ရွေးကောက်ပွဲ အောင်နိုင်ရေး လှုံ့ဆော်တေးများ ဖန်တီးရန်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု နှင့် ဂီတအနုပညာရှင် ၅၀ ကျော်တို့ တွေ့ ဆုံမည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀ ကျော်သည် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုံ့ဆော်တေးများ ဖန်တီးရန်အတွက် မနက်ဖြန် ညနေ ၃ နာရီခန့်၌ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံမည်ဟု သတင်း ရသည်။
ပညာရေးကွန်ရက် ၁ နှစ်ပြည့်ပွဲနေ့က အဆိုရှင်တချို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါတွေ့ဆုံပွဲကို ဂီတပညာရှင်များဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ သားထွေး၊ ကိုးတိုးလွင်နှင့် ဆောင်ဦးလှိုင်တို့က စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖိတ်ကြားခြင်းခံရသည့် အနုပညာရှင်များမှာ တေးရေးနောင်နောင် (ဆန်းဖလားဝါး)၊ စံလင်း၊ ရင်ဂို၊ မာရဇ္ဇ၊ ဆောင်းဦးလှိုင်၊ ဇေယျာသော်၊ အနဂ္ဂ၊ ကျားပေါက်၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ ချစ်သုဝေ၊ သံသာဝင်း၊ ချမ်းချမ်း စသည်တို့ အပါဝင် အနုပညာရှင် ၅၀ ကျော်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုတော် ဇေယျာသော်က “ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ဂီတအနုပညာနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်အပိုင်းက တာဝန် ယူမယ်ဆိုတာ ကော်မတီဖွဲ့ဖို့ လူစုတဲ့သဘောပါ” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ပြုလုပ်သည့် အခမ်းအနားများတွင် စာပေဂီတ၊ပန်းချီ အနုပညာရှင် အများအပြား လာရောက်ပူးပေါင်းကာ ဖျော်ဖြေမှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။
မကြာသေးမီက ပြည်လမ်း ရန်ကုန်တက္ကသိုလ်ရှေ့ ယုဒဿန်ရိပ်သာတွင် ကျင်းပသည့် ပညာရေးကွန်ယက် တနှစ်ပြည့် ဈေးရောင်း ပွဲ အခမ်းအနားတွင်လည်း ကိုရဲလွင်၊ ဆောင်းဦးလှိုင် ဦးဆောင်သည့် ဂီတပညာရှင် အများအပြား လာရောက်ဖျော်ဖြေ ခဲ့သေးသည်။
၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင်တည်ထောင် ကာစကလည်း ရုပ်ရှင်၊ ဂီတနှင့် စာပေအသိုင်းအ၀န်းမှ စာရေးဆရာ မောင်ဝံသ၊ ကဗျာဆရာကြီး ဦးတင်မိုး၊  ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်၊ ဒါရိုက်တာ မောင်မိုးသူ၊ အဆိုတော် စိုင်းထီးဆိုင် စသည့် အနုပညာရှင်များ လာရောက် ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီခေါင်းဆောင်များက ပါတီကို ပြန်လည် မှတ်ပုံတင်ကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယနေ့တွင်မူ ပါတီဦးဆောင် ၂၁ ဦးပါ စာရင်းကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် တင်ပြမည်ဟုသိရသည်။
ရန်ပိုင် (ဧရာဝတီ)
အမျိုးသမီးတွေ လွှတ်တော်ထဲရောက်လာရင် မြန်မာနိုင်ငံရေးမှာ ဘယ်လောက်အားကောင်းလာနိုင်ပါသလဲ
လွှတ်တော်(၃)ရပ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် လစ်လပ်လွှတ်တော်ကိုယ်စားလှယ် (၄၈)နေရာထက်မနည်းရှိကြောင်း ကြားသိရသည်။ နိုင်ငံရေးပါတီများ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြပြီ၊ တစ်ချို့ ပါတီက အောင်နိုင်ရေးအတွက် ပြင်ဆင်နေကြသလို တစ်ချို့ပါတီများ မှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲပြန်လည်ဝင်ရောက်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လာကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့်လည်း အမျိုးသမီးအများစုအား ရွေးချယ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ထို့ကြောင့် (၁) မြန်မာနိုင်ငံတွင် အမျိုးသမီးကဏ္ဍမည်မျှ အရေးပါနေပြီလဲ၊         (၂) အမျိုးသမီးများ မြန်မာ့နိုင်ငံရေးလောကအတွင်းသို့ ၀င်ရောက်လာမှုအပေါ်အမြင်၊                          
(၃) လွှတ်တော်တွင် အမျိုးသမီးအများစုနေရာရရှိလာပါက အားကောင်းလာနိုင်သည့် ကဏ္ဍများ နှင့်
(၄) အမျိုးသမီးများ၏ အဓိက အားနည်းချက်မှာ မည်သည့်အရာများဖြစ်ပါသနည်းဆိုသည့် အစရှိသည့် မေးခွန်း တို့အား လွှတ်တော်တွင်းတက်ရောက်နေသော အမျိုးသမီး ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြစ်ဥာဏစိုး၊  အန်ဒီအက်ဖ်ပါတီမှ နိုင်ငံရေး ဦးဆောင်သူ ဦးခင်မောင်ဆွေ၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဒေါ်ရီရီစံ တို့အား မေးမြန်းဖြစ်ခဲ့ပါသည်။
ဒေါက်တာမြတ်ဥာဏစိုး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အမျိုးသမီးလူဦးရေက အမျိုးသားလူဦးရေထက်ပိုများပါတယ်။ ပညာရပ် နယ်ပယ် အသီးသီးမှာ ဆိုရင်လည်း အမျိုးသမီးတွေက ဘွဲ့ထူးဂုဏ်ထူးတွေ အများကြီးနဲ့ စွမ်းဆောင်နိုင်တာ လည်း မြင်တွေ့နိုင်မှာပါ။ အထင်ကရ ပြောရမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်လိုမှငြင်းဆိုလို့မရတဲ့ မျက်ကွယ်ပြုလို့မရတဲ့ ဒီမိုကရေစီအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အမျိုးသမီး ဖြစ်ပါတယ်။ အဲဒီ့တော့ အမျိုးသမီးတွေရဲ့ ကဏ္ဍကို ကျွန်တော်တို့လျစ်လျူရှုထားလို့မရပါဘူး။ နိုင်ငံရေး နယ်ပယ်မှာလည်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာဖြစ်သလို အမျိုးသမီးတွေအတွက် နေရာအခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးရခြင်းမျိုးမဟုတ်ပဲနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်လာတာကောင်းပါတယ်။ နိုင်ငံရေးဆိုတာ အမျိုးသမီးရယ်၊ အမျိုးသားရယ် လူငယ်ရယ်၊ လူကြီးရယ် လူမျိုးခွဲခြားသတ်မှတ်ထားတယ်ဆိုတာ အရေးမကြီးပါဘူး။ စွမ်းဆောင်ရည် မြင့်မား သူက သူစွမ်းဆောင်နိုင်တာကို စွမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် လက်ရှိနိုင်ငံခြားရေး ၀န်ကြီး တာဝန်ထမ်းဆောင်နေတဲ့ မစ္စကလင်တန်၊ ဖိလစ်ပိုင် ဒီမိုကရေစီခေါင်ဆောင် မစ္စ အာကွီနို၊ Iron Lady မာဂရက်သက်ချာ လိုပုဂ္ဂိုလ်မျိုးတွေရှိလာတဲ့အတွက်ကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့က တစ်သီးတစ်သန့်ထားလို့မရတော့တဲ့အခြေအနေဖြစ်ပါတယ်။
အမျိုးသမီးတွေလွှတ်တော်ထဲ ၀င်လာမယ်ဆိုရင်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ် ခွဲခြားဆက်ဆံနေဖို့ မရှိပါဘူး။ တစ်ချို့တွေက အမျိုးသမီးတွေ လွှတ်တော်ထဲရောက်လာရင် အမျိုးသမီးရေးရာ စောင့်ရှောက်ရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဒီလိုလုပ်ငန်းတွေမှာ ပိုပြီးတိုးတက်လာမယ်လို့ မြင်တာမျိုးတွေရှိတယ်။
အမျိုးသမီးတွေမှာလည်း စီးပွားရေး၊ နိုင်ငံရေးအမြင် ပြည့်ဝပြီးသားတွေဖြစ်ပါတယ်။ အဲဒီ့တော့ လူမှုရေးဆိုင်ရာလုပ်ငန်းတွေမှာသာမက ဘယ်နယ်ပယ်ကဏ္ဍမှာမဆို အမျိုးသမီးတွေက စွမ်းဆောင်ရည်မြင့်မြင့် နဲ့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
အမျိုးသမီးတွေရဲ့ အဓိကအားနည်းချက်အပေါ် အမြင်ကမရှိပါဘူး။ အမျိုးသမီးနဲ့ အမျိုးသား တန်းတူရည်တူ ပါပဲ။ ကျွန်တော်တို့က အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ပြည်သူ့ဆန္ဒကို တစ်ထပ်တည်းဖော်ဆောင်ပေးနိုင် မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံကို ခေါင်းဆောင်မယ့်ပုဂ္ဂိုလ်တွေအားလုံးကို လက်ကမ်းကြို နေပါ့မယ်။
ဒေါက်တာညိုညိုသင်း
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
အမျိုးသမီးတွေရဲ့အခန်းကဏ္ဍအရေးပါတာက ဗမာ့လွတ်လပ်ရေးရစဉ် ကာလကတည်းက မြန်မာအမျိုးသမီး တွေရဲ့ ကဏ္ဍက အရေးပါတဲ့နေရာရောက်ခဲ့တယ်။ နောက်ပိုင်းမှာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဒါကို သတိမူတာ အားနည်းလာတယ်။ အခု NLD က အမျိုးသမီး၊ အမျိုးသားတွေကို Balan မျှမျှ ရွေးချယ်ပေးခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတာ ကောင်းတာပေါ့။
အမျိုးသမီးတွေက နိုင်ငံရေးလောကထဲကို ၀င်ကိုဝင်ရမှာ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက် ကျော်က အမျိုးသမီးတွေဖြစ်နေတဲ့အတွက်ကြောင့် ဒီနိုင်ငံတိုးတက်ကြီးပွားပြီး ကောင်းစားဖို့ဆိုရင် အမျိုးသမီး တွေ နိုင်ငံရေးလောကထဲကို မဖြစ်မနေ၀င်ကို ၀င်လာရမယ်။ ၀င်တယ်ဆိုတာကလည်း နည်းနည်းလေးဝင်လို့ မရဘူး။ အင်နဲ့အားနဲ့ ၀င်မှဖြစ်မယ်။ ဒါမှသာ ဒီနိုင်ငံ ကြီးပွားတိုးတက်မှု လမ်းစပေါ်ရောက်မှာပါ။ မဟုတ်ရင် ဖွံဖြိုးတိုးတက်မှုကို ဘယ်လိုမှ ရမှာမဟုတ်ဘူး။
နိုင်ငံတော်ရဲ့ မူဝါဒချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေကို ထည့်သွင်းပါဝင်စေခြင်းအားဖြင့် နိုင်ငံတော်မှာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုတွေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြဿနာတစ်ရပ်ကို ရှင်းပြကိုင်တွယ်တဲ့နေရာမှာ မွေးရာပါ ဗီဇအရကိုက အမျိုးသမီးနဲ့အမျိုးသားက မတူတာ။ ပြဿနာတစ်ရပ်ကို ရှုမြင်ပုံကိုက ကွဲပြားတယ်။ မြန်မာနိုင်ငံ မှာက နိုင်ငံတော်ရဲ့ မူဝါဒကို အများအားဖြင့် အမျိုးသားထုကသာ ဆုံးဖြတ်သတ်မှတ်ကြတာ တွေ့ရတယ်။ ကျွန်မတို့မွေးပြီး အနှစ်လေးဆယ်အတွင်းမှာ နိုင်ငံတော်ရဲ့မူဝါဒချမှတ်တဲ့နေရာမှာ အမျိုးသားထုကသာလျှင် ကြီးစိုးခဲ့တဲ့အတွက်ကြောင့် မူဝါဒတွေက ပြည့်စုံမှုမရှိခဲ့ဘူး။ ပြည့်စုံမှုမရှိတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုမရှိဘဲ တိုင်းပြည်ဟာ ခေတ်နောက်ကျခဲ့တယ်။ အခုကစပြီးတော့ နိုင်ငံတော်ရဲ့ မူဝါဒတွေကို ရေးဆွဲတဲ့ နေရာမှာရော၊ အကောင်အထည်ဖော်တဲ့ နေရာမှာရော အမျိုးသမီးထုက ပါဝင်လာခြင်းအားဖြင့် စနစ် ဟောင်းမှာရှိခဲ့တဲ့ အားနည်းချက်တွေကို ပြင်သွားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးနဲ့ အမျိုးသား က ပြဿနာတိုင်းကို ရှင်းတတ်ပုံ၊ ရှုမြင်ပုံ၊ ဆုံးဖြတ်ပုံက ကွဲကိုကွဲပြားတယ်။ အမျိုးသမီးဖြေရှင်းရင် ကိစ္စ တော်တော်များများက လွယ်လွယ်ကူကူနဲ့ အစဉ်ပြေပြေချောမွေ့စွာနဲ့ အောင်အောင်မြင်မြင်ပြီးဆုံးတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ Decision Making Power ကို အမျိုးသမီးတွေလက်ထဲကို မဖြစ်မနေ ထည့်ဖို့ အခုနောက်ပိုင်းမှာ တော်တော်လေးဦးစားပေးလာကြတယ်။
အဓိကအားနည်းချက်က မြန်မာအမျိုးသမီးတွေက သူများပြောတာယုံလွယ်တာပေါ့။ နောက်ပြီး ပြဿနာတစ်ခု ကို  စိတ်ခံစားချက်နဲ့ဆုံးဖြတ်တတ်တာ။ စိတ်ခံစားချက်ကိုဦးစားပေးတာ။ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ရင် တိုင်းပြည်မှာလည်း မဖြစ်သင့် မဖြစ်ထိုက်တာတွေဖြစ်ခဲ့တာ အများကြီးရှိတယ်။ ဒါ Emotion ကြောင့်ပါ။ အထူး သဖြင့် နိုင်ငံရေးလုပ်မယ့်ခေါင်းဆောင်တွေမှာ စိတ်ခံစားမှုကို ဦးစားမပေးဖို့အရေးကြီးတယ်။ ဘယ်ကိစ္စမဆို အယုံမလွယ်ဖို့ အရေးကြီးတယ်။
ဒေါ်ရီရီစံ
ခေတ်သစ်ပြည်သူ့ပါတီ
မြန်မာနိုင်ငံအမျိုးသမီးကဏ္ဍမှာ အမျိုးသမီးပညာတတ်တွေ ပေါများလာတယ်။ လုပ်ငန်းခွင်တွေမှာလည်း အမျိုးသမီးတွေ ပါဝင်လာတယ်။ အမျိုးသားတွေနဲ့ တန်းတူပါဝင်ပြီး ရင်ဘောင်တန်းလာတယ်။ ဒီနေရာ အမျိုးသမီး မ၀င်ရဘူး။ အမျိုးသမီးတွေက ဒီလိုမလုပ်ရဘူးဆိုတဲ့ အရင်တုန်းက ကန့်သတ်ချက်မျိုးတွေ လျော့ ပါး လာတာတွေ့ရတယ်။ နိုင်ငံပြောင်းလဲလာတာနဲ့အတူ တခြားနိုင်ငံများနည်းတူ မြန်မာအမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ နိုင်ငံဖွံ့ဖြိုးရေးမှာ ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။
Globalization ခေတ်ကြီးမှာ အမျိုးသားရယ် အမျိုးသမီးရယ်ဆိုပြီး ခွဲခြားလို့မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုးဖောက်လာပြီး အမျိုးသမီးရယ်လို့ ကန့်သတ်ချက်မရှိတော့ဘူး။ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်လာတယ် ဆိုတာ အားရ၀မ်းသာဖြစ်တယ်။ လွှတ်တော်မှာလည်း အမျိုးသမီးတွေ ဒီထက်မက အများကြီး ပါဝင်သင့်တယ် လို့ ယူဆတယ်။ နိုင်ငံတကာမှာလည်း အမျိုးသမီးဝန်ကြီးချုပ်တွေ ရှိလာတယ်။ နောင်တစ်ချိန်မှာ သမ္မတအဆင့် ထိ တက်လှမ်းလာနိုင်မယ်။  နောင်တစ်ချိန်မှာ အမျိုးသမီးကဏ္ဍတွေက အရေးပါလာမယ်လို့မျှော်လင့်ထား တယ်။
လွှတ်တော်မှာ အမျိုးသမီးတွေများလာရင် အထူးသဖြင့်ကတော့ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ကဏ္ဍတွေ၊ ကျမ်းမာရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ရင် ဒီထက်မက စွမ်းစွမ်းတမံဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။
အမျိုးသမီးတွေရဲ့ အားနည်းချက်က စိုးရိမ်စိတ်ရှိတာပေါ့။ စိုးရိမ်စိတ်တွေကို ပပျောက်အောင်ဖျောက်ပြီး ကိုယ့် ကိုကိုယ် ယုံကြည်စိတ်အပြည့်အ၀ ထားနိုင်ရင်အမျိုးသမီးတွေရဲ့ အားနည်းချက်တွေ လျော့ပါးသွား မယ်လို့ ထင်ပါတယ်။
ဒီမိုကရေစီမှာတင် အဆုံးသတ်မှာမဟုတ်ပါဘူး။ ကမ္ဘာကြီးကအချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေပါတယ်။ ဒီထက်မက တိုးတက်ပြောင်းလဲလာမယ်။ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်လာမယ်။ အုပ်ချုပ်စရာ လူတန်းစား မရှိတဲ့အချိန်ထိ တိုးတက်လာရင် ကမ္ဘာမှာ တော်တော်လေးကို ပြောင်းလဲတိုးတက်နိုင်မယ်လို့ ယူဆပါတယ်။
ဦးခင်မောင်ဆွေ
နိုင်ငံရေးဦးဆောင်သူ ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေသန်း၆၀ မှာ သန်း ၃၀က အမျိုးသမီးဖြစ်နေပြီး ၂၅သန်းက အမျိုးသား ဖြစ်နေတဲ့ အတွက် အမျိုးသမီးဦးရေကများတယ်။ အမျိုးသမီးတွေက ပညာရေး၊ ကျမ်းမာရေး၊ စီးပွားရေး အစရှိတဲ့ ဘက်ပေါင်းစုံမှာ ပါဝင်လုပ်ဆောင်လာကြတော့ အမျိုးသမီးရဲ့အခန်းကဏ္ဍက ပိုပြီးတော့မြင့်မားနေတာ တွေ့ရ တယ်။ အမျိုးသမီးတွေရဲ့ဦးနှောက်က အမျိုးသားတွေရဲ့ဦးနှောက်ထက် ဘာမှထူးပြီးတော့ ပိုနိမ့်ကျတာ မရှိတဲ့ အတွက် အမျိုးသမီးတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အားလုံးမှာ ထဲထဲဝင်ဝင်ပါဝင်လာတာကို အားလုံးက သဘောတူတယ်။ အမျိုးသမီးလည်း နိုင်ငံသားပဲ။ နိုင်ငံသားအခွင့်အရေးက အားလုံးအပေါ်မှာ တန်းတူရည်တူ ရှိရမှာပေါ့။ လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့အပိုင်းတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေ ထက်ပိုပြီး ထဲထဲဝင်ဝင်ရှိတယ်။ အခုခေတ်မှာတော့ အမျိုးသမီးတွေရဲ့ လုပ်အား၊ ကိုယ်စွမ်းအား ဥာဏ်စွမ်းအား တွေကို အသုံးပြုတဲ့ခေတ် ရောက်လာပြီမို့ ကောင်းတဲ့လက္ခဏာဆောင်ပါတယ်။ အမျိုးသမီးတွေ လွှတ်တော်ထဲ ရောက်မယ်နိုင်ငံရေးလုပ်မယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။
အမျိုးသမီးတွေလွှတ်တော်ထဲရောက်လာရင်တော့ ကျမ်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားရေး၊ လူမှုရေး စောင့်ရှောက်ရေးတွေမှာ ထဲထဲဝင်ဝင်လုပ်နိုင်တဲ့အပိုင်းတွေရှိတယ်။ အမျိုးသမီးရေးရာနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ ကို တိုက်ရိုက်တင်ပြနိုင်ခွင့်တွေ ရှိတယ်။ ဒါတွေက ဆင့်ကဲဖြစ်လာမယ့် ဖြစ်လာမယ့် အကြောင်းအရာတွေပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အမျိုးသမီးခေါင်းဆောင်ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးပါတယ်။ မပါဘူးဆိုတာ ပေါ်လွင်နေတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ခေါင်းဆောင်မှုကို တတ်ကျွမ်းပြီးလကောင်းမွန်ထိပ်တန်းရောက်တဲ့ ခေါင်းဆောင်မှုရှိမယ်ဆိုရင် အမျိုးသမီးတွေ အနေနဲ့လည်း ဆောင်ရွက်နိုင်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြယုဒ်တစ်ခုပါပဲ။
အမျိုးသမီးတွေရဲ့ အဓိကအားနည်းချက်က ဘာသာရေးနဲ့ပတ်သတ်ပြီး အမျိုးသမီးတွေအနေနဲ့အမြင်ရှင်းရှင်း သိဖို့လိုတယ်။ ဗုဒ္ဓဘာသာနိုင်ငံမှာအများဆုံးဖြစ်တတ်တာက ဟိန္ဒူအယူအဆ၀င်လာတာဖြစ်တဲ့ ဘုရားကျောင်း ထဲ အမျိုးသမီးမ၀င်ရဘူး။ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုနိမ့်ကျတယ်ဆိုတဲ့ အယူအဆအလွဲတွေ ရှိမနေဖို့လိုတယ်။ ဗုဒ္ဓဘုရားက လူသားဝါဒအပေါ်မှာ အတန်းအစားခွဲခြားတာမရှိဘူး။ ဒါကို ရှိတယ်ထင်ပြီး အမျိုးသမီးတွေအနေနဲ့ယူဆနေရင် အမျိုးသမီးတွေက အမျိုးသားတွေနောက်မှာ  ရှိနေမယ်။ အမျိုးသမီးတွေက အမျိုးသားတွေရှေ့ဖြတ်လျှောက်သွားရင် ခေါင်းငုံ့သွားရမယ်ဆိုတာတွေက ရိုးရာကျင့်စဉ်မို့လို့ လက်ခံရမယ် ဆိုပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် မျိနိမ့်ကျတယ်ဆိုတဲ့အယူအဆမျိုးတော့ အယူဆမိဖို့ လိုပါတယ်။ အမျိုးသားတွေကို တိုက်ခိုက်ဖို့ပြောနေတာမဟုတ်ဘူး။ အမျိုးသားဝါဒချည်း၊ အမျိုးသမီးဝါဒချည်း ဆိုတာမရှိသင့်ပါဘူး။ တန်းတူရည်တူပဲရှိသင့်တယ်။ အားလုံးကမွေးရာပါ အရည်အချင်းပါပြီးသားပါ။ သူတို့မှာ လည်း စွမ်းဆောင်ရည်အပြည့်ရှိတယ်။
ဗိုဟိန်+ကြယ်စင်(မြစ်မခ) နိုဝင်ဘာ ၂၄၊ ရန်ကုန်မြို့။
NLD ပါတီသစ်ကို အမျိုးသမီး ထက်ဝက်ကျော်ဦးဆောင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင်သလို ကယားပြည်နယ်မှလွဲ၍ နယ်စုံမှပါဝင်သည်ကို တွေ့ရသည်။
၂ဝ၁ဝ ခု မတ်လ ၈ ရက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ (က) အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နှင့်ပင် ပါတည်ထူထောင်လိုသူ အနည်းဆုံး ၁၅ ဦးရှိရမည်ဖြစ်သော်လည်း ၂၁ ဦးရွေးထားသည့် NLD စာရင်းတွင် အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၁ဝ ဦးပါဝင်ပြီး လူငယ်နှင့် သက်လတ်ပိုင်းများဖြင့် ပြောင်းလဲအားဖြည့် ထားကြောင်း ပါတီတွင်း သတင်းရပ်ကွက်က ပြောသည်။
nend1
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင် (ဓါတ်ပုံ မဇ္ဈိမ)
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် စသည့် NLD ပါတီကို စတည်ထောင်သူ သုံး ဦး၊ နောက်တိုး ဗဟို အလုပ်အမှုဆောင်ထဲမှ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ အပါအဝင် ပြည်နယ်/ တိုင်း ၁၃ ခုမှ ကိုယ်စားလှယ်များဖြင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ကရင်နီဟုလည်း ခေါ်ဝေါ်လေ့ရှိသော ကယားပြည်နယ် တွင် NLD ရုံးခွဲမရှိပေ။
“ကယားမရှိတဲ့အတွက် ရှမ်းကို နှစ်ယောက်လုပ်တယ်။ ရန်ကုန်အတွက်ကို ညီနောင်ပါတီက ဦးစိုးဝင်းကို ထည့်တယ်။” ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။ ဦးစိုးဝင်းသည် ဖျက်သိမ်းခံထားရသော အမျိုးသား ဒီမိုကရေစီ ပါတီမှဖြစ်ပြီး ညီနောင်ပါတီအဖြစ် နိုင်ငံရေးသဘောတူညီချက် ရှိကြသည်။
နိုဝင်ဘာ ၂၃ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်များ တွေ့ဆုံကြပြီး သင့်တော်သူများအဖြစ် အပြီးသတ် ဆုံးဖြတ်ခဲ့သည့် အဆိုပါစာရင်းနှင့်အတူ ကိုယ်စားလှယ်အဖြစ် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့က ပါတီတည်ထောင်နိုင်ရေး လျှောက်ထားရန် နေပြည်တော်သို့ သွားရောက်နေသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အရ ပုဒ်မ ၃ (ခ) အရ တည်ထောင်ခွင့်ရလျှင် ယခု ၂၁ ဦး ထဲမှ ရွေးချယ်ရမည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း ပေးသွင်း၍ ပါတီအမည်၊ အလံနှင့် တံဆိပ်၊ နိုင်ငံရေးသဘောတရားနှင့် လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ ပါတီ တည်ထောင်လိုသူများ၏ ကိုယ်ရေးအချက်များ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည့် အကြောင်း ဝန်ခံချက်နှင့် အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ရမည်ဖြစ်
သည်။
ထို့အပြင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို စည်းရုံးရမည် ဖြစ်သည်။
လက်ရှိ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့ အပြောင်းအလဲ၊ အလံ၊ တံဆိပ်တို့ကိုမူ နေပြည်တော်မှ မှတ်ပုံတင် ခွင့်ပြုပြီးနောက်မှ ပြန်လည် ရွေးချယ်ကြမည်ဟု ပါတီအကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။
နိုဝင်ဘာ ၂၃ ရက်နေ့က ပါတီဌာနချုပ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်မှ ကိုယ်စား လှယ်များက တာဝန်ယူသွားကြရန်လည်း ဆွေးနွေးခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်လိုသူ ၂၁ ဦးစာရင်း (ကြယ်ပွင့်ပြထားသူများမှာ ၁၉၉၀ ခု ရွေးကောက်ခံ အမတ်များ ဖြစ်သည်။)
nldelectionamoun ကိုဝိုင်း ချင်းမိုင် (မဇ္ဈိမ)
ဘုရားတခြင်းများနှင့် ရခိုင် ရိုးလမ်းခရီး
ဒရိုင်ဘာကိုဝင်းသည် စတီယာရင်ပေါ် လက်အုပ်ချီလျှက် မျက်နှာကို အပ်ထား၏။ နှုတ်မှလည်း  တတွတ်တွတ် ရွတ်ဆိုနေသည်။ လေကာမှန်အပေါ်ဘက်တွင် ဘုရားပုံတော်များ နှင့် ကားရှေ့တီဗွီစင်အပေါ်တွင် ရုပ်ပွားတော်တစ်ဆူက သပ္ပါယ်စွာစံနေ၏။ ညနေ ၅ နာရီခွဲပြီ။ ကိုဝင်းသည် ကားစက်နှိုးလိုက်ပြီး လီဗာကို နင်းကစားလိုက်၏။  လေပေါင်ပြည့်ပြီးသည့်နောက် ကားမှာ ရန်ကုန်ဂိတ်မှ စထွက်တော့သည်။ မြတ်စွာဘုရားရှေ့တွင် လက်အုပ်ချီ ခဲ့သော ထိုလက်များမှာ ယခုအခါမှာတော့ ခရီးသည်အားလုံး၏ အသက်များကို တာဝန်ယူထားသည့် သဖွယ်  စတီယာရင်ပေါ်တွင် မြဲမြံစွာရှိနေ ကြသည်။ စပယ်ယာကတော့ ကား၏ ခြေနင်းခုံပေါ်တွင်ရပ်ကာ ရှေ့တူရှုသို့သာ ကြည့်နေလေ၏။
မကြာခင်ကားက ရပ်သွားသည်။ ယာဉ်ထိန်းရဲအဖွဲ့ကိုတွေ့ရပြီး စပယ်ယာက အနားသို့သွားကာ တစ်စုံတစ်ခုပြောဆိုပြီးနောက် တစုံတရာကို ပေးလိုက်၏။ ပြီးသော် ခရီးဆက်လက် ထွက်ခွာလာခဲ့သည်။ ဘာအတွက်လဲဟု မေးမြန်းကြည့်ရာ လမ်းခရီးတွင် တားဆီးစစ်ဆေးသည့် ယာဉ်ထိန်းများအား ထုံးစံအတိုင်း ပေးရခြင်း ဖြစ်သည်ဟု ပြောသည်။
ရခိုင်အထိခရီးစဉ်တစ်ကြောင်းတွင် လမ်း၌ ရဲကြေး ဂိတ်ကြေး တံတားကြေး အဖြစ် ဂိတ်မှ ငွေငါးသောင်းခွဲပေးလိုက်၍ များများပေးရပါက လိုငွေကို စပယ်ယာမှစိုက်ရပြီး စစ်ဆေးသည့် အဖွဲ့နည်းပါက ပိုငွေတစ်သောင်းခန့် ရကြောင်း သိရ၏။
ကားမှာဟွန်ဒိုင်းကားအမျိုးအစားဖြစ်ပြီး ပုံမှန်အားဖြင့် ခုံ ၄၅ ခုံပါသည်။ ထိုင်ခုံတစ်ဝက်ကျော် ဖြုတ်ထားသောကြောင့် ထိုင်ခုံ ၂၀ ခန့်သာရှိတော့သည်။  ထို့အတွက်လည်း ယာဉ်ထိန်းရဲတစ်ဖွဲ့ကို သုံးထောင်ကျပ် ပေးရသည်ဆို၏။ ထိုင်ခုံဖြုတ်၍ ကုန်တင်သည့်အတွက်ကြောင့် ယာဉ်ထိန်းရဲများကို ငွေပေးရခြင်းဖြစ်သည်။ သေချာသည်ကတော့ ယာဉ်ထိန်းရဲအား မဆုံချင်သည့် စပယ်ယာနှင့် စပယ်ယာနှင့်ဆုံချင်သည့် ယာဉ်ထိန်းရဲတို့တွင် တစ်ယောက်သို့မဟုတ် တစ်ယောက် ကတော့ ဆုတောင်း ပြည့်နေသည်ဆိုတာပဲဖြစ်သည်။
သည်ခရီးကတော့ စပယ်ယာဆုတောင်းမပြည့်သည့် ခရီးစဉ်ပဲဖြစ်သည်။ အဖွဲ့တော်တော်များများကိုတွေ့ရ၏။ ပိုက်ဆံပေးရ၏။ ကတ္တားဂိတ်များကိုဖြတ်ခဲ့ရာ တန်ပိုတစ်တန်လျှင် ဆယ်ဆပိုပေးရမည်ဟု သိရသော်လည်း ကားနှင့်ကုန် ပေါင်းလျှင် ၁၅တန်သာရှိသည့်အတွက် အခက်အခဲတစ်စုံတစ်ရာမရှိခဲ့။ ရှေ့လမ်းခုလတ်တစ်နေရာတွင်တော့ ဂိတ်မှကြိုလွှတ် ထားသည့် ကုန်ကားတစ်စီးစောင့်နေမည်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ရခိုင်ဘက်မှလာသော ကားများနှင့်ဆုံလျှင် အပြန်အလှန်နှုတ်ဆက်သည့်စကားကတော့'ကုန်ဘယ်လောက်ပါလဲ၊ ဖြတ်လို့ရလား' ဟူ၍ပင်ဖြစ်သည်။
သစ်သား တံတားမှ ဘီးနင်းတုံးများ ပြုတ်ထွက်နေရာ ကားစပယ်ယာက ဆင်းပြင်၊
ရခိုင်ရိုးမပေါ်သို့ မတက်ခင်လေးတွင် ကုန်ချိန်းမည့်နေရာသို့ရောက်ပြီ။ ကားချင်းတေ့၍ ကုန်ချိန်းကြ၏။ ကြိုလွှတ်ထားသောကားပေါ်မှ ကုန်စည်များကို ခရီးသည်တင်ကားပေါ်သို့ ပြောင်းတင်ကြသည်။ ပြီးလျှင် ကုန်ကားမှာ ရန်ကုန်သို့ပြန်မည်ဖြစ်သည်။ ကံကောင်းလျှင် ရိုးမပေါ်မှဆင်းလာသော ခရီးသည်တင် ကားပေါ်ပါကုန်များကို ပြန်လည်သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။ ခရီးသည်များကတော့ ထမင်းစားပြီးစဖြစ်၍ ကား ပေါ်တွင်အိပ်သူအိပ်၊ အညောင်းပြေလမ်းလျှောက်သူ လျှောက်နှင့် ရှိနေကြ၏။ ရှေ့လမ်းခရီးအတွက် ရည်မှန်းသတ်မှတ်ချိန် မရှိ။ သွားချင်သွား၊ ရပ်ချင်ရပ်၊ လုပ်ချင်ရာလုပ်။ အဓိက ကတော့ ရိုးလမ်းခရီးကို အန္တရာယ် ကင်းစွာဖြတ်ကျော်ပြီး မိမိမြို့ရွာ သို့ ရောက်ရန်ပဲဖြစ်သည်။
နံနက် ၃နာရီတွင် ရခိုင်ရိုးမကို စတင်တက်တော့သည်။ ခရီးသည်များ အေးဆေးသက်သာစွာ နေကြသော်လည်း ဒရိုင်ဘာမှာတော့ ယာဉ်နှင့်ကုန် တန် ၂၀ ကျော်ရှိသည့် ကားကြီးကို အကွေ့အကောက်နှင့် မတ်စောက်သည့် တောင်နှင့် ချောက်ကြား ကားတစ်စီးသွားရုံသာလမ်းပေါ်တွင် ကျွမ်းကျင်စွာ ထိန်းသိမ်းမောင်းနှင်ရင်း ကွမ်းတစ်ယာပြီး တစ်ယာဝါးနေ၏။ "ကားပိုင်ရှင်တွေအတွက်ကြောင့် ဒီလောက်ဝိတ်တွေ တင်လာရတာ။ ကားသမားတိုင်းကတော့ ကုန်နည်းလေကြိုက်လေပေါ့။ ဒါပေမယ့် ကုန်နည်းနည်းလေးနဲ့ ရိုးဖြတ်ရမယ်ဆိုရင် ဈေးတွေတက်ကုန်လိမ့်မယ်" ဟုပြောရင်း ဂီယာချိန်းလိုက်သည်။ ကားက ငယ်သံပါအောင် အော်ရင်းတောင်ပေါ်သို့ တစ်ရွေ့ရွေ့တက်နေ၏။ ကုန်ကားတစ်စီးအပိုသုံးရပြီး ကုန်ချိန်းနေရသော်လည်း တန်ဆာခပိုမယူသည့်အတွက် ဒေသတွင် ကုန်ဈေးနှုန်းများ တက်မလာခြင်းအပေါ် ဂိတ်နှင့် ကားပိုင်ရှင်တို့အား စိတ်တွင်းမှ ကျေးဇူးတင်မိတော့သည်။
အတက်အဆင်း အကွေ့အကောက်များနှင့် သုံးနာရီခန့် မောင်းနှင်အပြီးတွင်တော့ မိုင် ၅၀ ကျော်ရှည်လျားသည့် ရိုးမလမ်း၏ တစ်ဝက်ခန့်ဖြစ်သော ချင်းရွာသို့ရောက်ခဲ့၏။ ခဏနားကြ၏။ ကားလမ်းဘေးတွင် မူလတန်းကျောင်း တစ်ထပ် အုတ်တိုက်လေးကိုတွေ့ရသည်။ တောင်ခိုးများဝိုင်းနေသည့် တောင်တန်းအသွယ်သွယ်ကိုလည်းလွမ်းမောဖွယ်တွေ့နေရ၏။
လမ်းနားဘေးမှာတော့ ဆိုင်းဘုတ်များက စီရရီ။ " သားငှက်တိရိစ္ဆာန်များကို မပစ်ခတ်ရ"  "ဥတုရာသီတောကို မှီ၏ " စသည် ဖြင့်၊ မြန်မာ့စက္ကူဓါတုလုပ်ငန်း၏ "၀ါးထိန်းသိမ်းကာကွယ်တော" ဆိုသည့် ဆိုင်းဘုတ်များကိုမူ လမ်းတစ်လျှောက်တွေ့ခဲ့ရ၏။ ၀ါးသုဉ်းပြီးစဖြစ်၍ ၀ါးပင်တို့က ကျိုးတိုးကျဲတဲသာရှိသေးသည်။ ၀ါးသုဉ်းသည်ဆိုသည်မှာ ပုံမှန်အားဖြင့် အပွင့်မပွင့်၊ အသီးမသီးလေ့မရှိသော ၀ါးပင်များတွင်ဝါးသီးများသီးလာပြီး ၀ါးပင်များသေသွားခြင်းဖြစ်သည်။ နှစ်နှစ်ဆယ်ဝန်းကျင်မှ တစ်ကြိမ်လောက်သာဖြစ်လေ့ဖြစ်ထရှိသည်ဟု ရှေ့မီနောက်မီ လူကြီးများကပြောကြသည်။
ခေါင်းထဲသို့ဝင်လာသည့်အတွေးတစ်ခုကတော့ ရခိုင်ရိုးမတစ်လျှောက် ဟိုသည်တစ်စုစီနေထိုင်ကြသည့် ချင်းမျိုးနွယ်စုများ၏ စားဝတ်နေရေး။ သူတို့လုပ်ကိုင်ကြသည်က တောင်ယာ၊ ၀ါးခုတ်၊ အမဲလိုက်ခြင်း။ လူသူမနီးသည့် ဒေသတွင် ရွေ့လျားနေထိုင်ကြပြီး ရာသီအလိုက်အလုပ်ပြောင်းလဲကာ ဘ၀ကို တည်ဆောက်ကြသည်။ ၀ါးမခုတ်ရတော့လျှင် ထိုရာသီတွင် သူတို့ဘာလုပ်ကြမည်နည်း။ ၀ါးများကို ထိန်းသိမ်းရန်လိုသလို တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘ၀ကိုကာကွယ်ရန်လည်း လိုအပ်ပါလိမ့်မည်။ ရိုးတစ်နေရာတွင် " ရွေ့လျားစာသင်ကျောင်း" ဟု ဆိုင်းဘုတ်တပ်ထားသည့် အဆောက်အဦးလေး တစ်ခုတွေ့ခဲ့ရသေး၏။
အတည်တကျမနေသည့်လူမျိုးများအတွက် လိုက်လံရွှေ့ပြောင်းသင်ပေးရသောစာသင်ကျောင်းဖြစ်သည်။ အနီးအနားတွင် အိမ်အနည်းငယ်မျှသာရှိသည့် နေရာတွင် ယခုလိုကျောင်းမျိုးရှိနေသည့် အတွက် ကျေးဇူးတင်စရာပင်။
လမ်းအကွေ့ ချောက်အား သစ်ချောင်းများဖြင့် ပြင်ဆင်နေစဉ်
 ရိုးလမ်းခရီးကိုဆက်ကြရသည်။ ပွင့်လင်းရာသီအစမို့ တောင်ပြိုသည့် အန္တျရာယ်မရှိသော်လည်း မိုးတွင်း တစ်မိုးတွင်းလုံး ပျက်စီးနေခဲ့သည့် လမ်းတို့က အသည်းယားဖွယ်၊၊ ကားလမ်းနှင့် ကပ်လျှက် မြေပြိုထားသည်က မုန့်စိမ်းပေါင်းကို လှီးထား သည့်အတိုင်း။ အချို့နေရာများတွင်တော့ လက်မောင်းလုံးခန့်သစ်ချောင်းများဖြင့် မြေထိန်းပြုလုပ်ထားသည်ကိုတွေ့ရ၏။ အကွေ့များတွင် ကားနောက်ပိုင်းတစ်ခုလုံးချောက်ထဲ ၀ဲနေအောင် ပါဝါစတီယာရင် အားကိုး၍ ကွေ့ယူရ၏။ ရိုးလမ်းတစ် လျှောက်လုံး ဘုရားတရသည့် အကြိမ်ပေါင်းကတော့ အိမ်တွင်တစ်နှစ်လုံး ဘုရားတသည့်အကြိမ် အရေအတွက်နှင့်ညီမျှသည်။
ကားတစ်စီးသွားသာရုံလမ်းပေါ်တွင် ကားချင်း ဆုံကြလျှင် နောက်ဆုတ်သူဆုတ်၊ ရှေ့တိုးသူတို့ဖြင့် နားလည်မှုရှိစွာ နေရာရှောင်ပေးကြသည်ကိုတွေ့ရ၏။ ထိပ်တိုက်ရပ်နေ ကြလျှင် မည်သူမျှရွှေ့၍ရမည်မဟုတ်။ အရွေ့ရှိမှ အလုပ်ဖြစ်သော ရူပဗေဒသဘောတရားကို ဘ၀အသိဖြင့် ကျင့်သုံးနေကြ ခြင်းပင်ဖြစ်သည်။
နံနက် ၈ နာရီခန့်တွင် ဂွမြို့သို့ရောက်ပြီး လက်ဖက်ရည်သောက်ကြ၏။ ပြန်ထွက်သော် ဒရိုင်ဘာနောက်တစ်ဦး မောင်း၏။ လမ်းတစ်လျှောက်မြင်ကွင်းများက တောရွာတို့ ဓလေ့ထုံးစံအတိုင်း သစ်ပင်ကြီးငယ်နှင့် လယ်ကွင်းများသာ။ ဂွနှင့် သံတွဲ မိုင် ၈၀ ကျော်ဝေးခရီး၌ တံတားကြီးငယ်လတ်ပေါင်း ၁၅၀ခန့်ကို ကျော်ဖြတ်ရ၏။ အများစုကတော့ သစ်သားတံတား များဖြစ်ပြီး ကားသမားတို့အဆိုအရ မည်သို့မျှ စိတ်ချမရနိုင်သောတံတားများလည်းဖြစ်၏။ ကွန်ကရစ်တံတား သုံးလေးစင်းသာရှိသည်။ မိုးတွင်းဆိုလျှင် ခရီးသည်များ ကားပေါ်မှဆင်းလျှောက်ရသည်။ ယခုတော့လျှောက်စရာ မလိုပေ။ တံတားနှင့် ချဉ်းကပ်မြေသားလမ်းများမှာ တစ်ညီတည်းမဟုတ်ဘဲ အနိမ့်အမြင့်မညီသောကြောင့်
တံတားကို လှမ်းမြင်ရသည်နှင့် အရှိန်လျှော့၊ ဂီယာချိန်း၊ ဖြည်းဖြည်းတက်၊ တံတားမှ အသံကိုနားထောင်ရသည်မှာ လုပ်ရိုးလုပ်စဉ်များဖြစ်သည်။ တံတား တစ်ခုတွင်တော့ အပေါ်ဘီးနင်းတုံးများ ပြုတ်ထွက်နေသည်ကိုတွေ့ရ၏။ ဒရိုင်ဘာနှင့် စပယ်ယာတို့ ဆင်းသွားပြီး ပြင်ဆင်ကြ၏။ တူ၊ သံ အစရှိသည်တို့ ကားပေါ်တွင်ပါလာသည်ကို မြင်ရသည်မှာ တံတားအပျက်များနှင့် ကားသမားတို့ ရေစက်မည်မျှ ဆုံခဲ့ပြီကို မှန်းဆ၍ရနိုင်လေသည်။
ရခိုင်ဒေသ၏ အဝေးပြေးလမ်းမကြီးကတော့ ကတ္တရာတစ်ပိုင်းတစ်စနှင့် မြေလမ်းများသာ ဖြစ်ပြီး တစ်ရာရီလျှင် ၁၀မိုင်နှုန်းဖြင့် ဖုန်လုံးများကြားတွင်မောင်းနှင်ခဲ့သော အဝေးပြေးကားကြီးမှာ ညောင်တုန်း၊ ကျောင်းကုန်း၊ အသုတ်၊ ရေကြည် နှင့် ရခိုင်ရိုးမကိုဖြတ်သန်းခဲ့ပြီးနောက် ဂွမြို့မှတစ်ဆင့်ညနေ ၃း၃၀ အချိန်တွင် သံတွဲမြို့သို့ ချောမောစွာဖြင့် ဆိုက်ရောက်ခဲ့ပေပြီ။
ယာဉ်စီးခ ကျပ်တစ်သောင်းဖြင့်  ၂၂၅ မိုင် ၀န်းကျင်ရှိသောခရီးကို ၁၅ နာရီကားစီးရသည်။ လမ်းတစ်လျှောက် ခရီးသည်တို့အား ဂရုတစိုက်ရှိခဲ့ကြသော ကားသမားတို့အား ကျေးဇူးတင်မိသလို ခရီးစဉ်တစ်ခုလုံး ဘုရားများစွာတခဲ့ရသည့်အတွက် သက်ဆိုင်ရာ၊ သက်ဆိုင်ရာတို့အား ကျေးဇူးတင်ချင်သေးတော့သည်။       ။
နိုဝင်ဘာ ၂၃၊ ၂၀၁၁ (YPI) သိုးဖြူ ရေးသားသည်။
ငြုပ်သီးကြိတ်စက်ထဲ လူတစ်ဦးညပ်ပြီးသေဆုံး
ပုသိမ်စက်မှုဇုန်ရှိ အိအိချိုငြုပ်သီးမှုန့်စက်ရုံတွင် သန့်ရှင်းရေးပြုလုပ်နေသော အမျိုးသားတစ်ဦး ငြုပ်သီးကြိတ်စက်အတွင်းညပ်ကာ သေဆုံးခဲ့သည်။ 
ယခုလ ၁၉ ရက်၊ နေ့လည် ၁၂ နာရီခန့်က ၎င်းငြုပ်သီးမှုန့်စက်ရုံအရှေ့ဘက်ခန်းရှိကြိတ်စက်အနီးတွင် ဦးဆန်းတင့် (၄၆ နှစ်)သည် ၎င်းကိုင်တွယ်အသုံးပြုသည့် ငြုပ်သီးမှုန့်စက်၏ ဇလားခွက်ကို စက်လည်နေစဉ်အတွင်း တံမြက်စည်းနှင့် သန့်ရှင်းရေးပြုလုပ်နေစဉ်တွင် စက်အတွင်းသို့မတော်တဆ ခြေချော်ကျပြီး စက်ထဲ၌ပင်ညပ်၍ ဦးခေါင်းမှခြေဖျားအထိ တစ်ကိုယ်လုံးတွင် ပြတ်ရှဒဏ်ရာများစွာဖြင့် သေဆုံးခဲ့သည်။
၎င်းအခန်း၏နောက်ဘက်ရှိကြိတ်စက်တွင် ငြုပ်သီးကြိတ်နေသော အလုပ်သမားတစ်ဦးက အရှေ့ဘက်ခန်းမှဒုန်း၊ဒုန်းဟူသောအသံများကြားရပြီး ကြိတ်စက်အသံပုံမှန်မဟုတ်တော့သောကြောင့် အရှေ့ဘက်ခန်းကိုလာကြည့်သောအခါ စက်၏အောက်မှမော်တာသာလည်နေပြီး ချိန်းကြိုးရပ်နေသဖြင့် စက်ဂျမ်းဖြစ်နေသည်ဟုထင်ပြီး စစ်ဆေးကြည့်ရာတွင် ငြုပ်သီမှုန့်ကျသောနေရာ၌ သွေးများသာကျနေသည်ကိုတွေ့ရသည်ဟုဆိုသည်။
သေဆုံးသူပြုတ်ကျခဲ့သော ငြုတ်သီးကြိတ်စက်
"စက်ကိုတံမြက်စည်းနဲ့လှည်းနေရင်းက တံမြက်စည်းကအရင်ပါသွားတာလို့ကြားတယ်။ စကြားရတော့အံ့လဲအံ့သြ၊ထိတ်လဲထိတ်လန့်သွားတယ်။ ကျန်ခဲ့တဲ့မိသားစုအတွက်လဲ စိတ်မကောင်းဖြစ်ရပါတယ်"ဟု စက်မှုဇုန်အတွင်းနေထိုင်သူတစ်ဦးကပြောပြသည်။
သေဆုံးသူဦးဆန်းတင့်တွင် ဇနီးဖြစ်သူနှင့်အတူ ၁၃နှစ်အရွယ် ၈ တန်းကျောင်းသား တစ်ယောက်၊ ၁၀နှစ်အရွယ် ၅ တန်းကျောင်းသူတစ်ယောက်နှင့် ၄နှစ်အရွယ် မိန်းကလေးတစ်ယောက် စုစုပေါင်း ၃ ယောက်ကျန်ရစ်ခဲ့သည်။
"အဲဒိလုပ်ငန်းမှာအလုပ်ဝင်တာ ၇ လလောက်ပဲရှိပါသေးတယ်။ အခုကိစ္စဖြစ်သွားတာသူတို့(အလုပ်ရှင်) ဘက်ကလည်း လျော်ကြေးသဘောမျိုးတော့မဟုတ်ပါဘူးဆိုပြီး ငွေ ၁၀ သိန်း (ကျပ်) လာပေးတဲ့အပြင် နာရေးမှာလဲလိုအပ်သမျှကိုအနီးကပ်စောင့်ရှောက်လုပ်ကိုင်ပေးနေပါတယ်"ဟု သေဆုံးသူ၏ဇနီးဖြစ်သူက ပြောပြသည်။
အဆိုပါအမှုကိုပုသိမ်အမှတ်၂ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်၁၆/၁၁ဖြင့် လက်ခံစစ်ဆေးလျက်ရှိသည်။
နိုဝင်ဘာ    ၂၄ ၊ ၂၀၁၁ (YPI) 
ထားဝယ်ကျောက်မီးသွေး စက်ရုံကြောင့် ပတ်ဝန်းကျင် ထိခိုက်မည်ကို ဒေသခံစိုးရိမ်
ထားဝယ်ရေနက်ဆိပ်ကမ်း စက်မှုဇုန်အတွက် လိုအပ်သည့်လျှပ်စစ်ဓါတ်အားရရှိရန် တည်ဆောက်မည့် လေးထောင်မီဂါဝပ် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ပွားလာမည်ကို ထားဝယ်ဒေသခံများစိုးရိမ်လျှက်ရှိကြသည်။
ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံမှ ထွက်ရှိမည့်ကာဗွန်နှင့် ပြဒါးကဲ့သို့သော ဓါတုပစ္စည်းများက ပတ်ဝန်းကျင်ကို ထိခိုက်စေမည့်အရေး ဒေသခံအလုပ်သမားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သံဃာတော်များကပါ စိုးရိမ်လျက်ရှိကြကြောင်း YPI မှ မေးမြန်း သိရှိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိကျေးရွာမှ ဘုန်းတော်ကြီးတစ်ပါးက ကျောက်မီးသွေးစက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့်  ရေတွင်းရေအိုင်များကို ညစ်ညမ်းစေမည်ကိုစိုးရိမ်ကြောင်း ပြောသည်။ ထားဝယ်မြို့မှ ဆရာဝန်တဦးကမူ “ကျောက်မီးသွေးက အဓိက အဆုတ်ရောဂါ ဖြစ်ပွားစေနိုင်တယ်” ဟုဆိုသည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ ပုံစံငယ်
ထိုင်းနိုင်ငံအရှေ့တောင်ဘက် မဲတာပေါ့ ကမ်းခြေတွင်လည်း စက်မှုဇုန်ရှိပြီး ကျောက်မီးသွေးစက်ရုံရှိရာ ယင်းစက်ရုံကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်လာပြီး အက်စစ်မိုးရွာသွန်းသည့် အဖြစ်မျိုးရှိခဲ့သည်ဟု လူငယ်အင်ဂျင်နီယာ တဦးကပြောသည်။
မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တွင်လည်း တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံမှထွက်ရှိသည့် ညစ်ညမ်းမှုများအကြောင်းကို ပအိုဝ်းလူငယ်အစည်းအရုံးမှ ပြုစုထုတ်ဝေသည့် “အဆိပ်သင့်မိုးတိမ်များ” အမည်ရှိ သုတေသနစာတမ်းတွင် ဖော်ပြထားကာ ယခုဆောက်လုပ်မည့် ထားဝယ် ကျောက်မီးသွေးစက်ရုံသည် တီကျစ်ထက်ပိုမိုကြီးမားကာ အရှေ့တောင်အာရှတွင် အကြီးဆုံး စက်ရုံဖြစ်လာမည်ဟုဖေါ်ပြပါရှိသည်။
ယခုလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံအခြေစိုက် အီတာလီယံထိုင်းကုမ္ပဏီနှင့် မြန်မာအစိုးရတာဝန်ရှိသူတို့  ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို  လက်မှတ်ရေးထိုးခဲ့ကြသည်။
ပထမသုံးနှစ်အတွင်း ၁၃၀ မီဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ သုံးခုကိုဆောက်လုပ်မည်ဖြစ်၍ ထို့နောက်တွင် ၆၀၀ မီဂါဝပ်ရှိ စက်ရုံ ၆ ခုကိုဆောက်လုပ်မည်ဖြစ်သည်ဟု သဘောတူညီချက်တွင်ပါသည်။
မည်သည့်အချိန်တွင်စတင်ဆောက်လုပ်မည်၊ မည်သည့်အချိန်ပြီးစီးမည်ကိုမူ စက်ရုံတည်ဆောက်မည့် ကန်ထရိုက်ရ ကုမ္ပဏီဖြစ်သည့် Rachaburi Electiricity Generating Holding-REGH က ထုတ်ဖေါ် မပြောဆိုပေ။
ယင်းဓါတ်အားပေးစက်ရုံ၏ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းကို အီတာလျံထိုင်းကုမ္ပဏီက ပိုင်ဆိုင်မည်ဖြစ်ကာ ၃၀ ရာခိုင်နှုန်းမှာမူ ဆောက်လုပ်သည့် ကုမ္ပဏီ REGH ကပိုင်ဆိုင်မည်ဟု သိရှိရသည်။
အီတာလျံထိုင်းကုမ္ပဏီမှ စီမံကိန်းစာတမ်းအရ ယင်းကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို ပန်းတင်အင်း ကျေးရွာ၏ တဖက်ကမ်း၊ ဆိပ်ကမ်းငယ်တည်ရှိရာနေရာနှင့် ကပ်လျက် စတုရန်းကီလိုမီတာ ၅.၅ ကျယ်ဝန်းသည့် မြေတွင်တည်ဆောက်မည်ဟု ဖေါ်ပြထားသည်။ 
နိုဝင်ဘာ ၂၄၊ ၂၀၁၁ (YPI)
ဘ၀တခုလုံး ပြောင်းလဲစေနိုင်သော ထိုခြေတလှမ်း
ရန်ကုန်၊ အောက်တိုဘာ ၂၄ ၊ ၂၀၁၁ (YPI) - ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းက ရွှေကျင်ဘက်မှာ ဒညင်းသီးကို ဒေသခံတွေ နာမည်ပေးထားတာက “ပေါင်တိုသီး”၊ “ခြေတိုသီး”၊ “မိုင်းသီး” တဲ့။
ဘာလို့ အဲသလိုနာမည်တွေပေးထားကြလဲဆိုတော့ ဓညင်းသီးပေါ်ချိန်ဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ တောထဲ တောင်ထဲသွားပြီး ဒညင်းသီးသွားရှာကြပြီဟေ့ဆိုရင် မြေမြှုပ်မိုင်းထိလို့ ခြေထောက်တွေ ဆုံးရှုံးကြရတဲ့ အဖြစ်တွေ မနည်းတော့လို့ ပါတဲ့။
ရွှေကျင်ဘက်က တောတွေထဲမှာ မိုင်းအန္တရာယ် ဘယ်လောက်တောင်ကြီးသလဲဆိုရင် “ဒညင်းသီးရှာတဲ့သူလည်း နင်းတယ်။ ရွှေရှာတဲ့သူလည်းနင်းတယ်။ ၀ါးခုတ်တဲ့သူလည်းနင်းတယ်။ တောထဲသွားပြီး ဘာလုပ်လုပ်နင်းကြတာပေါ့” လို့ အသက် ၄၂ နှစ်အရွယ် ကိုဇော်လွင်က ပြောပြတယ်။
ကိုဇော်လွင်ကိုယ်တိုင်ကလည်း ပေါင်တိုသီး (ခ) ခြေတိုသီး (ခ) မိုင်းသီးသွားခူးပြီးအပြန်မှာ မိုင်းနင်းမိတာနဲ့ ညာဘက် ခြေထောက် ဆုံးရှုံးခဲ့ရတဲ့သူပါ။
ကိုဇော်လွင်နဲ့ ကိုထွန်းထွန်းဝင်း
ရွှေကျင်မြို့ပေါ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးပြောတာက အဲဒီဘက်မှာ တစ်နှစ်ကို အယောက် ၄၀ လောက်ဟာ မြေမြှုပ်မိုင်းထိကြတယ်လို့ဆိုတယ်။ အဲဒီအထဲမှာ ဒညင်းသီးရှာရင်း မိုင်းနင်းမိတဲ့သူက တစ်ဝက်လောက်ရှိတယ်တဲ့။ ကျန်တစ်ဝက် ကတော့ သစ်ခုတ်၊ ၀ါးခုတ်တဲ့သူတွေ၊ ရွှေသွားကျင်ကြတဲ့သူတွေ လို့ဆိုတယ်။
အဲသလို မြေမြှုပ်မိုင်းထိတဲ့ဖြစ်ရပ်တွေကို တွေ့နေ၊ မြင်နေ၊ ကြားနေရပေမဲ့ ဒညင်းသီးချိန်ရောက်လို့ ကတော့ တောထဲမှာ ညအိပ်ပြီး ဒညင်းသီး လှည့်လည်ရှာကြတဲ့သူတွေက ရှိနေတုန်း။ ၀ါးခုတ်၊ သစ်ခုတ်၊ ရွှေကျင်ကြတဲ့ သူတွေကလည်း ရှိနေကြတုန်း။ ၀မ်းရေးလေ…၀မ်းရေး။
ရွှေကျင်မြို့နယ်အပါအ၀င် ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းနဲ့ ကရင်ပြည်နယ် မြောက်ဘက်ပိုင်းဒေသ တွေဟာ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့ နေကြရတဲ့  နေရာတွေဖြစ် တယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှုရပ်တန့်ရေး လှုံ့ဆော်နေကြတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။
မြန်မာနဲ့ မိုင်း
မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို လေ့လာဖော်ထုတ်ထားတဲ့ Humanitarian Impact of Landmines in Burma/Myanmar အမည်ရှိတဲ့ အစီရင်ခံစာအဆိုအရ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရှိတဲ့အနက် ၃၄ မြို့နယ် ဟာ မြေမြှုပ်မိုင်းအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့မြို့နယ်တွေဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီမြို့နယ်တွေမှာ လူဦးရေ ငါးသန်းကျော် (နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဝန်းကျင်) နေထိုင်နေကြတယ်လို့ လည်း ဆိုပါတယ်။
အဲဒီဒေသတွေမှာ ဒေသခံတွေဟာ တစ်နေရာကနေ အခြားတစ်နေရာကို ရွှေ့ပြောင်းသွားလာတဲ့အခါမှာ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ အချိန်မရွေး ပက်ပင်းတိုးနိုင်သလို လယ်ထဲတောထဲသွားရာမှာလည်း အချိန်မရွေး မိုင်းထိနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။
“ဒေသခံတွေရဲ့ နိစ္စဓူဝ ဘ၀တွေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပေါ် မြေမြှုပ်မိုင်းတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်က ဆက်လက်မြင့်မားနေဆဲပဲ” လို့ မြေမြှုပ်မိုင်း အသုံးပြုမှုပိတ်ပင်ရေး အပြည်ပြည်ဆိုင်ရာလှုံ့ဆော်ရေးအဖွဲ့ (International Campaign to Ban Landmines - ICBL) ရဲ့ သုတေသီ Yeshua Moser- Puangsuwan က ပြောပါတယ်။
မိုင်းထိတဲ့သူဟာ မိသားစုတစ်ခုမှာ ၀င်ငွေအဓိက ရှာဖွေနေရတဲ့သူဆိုရင် အဲဒီမိသားစုဟာ ဆင်းရဲမွဲတေမှုတွေနဲ့ ကြုံရဖို့ပဲ ရှိတယ်လို့လည်း ICBL အရာရှိက ဆိုပါတယ်။
မိုင်းနင်းမိလို့ ခြေထောက်ပြတ်ရတဲ့သူတွေမှာ သာမန်လူတွေ ဟိုသွား၊ ဒီလာ လုပ်နိုင်ကိုင်နိုင်တာကို မြင်ရ၊ ကြားရပြီး သူတို့တတွေ မလုပ်နိုင်၊ မကိုင်နိုင်တဲ့အခါ သိမ်ငယ်စိတ် ၀င်မိကြတယ်လို့လည်း မိုင်းထိသူတွေက ဖွင့်ဟ ပြောဆိုပါတယ်။
တောတိုးပြီး ၀ါးခုတ်ရင်း မိုင်းနင်းမိလို့ ခြေထောက်တစ်ဘက်ဆုံးရှုံးသွားရတဲ့ ရွှေကျင်ဘက်က အသက် ၂၇ နှစ်အရွယ် ကိုထွန်းထွန်းဝင်းဆိုရင် ခြေထောက်နှစ်ဘက်ရှိတဲ့သူတွေနဲ့ ပခုံးချင်းယှဉ်ပြီး အလုပ်မလုပ်နိုင်တော့တဲ့ သူ့အဖြစ်ကို သိမ်ငယ်မိတယ် လို့ထုတ်ပြောပါတယ်။
ကိုထွန်းထွန်းဝင်းဟာ ခြေထောက် အစစ်တစ်ဘက်၊ အတုတစ်ဘက်နဲ့ လှေလှော်တဲ့အခါလှော်၊ ရွှေကျင်တဲ့အခါ ရွှေကျင်နဲ့ ဘ၀ကို ဖြတ်သန်းနေရသူပါ။
တစ်နေရာရာမှာ ရွှေပေါ်တယ်ကြားရင် ခြေထောက် အကောင်းနှစ်ဘက်ရှိတဲ့ သူတွေလို ချက်ချင်းထ မသွားနိုင်တာနဲ့ ပတ်သက်ပြီး “ကိုယ်တွေကတော့ တစ်ရက် နောက်ကျရင်လည်းကျမယ်။ တစ်နာရီနောက်ကျရင်လည်း ကျမယ်။ အဲဒီလိုအချိန်မှာ ခံစားရတယ်" လို့ဆိုတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း မိုင်းထိသူဦးရေဟာ ICBL က ပြုစုထားတဲ့စာရင်းအရ အနည်းဆုံး၂,၈၀၀ ၀န်းကျင်ရှိပြီး တကယ့်အရေအတွက်က ဒီထက်ပိုများဖို့ပဲ ရှိတယ်လို့ ၎င်းကပြောပါတယ်။
ဒီလိုမိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နဲ့ ကိုလံဘီယာပြီးရင် တတိယမြောက် မြေမြှုပ်မိုင်း အများဆုံးထိတဲ့ နိုင်ငံဖြစ်တယ်လို့လည်း အထက်ပါအဖွဲ့က ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ခြေ၊လက်ဖြတ်ရသူ ၁၂,၀၀၀ ၀န်းကျင်ရှိပြီး အများစုဟာ မြေမြှုပ်မိုင်းထိတဲ့သူတွေ လို့ဆိုပါတယ်။
မိုင်းရှင်းဖို့အရေး ဝေးနေသေး
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ်ကြား လက်နက်ကိုင်ပဋိပက္ခတွေ ဆယ်စုနှစ်ပေါင်း များစွာ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကို မြန်မာစစ်တပ်ကလည်း အသုံးပြုနေဆဲ ဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က လည်း သုံးနေဆဲ လို့ မြေမြှုပ်မိုင်း အဖွဲ့အစည်းတွေက ဆိုပါတယ်။
၁၉၉၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုတားဆီးပိတ်ပင်ရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးသေးတဲ့ နိုင်ငံပေါင်း ၃၉ နိုင်ငံထဲမှာ တစ်နိုင်ငံအပါအ၀င်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ “လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေသေးသမျှ မိုင်းရှင်းလင်းရေးဆိုတာ ဖြစ်လာမှာမဟုတ်ဘူး” လို့ ICBL မှ သုတေသီက ဆိုပါတယ်။
ဒီလိုအနေအထားမှာ မြေမြှုပ်မိုင်းအန္တရာယ် စက်ကွင်းထဲက ဒေသခံတွေရဲ့ အသက်အိုးအိမ်ဆိုတာဟာလည်း အချိန်မရွေး ပျက်စီးသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဘယ်လောက်ပဲ အန္တရာယ်ကြီးတယ်ဆိုပေမဲ့လည်း အသက်မွေးဝမ်းကျောင်း ရွေးချယ်စရာ သိပ်မရှိတဲ့သူတွေအနေနဲ့ ၀မ်းရေးအဆင်ပြေဖို့ အသက်စွန့်ပြီး အလုပ်လုပ်နေကြရပါတယ်။
ရွှေကျင်တဲ့အလုပ်လုပ်ရင်းလည်း မိုင်းထိနိုင်တယ်၊ ထိလည်းထိနေကြတယ်ဆိုတာသိပေမယ့် (ကိုယ်ကိုယ်တိုင်ကလည်း မိုင်းထိခဲ့ဖူးသူဖြစ်ပေမယ့်လည်း) ကလေးနှစ်ယောက် အဖေ ကိုထွန်းထွန်းဝင်းကတော့ ဘာကြောင့် အဲသလောက် အန္တရာယ်များတဲ့အလုပ်ကို ဆက်လုပ်နေရလဲဆိုတော့ သူက အခုလို ပြောပြတယ်။
“(၀မ်းရေး) မပြည့်လျှံတဲ့အခါကျတော့လည်း နင်းကာမှ နင်းရောပဲ…လုပ်စားရမှာပဲ” တဲ့။
ချစ်ဦးမောင်ရေးသားသည်။
[Ends] Additional reporting by Zin Win
မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န တရားဟောခွင့် ပိတ်ပင်ခံရ
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀နအား ရှမ်းပြည်နယ် ပြည်နယ် သာသနာရေး ဦးစီးဌာန တာဝန်ရှိသူများက တရားဟောခွင့် တနှစ် ပိတ်ပင်လိုက်သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် “အမျိုးဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ” အမည်ဖြင့် နိုဝင်ဘာလ (၂၀) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ တရားပွဲ ကျင်းပနေပြီး နိုဝင်ဘာလ (၂၂) ရက် နေ့ညတွင် ဆရာတော် ဦးဇ၀န ဟောကြားရန်အလှည့် ဖြစ်သော်လည်း ဟောခွင့် မပေးခဲ့ဟု တာချီလိတ်မြို့ခံ တဦးက ပြောသည်။
“တရား မဟောရဘူး။ တနှစ်တိတိ ပိတ်တယ်လို့ ပြောတယ်။ ဆရာတော်ကတော့ ပြောသွား ပါတယ်။ ဒီနှစ်မဟောရလည်း နောက်နှစ်ပေါ့တဲ့။ အဲဒါနဲ့ နေ့လည် နှစ်နာရီ လောက်မှာ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်တက် သွားတယ်။”
ဆရာတော် ဦးဇ၀န ကျန်းမာရေး မကောင်းသည့်အတွက် တရားမဟောနိုင်ကြောင်း အာဏာပိုင် များက ပြောဆိုခဲ့သည်။ သို့သော် ဆရာတော်မှာ ကျန်းမာရေး ကောင်းမွန်ပြီး နေ့လည် (၁) နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့ ဗယ်လင်တိုင်း လက်ဖက်ရည်ဆိုင်၌ လာရောက် ဖူးမျော်သည့် ပရိတ်သတ် (၂၀၀) ကျော်အား တရားတိုလေး ဟောကြားပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
တာချီလိတ်မြို့သို့ မလာမီ နိုဝင်ဘာလ(၂၀)နှင့် (၂၁) ရက်နေ့များက ကျိုင်းတုံမြို့တွင် တရား ဟောခဲ့ရာ နိုင်ငံရေးနှင့် ညှိစွန်းသည့် အကြောင်းအရာ တခုခုကို ထည့်သွင်းဟောမိသဖြင့် ယခုကဲ့သို့ ပိတ်ပင် ခံရခြင်း ဖြစ်နိုင်သည်ဟု တာချီလိတ် မြို့ခံများက ထင်ကြေးပေး ပြောဆိုနေ ကြသော်လည်း ဆရာတော် ဦးဇ၀န က တစုံတရာ မိန့်ကြားခဲ့ခြင်း မရှိပါ။
ယင်းကိစ္စနှင့် ပတ်သက်၍ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ မဲဆောက်ရုံးတာဝန်ခံ ဆရာတော် ဦးဇ၀နက အစိုးရသစ် အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် လွတ်လပ်ခွင့်များ ပေးနေပြီဟု ဆိုသော်လည်း လက်တွေ့မှာ လွတ်လပ်မှု မရှိသေးကြောင်း ပြသခြင်းဖြစ်သည်ဟု မိန့်ကြားသည်။
“မေတ္တာရှင် ဦးဇ၀နတို့  ဒယ်အိုးဆရာတော်တို့ဆိုရင် တကယ့် ပရဟိတလုပ်ငန်းတွေ၊ အကျိုးပြု လုပ်ငန်းတွေကို လုပ်နေတာ။ ဒီလို ဆရာတော်တွေကို အားပေး အားမြောက် ပြုရမယ့် ကိစ္စကို အားပေး အားမြောက် မပြုတဲ့အပြင် လိုက်ပြီးတော့ ကာဆီးကာဆီး လုပ်နေတဲ့အခါကျတော့ ကိုယ့်တိုင်းပြည်အပေါ် စေတနာ ထားပြီး တကယ် ကိုယ်ကျိုးစွန့်လုပ်နေတဲ့ ဘုန်းကြီးတွေကို အနှောင့်အယှက်ပေးတယ်ဆိုတာ တိုင်းပြည်ကို မချစ်ရာရောက်တာပဲ။
ထို့အပြင် မြန်မာနိုင်ငံသည် ဗုဓ္ဒဘာသာနိုင်ငံဟု ဆိုသော်လည်း သံဃာတော်များအား တရားဟောခွင့် ပိတ်ပင်သည့် ကိစ္စကိုမူ မြို့နယ်အဆင့်ထိ လုပ်ပိုင်ခွင့် ပေးထားသည့်အတွက် နိုင်ငံရေး လုပ်သူများထက် ပိုမို ဆိုးရွားသည့် အနေအထား ဖြစ်သည်ဟုလည်း ဆိုသည်။
တရားဟောခွင့် ပိတ်ပင်ခံရသည့် ဆရာတော် ဦးဇ၀နသည် နာမည်ကြီး ဆရာတော် တပါး ဖြစ်သည့်အပြင် ဒကာ ဒကာမများ လှူဒါန်းသည့် ငွေများဖြင့် မိဘမဲ့ကလေး စာသင်ကျောင်းများ၊ မျက်မမြင်ဆေးရုံများ၊ လူမှုရေး လုပ်ငန်းများနှင့် တရားစခန်းများတွင် အသုံးပြုခဲ့သည်။
တရားပွဲ ပိတ်ခံရသည့်အပေါ် “ဒီဆရာတော်က ဘာသာရေးတရားဘဲ ဟောတာကိုး။ နိုင်ငံရေးတရားဟောတာမှ မဟုတ်ဘဲ။ ဒီတရားကို ပိတ်ပင်တယ်ဆိုတာ ဒကာ၊ ဒကာမ တွေရဲ့ အသိတရားကို ပိတ်ပင်တာနဲ့ အတူတူ ပဲလေ။ အဲဒါ အခု ဒကာ၊ ဒကာမတွေက မကျေနပ်ကြဘူး။” ဟု တာချီလိတ်မြို့ခံက ပြောသည်။
တာချီလိတ်မြို့တွင် နှစ်စဉ် တရားပွဲများ ကျင်းပလေ့ရှိပြီး ယခုနှစ်သည်(၁၄) ကြိမ်မြောက် ဖြစ်ပြီး ဆရာတော် ဦးဇ၀န သည် တတိယအကြိမ်မြောက် လာရောက်ဟောကြားခြင်း ဖြစ်သည်။
နိုဝင်ဘာလ (၁၅) ရက်နေ့က မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးဝင်း မဟာဗုဓ္ဒ၀င် ဗိမ္မာန်တော်ကြီးတွင် သံဃာ ငါးပါးဦးဆောင်၍ ဆန္ဒပြခဲ့ရာ တောင်းဆိုချက်(၃) ချက်အနက် လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဝေခွင့် ရရှိရေးလည်း ပါဝင်သည်။
NMG
ကိုကိုးကျွန်းတွင် စစ်ဖက်လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်
ကိုကိုးကျွန်း
မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ကျွန်းဖြစ်သည့် ကိုကိုးကျွန်းရှိ စစ်ဖက်လေယာဉ်ကွင်းအား တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လေယာဉ်ကွင်းအား ငါးနှစ်စီမံကိန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး အမှတ်(၉၅၁) စစ်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ယူ တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို တည်ဆောက်ခိုင်းတာတော့ ပေငါးထောင်အထက်လို့ ပြောတယ်။ မနှစ်က အောက်တိုဘာမှာ စတာဆိုတော့ တစ်နှစ် လောက် ပြီးသားပါပြီ”ဟု ယင်းလေယာဉ်ကွင်း တည်ဆောက်ရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။
ယခုအခါ လေယာဉ်ပြေးလမ်း အရှည်တိုးချဲ့ခြင်း၊ ကွင်းပတ်လည် ပြုပြင်ခြင်းနှင့် လေဆိပ် အဆောက်အဦး တည်ဆောက်ခြင်း လုပ်ငန်းများကို တပြိုင်နက်တည်း လုပ်ဆောင်နေကြောင်း သိရသည်။
ကိုကိုးကျွန်းလေယာဉ်ကွင်းသည် ပေးငါးထောင်ရှိသည့် လေယာဉ်ကွင်းတစ်ကွင်းဖြစ်ပြီး၊ တပ်မတော်လေယာဉ်များ အမြဲတစေ ဆင်းသက်နေ သည့် လေယာဉ်ကွင်းဖြစ်ကြောင်း သိရှိရသည်။
ကျွန်း၏ သွားလာရေးဆက်သွယ်ရေးအတွက် ကြယ်ငါးပွင့်ရေကြောင်းလိုင်းနှင့် တပ်မတော်(ရေ)၏ ရေယာဉ်များကို အားကိုးရကြောင်း ယင်း ကျွန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အစိုးရဝန်ထမ်းတစ်ဦးက ပြောကြားသည်။
“တိုက်လေယာဉ်တွေ ဆင်းနေတာတော့ ရှိတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။
YC(KS)
ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားဟု ဦးသိန်းစိန် အစိုးရက ပထမဆုံးအကြိမ် မထင်မရှား ယနေ့ ထုတ်သတင်းစာမှာဖော်ပြ
ယခင် နအဖစစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား အငြိမ်းစားဟူသည့် သုံးနှုန်းဖော်ပြချက်ကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မထင်မရှား တွေ့ရသည်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုက အမေရိကန်ဒေါ်လာ ၁၃၀၀၊ ပတ္တမြားတာ ၁၁ ပွင့်၊ မြိတ်ပုလဲ တစ်ပွင့်၊ ကာလ တန်ဖိုးကျပ် ၄၈၈၀၀၀ရှိ ရွှေလက်စွပ်တကွင်း လာရောက်လှူဒါန်းခဲ့”ဟု ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းခဲ့ခြင်း အား သတင်းစာများ၏ အတွင်းစာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရခြင်းဖြစ်သည်။
ဗုဒ္ဓစွယ်တော်သည် တရုတ်နိုင်ငံမှ ယခုလဆန်းပိုင်းတွင်ပင့်ဆောင်ခဲ့ပြီး အများပြည်သူ ဖူးမြော်နိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့၌ တလှည့်စီ အပူဇော်ခံယူလျက်ရှိသည်။
မြန်မာနိုင်ငံအား စစ်အာဏာရှင် တဦးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့သော အသက် ၇၈ နှစ်အရွယ် ဦးသန်းရွှေ သည် စစ်တပ်မှ အငြိမ်းစားယူသွားကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရက စတင်ကြေညာခြင်းဖြစ်သည်။
စစ်တပ်အစိုးရမှ အရပ်သားအစိုးရ တရပ်ပေါ်ပေါက်လာရေး၊ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်” ထူ ထောင်မည်ဟု ကြွေးကြော်ကာ လမ်းပြမြေပုံ ၇ ဆင့်ရေးဆွဲခြင်း၊ အမျိုးသားညီလာခံ ကျင်းပခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်းတို့ကို ကန့်ကွက်မှုများကြားမှ အောင်မြင်စွာ ဖော်ဆောင်ထားခဲ့သည်။
၎င်းဦးဆောင်သော နအဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးရာထူးဖြင့် ၀န်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့သူ လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်း စသည့် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များသည် အစိုးရသစ်လက်ထက်တွင် လည်း ထိပ်တန်းခေါင်းဆောင်များအဖြစ် ပြန်လည်တာဝန်ယူထားသည့်အတွက် အစိုးရသစ်အား ဦးသန်းရွှေက နောက်ကွယ်မှ ကြိုး ကိုင်ထားဆဲဖြစ်သည်ဟု အများက ယူဆနေကြသည်။
ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံ၏ အာဏာအရှိဆုံး အဖွဲ့ဖြစ်သော အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီ အား ဦးသန်းရွှေ က ကြိုးကိုင် လမ်းညွန်မှု ပေးနေသည်ဟုလည်း လူအများက ပြောဆိုနေကြသည်။
အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီသည် သမ္မတ၊ ဒု-သမ္မတများ၊ ကာကွယ်ရေး ဦးစီချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒု-ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေး ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး စသည့် အဖွဲ့ဝင် ၁၁ ဦး ဖြင့် ဖွဲ့စည်းထားကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည်။
ဦးသန်းရွှေနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား Wall Street Journal က အင်တာဗျူးရာ ၎င်း၏ နေအိမ်၌ စာဖတ်၍ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ဖြေဆိုခဲ့သော်လည်း အစိုးရသစ်အပေါ် သြဇာလွှမ်းမိုးမှု ရှိမရှိဆိုသည်ကို တိကျစွာ ဖြေဆိုခြင်း မရှိပေ။
“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြော ဆိုကြောင်း Wall Street Journal ၌ နိုဝင်ဘာလ ၁၅ ရက်က ဖော်ပြခဲ့သည်။
ခင်ဦးသာ (ဧရာဝတီ)
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးခင်ဇော် ဂေါက်သီးအားကစားနဲ့ ပုလုံးတုံးတုံးတံတား
တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဦးခင်ဇော်
ဝန်ကြီးချုပ်ဦးခင်ဇော် ကို ပုလုံးတုံးတုံးတံတားပေါ်မှာတွေံရစဉ်
 Gentleman Sport လို့ပြောတဲ့ Golf အားကစားဟာ တကယ်ပဲ လူကြီးလူကောင်းဆန်ရဲလား။မြန်မာနိုင်ငံ
 မှာတော့ဂေါက်ရိုက်ကစားရင်းခရီးရှည်လျောက်နေတဲ့အချိန်ဟာ စီးပွားရေးကျားကြီးတွေနဲ့ အဂတိလိုက်စားသူအာဏာ ပိုင်တို့ရဲ့လူအများမသိကြားနိုင်တဲ့မဟာဗျူဟာ ညှိနှိုင်းရေးဆွေးနွေးကျင်းပခြင်းဖြစ်ပါတယ်၊ဂေါက်သမားတွေဟာ ငွေမက်တဲ့(အဘ)အများစုအတွက် အမှုပွဲစားလုပ်ရင်းစားပေါက်ထွင်ပေးကြရတယ်၊ ဒေါ်လာဈေးအကျမှာ အလဟသဖြစ်နေတဲ့မြေစိုက်ကားတွေကနေ (အဘ)အတွက်ဆိုပြီးလုပ်စားသွားတာဂေါက်ကွင်းအိုင်ဒီယာပါ။
    မြို့ရွှာလူထုအပေါ် မဖြစ်မနေလုပ်ပေးစရာရှိလို့ငွေ ထုတ်ပေးရမယ်ဆိုရင်လည်း ဂေါက်ကွင်းမှာ ဒီနေ့ဘယ်နှစ်ချက်သာ အောင်ရိုက်မယ်လို့ကြေငြာလိုက်ရုံနဲ့ ရိုက်ဖေါ်ရိုက်ဖက်တွေက အလိုက်တစ်သိနဲ့အတိအကျချိန်ပြီးအလျှော့ပေးလိုက်ကြရတယ်၊  နိုင်လို့ဆိုပြီးလိုတဲ့ငွေကို ၀ိုင်းစုကာ (အဘ)စိတ်တိုင်းကျ လျော်ပေးလိုက်တာပေါ့။ပြောတိုင်းဖြစ်အောင်တော်ကြသူတွေပါ၊ လက်မှန်အတိုင်းအနိုင်ရအောင် ကြိုးစားရိုက်လို့ကတော့ ဘယ်တော့မှမျက်နှာမရတော့ဘူး ၊တေးထားလိုက်တယ် ၊နှုတ်ကလည်း ဗြောင်ဘဲ၊မှုးမှုးနဲ့ပြောတာပေါ့၊ကြာလာတော့လည်း (အဘ)တွေကိုကလေးဆိုးကြီးတွေလိုပဲသဘောထားကြတော့တယ်၊
  သူတို့ပိုက်ဆံနဲ့သူတို့ပျော်ကြ စားသောက်ကြတာကိုဘယ်သူမှအပြစ်မပြောကြပါဘူး ဒါပေမယ့်ဆိုးတာက သူတို့ရဲ့(အဂတိကွင်း)  ပြင်ဆင်စရိတ်နဲ့ ဂေါက်ရိုက်ပြိုင်ပွဲအတွက် ဂေါက်သီးအားကစားနဲ့မဆိုင်တဲ့ ဒေသခံလက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်၊စတိုး၊  တည်းခိုခန်း၊ဌာနဆိုင်ရာတွေအချိုးကျထည့်ဝင်ပေးကြရတာဟာ နှစ်စဉ်ပါဘဲ။
    ကော့သောင်းမြို့မှာပုလုံးတုံးတုံးသစ်သားတံတားခဏခဏကျိုးတော့ကွန်ကရစ်တိုင်၊ကွန်ကရစ်ဘင်းနှင့် သစ်သားခင်းတံ  တားတည်ဆောက်ဖို့ဖြစ်လာတယ်၊ World Vision က 2005 ခုနှစ်က ကျပ်သိန်း(850)လှူဒါန်းထားပြီး စတင်ဆောက်လုပ်ခဲ့တဲ့  ကွန်ကရစ်တံတား ဟာလည်း တိုင်ခွင် သုံးဆယ့်ရှစ်တိုင်ရှိနေတော့ ဒီအတိုင်းဆက်လုပ်ရအောင် ပုလုံးတုံးတုံး ဆရာတော်ဦး ဆောင်မှုနဲ့ ပုလုံးတုံးတုံးလုပ်ငန်းရှင်များက သိန်းသုံးရာမတည်ခဲ့ပါတယ်၊ ခ.ယ.က ကသိန်းသုံးရာနှင့် တိုင်းမှုးကသိန်းသုံးရာ ထည့်ဝင်ပြီး ခယက ဥက္ကဌ ဦးအံ့မော် ဦးစီးပြီး ဆောက်လုပ်ခဲ့တာ  သစ်သားတံတားက 2009 ဧပြီလထဲမှာ ပြီးစီးခဲ့ပါတယ်၊  ပုလုံးတုံးတုံး ဆရာတော်က သိန်းငါးဆယ်လောက်စိုက်ထားပြီး လုပ်ငန်းရှင်လေးဦးက ဆယ့်ရှစ်သိန်းစီနှင့် ကျန်လုပ်ငန်းရှင် တွေက အချိုးကျထည့်ဝင်ခဲ့ကြပါတယ်၊
     မြေဈေးတွေကတက်လို့ဥယာဉ်ခြံမြေတွေအလုအယက် ခြိမ်းခြောက်ပြီး မြေစာရင်းမှုးဦးဝင်းဌေး၊မြေတိုင်းစာရေး
ဦးကျော်   ကျော်စိုးတို့နှင့်ပေါင်းပြီး ပုံစံ (105)ထုတ်လို့ အကွက်ရိုက်ရောင်းစားတဲ့ ဦးဟုတ်တီတို့လို တပြားတစ်ချပ်မှမထည့်ဝင်ဘဲ အဆီ သာစုပ်ယူကြတဲ့အခွင့်ထူးခံလူတန်စားအမျိုးမစစ်တွေလည်းရှိပါတယ်။
        တံတားဖြတ်သန်းခကို ယခင်ကတစ်ရက်ကို ဆိုင်ကယ်တစ်စီးကို(200)ကျပ်၊ဆိုင်ကယ်ဘေးတွဲကို (500)ကောက်ယူခဲ့ရာကတံတား သစ်ပြီးစီးချိန်မှာတော့  ဆိုင်ကယ်ငါးရာ၊ဆိုင်ကယ်ဘေးတွဲကို တစ်ထောင်ကောက်ယူစေပြီး (ခယက)ကိုဆိုင်ကယ်အစီးငါးရာနှုန်းနဲ့ (250000)သွင်းဖို့ ကစထမှုး ဦးခင်ဇော်ကသတ်မှတ်ပေးခဲ့ပါတယ်။  မြန်မာပြည်မှာ အမြင့်ဆုံး တံတားဖြတ်သန်းခပါ၊ စစ်မှုထမ်း  ဟောင်းအဖွဲ့ကတာဝန်ယူကောက်ခံရာမှာ ညှိနိုင်းပြေလည်တဲ့အတွက် တစ်ရက်ကိုဆိုင်ကယ်အစီးရေ(450)စာနှင့်(225000)  သွင်းရပါတယ်၊  ကားတစ်စီးကိုနှစ်ထောင်ငါးရာနှုန်းနဲ့ကောက်ခံရရှိငွေကိုတော့ (ခယက)ကိုကားနံပါတ်နှင့်
တိုက်ရိုက်အပ်ရပြီး  ဘေးတွဲခကိုတော့ ဂိတ်ကြေးကောက်ခံတဲ့စစ်မှုထမ်းဟောင်းအဖွဲ့ကဘဲရပါတယ်၊ (2.5.2009)ကနေ (5.9.2011)အထိစုစုပေါင်း  အပ်နှံခဲ့ငွေမှာ (သိန်းနှစ်ထောင်ကျော်)ရှိခဲ့ပါတယ်၊အဲဒီထဲမှာ သစ်သားအခင်းပေါ်ကတ္တရာထပ်ပိုးလွှာခင်းတဲ့စရိတ်ကလွဲရင် အကြီး အမားဘာမှမကုန်ခဲ့ပါဘူး၊ရတဲ့ကောက်ခံငွေတွေဟာ နောက်ထပ်ကွန်ကရစ်တိုင်၊
ကွန်ကရစ်ဘင်းကွန်ကရစ်ပြားခင်းတဲ့တံတား  သစ်တစ်ခုထပ်ဆောက်မယ်ဆိုရင်ဆောက်နိုင်လောက်ပါပြီ၊ သို့မဟုတ်လည်း တံတားချဉ်းကပ်လမ်း ကတ္တရာခင်းခြင်းနှင့်ကျောက် တန်းစီခြင်းနှင့်  တံတားနှစ်ခုအကြား ရေ ထ ရက်များမှာ ရေမကျော်အောင် ကျောက်တန်းစီ မြေဖို့ခြင်းများပြုလုပ်သင့်ပါတယ်၊  ဘာမှမလုပ်ရင်လည်း မှုလထည့်ဝင်ထားသော သူများကို ပြန်လည်ပေးသင့်ပါတယ်၊ ဆရာတော်စိုက်ထားတဲ့ငွေပြန်ဆပ်မယ်ဆို ရင်လည်း ပြန်ဆပ်သင့်ပါတယ်၊ ဒါမှမဟုတ် ပုလုံးတုံးတုံးရွာသားအားလုံးကိုဖြတ်သန်းခမကောက်ဘဲ အခမဲ့သွားခွင့်ပေးမယ်ဆို ရင်လည်း အသင့်တော်ဆုံးလိုက်လျောမှုဖြစ်ပါတယ်၊ ဘုန်းကြီးနှင့်ကျောင်းသားမှလွဲရင် အခမဲ့လွတ်ပေးတာ မျိုးမရှိခဲ့ပါဘူး။
    အော်လိုက်တိုင်လိုက်မှဘဲ့ယခင်နှုန်းအတိုင်းကောက်ခံစေပြီး ဆိုင်ကယ်နှစ်ရာ၊ဘေးတွဲငါးရာ ကားငယ်တစ်ထောင်၊ဆိုပြီး ပြန် လျော့ပေးခံပါတယ်၊ဒေသခံမဟုတ်တဲ့အတွက် ဒေသအကျိုးဘာလုပ်စရာမရှိဘူး လို့ယူဆထားတဲ့ငတက်ပြားကြီး ငါ့ဖို့ ဦးခင်ဇော် ဟာ တံတားကောက်ခံပေးသွင်းငွေတွေအပေါ်မှာ အာရုံအမြဲထားပါတယ်၊သူဘုံးရင်လည်းလူကြားမကောင်းတော့ဂေါက်ကွင်း  ပြင်ဆင်စရိတ်ဆိုပြီးခေါင်းစဉ်ပြကာအကုန်သုံးခိုင်းပါတယ်၊  ဦးခင်ဇော်ဟာ(1.7.2100၊2.7.2010၊5.5.2010၊13.8.2011၊တွေမှာ
လေးကြိမ်တိတိပုလုံးတုံးတုံးတံတားကိုဖြတ်ဖူးပါတယ်၊ ရွာအ၀င်လမ်းမှာလုပ်စရာတွေ အများကြီရှိနေကိုမမြင်ဟန်ဆောင်နေသူပါ၊(13.8.2011)မှာလည်းဆင်းရဲမွဲတေမှုလျော့ချရေးအစီအစဉ်နှင့် ၀ိုင်းကြီးချုပ်ပုံစံလှေရှင်များကိုပုလုံးတုံးတုံဘုန်းကြီးကျောင်းမှာငွေထုပ်ချေးပေးလို. ဆရာတော်ဆီမဖြစ်မနေ၀င်ဖူးရတော့တယ်၊ဘုန်းကြီးကျောင်းတွေကိုယတြာချေရုံသွားတတ်တဲ့ဦးခင်ဇော်ဟာ
ဝန်ကြီးလေးပါးနှင့်လုပ်ငန်းရှင်ကြီး(၃၀)လောက်ပါတာတောင်ဆရာတော်ကိုလှူဖွယ်ပစည်းမကပ်ချင်ပါဘူး။ဝန်ကြီးချုပ်
ဂုဏ်ရည်နှင့်လိုက်ဖက်တဲ့လှူဖွယ်ပစည်းမပါလက်ချည်းသာလာလို.မနေတတ်သူကစီစဉ်ပေးတာနှင့်ကန်တော့ပန်းချင်းလေးနှင့်
ဝတ်ကျေတန်းကျေကပ်လှူခဲ့ပါတယ်။ဒေသအကျိုးလည်းမကြည့် ၊သာသနာအတွက်လည်း မချီးမြှောက်တဲ့ဦးခင်ဇော်ဟာ မြေနဲ့ငွေနဲ့ပတ်သက်ရင်အင်မတန်ခြေသွက်လက် သွက်နှုတ်သွက်ပါတယ်၊  အရှက်အကြောက်လည်းကင်းလှပါတယ်။
    ဒါကြောင့် သမတကြီးသိအောင်ဘဲပြောချင်ပါတယ်၊ ဒီတံတားကောက်ခံရရှိငွေကိုအလွဲသုံးစားလုပ်ခဲ့တဲ့ဦးခင်ဇော်ကို ပုလုံးတုံးတုံးသားတွေလုံးဝမကြေနပ်ပါဘူး၊ ပုလုံးတုံးတုံးတံတားလည်းထပ်ပိုးလွှာတွေကွာလို့ချိုင့်တစ်ရာနှစ်ရာနဲ့အခင်းသစ်ပြား
တွေလဲဆွေးမြေ့ကြေမွပေါက်ပြဲပြီးအသစ်လဲဖို့လည်းစိတ်မ၀င်စားဒီတိုင်းဘဲထားလို့ကားငယ်လည်းမ၀င်ရဆိုင်ကယ်တွေလည်း
သတိနှင့်မောင်းနှင်နေရပါတယ်။အလကားရတဲ့သစ်နဲ့တောင်လာပြီးဖာထေးမပေးနိုင်ဘူး။
    မြို့နယ်အုပ်ချုပ် သူတော်တော်များများဟာ အိပ်ထဲထည့်ဘို့ဘဲကျိုးစားနေကြတယ်၊ ဆရာဇော်ဂျီရဲ့သင်သေသွားသော်ဆိုတဲ့ကဗျာမျိုးကိုနှလုံးမသွင်းနိုင်ကြပါဘူး၊ အထက်ဖားအောက်ဖိနဲ့ဘဲ ဘ၀ကိုဖြတ်သန်းရင်းငွေရဖို့မြေရောင်းစားကြတာထုံးစံလိုဖြစ်နေတယ်။ သူများရောင်းစား ရင်တော့မြေစာရင်းကတရားစွဲထောင်ချပါတယ်၊မြေစာရင်းကရောင်းစားရင်တော့တရားစွဲမဲ့သူမရှိဘဲ
အထက်အောက်အဆင်ပြေနေတော့တိုင်တဲ့သူရှိရင်တောင်အရေးယူသူမရှိဖြစ်နေပါတယ်။ဒါကြောင့်သမတကြီးဦးသိမ်းစိန်ခင်ဗျား
ကြေးဇူးရှင်မြင်းခြံဆရာတော်ကြီးပျံလွန်တော်မူခဲ့လို့ဖြတ်သန်းခွင့်မကြုံခဲ့တဲ့ပုလုံးတုံတုံးတံတားကိုတစ်ခေါက်လောက်တော့လာ
ကြည့်ဘို့ဖိတ်ခေါ်ပါရစေ၊ ဦးခင်ဇော်ကိုမကြေနပ်လို့၊ ဦးခင်ဇော်နဲ့အဆင်မပြေလို့အခုအချိန်ထိ တနင်္သာရီတိုင်းထဲကို ဘယ်ပြည်ထောင်စုဝန်ကြီးတစ်ဦးတစ်ယောက်မှလာ ဘို့စိတ်တောင်မကူးဘူးလို့ကြားသိရပါတယ်၊အခုအချိန်အထိလည်းဘယ်ပြည်
ထောင်စုဝန်ကြီးမှမလာဘူးတဲ့အပြင်ဒေသအာဏာပိုင်တွေကလဲထင်ရာစိုင်းနေကြပါတယ်၊ ဒေသကမဲပေးလို့ဖြစ်လာတဲ့ဝန်ကြီး
တွေကလည်းဘာမှလုပ်ပိုင်ခွင့်မရှိဘဲ တိုင်းဦးစီးမှူးတွေကိုတောင်ပြန်ကြောက်နေရတယ် လို့ကြားသိရပါတယ်။ဒါကလည်းဝန်ကြီးချုပ်ရဲ့လုပ်ကွက်တွေဘဲဖြစ်နေတယ်။ ( 23.11.2011)ရက်နေ့မှာ Co.,ltd တွေရဲ့စပွန်ဆာနဲ့စင်ကာပူမှာဆေးသွားကုမယ်လို့နီးစပ်တဲ့အသိုင်းအ၀ိုင်းကပြောတာ
ကြားရပါတယ်၊ ပေးရတဲံ့သူဌေးတွေကမသထာလို့လားမသိဘူးထားဝယ်မြို့မှာတော့ပွနေတာဘဲ။ ၀န်ကြီးချုပ်တော့ဆေးကုလို့မရရင်ကောင်းမယ်၊ ရှင်ကိုးရှင်မှာဝိုင်းဆုတောင်းဘို့ပြင်ဆင်နေကြတာကို လည်းကြားသိရပါတယ်။ဝန်ကြီးချုပ်ကဆေးတကယ်ကုမှာလား၊သူ့ကိုစစ်မဲ့လူတွေလာမယ်ဆိုလို့ရှောင်ပြေးမှာလား၊ ကြားဖြတ်ရွေးကောက်ပွဲကိုတာဝန်မယူရဲလို့ထွက်ပြေးတာလား၊ ဒါကတော့ရေမြေ့သနင်းပြည့်ရှင်မင်းဝန်ကြီးချုပ်မှလွဲပြီးဘယ်သူမှမသိနိုင်ပါဘူး။
    ပြုတ်မယ်ပြုတ်မယ်နဲ့ပြောတဲ့ဝန်ကြီးချုပ်ကတော့ဘာမှမဖြစ်ဘဲထိုးကြွေးခံထိတာကတော့တိုင်း၊ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူး
တွေဘဲ၊ ၀န်ကြီးချုပ်အစားအစတေးခံရသူတွေပေါ့။ဘာမသိညာမသိနဲ့ပြောင်းသွားရတဲ့ တိုင်း၊ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးတွေလဲ
ရေလို့မနိုင်တော့ဘူး။
    သမတကြီးခင်ဗျား၊ကိုယ်တိုင်မလာနိုင်ရင်တောင်ကိုယ်စားလေးစေလွှတ်ပြီးတနင်္သာရီတိုင်းထဲမှာဖြစ်နေတာလေးတွေကို
လာပြီးကြည့်စေချင်ပါတယ်။ခွေးကိုရိုက်ဖို့ခွေးရှင်မျက်နှာကြည့်နေရတာလားသမတကြီးခင်ဗျား။
ဒေသအတွက်ဘာမှကူညီပေးဖော်လည်းမရ၊သုံးစားလို့လည်းမရတဲ့ဝန်ကြီးချုပ်နဲ့သာစခန်းသွားရရင်တနင်္သာရီတိုင်းဟာ
ထိုင်းနိုင်ငံရဲ့လက်အောက်ကို အမည်မဖော်ဘဲကိုလိုနီဖြစ်သွာရတော့မှာဧကန်မလွဲပါဘဲ။တနင်္သာရီတိုင်းရဲ့သယံဇာတအားလုံး
ဟာယိုးဒယားနိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ရတနာတွေဖြစ်နေတယ်။ထားဝယ်၊မြိတ်၊ကော့သောင်းဘယ်နေရာကသွားသွားရောက်နေ
တဲ့ယိုးဒယားနိုင်ငံကို သယံဇာတတွေအလကားဈေးနဲ့မရောက်အောင် ၀န်ကြီးချုပ်မှ ထိန်းချုပ်နိုင်ရန် သမတကြီှးပြောပေးဖို့တောင်းပန်ပါတယ်။ ဒေသအကျိုးတိုးတက်ဖို့၊ နိုင်ငံအကျိုးတိုးတက်ဖို့  အမြင်ကျယ်တဲ့ ၀န်ထမ်းကောင်းတွေပေါ်ထွက်လာဖို့ Myanmar News Now မှ
တဆင့် တင်ပြအကူအညီတောင်းခံလိုက်ပါတယ်။
Myamar News Now
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်