးနှင့် ညှိစွန်းသည့် အကြောင်းအရာ တခုခုကို ထည့်သွင်းဟောမိသဖြင့် ယခုကဲ့သို့ ပိတ်ပင် ခံရခြင်း ဖြစ်နိုင်သည်ဟု တာချီလိတ် မြို့ခံများက ထင်ကြေးပေး ပြောဆိုနေ ကြသော်လည်း ဆရာတော် ဦးဇ၀န က တစုံတရာ မိန့်ကြားခဲ့ခြင်း မရှိပါ။
ယင်းကိစ္စနှင့် ပတ်သက်၍ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ မဲဆောက်ရုံးတာဝန်ခံ ဆရာတော် ဦးဇ၀နက အစိုးရသစ် အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် လွတ်လပ်ခွင့်များ ပေးနေပြီဟု ဆိုသော်လည်း လက်တွေ့မှာ လွတ်လပ်မှု မရှိသေးကြောင်း ပြသခြင်းဖြစ်သည်ဟု မိန့်ကြားသည်။
“မေတ္တာရှင် ဦးဇ၀နတို့  ဒယ်အိုးဆရာတော်တို့ဆိုရင် တကယ့် ပရဟိတလုပ်ငန်းတွေ၊ အကျိုးပြု လုပ်ငန်းတွေကို လုပ်နေတာ။ ဒီလို ဆရာတော်တွေကို အားပေး အားမြောက် ပြုရမယ့် ကိစ္စကို အားပေး အားမြောက် မပြုတဲ့အပြင် လိုက်ပြီးတော့ ကာဆီးကာဆီး လုပ်နေတဲ့အခါကျတော့ ကိုယ့်တိုင်းပြည်အပေါ် စေတနာ ထားပြီး တကယ် ကိုယ်ကျိုးစွန့်လုပ်နေတဲ့ ဘုန်းကြီးတွေကို အနှောင့်အယှက်ပေးတယ်ဆိုတာ တိုင်းပြည်ကို မချစ်ရာရောက်တာပဲ။
ထို့အပြင် မြန်မာနိုင်ငံသည် ဗုဓ္ဒဘာသာနိုင်ငံဟု ဆိုသော်လည်း သံဃာတော်များအား တရားဟောခွင့် ပိတ်ပင်သည့် ကိစ္စကိုမူ မြို့နယ်အဆင့်ထိ လုပ်ပိုင်ခွင့် ပေးထားသည့်အတွက် နိုင်ငံရေး လုပ်သူများထက် ပိုမို ဆိုးရွားသည့် အနေအထား ဖြစ်သည်ဟုလည်း ဆိုသည်။
တရားဟောခွင့် ပိတ်ပင်ခံရသည့် ဆရာတော် ဦးဇ၀နသည် နာမည်ကြီး ဆရာတော် တပါး ဖြစ်သည့်အပြင် ဒကာ ဒကာမများ လှူဒါန်းသည့် ငွေများဖြင့် မိဘမဲ့ကလေး စာသင်ကျောင်းများ၊ မျက်မမြင်ဆေးရုံများ၊ လူမှုရေး လုပ်ငန်းများနှင့် တရားစခန်းများတွင် အသုံးပြုခဲ့သည်။
တရားပွဲ ပိတ်ခံရသည့်အပေါ် “ဒီဆရာတော်က ဘာသာရေးတရားဘဲ ဟောတာကိုး။ နိုင်ငံရေးတရားဟောတာမှ မဟုတ်ဘဲ။ ဒီတရားကို ပိတ်ပင်တယ်ဆိုတာ ဒကာ၊ ဒကာမ တွေရဲ့ အသိတရားကို ပိတ်ပင်တာနဲ့ အတူတူ ပဲလေ။ အဲဒါ အခု ဒကာ၊ ဒကာမတွေက မကျေနပ်ကြဘူး။” ဟု တာချီလိတ်မြို့ခံက ပြောသည်။
တာချီလိတ်မြို့တွင် နှစ်စဉ် တရားပွဲများ ကျင်းပလေ့ရှိပြီး ယခုနှစ်သည်(၁၄) ကြိမ်မြောက် ဖြစ်ပြီး ဆရာတော် ဦးဇ၀န သည် တတိယအကြိမ်မြောက် လာရောက်ဟောကြားခြင်း ဖြစ်သည်။
နိုဝင်ဘာလ (၁၅) ရက်နေ့က မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးဝင်း မဟာဗုဓ္ဒ၀င် ဗိမ္မာန်တော်ကြီးတွင် သံဃာ ငါးပါးဦးဆောင်၍ ဆန္ဒပြခဲ့ရာ တောင်းဆိုချက်(၃) ချက်အနက် လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဝေခွင့် ရရှိရေးလည်း ပါဝင်သည်။
ငါအကြီးဆုံး ငါ့ထက်ကြီးတာ ဟင်္သာတမြို့ မှာ ဘယ်သူမှမရှိဘူး ခရိုင်အုပ်ချုပ်ရေးမှူးဦးလှဝေ အာဏာပြ
ဧရာဝတီတိုင်းဒေသကြီး။ဟင်္သာတမြို့  ခရိုင်အုပ်ချုပ်ရေးမှူးဦးလှဝေ သည်စာထဲတွင်ပါသည့် အတိုင်း ကိုယ်ကျိုးကိုယ်သာကြည့် ။ ဟင်္သာတမြို့ သူ မြို့ သားများဒုက္ခရောက်မည်ကိုမကြည့် ဘဲ လာဒ်ငွေကိုယူကာ  ဟင်္သာတမှာ ငါအကြီးဆုံး ငါထွက်ခိုင်းရင် ထွက်ရမယ်ဟု အာဏာပြ ------အပြည်အစုံဆက်လက်ဖတ်ရှုပါ။Hi an That A
Myanmar News Now
ကဗျာဆရာ ကိုစောဝေဦးဆောင်တဲ့ ကလေးများနေ့  ဗိုလ်ချုပ်ပန်းခြံမှာကျင်းပ (ရုပ်/သံ)
ဗိုလ်ချုပ် ပန်းခြံမှာကျင်းပတဲ့ ကလေးများနေ့ 
ကဗျာဆရာ ကိုစောဝေဦးဆောင်တဲ့ အဖြူရောင်သက်တန့်အဖွဲ့က စီစဉ်ကျင်းပတဲ့ (CRC) ခေါ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအထိမ်းအမှတ်ပွဲမှာ ကလေးသူငယ်တွေ အတွက် ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးခဲ့ကြသလို ကလေးသူငယ်တွေကလည်း သူတို့တတ်ထားတဲ့ အတတ်ပညာတွေနဲ့ ပြန်လည် ဖျော်ဖြေသွားခဲ့ကြတာပါ။
ဒီပွဲကို World Vision နဲ့ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတို့က ကလေးသူငယ် အယောက် ၅၀၀ ကျော် လာရောက်ခဲ့ပြီး အသက် ၂ နှစ်ကနေ ၁၆ နှစ်အထိ ပါဝင်တယ်လို့လည်း သိရပါတယ်။
ဒီပွဲမှာ ဂီတအနုပညာရှင်တွေဖြစ်ကြတဲ့ ကိုနိုင်ဇော် ၊ အနဂ္ဂ ၊ သျှီ ၊ သံသာဝင်းတို့ အပါအ၀င် သရုပ်ဆောင် ဆန်းထွဋ် တို့ကလည်း ပါဝင် ကူညီခဲ့ကြပါတယ်။
သုခရိပ်မြုံဟာ ခုခံအားကျဆင်းမှုဝေဒနာ HIV ခံစားနေရတဲ့ ကလေးသူငယ်တွေကို စောင့်ရှောက်ကူညီနေတာဖြစ်သလို World Vision ဟာလည်း လမ်းပျော်ကလေးတွေကို ကူညီစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။
CRC ကို အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ကြီးက ၁၉၂၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ် ခင်ဗျာ။
 Burma VJ Media Network
Myanmar News Now
ပြင်သစ်လူ့အခွင့်အရေးဝန်ကြီး HIV-AIDS ကာကွယ်စောင့်ရှောက်ရေးဂေဟာကို သွားရောက်လေ့လာ (ရုပ်/သံ)
ပြင်သစ်လူ့အခွင့်အရေးဝန်ကြီး မစ္စတာ ဖရန့်ဆွာဒီမွန်ရေး HIV လူနာတွေနဲ့တွေ့ ဆုံစဉ်
ပြင်သစ်လူ့အခွင့်အရေးဝန်ကြီး မစ္စတာ ဖရန့်ဆွာဒီမွန်ရေးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးတို့ အဖွဲ့ဟာ ဒဂုံမြို့သစ်တောင်ပိုင်းက HIV-AIDS ကာကွယ်စောင့်ရှောက်ရေးဂေဟာကို နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။
HIV-AIDS ကာကွယ်စောင့်ရှောက်ရေးဂေဟာရဲ့တာဝန်ခံ မဖြူဖြူသင်းနဲ့တွေ့ဆုံပြီး လူနာတွေကို စောင့်ရှောက်ထားမှုအခြေအနေတွေနဲ့ ပတ်သတ်ပြီး လေ့လာကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီနောက် ပြင်သစ်လေ့လာရေးအဖွဲ့ဟာ HIV-AIDS ကာကွယ်စောင့်ရှောက်မှုနဲ့ပတ်သတ်ပြီး ပံ့ပိုးကူညီပေးနိုင်ဖို့အတွက်ကို မေးမြန်းခဲ့ကြပါတယ်။
Burma VJ Media Network Myanmar News Now
မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများသမဂ္ဂ စတင်ဖွဲ့စည်း
၂၀၁၀ ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ်
မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများသမဂ္ဂကို ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။
စက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့အတွက် ခံစားချက်တူညီတဲ့အလုပ်သမားတွေ စုစည်းပြီး အခုလို သမဂ္ဂဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဥက္ကဌ ၁ ဦး၊ ဒုဥက္ကဌ ၂ ဦး၊ အတွင်းရေးမှုး ၁ ဦး၊ တွဲဖက်အတွင်းရေးမှုး ၂ ဦး၊ ဘဏ္ဍာရေးမှုး ၁ ဦး အပါအဝင် စုစုပေါင်း အမှုဆောင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဥက္ကဌအဖြစ် ကိုရဲကျော်သူက ဆောင်ရွက်မှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာသာ ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပေမဲ့ ရှေ့ဆက်ပြီး ဆက်လက်ဖွဲ့စည်းသွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဥက္ကဌဖြစ်တဲ့ ကိုရဲကျော်သူက ဆိုပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ စသဖြင့် စက်မှုဇုန်တွေမှာရှိတဲ့ အလုပ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် တနိုင်ငံလုံးအတိုင်းအတာ အနေနဲ့ သမဂ္ဂတွေအလိုက် စည်းရုံးသွားဖို့ရှိတယ်လို့လဲ သိရပါတယ်။
အခြေခံလစာတွေ တိုးမြှင့်ပေးဖို့၊ အလုပ်ချိန် ၈ နာရီ အတိအကျသတ်မှတ်ပေးဖို့၊ အချိန်ပို အိုတီကြေးတွေကို တရားဝင်သတ်မှတ်ပေးဖို့တွေကို အဓိကထား တောင်းဆိုမှာဖြစ်ပြီး စက်မှုဇုန်အလုပ်သမားတွေကနေ တဆင့် ကာယ၊ ညာဏ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေအထိပါ တိုးမြှင့်တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
၂၀၁၁ခုနှစ် အောက်တိုဘာလ၁၂ရက်နေ့မှာခွင့်ပြုလိုက်တဲ့အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဌာန်းလိုက်တဲ့
အပေါ်မှာနိုင်ငံတော်အခြေခံဥပဒေ ပုဒ်မ ၁၂၄ နဲ့အညီ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ စက်မှုဇုန်အလုပ်သမားများ သမဂ္ဂကို တရားဝင်အဖွဲ့အစည်းအနေနဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ မှတ်ပုံတင်မှာဖြစ်တယ်လို့ ကိုရဲကျော်သူက ဆိုပါတယ်။
By ဇာဏီ (Burma VJ Media Network)
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဒေသခံများအနေဖြင့် နေအိမ် ပြောင်းရွေ့ပေးရန် သဘောတူခြင်းမရှိသေး
ပြောင်းရွှေ့ ပေးရမဲ့ ကျေးရွာတချို့
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ပြောင်းရွေ့ပေးရမည့်ကျေးရွာများမှ ဒေသခံမိသားစုများမှ လုပ်ကိုင်စားသောက်ရန် လုပ်ငန်းအခက်အခဲရှိသည့်အတွက် နိုဝင်ဘာလ တတိယအပတ်အထိ နေအိမ်များပြောင်းရွေ့ပေးရန် သဘောတူလက်မှတ်ရေးထိုးခြင်းမရှိသေးကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရှိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းကျေးရွာဖြစ်သော ဘ၀ါကမ်းခြေသို့ပြောင်းရွေ့ပေးရမည့် အိမ်ထောင်စု ၅၅စုသည် နေရေးသာရှိသော်လည်း လုပ်ကိုင်စားသောက်ရန် လုပ်ငန်းမရှိသဖြင့် နိုဝင်ဘာလ ၂၀ရက်နေ့အထိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် တာဝန်ယူထားသည့် Italian Thai Development ကုမ္ပဏီသို့ အိမ်နေရာပြောင်းရွေ့ရန် သဘောတူလက်မှတ်ရေးထိုးခြင်း မရှိသေးကြောင်း သိရသည်။ `နေစရာအိမ်ရှိပြီး စားစရာမရှိရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့အနေနဲ့ အီတာလျှံ-ထိုင်းကုမ္ပဏီက ပေးလာမယ့် လုပ်ငန်းကိုင်းငန်းအစီအစဉ်ကို စောင့်မျှော်နေတာပါ။´ ဟု ဘ၀ါကမ်းခြေမှ ဆိုင်ကယ် ကယ်ရီ သမားတစ်ဦးဖြစ်သည့် ကိုကျော်ကျော်ထွန်းက ပြောသည်။ ထားဝယ်ရေနက်ဆပ်ကမ်းစီမံကိန်းကြောင့် ပြောင်းရွေ့ပေးရမယ့် ကျေးရွာများမှာ ထိန်ကြီး၊ ပရဒက် ၊ လဲရှောင်၊ မယင်းကြီး၊ မူးဒူး ကျေးရွာများမှ ဘ၀ါကျေးရွာသို့ရွေ့ပြောင်းရမယ်ဖြစ်ကြောင်း သိရှိရသည်။ `ကုမ္ပဏီအနေနဲ့ ပြောင်းရွေ့ပေးရမယ့် အိမ်ထောင်စုတွေ နေရေးထိုင်ရေး အခက်အခဲမရှိစေရန် အိမ်ဆောက် ပေးမယ်ဆိုပေမယ့် တချို့ရွာသားတွေက မပြောင်းရွေ့ချင်ဘူးဖြစ်နေတယ်။´ ဟု Italian Thai ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ဒေသခံရွာသူရွာသားများအနေဖြင့် စီမံကိန်းဝင်ကျေးရွာမနေရေးများမှ ဒေသခံများအနေဖြင့် စားရေး အဆင်ပြေစေရန်အတွက် လုပ်ငန်းကိုင်ငန်းကူညီထောက်ပံ့မည့်အစီအစဉ်ကို စောင့်မျှော်လျက်ရှိသောကြောင့် ယခုကဲ့သို့ အိမ်ပြောင်းရွေ့ပေးရမည့် အစီအစဉ်ကို လက်မှတ်ရေးထိုးမှုမရှိခြင်း ဖြစ်ကြောင်း မူးဒူးကျေးရွာမှ ရွာသားများက ပြောဆိုသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံတည်ဆောက်ရန် တာဝန်ယူထားသည့် Italian Thai Development ကုမ္ပဏီအနေဖြင့် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံတည်ဆောက်ရန်အတွက် လမ်းများပြုပြင်ခြင်း၊ တံတားဆောက်လုပ်ခြင်းများ၊ လုပ်ငန်းခွင်စခန်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၁ခုနှစ် ဇန်န၀ါရီလကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းမြေနေရာသတ်မှတ်ပြီး လုပ်ငန်းအခြေကျသည်နှင့် တစ်ပြိုင်နက် ရေဖြူမြို့နယ် အတွင်းမှ ကမြိုင်ဆွဲ၊ ထိန်ကြီး၊ ပိန်းရှောင်၊ သစ်တိုထောင့် ကျေးရွာများမှ ဒေသခံတို့အား ၀စွန်းတော ကျေးရွာသို့ပြောင်းရွေ့စေခဲ့ကြောင်း သိရှိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသည့် ကျေးရွာ ၁၉ ရွာရှိပြီး အဆိုပါ ကျေးရွာများတွင် ရာဘာခြံ၊ သီဟိုဋ္ဌ်၊ ငှက်ပျော၊ သရက်၊ အုန်း စသည့် ဥယျာဉ်ခြံဧကပေါင်း တစ်သိန်းကျော် ရှိကြောင်း သိရှိရသည်။
 ဗိုဟိန်(မြစ်မခ)
နိုဝင်ဘာ ၂၇၊ ရန်ကုန်မြို့။
Hotnews Vol 2No 67
Hotnews Vol 2No 67
အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၈၂
မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား မှုခင်းများ တရားခံမဖော်ထုတ်နိုင်သေး
ကိုကျော်မင်းအား မျက်နှာဖုံးစွပ်ထားသည့် လူများ ဓားဖြင့်ဝင်ရောက်ခုတ်ခဲ့သည့် 6 Stars စားသောက်ဆိုင်နှင့် နွယ်သာကီ ၆ လမ်းကို တွေ့ရစဉ်
တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေသည့် မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား မှုခင်းဖြစ်စဉ်များ ရန်ကုန်မြို့တွင် ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အာရုံစိုက်နေသည့် ယင်းကဲ့သို့သော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ဖြစ်ပေါ် တိုးတက်မှုများ နှင့် အများပြည်သူ သိသင့်သိထိုက်သည်များကို မီဒီယာများမှ တစ်ဆင့် ထုတ်ပြန် အသိပေးသင့်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်ပြော ကြားကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် နေ့က ရန်ကုန်မြို့လယ် ပန်းဘဲတန်း မြို့နယ်တွင် စတင်ခဲ့ပြီး ပုဇွန်တောင် မြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်း ဖြစ်စဉ်တစ်ခုနှင့် နိုဝင်ဘာလ ၁၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ် တို့မှာ ရန်ကုန်မြို့ခံများ အကြားတွင် အာရုံစိုက်ခြင်းခံရသော မှုခင်းဖြစ်စဉ်များ ဖြစ်သည်။
ယင်းအပြင် အင်းစိန်မြို့နယ်တွင်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့က အနုကြမ်းစီးမှုတစ်မှုနှင့် နိုဝင်ဘာလ အတွင်း၌ပင် လမ်းမတော်မြို့နယ်တွင်လည်း ပစ္စည်းလုယက်ရာမှ ပိုင်ရှင်ဖြစ်သူအား ဓားထိုးမှုတစ်မှုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ပန်းဘဲတန်း မြို့နယ်ရှိည ကလပ်တစ်ခုတွင် သေဆုံးသူ ကိုသန့်ဇင်လတ်(ခ)ဇင်မင်းနှင့် ကိုသိန်းထိုက်တို့ သူငယ်ချင်းနှစ်ဦးသည် အတူရှိနေကြစဉ် ကိုသိန်းထိုက် နှင့် အမည်မသိ လူနှစ်ဦးတို့စကားများကြရာမှ ကိုသိန်းထိုက်မှာ ခေါင်းကွဲခဲ့ပြီး ထိုလူနှစ်ဦးမှာ ကလပ်မှကားဖြင့် ထွက်သွားခဲ့ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်ကို မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ စခန်းက (ပ) ၅၂၄/၂၀၁၁၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့်  အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ပန်းဘဲတန်းမြို့နယ်တွင် ဖြစ်စဉ်စတင်ခဲ့ပြီး ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်ကို ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၂၃၃/၂၀၁၁ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ယင်းကလပ်သို့ သေဆုံးသူ ကိုဇင်မင်းနှင့် ကိုသိန်းထိုက်ဦးတို့၏ သူငယ်ချင်းဖြစ်သူ ကိုနိုင်မိုးရောက် ရှိလာပြီး ထိုကိစ္စအား မကျေနပ်၍  Taxi  ဖြင့် ထိုသူနှစ်ဦးနောက်သို့ လိုက်ခဲ့ရာ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့်၄၅ လမ်းထိပ်အရောက်တွင် ကိုဇင်မင်းတို့ စီးလာသော Taxi  ရှေ့တွင် ကလပ်တွင်  အချင်းများခဲ့သည့် လူနှစ်ဦး၏ ကားက ပိတ်ရပ်ခဲ့သည်ဟု သိရသည်။ ကိုဇင်မင်းက  ယာဉ်မောင်းထံသို့ သွားခဲ့ရာ ကားအတွင်းမှ ယာဉ်မောင်းက ကိုဇင်မင်း ၏လည်ပင်းအား သိုင်းဖက်၍ ကားမောင်းထွက်သွားသဖြင့် ကိုဇင်မင်း မှာ ၄၅ လမ်းထိပ်မှ ၄၈ လမ်းထိပ်သို့ ဒရွတ်တိုက်ပါသွားရာ လမ်းဘေး၌ ရပ်ထားသော ကားနှစ်စီးအားတိုက်မိပြီး ကားရပ်တန့်သွားမှပင် ယာဉ်မောင်း က ကိုဇင်မင်းအာ လွှတ်ချပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့သည့် ဖြစ်စဉ် ဟု သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေသူ ကိုမင်းဦးဆိုသူမှာ သေဆုံးသူကိုဇင်မင်း လည်ပင်းအား သိုင်းဖက်၍ကားမောင်း ထွက်သွားသူ မဟုတ်ဘဲ ၎င်း၏ဘေး တွင် အဖော်အဖြစ် လိုက်ပါသူသာ ဖြစ်ပြီး အဆိုပါဖြစ်စဉ်တွင် ကျူးလွန်သည်ဟု ယူဆခံရသူအမည်မှာ ကိုမင်းကျော်ခေါင်(ခ) ကျော်ခေါင်ဖြစ်ပြီး တောင်ကြီးမြို့နှင့် ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သေဆုံးသူ ကိုဇင်မင်းနှင့် ဖြစ်စဉ်တွင် အတူရှိနေသည့် ကိုနိုင်မိုး၏ ပြောပြချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အပြန်အလှန်အမှုဖွင့် တရားစွဲဆိုမှုများ ရှိနေကြောင်း သိရပြီး ပန်းဘဲတန်း ရဲစခန်းတွင် သေဆုံးသူကိုဇင်မင်း၏ သူငယ်ချင်းဖြစ်သူ ကိုသိန်းထိုက်ဦး ကိုလည်း ကိုမင်းကျော်ခေါင် မိသားစုဘက်မှ အမှုဖွင့်ထားကြောင်း သိရ သည်။
“ပန်းဘဲတန်းမြို့နယ်မှာ ဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ရော မြောက်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ရော ရန်ကုန်မြို့ခံတွေကြားမှာ သတင်းတွေ အမျိုးမျိုးထွက်ပေါ်  နေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း ဒီအမှုကို ကြိုးပမ်းဖော်ထုတ်ကြမှာ မလွဲပါဘူး။ သို့သော်လည်းပဲ သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့ အပိုင်းမှာတော့ အများပြည်သူ ရှင်းရှင်းလင်းလင်း သိနိုင်အောင် သိသင့်သိထိုက်တာ မျိုးတွေကို မီဒီယာတွေက တစ်ဆင့်ထုတ်ပြန်ပေး သင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း မြို့နယ်မှ တရားလွှတ်တော် ရှေ့နေကြီးတစ်ဦးက ဆိုပါသည်။
ယင်းကဲ့သို့  ပြစ်မှုတစ်ခုကို ကျူးလွန်ပြီး အမှန်တကယ် ကျူးလွန်သူက လူစားထိုးကာ တိမ်းရှောင်နေသည်ဆိုသည့် ဖြစ်စဉ်မျိုး အမှန်တကယ်ဖြစ်ပေါ်ခဲ့ပါက ယင်းဖြစ်စဉ် သည် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်ခြိမ်းခြောက်နေသည့် ဖြစ်စဉ်ဖြစ်ပြီးတရားဥပဒေ စိုးမိုးရေးအတွက် အကောင်အထည် ဖော်နေသည့် အဖွဲ့အစည်းများအတွက်လည်း ဂုဏ်သိက္ခာကျဆင်းစေသည့် ဖြစ်ရပ်များပင် ဖြစ်သည်ဟု မှုခင်းသတင်းများ ကို လေ့လာနေသူ တစ်ဦးက သုံးသပ် ပြောကြားသည်။
မြောက်ဥက္ကလာပမြို့နယ် တွင် ဖြစ်ပွားခဲ့သည့်အမှုမှာ အသတ်ခံရသူ ကိုကျော်မင်းမှာ သူငယ်ချင်းနှစ်ဦးနှင့် အတူ ၎င်းနေထိုင်ရာအိမ်အနီးရှိ  စားသောက်ဆိုင်တစ်ခုတွင် စားသောက် နေစဉ် ည ၈ နာရီခွဲအချိန်၌ ယင်းစားသောက်ဆိုင် အတွင်းသို့ မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူအုပ်စု တစ်စုမှ ၀င်ရောက်ကာ ဓားများဖြင့် ၀ိုင်းဝန်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်သည်ဟု သိရသည်။
သေဆုံးခဲ့သူ ကိုကျော်မင်းမှာ မျက်နှာဖုံးစွပ်သူများ အပါအ၀င် လူတစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ခြင်း မခံရမီ ရက်ပိုင်းအတွင်းက စားသောက်ဆိုင်တစ်ဆိုင်တွင် သူငယ်ချင်းနှစ်ဦးနှင့် စားသောက်နေစဉ် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်ကိုသက်ဇော်ဦး ဆိုသူတို့စကားများကြရာမှ ကိုကျော် မင်းနှင့် ကိုသက်ဇော်ဦး၏ ဖခင်ဖြစ်သူတို့ စကားများခဲ့ကြရာမှ ကိုကျော်မင်း ဦးခေါင်းတွင် ထိခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ခဲ့ပြီး ကိုကျော်မင်း နေထိုင်ရာလမ်းအတွင်းသို့ လူနှစ်ဦး လာရောက်ပြီး ဓားဖြင့် ခုတ်သည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးကြောင်း သိရသည်။
“မြောက်ဥက္ကလာပမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မျိုးဟာ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်သွားတဲ့ ဖြစ်စဉ်မျိုး ဖြစ်ပြီး မြို့ပြနေ အများပြည်သူတွေရဲ့ ဘ၀လုံခြုံမှုကိုပါ ထိခိုက်စေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်စဉ် မျိုးတွေ ထပ်မံ မဖြစ်ပွားစေဖို့အတွက် မှုခင်းကြိုတင် ကာကွယ်တားဆီးမှုတွေ လုပ်ရမှာပဲဖြစ်ပါတယ်။ မိမိအပိုင်မြို့ နယ်အတွင်းမှာ ကျော်ဇောမှုရှိထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ရောက်လာတဲ့ လူတွေရှိရင်လည်း သတိထားပြီးတော့ စောင့်ကြည့်ပြီး ကြိုတင် ကာကွယ်တားဆီးဖို့လိုပါတယ်။ ဒီလို လူသိထင်ရှား ဖြစ်စဉ်တွေအပြင် ရန်ကုန်မြို့ရဲ့မြို့နယ်တချို့မှာလည်း အနုကြမ်းစီးတာတို့ အုပ်စုဖွဲ့လုယက်တာတို့ တော်တော်များများပဲ ကြားနေသိနေရပါတယ်။ ဒါကလည်း ဒီနှစ်ကုန်ကာနီးလတွေမှာ ဖြစ်ပွားတဲ့ အတွက် လူအများက သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့ခံ တစ်ဦးဖြစ်သည့် အငြိမ်းစား အင်ဂျင်နီယာမှူးကြီး ဦးအေးမြင့်က ဆိုပါသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့သတ်ဖြတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ဥက္ကလာပ မြို့နယ်ရဲတပ်ဖွဲ့မှူးက မျက်မြင်သက်သေများ၏ ဖြေကြားချက်ပေါ် မူတည်၍ တရားခံဟုယူဆရသူ များ၏ ခဲခြစ်ပန်းချီပုံတူများကို မြို့နယ်အတွင်း ချိတ်ဆွဲဖြန့်ဝေထားပြီး အမှုမှန်ပေါ်ပေါက်ရေးကို ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင်မူ ယင်းအမှုနှင့်စပ်လျဉ်း၍ တရားခံဟု ယူဆရသည့် လူခုနစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီဖြစ်သည်ဟု မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။
ရန်ကုန်မြို့ကဲ့သို့ လူဦးရေထူထပ်ပြီး မြို့ပြဧရိယာ ကြီးမားသည့် မြို့တွင် လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ ဖောက်ထွင်းမှု၊ အနုကြမ်းစီးမှုများ ဖြစ်ပေါ်နေခြင်းမှာ အဆန်းတကြယ် မဟုတ်သော်လည်း မင်းမဲ့စရိုက်ဆန် ဆန်အုပ်စုဖွဲ့၍ သတ်ဖြတ်သည့် ဖြစ်စဉ်များ၊ အုပ်စုဖွဲ့၍လုယက်မှုဖြစ်စဉ် များ ပေါ်ပေါက်နေခြင်းမှာ တရား ဥပဒေစိုးမိုးလာစေရန် တွန်းအားပေး ဆောင်ရွက်ရသည့် အဖွဲ့အစည်းများ ၏ အားနည်းချက်ကြောင့်လည်း ပါဝင်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်သည်။
“၂၀၁၀ ပြည့်နှစ်လောက် က ရန်ကုန်မြို့လယ် လူစည်ကားတဲ့ နေရာတွေမှာ မှုခင်းကြိုတင် တားဆီးရေးအတွက် ရဲကင်းတွေအပြင်၊ အရေးပေါ်ဆေးသေတ္တာကအစ ထားရှိပေးတဲ့ Police Box တွေ ထားရှိခဲ့တယ်။ တစ်လ၊ နှစ်လ လောက်နေတော့ အဲဒါတွေ မရှိတော့ပြန်ဘူး။ တချို့ မြို့နယ်တွေမှာဆိုရင် ညစဉ်လုံခြုံရေး အဖွဲ့တွေ လှည့်ကင်းသွားတာမျိုးတောင် မတွေ့ရတော့ဘူး။ ဆိုလိုချင် တာက လုံခြုံရေးပိုင်းကလည်း အားနည်းမှုတွေ ရှိလာလို့ ဒီလိုဖြစ်မှုမျိုး တွေကို တိုးလာတာလို့ ပြောချင်တာပါ”ဟု စမ်းချောင်းမြို့နယ်နေ တရား လွှတ်တော်ရှေ့နေတစ်ဦး ဖြစ်သူ ဦးတင်အောင်ဝင်းက  သူ့အမြင်ကို ပြောပြခဲ့သည်။
“မှုခင်းကျဆင်းရေးကို ဦးတည်ဆောင်ရွက်တဲ့နေရာမှာ ကြိုတင်တားဆီးရေး လုပ်ငန်းစဉ်က ပိုပြီးတော့ အရေးကြီးပါတယ်။ အဲဒီမှာလည်း ပြည်သူပါဝင်တဲ့ ရဲလုပ်ငန်းစဉ် ဆိုတာရှိပါတယ်။ ပြည်သူက ပူးပေါင်းပါဝင် ပေးမှလည်း မြို့ပြလုံခြုံ ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဖြစ်စဉ် တစ်ခုဖြစ်လာရင် အမှန်ကို အမှန် အတိုင်းသတင်းပေးပြီးတော့ အမှုမှန်ရောက်အောင် ပူးပေါင်းပေးဖို့ လိုပါတယ်။ ရဲလုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာလည်း ဒီဖြစ်စဉ်အတွက်  ဒီလူတစ်ယောက်ကို ရဲကအလိုရှိနေပြီဆိုရင်လည်း ပူးပေါင်းရှာဖွေပေးဖို့ လိုမှာ ဖြစ်ပါတယ်”ဟု နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိကြီးတစ်ဦးက ဆိုပါသည်။
ပုဂ္ဂလိက ကျန်းမာရေး ၀န်ဆောင်မှု အရည်အသွေးညံ့ဖျင်း
စင်ကာပူနိုင်ငံရှိ Mount Elizebath ဆေးရုံရှိ ခွဲစိတ်ခန်း တစ်ခု မြင်ကွင်း
ပုဂ္ဂလိက ကျန်းမာရေး ၀န်ဆောင်မှု အရည်အသွေး အားနည်းမှုကြောင့် အများပြည်သူ ထိခိုက်နစ်နာစေသော ဖြစ်ရပ်များဖြစ်ပေါ်နေပြီး ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးကို ယခုထက်မြှင့်တင်ရန် လိုအပ်နေသည်ဟု ပြည်သူများနှင့် ကျန်းမာရေး အသိုင်းအ၀ိုင်းက သုံးသပ်မှုများရှိ နေပါသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုပုံစံမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှချမှတ်ထားသော လမ်းစဉ်ကို လက်ခံကျင့်သုံးခြင်း ဖြစ်သော်လည်း အားနည်းချက်များ ရှိနေကြောင်း၊ အဓိကအချက်မှာ အစိုးရ၏ ဘဏ္ဍာရေး အသုံးစရိတ်ခွဲဝေမှုအတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကောင်အထည် ဖော်ရသည့်အတွက် လက်ရှိလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အသုံးစရိတ်ပိုရရှိရန် လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက ဆိုပါသည်။ အခြားတစ်ဖက်တွင်လည်း ပုဂ္ဂလိကဆေးရုံ ဆေးခန်းများ၏ အရင်းအနှီးထည့်ဝင်မှု၊ ခေတ်မီစက်ပစ္စည်း ကိရိယာများ၊ ခေတ်မီသိပ္ပံနှင့် နည်းပညာများ ရယူအသုံးပြုမှုများ နည်းပါးနေ သည်ဟု သုံးသပ်မှုများရှိနေပြီး လူသားအရင်းအမြစ် ဖြစ်သော ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ပညာရှင်များကိုလည်း ကိုယ်တိုင်ပျိုးထောင်ပေးခြင်းထက် အစိုးရ၀န်ထမ်းများ ကိုသာ အားပြုနေခြင်းများ ဖြစ်ပေါ်နေကြောင်း သိရပါသည်။
နိုင်ငံခြားတိုင်းပြည်များနှင့် ပူးပေါင်း၍ ပုဂ္ဂလိကဆေးရုံများ ထူထောင်နိုင်ပါက မြန်မာ့ဆေးပညာလောက အတွက် အကျိုးဖြစ်ထွန်းမှုများစွာ ရှိနိုင်ကြောင်းနှင့် စပ်လျဉ်း၍ ‘စီးပွား ရေးလုပ်ငန်းများနှင့် လူမှုရေးဆိုင်ရာ ၀တ္တရားများအကြောင်း ဟောပြောပွဲ (Coperate Social Responsibility) တွင် မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က Private-Private Partership for social services  ခေါင်းစဉ်ဖြင့် ဟောပြောစဉ် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကျဆင်း မှုကို ကြည့်ရင် အဓိကနှစ်ချက်ကြောင့်လို့ ထင်တယ်။ နံပါတ်တစ်က ရှေ့ကို မကြည့်တာ။ ရှေ့ကို မကြည့်တော့ သိပ္ပံနဲ့ နည်းပညာတိုးတက်အောင် မပြုစုမပျိုးထောင်ဘူး။ နောက်တစ်ချက်ကတော့ ဆရာဝန်တချို့ရဲ့ တလွဲမာနထားကြတာ။ အရည်အချင်း တိုးတက်အောင် မမြှင့်တင်ချင်ဘူး။ ရှိပြီးသားနဲ့ နေကြတယ်။ ဒီကြားထဲ ကိုယ့်ကိုယ်ကိုယ် မာန်မာနထား ကြတယ်  . . .
“နိုင်ငံခြားနဲ့ပေါင်းပြီးကျွန်တော်တို့ Institution တစ်ခုထောင်မယ်။ Pravite Hospital  ထောင်မယ် ဆိုလို့ရှိရင် သူတို့ဘက်ကလည်း finance  လည်းပါလာမယ်။ human resources  တွေလည်း ပါလာမယ်။ health managment အတွက်လည်း အထောက်အကူပြုမယ်။ ကျွန်တော့် စိတ်ကူးထဲမှာပေါ့လေ။ ဒါဖြစ်လည်း ဖြစ်နိုင်ပါတယ်။ investment law အရ Private –Private  ပေါ့။ national  နဲ့ပေါင်းပြီးတော့ Hospital တစ်ခုထောင်မယ်ဆိုရင်  ကျွန်တော်တို့အနေနဲ့တောင်းဆိုလို့ရတာက ပထမ 2 years လောက်မှာ ကျွန်တော်တို့ ဘက်ကနေပြီးတော့ မြန်မာ administration  managment  သုံးပုံတစ်ပုံလောက် ထည့်ပေးဖို့။ ကျွန်တော်တို့ ဆီက လူတွေလည်း Train လုပ်မှာပေါ့။ နောက်တဖြည်းဖြည်း နဲ့ သူတို့ဘက်ကလျှော့ချ။ နောက်ဆုံး ကျွန်တော်တို့ဘက်က လူတွေ နည်းနည်းချင်း တက်သွားမှာပေါ့။ အဲဒီလို အခြေအနေမျိုးမှာ technical transfer လည်းရနိုင်မယ့် အခြေအနေရှိပါတယ်။ နောက်တစ်ခုကလည်း သူတို့ဘက်က ပညာရှင်ပိုင်းအရ Professional ပိုင်းအရလည်း ပါလာမယ်။ အဲဒီမှာလည်း capacity building  အတွက်၊ ကျွန်တော်တို့ဆီ က လူတွေအတွက်လည်း training ရလာမယ်။ exchange program တွေပါလာမယ်။ ဟိုဘက်မှာ train သွားလုပ်မယ်။ ဒီဘက်ကလည်း ပူးပေါင်းဆောင်ရွက်မယ်။ ဒါတွေက ကျွန်တော်တို့ လုပ်လို့ရတဲ့အရာတွေပါ။ International နဲ့ ကျွန်တော်တို့နဲ့လည်း Information  ဖလှယ်နိုင်မယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
796a လက်ရှိ မြန်မာနိုင်ငံ ဆေးပညာလောကတွင် မျိုးဆက်တစ်ခုနှင့်တစ်ခု ကွာဟမှုများ ပိုမိုလာခြင်းနှင့် ပတ်သက်၍လည်း ပါမောက္ခဒေါက်တာ ကျော်မြင့်နိုင်က”အခု ကျွန်တော်တို့နိုင်ငံမှာ ပြဿနာတစ်ခု ရှိပါတယ်။ Brain Drain ။ Brain Drainက အတော် ကြီးမားတဲ့ ပြဿနာဖြစ်နေပါတယ်။ ကျွန်တော်တို့ဆီမှာ အခုဆိုလို့ရှိရင်  Senior Level နဲ့ နောက် Level  တစ်ခုမှာ Gap  က တော်တော်လေးကို ရှိနေပါပြီ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဥပမာဆိုလို့ရှိရင် ဒီ Private တွေ လုပ်တဲ့အတွက် ကျေးဇူးလည်း တင်ကြပါတယ်။ နိုင်ငံခြားသွားလုပ်မယ့် အစား ဒီမှာလုပ်လာကြတယ်။ အခုဆိုရင် Retire တော်တော်များများဟာ ကျွန်တော်တို့ တိုင်းပြည်မှာ လုပ်စား ကိုင်စားမဖြစ်နိုင်လို့ Retire Professor  တော်တော်များများဟာ နိုင်ငံခြားမှာ သွားလုပ်နေကြပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အမျှ ငှက်ဖျား ရောဂါ၊ တီဘီရောဂါ၊ ၀မ်းရောဂါ စသည့်ရောဂါများမှ အစ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရော ဂါ၊ ကင်ဆာရောဂါ အမျိုးမျိုးကဲ့သို့ ရောဂါများထိ ဖြစ်ပွားလျက်ရှိပါသည်။ ထိုသို့ ကျန်းမာရေးပြဿနာ  ကြုံတွေ့နေရသူများ၏ အသက်အန္တရာယ် လုံခြုံစိတ်ချရသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်နှင့် လူနာရှင် မိသားစု စိုးရိမ်ပူပန်မှု လျော့နည်းစေရန် ကျန်းမာရေးဝန်ဆောင်မှု အဆင့်အတန်း မြင့်မားရန်လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းများကို အစိုးရ ဆေးရုံဆေးခန်းများ၊ ပုဂ္ဂလိကပိုင် ဆေးရုံဆေးခန်းများက ၀န် ဆောင်မှုပေးလျက်ရှိရာ မြန်မာတစ်နိုင်ငံလုံးရှိ ပုဂ္ဂလိက ဆေးရုံအရေ အတွက်မှာ  ၆၀ ကျော်ရှိကြောင်း သိ ရပါသည်။ ထို့ပြင်  မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံ တကာအဆင့်နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါကကျန်းမာရေးဝန်ဆောင်မှု ခံယူရာတွင် လူနာနှင့် ဆရာဝန်ဦး ရေမမျှတခြင်း၊ ကျွမ်းကျင်ပညာရှင် ရှားပါးခြင်းနှင့်မရှိမဖြစ်လိုအပ်သော အရေးပေါ်အခြေအနေသုံးစက်ကိရိ ယာများ၊ ရောဂါရှာဖွေစမ်းသပ်မှု ကိရိယာများနှင့် ရောဂါတစ်ခုချင်းစီ အလိုက်အသုံးပြုကုသရသည့် စက် ကိရိယာများ အသုံးပြုနိုင်မှုနည်းပါး ခြင်းစသည့် အခြေအနေများကို တွေ့မြင်နိုင်ကြောင်း ကုသမှုခံယူခဲ့သူ များနှင့်ပညာရှင်များက  ဆိုပါသည်။
ပုဂ္ဂလိကဆေးရုံတွေက ခုထိအစိုးရဆေးရုံက ဆရာဝန်ကြီးတွေ နောက်ကိုပဲလိုက်နေတုန်းပဲ။ ကိုယ်ပိုင် HR ကိုယ်ပိုင်Residential Specialistရှိတဲ့ ဆေးရုံဆေးခန်းဆိုတာ မရှိဘူး။ အစိုးရ ဆေးရုံက ပါမောက္ခတွေကမျှပြီး ထိုင်နေရတော့ လူနာတွေမနစ်နာသင့်ဘဲ နစ်နာတဲ့ဖြစ်ရပ်တွေ ဖြစ်နေရတယ်။ အဓိကကတော့ ပုဂ္ဂလိက ဆေးရုံ တွေကို ကိုယ်ပိုင်Residential Specialistရှိအောင် သက်ဆိုင်ရာအနေနဲ့ စည်းကမ်းထုတ်သင့်တယ်။ လိုအပ်ရင်နိုင်ငံခြားက ငှားသင့်ရင်ငှားပေါ့ . . .
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး နိမ့်ကျမှုများကြောင့် လူနာသေဆုံးခဲ့ရသည့် ဖြစ်စဉ်များ၊ ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရပါသည်။
“ကျွန်မမောင်လေးက စက်တင် ဘာလ ၂ ရက်နေ့ကမှ နိုင်ငံခြားကပြန်လာတဲ့ သင်္ဘောသားတစ်ယောက်ပါ။ စက်တင်ဘာ ၈ ရက်နေ့မှာ ဗိုက်အောင့် တယ်အောင့်တယ်ဆိုလို့ မိသားစုဆရာဝန်ကို ပြခဲ့ပါတယ်။ သူကဆေးရုံတက်ဖို့ပြောတာနဲ့ ညနေ ၄ နာရီ လောက် ကျွန်မတို့ သုခကမ္ဘာအထူးကု ဆေးခန်းကို ရောက်ပါတယ်။ အဲဒီမှာ  Ultra Sound ရိုက်ကြည့်တော့ အူအတက်လို့ အဖြေထွက်တယ်တဲ့။ အဲဒါနဲ့ ည၈နာရီခွဲမှာ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦးက ခွဲစိတ်ပေးခဲ့ပါတယ်။ ခွဲပြီးလို့ နှစ်ရက်အကြာမှာ ချုပ်ရိုးက အရည်တွေ ထွက်နေတယ်။ ဗိုက်တစ်ခုလုံးကလည်း တင်းနေတာပဲ။ လူနာ အခြေအနေ ကြည့်ရတာလည်း အားမရတာနဲ့ တာဝန်ကျ ဆရာဝန်တစ်ဦးကို ခေါ်ပြခဲ့တယ်။ သူက ဆရာဝန်ကြီးလာမှ ပြကြည့်ပါလို့ ပြောပါတယ်။ ဆရာဝန်ကြီးလည်း လာရော Ultra Sound ထပ်ရိုက်ဖို့နဲ့ တခြားဆေးစစ်ချက်တွေ လုပ်ပါတယ်။ ပြီးတော့ နောက်ထပ်တစ်ကြိမ် ထပ်ခွဲဖို့ ပြောပါတယ်။ ကျွန်မတို့လည်း ကောင်းမယ်ထင်ရင် လုပ်ပါလို့ပြောခဲ့တယ်။ အဲဒါနဲ့ ည ၈ နာရီ လောက်မှာ ခွဲခန်းထဲကို ထပ်ဝင်ရတယ်။ ခွဲခန်းထဲ မှာ ခွဲနေရင်း  လူနာရဲ့အခြေအနေက ရန်ကုန်ဆေးရုံကြီးကို ချက်ချင်းပို့မှ ဖြစ်မယ်လို့ ခွဲစိတ်ဆရာဝန်ကြီးဖြစ်သူ က ပြောခဲ့ပါတယ်။ အဲဒါနဲ့ချက်ချင်းပဲ သုခကမ္ဘာက ကားနဲ့ ရန်ကုန်ဆေးရုံကြီး ကိုသွားခဲ့ရပါတယ်။ ဆေးရုံရောက်ပြီး နောက်နေ့မှာ လူနာကဆုံးသွားတာပါ” လူနာရှင်၏ အစ်မဖြစ်သူ ဒေါ်ညိုမိက ပြောကြားခဲ့ပါသည်။
ထို့အတူ မန္တလေးမြို့မဟာအောင်မြေမြို့နယ် ဂေါဝိန်ရပ်ကွက်တွင် နေထိုင်သည့် မမိချိုကလည်း”ကျွန်မ အစ်ကိုဦးလှမင်းက ရက် ၂၀ လောက် အဖျားတာရှည်ခဲ့ပါတယ်။  ဒါပေမယ့် အိပ်ရာထဲလဲတဲ့အထိ မဟုတ်ဘဲ သွားနိုင်၊ လာနိုင်၊ စားနိုင်ဖြစ်ပြီး နှစ်ရက် သုံးရက်လောက် ဖျားလိုက် ပျောက်သွားလိုက်ပုံစံမျိုးပါ။  အဲဒါနဲ့ ဆရာဝန်သွားပြတော့ ဆရာဝန်ရဲ့ဆေးစစ် ချက်အရ သူ့မှာ အသည်းကြီးတယ်၊ နှလုံးအဆီဖုံးတယ်၊ လေးဘက်နာ ရောဂါဖြစ်နေတယ်လို့ သိရပါတယ်။ ဆရာဝန်က ဆေးရုံတက်ဖို့ေ ပြာလို့ တက်ခဲ့ပါတယ်။ ဆေးရုံရောက်တော့ ဆရာဝန်ကြီး ရှိမနေပါဘူး။ အဲဒါနဲ့ ဆေးရုံက လက်ထောက်ဆရာဝန်တစ်ဦး ကကုသပေးခဲ့ပါတယ်။ အဲဒီဆရာဝန် က လူနာကို စအိုကနေ အဖျားပျောက် ဆေးပေးတယ်၊ ဘားပလက်ဆေးရည် စလိုင်းသွင်းတယ်၊ ပြီးတော့ အိပ်ဆေး နှစ်လုံးတိုက်တယ်။ ကျွန်မတို့က ဆရာဝန်ကြီးကို တစ်နေကုန် ထိုင်စောင့်ပါတယ်။ ဒါပေမယ့် ရောက်မလာဘူး။ သူနာပြုက လူနာမသက်သာရင် နောက်ထပ်ဆေးတစ်လုံး ထိုးပေးမယ်လို့ ပြောတယ်။ ညနေ ၆ နာရီမှာ အစ်ကိုက အိမ်သာသွားဖို့ ပြင်ဆင်နေတုန်း သူနာပြုရောက်လာတော့ အစ်ကိုက ဆေးအရင်ထိုးပြီးမှ အိမ်သာသွားမယ်ပြောတော့ ဆေးထိုးပါတယ်။ အဲဒီဆေးထိုးခံရင်း ဆေးထိုးအပ်နှုတ်တာနဲ့ အသက်ထွက်သွားပါတယ်။ အစ်ကိုက မသေဆုံးခင် ဖျားတာကလွဲပြီး အကောင်း ကြီးပါ။ အဲဒီအချိန်ဆရာဝန်ကြီးကလည်း တခြားလူနာကို ကုပေးနေတယ်လို့ သိရပါတယ်။ ဒီလိုသေသွားတော့မှ ဆရာဝန်ကြီးကို သူနာပြု ကသွားခေါ်ပေးတယ်။ ဆရာဝန်ကြီး ရောက်လာတော့ ၀မ်းနည်းကြောင်း စကားပဲပြောပြီး သေဆုံးရတဲ့အကြောင်းကို မပြောပြပါဘူး” ဟု ပြော ပြပါသည်။
“မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး (uality of care)က နိမ့်ကျနေတယ်။ အစိုးရကလည်း ကျန်းမာရေးအသုံးစရိတ်ကို ဒီထက်ပိုတိုးပေးဖို့လိုတယ်။ ပုဂ္ဂလိကပိုင်းကလည်း ၀န်ဆောင်မှု အရည်အသွေးကို တတ်နိုင်သလောက် တိုးပေးနိုင်ဖို့ ကြိုးစားသင့်တယ်။ ပုဂ္ဂလိကပိုင်းက ၀န်ဆောင်မှုနဲ့ စက်ပစ္စည်းကိရိယာ ၀ယ်ယူမှုပိုင်းမှာ အရင်းအနှီးထည့်ဝင်မှု နည်းတယ်လို့ ပြောကြတာလည်း ရှိတယ်။ ဒါက ပုဂ္ဂလိကပိုင်းက ဒီထက်ပိုရင်းနှီးဖို့ လိုမယ်မထင်ဘူး ထင်တာဖြစ်နိုင်တယ်။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံဖို့ မလွယ်တာ။  မတတ်နိုင်တာလည်း ဖြစ်နိုင်တယ်။ မြှင့်ရကောင်းမှန်းသိပေမယ့်လည်း ငွေတစ်ခုတည်းတင် မြှင့်လို့မရဘူး။  HR ကိုလည်းမြှင့်မှရမှာ။ အဲဒီတော့ အစိုးရကလည်း ဘတ်ဂျက် တိုးမပေးဘူး။ ပုဂ္ဂလိကပိုင်းရဲ့ ၀န်ဆောင်မှုကိုလည်း စိတ်ကျေနပ်မှု မရဘူးဆိုတော့က တတ်နိုင်သူက ပြည်ပထွက်ကုတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက  လုပ်ရကောင်းမှန်းမသိတဲ့ သူလည်းရှိတယ်။ သိပေမယ့် မသိကျိုးကျွံလုပ်နေတဲ့သူလည်း ရှိနေတယ်။ လုပ်ရကောင်းမှန်း သိပေမယ့် အဲဒီတစ်ဦးတစ်ယောက် လုပ်တာနဲ့လည်း မပြီးဘူး။ အခုခေတ်က တစ်ဦးတစ်ယောက်နဲ့ မပြီးဘူး။ Teamwork လိုတယ်။ ဥပမာ ရောဂါတစ်ခုကိုကုဖို့ Specialist တစ်ယောက်တည်းနဲ့ ကုတာမျိုး မဟုတ်တော့ဘူး။ နောက် တစ်ခုက တိုးတက်နေတဲ့ သိပ္ပံနဲ့နည်းပညာကို မီအောင်မလိုက်နိုင်ဘူး။ ပြောင်းလဲနေတဲ့ တိုးတက်မှုကို အသုံးမချနိုင်ဘူး ဖြစ်နေတယ်။ ခုနက ပြောသလို ရောဂါတစ်ခုကို ကုပြီဆိုရင် Specialist တစ်ယောက်တည်း မဟုတ်ဘူး။ ခွဲရမယ်ဆိုရင် မေ့ဆေး အထူးကု၊ ခွဲစိတ်အထူးကု၊ သက်ဆိုင်ရာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ခေတ်မီစက်ပစ္စည်းတွေကို ကိုင်တွယ်ပေးမယ့် နားလည်တတ်ကျွမ်းသူ တွေ စတာတွေပါလာမယ်။ သူတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုက ၀န်ဆောင်မှု အရည်အသွေးကို မြင့်မားစေပါတယ်။ နောက်တွေ့ရတာက  Specialist တချို့က ငါတကော ကောကောနေတာ တွေ့ရတယ်။ လူနာက တစ်ခုခုမေး ရင် ပြန်ရှင်းမပြချင်တာမျိုး၊ တခြား ဆရာဝန်တစ်ယောက်နဲ့ ထပ်ပြချင်တယ်လို့ပြောမိရင် ဆက်မကုပေးတော့ ဘူးပြောတာမျိုးဖြစ်လာတယ်။ တခြားဆရာဝန်တစ်ယောက်နဲ့ ထပ်ပြမယ်ပြောတာက Second Opinionအတွက်ပြောတာ၊ Second Opinion ဆိုတာ လူနာအတွက် ရှိသင့်ရှိထိုက်တယ်။ ဒါကို စိတ်ဆိုးတယ်ဆိုရင် ဒါက ဆရာဝန်ရဲ့ ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်တာပဲ။ ဒီလိုစိတ်မျိုးတွေ ရှိနေရင် ခုနကပြောခဲ့တဲ့ Teamwork ပုံစံရှိလာဖို့ ခက်ခဲတယ်။ ဒါကြောင့် ဆရာဝန်တွေလည်း ကိုယ့်ရဲ့ Mindset  ကို ပြောင်းနိုင်ဖို့လိုတယ်။ Teamwork ကိုပြောင်းဖို့လက်ခံနိုင် ဖို့လိုတယ်။ မြန်မာနိုင်ငံမှာ Science  နဲ့ Teamwork မရှိတာ အားနည်းချက် ဖြစ်နေတယ်။ နောက်ပြီး လူနာတွေက ကိုယ့်အခွင့်အရေးကို နားလည်ရမယ်။ ဆရာ့သဘောပဲ လုပ်ချင်ရာ လုပ်ဆိုပြီး ၀ကွက်အပ်စရာ မလိုဘူး။ ကိုယ့်အသက် ကိုယ်ပိုင်တယ်။ လုပ်ချင်ရင်လုပ်၊ မလုပ်ချင်ရင် မလုပ်ဘဲ နေလို့ရတယ်။ မီဒီယာတွေကလည်း လိုအပ်ချက်တွေကို ထောက်ပြရမယ်။ အခုခေတ်က ဒီမိုကရေစီခေတ်၊ လွှတ်တော်ခေတ်။ ပါလီမန်က လူတွေ အောက်ခြေက အခြေအနေကိုသိဖို့ မီဒီယာက သတင်းပေးရမယ်။
 ပြည်သူကိုလည်း မီဒီယာက ပညာပေးဖို့ တာဝန်ရှိတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပုံစံက WHO က ချမှတ်ထားတဲ့ လမ်းစဉ်ကို လိုက်နေတာ။ ဒါပေမယ့် ကိုယ့်တိုင်းပြည် အခြေအနေကို ထည့်သွင်းပြီး အံဝင်အောင် လုပ်ဖို့လိုတယ်။ လုပ်လည်း လုပ်နေတယ်လို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ ကျန်းမာ ရေးအဆင့်၊ စောင့်ရှောက်မှုအဆင့်ကို အမြဲချိန်ဆ စောင့်ကြည့်နေဖို့ လိုတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကို နှစ်ပိုင်း ခွဲကြည့်နိုင်တယ်။ Public Health (ပြည်သူ့ကျန်းမာရေး)နဲ့ Curative (ကုသရေး)။ ညံ့တာကိုတော့ လက်ခံပြီးသား။ ဒါပေမယ့် ပြည်သူ့ကျန်းမာရေးက စွမ်းဆောင်မှုရှိသေးတယ်။ ပြည်သူ့ကျန်းမာရေး ဆိုတာက တီဘီ၊ ငှက်ဖျား၊ အေ့စ်တို့လို ရောဂါတွေကို လျော့နည်းပပျောက်အောင် လုပ်တာ။ မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကျဆင်းမှုကို ကြည့်ရင် အဓိက နှစ်ချက်ကြောင့်လို့ ထင်တယ်။ နံပါတ်တစ်က ရှေ့ကို မကြည့်တာ။ ရှေ့ကို မကြည့်တော့ သိပ္ပံနဲ့နည်းပညာ တိုးတက်အောင် မပြုစုမပျိုးထောင်ဘူး။ နောက်တစ်ချက်ကတော့ ဆရာဝန်တချို့ရဲ့တလွဲ မာနထားကြတာ။ အရည်အချင်း တိုးတက်အောင် မမြှင့်တင်ချင်ဘူး။ ရှိပြီးသားနဲ့ နေကြတယ်။ ဒီကြားထဲ ကိုယ့်ကိုယ်ကိုယ် မာန်မာနထားကြတယ်။ အဲဒီတော့ Teamwork မရှိလာနိုင်တော့ဘူး”ဟု ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က ပြောကြားခဲ့ပါသည်။
“အစိုးရဆေးရုံ အရည်အသွေး မြှင့်ဖို့၊ ၀န်ဆောင်မှုကောင်းဖို့ဆိုတာ ဝေးပါတယ်။ ပုဂ္ဂလိကဆေးရုံတွေ တောင် တခြားနိုင်ငံတွေနဲ့ မယှဉ်နိုင်ဘူး။ အစိုးရဆေးရုံက ဆရာဝန်တွေ ကို ပုဂ္ဂလိကဆေးခန်းတွေက မှီခို နေရတာကလဲ ပြဿနာတစ်ခုပါ။ ပုဂ္ဂလိကဆေးရုံတွေက ခုထိ အစိုးရ ဆေးရုံက ဆရာဝန်ကြီးတွေနောက် ကိုပဲ လိုက်နေတုန်းပဲ။ ကိုယ်ပိုင်  HR ကိုယ်ပိုင် Residential Specialist ရှိတဲ့ ဆေးရုံဆေးခန်းဆိုတာ မရှိဘူး။ အစိုးရဆေးရုံက ပါမောက္ခတွေကမျှပြီး ထိုင်နေရတော့ လူနာတွေ မနစ်နာသင့်ဘဲ နစ်နာတဲ့ဖြစ်ရပ်တွေ ဖြစ်နေရတယ်။ အဓိကကတော့ ပုဂ္ဂလိကဆေးရုံတွေကို ကိုယ်ပိုင်Residential Specialistရှိအောင် သက်ဆိုင်ရာအနေနဲ့ စည်းကမ်း ထုတ်သင့်တယ်။ လိုအပ်ရင် နိုင်ငံခြားက ငှားသင့်ရင်ငှားပေါ့”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
ဗဟိုကျန်းမာရေး ပညာ ဦးစီး ဌာနညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်ကလည်း “ကျန်းမာရေး တစ်ခုခုဖြစ်ရင် ကိုယ်ကိုယ်တိုင်ရော မိသားစုပါ ၀န်ထုပ်ဝန်ပိုး ဖြစ်ပါတယ်။ စောင့်ရှောက်တဲ့ ၀န်ဆောင်မှုညံဖျင်းရင် ပိုဖိစီးစေတာပေါ့။ ရောဂါတစ်ခုခု ဖြစ်တယ်ဆိုတာက ကိုယ့် ရဲ့ ရောဂါဖြစ်တဲ့အထိ နေထိုင်ပြုမူ ပုံပေါ်မူတည်တယ်။ ဒါကြောင့် ကာကွယ်တာက ကုသတာထက် ပိုကောင်းတယ်။ ၀န်ဆောင်မှု အရည်အသွေး မြင့်တင်နိုင်ဖို့လည်း လိုလာပါပြီ” ဟု ပြောပြခဲ့ပါသည်။
ပါမောက္ခဒေါ်လှမြင့်ကလည်း “ငွေကြေးတတ်နိုင်တဲ့လူက ကျန်းမာ ရေးစောင့်ရှောက်မှုကို နိုင်ငံခြားဆေးရုံတွေမှာ ပိုပြီးခံယူချင်လာကြတယ်။ ဒါက ရန်ကုန်တင် မဟုတ်တော့ဘူး။ ရှမ်းပြည်က လူတောင် ထိုင်းနိုင်ငံ ချင်းမိုင်မှာ သွားပြီး ဆေးကုခံကြ တယ်။ အဓိကကတော့ ထိုင်း၊ စင် ကာပူ၊ အိန္ဒိယနိုင်ငံက ဆေးရုံတွေက မြန်မာပြည်ကို ဈေးကွက်ရှာတာများ လာတယ်။ ဒီကလူတွေကလည်း သွားကြတယ်။ Medical Tourism အနေနဲ့ မိသားစုလိုက် Package  အနေနဲ့ ရောင်းလာကြတယ်။ ဒါက မြန်မာပြည်က ဆေးရုံဆေးခန်းတွေရဲ့အရည်အသွေးကျလို့လား၊ ဒါမှမဟုတ် ဖက်ရှင်တစ်ရပ်အနေနဲ့ သွားတာလား၊ ဒါမှမဟုတ်ဆေးလည်းကုရင်း နိုင်ငံ ခြားလည်း ရောက်ဖူးတယ်၊ ဈေးဝယ် ထွက်လို့လည်း ရတယ်ဆိုပြီး သွားတာလား စဉ်းစားသင့်တယ်။ တကယ်တမ်းလည်း ဒီမှာ ဆရာဝန်ကြီးရှားတယ်။ ဆေးရုံတွေရဲ့ ၀န်ဆောင်မှု ညံ့ဖျင်းတယ်ဆိုတဲ့ အမြင်တွေရှိတယ်။ ဆရာဝန်ကြီးရှားလို့ ဂျီပီနဲ့ ပြဖို့ကလည်းဂျီပီတွေအပေါ်ယုံကြည် မှုနည်းနေတယ်။စိတ်မချရဘူး၊ သူနဲ့ တင်မပြီးဘူး၊ အခေါက်ခေါက်အခါခါ သွားရတယ်၊ အချိန်ကုန်ငွေကုန်ဖြစ် တယ်ဆိုတဲ့ အမြင်တွေရှိနေတယ်။ အဓိကကတော့ ဆေးရုံဆေးခန်းတွေ နဲ့ဆရာဝန်တွေရဲ့ အရည်အသွေးအား နည်းချက်ရှိလို့ တတ်နိုင်သူတွေက ပြည်ပထွက်ကုတာ များလာတယ်။ ဆေးရုံဆေးခန်းတွေ အရည်အသွေး မြှင့်တင်ဖို့က အရင်းအနှီးတွေတိုး မြှင့်ထည့်ဝင်ရမယ်။ လိုအပ်တဲ့ စက်ကိရိယာပစ္စည်းတွေ ဖြည့်ဆည်းရမယ်။ ဆရာဝန်နဲ့ တတ်ကျွမ်းသူတွေကို အရည်အချင်းမြှင့်ဖို့ကတော့ ပညာရေးက အဓိကပဲ”ဟု ထင်မြင်ချက် ပေးပါသည်။
“နိုင်ငံခြား ဆေးကုသွားတာ ဖက်ရှင်လား၊ တကယ်လိုအပ်လို့လား ဆိုတာ ဆန်းစစ်ဖို့လိုတယ်။ ကျွန်တော်သိတဲ့ ဆေးရုံဆေးခန်းပိုင်ရှင် တွေ၊ ဆရာဝန်ကြီးတွေနဲ့သက်ဆိုင်ရာ ထိပ်ကပုဂ္ဂိုလ်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က သာမန်ရောဂါလောက်ကိုပဲ စင်ကာပူ၊ ထိုင်းလောက်မှာ သွားကုနေကြတယ်။ အရေးကြီးတဲ့ ရောဂါဆိုရင်တောင် မပြောပါနဲ့။ ဒီတော့သူတို့လို ဆေးရုံဆေးခန်းပိုင်ရှင် မိသားစုဝင်တွေတောင် နိုင်ငံခြားမှာ ဆေးသွားကုရင် အဲဒီဆေးရုံဆေးခန်း တွေက သူများတွေကို ဘယ်လိုအာမခံချက် ပေးမလဲ။ ဘယ်လိုလုပ်သွား ကုမလဲ။ ဒီကဆေးရုံတွေရဲ့ အရည်အသွေးကိုရော ဘယ်လို အာမခံမလဲ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
ထို့ပြင် လူမှုနယ်ပယ်အတွင်း တည်ရှိနေသော ရဲဝန်ထမ်း၊ တရားသူကြီး၊ ဆရာဝန်နှင့်ဂျာနယ်လစ်များ ၏ စိတ်ဓာတ်နှင့်ကိုယ်ကျင့်တရား ကို ပြင်ဆင်နိုင်ခြင်းမရှိပါက လူ့အဖွဲ့အစည်းကို ပြင်ဆင်နိုင်မည် မဟုတ်ကြောင်း သုံးသပ်ကြပါသည်။
“တကယ်တမ်း ဆန်းစစ်ရင်တော့ စိတ်ဓာတ်နဲ့ ခံယူချက်တွေက အရေးကြီးဆုံးပါပဲ။ စိတ်ဓာတ်နဲ့ ခံယူချက်တွေကို မပြင်ဘူးဆိုရင် ကျန်တာတွေကို ပြင်လို့ရမှာ မဟုတ်ပါဘူး။ တနည်းအားဖြင့် စနစ်နဲ့လူပဲဖြစ်ပါတယ်။ စနစ်ကောင်းနေပြီဆိုရင်တောင် လူတွေမပြောင်းရင်စနစ်က အကောင် အထည်ပေါ်လာမှာ မဟုတ်ပါဘူး”ဟု Myanmar Trade- mark and Patent Law Firm  မှ အကြီးတန်းဥပဒေ ပညာရှင်ဦးသိန်းအောင်က ပြောပါသည်။
“အထူးသဖြင့်ကတော့ အများ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရတဲ့သူတွေပါ။ တရားစီရင်ရေး နယ်ပယ်၊ စီမံခန့်ခွဲရေးနယ်ပယ်၊ ဥပဒေပြုရေး နယ်ပယ်တွေဆိုတာ နိုင်ငံရဲ့ အဓိကကဏ္ဍတွေဖြစ်သလို အများပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ နေရသူတွေလည်း ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ ပါတဲ့သူ တွေလည်း အတူတူပါပဲ။ ဒီကဏ္ဍ တွေကောင်းဖို့ စနစ်က အရေးပါသလို စနစ်နဲ့အတူ လူတွေလည်း လိုက်ကောင်းဖို့လိုပါတယ်”ဟု ဦးသိန်းအောင်က ဆက်လက်ပြောပြသည်။
“အခုလို ကာလမျိုးမှာတောင် ရဲဌာနကို ၀င်သွားလိုက်။ အ၀င်ဝမှာ ကူညီပါရစေဆိုတာ ချိတ်ထားပေမယ့် တကယ်ဝင်သွားတဲ့အခါ စာတန်းချိတ်ထားသလို ဖြစ်ရဲ့လား။ တရားစီရင်ရေးနယ်ပယ်မှာ ဆိုရင် လည်း သက်ဆိုင်ရာခေါင်းဆောင် တွေက အောက်က၀န်ထမ်းတွေကို လာဘ်မစားဖို့၊ လာဘ်စားရင် အရေးယူမယ် ဆိုတာတွေကို သတိပေး ကြ၊ပြောကြတာတွေ ရှိပေမဲ့ လာဘ်ပေး လာဘ်ယူနဲ့ပတ်သက်ပြီး ကင်းရှင်းတာတွေမရှိပါဘူး။ ဒါကြောင့်လည်း တရားစီရင်ရေး နယ်ပယ်မှာ လာဘ်ပေးလာဘ်ယူ ကိစ္စဟာ လက်ညှိုးအထိုးခံရဆုံး ဖြစ်နေတာပါ။ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်မှာလည်း အတူတူပါပဲ။ တလောတုန်းက ကျန်းမာရေးစနစ်ကို ဂျာနယ်တွေက ဝေဖန်တဲ့အခါမှာ ဒီကဆရာဝန်တွေက မခံနိုင်ဘဲ ပြန်လှန်ငြင်းခုန်ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် တကယ်တန်း လက်တွေ့မှာတော့ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်မှာ ရှိနေကြတဲ့ ဆရာဝန်ကြီး တွေ ကိုယ်တိုင်က နိုင်ငံခြားထွက်ပြီး ဆေးကုသမှု ခံယူနေကြပါတယ်။ ဒီမှာ တကယ်ကောင်းတယ်ဆိုရင် သူတို့ ကိုယ်တိုင်က စံနမူနာပြအနေနဲ့ ဒီနိုင်ငံထဲမှာပဲ ဆေးကုသမှုမခံယူ သင့်ဘူးလား”ဟု ဦးသိန်းအောင်က ပြော ကြားခဲ့ပါသည်။
“Emergency Case တွေ လာရင် ဆေးရုံအချင်းချင်း ဘောလီဘော ပုတ်တာကိုလဲ ပုဂ္ဂလိကဆေးရုံတွေ ကို တိကျတဲ့ ညွှန်ကြားချက်တွေ ပေးသင့်တယ်။ အရေးယူသင့်တယ်။  ကျွန်တော့်သားလေး ခေါင်းပေါက် သွားတာ တစ်လက်မလောက်ရှိလို့ နာမည်အကြီးဆုံး ပုဂ္ဂလိကဆေးရုံမှာ သွားပြတယ်။ ဆာဂျင်မရှိလို့ ဆိုပြီးတော့ ကလေးဆေးရုံကို ညွှန်တယ်။ နောက်ဆုံး ဂျီပီဆေးခန်းတစ်ခု မှာပဲ ချုပ်လိုက်ရတယ်။ ဒီလောက် သာမန် emergency case လောက်တောင် မကုနိုင်တဲ့ ပုဂ္ဂလိကဆေးရုံတွေ ဘယ်လို အလုပ်လုပ်မလဲ။ ပုဂ္ဂလိက ဆေးရုံ ဥပဒေမှာ emergency case တွေ ကုသနိုင်တဲ့ အရည်အသွေးရှိရမယ်ဆိုတာ ပြောထားပြီးပြီလေ။ ဆေးရုံ ဆေးခန်းဥပဒေမှာလည်း လွဲတာလေးတွေ ရှိတယ်။ အားလုံးကို ဆေးရုံအဖြစ် သတ်မှတ်လို့မရနိုင်ဘူး။ တချို့ ကို အထူးကုဆေးခန်း၊ clinic ပဲ ထားရမယ်။ အတွင်းလူနာထားရုံနဲ့ ဆေးရုံလို့ မသတ်မှတ်နိုင်ဘူး။  ဒီမှာရှိတဲ့ ဆေးရုံလို့ အမည်တပ်ထားတဲ့ ဆေးရုံ တော်တော်များများက ဒီအရည်အသွေးမရှိဘူး။ နိုင်ငံတကာက ဆေးရုံ တွေမဆိုပါနဲ့။ မကြာခင်က လှူဒါန်း တဲ့ ကလေးဆေးရုံကြီးနှစ်ရုံရဲ့  facility နဲ့ ဒီက နာမည်အကြီးဆုံး ပုဂ္ဂလိကဆေးရုံမှာ က ဆေးရုံကြီးနှစ်ခုနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ဆေးရုံကို ဟော်တယ်တစ်ခုလို အမြင်ပြောင်းရုံနဲ့ မရဘူး။ ဘာတွေ ကွာဟနေသလဲ။ ဆေးရုံရဲ့အင်္ဂါရပ်နဲ့ မညီတာ ဘာဖြစ်နေသလဲ ကြည့်သင့်တယ်။ လူအများနေထိုင်တဲ့ ရပ်ကွက် နဲ့ နီးစပ်တဲ့နေရာမှာ ဆေးရုံတွေထပ်ဖွင့်တာ၊ တိုးချဲ့တာတွေ လုံးဝခွင့်မပြုသင့် တော့ဘူး”ဟု Eleven Media Group ၏  CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့ပါသည်။
ပုဂ္ဂလိကဆေးရုံများ အနေဖြင့် လူ့ကျင့်ဝတ်နဲ့ညီသည့် ဆေးရုံများ ဖြစ်ရန်နှင့်ပတ်သက်၍ စီးပွားရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက် က “စီးပွားရေးလုပ်နေတာ အမြတ်ယူရမယ်။ ရှုံးမယ့်စီးပွားရေးလုပ်တဲ့သူ တစ်ယောက်မှမရှိသလို ရှိနေရင်လည်း တော်တော်ကြောင်တဲ့လူပါပဲ။ စီးပွားရေးက ရှုံးနေလို့မရဘူး၊ မြတ်နမှရမယ်။ စီးပွားရေးလုပ်နေလို့ ကျန်တာတွေ အားလုံးလှည့်ကြည့်လို့ မရဘူးလို့ ပြောလို့မရပါဘူး။ ပတ်ဝန်းကျင် အခြေအနေ အားလုံးကြည့်ဖို့ လိုပါတယ်။ အဲ့ဒီမှာအရေးကြီးတာ ETHIC  ပါ။ တစ်ချိန်တုန်းက ETHIC  ကိုသင်ခွင့်မရပါဘူး။ ပြည်သူ့နီတိ သင်ခွင့်မရဘူး။ လူတွေကို သိက္ခာနဲ့ နေဖို့။ ကျန်းမာရေး ETHIC  သင်သင့် တယ်။ အလုပ်လုပ်တဲ့အခါ လူ့ကျင့် ၀တ်နဲ့ညီအောင် လူ့သိက္ခာရှိအောင် လုပ်ဖို့တော့လိုပါလိမ့်မယ်။ ဆေးရုံမှာ ပဲဖြစ်ဖြစ်။ ဘကျငညနျ မှာပဲဖြစ်ဖြစ်။ အစိုးရမှာပဲဖြစ်ဖြစ် ethic  ရှိဖို့လိုပါတယ်။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် good governance? clean gover- ment လို့ ပြောပါတယ်။ အဲဒါတွေက ethic ပါ။ လူတွေအားလုံးက အမြတ်တစ်ခုတည်း မဟုတ်ဘူး။ အမြတ်ကိုယူတယ်။ သို့သော်လည်း အစုရှယ်ယာ တွေပိုပြီး ချမ်းသာအောင် လုပ်ပေးမယ်။ ဒါပေမယ့် တစ်ဘက်ကလည်း လူမှုရေးတာဝန်တွေ ကျန်တယ်။ တာဝန်ကျေဖို့လည်း လိုတယ်လို့ စဉ်းစားမိပါတယ်။ ပုဂ္ဂလိကဆေးရုံက လူကြီးတွေနဲ့ ကျန်တဲ့လူတွေအားလုံးကို ပြောချင်တာ။ လူ့ကျင့်ဝတ်နဲ့ညီတဲ့ ဆေးရုံတွေဖြစ်အောင် ကြိုးစားကြည့်ရအောင်။ လူ့ကျင့်ဝတ်နဲ့ညီတဲ့ တက္ကသိုလ်တွေဖြစ်အောင် လုပ်ကြည့် ရအောင်။ အရင်တုန်းက စီးပွားရေးလုပ်ရင် P တစ်လုံးပဲ လိုတယ်။ အဲဒီ P က Profit (အမြတ်)ပါ။ အခုတော့ P သုံးလုံးဖြစ်နေပါပြီ။ ပထမ P က တော့ Profit  ။ ဒုတိယက people ပါ။ စီးပွားရေးလုပ်ရင် ၀န်ထမ်းတွေကို ကြည့်ဖို့လိုတယ်။ ဆေးရုံတွေမှာ လုပ်ရင်ကိုယ့်ရဲ့ဝန်ထမ်းတွေကို ကြည့်ဖို့လိုတယ်။ ကိုယ့်ရဲ့လူနာတွေကို ကြည့်ဖို့လိုတယ်။ တတိယ P က Planet (ပတ်ဝန်းကျင်)ကို ပြောတာပါ။ ကမ္ဘာ မြေကြီးကို ကိုယ်တွေမှ မစောင့်ရှောက်ရင် ဘယ်သူစောင့်ရှောက်မှာလဲ”ဟု စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးဆိုင်ရာ ၀တ္တရားများအကြောင်း ဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဧဒင်အုပ်စုမှ လှူဒါန်းသော ကလေးဆေးရုံကြီး(မန္တလေး)၏ အချက်အလက်နှင့် ပါဝင်သောလုပ်ငန်းအချို့
စုစုပေါင်းမြေဧရိယာ ၉ ဒသမ ၅၇ ဧကကျယ်ဝန်းသော မြေကွက်ပေါ်တွင် ဆောက်လုပ်ထားပြီး အောက်ပါလုပ်ငန်းများ ပါဝင်ပါသည်-
(၁) ဆေးရုံတွင် ပါဝင်သောကုတင်နှင့် တက်ရောက်နိုင်သော ကလေးဦးရေမှာ (၅၅၀)ခုတင်ဖြစ်ပြီး ကလေးဆေးရုံကြီး မန္တလေးတွင် အဆောက်အအုံ(၃၄)ဖြင့် ဖွဲ့စည်းထားသည်။ ပါဝင်သော အဆောင်အချို့နှင့် ဆေးကုသမှုဆိုင်ရာ စက်ပစ္စည်းအချို့ (က) မွေးကင်းစကလေးဆေးကုခန်း၊ (ခ)သွေး လှူဘဏ်၊ (ဂ) ဓာတ်မှန်ခန်း၊ (ဃ) သီးသန့်လူနာဆောင်၊ (င) သီးခြားလူနာကုသဆောင်၊ (စ) အစည်းအဝေးခန်းမ၊ (ဆ) စာသင်ခန်း၊ (ဇ) ဖျားနာကုသဆောင်၊ (ဈ) ပြင်ပလူနာဌာန၊ (ည) ကလေးကစားကွင်း၊ (ဋ) ဆေးပေး၊ ဆေးအရောင်းဆိုင်၊ (ဌ) ဆေးသိုလှောင်ခန်း၊ (ဍ) အရေးပေါ်လူနာဌာန၊ (ဎ) ကုသမှုဆိုင်ရာ စက်ပစ္စည်းများအပြင် ခွဲစိတ် ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်။
မက်စ်မြန်မာ ကုမ္ပဏီအုပ်စုမှ လှူဒါန်းသော ရန်ကင်း ကလေးဆေးရုံ၏ အချက်အလက်နှင့် ပါဝင်သော လုပ်ငန်းအချို့
စုစုပေါင်းမြေဧရိယာ - ၉ ဒသမ ၅ ဧကကျယ်ဝန်းသော မြေကွက်ပေါ်တွင် ဆောက်လုပ်ထားပြီး အောက်ပါလုပ်ငန်းများ ပါဝင်ပါသည်-
(၁) ဆေးရုံတွင် ပါဝင်သောကုတင်နှင့် တက်ရောက် နိုင်သော ကလေးဦးရေ(၅၅၀)ခုတင်နှင့် အထူးသီးသန့်ခန်း(၄)ခန်း၊ သီးသန့်ခန်း(၂၅)ခန်း၊ (၂)ဆေး ကုသမှုဆိုင်ရာလိုအပ်သော စက်ပစ္စည်းများနှင့် အသေးစိတ်ပြင်ဆင်ထားမှုများ(က) အရေးပေါ် လူနာဌာန၊ (ခ) ပြင်ပလူနာဌာန၊ (ဂ) ဓာတ်မှန်ရိုက် စက်၊ (ဃ) Ultra Sound ရိုက်စက်၊ (င) နှလုံးစမ်းသပ်စက်၊ (စ) CT Scan ၊ (ဆ) သွေးလှူ ဘဏ်၊ (ဇ) ခွဲစိတ်ခန်းမဆောင်၊ (ဈ) မွေးကင်းစဆောင်၊ (ည) အစည်းအဝေး ခန်းမဆောင်၊ (ဋ) ဆေးကုသဆောင်၊ (ဌ) အောက်ဆီ ဂျင်ဓာတ်ငွေ့ပေး ပိုက်လိုင်းစနစ်၊ (ဍ) လေအေးပေးစက်များ၊ (ဎ) အထူးရောဂါ ရှာဖွေရေးဌာန၊(ဏ) ရာသီအလိုက် ဖြစ်တတ်သော ကူးစက် ရောဂါများဌာန၊ (တ) ဆေးပေး၊ ဆေးရောင်းဌာန၊ (ထ) ဆေးသိုလှောင်ခန်းများ၊ (ဒ) သင်ကြားရေးခန်းမ၊ (ဓ) ဓာတ်ခွဲခန်းများ၊ (န)ဆက်သွယ်ရေးစနစ်၊ ဖက်စ်၊ ရုံးသုံးပစ္စည်းများ။
Eleven Media Group
Myanmar News Now
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်