အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီး ဦးခင်ရွှေသို့ အိတ်ဖွင့်ပေးစာ
မီဒီယာများကို စော်ကားနေတဲ့ အစည်းအဝေးမှ ဓါတ်ပုံ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီး ဦးခင်ရွှေခင်ဗျား
လူကြီးမင်းသည် နိုဝင်ဘာ ၁၅ရက်နေ့က ကျင်းပခဲ့တဲ့ မဟာမဲခေါင်ခရီးသွားလုပ်ငန်း အစည်းအဝေးတွင် မီဒီယာများသည် အဆိုးမြင် သဘောဖြင့် ရေးသားနေကြပြီး ကြောက်မက်ဖွယ်ကောင်းသည်ဟု စွပ်စွဲပြောဆိုခဲ့ပါသည်။ ထိုသို့ စွပ်စွဲပြောဆိုရခြင်းမှာ လူကြီးမင်း တာဝန်ယူထားသည့် ခရီးသွားလုပ်ငန်းမှ မြန်မာနိုင်ငံ၏ သမိုင်းဝင် အမွေအနှစ်တစ်ခုဖြစ်သည့် ဝန်ကြီးများရုံးကို အမဲဖျက်သလိုဖျက်၍ ဟိုတယ်အဖြစ်ဖန်တီးပြီး စီးပွားရှာခွင့် မရလိုက်မှုကြောင့်ဟုလည်း ထပ်မံသိရှိရပါသည်။ အဆိုပါပွဲတွင်ပင် ဝန်ကြီးများရုံးနှင့် ပတ်သက်၍ အသက်ပေးကာကွယ်မည်ဟု ဆိုကြသူများကို အသက်ပေးစရာမလိုဘဲ တစ်ဦးလျှင် တစ်သိန်းသာ ထည့်ဝင်ကြပါဟုလည်း ငွေဂုဏ်မောက်စွာ ပြောဆိုခဲ့ကြောင်း သိရပါသေးသည်။
လူကြီးမင်းခင်ဗျား၊ ပိုက်ဆံရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ တိုင်းပြည်ကို ချစ်ကြတဲ့နေရာမှာတော့ အတူတူပါပဲခင်ဗျာ။ ကျွန်တော့်အမြင်တော့ ပိုက်ဆံ မရှိတဲ့သူကတောင် တိုင်းပြည်အတွက် ပိုပြီးစွန့်လွှတ်အနစ်နာခံနိုင်တယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာက မက်မောတွယ်တာစရာ ဥစ္စာ ပစ္စည်းမရှိလေတော့ တိုင်းပြည်အတွက် ပိုပြီး ကိုယ်ကျိုးစွန့်နိုင်စွမ်းများတာပေါ့ခင်ဗျာ။ ဒါကို အငြင်းမပွားလိုပါဘူး။ လူကြီးမင်းအနေနဲ့လည်း မြန်မာနိုင်ငံ သားတစ်ဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံကိုချစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် လူကြီးမင်းရဲ့ ငွေဂုဏ်မောက်တဲ့ စကားအရတော့ တိုင်းပြည်နဲ့ ငွေနဲ့ ယှဉ်ရင် ငွေကသာ လူကြီးမင်းအတွက် အဓိကဖြစ်ပါလိမ့်မယ်။ နိုင်ငံချစ်စိတ်ကို ငွေနဲ့တိုင်းလို့ မရနိုင်တာကို လူကြီးမင်း သဘောမပေါက်နိုင်တာ ဖြစ်ပါလိမ့်မယ်။
လူကြီးမင်းအနေနဲ့ ပြည်ပမှာထွက်ပြီး မီလျံနာလို နေနိုင်တယ်၊ နိုင်ငံချစ်လို့သာ ဒီမှာဆက်နေတာလို့ ဆိုတဲ့စကားကတော့ ရယ်စရာ ကောင်းပါတယ်၊ လူကြီးမင်းအနေနဲ့ အခုအချိန် ပြည်ပမှာထွက်ပြီး မီလျံနာလုပ်နိုင်ပေမယ့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒါမှမဟုတ် အရင်းအနှီးလေး အနည်းငယ်လောက်နဲ့ ပြည်ပမှာ ကြီးပွားနိုင်မယ်လို့ ယုံကြည်ပါသလား၊ လူကြီးအခုလို မီလျံနာဖြစ်နိုင်အောင် ပြည်တွင်းမှာပဲ ရှာဖွေရရှိခဲ့တာပါ။ ပြည်တွင်းမှာ ရှာဖွေရရှိတဲ့ ငွေတွေဟာလည်း ကိုယ့်အရည်အချင်းကြောင့်လား စိန်နားကပ်ရောင်နဲ့ ပါးပြောင်ခဲ့တာလား လူကြီးမင်းပဲ အသိဆုံးဖြစ်မှာပါ။ လုပ်ငန်းရှင်တစ်ယောက် အောင်မြင်တယ်ဆိုတာ အဲ့ဒီလုပ်ငန်းရှင်ရဲ့ အလုပ်ဘယ်လောက်အောင်မြင်လဲဆိုတာနဲ့ပဲ ဆုံးဖြတ်ပါတယ်။ စတိဂျော့တို့၊ ဘီလ်ဂိတ်တို့ ကိုယ်ဒူးကိုယ်ချွန်အောင်မြင်ခဲ့တာ လူကြီမင်းတို့ စာဖတ်တတ်ရင် သိမှာပါ။ လူကြီးမင်းရဲ့ ဇေကမ္ဘာကုမ္ပဏီကနေ ကမ္ဘာတလွှားကို ဖြန့်နေတဲ့ ကုန်ပစ္စည်း ဘယ်နှစ်မျိုးရှိပါသလဲခင်ဗျာ။ ဇေကမ္ဘာတံဆိပ်နဲ့  ကမ္ဘာကို ဖြန့်နေတာ ငပိတို့ ပုဇွန်ခြောက်တို့တောင် မရှိပါလားခင်ဗျာ။ လူကြီးမင်းအပါအဝင် ခေတ်ပျက်သူဌေးလို့ခေါ်ရမယ့် ခရိုနီအများစုဟာ တိုင်းပြည်က သယံဇာတတွေကို အာဏာရှင်နဲ့ပေါင်းပြီး ရောင်းစားခဲ့လို့သာ ဒီနေ့အခြေအနေ ရောက်လာခဲ့တာပါ။ လူကြီးမင်းတို့ အနေအထားနဲ့ဆိုရင် ဒေဝါလီခံရတာ ကြာပြီပေါ့ခင်ဗျာ။ လုပ်ပိုင်ခွင့်တွေယူလိုက်၊ သူများတွေ စိုက်လို့ပျိုးလို့ အဆင် ပြေတယ်ဆိုရင် အာဏာရှင်နဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်သိမ်းလိုက်နဲ့ သမာအာဇီဝနဲ့ ကိုယ်ပိုင်လုံ့လ တစ်စက်မှကိုမပါဘူးလို့ပဲ ဆိုရမှာပါ။ ဒါကြောင့် လူကြီးမင်းတို့ဟာ ငွေကို လွယ်လွယ်ရတယ်၊ လွယ်လွယ်ရတဲ့အတွက် ငွေစကားကို ပဲ ပြောတတ်တော့တာဖြစ်မှာပါ။
လူကြီးမင်းကို စီးပွားရေးမလုပ်တတ်ဘူး၊ အရည်အချင်းမရှိဘူးလို့ ပြောရတာက အကြောင်းရှိပါတယ်၊ စီးပွားရေးသမားဆိုတာ အကွက်မြင် တတ်ရတယ်ဆိုပေမယ့် ရေရှည်အကျိုးကိုလည်း တွက်ဆတတ်ရပါတယ်။ ကျွန်တော်ဟာ တစ်နေ့ဝင်ငွေ ငါးထောင်တောင် မပြည့်တဲ့ သာမန်အောက်ခြေ လူတန်းစားပါ။ ဒါပေမယ့် နိုင်ငံတကာမှာ ရှေးဟောင်းအဆောက်အအုံတွေရဲ့ တန်ဖိုးကို ဘယ်လောက်အထိ ထားကြတယ်ဆိုတာကိုတော့ တီးမိခေါက်မိ ရှိပါတယ်ခင်ဗျ။ အဲ့လို အဆောက်အဦးကြီးတွေကို ဟိုတယ်ဆောက်ရင်တောင် ပုဂ္ဂလိကပိုင် အဆောက်အဦကြီးတွေ ဖြစ်လေ့ရှိပါတယ်။ ဥပမာ ရိုမေးနီးယားက မြို့စားကြီး ဒရက်ကူလာရဲ့ ရဲတိုက်လိုမျိုးပေါ့ခင်ဗျာ။ ပိုင်ရှင်ကရောင်းတယ်၊ ဝယ်သူကဝယ်တယ်။ ဒီထိပြဿနာမရှိပါဘူး။ ဒါပေမယ့် ပြည်သူပိုင်၊ နိုင်ငံပိုင် ပစ္စည်းတွေကိုတော့ ရောင်းလို့လည်းမရသလို လက်ဝါးကြီးအုပ်ခွင့်လည်း မရှိပါဘူးခင်ဗျား လူကြီးမင်းကတော့ လိုချင်တာကို လက်ညှိုးထိုးတာနဲ့ ရခဲ့တဲ့ ကလေးလို ဖြစ်ခဲ့ဖူးတော့ နိုင်ငံပိုင်ပစ္စည်းကြီးကို လက်ဝါးကြီး အုပ်ဖို့ကြံမိတာ မဆန်းဘူးပေါခင်ဗျာ။
ဟုတ်ကဲ့ ဝန်ကြီးများရုံးကို ဟိုတယ်ဆောက်မှ ကျွန်တော်တို့နိုင်ငံချမ်းသာမှာလားခင်ဗျာ။ ပြတိုက်ဖွင့်စားရင်ရော အဆင်မပြေဘူးလား လို့ပါ၊ ဒီနေရာဟာ သမိုင်းဝင်နေရာဖြစ်တယ်၊ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့တဲ့နေရာကြီးဖြစ်တယ်။ ကမ္ဘာလှည့် ခရီးသွား တွေလည်း စိတ်ဝင်စားစရာဖြစ်တယ်။ ဟိုတယ်ဆောက်လို့ ရမယ့်ငွေက ရေရှည်မှာ များနိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ဟိုတယ်ဆောက်လို့ရမယ့် မြေ နေရာတွေ မရှားပါဘူးခင်ဗျာ။ သမိုင်းဝင်အဆောက်အဦးကတော့ ရှားပါးသွားနိုင်ပါတယ်။ နောက်ပြီး ဒီဟိုတယ်က ရတဲ့ငွေက နိုင်ငံရဲ့ဂျီဒီပီထက် လူကြီးမင်းရဲ့ဂျီဒီပီကိုပဲ ပိုတက်စေပါလိမ့်မယ်။ ပြတိုက်ကတော့ နိုင်ငံပိုင်ဖြစ်တဲ့အတွက် နိုင်ငံတော်က ပိုပြီးအကျိုးရှိမှာပါ။ ခရီးသွားလုပ်ငန်း ပွင့်လန်း လာတာနဲ့အမျှ ဟိုတယ်တွေလဲ ပေါများလာမှာပါ၊ ဟိုတယ်တွေပေါပြီး လေ့လာလည်ပတ်စရာ မရှိရင် ဘယ်ခရီးသွားက ရန်ကုန်မြို့ကြီးကို တကူးတက လာလည်မှာလဲခင်ဗျာ။ အင်္ဂလိပ်တွေဟာ သူတို့အင်ပါယာကြီး တန်ခိုးထွားစဉ်တုန်းက အခြေအနေတွေနဲ့ ကမ္ဘာတလွှားက ခရီးသည်တွေဟာလည်း သူတို့ငယ်ငယ်က သင်ခန်းစာမှာ သင်ခဲ့ရတဲ့ ရန်ကုန်မြို့ကြီးရဲ့ ပုံရိပ်တွေကို ပြန်လည်ခံစားချင်ကြမှာ သေချာပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံကြီးတွေက ကမ္ဘာလှည့်တွေဟာ ရန်ကုန်မြို့ကြီးက နယူးယောက် လောက်ခေတ်မှီနေရင်တောင် သူတို့အတွက် အထူးအဆန်း ဘယ်ဖြစ်တော့မလဲ ခင်ဗျာ။ ဒီလို စီးပွားရေးအရ ရွေးချယ်တတ်မှုဆိုတာကိုတောင် ကောင်းကောင်းနားမလည်တဲ့ လူကြီးမင်းကို စီးပွားရေး မလုပ်တတ်ဘဲ အချောင်ကြီးပွား လာတာလို့ ပြောရင် ကျွန်တော်မလွန်ဘူးလို့ ထင်မိပါတယ်။
ပြီးတော့ မီဒီယာတွေကို စော်ကားတဲ့ကိစ္စပါ။ တိုင်းပြည်ရဲ့ဥသျှောင် သမ္မတကြီး၊ အဓိကမဏ္ဍိုင်ကြီးနှစ်ရပ်ဖြစ်တဲ့ လွှတ်တော်ကြီးနှစ်ရပ်ကို ဦးစီးနေရတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေ၊ ဒီမိုကရေစီမှာ ပြည်သူသာ အဓိကလို့ ခံယူထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေတောင် မီဒီယာရဲ့ အခန်းကဏ္ဍကို အလေးအနက်ထား ဆက်ဆံနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကြီးကိုတောင်မှ အင်အားကြီးတရုတ်နိုင်ငံကို ရဲဝံ့စွာဆန့်ကျင်ပြီး သမ္မတကြီးကိုယ်တိုင် ရပ်တန့်ပေးခဲ့တဲ့ ကိစ္စကိုကြည့်ရင် မီဒီယာဆိုတာ ပြည်သူ့အသံ ပြည်သူ့အသံကို အစိုးရနဲ့ လွှတ်တော်က ဆောင်ရွက်ပေးရမယ် ဆိုတာကို နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် သဘောတူလက်ခံထားတယ်ဆိုတာကို သိသာနိုင်ပါတယ်။ ဒါကြောင့် မီဒီယာဟာ ပြည်သူကို ကိုယ်စားပြုပြီး မီဒီယာကို စော်ကားတဲ့ လူကြီးမင်းဟာ ပြည်သူကိုလည်း စော်ကားလိုက်တာနဲ့ အတူတူပါပဲခင်ဗျား။
လူကြီးမင်းခင်ဗျား ကျွန်တော်ရေးတာလဲ တော်တော်များသွားပါတယ်။ ကျွန်တော့်အနေနဲ့ ရိုးသားစွာ ပြောရရင် လူကြီးမင်းအပါအဝင် တိုင်းပြည်ရဲ့ သူဌေးကြီးများကို အခုထက်ပိုပြီး ချမ်းသာစေချင်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုတဲ့အတိုင်းပဲ သူဌေးကြီးတွေများလာတာနဲ့ တိုင်းပြည် လည်း ချမ်းသာလာမယ်။ သူတို့လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့ ပြည်သူတွေချောင်လည်မယ်၊ လူမှုရေးကဏ္ဍတွေမှာ ပိုပြီးအား ကောင်းလာမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် လူကြီးမင်းကို ဒီထက်ပိုပြီး ချမ်းသာစေချင်တာ ကျွန်တော့်ရဲ့ ဆန္ဒအမှန်ပါ။ ဒါပေမယ့် သူခိုးနွားကောင်းမှန်းမသိ အသား ပေါ်ရောင်းဖို့လောက်သာ စဉ်းစားထားတဲ့ ချမ်းသာမှုမျိုးမဖြစ်စေချင်ဘဲ ဘီလ်ဂိတ်တို့လို၊ လီကာရှင်းတို့လို ကိုယ့်အရည်အချင်းနဲ့ ကြီးပွားနေတဲ့ ငါတို့ မြန်မာနိုင်ငံက သူဌေးကြီးတွေလို့ လက်မထောင်ချင်တဲ့ စေတနာသာ အမှန်ဖြစ်ပါတယ်ခင်ဗျား။
by Pyi Chit Thar
yangonchronicle2011
KIO နဲ့ ရထားဝန်ကြီးဦးအောင်မင်း တွေ့ဆုံ
တိုင်း ​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ ထိုင်း​ – မြန်မာနယ်စပ်မှာ အခုရက်ပိုင်း​အတွင်း​မှာ တဖွဲ့​ချင်း​ သီး​ခြား​ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ကြပါတယ်။
မြန်မာအစိုး​ရ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ကချင်ပြည်လွတ်​မြောက်​ရေး​ (​ကေအိုင်အို) ကိုယ်စား​လှယ်တချို့​ ထိုင်း​နိုင်ငံ ချင်း​ရိုင်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက်​နေ့​က ​တွေ့​ဆုံခဲ့​တာပါ။
ကေအိုင်အိုဘက်က အတွင်း​ရေး​မှူး​ ​ဒေါက်တာလား​ဂျာ၊​ ဗိုလ်မှူး​ကြီး​ လဖိုင်လာ၊​ ဗိုလ်မှူး​ကြီး​ လာ​အောင်တို့​ပါဝင်​ဆွေး​နွေး​ကြပြီး​ ဒီ​ဆွေး​နွေး​ပွဲမှာ နှစ်ဘက် သ​ဘောတူညီချက်​တွေ ရရှိတယ်လို့​ မကြား​သိရ​သေး​ပါဘူး​။
ဒီ​တွေ့​ဆုံမှု ​ဆွေး​နွေး​မှုအ​ခြေအ​နေနဲ့​ပတ်သက်လို့​ နှစ်ဘက်စလုံး​က ထုတ်​ပြောဆိုတာ မရှိ​သေး​ဘဲ ​တွေ့​ဆုံမှုမှာပါဝင်တဲ့​ ​ဒေါက်တာလား​ဂျာကို ​မေး​မြန်း​ရာမှာလည်း​ ထုတ်​ပြောဖို့​ အချိန်မတန်​သေး​ဘူး​လို့​ ​ပြောပါတယ်။
ဒါ​ပေမယ့်​ ​ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က​တော့​ ​ယေဘုယျအား​ဖြင့်​ ငြိမ်း​ချမ်း​ရေး​နဲ့​ပတ်သက်တဲ့​ ​ကေအိုင်​အေသ​ဘောထား​ကို သွား​ရောက်​ပြောဆိုတာလို့​ ဆိုပါတယ်။
“ဘာ​တွေ​ ပြောဆိုတယ်ဆိုတာက​တော့​ ကျ​နော်တို့​ ခါတိုင်း​ပြော​နေတဲ့​ အချက်ကို သွား​ပြီး​တော့​ အသိ​ပေး​တဲ့​သ​ဘောလို့​ အဲလိုပဲနား​လည်ထား​တယ်။ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဆိုတဲ့​နေရာမှာ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​မှုသာ အဓိကအ​ရေး​ကြီး​တဲ့​အ​ကြောင်း​တွေ ဒီအချက်​တွေကိုပဲ ​ပြောမှာပါ။ ဦး​အောင်မင်း​နဲ့​တွေ့​ဖို့​ ကမ်း​လှမ်း​လာတဲ့​နေရာမှာ​တော့​ အခုကချင်ပြည်နယ်မှာ ဖြစ်​နေတဲ့​ကိစ္စကို အ​သေး​စိတ် သမ္မတကြီး​က မသိဘူး​။ ဒါ​ကြောင့်​မို့​ သမ္မတဘက်ကို ဘာ​တွေအသိ​ပေး​စေချင်သလဲ၊​ သူက ပြန်​ပြောပြ​ပေး​မယ်။ သမ္မတက အ​သေး​စိတ် ဘာမှမသိရဘူး​ဆိုပြီး​တော့​ ကမ်း​လှမ်း​လာတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​အဖွဲ့​လည်း​ သွား​တွေ့​ဖို့​ အစီအစဉ်လုပ်တာပါ။ သွား​တွေ့​တဲ့​အခါမှာလည်း​ ဒီမှာဖြစ်​နေတဲ့​ဖြစ်စဉ်​တွေအလိုက် ပြီး​တော့​ ဒီပြည်နယ်အဆင့်​နဲ့​ ကျ​နော်တို့​ စာနဲ့​အ​ပေး​အယူလုပ်တဲ့​ကိစ္စ​တွေ။ ​နောက် ဇွန် ၃၀ ရယ်၊​ ဩဂုတ် ၁ ရက်၊​ ၂ ရက်​နေ့​တွေမှာ အဲဒီမှာ​တွေ့​ကြတဲ့​ ဗွီဒီယိုမှတ်တမ်း​တွေ​ပေါ့​။ အား​လုံး​ပြန်ပို့​လိုက်တယ်။ သမ္မတမသိဘူး​ဆိုလို့​ ပြန်ပို့​ပေး​မယ်ဆိုတဲ့​ သ​ဘောပါပဲခင်ဗျာ။”
ကချင်လွတ်လပ်​ ရေး​တပ်မ​တော် ကိုယ်စား​လှယ်နဲ့​တွေ့​ဆုံတဲ့​နေရာမှာ​တော့​ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ပတ်သက်ပြီး​ ​ဆွေး​နွေး​တာမရှိဘူး​လို့​ ​ကေအိုင်အို ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။
အစိုး​ရတပ်ဟာ ကချင်တပ်မ​တော်ကို လာ​ရောက်ထိုး​စစ်ဆင်တာဖြစ်တဲ့​ အပစ်အခတ်ရပ်​ရေး​ မရပ်​ရေး​ဟာ အစိုး​ရအ​ပေါ်မှာသာ မူတည်​ကြောင်း​ ဦး​လနန်း​က ​ပြောပါတယ်။
“အပစ်အခတ်ရပ်​ ရေး​ မရပ်​ရေး​က အစိုး​ရဘက်မှာပဲ မူတည်တယ်။ အခုဟာက ကျ​နော်တို့​ ​ကေအိုင်အိုက​နေပြီး​တော့​ ထိုး​စစ်လုပ်တဲ့​ကိစ္စမဟုတ်ဘူး​။ သူတို့​အစိုး​ရ စစ်တပ်​တွေက အလုံး​အရင်း​နဲ့​ ဝင်လာပြီး​တော့​ ထိုး​စစ်ဆင်တဲ့​ စစ်ဆင်​ရေး​လုပ်တဲ့​ လုပ်ငန်း​ဖြစ်​တော့​ သူတို့​ဘက်မှာပဲ မူတည်ပါတယ်။ ကျ​နော်တို့​က​တော့​ အပစ်အခတ် ရပ်​ရေး​၊​ မရပ်​ရေး​ ကိစ္စကို သိပ်အဓိကမထား​ဘူး​။ နိုင်ငံ​ရေး​ဆွေး​နွေး​မှု ဖြစ်​ပေါ်မှုလမ်း​ကြောင်း​ကို တွန်း​ပို့​သွား​မယ်ဆိုတဲ့​ ဟာမျိုး​ကိုပဲ ကျ​နော်တို့​ ​ကေအိုင်အိုက အဲလိုသ​ဘောမျိုး​ ရှိတယ်ခင်ဗျ။”
ကေအိုင်အိုဟာ ၁၉၉၄ ခုနှစ်ကစပြီး​ စစ်အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲထား​သော တိုင်း​ရင်း​သား​ လက်နက်ကိုင်တပ်ဖွဲ့​ ဖြစ်ပြီး​ နယ်ခြား​စောင့်​တပ်အသွင်​ပြောင်း​ဖို့​ ငြင်း​ဆိုခဲ့​တဲ့​အတွက် ပြီး​ခဲ့​တဲ့​ ဇွန်လကစပြီး​ အစိုး​ရနဲ့​ တိုက်ပွဲ ပြန်လည် ဖြစ်ပွား​ခဲ့​ပါတယ်။
တိုက်ပွဲဖြစ်ပွား ​မှုအတွင်း​ အစိုး​ရပြည်နယ်ကိုယ်စား​လှယ်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ လုပ်ခဲ့​ပေမယ့်​ နှစ်ဘက်သ​ဘောတူညီမှုမရရှိဘဲ ဒီ​နေ့​အထိ ​နေ့​စဉ်ဆိုသလို တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေဆဲ ဖြစ်ပါတယ်။
ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရကိုယ်စား​လှယ်အဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က ​ကေအိုင်အို ကိုယ်စား​လှယ်အဖွဲ့​သာမက ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ)၊​ ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ပါတီ (​ကေအန်ပီပီ)၊​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည် ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ (အက်စ်အက်စ်​အေ- အာစီအက်စ်အက်စ်)၊​ ချင်း​အမျိုး​သား​တပ်ဦး​ (စီအန်အက်ဖ်) တို့​နဲ့​လည်း​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။
ရှမ်း​ ပြည်တပ်မ​တော်နဲ့​ ချင်း​အမျိုး​သား​တပ်ဦး​တို့​နဲ့​ ​တွေ့​ဆုံရာမှုအတွင်း​ နှစ်ဘက်အပစ်အခတ် ရပ်စဲဖို့​ မူအား​ဖြင့်​ သ​ဘောတူခဲ့​ပြီး​ ​နေပြည်​တော်မှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​တွေ ပြုလုပ်နိုင်​အောင် ပဏာမအဆင့်​ ညှိနှိုင်း​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။ 
သတင်း---ဒီဗွီဘီ
KNPP နဲ့ ရထားဝန်ကြီးဦးအောင်မင်း တွေ့ဆုံ
မြန်မာအစိုး​ ရကို နှစ်​ပေါင်း​များ​စွာလက်နက်ကိုင်တိုက်​နေတဲ့​ ကရင်နီအမျိုး​သား​ တိုး​တက်​ရေး​ပါတီ် (​ကေအန်ပီပီ) နဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ ​တွေ့​ဆုံခဲ့​ကြတယ်လို့​သိရပါတယ်။
ခူး ဦး ရယ်
နိုဝင်ဘာလ ၁၉ ရက်​နေ့​က ထိုင်း​နိုင်ငံ မယ်ဆိုင်မြို့​မှာ ​ကေအန်ပီပီနဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ လက်ရှိ အစိုး​ရ လက်ထက်မှာ ပထမဆုံး​အကြိမ်အဖြစ် ​တွေ့​ဆုံခဲ့​ကြတာပါ။
ဒီ​တွေ့​ဆုံမှုဟာ အလွတ်သ​ဘော မိတ်ဆက်ပွဲသာဖြစ်တယ်လို့​ ​ကေအန်ပီပီ အတွင်း​ရေး​မှူး​ချုပ် ခူး​ဦး​ရယ်က ​ပြောပါတယ်။
“ခုမှစ​တွေ့​ ကြတာဆို​တော့​ လူချင်း​သိကြဖို့​အတွက်​တွေ့​ကြတာပဲ။ တဖက်ကလည်း​ သူတို့​ ကျ​နော်တို့​ကို တရား​ဝင်သ​ဘောမျိုး​ လာပြီး​တွေ့​ကြဆုံကြဖို့​သတင်း​ပါး​တယ်။ လူချင်း​တွေ့​ရင်း​နဲ့​ ဖိတ်ကြား​တယ်ဆိုတဲ့​ သ​ဘောပဲရှိ​သေး​တော့​ ကျ​နော်တို့​ဘာအ​ကြောင်း​အရာမှ ​ဆွေး​နွေး​တာမျိုး​တော့​ မလုပ်​သေး​ဘူး​ခင်ဗျ။”
ဒီ​တွေ့​ ဆုံပွဲမှာ နှစ်ဖက်အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက်ချနိုင်မယ့်​ ​ဆွေး​နွေး​ပွဲလုပ်ဖို့​ကိစ္စ၊​ အဆက်အသွယ်မပြတ်သွား​ဖို့​ဆက်သွယ်​ရေး​ရုံး​တွေ ဖွင့်​လှစ်ထား​ရှိဖို့​ ကိစ္စနဲ့​ တဖွဲ့​က ထိန်း​ချုပ်ထား​တဲ့​ နယ်​မြေ​တွေကို ကြိုတင်အ​ကြောင်း​ကြား​ပြီး​ လက်နက်မဲ့​ဖြတ်သန်း​သွား​လာခွင့်​ ​ပေး​ဖို့​ကိစ္စ​တွေအတွက် ဆုံး​ဖြတ်ချက်ချနိုင်မယ့်​ ​ဆွေး​နွေး​ပွဲ​တွေ ကျင်း​ပလိုတဲ့​အ​ကြောင်း​ အစိုး​ရကိုယ်စား​လှယ်​တွေက တင်ပြခဲ့​ကြတယ်လို့​သိရပါတယ်။
ဒီပဏာမ​တွေ့​ ဆုံပွဲကို ​ကေအန်ပီပီဘက်က စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ်ဘီထူး​က ဦး​ဆောင်ပြီး​ မြန်မာအစိုး​ရဘက်က​တော့​ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်ပါတယ်။
ကေအန်ပီပီဟာ ယူအန်အက်ဖ်စီ ​ခေါ် ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ရယ်​ကောင်စီအဖွဲ့​ဝင်ဖြစ်ပြီး​ ယူအန်အက်ဖ်စီခွင့်​ပြုချက်နဲ့​ ခုလိုတဖွဲ့​ခြင်း​ ​ဆွေး​နွေး​တာလို့​ ခူး​ဦး​ရယ်က ​ပြောပါတယ်။
“အပစ်ရပ် သ​ဘောတူညီမှု​တွေ ရတဲ့​အခါမှာ ယူအန်အက်ဖ်စီအ​နေနဲ့​ စုဖွဲ့​ပြီး​တော့​ သွား​ရမယ်ဆိုတဲ့​ သ​ဘောထား​တွေရှိ​တော့​ ကျ​နော်တို့​ အဲဒီ့​ အ​ခြေခံစဉ်း​စား​ချက် ​အောက်မှာပဲ ကျ​နော်တို့​ ရှိမြဲရှိ​နေ​သေး​တယ် ဆိုတာကို​တော့​ ကျ​နော်​ပြောချင်ပါတယ်။”
ကေအန်ပီပီနဲ့​ မြန်မာအစိုး​ရအကြား​ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ ​တွေ့​ဆုံပွဲ​တွေ ၁၉၉၃၊​ ၁၉၉၄၊​ ၁၉၉၅နဲ့​၂၀၀၇ ခုနှစ်​တွေမှာ နဝတ၊​ နအဖစစ်အစိုး​ရ လက်ထက်ကလည်း​ အကြိမ်ကြိမ် ပြုလုပ်ခဲ့​ဖူး​ပါတယ်။ 
သတင်း---ဒီဗွီဘီ
ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ကို သတိပေးရန်ရှိ
မြန်မာတနိုင်ငံလုံးရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်း၊ အဖွဲ့များမှ ကိုယ်စားလှယ်များကို ခေါ်ယူကာ “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီမင်္ဂလာတိုက်မှ
ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလကို သတိပေးရန် ဗုဒ္ဓဟူးနေ့တွင် ပင့်ဆောင်ထားသည်ဟု ရန်ကုန်တိုင်း သံဃာ့ နာယကရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
“အာဏာပိုင် အဖွဲ့အစည်းတခုခုကနေပြီးတော့ မဟန (သံဃာ့ မဟာနာယက) ဆရာတော်တွေကို တိုင်ပုံရပါတယ်။ မဟန ဆရာတော်တွေကိုတိုင်တော့ တိုင်းသံဃာ့နာယက ဆရာတော်တွေက ခေါ်ပြီးတော့ သတိပေးမယ့် သဘောပါ။ ဆရာတော်ကို ခေါ်ယူပြီးတော့ သြဝါဒပေးမယ့် သဘော။” ဟု အမည်မဖော်လိုသူက ပြောသည်။
စက်တင်ဘာလအတွင်း မှော်ဘီမင်္ဂလာတိုက်တွင် “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပသည်ကို အာဏာပိုင်များနှင့် မြို့နယ်သံဃာ့ နာယကသို့ ကြိုတင်အကြောင်းကြား ခွင့်ပြုချက် မယူခြင်းကြောင့် ခေါ်ယူသတိပေးရခြင်း ဖြစ်သည်ဟု ဆိုသည်။
uthumingala1
ဦးကျော်သူနှင့် ဇနီး “ပရဟိတ နှီးနှောဖလှယ်ပွဲ” သို့ ကြွရောက်လာသည့် ဆရာတော်များကိုဖူးမြော်နေစဉ်
ယင်းအပြင် တရားဟော ဓမ္မကထိကများ အနေဖြင့် တရားပွဲများကို အကြောင်းပြကာ နိုင်ငံရေး တရားပွဲများ ပြုလုပ်လာနိုင်သည်ဟု ဆိုလိုက်ပြီး သံဃာတော်များနှင့် မသင့်တော်သည့် ကိစ္စများဟုလည်း မဇ္ဈိမကို ပြောသည်။
“တချို့ကျတော့ စုန်းပြူးတွေရှိတယ်။ ပဲလှော်ကြား ဆားညှပ်တာတွေရှိတယ်။ အဲဒါမျိုးတွေ ကြိုကြား ကြိုကြားပေါ်လာ တဲ့ အခါကျတော့ ဌာနဆိုင်ရာတွေ၊ သူ့ဒေသအလိုက်ရှိတဲ့ ရပ်ကျေးတွေကို အသိပေး အကြောင်းကြားပြီး ထောက်ခံချက်ယူရတယ်။” ဟု ထိုပုဂ္ဂိုလ်က ပြောသည်။
ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော်ဦးသုမင်္ဂလ
uthumingala
ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော်ဦးသုမင်္ဂလ
ဦးစီး ကျင်းပသည့် “ စုံနံ့သာမြိုင် ပရဟိတ အသင်းအဖွဲ့ များ နှီးနှော
ဖလှယ်ပွဲ” ကို စက်တင်ဘာလ တရက်နေ့နှင့် နှစ်ရက်နေ့များတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပြည်နယ်နှင့်တိုင်း ၁ဝ ခုမှ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ပရဟိတလုပ်ငန်း လုပ်ဆောင်နေသူ လူပုဂ္ဂိုလ်နှင့် သံဃာတော်များ
လေ့လာသူများ စုစုပေါင်း ၂,၅ဝဝ ကျော် တက်ရောက်သည်ခဲ့သည်
ဟု ဆရာတော် ဦးသုမင်္ဂလ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြ ထားသည်။
သက်တော် ၄၄ နှစ်ရှိ ဆရာတော်ဦးသုမင်္ဂလသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ပြုပြင်ပြောင်းလဲရေး တရားများကို ဘာသာရေးနှင့် ဆက်နွယ်ကာ ဟောကြားလေ့ရှိသည်။ ဆရာတော်၏ တရားပွဲများ ၂ဝဝ၈ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်များအတွင်း ပိတ်ပင်ခံခဲ့ရဖူးသည်။
မျိုးသန့်  --- ချင်းမိုင် (မဇ္ဈိမ)
အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား
နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၆ မိနစ် ၅၆ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၂၁၀ ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်း မြို့၏ အရှေ့-အရှေ့မြောက်ဘက် မိုင် ၂၀ခန့်အကွာ) နေရာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု တိုင်းထွာရရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
တာလေ ငလျှင်
Aung San Suu Kyi congratulates the 2011 Freedom to Create Imprisoned Artist Prize winner Win Maw
Aung San Suu Kyi congratulates Win Maw 
Aung San Suu Kyi congratulates the 2011 Freedom to Create Imprisoned Artist Prize winner Win Maw
A specially recorded congratulatory message for Win Maw from Burma's pro-democracy leader and Nobel Peace Prize Laureate, Aung San Suu Kyi, that was shared with the audience at the 2011 Freedom to Create Prize Concert in Cape Town.
Win Maw
Imprisoned Prize - Winner 2011
Win Maw has been an inspirational guitarist and songwriter in Myanmar (formerly Burma) for decades, continuing to make music even in the prison cell to which he was sentenced for 10 years in 2009. He expresses the political views of the Burmese people with his music which provides a rallying point for the masses during the numerous political upheavals in Myanmar. He is a leading exponent of artists giving voice to democratic movements for social change. Earlier this year, three of his new songs were smuggled out of prison to be used for International Music Freedom Day.
Win was already 18 months into a seven-year sentence on charges of breaching the Immigration Act when the additional 10 years were added in 2009. This is his second jail sentence, having already served time for composing pro-democracy songs in 2002. Win was beaten and tortured during the early stages of his detention, accused of being the mastermind behind the in-country news coverage of the September 2007 monk-led uprising. His jail term was extended under the Electronics Act, which allows for harsh prison sentences for using electronic media to send information outside of the country without prior government approval.
Win’s arrest has brought pain and struggle to his family, wife and children. His wife now shoulders the responsibility for the children’s education and the family’s survival. The cultural community in Myanmar acutely feel the loss of an important voice of freedom.
Win continues to inspire young artists with his music and his courage, and even from prison, continues to strive for democracy and the freedom to create for all imprisoned artists around the world.
ဂီတသမား ကိုဝင်းမော် အကျဉ်းကျအနုပညာဖန်တီးရှင်ဆု( Freedom to Create Imprisoned Artist Prize) ရရှိ
ကျောက်ဖြူထောင်တွင် ထောင်ဒဏ်၁၇နှစ်ကျခံနေရသည့် တေးရေးနှင့် ဂီတာတီးသူ ကိုဝင်းမော်ကို အကျဉ်းကျအနုပညာဖန်တီးရှင်ဆု (Imprisoned Artist Prize) ကို FREEDOM TO CREATE အဖွဲ့ က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ တွင် နိုဝင်ဘာလ ၁၉ရက်နေ့ ချီးမြှင့်ခဲ့ သည်။ ကိုဝင်းမော်ကို ၂၀၀၇ ရွေဝါရောင်လှုပ်ရှားမှုအပြီး နိုဝင်ဘာလအတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ) မှ ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ်ဆက်သွယ်မှုဥပဒေ၊တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု စသည့် ဆွဲချက် များဖြင့် ထောင်ဒဏ်နှစ်ရှည် ထောင်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်က အလားတူ ဆုရရှိခဲ့ဖူးသော လူရွင်တော် ကိုဇာဂနာ ကလည်း ကိုဝင်းမော်အတွက် ဗွီဒီယို အမှာစကားပေးပို့ ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဗွီဒီယို အမှာစကားပေးပို့ ခဲ့သည်။
အခုလို ကိုဝင်းမော်ဆုရရှိ သည်ကို သိရှိရသည့် အတွက် ၀မ်းသာစရာ ဖြစ်သော်လည်း၊အနုပညာရှင်ကိုယ်တိုင်မှာ ထောင်ထဲတွင်ရှိနေ သဖြင့် ၀မ်းနည်းစရာဖြစ်ရကြောင်း၊ သာမန်လူများမတွေ့ မမြင်နိုင်သည့် ရှုထောင့်မှ နေပြီး အနုပညာရှင်များမှာ ကမ္ဘာကြီးကို ပိုမိုလှပစေရန် ဖန်တီးနေခြင်းဖြစ်ကြောင်း၊ ယုံကြည်ချက်၊ အတွေးအခေါ်တို့ ကြောင့် လူများကို ထောင်သွင်းအကျဉ်းချ သည့်အလုပ်မှာ ကျဉ်းမြောင်းသည့် အလုပ်ဖြစ်ကြောင်း၊ ကိုဝင်းမော်နဲ့ လည်းလူချင်းသိရှိပြီး အနုပညာအပေါ်ထားသည့် သူ့ ယုံကြည်ချက်ကို နှစ်သက်ကြောင်း၊ ယခုလို ကာလတွင် ဆုချီးမြင့်ပေးသည့် Freedom to create အဖွဲ့ ကို ကိုဝင်းမော် ကိုယ်တိုင် လာရောက်ပြီး ကျေးဇူးတင်စကားပြောနိုင်မည့် အချိန်ကာလမှာ မဝေးတော့ပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အမှာစကားထဲတွင် ထည့်ပြောသွားသည်။
ကိုဇာဂနာ ကလည်း သူဆုရစဉ်က ခံစားမှုဖြင့် နှိုင်းယှဉ်ပြီး ကိုဝင်းမော် ဆုရရှိသည့် အတွက်ဝမ်းမြောက် ကြောင်း၊ ကိုဝင်းမော်မှာ ရွေဝါရောင်တော်လှန်ရေးအတွင်း ဒီဗွီဘီ သို့ သတင်းပေးပို့ မှုဖြင့် အကျဉ်းချခံနေရ သော်လည်း ထောင်တွင်းတွင် အနုပညာများဆက်လက်ဖန်တီးနိုင်နေဆဲဖြစ်ကြောင်း၊သူ မကြာခင် လက်မြောက်လာပြီး  အနုပညာများကိုလွတ်လပ်စွာဖန်တီးသွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောခဲ့သည်။
ရွေသံစဉ်တေးဂီတအဖွဲ့ ထူထောင်သူ၊တေးရေးနှင့်လိဒ်ဂစ်တာတီးသူ ကိုဝင်းမော်မှာ အနုပညာသမား အဖြစ်သာ မက ရွေဝါရောင်သံဃာလှုပ်ရှားမှု တွင်လည်း ပြည်သူကြားမှ သတင်းသမားတယောက်အနေ ဖြင့် ဗီဒီယိုရုပ်ပုံများ ကို တက်ကြွလှုပ်ရှားသူများဖြင့် ပူးပေါင်းပြီး မီဒီယာသို့ ဖြန့် ဝေ နိုင်ခဲ့သဖြင့် ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုကို ကမ္ဘာက ပိုမို သိရှိခဲ့ရခြင်းဖြစ်သည်။ ကိုဝင်းမော် ၏ ခံယူချက် နှင့် ဘ၀ တစိတ် တပိုင်းကို အော်စကာဆုပေးပွဲ နောက်ဆုံးအဆင့်သို့ ရောက်ခဲ့သည့် ဘားမားဗွီဂျေ မှတ်တမ်းရှပ်ရှင် ထဲတွင် တစိတ်တဒေသ ဖော်ကျူးထားသည်။
ဆုပေးပွဲကို ကိုဝင်းမော်နှင့် အတူလက်တွဲလုပ်ကိုင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကြီးက တက်ရောက်လက်ခံ ယူခဲ့ပြီး ကိုဝင်းမော်အား စစ်အစိုးရမှ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှု အတွင်း သတင်းများ ပေးပို့ ရာတွင်အဓိက ကြိုးကိုင်အဖြစ် စွပ်စွဲ ပြီး  နှိပ်စက်ညှင်းပန်းခဲ့ကြောင်း၊ကိုဝင်းမော် မှာ ယုံကြည်ချက်အတိုင်း လုပ်နေသူသာ ဖြစ်ကြောင်း၊ယခုကဲ့သို့ ဆုရရှိခြင်းဖြင့် ကလေးများနှင့် အိမ်ထောင်တာဝန် ကို ထမ်းနေရသူ ဇနီးသည်အတွက် တဖက်တလမ်း အထောက်အကူဖြစ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခု ၂၀၁၁ ခုနှစ် ဆုပေးပွဲတွင် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာ မောင်ကိုလည်း Freedom to create leadership ဆု ကို ချီးမြင့်ခဲ့သည်။
FREEDOM TO CREATE ဆုသည် လူမူရေးအပြောင်းအလဲ၊ နိုင်ငံရေး အ ပြောင်းအလဲဖြစ် အောင် ကြိုးစားနေသည့် ကမ္ဘာအနှံ့ ကအနုပညာသမားများ၊လူမှုရေးလုပ်ဆောင်သူ များ အား ပေးအပ် ချီးမြှင့်သည့် ဆုဖြစ်သည်။
http://www.freedomtocreate.com/win-maw
http://www.freedomtocreate.com/aung-san-suu-kyi
Burma VJ Media Network
မီဒီယာများ နဲ့ ဇေကမ္ဘာ ဦးခင်ရွှေ တိုက်ပွဲပြင်းထန်လာ
ကန့်ကွက်လိုသူများ ဆက်သွယ်ရန်
ဦးခင်ရွှေရဲ့ မီဒီယာ အပေါ်ပြောစကားနှင့်ပတ်သက်၍ MJN (မန္တလေး) မှ ကန့်ကွက် ရှုံ့ချကြောင်းသဘောထားတစ်ရပ်ထုတ်ပြန်သွားမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ MJN ( မန္တလေး) အဖွဲ့ဝင်များဧ။် သဘောထားဆန္ဒအားတောင်းခံလိုပါသဖြင့် ဤဖုန်းနံပါတ်အား အမြန်ဆက်သွယ်ကြပါရန်နိုးဆော်လိုက်ပါသည်။
ဥာဏ်လင်းအောင်
ပြန်ကြားရေးတာဝန်ခံ MJN (မန္တလေး)
0973205839
ဥာဏ်လင်းအောင် Facebook စာမျက်နှာမှ
ကန့်ကွက်ရတဲ့ အကြောင်းအရင်း
ဦးခင်ရွှေ (ဓါတ်ပုံ-The Voice)
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သည့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ (MTB) ၏ ဥက္ကဌဖြစ်သူ စီးပွားရေး လုပ်ငန်းရှင် ဇေကမ္ဘာ  ဦးခင်ရွှေက ၄င်း စီစဉ် ကျင်းပသော ASEAN – Japan Business Meeting သတင်း အပါအဝင် ဝန်ကြီးများရုံးအား ထိန်းသိမ်း သင့်သည် ဟူသော သတင်းများနှင့် ပတ်သက်ပြီး ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားချက်များကို ပြင်းထန်စွာ ဝေဖန်ပြောကြား လိုက်သည်။ရန်ကုန်မြို့တော် ယုဇနဂါးဒင်း ဟိုတယ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သော (၂၈) ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း အစည်းအဝေး၊ ခရီးသွား လုပ်ငန်းပြပွဲ၊ ဓာတ်ပုံပြပွဲများ၊ ပုဂံတွင် ကျင်းပမည့် အကြောင်း သတင်း ထုတ်ပြန်ခြင်း အခမ်းအနားတွင် ၄င်းက အထက်ပါအတိုင်း ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။" ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ ခေါ်၊ ကောင်းကောင်းမွန်မွန် ကျွေး၊ ဆီဒိုးနားမှာ ခေါ်တယ်၊ ကျွေးတယ်၊ စာအုပ်တွေ ပေးတယ်၊ နေ့လယ်စာတွေ ကျွေးတယ်။ ဘယ်ဂျာနယ်မှာမှ အာဆီယံ - ဂျပန် အကြောင်းကို မရေးခဲ့ဘူး။ အာဆီယံ နိုင်ငံတွေက လူတစ်ရာကျော် လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေ ရေးတယ် ဆိုကတည်းက တော်တော်လေး ကို စိတ်ဓာတ်ကျစရာ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ ကောင်းတဲ့ လမ်းကြောင်းကို တစ်ဖက်သတ် မကောင်း၊ အသိအမှတ် မပြုသလို ဖြစ်နေတယ် " ဟုလည်း ၄င်းက ဆက်လက် ပြောကြား သည်။" မီဒီယာတွေနဲ့ တွေ့ဖို့ကို တော်တော် စိတ်ပျက်တယ်။ ပြည်ပ မီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက သူ့အလုပ် သူ လုပ်တာ။ ပြည်တွင်း မီဒီယာတွေကလည်း မကောင်းမြင်မှ ဂျာနယ် ရောင်းရတယ် ဆိုတဲ့ အိုင်ဒီယာ ရှိနေရင်တော့ အတွေးတွေ မှားနေပြီ၊ လွဲနေပြီ " ဟုလည်း ၄င်းက ဆိုသည်။
 ရိုက်တာ သတင်းဌာနမှ ဦးအောင်လှထွန်းက " ကျွန်တော်တို့ သတင်းသမားတွေက ဖြစ်ရင် ဖြစ်တဲ့အတိုင်း ရေးမှာပဲ။ ပြောရင် ပြောတဲ့အတိုင်း ရေးမှာပဲ။ စားဖို့သောက်ဖို့ အတွက်တော့ ဘယ်သူမှ မလာဘူး။ သတင်းယူဖို့ပဲ လာတယ်။ သတင်းသမား ကတော့ မေးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တောင် ပါတီ မှတ်ပုံတင်ဖို့ကို မမေးပါနဲ့ ဆိုတာတောင် မေးတာပဲ။ ဒါကတော့ သတင်းသမားပဲ။ နားလည် ပေးရမှာပေါ့ " ဟု ယင်းအခမ်းအနားတွင် ပြန်လည် တုံ့ပြန် ဆွေးနွေးခဲ့သည်။
ပြည်ပ မီဒီယာကြီးများသည် ပြောဆိုသည့် အတိုင်း ရေးသားကြ သော်လည်း ပြည်တွင်း မီဒီယာများသည် အတွေ့အကြုံ နုသေးသည့် အတွက် ပြောသည့်အတိုင်း မရေးသောကြောင့် ကြောက်ရွံ့မိကြောင်း ရိုက်တာ သတင်းဌာနမှ ဦးအောင်လှထွန်း ပြောကြားချက် အပေါ် ဦးခင်ရွှေက ယင်းအခမ်းအနားတွင်ပင် ပြန်လည် ရှင်းလင်း ပြောကြားသည်။ဦးခင်ရွှေ ထူထောင်ထားသည့် ဇေကမ္မဘာ ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီ ဖြစ်သည်။ 
The Voice Weekly
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေက သတင်းသမားများသည် ပေးတာယူ၊ ကျွေးတာစားပြီး ပြောသည့်အတိုင်း မရေးကြသူများဖြစ်သည်ဟု မကြာသေးမီက မှတ်ချက်ချခဲ့သဖြင့်  ပြည်တွင်းမှ စာနယ်ဇင်းသမားများ စုပေါင်းလက်မှတ်ထိုး ကန့်ကွက်ပြီး ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားသွားမည်ဟု သိရသည်။
၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ - Reuters)
နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ယုဇနဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရွှေက ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွေးတာ စားဖို့၊ ပေးတာယူဖို့ လာတာ မဟုတ်ဘူး၊  သတင်းယူဖို့ လာတာ။ သတင်း သမားဆိုတာ မေးခွန်းမေးမယ်၊ ဖြေတာ မဖြေတာက ခင်ဗျားကိစ္စ လို့ ချက်ချင်း ပြန်ပြောတော့ ခင်ဗျားတို့ နိုင်ငံခြားသတင်းထောက်တွေ ပြောတာ မဟုတ်ဘူး၊ ပြည်တွင်းဂျာနယ်က သတင်းထောက်တွေကို ပြောတာပါလို့ ပြန်ဖြေတယ်” ဟု Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက  ထိုသတင်းစာ ရှင်းလင်းပွဲ အဖြစ်အပျက်ကို ပြန်ပြောပြသည်။
လူငယ်သတင်းထောက်များ၊ သတင်းစာဆရာကြီးများဖြင့် ဖွဲ့စည်းထားသော မြန်မာ သတင်းထောက်များကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့လယ်ရှိ လေထန်ကုန်း၊ ဧရာဗိုလ် လက်ဘက်ရည်ဆိုင်တို့တွင် ယနေ့နံက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း လက်မှတ်ရေးထိုးကြမည်ဟု ကွန်ရက်အဖွဲ့ဝင်တချို့က ဧရာဝတီကို ပြောသည်။
“ကွန်ရက်အဖွဲ့ဝင် သတင်းထောက် ၁၃၀ အပြင် တခြားသတင်းထောက်တွေ အားလုံး လက်မှတ်ထိုးနိုင်အောင် စီစဉ်ထား ပါတယ်၊ မနေ့ဖြန် သမ္မတနဲ့ လွှတ်တော်က ရေးရာ ကော်မတီ တချို့ကို စာပို့မယ်၊ ပြီးရင် ဦးခင်ရွှေ ပြောတာကို ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် ထုတ်မယ်” ဟု သတင်းထောက်တဦးက ရှင်းပြသည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည့်နေရာဖြစ်သော ၀န်ကြီးများရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်လိုသူ ရှိပါက ငှားရမ်းပေးမည်ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်ရွှေက  ပြည်တွင်း၊ ပြည်ပမီဒီယာများကို ပြောဆိုခဲ့သည်။
သို့သော်လည်း ဦးခင်ရွှေ၏ ကမ်းလှမ်းချက်အား ကန့်ကွက်ပြောဆိုမှုများ မီဒီယာတွင် ဖော်ပြခဲ့ကြပြီးနောက်တွင် သမိုင်းဝင် အဆောက်အအုံအား ဟိုတယ်အဖြစ် ပြောင်းလဲမည့် အစီအစဉ် ပျက်သွားခဲ့သည်။
ထိုအစီအစဉ် ပျက်သွားခြင်းကို ဦးခင်ရွှေက ကျေနပ်မှုမရှိကြောင်း၊ ထို့ကြောင့် မီဒီယာများသည် အဆိုးမြင် ၀ါဒ ဖြင့်ရေးသားနေကြသည်ဟု မှတ်ချက်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သူ လူငယ်သတင်းထောက် တချို့က ပြောသည်။
ကွန်ရက်အဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလက ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်တို့မှ သတင်းသမားများ ပါဝင်သည်။ ကွန်ရက်အဖွဲ့၏ လတ်တလော အစီအစဉ်ကို သတင်းစာဆရာ မောင်ဝံသက ကြိုဆို လိုက်သည်။
“ဦးခင်ရွှေရဲ့ ပြောဆိုမှုဟာ မီဒီယာတွေ အဆင့်အတန်း မရှိဘူးလို့ ပြောတာနဲ့ အတူတူပဲ၊ သတင်းစာ လုပ်လာတာ နှစ် ၅၀ ရှိပြီ၊ ဒီလိုပြောတာမျိုး လုံးဝ သည်းမခံနိုင်ဘူး၊ အဲဒီတော့ ဒီလိုပြောတာတွေ ရပ်တန့်ဖို့၊ နောက်ထပ် မလုပ်ဖို့ ဆိုတာတွေကို ကျနော်တို့က ချေပဖို့၊ ရှင်းလင်းဖို့ လိုအပ်တယ်၊ ဒါကြောင့် သတင်းထောက်ကွန်ရက်က လုပ်တာကို ထောက်ခံတယ်” ဟု ဆရာ မောင်ဝံသက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဧရာဝတီမှ  ဦးခင်ရွှေအား မေးမြန်းရာ “ပုတ်ခတ်တာ မဟုတ်ပါဘူး၊ မိဘက သားသမီးကို ပြောတဲ့၊ ဆုံးမတဲ့ သဘောမျိုး ပြောပြတာပါ၊ ကိုယ့်ရဲ့ ရရှိထားတဲ့ စတုတ္ထမဏ္ဍိုင်ကို မဆုံးရှုံးရအောင်  ကောင်းတာတွေလည်း ရေးကြ ဦးပေါ့၊ အဆိုးတွေချည်းပဲ ရေးမှ မီဒီယာမဟုတ်ပါဘူးလို့ ပြောတာပါ” ဟု ဆိုသည်။
နိုင်ငံတော်အစိုးရ သွားနေသော လမ်းကြောင်းသည် ကောင်းမွန်နေကြောင်း၊ သမ္မတကလည်း စတုတ္ထမဏ္ဍိုင်ကို အလေးထား ပြောဆိုနေကြောင်း၊ ထို့ကြောင့် ကောင်းသည့်အရာများကို အဓိက ရေးသားရန် လိုအပ်ပြီး အဆိုးများရေးနေပါက  လမ်းကြောင်း ပြောင်းသွားမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ပြောဆိုရခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ရှင်းပြသည်။
သတင်းစာဆရာ မောင်ဝံသက “အဲဒီလို ပြန်ချေပတာက ပိုပြီး ခံပြင်းတယ်၊ ထပ်ပြီး စော်ကားလိုက်သလိုပဲ၊ အလကားနေရင်း ဘာကြောင့် ကျနော်တို့က သူ့ သားသမီးတွေ ဖြစ်သွားရတာလဲ၊ သူ့ကို မိဘလို့လည်း မသတ်မှတ်နိုင်ဘူး၊ လုပ်ငန်းရှင် တယောက် လို့ပဲ နားလည်တယ်၊ မြင်တယ်” ဟု ဆိုသည်။
မောင်ဝံသက “စတုတ္ထမဏ္ဍိုင်အား မထိပါးပါနဲ့” ဟူသော ဆောင်းပါးတပုဒ်အား ယနေ့ ထုတ်ဝေသည့်  ပြည်သူ့ခေတ်ဂျယ်နယ်၌ ရေးသား ဖော်ပြထားသည်ဟု သိရသည်။
ထိုဆောင်းပါးသည် ဦးခင်ရွှေ တဦးတယောက်တည်းကို ရည်ရွယ်ခြင်းမဟုတ်ဘဲ အားလုံးကို ရည်ရွယ်ရေးသားထားကြောင်း၊ စတုတ္ထမဏ္ဍိုင်သည် ပြည်သူ အားလုံး အတွက် လုပ်ကိုင်နေခြင်းကြောင့် မထိပါးစေရေး အတွက် ရေးသားရခြင်း ဖြစ်ကြောင်း  ပြည်သူ့ခေတ်ဂျယ်နယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောသည်။
သတင်းထောက်များ သမ္မတထံ တိုင်ကြားရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဦးခင်ရွှေ “ဒါကတော့ သူတို့ အလုပ်ပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းမီဒီယာတွေက နုသေးတာကော၊ အတွေ့အကြုံက နည်းသေးတယ်” ဟု ဆိုသည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သည်။
ဧရာဝတီ
မြို့ပြမှ နားခိုရာအိမ်
မြို့ပြလို့ပဲ ခေါ်ခေါ် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၀ ရာနှုန်းလောက် နေထိုင်ကြတဲ့ ရန်ကုန်မြို့မှာ ကျောချစရာ တနေရာ ရဖို့အတွက် ကိုယ့်လုပ်ခ၊ စုဆောင်းထားတဲ့ ငွေစလေးတွေနဲ့ ပြည့်မှီအောင် ကြိုးပမ်းနေကြရတဲ့ အဖြစ်က မြို့ပြရဲ့ ပုံရိပ်တွေထဲက ထင်ရှားတဲ့ ပုံရိပ်တစ်ခုပဲဖြစ်ပါတယ်။
“အိမ်ငှားစာချုပ်ပြည့်ကာနီး နှစ်လသုံးလအလိုလောက် ရောက်လာရင် ရင်တွေပူလာတော့တာပါပဲ။ တရိပ်ရိပ်တက်လာနေတဲ့ အိမ်ငှားခ တွေရဲ့ဒဏ်ကို ခံလာရတာ ဆယ်စုနှစ်နှစ်ခုကျော်လာပြီလေ။ ဒီနှစ်အိမ်ငှားခတွေ စုံစမ်းလိုက်တော့ ကျမ ခေါင်းနပန်းတွေကြီး သထက် ကြီးလာရပြန်တာပါပဲ ” လို့ ပြောလာသူကတော့ နှစ်ပေါင်း ၄၀ ဆယ်ကျော် အိမ်ငှားဘ၀နဲ့ နေလာရသူ သင်္ကန်းကျွန်းမြို့နယ်မှ ဒေါ်တင်နွဲ့ပါ။
အိမ်ပိုင်ဘ၀နဲ့နေထိုင်ခွင့် မရှိခဲ့ဖူးတဲ့ သူ့အဖို့ ဒီနှစ် အိမ်ငှားတဲ့အခါမှာ အရင်နှစ်တွေကထက် သိသိသာသာ ခက်ခဲနေရတယ်လို့ ပြောပါတယ်။ မိသားစုဝင် မများပေမယ့် အလွတ်သင် ဆရာမ အလုပ်နဲ့အသက်မွေး ၀မ်းကျောင်းရတဲ့ သူမအဖို့လွန်ခဲ့တဲ့နှစ်တွေက သင့်သင့်တင့်တင့် လုံးချင်းအိမ်မျိုးကိုသာ ရွေးချယ်ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်အိမ်ငှားခတွေကို ကြားရတဲ့အခါ လုံးချင်းအိမ်ကလေးတစ်လုံး ငှားနိုင်ပါ့မလားဆိုတာ မသေချာတော့ပါဘူးလို့ ဆိုပါတယ်။
 “ကျမတို့က အခုလာမယ့် (၁၂) လပိုင်း အကုန်မှာ အိမ်ပြောင်းရတော့မယ်။ (၉) လပိုင်းအစလောက် ကတည်းက အိမ်ရှာနေ တာ အခုအထိမရသေးဘူး။ အိမ်ဈေးတွေက မကြုံစဘူး မြင့်တက်နေတော့ ရင်တမမနဲ့ချိန်ဆနေရတယ်။ ဒီနှစ်မှာ လုံးချင်းရဖို့ဆိုတာ တကယ်ကို မလွယ်တော့ဘူး။ ” ။
သင်္ကန်းကျွန်းလို ဆင်ခြေဖုန်းရပ်ကွက်မှာ အရင်နှစ်က တစ်လကို အိမ်ငှားခ ရှစ်သောင်းတန် အိမ်တစ်လုံးဟာ ဒီနှစ်မှာ တစ်သိန်း နှစ်သောင်းမှ တစ်သိန်းခွဲဝန်းကျင်အထိ မြင့်တက်သွားတယ်လို့ ဆိုပါတယ်။
အထွေထွေကုန်ကျစရိတ် များပြားပြီး ၀င်ငွေနဲ့ထွက်ငွေ မမျှတဲ့ ယနေ့လို ကာလမှာ နေရေးအတွက် စိုးရိမ်သောက ရောက်နေရတာတွေဟာ မြင့်သထက်မြင့်လာပါတယ်လို့ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ အိမ်ငှားနေသူများက ပြောပါတယ်။
 “လခထုတ်ရင် အိမ်လခအတွက် အရင်ဆုံးဖယ်ရတယ်။ ကိုယ်စားတာကို လျှော့စားလို့ရပေမယ့် သူများအိမ် ငှားနေတာ ကျတော့ လခပုံမှန်ပေးမှ နေလို့ရတာလေ။ တက်နေတဲ့ဈေးနှုန်းအတိုင်း ပေးနိုင်အောင် တစ်လချင်း ခြစ်ချုပ်စုတာပဲ။ တစ်လုံးတည်း ပေးရအောင်လည်း ၀င်ငွေကမရှိဘူးလေ” လို့မင်္ဂလာဒုံမြို့နယ်မှ  အိမ်ငှားတစ်ဦးက ဆိုပါတယ်။
တခါတရံမှာ သာရေးနာရေးနဲ့ ကျန်းမာရေးကိစ္စတွေ ကြုံလာပြီး အိမ်လခအတွက် စုထားတဲ့ငွေထဲက ထုတ်သုံးမိတဲ့ အခါမျိုးမှာတော့  တခြားလက်လှမ်းမီသူများထံကနေ အတိုးနဲ့ ငွေချေးငှားရမ်းတာတွေ လုပ်ရပါတယ်လို့ ၎င်းက ဆက်လက်ပြောပါတယ်။
အိမ်ငှားရမ်းနေထိုင်သူ အများစုကတော့ ၄င်းတို့ဝင်ငွေရဲ့ ၂၀ရာခိုင်နှုန်းမှ ၄၀ရာခိုင်နှုန်းခန့်ဟာ အိမ်ငှားခအဖြစ် သုံးစွဲရတယ်လို့ ပြောကြပါတယ်။ ယခုလက်ရှိအချိန်မှာ အိမ်ခြံမြေဈေးတွေ တက်လာပြီးနောက် အိမ်ငှားရမ်းခတွေပါ လိုက်တက်လာပေမယ့်  လခစားအလုပ်သမား တွေ ရဲ့ တစ်ဦးချင်း ၀င်ငွေကတော့ သိသိသာသာ တက်မလာလို့ စားဝတ်နေရေး အခြေအနေက ကြပ်သထက် ကြပ်လာတယ်လို့ ပြောဆိုကြပါတယ်။
အခုလို အိမ်ငှားရမ်းခတွေ မြင့်တက်လာရခြင်းဟာ အိမ်ဈေးမြေဈေးတွေ အရောင်းအ၀ယ် ကောင်းလာတာနဲ့ အဓိက ဆက်စပ်နေပါ တယ်။ စီးပွားရေးဖွံ့ဖြိုးလာနိုင်မယ် အလားအလာ၊ နိုင်ငံခြားနဲ့ဖက်စပ် အိမ်ယာစီမံကိန်းတွေ စတင်တော့မယ်ဆိုတဲ့သတင်း၊  အစိုးရက နိုင်ငံခြားသားတွေ အနေနဲ့ ပုဂ္ဂလိကထံမှလည်း အိမ်ခြံမြေ နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ပေးတယ် ဆိုတဲ့ သတင်းတွေ အပြင်  အိမ်နီးချင်းတိုင်းပြည်တွေကနေ ရင်းနှီးမြုပ်နှံမှုတွေစတင်တော့မယ် သတင်းတွေကြောင့် အိမ်ဈေးမြေဈေးတွေ  ဒီနှစ် နှစ်လယ်ပိုင်းမှာ သိသိသာသာ မြင့်တက်လာရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
ရန်ကုန်မြို့လယ် ရဲ့ အိမ်ငှားခဟာ လွန်ခဲ့တဲ့ ၁၁ နှစ်အတွင်း ၆ ဆလောက်အထိ မြင့်တက်သွားတယ်လို့ ပထမထပ်မှာ ငှားနေသူတဦးက သူ့အတွေ့အကြုံအရ ပြောပါတယ်။
ရန်ကုန်မြို့လယ်ရှိ တန်ဖိုးကြီး တိုက်ခန်းစီမံကိန်း တခု
ဘယ်နေရာမှာ ဘာကြောင့်တက်
အခုလို အိမ်ငှားခတွေမြင့်တက်လာရာမှာ ရန်ကုန်မြို့လယ်ထက် ဆင်ခြေဖုန်း ရပ်ကွက်တွေမှာ မြင့် တက်မှုနှုန်းက ပိုများတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောကြပါတယ်။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ အိမ်ငှားခတွေဟာ နှစ်စဉ်ငွေကြေးဖောင်းပွမှုတွေ ဖြစ်လေ့ရှိတတ်တဲ့ သဘောကြောင့် ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ မြင့်တက်နေပေမယ့် မြို့နဲ့လှမ်းတဲ့ ဆင်ခြေဖုံးတွေမှာတော့ ၃၀ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာတယ်လို့လည်း သူတို့က ရှင်းပြပါတယ်။
 “အခုဒီနှစ်လယ်ကနေ နှောင်းပိုင်းကြားမှာ အိမ်ခြံမြေဈေးတွေ မြင့်တက်လာတဲ့အတွက် အရောင်းအ၀ယ် တွေများလာသလို ဈေးကောင်းပေးဝယ်တာတွေလည်း အပြိုင်အဆိုင်ဖြစ်လာတယ်။ ဒီလိုအိမ်ခြံမြေ ဈေးတွေမြင့် လာတော့ ငါတို့အိမ်က ရောင်းရင် ဘယ်လောက်တောင် ဈေးရတယ် စသဖြင့် တွက်ပြီး အိမ်ငှားခတွေ တိုးတောင်းလာကြတယ်” လို့ မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ  အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းဦးကဆိုပါတယ်။
နောက်အကြောင်း တချက်ကတော့ ဈေးကွက်သဘောအရ ၀ယ်အားများလာတဲ့ အချက်ပါ။ နှစ်စဉ်မြင့်တက်နေတဲ့ လူဦးရေ၊ ရန်ကုန်မြို့မှာ သင်တန်းလာတက်ဖို့၊ အလုပ်လာလုပ်ဖို့ နိုင်ငံခြား ကုမ္ပဏီတွေရဲ့ ရုံးခွဲသစ်ဖွင့်ဖို့ စတဲ့အချက်တွေက ၀ယ်လိုအား တနည်း ငှားလိုအားများလာစေတယ်လို့ ၎င်းကပဲ ပြောပါတယ်။
 “အခု ရန်ကုန်မြို့ရဲ့လူဦးရေတိုးနှုန်းကသာ မြင့်တက်လာပေမယ့်၊ အိမ်ရာသစ်တွေ တိုးချဲ့ဆောက်လုပ်တဲ့ နှုန်းက နိမ့်ကျလွန်းနေတယ်။ ဒါကြောင့် လိုချင်တဲ့သူနဲ့ ပေးနိုင်တဲ့ ပမာဏ ကွာဟနေတာကြောင့် အိမ်ငှားခတွေ မြင့်တက်လာတယ်” လို့လည်း ဦးသန်းဦးကပဲ ရှင်းပြပါတယ်။
ဆင်ခြေဖုန်းတွေမှာ အိမ်ငှားရမ်းမှုတွေ မြင့်တက်လာတာနဲ့ အတူ အိမ်ငှားရမ်းရာမှ ဆက်စပ်ပေးသူ တနည်း အရပ်ပွဲစားတွေကလည်း များလာပြီး ဆိုက်ကားဆရာ၊ လမ်းထိပ်က ကွမ်းယာသည်အထိ ငှားချင်သူနဲ့ ငှားလိုသူကို ဆက်သွယ်ပေးပြီး အရပ်ပွဲစား တပိုင်းဖြစ်လာတာတွေလည်း အများအပြား မြင်တွေ့လာရပါတယ်။
အိမ်ငှားပွဲစားတွေကြောင့် အိမ်ငှားခတက်လာရတာ တနေရာမှာ ကြာကြာနေချင်ပေမယ့်လည်း မနေနိုင်အောင် ဈေးပိုပေးတဲ့ အခြားတဦးကိုငှားဖို့ ပွဲစားတွေက ဆွယ်တဲ့အဖြစ်တွေ ကလည်း အိမ်ငှားဈေးကွက်ကို မတည်မငြိမ်ဖြစ်စေတယ်လို့ အချို့သော အိမ်ငှားတွေကပြောပါတယ်။
ဈေးကွက်သဘောအရ ၀ယ်ယူသူများတာ အဓိကလို့ ဆိုပေမယ့် ပွဲစားတွေဈေးကစားတာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါကြောင့် ဆင်ခြေဖုံး ရပ်ကွက်တွေမှာ အိမ်ငှားရမ်းနေထိုင်သူတွေအတွက် အမှန်တကယ် စဉ်းစားပေးတဲ့ အကျိုးဆောင်သူများ ပေါ်ထွက်သင့်တယ် လို့  ယူနစ်တီ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူက ဆိုပါတယ်။
အိမ်ငှားတွေအတွက် ဘယ်သူက စဉ်းစားပေးမလဲ
လူဦးရေ ၆ ဒသမ ၉သန်းကျော် နေထိုင်တယ်ဆိုတဲ့ ရန်ကုန်မြို့မှာ တစ်နှစ်ကို အိမ်ရာလိုအပ်ချက် ယူနစ် ၂၀၀၀၀ ရှိပါတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာဗိသုကာပညာရှင်အသင်းရဲ့ ထုတ်ပြန်ချက်အရ  သိရပါတယ်။ အဲဒီလိုလိုအပ်ချက် ရှိနေပေမယ့်  ယခုနှစ်ပိုင်းမှာ အိမ်ရာ စီမံကိန်းသစ် ဖော်ထုတ်မှုတွေ၊ အထပ်မြင့်ကွန်ဒိုတိုက်ခန်း တည်ဆောက်မှုတွေ မရှိသလောက်နည်းပါးပါတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များက သုံးသပ်ဝေဖန်ကြပါတယ်။
‘အခြေခံလူတန်းစားတွေအများဆုံးနေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အိမ်ငှားခတွေ မြင့်တက်လာတာဟာ မဖြစ်သင့်ဘူး။ ရေရှည်မှာ ဒီလိုပဲဆက်ဖြစ်နေအုန်းမယ်ဆိုရင် လူမှုပဋိပက္ခတွေ ဖြစ်လာနိုင်သလို ဒုစရိုက်မှုလည်း များလာနိုင်တယ်” လို့  ဦးသန်းဦးကဆိုပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာ ရီရီမြင့်ကတော့ အခုလို အခြေခံ လူတန်းစားတွေ နေထိုင်တဲ့ ရပ်ကွက်တွေမှာ အိမ်ငှားခမြင့်တက်လာနေတာဟာ ဈေးကွက်လှုပ်ရှားမှု သဘောအရ ဖြစ်ပေမယ့် အဆိုပါ ဖြစ်ရပ်တွေကို ထိန်းချုပ်ပေးဖို့ အစိုးရအနေနဲ့ ပေါ်လစီတစ်ရပ် ချမှတ်ပေးသင့်တယ်လို့ အကြံပြုပြောဆိုပါတယ်။
ဒါ့အပြင် နှစ်စဉ်မြို့သစ်တိုးချဲ့မှုစီမံကိန်းများကို ထည့်သွင်းစဉ်းစား အကောင်အထည် ဖော်ပေးသင့်သလို ပြည်သူလူထုတစ်ရပ်လုံး အိမ်ယာပိုင်ဆိုင်မှုအတွက်လည်း တန်ဖိုးနည်းအိမ်ယာဖန်တီးပေးမှုတွေ၊ ငွေချေးမှုတွေ၊ အရစ်ကျငွေပေးသွင်းပြီး အိမ်ယာဝယ်ယူမှုတွေလည်း လုပ်ဆောင်ပေးသင့်တယ်လို့ ထပ်မံပြောဆိုပါတယ်။
“ဒီပြသနာကို လက်ရှိအခြေအနေထက် ပိုကြီးမလာအောင် လူတွေ စားဝတ်နေရေး ကျပ်တည်း မသွားအောင် တာဝန်ရှိသူတွေ အနေနဲ့ စဉ်းစားပေးoသင့်တယ်။ ဒါ့အပြင် လူတစ်ဦး တစ်ယောက်ချင်းအနေနဲ့လည်း ကိုယ့်အိမ် နေရာ အတွက် လေးလေးနက်နက် စဉ်းစားရမှာဖြစ်ပါတယ်။ဈေးကြီးတဲ့နေရာမှာ အမြဲငှားနေမယ့်အစား ဈေးသက်သာ တဲ့နေရာမှာ ၀ယ်ယူထားတာမျိုးလုပ်ဖို့ စဉ်းစားသင့် ပါတယ်” လို့ ၄င်းက အကြံပြု ပြောဆိုပါတယ်။
အိမ်တစ်ခါပြောင်းတိုင်း အိမ်ငှားခအဆင်ပြေစေဖို့ စုရ ဆောင်းရ ချေးငှားရှာဖွေနေရတဲ့ ရန်ကုန်က အိမ်ငှားအချို့ဟာ ဘဏ်တွေက အိမ်တွေ မြေတွေကို အရစ်ကျစနစ်နဲ့ ရောင်းချမယ်ဆိုတဲ့ အသံကြားနေရုံနဲ့တင် ကိုယ်ပိုင်အိမ်နဲ့ နေရမယ့် ဘ၀တွေကို စိတ်ကူးပုံဖော်ကြည့်ရင်း  မျှော်လင့်ချက် အလင်းရောင်မြင်တွေ့လာနေသလိုပါပဲ၊ သို့ပေမယ့်  ဒီမျှော်လင့်ချက်တွေ အကောင်အထည် ပေါ်မပေါ်တာကတော့ ယခုချိန်မှာ ရေရာတဲ့ အဖြေတစ်ခုမရသေးပါဘူး လို့ အိမ်ငှားတွေက ဆိုကြပါတယ်။
နိုဝင်ဘာ ၂၁၊ ၂၀၁၁ (YPI) ပိုင်ပိုင် ရေးသားသည်
အောက်အီးအီး သူမတွန်မှတော့ ရေနံရယ်တတိုင်းချင်း လင်းနိုင်ပါ့မလား
နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့ စကားက လူတိုင်းကြားဖူးသလို အဓိပ္ပာယ်လည်း အထူးရှင်းပြစရာ မလိုပါဘူး။ အခု ကျနော်တို့က ကျားဆွဲဖို့နွားတွေ စကွဲနေတဲ့အခြေအနေလို့ ပြောရမယ်။ လွတ်လပ်ရေး အကြိုကာလက လွတ်လပ်ရေး ဗိသုကာသခင်အောင်ဆန်းကို ဆုံးရှုံးခဲ့ရတဲ့အထိ အမျိုးသားရေး ပြိုကွဲမှုနဲ့ ညီညွတ်ရေး ပြိုကွဲခဲ့ရတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားနိုင်တယ်လို့ မြင်မိပါတယ်။ ဒါကလည်း ကျနော်တဦးထဲရဲ့ အမြင်လို့ပဲ ဆိုခြင်ပါတယ်။ (ဒီအကြောင်းကို နောင်မှာအလျဉ်းသင့်သလို တင်ပြပါအုံးမယ်)
အခုလို အခြေအနေတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ မြင်ကွင်းရှင်းအောင်၊ ဆုံးအောင်စောင့်ကြည့်သင့်တယ် ဆိုတဲ့အမြင်နဲ့ စာမရေးဘဲ သတိမလပ်စောင့်ကြည့်နေမိပါတယ်။ အခြေအနေတွေက ညီအကို မသိတသိထက် မကတော့ဘဲ “သူငါမကွဲ၊ သဲသဲရုတ်ရုတ်၊ ထိုးခုတ်မြင်ရာ” ဆိုသလို သူလူကိုယ့်လူ မကွဲလောက်အောင်ကို လုံးထွေးသွားပြီ။ နေရာတကာ အသေး ဆုံးအ၀န်းအ၀ိုင်းတွေထဲထိ ကွဲလွဲတဲ့ နိုင်ငံရေးအမြင်တွေ၊ အပြန်အလှန် ဝေဘန်ကဲ့ရဲ့သံတွေ ဆူညံနေတယ်။ ဒေါ်နော်အုံး လှ တို့ရဲ့ ရွှေဝါရောင်လေးနှစ်မြောက်လှုပ်ရှားမှုနဲ့ မန္တလေးဘုရားကြီးက သံဃာတွေရဲ့ လှုပ်ရှားမှုအပေါ် ဝေဘန်သူ၊ ထောက်ခံသူ၊ ကဲ့ရဲ့သူတွေနဲ့ ကွဲလွဲနေတဲ့ အခြေအနေတွေကို စိတ်မကောင်းစွာ မြင်ခဲ့ရတာကြောင့် ဒီစာကိုရေးဖို့ ဆုံး ဖြတ်ခဲ့တယ်။ ဒေါ်နော်အုံးလှတို့နဲ့ မန္တလေး သံဃာတွေဟာ ကျူးကျော်သူ အင်္ဂလိပ်တွေကိုခံချဖို့ ပြင်ဆင်နေကြတဲ့ သပြေ တန်းခံတပ်က မျိုးချစ် ရဲမက်တွေလို ကင်းဝန်မင်းကြီးတို့ရဲ့ ခုခံတဲ့သူ သူပုန်ဆိုတဲ့ အမိန့်တော်ကြီးကြောင့် မချိတင်ကဲ လက်နက်ချခဲ့ရတဲ့ အဖြစ်မျိုးနဲ့ တူလှပါတယ်။
ဒါတွေအားလုံးက နိုင်ငံရေးလမ်းကြောင်းသစ်လို့ အချောင်သမား တတိယအုပ်စုဆိုသူတွေနဲ့ သတင်းသမားတွေက တံ ဆိပ်ကပ် ညာလှိုင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သိန်းစိန်-အောင်ကြည် တွေ့ဆုံးပွဲတွေနဲ့ စစ်အုပ်စုရဲ့ အပေါ်ယံဟန်ပြ လုပ်ရပ်တွေကို အခြေခံပါတယ်။ ဒီအခြေအနေတွေအပေါ် ကွဲလွဲတဲ့ ရှုမြင်သုံးသပ်ချက်တွေ၊ ကောက်ချက်တွေကြောင့် ဒီလိုသွေးကွဲမှုတွေ စတင်ဖြစ်ပေါ်လာတယ်လို့ ဆိုချင်ပါတယ်။ တခါ ဒီကွဲလွဲမှုတွေရဲ့ ဇာစ်မြစ်ကလည်း ကိုးဆယ်ခုရွေး ကောက်ပွဲရလဒ်ကို ပစ်ပယ်ပြီး ညောင်နှစ်ပင် အတုအယောင်အမျိုးသားညီလာခံကဖော်ထုတ်လိုက်တဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့ စည်းပုံ ဖြစ်တယ်။ ဒီအတုအယောင် အမျိုးသားညီလာခံကိုကော၊ စစ်ကျွန်ဖွဲ့စည်းပုံအောက်က အတုအယောင် ရွေး ကောက်ပွဲ (၂၀၁၀) ရွေးကောက်ပွဲကိုပါ အန်အယ်ဒီနဲ့ ကိုးဆယ်ခုအနိုင်ရ ပါတီအများစုက ကန့်ကွက်သပိတ်မှောက်ခဲ့ကြ တယ်။ ဒီပါတီတွေရဲ့ ဆုံးဖြတ်ချက်ကို တတိယအုပ်စုဆိုတဲ့ အချောင်သမားတွေကလွဲလို့ လူမျိုးစုတွေကော ဒီမိုကရေစီ အင်အားစုတွေကပါ တစုတရုံးထဲ ထောက်ခံအား ပေးခဲ့ကြတယ်။
အခုတော့ အပြောင်းအလဲမရှိတဲ့ စစ်အုပ်စုရဲ့ မူလလမ်းကြောင်းထဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိကပါတီ အန်အယ် ဒီတို့က နောက်ကြောင်းပြန်လျှောက် ၀င်ကြမဲ့အခြေအနေတွေ (သို့မဟုတ်) ပါတီမှတ်ပုံတင် ရွေးကောက်ပွဲဝင်ကြမဲ့ အခြေ အနေတွေ ဖြစ်လာတယ်။ တဆစ်ချိုး ဂငယ်ကွေ့မှာ ခရီးသယ်တွေ ၀ရုန်းသုန်းကား ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်တယ်။ ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။ အဆင်မသင့်ရင် တိမ်းမှောက် ချောက်ကျနိုင်တဲ့အခြေအနေတွေ ပါပဲ။
ဒီမိုကရေစီကို နှစ်သက်လိုလားသူ တယောက်အနေနဲ့ ကျနော်သဘောကတော့ အန်အယ်ဒီပါတီရဲ့ မှတ်ပုံတင် ရွေး ကောက်ပွဲဝင်မဲ့ ဆုံးဖြတ်ချက်ကို မထောက်ခံနိုင်ပါ။ အခြေအနေအချိန်အခါအလိုက် ပြောင်းလဲသင့်ရင် ပြောင်းလဲရမှာ မှန် ပါတယ်။ သို့သော် စံဆိုတာ စံပါပဲ။ ဈေးကစားလို့ မရပါဘူး။ အကြွေးထားလို့လည်း မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီက တချိန်ကငြင်းပယ်ခဲ့တဲ့ အခင်းအကျင်းတွေထဲမှာ ပြန်လည်ဝင်ရောက်ဖို့ ဆုံးဖြတ်ကြတယ်။ ဒီလို နောက် ကြောင်းပြန်လျှောက်ဖို့ စဉ်းစားဆုံးဖြတ်ခဲ့ရတဲ့ တခြားအပြောင်းအလဲတွေကို လေ့လာကြည့်မိတယ်။ ဘာတခုမှ မတွေ့ပါ။ တွေ့ဆုံခဲ့ကြတဲ့ နှစ်ဦးနှစ်ဖက်ကလည်း ကျေနပ်အားရတယ်လို့ ဆိုကြတာကလွဲလို့ ဘာတခုမှ တရားဝင်ထုတ်မပြောတော့ လည်း နောက်ကွယ်က နားလည်မှုတွေ (တိုးတက်မှုပဲဆိုဆို၊ ပြောင်းလဲမှုပဲဆိုဆို)ကို မသိ၊ မမြင်မိပါ။ ဒီတွေ့ဆုံမှုတွေ၊ မြစ် ဆုံကိစ္စခဏ ရပ်ထားတာတွေ မဆိုစလောက် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးတာလောက်ကိုတော့ အပြောင်းအလဲ လို့ လက်ခံစရာ အကြောင်းမမြင်ပါ။ စစ်အာဏာရှင်တွေ လုပ်ခဲလှတဲ့ ဒီအလုပ်လေးတွေက ထူးဆန်းတယ်လို့တော့ ပြော လို့ရမှာပါ။ ဒီလို စစ်အုပ်စုဘက်က ဘာမှအပြောင်းအလဲ မရှိတဲ့ကြားက မှတ်ပုံတင်မယ် ရွေးကောက်ပွဲဝင်မယ် ဖြစ်လာ တော့ ကျနော်တို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တခါကြည့်ဖူးရုံနဲ့ ကြက်ပွဲကိုစွဲသွားတဲ့ တရုတ် ကြီးလို ဖြစ်မှာကို စိုးရိမ်မိတယ်။
တခါက တရုတ်ကြီးတယောက် တောဆင်း ကုန်ဝယ်ရင်း ကြက်ပွဲတခုကို ၀င်ကြည့်မိတယ်။ ကြက်နှစ်ကောင် ဆုတ်လိုက် ပုတ်လိုက်သိုင်းသမားတွေလို ခွပ်နေတာကို ကြည့်ပြီး ပေါက်ဖော်ကြီး အကြိုက်တွေ့သွားတယ်။ တခါတည်း ကိုယ်တိုင် ကြက်မွေး ကြက်တိုက်ဖို့ လုပ်တော့တယ်။ ဒါနဲ့ လူတယောက်ဆီက အကောင်ကြီးကြီး နုတ်သီးကောက်ကောက် ရှည် ရှည်ကြီးနဲ့ အကောင်တကောင် ၀ယ်လာတယ်။ အိမ်ရောက်တာနဲ့ အစာရေစာ အပြည့်အစုံနဲ့ အကျအနမွေးထားတယ်။ သူ့ကောင်ကြီးက အစာလည်းမစား တွန်သံလည်းမပေးဘူး။ တရက်နှစ်ရက်ရှိတော့ တရုတ်ကြီးက သူအကောင်ကြီးနား ကပ်ပြီး ပြောသတဲ့။ “အောက်အီးလည်း နင်မတွန်၊ အစာလည်းနင်မစား၊ ဇာတိမြေကိုလွမ်းသလား”။ ဘယ်မှာလာ သူ ကျွေးတဲ့အစာတွေကိုစားလို့ ဘယ်လိုလုပ်တွန်နိုင်မှာလည်း။ သူ့ကောင်ကြီးက ဠင်းတကြီးဖြစ်နေတာကိုး။ ဠင်းတဆိုတာ ကြက်ဖများလို သုတိသာယာ တွန်သံလည်း မပြုတတ်ဘူး။ သူ့အစာဆိုတာကလည်း အသေကောင်တွေ အပုပ်အစပ် အရိအရွဲတွေပဲ မဟုတ်လား။ ဒီတော့ တရုတ်ကြီးကျွေးတဲ့ အစာတွေကို သူဘယ်စားတတ်မလဲ။
အခုလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လိုလားသူလို့ ယုံကြည်တာ တခုထဲနဲ့ ဒီအလဲအပြောင်းကို လက်ခံပါဝင်နေတယ်ဆိုတော့ အတော်စွန့်စားရတဲ့ လုပ်ရပ်တခုပဲ။ ပြည်တွင်းမိတ်ဆွေ တ ဦးကတော့ “ဒေါ်စုဟာ ဆပ်ကပ်ထဲက ခြင်္သေ့ထိန်းတဲ့ လူလို ခြင်္သေ့ကြီး ယဉ်ပါးကြောင်းကို ပါးစပ်ထဲ ခေါင်းထည့်ပြသလို လုပ်နေတယ်။ အချိန်မရွေး စိတ်ရိုင်းဝင်ပြီး ကိုက်ဝါးအစားခံရနိုင်တဲ့ အခြေအနေပဲ”လို့ မှတ်ချက်ပြုပါတယ်။
သူပြောတာလည်း မမှားပါ။ တွေ့ဆုံမှုတွေက လေးငါးခြောက်လ ရှိပြီ ကျေနပ်အားရတယ်လို့ နှစ်ဖက်စလုံးက ပြောနေပေ မဲ့ တိုးတက်မှုကတော့ ဟုတ်ဟုတ်ညားညား ဘာမှမရှိပါ။ ဦးသိန်းစိန်ဆီက လွတ်ငြိမ်းချမ်းသာခွင့် ယောင်ယောင်၊ မြစ်ဆုံ တရုတ်ဆည် ခဏနားသလိုလို၊ အတောင်လေး ယောင်ယောင်ခပ်တာတော့ မြင်ပါရဲ့။ အောက်အီး တွန်သံကတော့ အခု ထက်ထိ မကြားရသေးပါဘူး။ ကျနော်တို့လည်း နတ်လူသာဓုခေါ်နိုင်တဲ့ ဦးသိန်းစိန်ဆီက အောက်အီးတွန်သံလေးကို ပီပီ သသ ကြည်ကြည်မြမြ ကြားလိုလှပါတယ်။ ပြောင်းလဲနေပြီ အပြောင်းအလဲတွေ ဖြစ်နေပြီလို့တော့ ပွတ်လောရိုက်ဆူညံ ညာလှိုင်းနေကြတာပဲ။ ကျနော်မြင်မိတဲ့ အပြောင်းအလဲဆိုတာကတော့ သိန်းစိန်က ဗိုလ်ချုပ်ကြီးကနေ ဦးပြောင်းသွား သလို ၀န်ကြီးချုပ်ကနေ သမ္မတလို့ ပြောင်းသွားတယ်။ ကျန်တာတွေကတော့ ပိုနေမြဲ၊ ကျားနေမြဲ၊ စားမြဲ၊ သောက်မြဲ၊ ခိုး မြဲ၊ ဗိုလ်ကျမြဲ ပါပဲ။ အကျဉ်းသားတွေလည်း ထောင်ထဲမှာ ရှိနေဆဲ၊ တိုင်းရင်းသားဒေသတွေမှာလည်း သေနတ်သံတွေ ဆူညံဆဲ၊ ပြည်သူတွေ လည်း အစိုးအတည်မရ ပြေးလွှား ပုန်းရှောင်နေရဆဲ၊ ငတ်မြဲ၊ နှိပ်စက် ခံနေရမြဲပါပဲ။ အော်… မေ့လို့ နိုင်ငံရေး အကျဉ်းသားတွေတော့ ဟိုထောင်ကနေ ဒီထောင် ပြောင်းပေးနေတယ်။
ဒီအဟောင်း အဆိုးတွေထဲက အသစ်ကလေးတွေကတော့ လွှတ်တော်ဆိုတာကြီးတွေပါပဲ။ သစ်ပေမဲ့ မဆန်းဘူး။ မထူး ဘူး။ အဟောင်းအဆိုးတွေလိုပဲ လက်ညိုးထောင် ခေါင်းငြိမ့် ကြက်တူရွေး လွှတ်တော်တွေ။ စစ်အုပ်စုရဲ့ ခြေမန်းကွင်း တင်းတင်းချည်ထားတဲ့ စစ်ကျွန်လွှတ်တော်တွေ၊ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံဘောင်ထဲက ဘယ်မှပြေးမလွတ်တဲ့ လွှတ်တော် တွေပဲဖြစ်တယ်။ စကားစပ်လို့ ဒီလွှတ်တော်တွေနဲ့ ပတ်သက်ပြီး ငိုအားထက် ရယ်အားသန်ပြီး ရယ်ရင်းမောရတဲ့ သတင်း လေးတခုကို မျှဝေချင်တယ်။ မွန်ပြည်နယ်ဘက်မှာ အာဖရိက က ခရုတွေ အဆမတန်မျိုးပွားပြီး စိုက်ခင်းတွေ လယ်တွေ ပျက်တယ်၊ လယ်သမားတွေ ဘေးဒုက္ခရင်ဆိုင်နေရတယ်။ ဒါဟာ သက်ဆိုင်တဲ့ စိုက်ပျိုးမွေးမြူရေး ဌာနက ဌာနတွင်း အ စည်းအဝေးလောက်နဲ့ ဆုံးဖြတ်ပြီး အစီအစဉ်ဆွဲ၊ အစိုးရဆီမှာ ငွေတောင်းပြီး ကိုင်တွယ်ဆောင်ရွက်ရမဲ့ ကိစ္စတခုပါပဲ။ လွှတ်တော် တင်ရလောက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကို ဘီကြားအမတ်မင်းတပါးက ရူးကြောင်ကြောင်နဲ့ ခရုခါးတောင်း ကျိုက်ဖမ်းရေး ဥပဒေပြုဖို့ တင်သွင်းသတဲ့။ ဒီလိုတင်သွင်းဖို့ ကြိုးစားတာကိုလည်း လွှတ်တော် ဥက္ကဋ္ဌဆိုတဲ့ ကြက်တူရွေး ဂိုဏ်းချုပ်ကြီးကတင်သွင်း ခွင့်မပေးပဲ ပယ်ချလိုက်သတဲ့။ ကောင်းရော့သလား။ ခါးတောင်းကျိုက်ပြီး ခရုဖမ်းတာတောင် မရတဲ့ လွှတ်တော် ကြီးတွေက လူထုအတွက် ဒီမိုကရေစီ ယူပေးမယ်ဆိုတာဟာ မနုဿတ္တဒုလ္လဘဆိုသလို မြေပြင်မှာ ထောင်ထားတဲ့ အပ်နဲ့ မိုးပေါ်ကကျလာတဲ့ အပ် နှစ်ချောင်းဆုံဖို့ထက်တောင် ခဲယဉ်းလှပါတယ်။ ဒါကြောင့် မှတ်ပုံတင် လွှတ်တော်ဝင်ယုံနဲ့ (၈၈) ရဲ့ ရည်မှန်းချက်တွေ ပေါက်မြောက်လာလိမ့်မယ်လို့ မယုံကြည်နိုင်ပါဘူး။
ဒီလိုအထပ်ထပ် ချည်တုတ်ထားတဲ့ လွှတ်တော်တွေထဲ အန်အယ်ဒီဝင်မယ် ဆိုတော့ အံ့သြမိသလို ရင်လည်းမောမိတယ်။ ဒီလိုအထပ်ထပ် အချုပ်အနှောင်တွေထဲကနေ အန်အယ်ဒီဟာ ပြည်သူတွေလိုလားနေတဲ့ လွတ်လပ်ခွင့်တွေ ဒီမိုကရေ စီဆိုတာတွေကို ဘယ်လိုများ ရအောင်လုပ်လေမလဲလို့ ကလေးများ မျက်လှည့်ပွဲကို ကြိုတင်အံ့သြ မျှော်မောသလို မျှော် လင့်မိပါသေးတယ်။ ဒီလိုအံ့သြမျှော်မောရတယ်လို့ ဆိုရတာကလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို ယုံ ကြည်တာ တစခုထဲကို မူတည်ဆုံးဖြတ်ခဲ့တာကြောင့် ဖြစ်တယ်။ လူတယောက်ထဲပေါ် ယုံကြည်တာနဲ့ နောက်ကြောင်းပြန် လျှောက်သွားတာကြောင့် ဖြစ်တယ်။
တကယ်တော့ လက်ရှိ ဗိုလ်သိန်းစိန်ရဲ့ အနေအထားဟာ ဗိုလ်နေ၀င်း ဗိုလ်သန်းရွှေတို့လို  အရာရာပြီးမြောက်တဲ့ နံပတ် တစ် (Numero Uno) မဟုတ်ပါဘူး။ စစ်အုပ်စုဟာ ပုံသဏ္ဌာန်ပြောင်းနေပါပြီ။ တကိုယ်တော် အာဏာရှင်စနစ် မဟုတ် တော့ပဲ စုပေါင်းစစ်အာဏာရှင်စနစ် (Military Syndicate)  ကို ပြောင်းသွားပါပြီ။ ဗိုလ်သိန်းစိန်ဟာ ဗိုလ်နေ၀င်း၊ ဗိုလ် သန်းရွှေတို့လို တကိုယ်တော် အာဏာရှင် ပုံစံနဲ့ ပြုစေ၊ ပြင်စေနိုင်တဲ့ အာဏာ မရှိတော့ပါဘူး။ ရှိနေတဲ့ စနစ်ကိုပြင်စေ ပြောင်းစေဖို့ ပိုပြီးခက်ခဲလာပါတယ်။ ဒါကြောင့် လူတယောက်ထဲနဲ့ ပြေလည်ယုံနဲ့ ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုတာ အတော် သံသယဖြစ်စရာကောင်းတဲ့ အချက်ဖြစ်တယ်။ (၂၀၀၈)ဖွဲ့စည်းပုံကို မဖျက်မပြောင်းဘဲ လူထုအတွက် ဒီမိုကရေစီဆိုတာ ကို မျှော်လင့်လို့မရနိုင်ပါဘူး။ ဒါက မင်း၏ပရိယာယ် နားမလည်တဲ့ ငတင့်တယ်လိုလူ ကျနော်ရဲ့အမြင် ဖြစ်ပါတယ်။
ဒီအလှည့်အပြောင်းမှာ အန်အယ်ဒီရဲ့ လမ်းရွေးချယ်မှုက ကျနော်တို့ ဒီမိုကရေစီအင်အားစုနဲ့တကွ တပြည်လုံးက စစ်အာ ဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေကြားမှာ ညီညွတ်ရေးပြိုကွဲသွားနိုင်ပါတယ်။ အခုကိုပဲ အန်အယ်ဒီဆုံးဖြတ်ချက်ကို ထောက်ခံသူ၊ မထောက်ခံသူတွေကြားမှာ အပြန်အလှန် ဝေဘန်ထောက်ပြရုံမဟုတ်တော့ဘဲ ရန်တွေ့သံတွေ၊ စိန်ခေါ်သံ တွေ၊ အပုပ်ချသံတွေ ပေါ်ထွက်လာနေပါပြီ။ ဒါဟာ စစ်အုပ်စုအကျိုးအမြတ်ဖြစ်စေမဲ့ အချက်ဖြစ်တယ်။ မဆိုစလောက် လွှတ်လိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ရှစ်ဆယ့်ရှစ်တွေ ပါမလာတာဟာ သွေးရိုးသားရိုးကိစ္စမဟုတ်ပါဘူး။ ရှစ် ဆယ့်ရှစ်တွေကို စိုးရွံ့နေယုံသက်သက် မဟုတ်ပါဘူး။ ရှစ်ဆယ့်ရှစ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ် ဒီအကြား သပ်လျှိုဖြိုခွဲဖို့ ရည်ရွယ်တယ်လို့ မြင်ပါတယ်။
နောက်တချက်က ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက် ရင်လေးစရာပါ။ လူနည်းစု တိုင်းရင်းသားဒေသတွေမှာ အထူး သဖြင့် ကချင်ဒေသမှာ စစ်ပွဲတွေ ဖြစ်နေတယ်။ လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ကျူးလွန်နေကြတယ်။ လက်နက် ကိုင်အဖွဲ့ အစည်းတွေကို တဖွဲ့ချင်း ခွဲခြားဆက်သွယ်ပြီး အပစ်ရပ်ဖို့ သွေးခွဲစည်းရုံးနေတယ်။ ဗဟိုအဆင့်မဟုတ် ပြည် နယ်အဆင့်နဲ့ လုပ်နေတာ ဖြစ်တယ်။ ဒီအခြေအနေတွေအားလုံးက အတွင်းမှာ ဘာတွေပဲ သဘောတူတူ ဒီစစ်ပွဲတွေက တော့ ဆက်ရှည်လိမ့်အုံးမည့် နမိတ်လက္ခဏာ ဖြစ်တယ်။ ဒီစစ်ပွဲတွေကို ပြေငြိမ်းဖို့ဆိုတာက အပြန်အလှန်ယုံကြည့်မှုနဲ့ သာ ရနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ ပြည်တွင်းဒီမိုကရေစီ အင်အားစုတွေသာ မက နယ်ခြားလက်နက်ကိုင် အင်အားစုတွေရဲ့ ယုံကြည်မှုကို ရထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်စုဟာ ပြည်တွင်းငြိမ်း ချမ်းရေးရဲ့ အချက်အချာ အခက်အညှာ ဖြစ်ပါတယ်။ အခု အန်အယ်ဒီက ပါတီမှတ်ပုံတင်ရွေးကောက်ပွဲဝင်မယ်လို့  ဆုံး ဖြတ်ပေမဲ့ ကိုးဆယ်ခု ရွေးကောက်ပွဲအနိုင်ရ လွတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင်ပါတီအများစုက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကျော်လုံးရှိနေခဲ့တဲ့ ဒေါ်စုကိုမဏ္ဍိုင်ပြုတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မျှော်လင့်ချက် ပျောက်ကွယ်သွားမဲ့ လက္ခဏာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီအပြောင်းအလဲမှာ တဖက်အုပ်စုက လူပုဂ္ဂိုလ်တယောက်ထဲအပေါ်မှာ မူတည်ခဲ့တဲ့ အန်အယ်ဒီရဲ့ ရွေးလမ်း ဟာ ရေရှည်အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အကျိုးထက်အပြစ်က ပိုများလိမ့်မလားလို့ စိုးရိမ်မိပါတယ်။ အခုကိုပဲ ဗြောင်စားဗြောင်လိမ် ဗိုလ်သိန်းစိန်က သူရဲ့သရုပ်မှန် ဘီလူးစွယ်ကိုထုတ်ပြလိုက်ပါပြီ။ ဘာလီ အာဆီယံအစည်းအဝေးမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောလိုက်ပါပြီ။ သူအတွက် အန်အယ်ဒီက မှတ်ပုံတင်ဖို့ သ ဘောတူခဲ့သလို အာဆီယံကလည်း ဥက္ကဋ္ဌရာထူး ပေးဖို့သေချာပြီဆိုတော့ အခုလို သရုပ်မှန်ဘီလူးစွယ် ထုတ်ပြလိုက်တာ ပါပဲ။
ဒါဟာ ကျနော်နဲ့ ရှစ်ဆယ့်ရှစ် အများစုရဲ့အမြင်ဖြစ်ပါတယ်။ အန်အယ်ဒီရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တာမ ဟုတ်ပါဘူး မထောက်ခံတာပါ။ မထောက်ခံနိုင်ရခြင်း အကြောင်းတွေကို တင်ပြနေတာပါ။ ထောက်ခံတယ်ဆို တာက သက်ဆိုင်တဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်တွေ၊ ဆုံးဖြတ်ချက်တွေကို ၀ိုင်းဝန်းဆောင်ရွက်ဖို့၊ အဲဒီလုပ်ငန်းစဉ်တွေနဲ့ ဆုံးဖြတ်ချက်တွေကို အနှောက်အယှက်ဖြစ်မဲ့ အပြုအမူတွေကို ရှောင်ရှားဖို့ ၀တ္တရားရှိတယ်။ အခုလို မထောက်ခံတဲ့အတွက် ကျနော်တို့ဟာ ဒီဝတ္တရားတွေကို စောင့်စည်းစရာမလိုဘဲ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်ရှိတယ်။
ကျနော်တို့ဟာ ပါတီဝင်မဟုတ်ဘဲ အန်အယ်ဒီကို တလျောက်လုံး ထောက်ခံခဲ့တယ်။ အားပေးကူညီခဲ့တယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပြည်သူအပေါ် ရိုးသားတည်ကြည်မှု၊ ဦးမောင်ကို၊ ဆရာမောင်သော်ကနဲ့ ဆရာဦးဝင်းတင်တို့လို ရန်သူ စစ်အုပ်စုနှင့် စစ်အာဏာရှင်ယန္တယားကို ကျားစီးဖားစီး အသေခံတိုက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေနဲ့ ကိုးဆယ်ခု ရွေး ကောက်ပွဲမှာ အပ်နှင်းလိုက်တဲ့ လူထုဆန္ဒတွေကြောင့် ထောက်ခံအားပေးခဲ့ကြတာ ဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီရေးအပါအ၀င် အမျိုးသားရင်ကြားစေ့ရေးကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မှုကြောင့် ထောက် ခံခဲ့ကြတာ ဖြစ်တယ်။ ပြည်ပကိုရောက်လာတဲ့ ဒေါ်စုရဲ့ ချာတူးလန်ထမီခြုံအမတ်တွေရဲ့ စရိုက်ပျက်တွေကို မြင်တွေ့ကြား သိ စိတ်ပျက်မိတဲ့ ကြားကနေ မမှိတ်မသုန် ထောက်ခံခဲ့ကြတာ ဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အန်အယ်ဒီရဲ့ ရွေး လမ်းဟာ ကျနော်တို့ ရှစ်ဆယ့်ရှစ် မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ရဲတော့ပါဘူး။ ဖွတ်မရ ဓားမဆုံးရ မဲ့ ကိန်းပါ။
သို့သော်လည်း အနှစ် နှစ်ဆယ့်ကျော် စစ်အာဏာရှင်ယန္တယားကို တိုက်ပွဲဆင်ခဲ့တဲ့ အန်အယ်ဒီဟာ မူလရည်မှန်းချက်ကို ဆက်လက်ချီတက်လုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် မိတ်ဖက်အင်အားစုအဖြစ် တူညီတဲ့အလုပ်တွေ ကို လက်တွဲဆောင်ရွက်သွားဖို့ လိုပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေကြားမှာ ပဋ္ဋိပက္ခအသွင်ဆောင်တဲ့ အားပြိုင်မှုတွေကို ရှောင်ရှားကြဖို့လိုပါတယ်။ ဒီလိုကွဲလွဲတဲ့ အားပြိုင်မှုတွေဟာ မိတ်ဖက်ဝိရောဓိအသွင်နဲ့ ယှဉ်တွဲသွားနိုင် အောင် ပြင်ဆင်ကြဖို့လိုပါတယ်။ မတူတဲ့အမြင်တွေ ကြားမှာပဲ တူညီတဲ့ပန်းတိုင်ကို ပဋ္ဋိပက္ခကင်းကင်းနဲ့ အတူလျှောက် လှမ်းကြဖို့ ဖြစ်ပါတယ်။
လူထုအပေါ် သြဇာကြီးတဲ့ လူပုဂ္ဂိုလ်နဲ့ရှင်းလင်းပြတ်သားတဲ့ အမြင်နဲ့ ခိုင်မာပြတ်သားတဲ့ အင်အားစုတွေကြားမှာ မိတ် ဖက်ဝိရောဓိအသွင်ထက် ကျော်လွန်ပြီ ပဋ္ဋိပက္ခအသွင် အားပြိုင်မှုတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အန္တရယ်ကျရောက် စေပါတယ်။ အခွင့်ထူးခံ ကိုယ်ကျိုးရှာသမားတွေ ကြားဝင်အမြတ်ထုတ်ရာကနေ လူထုဘ၀ နှစ်မွန်းတတ်တာ လွတ်လပ် ရေးခေတ် ဗမာပြည်က သက်သေပြုနေပါတယ်။ ဒါကြောင့်လည်း ဆောင်ပါးအစမှာ နွားကွဲရင်ကျားဆွဲမယ်ဆိုတဲ့ စကားပုံ နဲ့ အစချီခဲ့ပါတယ်။ လက်ရှိဗမာပြည်ဒီမိုကရေစီအင်အားစုအတွင်း စည်းလုံး မှုအခြေအနေဟာ(၁၉၄၆-၄၇) ကာလအမျိုး သားလွတ်မြောက်ရေး တပ်ပေါင်းစု ဖဆပလတွင်းက အားပြိုင်မှု အခြေအနေတွေနဲ့ အလားသဏ္ဌာန်တူနေပြီလို့ သုံးသပ် မိပါတယ်။ အဲဒီအချိန်က ဖဆပလအတွင်းအားပြိုင်မှုတွေကို မိတ်ဖက်ဝိရာဓိအနေအထားမှာ ထိန်းသိမ်းထားနိုင်ခြင်းမရှိ ဘဲ။ ပဋ္ဋိပက္ခအသွင်ကို ကူးပြောင်းသွားတာကြောင့် လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကိုပါ တပါးထဲမွေးဖွားစေခဲ့တယ်။ ဒီအမျိုးသားအင်အားစုတွေကြားက ပဋ္ဋိပက္ခအသွင် အားပြိုင်မှုရဲ့ ဆိုးကျိုးတွေကို ဒီနေ့အထိ ဗမာလူထုဟာ ခါးစည်းခံစား နေကြရဆဲဖြစ်တယ်။
ဒီနှစ်အတွင်းမှာ အမေရိကန်နဲ့ အနောက်တိုင်း သံတမန်တွေ ဗမာပြည်ကို ခပ်စိတ်စိတ်ဝင်လာနေတာကို သတိပြုမိတယ်။ ဒေါ်စုနဲ့ကော စစ်အုပ်စုနဲ့ပါ တွေ့ကြတယ်။ ဒါကြောင့် လက်ရှိဗမာပြည်တွင်းမှာ ဖြစ်ထွန်းနေတဲ့ အခြေအနေများဟာ ဒေသ တွင်းမှာ အရှိန်မြင့်လာတဲ့ နိုင်ငံတကာအားပြိုင်မှုရဲ့ အကျိုးဆက်တခုလိုလည်း သုံးသပ်မိပါတယ်။ တဆက်ထဲပဲ ဒီအခြေ အနေတွေဟာ ဗမာပြည်ရဲ့ အချုပ်အချာအာဏာနဲ့ စပ်လျဉ်းပြီး အရေးကြီးတဲ့အ ချိန်ကာလတခု ဖြစ်လာတယ်။ တနေ့ တခြား ကြီးထွားလာနေတဲ့ တရုတ်ရဲ့သြဇာကိုထိန်းချုပ်ရေးအတွက် အမေရိကန်၊ ဥရောပ၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေ အကြား တဦးနဲ့တဦး ပိုပြီးနီးနီးကပ်ကပ် ဆောင်ရွက်လာနေကြတယ်။ တချိန်ထဲမှာပဲ ဗမာစစ်အုပ်စုဟာ မြစ်ဆုံဆည်ကိစ္စ၊ ရွှေဂက်စ်ပိုက်လိုင်းကိစ္စလို အရေးကိစ္စတွေမှာ တရုတ်နဲ့သူတို့အကြား ခြေလွန်လက်လွန်သဘောတူခဲ့တာတွေဟာ ရေ ရှည်အမျိုးသားအကျိုးစီးပွားကို ထင်တာထက်ထိခိုက်နေတာကို သတိပြုမိလာတယ်။ လောဘဇောတိုက်နေတဲ့ တရုတ် ကို ခွာနိုင်ဖို့ မိတ်ဆွေသစ် ရှာနေတယ်။ ဒီလိုအချိန်မှာ တရုတ်ကို ထိန်းချုပ်ဖို့ အားထုတ်နေတဲ့ နိုင်ငံတကာအင်အားစုတွေ နဲ့ ချိတ်ဆက်မိသွားတဲ့ လက္ခဏာဖြစ်တယ်။ ဒီလို နိုင်ငံတကာအားပြိုင်မှုတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို မှတ်ပုံတင် လွှတ်တော်ဝင်မဲ့ ရွေးလမ်းကို တွန်းပို့လိုက်ခြင်းဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေ တွေဟာ သမိုင်းဘီးတပတ်ပြန်လည်သလို (၄၆-၄၇) ကလို အမျိုးသားရေးအတွက် အရေးကြီးတဲ့ ကာလတခုလို့ မြင်ပါ တယ်။ အန္တရာယ်ကြီးမားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဗမာပြည်အတွက် စိန်ခေါ်မှုတွေက ဘက်ပေါင်းစုံမှာ ရှိနေတယ်။ မြေခွေးတွေလို စစ်အုပ်စုလက်က မလွတ်မြောက်နိုင်သေးတဲ့ လူမမာ ဗမာပြည်အပေါ်မှာ ဠင်းတလို နိုင်ငံတကာ အင်အား စုတွေကလည်း တရစ်ဝဲဝဲရှိနေတယ်။
ဒီအန္တရာယ်မကင်းတဲ့ အခြေအနေတွေမှာ ဒေါ်စုနဲ့ အန်အယ်ဒီတို့ ၀င်ရောက်အားထုတ်မဲ့ လွှတ်တော်တွေဆိုတာကလည်း ခရုခါးတောင်းကျိုက်ဖမ်းဖို့တောင် မစွမ်းမသန်တဲ့ လွှတ်တော်တွေ။ စစ်အုပ်စု ခြေမန်းကွင်းတန်းလန်း နဲ့ လွှတ်တော်တွေ။ ဒေါ်စုအတွက်တော့ ဘဲအုပ်က တရာနှစ်ရာ မဗေဒါက တပင်ထဲအခြေအနေတွေ ပါပဲ။
ကုန်းဘောင်ခေတ်နှောင်းကာလက ဒီနေ့ခေတ်စကားနဲ့ပြောရရင် (stake holder) ဆိုဆို မေဂျာပလေရာ(major player) လို့ပဲပြောပြောနန်းတွင်းကအုပ်စိုးသူလူတန်းစား မှူးကြီးမတ်ရာတွေကြားမှာ ၀ရုန်းသုန်းကား သွေးကွဲနေကြတယ်။ အနီး ကပ် ခြိမ်းခြောက်နေတဲ့ ပြင်ပအန္တရာယ်ကို အလေးအနက် ဂရုမပြုကြဘူး။ ဘုရင်နဲ့ မိဖုရားက အသက်ငယ်ငယ် အမျက် ထန်ထန် အတွေ့အကြုံမရှိဘူး။ အတွေ့အကြုံရှိကြတဲ့ မှူးကြီးမတ်ကြီးများကလည်း ကလေးဘုရင်နဲ့ မိဖုရားကို အလိုလိုက် အကြိုက်ဆောင်ပြီး ကိုယ်နေရာရဖို့အပြိုင် ကြိုးစားနေကြတယ်။ အချင်းချင်း ခြေထိုးရန်စောင်နေကြတယ်။ တိုးပြည်အ ကျိုးကို မျှော်ကိုးပြီး ဥာဏ်ပညာကျယ်ကျယ်နဲ့ မှန်ရာကို ပြောရဲဆိုရဲ လုပ်ရဲတဲ့ ယောအတွင်းဝန်ဦးဖိုးလှိုင်က အရာကျ ဘေးရောက်နေတယ်။ နန်းတွင်းမှာ ဓါးထက်နေတာက ကင်းဝန်ဦးကောင်းနဲ့ တိုင်းတားဝန် ဦးဖိုးတို့ဖြစ်တယ်။ သူတို့ချင်း ကလည်း မတည့်ဘူး။ အပြန်အလှန် အားပြိုင်ခြေထိုးနေကြတယ်။ ကင်းဝန်က နားလေးတယ်။ တိုင်းတားဝန်က လေနာ ရောဂါသယ်။ မစွမ်းမသန် အသက်ကြီးကြပြီ။ စွမ်းသန်တာက ရေနံချောင်းဝန် ဦးစိုတယောက်ပဲရှိတယ်။
ဒီအခြေအနေတွေကို ဆရာတော်ကြီးတွေက သတိပေးကြတယ်။ ဥာဏ်ပညာနဲ့ပြည့်စုံပြီး ရဲရင့်တည်ကြည်တဲ့ ယောအ တွင်းဝန်ကို ပြန်ခေါ်ဖို့ အကြံပြုခဲ့ကြတယ်။ ဆရာတော်ကြီးတပါးက (သင်္ဂဇာ ဆရာတော်ဖြစ်မယ်ထင်ပါ တယ်)…. ပခန်း ကလေ၊ လောင်းရှည်ကနား ရေနံရယ် တတိုင်းချင်း လင်းနိုင်ပါ့မလားလို့ စာချိုး သတိပေးခဲ့တယ်။ ဒါပေမဲ့ မနာခံခဲ့ကြပါ ဘူး။ ဒါကြောင့် သိပ်မကြာခင်မှာပဲ ဗမာတပြည်လုံး သူ့ကျွန်ဖြစ်ခဲ့ရတယ်။ အမျက်ထန်မောက်မာတဲ့ ဘုရင်နဲ့မိဖုရားလည်း ဖမ်းဆီးပြီး ကုလားပြည်ကိုအပို့ခံခဲ့ရတယ်။ အထက်က ၀န်ကြီးတချို့ကတော့ ပြည်သိမ်းနယ်ချဲ့ဗိုလ်ချုပ်ပရင်ဒါဂါတ်ဆီမှာ ဒူးထောက်ခစား အလုပ်အကျွေး ပြုသွားခဲ့ကြတယ်။ နစ်နာခဲ့တာကတော့ တိုင်းပြည်နဲ့ လူမျိုးပဲဖြစ်တယ်။
နိဂုံးချုပ်ရရင် ဒီလိုရှုပ်ထွေးပြီး အန္တရာယ် ထူပြောတဲ့အခြေအနေတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစု တွေကြား က ကွဲလွဲတဲ့သဘောထား အမြင်တွေကို ပဋ္ဋိပက္ခအသွင် အားပြိုင်မှုအဆင့်ကို ရောက်ရှိမသွားအောင် ၀ိုင်းဝန်းကာကွယ် ထိန်းသိမ်းသွားကြဖို့ အရေးကြီးလှပါတယ်။ မိတ်ဖက် ၀ိရောဓိအသွင်နဲ့ ကွဲလွဲတဲ့အမြင်တွေကြားမှာ တူညီတဲ့ ရည်မှန်းချက် ကို အတူလက်တွဲ ဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း တင်ပြအပ်ပါတယ်။
ဗိုလ်သိန်းစိန်တို့ အောက်အီးအီးတွန်သံ ပေးနိုင်ပြီး ရေနံဆီမီးတိုင်များလည်း ထွန်းလင်းကာ
လွတ်ကြောင်း အမှန်ရောက်လို့ ပြည်သူအပေါင်း ရွှင်လန်းဝမ်းမြောက်ပါစေသော်။
ရဲဘော်ကျော်သန်း
KNU နဲ့ ရထားဝန်ကြီးဦးအောင်မင်း တွေ့ဆုံ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့်မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယခုလ နိုဝင်ဘာလ ၁၉ရက်မှ ၂၀ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုစောအားတိုးက “အခုသွားတာ သဘောတူညီချက် လက်မှတ် သွားထိုးဖို့ သွားတာမဟုတ်ဘူးနော်။ Informal အနေနဲ့သွားတာပဲနော်။ ဒါကြောင့် ဒီတွေ့ဆုံမှုမှာ သဘောတူချက် လက်မှတ် ထိုးတာတို့ လုံးဝ မပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းတွေ့ဆုံမှုတွင် (၁)အပစ်အခတ်ရပ်စဲရေး (၂)ဆက်ဆံရေးရုံးများ အပြန်အလှန်ထားရှိရေး (၃)လက်နက်မပါဘဲ နယ်မြေ ကျော်ဖြတ်ခွင့်ပြုရေး (၄)တိုင်းရင်းသားအားလုံးနှင့် အဖွဲ့ပေါင်းစုံပါဝင်သည့် ဗဟိုအဆင့် ဆွေးနွေးပွဲအတွက် နေရာ၊ သတ်မှတ် ရေး စသည့် အချက်လေးချက်ကို ပဏာမအဆင့် သဘောတူညီခဲ့ကြသည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။
နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကိစ္စတွင် ကရင်ဒေသအခြေအနေနှင့် တခြားတိုင်းရင်းသား ဒေသအခြေအနေနှင့် မတူညီသော ကြောင့် အချေအတင် ဆွေးနွေးသွားရမည့်သဘောရှိသလို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိမှာသာလျှင် ကျန်သည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောအားတိုးက ပြောသည်။
ယခုတကြိမ် တွေ့ဆုံမှုတွင် အစိုးရဘက်မှ သမ္မတဦးသိန်းစိန် တိုက်ရိုက် ခန့်အပ်စေလွှတ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းတစ်ဦးသာ ဦးဆောင်ဆွေးနွေးခဲ့ပြီး ကေအဲန်ယူဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ပဒိုစောဒေးဗစ်ထော၊ စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောအားတိုးတို့ ပါဝင်သည်။
ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် နောက်ပိုင်းတွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ပဒိုစောအားတိုးက ယခုလို ပြောသည်။
“ကျနော်တို့ ကေအဲန်ယူက သက်ဆိုင်ရာ ကော်မတီတွေ အားလုံးပြန်ပြီးတော့ ညှိနှိုင်းတိုင်ပင်ရအုံးမယ်။ ဆွေးနွေးရအုံးမယ်။ အဲဒီကိစ္စမှာ ကျနော်တို့ သတ်မှတ်ရက်အပေါ်မှာ ဦးအောင်မင်းကိုယ်တိုင် လက်ခံပြီးတော့ လာပြီးကြိုဆိုမယ်လို့ ပြောထားတာ ရှိတယ်”ဟု ၎င်းက ပြောသည်။
ယခုတွေ့ဆုံမှုမှာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)၏ မူအရ တွေ့ဆုံဆွေးနွေးခြင်း မဟုတ် ဘဲ ကေအဲန်ယူ ကိုယ်စားလှယ်အရ တွေ့ဆုံခြင်းဖြစ်သည်ဟု သိရသည်။
အလားတူ နိုဝင်ဘာလ ၁၉ရက်နေ့တွင် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ သည် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သည့် သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း တွေ့ ဆုံခဲ့သည်ဟု သိရသည်။
ကေအဲန်ယူသည် ၁၉၄၉ခုနှစ်မှ ယနေ့အချိန်ထိ မြန်မာအစိုးရအဆက်ဆက်နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သော် လည်း အောင်မြင်မှု မရရှိခဲ့ပေ။ သမ္မတဦးသိန်းစိန် တက်လာပြီးနောက် ကေအဲန်ယူနှင့် တရားဝင် တွေ့ဆုံမှုသည် ယခုအကြိမ် နှင့်ဆိုလျှင် (၂)ကြိမ်မြောက်ဖြစ်သည်ဟု ကေအဲန်ယူဘက်က အတည်ပြု ပြောကြားခဲ့သည်။
မိုင်ဂျာယန်မြို့တွင် သနပ်ခါးရောင် မိုးရွာကျ
ကချင်ပြည်နယ် အရှေ့တောင်ပိုင်း ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO)၏ အရှေ့ပိုင်းတိုင်းဌာနချုပ် တရုတ်နယ်စပ် မိုင်ဂျာယန်မြို့ တွင် နိုဝင်ဘာ ၂၀ ရက် တနင်္ဂနွေနေ့မှ သနပ်ခါးရောင်မိုးရွာကျနေသည့် အတွက် ဒေသခံများ စိုးရိမ်နေကြသည်။
nov21-yellowrain
သနပ်ခါးရောင် မိုးရွာကျ ပြီးနောက် မိုင်ဂျာယန်တွင် မြင်တွ့ရတဲ့ သနပ်ခါးစက်လို မြင်ကွင်း တချို့ (ဓာတ်ပုံ ဒေသခံတစ်ဦး)
“ငါတို့က ခုလိုဖြစ်တာကိုမမြင်ဖူးတော့ ထင်တာက မိုင်ဂျာယန်ကနေ မိုင် ၁၀ ကျော် ၂၀ လောက်မှာ ဗမာအစိုးရနဲ့ KIO ပစ်ခတ်ကြတဲ့နေရာမှာ ဗမာကသုံးတဲ့ လက်နက်မှာ မီးခိုးမှိုင်းသုံးတယ် ဆိုပြီးကြားတယ် ဆိုတော့ အဲကြောင့်လို့ထင်တာ။”
သူက ဆက်ပြီး “မိုင်ဂျာယန်ထဲ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ တောင်နဲ့ပိုနီးတဲ့ဘက်မှာ မနေ့က ၂ နာရီခွဲ လောက်ကနေ အပေါ်မှာ မိုးတိမ်တွေ မည်းနက်နေအောင် စုဖွဲ့နေပြီးတော့ ဒီသနပ်ခါးအရောင်ထက်ပို ရင့်တဲ့ အ၀ါရောင်ပိုသန်းတဲ့ မိုးစက်တွေကျလာတယ်၊ မိုးရွာသလို ဖြိုင်ဖြိုင်ကြီး ကျလာတယ်။”
အရည်မဟုတ်ဘဲ ချွဲပျစ်သော ၎င်းမိုးစက်များမှာ စက္ကန့်ပိုင်းမှ နှစ်မိနစ်ကြာ ရွာချတတ်ပြီး အကျယ် မီတာ ၃၀ (ပေ ၁၀၀) ၀န်းကျင်ရှိတတ်ပြီး နေရာကွက်ကျားရွာချခြင်းဖြစ်သည်ဟုလည်း မျက်မြင်များပြောသည်။
ထို့အပြင် ယမန်နေ့က ရွာချသည့်နေရာအပြင် နောက်ထပ် ၃ နေရာတွင်ပါ ရွာချသည်ဟု ဒေသခံတစ်ဦး ယခုကဲ့သို့ပြောပါသည်။
nov21-maijayang
မိုင်ဂျာယန် မြို့
“ဒီကနေ့ ၂ နာရီမှာ တစ်ခါပြန်ရွာတယ်။ မိုင်ဂျာယန်လို့ပြောရမယ့်နေရာ ရပ်ကွက် ၅ ဘက်၊ ရပ်ကွက် ၁၊ ၂ ရော၊ ရပ်ကွက် ၃ ကော၊ ကျွန်တော်တို့သွားကြည့်တဲ့အခါမှာ ကျောင်း(IEP ကျောင်း) ရဲ့အနောက် ဘက်မှာ ပျားအုံရှိတယ်။ အဲဒီမိုးရွာပြီးနောက်ပိုင်း ပျားတွေအကုန်လွှင့်ပျောက်သွားတယ်။”
ယခုအခါ မိုင်ဂျာယန်တွေရောက်ရှိခိုလှုံနေကြသော စစ်ပြေးဒုက္ခသည်ကလေးများနှင့် အခြား နယ်ခံ ကလေးငယ်များ အများစု ချောင်းဆိုးနေကြခြင်းအတွက်လည်း စိုးရိမ်နေပူပန်နေရသည်ဟုအကူအညီ ပေးရေးလုပ်ငန်းများလုပ်ဆောင်နေသူ မြို့ခံတစ်ဦး ပြောဆိုသည်။
“တစ်ခုဖြစ်နေတာက အဲဒီကြောင့်လို့တော့ ပြောလို့မရသေးဘူး။ ဒီကလေးတွေ အများသောအားဖြင့် ကလေးတွေ အာခေါင်ခြောက် ချောင်းဆိုးနေကြတယ်။ အားလုံးလို့ပြောလို့ရတယ်။ ဒီရောက်နေတဲ့ ကလေးတွေ။စစ်ပြေးဒုက္ခသည်ကလေးတွေ။ နယ်ခံကလေးတွေရောပဲ။ လူကြီးပိုင်းက တစ်ယောက် နှစ်ယောက်ပဲ များသောအားဖြင့် ကလေးတွေ။”
ကချင်သတင်းဌာန
စစ်အစိုးရ အကျဉ်းသားဘ၀ မှ လူထုခေါင်းဆောင် သမ္မတ အဖြစ်သို့
(The Independent မှ 19 Nov 2011 ရက်စွဲပါ “From prisoner of the State to future president?” သတင်းဆောင်းပါးကို yangon chronicle မှဘာသာပြန်ဆိုသည်) မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ဆုံးဖြတ် လိုက်ပြီဖြစ်ရာ လွှတ်တော်သစ်တွင် နိုဘယ်လ်ဆုရှင် နေရာရလာမည့် အလားအလာနှင့်အတူ ဒီမိုကရေစီသို့ ဦးတည်သည့် လမ်းကြောင်းပေါ်တွင် အရေးကြီးသော ခြေလှမ်း ထွက်ပေါ်လာပြီဖြစ်သည်။ မနှစ်က ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် တရားဝင်နိုင်ငံရေးလုပ်ငန်းစဉ်အတွင်း ပြန်လည် ဝင်ရောက်ရန် တစ်ခဲနက် သဘောတူခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း ငါးဆယ်အတွင်း ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အဖြစ် လာမည့်လတွင် ပီာလာရီကလင်တန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတဘားရက်အိုဘားမားက ထုတ်ဖော် ပြောဆိုသည့်နေ့တွင်ပင် NLD ပါတီကလည်း ယင်းတို့၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည်က မနှစ်က လွတ်မြောက်လာပြီးတော့ သမ္မတကြီးနဲ့ တွေ့ဆုံခဲ့ ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း အကုန်လုံး မပာုတ်ပေမယ့် တစ်ချို့တစ်လေ လွတ်မြောက်လာပါပြီ။ သူမ အနေနဲ့ ကိုယ်စားလှယ်လောင်းတစ်နေရာ ဝင်ပြိုင်လိမ့်မယ်လို့ ကျွန်တော် မှန်းဆထားပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည်၏ အကြီးတန်းလက်ထောက် ဦးဝင်းထိန်က ယမန်နေ့ ညတွင် ရန်ကုန်မြို့မှ ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတရာထူးကို ရည်မှန်းယှဉ်ပြိုင်လိုကြောင်း ရည်ညွှန်း ပြောဆိုထားခြင်းမရှိသော်လည်း သူမကို ‘လေဒီ’ အဖြစ် ရိုးရိုးသားသား၊ လေးလေးစားစား ချစ်ခင်ကြသော မြန်မာနိုင်ငံတွင် လွတ်လပ်မျှတစွာ ရွေးကောက်ပွဲကျင်းပလျှင် သူမသည်သာလျှင် လူကြိုက်အများဆုံး ဖြစ်လာပေလိမ့်မည်။ လက်ရှိအချိန်တွင်မူ သမ္မတကို ပြည်သူများက ရွေးချယ်ခြင်းမပာုတ်ပဲ စစ်ဖက် ကိုယ်စားလှယ်များ၊ ရောင်းရင်းများ အပြည့်ဖြည့်တင်းထားသော လွှတ်တော် ကသာ ရွေးချယ်ခြင်းဖြစ်သည်။ ခုနှစ်နှစ်ဆက်တိုက် အကျယ်ချုပ် ထိန်းသိမ်းခံရသူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး တစ်နှစ်ခန့်အကြာတွင်မူ မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများ မြန်မြန်ဆန်ဆန်ထွက်ပေါ်လာခဲ့ပေသည်။ ဗိုလ်ချုပ်ကြီးပောာင်း ဦးသိန်းစိန် ဦးဆောင်သော အရပ်ဖက်အစိုးရသည် မီဒီယာများကို ထိန်းချုပ်မှု လျှော့ပေးခြင်းအပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ၊ စောင့်ကြည့်သူများ ကြိုဆိုကြသည့် ဆောင်ရွက်ချက် အတော်များများကို လုပ်ဆောင်ပြသခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများစွာကို ဆက်လက် ဖမ်းဆီးထားသည့်တိုင်အောင် အတော်များများကို ပြန်လွှတ်ပေးခဲ့သည်။ ထိုဆောင်ရွက်ချက်များကြောင့်ပင် အာဆီယံအဖွဲ့က ၂၀၁၄ တွင် အဖွဲ့ကို မြန်မာနိုင်ငံဦးဆောင်နိုင်ရန် ယခုသီတင်းပတ်အတွင်း သဘောတူခဲ့ကြသည်။ မြန်မာနိုင်ငံအပေါ် Sanctions များ ချမှတ် အရေးယူထားကြသော အနောက်နိုင်ငံများကလည်း ဦးသိန်းစိန်အစိုးရ၏ ခြေလှမ်းများကို တုန့်ပြန် ကြိုဆိုခဲ့ကြသည်။ ဗြိတိသျှ အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ကြီး Andrew Mitchell သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင် သတိကြီးကြီးထား၍ အကောင်းမြင်ရမည့် အကြောင်းရင်းများရှိနေပြီပာု ယင်းက မှတ်ချက်ပေးပြောဆိုထားသည်။ သို့သော်လာမည့် နှစ်ပတ်အတွင်း မစ္စ ကလင်တန် သွားရောက်မည်ဖြစ်ကြောင်း သမ္မတ အိုဘားမားက မနေ့က ကြေညာခြင်းဖြင့် အကြီးမားဆုံး လျှပ်တပြတ်ရိုက်ချက် ထွက်ပေါ်လာလေသည်။ တိုးတက်ပြောင်းလဲမှု မျှော်လင့်ချက် ရေးရေးမျှ ရှိနေသည်ပာု ပြောဆိုထားသော သမ္မတအိုဘားမားက “ တိုးတက်ပြောင်းလဲမှုအတွက် သမိုင်းဝင်အခွင့်အလမ်းပာာ ဘာဖြစ်နိုင်မလဲဆိုတာကို ကျွန်တော်တို့ ဖမ်းဆုပ်ကြည့်ချင်ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံဆက်သွားမှာလား ဆိုတာကို ရှင်းလင်းသဲကွဲအောင် လုပ်ရမှာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပုံစံသစ် ဖြစ်ပေါ်လာအောင်လည်း အားပေးတိုက်တွန်းနိုင်မှာပါ” ပာု ပြောကြားသည်။ “တကယ်လို့ မြန်မာနိုင်ငံပာာ ပြုပြင်ပြောင်းလဲရေးလမ်းအတိုင်း ဆက်သွားဖို့ ပျက်ကွက်မယ်ဆိုရင်တော့ အရေးယူဒဏ်ခတ်မှုနဲ့ ပစ်ပယ်မှုကို ဆက်လက်ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် အခုအခိုက်အတန့်မှာ ရနေတဲ့ အရှိန်ကို ဆက်ထိန်းထားမယ်ဆိုရင်တော့ ပြန်လည်စေ့စပ် သင့်မြတ်မှု အောင်မြင်နိုင်ပါတယ်” ပာု အိုဘားမားက ဆိုသည်။ အမေရိကန်တို့၏ ယခုဆုံးဖြတ်ချက်ကို အကြောင်းရင်းများစွာ လှုံဆော်ပေးခဲ့ပုံရသည်။ အရေးယူဒဏ်ခတ်မှု Sanctions များသည် အားလုံးကို ရည်ညွှန်းသော်လည်း နိုင်ငံတွင်း ရေနံနှင့် ဓာတ်ငွေ့ ထုတ်ယူရန် ကြိုးစားနေသော ကုမ္ပဏီများထဲမှ လက်တစ်ဆုပ်စာ အမေရိကန်ကုမ္ပဏီများသာ တားဆီးခံနေကြရသည်။ ထို့အပြင် စွမ်းအင် သဘောတူညီချက်များစွာ ရရှိထားပြီးဖြစ်သော တရုတ်တို့၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းနေမှုကို တုန့်ပြန်ရေး ကိစ္စကိုလည်း ဝါရှင်တန်က စိုးရိမ်ပူပန်လျက်ရှိသည်။ နောက်ဆုံးတွင်မူ မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီး အာဏာရလာသော နာမည်ခံ အရပ်ဖက်အစိုးရသည် တစ်စုံတစ်ရာ ကွဲပြားခြားနားမှုကို ကိုယ်စားပြုနေသည်ပာု အမေရိကန်တို့ ယုံကြည်သွားပုံရသည်။ ယခု US Campaign for Burma ကို ဦးဆောင်နေသူ နိုင်ငံရေးအကျဉ်းသားပောာင်း ဦးအောင်ဒင်က “သမ္မတ အိုဘားမား၏ ကြေညာချက်ကြောင့် အံ့အားသင့်ခဲ့မိကြောင်း” ပြောဆိုသည်။ သို့သော် ဦးအောင်ဒင် က ဆက်လက်၍ “နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူ ကြိုဆိုတယ်ဆိုတဲ့နောက်တော့ ကျွန်တော်တို့ကလည်း ထောက်ခံပါတယ်။ အမေရိကန်အစိုးရရဲ့ စိတ်ရင်းစေတနာကောင်း ပြသမှုကို မြန်မာအစိုးရက နားလည်သဘောပေါက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းဖြင့် အပြုသဘောတုန့်ပြန်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ပာု ပြောကြားသည်။ သမ္မတအိုဘားမားက ဆုံးဖြတ်ချက်မချမီ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၂၀ ခန့် ဖုန်းဖြင့် စကားပြောခဲ့သည်ပာု ဆိုသည်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော် တိုက်ရိုက်စကားပြောဆိုခဲ့ပြီး ဒီလုပ်ငန်းစဉ် ရှေ့ကိုဆက်ရွေ့အောင် အမေရိကန်အစိုးရရဲ့ ဆက်ဆံ တွေ့ထိညှိနှိုင်းမှုကို သူမက ထောက်ခံအားပေးတယ်ဆိုတဲ့ အချက်ကို အတည်ပြုခဲ့ပါတယ်” ပာု အမေရိကန်သမ္မတက ပြောကြားသည်။ မနေ့က NLD ဗပိာုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ်ကုန် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ရန် သူမ၏ ပါတီ အဆင်သင့်ဖြစ်စေချင်ကြောင်း ပါတီဝင်များကိုပြောကြားခဲ့သည်။ “ကျွန်မ အနေနဲ့ ပြောရရင် ပါတီကို ပြန်လည်မှတ်ပုံတင်စေချင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ၄၈ နေရာစလုံးကို ဝင်ပြိုင်စေချင်တယ်” ပာု ပြောကြားခဲ့ကြောင်း Reuters သတင်းဌာန၏ အဆိုအရ သိရှိရသည်။
Myanmar News Now
အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၈၁
ဦးအောင်ခင်မြင့် နှင့် သူရဦးရွှေမန်း ထိပ်တိုက်တွေ့
ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့် ဥပဒေများကြမ်းများကို အခြေခံ ဥပဒေ ခုံရုံးသို့ ပေးပို့စိစစ်ပြီး သမ္မတ လက်မှတ်ထိုးကာ ဥပဒေအဖြစ် ထုတ်ရန် အထက်လွှတ်တော် နာယက ဦးခင်အောင်မြင့်က လိုလားခဲ့သော်လည်း သောကြာနေ့တွင် ပြန်လည် ရုပ်သိမ်းလိုက်သည်။
ဦးခင်အောင်မြင့်က  ပြန်လည် ပယ်ဖျက်ရခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားချက်ကို
နိုင်ငံပိုင် သတင်းစာ မြန်မာ့အလင်းက ကိုးကားဖော်ပြထားရာတွင် “ ပြည်ထောင်စု လွှတ်တော်တွင် ကောင်းမြတ် သည့် အစဉ်အလာ ကျန်ရှိရန်နှင့် အောက်လွှတ်တော်ကို အလေးထား၍” ဟု ပါရှိသည်။
အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဦးခင်အောင်မြင့်က
“ ဥပဒေကြမ်းများသည် ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်းရှိ၊ မရှိ သံသယရှိဖွယ် ကိစ္စများ ပါဝင်သည်ဟု ယူဆပါက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့စိစစ်စေမည်”ဟု ဆုံးဖြတ်ခဲ့သည်။
meetlotdaw2
ပြည်ထောင်စု လွှတ်တော်မှ အတည် မပြုသေးသမျှ တခြမ်းပဲ့ အဖြေပင် ဖြစ်ကြောင်း၊ တခြမ်းပဲ့ ဆုံးဖြတ်ချက်နှင့် နာယကအပေါ် ပုတ်ခတ် ဝေဖန်မှုများ ရှိခဲ့လျှင် ပြစ်ဒဏ်ပေး၍ရသည်ဟု ဦးခင်အောင်မြင့် ပြော (ဓါတ်ပုံ မဇ္ဈိမ)
သို့သော် သူ၏ဆုံးဖြတ်ချက်မှာ လွှတ်တော်နှစ်ခုအကြား ငြင်းစရာ ဖြစ်သွားခဲ့သည်။ အောက်လွှတ်တော် လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးရင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေများနှင့် ညီညွတ်ခြင်းကြောင့် ပြန်လည်ရုပ်သိမ်းပေးရန် နိုဝင်ဘာလ တရက်နေ့တွင် အဆိုတင်သွင်း ခဲ့သည်။  သူ၏အဆိုကို အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထောက်ခံလိုက်ပြီး “လွှတ်တော်၏ ဂုဏ်သိက္ခာ ကို ထိခိုက်စေနိုင်သည်” ဟု အပြစ်တင်ခဲ့သည်။
နိုဝင်ဘာ သုံးရက်နေ့တွင် အထက်လွှတ်တော် ဆွေးနွေးမှုများတွင်လည်း “ပြည်ထောင်စု လွှတ်တော်မှ အတည် မပြုသေးသမျှ တခြမ်းပဲ့ အဖြေပင် ဖြစ်ကြောင်း၊ တခြမ်းပဲ့ ဆုံးဖြတ်ချက်နှင့် နာယကအပေါ် ပုတ်ခတ် ဝေဖန်မှုများ ရှိခဲ့လျှင် ပြစ်ဒဏ်ပေး၍ရသည်”ဟု ဦးခင်အောင်မြင့်က ဆွေးနွေးသွားခဲ့သေးသည်။
ထို့အပြင် အဆိုပါကိစ္စကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံ တင်ပြလာပါကလည်း “နာယက၏ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ဟန့်တား နောက်ယှက်ရာ ကျသည့်အတွက် ခွင့်မပြုနိုင်”ဟု ပြောကြားခဲ့သေးသည်။
သို့ဖြင့် ပြည်ထောင်စုလွှတ်တော်ကို လွန်ခဲ့သော သောကြာနေ့က ပြန်လည် စတင်ရာတွင် ဆွေးနွေးစရာ ဖြစ်လာခဲ့
သော်လည်း ဦးခင်အောင်မြင့်ကိုယ်တိုင် ပြန်လည်ရုပ်သိမ်းသွား၍ ပြီးဆုံးသွားသည်။
ချင်းမိုင် (မဇ္ဈိမ)
The Voice 7-49 နိုဝင်ဘာ-၂၁ ရက်နေ့
The Voice 7-49 & Supplement
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာရင် ဦးဆောင်မှု ခံယူမည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် သူ့ဦးဆောင်မှုကို အပြည့်အ၀ ထောက်ခံသွားကြမှာပါလို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော် အမတ် တချို့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
လွှတ်တော် ကိုယ်စားလှယ်တွေဟာ အများ အတွက် အကျိုးရှိမယ် ဆိုရင်ထောက်ခံကြတာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကလည်း အများ အကျိုးရှိတဲ့ လုပ်ငန်းကိုပဲ ပြောမှာဆိုမှာ ဆိုတော့ ၀ိုင်းဝန်း ထောက်ခံကြမှာပါလို့ အမျိုးသား ဒီမိုကရေစီသစ် ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အာရ်အက်ဖ်အေကိုပြောပါတယ်။ အလားတူ ရခိုင်အမျိုးသားတိုးတက်ရေးပါတီက အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ အေးမောင် ကလည်း လွှတ်တော်ထဲ ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် အတွက် ထိုက်တန်တဲ့ ရာထူးနေရာ ပေးဖို့ လိုအပ်ကြောင်း၊ ပြည်ထောင်စုကြီးကို ဆွဲခေါ် မ တင်နိုင်ဖို့ အားကို သူဖန်တီးနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကို လာမဲ့ ဒီဇင်ဘာလ အကုန်ပိုင်းလောက်မှ ကျင်းပဖို့ ရှိတယ်လို့ အများက ခန့်မှန်းထား ပါတယ်။ လစ်လပ်နေတဲ့ မဲဆန္ဒ နယ်မြေတွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ၀င်ရောက် အရွေးခံမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အာရ်အက်ဖ်အေကို ပြောဆိုခဲ့ပါတယ်။ ဒီအတောအတွင်း မြန်မာနိုင်ငံက အပြောင်းအလဲတွေကို လေ့လာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လာရောက်ဖို့ ရှိပါတယ်။
RFA
တူနီးရှား အစိုးသစ် ပါလီမန်မှာ အခြေခံဥပဒေရေးဆွဲမည်
တူနီးရှား နိုင်ငံမှာ တိုင်းပြည်ရဲ့ ထိပ်တန်း ရာထူး သုံးခုအတွက် ရွေးကောက်ပွဲ အနိုင်ရ အဓိက ပါတီကြီး သုံးခုကြား သဘောတူညီမှု ရခဲ့ပါပြီ။ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံး အနိုင်ရခဲ့တဲ့ အလယ်အလတ်ကျတဲ့ အစ္စလာမ် ဝါဒီ Ennahda အန်နာဒါ့ ပါတီ ဒုတိယခေါင်းဆောင် Hamadi Jebali ဟာမာဒီ ဂျီဘလီက ဝန်ကြီးချုပ်သစ် ဖြစ်လာပါပြီ။လက်ဝဲယိမ်းတဲ့ Congress for the Republic ပါတီက ခေါင်းဆောင် Moncef Marzouki မွန်ဆက်ဖ် မာဇိုကီးက သမ0x081မတ နေရာယူခဲ့ပါတယ်။တတိယ ညွှန့်ပေါင်း အစိုးရ အဖွဲ့ထဲက Ettakatol ပါတီ ခေါင်းဆောင် မူစတာ ဘန် ဂျာဖာ Mustafa Ben Jaafar က တူနီးရှား လွှတ်တော် ဥက္ကဌ ရာထူးကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။ဒီအကြီးအကဲ ရာထူးသုံးခုကို ဒီနေ့ အင်္ဂါနေ့ မှာ ပထမဆုံး အကြိမ် ခေါ်ယူ ကျင်းပတဲ့ တူနီးရှား လွှတ်တော်မှာ အတည်ပြု ကြေညာမှာ ဖြစ်ပါတယ်။တူနီးရှားမှာ ပြီးခဲ့တဲ့ ဇန္နဝါရီလတုန်းက အာဏာရှင် သမ္မတ ဘန်အလီ ရာထူးက ဆင်းပေးခဲ့ရပြီးတဲ့နောက် ဖွဲ့စည်းပုံသစ်ကို အခု ပါလီမန် အသစ်က ရေးဆွဲမှာဖြစ်ပါတယ်။
ဘီဘီစီ
သမ္မတကြီး ဦးသိန်းစိန် ဂန္ဓလရာဇ်ကမ်းမှ ခွာတော်မူခြင်း
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပလျက်ရှိသော အာဆီယံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ၂၀၁၄ အာဆီယံဥက္ကဋ္ဌ ရာထူးအတွက် အတည်ပြုလိုက်ပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေများမှ ပိုမိုကြိုးစားရတော့မည်ဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က သူ၏ west wings အဖွဲ့သားများကို သြဝါဒပေးလိုက်သည်။
အာဆီယံဥက္ကဋ္ဌ ရာထူးရယူနိုင်ရန် အသည်းအသန်ကြိုးပမ်းနေခြင်းမှာ လက်ရှိအစိုးရသည် ရွေးကောက်တင်မြှောက်ခံ အစိုးရဖြစ်ခြင်းနှင့် အရပ်သားအစိုးရအဖြစ် နိုင်ငံတကာတွင် တရားဝင်ရန် ကြိုးပမ်းခြင်းဟု နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုကြသည်။ ထိုမှတ်ချက်ပြုမှုများသည် ပညာရှင်တို့ သဘောထားဖြစ်၍ မှန်ကန်သော်လည်း အခြားအချက် တစ်ချက်လည်း ရှိနေပြန်သည်။ အလွန်အမင်း အင်အားကြီးထွားလာသည့် တရုတ် နိုင်ငံကို ပါဝါမျှခြေထိန်းရန်အတွက် အာဆီယံအသိုက်အဝန်းကို ဦးဆောင်ရန် ကြိုးပမ်းခြင်းဟု ဆိုနိုင်မည့် အရိပ်အယောင်တွေလည်း တွေ့ရသည်။
ယခင်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းအစိုးရအနေဖြင့် အုပ်ချုပ်ခဲ့ရာ ရွေးကောက်တင်မြှောက်ခံအစိုးရ မဟုတ်သဖြင့် နိုင်ငံတကာတွင် မျက်နှာပန်းမလှခဲ့သလို အမေရိကန်နှင့် ဥရောပနိုင်ငံများကလည်း ဝိုင်းကြဉ်ထားသည်ဖြစ်ရာ မြန်မာစစ်အစိုးရအနေဖြင့် ကမ္ဘာ့အလယ်တွင် တရားဝင် နိုင်ရေးအတွက် ကုလသမဂ္ဂတွင် အင်အားကြီးတစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထီးရိပ်ကို ခိုခဲ့ရသည်။ ထီးရိပ်ခိုခအတွက်၊ စစ်အစိုးရကို ကာကွယ်စောင့်ရှောက်ခအတွက် မြန်မာတို့အနေဖြင့်လည်း တရုတ်ပြည်ကို ပြန်လည်ပေးဆပ်လိုက်ရမှုတွေ များစွာရှိခဲ့သည်။ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတတွေ အားလုံးနီးပါးကို တရုတ်ပြည်တစ်ခုတည်းကို မဖြစ်စလောက်ငွေကြေးဖြင့် ရောင်းချပေးရသည်။ တရုတ်နိုင်ငံမှ အမှိုက်နီးပါးဖြစ်သည့် မိုဘိုင်းဖုန်းတွေကို မြန်မာနိုင်ငံအတွင်း ဈေးကွက်ရှာပေးရသည်။ မဟာဗျူဟာအရ အလွန်ပင်စိုးရိမ်ဖွယ်ကောင်းသည့် မြစ်ဆုံစီမံကိန်းကြီးနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကို ခွင့်ပြုခဲ့ရသည်။ မြစ်ဆုံစီမံကိန်းသည် ပြည်သူတစ်ရပ်လုံး၏ တက်တက်ကြွကြွ ကာကွယ်မှု၊ မီဒီယာများ၏ မီးမောင်းထိုးမှု၊ ကမ္ဘာ့အသိုင်းအဝိုင်း၏ ဖိအားနှင့် သမ္မတကြီး၏ ရဲဝံ့ပြတ်သားသော ဆုံးဖြတ်ချက်တို့ကြောင့် ရပ်တန့်နိုင်ခဲ့ပြီဖြစ်သော်လည်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ယင်းနှင့်တဆက်တည်းဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းများသည် နိုင်ငံ၏ အချုပ်အခြာအာဏာအထိပင် စိုးရိမ်ဖွယ် ကောင်းနေသေးသည်။ သို့ရာတွင် လက်ရှိအခြေအနေအရ မြန်မာအစိုးရသစ်အနေဖြင့် နိုင်ငံတကာတွင် တရားဝင်ဖြစ်ပြီဟု ဆိုနိုင်စေကာမူ ဖြတ်သန်း စရာတွေ အများကြီးကျန်နေသေးသည်ဖြစ်ရာ ဆွေမျိုးပေါက်ဖော်တို့ အမျက်ဒေါသထွက်မည့်အရေးကို ရှောင်ရှားလိုသောကြောင့် ကျောက်ဖြူရေနက် စီမံကိန်းကို ဆက်လက်ခွင့်ပြုခဲ့သည်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် တရုတ်ပြည်ကြီးကို စိန်ခေါ်နိုင်စွမ်းမရှိသေးသည့် အခြေအနေကို သဘောပေါက်၍ တရုတ်ပြည်နှင့် ထိပ်တိုက်မတိုးရန် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စတွင် နှုတ်ဆိတ်နေခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်သည် စစ်အစိုးရခေါင်းဆောင်များထဲတွင် ဥာဏ်ပညာအကြီးမားဆုံးဖြစ်ပြီး နိုင်ငံတကာရေးရာ အမြင်ရှိသူတစ်ဦးလည်း ဖြစ်ရာ တရုတ်ပြည်၏ မြန်မာနိုင်ငံအပေါ် လိုအပ်သည်ထက် သြဇာလွှမ်းမိုးနေမှုကို လျော့ချရန် လိုနေပြီဖြစ်ကြောင်း ယခင် အစိုးရလက်ထက် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်ကပင် သုံးသပ်မိဟန်တူပါသည်။ ထို့ကြောင့် သမ္မတအဖြစ်ကျမ်းကျိန်၍ အစိုးရသစ်ဖွဲ့စည်းပြီးသည်နှင့် တပြိုင်နက် မြန်မာ အစိုးရသစ်ကို နိုင်ငံတကာတွင် တရားဝင်ရန် ကြိုးပမ်းမှုကို စတင်တော့သည်။ သဘောမှာ မြန်မာနိုင်ငံအနေဖြင့် ပေါင်းသင်းစရာ တရုတ်တစ်နိုင်ငံတည်း မဟုတ်တော့စေရန် လုပ်ဆောင်ခြင်းဖြစ်သည်။
သမ္မတကြီးသည် အစိုးရသစ်ဖွဲ့ပြီးပြီးချင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဦးသိန်းစိန်သည် သူ့နိုင်ငံကို သြဇာလွှမ်းသော အကိုပေါက်ဖော်ကြီးများကို သွားရောက်ဂါရဝပြုခြင်းဖြစ်လိမ့်မည်ဟု သုံးသပ်ခဲ့ကြသော်လည်း ထိုခရီးစဉ်တွင် ဦးသိန်းစိန်က တရုတ် ခေါင်းဆောင်တွေကို မိမိသာလျှင် မြန်မာနိုင်ငံ၏ အထွဋ်အထိပ်ဖြစ်ပြီး သွားလေသူ ဗိုလ်ချုပ်မှူးကြီးကို တမ်းတနေခြင်းမပြုရန် အသိပေးလိုခြင်း ဖြစ်ပုံ ရသည်။ မြန်မာနိုင်ငံ၏ ဥသျှောင်သမ္မတဖြစ်ကြောင်းကိုလည်း မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုက်ခြင်းဖြင့် တရုတ်ခေါင်းဆောင်တွေကို သတိပေး လိုက်သည်။ စစ်အစိုးရလက်ထက်က တရုတ်အစောင့်ရှောက်ခံ ကိုးကန့်နှင့် ဝ တိုင်းရင်းသားလက်နက်ကိုင်များကို ထိုးစစ်ဆင်သည့် ကိစ္စနှင့် ပတ်သက်ပြီး တရုတ်ပြည်၏ အမျက်တော်ရှမှုကို ခံခဲ့ရသည်။ ထိုကိစ္စကို စစ်တပ်၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက သွားရောက် ဖြေရှင်းခဲ့ရာ တရုတ်ခေါင်းဆောင်တွေက “ မင်းဆရာဘယ်သူလည်း၊ မင်းထက်ကြီးတဲ့သူ လွှတ်လိုက်” ဟု ရင့်သီးစွာပြောခဲ့သဖြင့် ထိုစဉ်က နံပါတ် ၂ ဥသျှောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကိုယ်တိုင် သွားရောက်ဖြေရှင်းခဲ့ရသည်။ ယခု မြစ်ဆုံကိစ္စတွင် တရုတ်နှင့် ပြဿနာအကြီးအကျယ် တက်လိမ့်မည်ဟု ယူဆရသော်လည်း သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကိုယ်တိုင်သွားရောက်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံခြားရေးဝန်ကြီးကိုသာ စေလွှတ် ခဲ့ပြီး ၎င်းကမူ တရုတ်၏ မဟာဗျူဟာပြိုင်ဘက် အိန္ဒိယသို့ ချစ်ကြည်ရေးသွားရောက်ခဲ့ခြင်းဖြင့် တရုတ်အစိုးရကို ကြိုးတစ်ချောင်း တင်းပြလိုက်သည်။ ထိုခရီးစဉ်တွင် အိန္ဒိယနှင့် သဘောတူညီချက် များစွာရရှိခဲ့ပြီး စစ်တွေရေနက်စီမံကိန်းသည် ကျောက်ဖြူရေနက်စီမံကိန်းကို ထောက်ထားနိုင်မည့် မဟာဗျူဟာ ဆိပ်ကမ်းတစ်ခုလည်း ဖြစ်ခဲ့သည်။
သမ္မတကြီးအနေဖြင့် တရုတ်ကို တန်ပြန်ရန်မှာ အာရှအနေအထား တစ်ခုတည်းနှင့်မဟုတ်ဘဲ ကမ္ဘာ့စူပါပါဝါဖြစ်သည့် အမေရိကန် ပြည်ထောင်စု၏ အသိအမှတ်ပြုမှုကိုလိုကြောင်း သဘောပေါက်ပုံရသည်။ ထို့ကြောင့် အမေရိကန်နှင့် ပြေလည်နိုင်မည့် နည်းလမ်းတွေကို ရှာဖွေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အနောက်ကမ္ဘာကို သြဇာရှိသည့် ပုဂ္ဂိုလ်တစ်ဦး အစိုးရအဖွဲ့ထဲရောက်လာပါက ထိုကိစ္စတွေ အဆင်ပြေနိုင်သည့်အတွက် သူမကို လွှတ်တော်ထဲ၊ အစိုးရအဖွဲ့ထဲ ရောက်လာရန် တွေ့ဆုံညှိနှိုင်းခဲ့သည်။ အရေးကြီးက သွေးနီးရာဆိုသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း တိုင်းပြည်အခြေအနေကို ငဲ့ကွက်၍ သမ္မတကြီးဘက်မှ ရပ်တည်ပေးခဲ့သဖြင့် ယခုအခါ အနောက်ကမ္ဘာ အထူးသဖြင့် အမေရိကန်နှင့် ပြေလည်မည့် လမ်းစပေါ်ထွန်း လာခဲ့ပြီဖြစ်သည်။ NLD ပါတီရွေးကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက် ထွက်ပေါ်အပြီး အမေရိကန်သမ္မတ အိုဘားမားက Air Force 1 လေယာဉ်ကြီးပေါ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကို မြန်မာနိုင်ငံသို့ စေလွှတ်ရန် ကိစ္စများ ကို ပြောဆိုခဲ့သည်။ မကြာမီပင် သမ္မတအိုဘားမားနှင့် သမ္မတကြီး ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာ ၁၉နေ့ထုတ် မြန်မာအစိုးရပိုင် သတင်းစာများ၏ နောက်ကျောဖုံးနှင့် အတွင်းစာမျက်နှာများတွင် ထူးခြားချက်တွေကို မြင်နိုင်သည်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်းပြောကြားသည့် သတင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဗီယက်နမ် နိုင်ငံသို့ စစ်ရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် သွားရောက်သည့် သတင်းတွေကို ဝေဝေဆာဆာ ဖော်ပြထားသည်။ ဗီယက်နမ်သည် တောင်တရုတ် ပင်လယ်အတွင်းရှိ စပါတလေကျွန်းများအတွက် တရုတ်နှင့် အကြီးအကျယ် အငြင်းပွားနေရာမှ လွန်ခဲ့သည့်လအတွင်း ဗီယက်နမ်နှင့် အိန္ဒိယ ရေတပ်များ အငြင်းပွားရာ ရေပြင်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ ဘုံရန်သူချင်းတူလျှင် မိတ်ဆွေဖြစ်သည်ဟူသော သီအိုရီအရ မြန်မာနှင့် ဗီယက်နမ် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်တို့အတွက် မျက်ခုံးလှုပ်စရာပင်။ ထိုကျွန်းများအတွက် အငြင်းပွားနေရသော ဖိလစ်ပိုင်နှင့် မလေးရှားတို့ကလည်း အာဆီယံနိုင်ငံများ ပူးပေါင်း၍ တရုတ်ကို ရင်ဆိုင်သွားကြရန် သဘောတူထားကြသည်။
ယခု မြန်မာအာဆီယံ ဥက္ကဋ္ဌလည်းဖြစ်ပြီ၊ အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးကောင်းမွန်သည့် လမ်းကြောင်းပေါ်လည်း ရောက်လာပြီ၊ အာဆီယံနိုင်ငံအားလုံးကလည်း မြစ်ဆုံစီမံကိန်းဖြင့် တရုတ်ပြည်ကို တုန်လှုပ်စေခဲ့သော မြန်မာကို ခေါင်းဆောင်တင်လိုက်ကြပြီး အာဆီယံကို ခြိမ်းခြောက်နိုင်သော တရုတ်ပြည်ကို ရင်ဆိုင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ထို့ကြောင့် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကူးစရာကမ်းတွေ၊ ကပ်စရာ ကမ်းတွေ အများကြီးရှိနေပြီဖြစ်ရာ မကြာမီပင် ဂန္ဓလရာဇ်ကမ်းမှ ဝေးနိုင်သမျှဝေးအောင် ဆုတ်ခွာတော့မည်သာ ဖြစ်သည်။
****************************************************************************************************
Yangon Chronicle
ဒေါ်စုပါဝင်မည့် ပင်လုံကဲ့သို့ညီလာခံ ဖြစ်ပေါ်ရန်ဖေါ်ဆောင်မည်ဟု ရထားဝန်ကြီးပြော
နေပြည်တော်နှင့် ထပ်မံဆွေးနွေးပြီးပါကဒေါ်အောင် ဆန်းစုကြည်ပါဝင်သော ပင်လုံကဲ့သို့အစည်းအဝေး ထပ်မံဖြစ်ပေါ် လာစေရန် စွမ်းဆောင်မည်ဟုသျှမ်းပြည် တပ်မတော်(တောင်ပိုင်း)ဟု လူသိများသည့် RCSS/ SSA နှင့်ပဏာမတွေ့ဆုံပွဲ၌ ရထားပို့ဆောင်ရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
“သျှမ်းပြည်အေးချမ်းမှုကိုလိုလားတယ်လို့ ဦးအောင်မင်းပြောတယ်။ နေပြည်တော်နဲ့ အောင်မြင်စွာဆွေး နွေးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ယခင်ပင်လုံညီလာခံပုံစံဖြစ်အောင် နေပြည်တော်မှာ လုပ်မယ်။ ပင်လုံတုန်းကထက်ပို ကောင်းတဲ့ ညီလာခံလဲဖြစ်ချင်ဖြစ်လာနိုင်တယ်လို့လဲပြောသွားတယ်” - ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် သျှမ်းသံတော် ဆင့်အယ်ဒီတာ စဝ်ခင်းဆာယီကပြောသည်။
ဦးအောင်မင်းက - လက်ရှိ မြန်မာအစိုးရကြုံတွေ့နေရသော အခက်အခဲ ၃ ရပ်မှာ ၁- နိုင်ငံတကာ၏ ပိတ်ဆို့မှု၊ ၂- ဒေါ် အောင်ဆန်းစုကြည်ပြဿနာ၊ ၃- တိုင်းရင်းသားပြဿနာတို့ဖြစ်သည်။ ဤစုရပ်အနက် ပထမ ၂ ရပ်ကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်ဟုသိရသည်။
စဝ်ယွက်စစ်ဦးဆောင်သည့် RCSS /SSA တပ်ဖွဲ့မှ စက်ပစ္စည်းများအား ဗုံးခွဲဖျက်ဆီးမည်ကို စိုးရိမ်သဖြင့် ၎င်းတာဝန် ယူ နေသော သျှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းသို့ မီးရထားလမ်းဖောက်လုပ်နေမှုအားခေတ္တ ရပ်ဆိုင်းထားရကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကပြောသည်ဟုဆို၏။
“ပြည်ထောင်စုတိုင်းရင်းသား လူဦးရေသန်းပေါင်း ၆၀ ရဲ့အကျိုးကို ကြည့်ပြီးတော့ ငြိမ်းချမ်းရေးအတွက် စဉ်းစားစေချင် တယ်လို့ ဦးအောင်မင်းက ပြောတယ်။ BGF အတွက် စိတ်မပူနဲ့။ BGF လုပ်ဖို့ လုံးဝမတိုက် တွန်းတော့ဘူးတဲ့။ ပြည်သူ့ စစ်ဘဲလုပ်။ လက်နက်ကိုင်ထား။ မြန်မာအစိုးရကို မယုံကြည်တဲ့ချိန် အချိန်မရွေး တောပြန်ခိုနိုင်တယ်။ ပြန်တိုက်နိုင်တယ် ” ဟု ဦးအောင်မင်းက အာမခံသွားကြောင်း လွယ်တိုင်းလျဲန်း၏ ‘အစိုးရနှင့်တွေ့ဆုံဆွေးနွေးရေးကော်မတီ’ ဝင် တဦးကပြောသည်။
ဦးအောင်မင်းပြောဆိုတင်ပြမှုအပြီး ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က - မိမိတို့ဖက်မှ တင်ပြချက် ၄ ချက် ကို ဦးအောင်မင်းထံ ပေးကမ်းခဲ့ပြီး - ဖိနှိပ်ချုပ်ချယ်မှုကြောင့် စစ်မီးလျှံအတွင်း မလွှဲသာမရှောင်သာတိုးဝင် ခဲ့ရကြောင်း၊ မိမိသည်လည်း ပြည် ထောင်စုသားတဦးဖြစ်သည့်အားလျော်စွာ ပြည်ထောင်စုသား၏ဖွံ့ဖြိုး တိုးတက်ရေး အတွက် တဖက်တလမ်းမှပါဝင်ပူးပေါင်း မည်ဖြစ်ကြောင်း၊ ထိုသို့ ပါဝင်ပူးပေါင်းနိုင်ရေးအတွက် အစိုးရ နှင့် မိမိတို့အကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် အဓိက ဖြစ်နေကြောင်း ပြော၏။
“ကျနော်တို့ သျှမ်းပြည်သားတွေ အမှောင်ထုထဲမှာနေလာရတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ခုကျနော်တို့တွေ့ဆုံ ဆွေးနွေး မှုဟာ သျှမ်းပြည်လူထုအတွက် ရောင်ခြည်ဦးလေးလို့ဆိုနိုင်ပါတယ်။ သို့ပေမယ့် မပြောင်းလဲဘဲ ဆက်လက်အဖိနှိပ်ခံ နေရဦးမယ်ဆိုရင်တော့ ထွန်းတောက်လာမယ့် နေအလင်းတွေဟာ နေကျပ်လို့ အမှောင်ထု ဖုံးလွမ်း မှေးမှိန်ပျောက်ကွယ် သွားမှာကိုစိုးရိမ်ရတယ်” - ဟုလည်း စဝ်ယွက်စစ်ကပြောသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ စစ်အင်အားသုံး လက်နက်ကိုင် ဖြေရှင်းသဖြင့်မြန်မာ စစ်တပ်အပေါ် လူထု၏ နာကျည်းမှုဒဏ်ရာကို အချိန်ပေးကုစားဖို့ မြန်မာ့တပ်မတော်ကလည်းသဘောထား ကြီးကြီးထားရမည်ဖြစ်ကြောင်း လည်း စဝ်ယွက်စစ်က ဖြည့်စွက်ပြောကြားခဲ့သည်ဟုဆို၏။
ထို့အပြင် နိုင်ငံတကာနှင့်သင့်မြတ်မှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲပူးပေါင်းမှု၊ အာဆီယံဥက္ကဌဖြစ်လာ မှုကြောင့် ဖွံ့ဖြိုးတိုးတက်လာပြီဟု မဆိုနိုင်သေးကြောင်း၊ အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးပုန်းခိုနေရခြင်း၊ နှစ် ၂၀ ကြာ အပစ် ရပ်သည် ဟုဆိုသော်လည်း ယနေ့တိုင်ပစ်ခတ်တိုက်ခိုက်နေရခြင်းတို့မှာ ဖွံ့ဖြိုးတိုးတက်မှု၏ အဖြေဖြစ်ကြောင်း RCSS ခေါင်းဆောင် ကပြော၏။
ဦးအောင်မင်းက - လွန်ခဲ့သည့် နှစ် ၂၀ က ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခဲ့သော်လည်း မအောင်မြင်ရ ခြင်းမှာ ပြည်သူ လူထုပါဝင်ခွင့်မရခြင်းကြောင့်ဖြစ်ကြောင်းပြောကြားစဉ် RCSS ခေါင်းဆောင်က၎င်းအားဝမ်း သာအားရလက်ဆွဲ နှုတ်ဆက် ခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားနယ်မြေ၌ တိုင်းရင်းသားက ထိန်းချုပ်ခြင်းမှာ အသင့်လျော်ဆုံးဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေး ခဲ့ပြီးပါက စီးပွါး ရေး ဖွံ့ဖြိုးတိုးတက်မှု၌ ပြည်ထောင်စုအစိုးရ က အခွန်အနည်းငယ်သာ ကောက်ယူမည်ဖြစ်ပြီး စက်ရုံ လုပ်ငန်းလည်ပတ် နိုင်ပြီဆိုပါက ဒေသခံလူထုလည်း အိမ်နီးချင်းနိုင်ငံသို့ထွက်ပြေးခိုလှုံခြင်း ပြုလုပ် တော့မှာမဟုတ်ကြောင်း၊ ထို့ထက်မက အိမ်နီးချင်းနိုင်ငံကပင် မိမိတို့ဒေသသို့ လာရောက်အလုပ်လုပ်ကြ မည်ဖြစ်ကြောင်း ဦးအောင်မင်းကပြော၏။
စဝ်ခင်းဆာယီကဆက်၍ - “ အခုလည်းတိုင်းရင်းသားစာပေသင်ကြားခွင့်ကိစ္စမှာ မွန်၊ သျှမ်း နဲ့ ကရင် စတဲ့ တိုင်းရားသား စာပေကစာသင်ကျောင်း၌ ဘာသာရပ်တခုအဖြစ် သင်ကြားခွင့်ပေးနေပြီလို့ ဦးအောင်မင်း ကပြောတယ်။ ဒါကြောင့် စဝ် ယွက်စစ် အကြံပြုတဲ့ - နိုင်ငံတော်ကာကွယ်ရေးမှာ မြန်မာ့တပ်မတော်သာ တာဝန်ရှိတာမဟုတ်။ လူတိုင်းမှာတာဝန်ရှိ တယ်- ဆိုတဲ့အချက်ဖွဲ့စည်းပုံဥပဒေကို ပြန်သွားရမယ်လို့ ဦးအောင်မင်းကပြောတာ။ လိုအပ်တာဖြည့်ချင်တာပြင်ချင်တာ ရှိရင်လွှတ်တော်ထဲမှာပြင်လို့ရတယ်- အဲလိုပေါ့”
“အဓိကအချက်က ဦးအောင်မင်းပြောသွားတာက- ခင်ဗျားတို့ SURA (လွယ်တိုင်းလျဲန်း) အဖွဲ့နဲ့ SSA (ဝမ့်ဟိုင်း) အဖွဲ့နဲ့ ပေါင်းပြီးမှ အစိုးရကိုယ်စားလှယ်နဲ့ဆွေးနွေးမယ်ဆိုတဲ့အချက်အစား အစိုးရနဲ့ အရင် ဆွေးနွေးပြီးမှ ပူးပေါင်းရင်ပိုသင့်လျော် မယ်ထင်တယ်တဲ့။ ဘာလို့လဲဆိုတော့ ပူးပေါင်းပြီးမှဆိုရင် အချိန်ယူ ရဦးမှာ မို့လို့ - တဲ့ ။ စဝ်ယွက်စစ်က- ဆွေးနွေးသဘော တူညီချက်အတွက် တောင်ကြီးတက်လက်မှတ်ရေးထိုးဖို့ ကိုယ်စားလှယ်လွှတ်လိုက်မယ်တဲ့။ ဘယ်နေ့ဘယ်ရက်မှာတောင် ကြီး တက်မယ်ဆိုတဲ့အကြောင်း ၇ ရက် ကြို တင်အကြောင်းကြားဖို့ ဦးအောင်မင်းကပြောပြီး ဆွေးနွေးပွဲရုပ်သိမ်းလိုက်တယ်” ဟု ပြောသည်။
နိုဝင်ဘာ ၁၉ ရက်က အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ ဒေါက်တာ နေဝင်းမောင်၊ ဒေါက်တာ ကျော် ရင်လှိုင်၊ ဦးတင်မောင်သန်းနှင့် RCSS/SSA မှ ဒု ဗိုလ်ချုပ်ကြီးယွတ်စစ်၏ “အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး ကော်မတီ”မှ အဖွဲ့ဝင်အချို့ ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရန် ပထမအဆင့်အနေဖြင့် အစိုးရဖက်မှ
၁။ နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရန်
၂။ နှစ်ဖက်ဆက်ဆံရေးရုံးများထားရှိရန်
၃။ တဖက်နယ်မြေထဲသို့ ဝင်ရောက်မည်ဆိုပါက လက်နက်ယူဆောင်ခြင်း မပြုရန်
၎။ နေပြည်တော်အစိုးရကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် နေ့ရက်၊ နေရာ၊ အချိန် သတ်မှတ်ရန် -တင်ပြသည်။
သျှမ်းပြည်တပ်မတော် ဖက်မှလည်း
၁။ နှစ်ဦးနှစ်ဖက်အပစ်ရပ်ရန်
၂။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးဆွေးနွေးမှုဖြင့် ဖြေရှင်းရန်
၃။ မိမိနယ်မြေ၌ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်၊ အထူးဖွံ့ဖြိုးရေးဒေသကို သတ်မှတ်ရန် နှင့်
၎။ မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်သွားရန် - ဟူသည့် အချက် ၄ ချက်ကို အစိုးရကိုယ်စားလှယ်များထံသို့ တင်ပြ တောင်းဆိုခဲ့ သည်ဟု သိရှိရပါသည်။
နှစ်ဦးနှစ်ဖက်ယုံကြည်မှုတည်ဆောက်ရန် တွေ့ဆုံဆွေးနွေးခြင်း သက်သက်သာဖြစ်ပြီး မည်သည့်သဘောတူညီမှု လက် မှတ်ရေးထိုးခဲ့ခြင်းမရှိသေးဟု ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
နိုဝင်ဘာ ၁၉ ရက်နေ့ နေပြည်တော်ကိုယ်စားလှယ် မီးရထားဝန်ကြီးနှင့်အဖွဲ့အား သီးခြားစီ တွေ့ဆုံခဲ့သည့် သျှမ်းပြည် တပ်မတော်(တောင်ပိုင်း) တပ်ဖွဲ့ RCSS/SSA ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ချင်းအမျိုး သား တပ်ဦး CNF တို့ က အပစ်ရပ်ရန် ပဏာမအဆင့် သဘောတူညီမှုရခဲ့ပြီး၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ KNPP တို့ကလည်း ထပ်မံတွေ့ဆုံဆွေးနွေး မည်ဟု သဘောတူညီမှု ရရှိခဲ့သည်။
 by သျှမ်းသံတော်ဆင့်
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်