ဘန်ကောက်လူထု ကယ်ဆယ်ရေးစခန်းခိုလှုံဖို့ မြို့တော်ဝန်အမိန့်ထုတ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက ရေကြီးနေတဲ့ မြေနိမ့်ပိုင်းနေရာ ၂ ခုမှာနေကြသူတွေကို အိမ်မှာမနေဘဲ အနီးအနားက ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းနေကြဖို့ သက်ဆိုင်ရာက တိုက်တွန်းနေပါတယ်။ အဆောက်အဦးတွေ ရေအောက်ရောက်လုဖြစ်နေတဲ့ Don Muang နဲ့ Bang Phalad အရပ်မှာ နေကြသူတွေကို ဘေးလွတ်ရာ ပြောင်းနေကြဖို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ဆူခွန်ဘန် ပရာဘတ် (Sukhumbhand Paribatra) က ဗုဒ္ဒဟူးနေ့ နှောင်းပိုင်းထဲက သတိပေးထားပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ ဒုတိယအကြီးဆုံး Don Muang လေဆိပ်ကိုလဲ ပိတ်ထားပါတယ်။ ဒီသီတင်းပတ်မကုန်ခင် ဘန်ကောက်တမြို့လုံး ရေတွေကြီးနိုင်တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ပြေးနိုင်ကြဖို့လည်း အစိုးရက ၅ ရက် ရုံးပိတ်တယ်လို့ ကြေညာထားပါတယ်။ Bus ကားဂိတ်တွေနဲ့ အဓိက နိုင်ငံတကာလေဆိပ်မှာ လူပေါင်း ထောင်ပေါင်းများစွာနဲ့ အပြည့်ဖြစ်နေပါတယ်။ မြို့ပြင်ထွက်တဲ့ အဝေးပြေးလမ်းမတွေပေါ်မှာလည်း စိုးရိမ်နေကြတဲ့ ခရီးသည်တွေနဲ့ ထောင်နဲ့ချီတဲ့ ကားတွေ ပြည့်ကြပ်နေပါတယ်။ ဒီရေကလည်း တက်နေတဲ့အတွက် ကျောက်ဖရားမြစ်ရေဟာ ကမ်းပါးကို ကျော်လုဆဲဆဲ ဖြစ်နေပါတယ်။ ဒီသတင်းပတ်မကုန်ခင်မှာ ဘန်ကောက်မြို့ထဲက ရေချိန်ဟာ ၅ ပေလောက်ရှိလိမ့်မယ်လို့ ဝန်ကြီးချုပ် Yingluck Shinawatra က ပြောပါတယ်၊ အရင်နှစ်တွေနဲ့ မတူအောင် မုတ်သုန်မိုးတွေရွာခဲ့လို့ ထိုင်းနိုင်ငံမှာ July လလယ်ထဲကစ ရေကြီးနေတာ ဖြစ်ပြီး သေဆုံးသူ ၃၇၃ ယောက် ကျော်သွားပါပြီ။

သတင်း---VOA

ပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ချက် လွှတ်တော် နှစ်ရပ်လုံး အတည်ပြု

ထောင်ဒဏ်ကျခံနေသူတွေကို ပါတီဝင်အဖြစ် မသတ်မှတ်ရဆိုတဲ့အချက် အပါအ၀င် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကို ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ ဒီဥပဒေမူကြမ်းကို လွန်ခဲ့တဲ့အပတ်က အမျိုးသားလွှတ်တော်က အတည်ပြုထားတာလည်း ဖြစ်ပါ တယ်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်ပြီးတော့ မှတ်ပုံမတင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်ကတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမှန် တကယ်သွားနေတယ်ဆိုရင် တင်းကျပ်တဲ့ ဥပဒေစည်းမျဉ်းတွေကို ပြုပြင်ဖို့လိုအပ်တယ်လို့ သုံးသပ် ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။ ပြင်ဆင်ချက် ၃ ချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော် အတည်ပြုကြောင်းဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီလို အတည်ပြုဆုံးဖြတ်လိုက်တဲ့ ဥပဒေမူကြမ်းဟာ အရင် ဥပဒေထက်စာရင် တစုံတရာ တိုးတက်လာတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။ “ဒီပြင်ဆင်ချက် ၃ ချက်လုံးက အရင် ဥပဒေထက်စာရင် တစုံတရာ တိုးတက်လာတာပေါ့။ အရင်တုံးက ပုဒ်မ ၆ (ဂ) မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဆို ရေးထားတယ်။ အခုတော့ လေးစားလိုက်နာရေးဆိုပြီးတော့ ပြင်ဆင်လိုက်တာပေါ့။ အဲလိုပဲ အရင်တုန်းက နိုင်ငံရေးပါတီထဲမှာ ပါတီဝင်တွေဟာ ထောင်ဒဏ်ကျခံနေသူမဟုတ်ရဘူးလို့ ပုဒ်မ ၁၀ (င) မှာ သတ်မှတ်ထား တယ်။ အခုတော့ ဒီ၁၀ (င) ကို ပယ်ဖျက်လိုက်ပြီ။ နိုင်ငံသားအခွင့်အရေးကို ရဖို့အတွက် မူလပြဌာန်းချက်ကို ပယ်ဖျက်တာ။ ဒါကလည်း တိုးတက်လာတာပေါ့” နောက် ပြင်ဆင်တဲ့အချက်တခုကတော့ ပုဒ်မ ၁၂ (က)/၁ ကို ရှင်းလင်းချက် ထပ်ထည့်တာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ လွှတ်တော်သက်တမ်းတခုအတွင်းမှာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် မှတ်ပုံတင်တဲ့ ပါတီတွေဟာ ဒီလွှတ်တော်သက်တမ်းအတွင်း မဲဆန္ဒနယ် ၃၀ ထက်မနည်း ကျင်းပ ကြားဖြတ် ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ နယ် ၀င်ရောက်ယှဉ်ပြိုင်ရမယ် ဆိုတဲ့အချက် ဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။ အရင်ဥပဒေမှာ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃ နေရာမယှဉ်ပြိုင်နိုင်တဲ့ပါတီတွေကို ပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိ ဆိုတဲ့အချက်ကို ရှင်းလင်းချက် ထပ်မံ ဖြည့်စွက်တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်က ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးအောင်သိန်းကတော့ ထောင်ဒဏ် ကျခံနေသူတွေကို ပါတီဝင်အဖြစ် မသတ်မှတ်ရဆိုတဲ့အချက်ကို ပြင်ဆင်တဲ့အပေါ်မှာ သူ့အမြင်ကို အခုလို ပြောပါတယ်။ “အဲဒီဟာကတော့ တကယ်ကို ပြင်သင့်တဲ့အချက်ပါ။ ပါတီဝင်ရဲဘော်တွေဟာ အကြောင်းအမျိုးမျိုး ကြောင့် ထောင်ထဲမှာ ထောင်ဒဏ်ကျခံနေရတဲ့ အနေအထားမျိုးတွေ ရှိတယ်ဗျာ။ ဒီလူတွေကို ပါတီဝင် စာရင်းထဲတောင် တို့ထားခွင့် မရှိဘူးဆိုရင် သူတို့ရဲ့ နိုင်ငံရေးလုပ်ကိုင်ခဲ့ပြီးတော့ ထောင်ဒဏ်ကျသွား တာတွေကို အပြင်မှာ ရှိနေတဲ့ ရဲဘော်တွေက အသိအမှတ်မပြုတဲ့သဘောမျိုး၊ ပါတီကပါ အသိအမှတ် မပြုအောင်လုပ်တဲ့ တင်းကျပ်တဲ့ အဲဒီဟာကြီး ပယ်ဖျက်လိုက်တာတော့ ကျနော်တို့က ဘာပဲပြောပြော သဘောတူပါတယ်။ ဒါ-ဖျက်လည်း ဖျက်သင့်ပါတယ်။ အဲဒီတင်းကျပ်တဲ့ဟာကြီးနဲ့ သူတို့ ပထမ ရွေးကောက်ပွဲကြီးကို လုပ်ခဲ့သွားတာကိုးဗျ” ဒီ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန်စဉ်က NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ်ချမှတ်ခံရပြီး နေအိမ်အကျယ်ချုပ်ကျခံနေရတာဖြစ်ပါတယ်။ NLD ပါတီကတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ နည်းဥပဒေတွေကို လက်မခံတာကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မှတ်ပုံမတင်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်း အတည်ပြုကြောင်း ဆုံးဖြတ်တဲ့အပေါ်မှာတော့ ဦးအောင်သိန်းက အခုလို သုံးသပ်ပါတယ်။ “လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို ဆောင်ရွက်ဖို့ အားလုံး နိုင်ငံသားတွေမှာ တာဝန်ရှိသလို ကျနော်တို့ ပါတီတွေမှာလည်း တာဝန်ရှိပါတယ်။ ဒါပေမဲ့ တင်းကျပ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ် စည်းကမ်း ဥပဒေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေဟာ ပါတီ တရပ် ရပ်တည်ပိုင်ခွင့်ကို ပိတ်ပင်တားဆီးနိုင်တဲ့ဟာတွေကို မလျှော့ပေးဘူး၊ ဆက်သွားမယ် ဆိုရင်တော့ ကျနော်တို့ ဒီကနေ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါတယ်ဆိုတဲ့ ဖွဲ့စည်းပုံကြီးဟာ အဟောသိကံ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ပြုသာပြင်သာမှန်သမျှကို ပြုသာပြင်သာဖြစ်အောင် လုပ်ကိုလုပ်ရမယ့် တာဝန်တွေဟာ ကျနော်တို့နိုင်ငံသူ နိုင်ငံသားတွေမှာရှိသလို ပါတီတွေမှာလည်း ရှိတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီလို ပြင်ဆင်ပြောင်းလဲတာကြောင့် ပါတီမှတ်ပုံပြန်တင် မတင်ဆိုတာ ကတော့ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီလ ၁၈ ရက်နေ့က အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော်က ထပ်မံ အတည်ပြုလိုက်တာဖြစ်ပါတယ်။ သတင်း---VOA

လယ်သမား ဆန္ဒပြပွဲမှာ ၄ ဦး ထိန်းသိမ်းခံရ

လယ်သမားများ ဆန္ဒပြ (ရုပ်သံ) DVB အဲဒီ ဆန္ဒပြပွဲမှာ ၄ ဦး ထိန်းသိမ်းခံရ ထွန်းနေအောင်(မြစ်မခ) အောက်တိုဘာလ(၂၇)ရက်နေ့ နံနက်ပိုင်း၊ ၉နာရီမိနစ် ၃၀ ကျော်ခန့်အချိန်တွင် ဗိုလ်တထောင်မြို့နယ် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် လူ(၅၆)ဦးပါ ၀င်သည့် ဆန္ဒပြပွဲတခုဖြစ်ပွားခဲ့ကြောင်းသတင်း ရရှိသည်။ အဆိုပါဆန္ဒပြပွဲအား ရှေ့နေရန်နိုင်အောင်(ခ)ဖိုးဖြူမှ ဦးဆောင်၍လူ ၅၆ ဦးပါဝင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင် လယ်ယာမြေဥပဒေလ/န(၃၉)အားပြင်ဆင်ရန်ကြန့် ကြာနေ ခြင်းကြောင့် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည်။ ဆန္ဒပြချိန်တွင် တာဝန် ကျရဲမှူးနှင့်ဦးဆောင်သူရှေ့နေတို့မှ အပြန်အလှန်အချင်းများခဲ့ကြောင်း၊ ထို့ပြင် လုံထိန်းများမှ ဆန္ဒပြသူများထဲမှ အမျိုးသား လေးဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

နေပြည်တော်၌ မိုးကြိုးများ ဆက်တိုက်ပစ်


နေပြည်တော်ပျဉ်းမနားမြို့တွင် ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းပြီးမိုးကြိုး ဆက်တိုက်ပစ်ချခဲ့ကြောင်း ပျဉ်းမနားဒေသခံများက ပြောသည်။
”မိုးကြိုးပစ်တာ ကြုံဖူးပါတယ်။ ဒါပေမဲ့ဒီလောက်ကြီးငါးကြိမ်ဆက်တိုက် ပစ်တာမျိုး တစ်သက်မှာဒါပထမဆုံး ပါပဲ”ဟု ဒေသခံတစ်ဦးကဆိုသည်။
၎င်းကဆက်လက်၍ ”ထူးခြားလို့ အိမ်မှာ မှောင်ထဲထိုင်ပြီး လျှပ်စီးလက်တာကို ထိုင်ရေတာ တစ်နာရီအတွင်းမှာတင် အကြိမ်နှစ်ရာနဲ့သုံးဆယ်ကျော်ရှိတယ်”ဟုပြောသည်။
အဆိုပါ မိုးကြိုးပစ်ခတ်မှုကြောင့် ပျဉ်းမနားမြို့ရန်အောင် ၂၂ ရပ်ကွက်၌ အုန်းပင်သုံးပင် ပျက်စီးခဲ့ပြီး တာဝန်ရှိသူများမှ လာရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။ ယင်းနေ့၌  ကျွဲဆည်ကန်ကျိုးသည့် သတင်းများထွက်ပေါ်ခဲ့ရာ အမှန်မှာ ငလိုက်ဆည် ကန်ပေါင်ပေါ်သို့ ရေ ကျော်ခြင်းသာဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စွမ်းရဲထွဋ်




ချိုကျိုးနွားလား ဒွန်းစဏ္ဍားနဲ့ ခေတ်သစ် လောက်ဖျားများ


(၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က ဖေါ်ပြခဲ့တဲ့ ဆောင်းပါးကို ပြန်လည်းတင်ဆက်ခြင်း ဖြစ်ပါတယ်)
လောက်ဖျားဆိုလို့ မွန်ရာဇဝင်လာ မြောင်းမြစား လောက်ဖျားအကြောင်း ပြောမလို့ မဟုတ်ပါ။ သစ္စာဖောက် လောက် ကောင်လို့ တင်စားခဲ့ရတဲ့ လောက်တွေတောင် ကြားရင်ဖြုံသွား၊ ဖျားသွားလောက်တဲ့ ကျုပ်တို့ တော်လှန်ရေးထဲက ဖောက်ပြန်နိုင်လွန်း၊ စားဝါးနိုင်လွန်း၊ ကိုယ်မှီခိုရာကို ကိုယ် ဖျက်ဆီးနိုင်လွန်းတဲ့ လောက်ဖျားတွေအကြောင်း ပြောမလို့ပါ။
ဗမာစကားမှာ “ငါးပိနဲ့ လောက်၊ စိန်နဲ့ ကျောက်” လို့ ဆိုရိုးစကားတခုရှိတယ်။ အကောင်းထဲမှာ အဆိုး၊ အဆိုးထဲမှာ အ ကောင်းရှိတတ်တာကို ရည်ညွန်းပြီး ဆိုတာပါ။ အဆိုးနဲ့အကောင်း ဒွန်တွဲရှိတတ်တဲ့ လောကဓမ္မ သဘာဝကို ဖော်ပြတာ လို့လည်း ပြောနိုင်ပါတယ်။
ငါးပိဆိုတာကတော့ မြေပြန့်နေ ဗမာတိုင်းရင်းသားအားလုံးအတွက် အကောင်းဆုံး ခံတွင်းမိန် စားဖွယ်အာဟာရ ပါပဲ။ အဲ ဒီလောက်ကောင်းတဲ့ ငါးပိထဲမှာ စက်ဆုတ်ရွံရှာ မသတီဖွယ်ရာလောက်တွေ ပေါက်ဖွား ကိန်းအောင်းနေလေ့ရှိတယ်။ ဇီ ဝဗေဒသဘောအရတော့ လောက်လန်းဆိုတာ အတောင်ပါ ပျံသန်းနိုင်တဲ့ ယင်လို ပျားလို အင်းဆက်ပိုးမွှားတွေရဲ့ သန္ဓေ သားလောင်းတွေ။ ဒီလောက်လန်းတွေဟာ ငါးပိအပြင် သစ်သီးသစ်ဥတို့၊ မစင် အညစ်အကြေး၊ အပုပ်အစပ်များ၊ သတ္တဝါ အသေကောင်တွေ၊ ထိခိုက်ဒဏ်ရာတွေကတဆင့် ဝင်ရောက်ပြီး သက်ရှင်နေတဲ့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေမှာ မှီခိုကြီး ပွားကြတယ်။
ဒီလောက်တွေရဲ့ သဘာဝကိုက သူတို့ မှီခိုကျင်လည်ရာကို စားသောက်ဖျက်ဆီးပြီး ရှင်သန်ကြရတယ်။ လောက်တွေဟာ ခိုလှုံရာ အဆောက်အဦရဲ့ အတွင်းကျကျ အချက်အချာတွေမှာ စွဲမှီတတ်တော့ တော်ရုံနဲ့တော့ မထင်သာ မမြင်သာပေ ဘူး။ ထင်သာမြင်သာ ဖြစ်ပြီဆိုရင်တော့ အဲဒီခန္ဓာ၊ အဲဒီသတ္တဝါ အတော်အခြေအနေဆိုးသွားပြီ။ ဒီတော့ လောက်တွယ် ရင်ပဲ အဲဒီသတ္တဝါ သေမယ်သာ ပြင်ပေတော့။
ကျုပ်တို့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ထူထောင်ရေး၊ တော်လှန်ရေးဆိုတဲ့ အပုပ်နံ့တထောင်း ထောင်းနဲ့ ငါး ပိအိုးကြီးလည်း အနှစ် (၂၀) ကြာ အတွင်းကြိတ် လှိုက်စားလာခဲ့တာ အခုတော့ ကိုယ်မှီခိုရာကိုဖျက်တဲ့ မသတီစရာ လောက်ကောင်တွေ ဖုံးဖိမရ ပေါ်လာကြပြီ။ တချို့လောက်ကောင်တွေဆို ကြောက်ခမန်းလိလိ အစွယ်ပြူးပြူးနဲ့ အမွှေး တွေတောင် ထောင်ထလို့။ တော်လှန်ရေးရဲ့ ထိပ်တန်းနေရာတွေမှာ အနှစ် (၂၀) ကျော် မှိန်းနေပြီး ရသမျှအခွင့်အရေး တွေကို သုံးစားကြီးထွားလာကြတာပေါ့။ ဒီတော့ တော်လှန်ရေး ဒီရေ ရှေ့မရောက် နောက်ပြန်လျှောကျတာ အဆန်းတ ကြယ်မဟုတ်ပါဘူး။ ကျုပ်တို့ကိုယ်ကလည်း ညံ့ပါတယ်။ တံဆိပ်ကောင်းတာနဲ့ ခေါင်းဆောင်တင်မိတာကိုး။ ကုလားဖြူ စကားလည်းတတ်၊ နာမည်လည်းကျော်တယ်ဆို တကယ်တော်တယ် ထင်မိတာပဲ။ ပစ္စည်းကောင်းဖို့မလို ကြော်ငြာ ကောင်းရင် နာမည်ကျော် လူကြိုက်များနိုင်တာ အနှစ် (၂၀) ကြာမှပဲ သိတော့တယ်။ ဒီတော့ ကျုပ်တို့အဖြစ်က အရပ် ပျက်တွေနဲ့ ဇာတ်ထွက်ခဲ့သလို၊ အခုတော့ ပြည်တည်မရ ဇာတ်ပျက်ခဲ့ပြီ။
အနှီ ပုဂ္ဂိုလ်အားလုံးဟာ တော်လှန်ရေး ဒီရေမြင့်စဉ်ကတော့ မိုးအောက်မြေပြင်မှာ သူတို့အပြင် မရှိသလောက် ရဲရဲ တောက် ခေါင်းဆောင်ကြီးတွေပေါ့။ အခုတော့ အချိန်ကလည်းကြာ တဘက်မှာကလည်း စစ်ကျွန်ခလောက်နဲ့ အမတ် လောက်တော့ ဖြစ်နိုင်တဲ့ အခွင့်အရေးလေးတွေလည်း မြင်လာ၊ တခြားတဘက်မှာလည်း ဗမာပြည်ထဲ ဝင်ချင်လွန်းလှဖြစ် နေတဲ့ အန်ဂျီအိုတွေရဲ့ ငွေထုတ်တွေကိုလည်း မြင်လာတော့ တချို့က ပြောင်ပြောင်တင်းတင်း၊ တချို့က မသိမသာ၊ တ ချို့က ခိုးကြောင်ခိုးဝှက်နဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံလာကြပြီ။ စစ်မိစ္ဆာတွေကို မျက်နှာချိုသွေးနေကြပြီ။ “ချို ကျိုးနွားလား ဒွန်းစဏ္ဍား” လို စစ်ဖိနပ်ကို လျှာနဲ့ လျက်ကုန်ကြပြီ။
အဲဒီအထဲက ပြည်တွင်းမှာ လုပ်နေရတဲ့ လူတွေကတော့ ထားပါတော့။ သူ့အခြေအနေနဲ့သူ ကိုယ်လည်းမသိနိုင်တဲ့ အခြေ အနေ။ ဒါပေမယ့် အော့နှလုံးနာစရာ ကောင်းတာကတော့ ပြည်ပက ဆရာကြီးတွေ၊ လူတတ်တွေနဲ့ သတင်းသမားတချို့ ပါပဲ။ သူတို့ခင်ဗျာ တလျှောက်လုံး ခံစားလာတဲ့ လေယာဉ်ပျံလေး စီးလိုက်၊ အစည်းအဝေးလေး တက်လိုက်၊ ဝီစကီလေး စုပ်လိုက်၊ ချီးလေး ကိုက်လိုက်၊ အလံရှူးသတင်းသမားတွေနဲ့ ပင်းပြီး နိုင်ငံရေးဟောကိန်းတွေ ထင်မြင်ချက်တွေပေး လိုက်နဲ့ ယစ်နေတဲ့ စည်းစိမ်လေးတွေ လက်လွတ် မခံနိုင်တာနဲ့ဘဲ အထက်ဆရာ့ဆရာကြီးတွေရဲ့ လေသံအတိုင်း ဒီမို ကရေစီ သင်းကွပ်မဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံအားပေးလာကြတာပဲ။ ရွေးကောက်ပွဲဝင်မှပဲ လက်တွေ့ကျတဲ့ နိုင်ငံရေးလိုလို အထဲက စစ်ကျွန် ကူလီခေါင်း မောင်စူးစမ်းတို့ သခင်တင်မြတို့ရဲ့လေကို အပြင်မှာ တာဝန်ခံဖြန့်ကြတယ်။
အကောင်ကြီးမို့ အထင်အရှားဆုံးက ဟန်ညောင်ရွှေပါ။ ပြည်တွင်းတိုင်းရင်းသား စောင့်ကြည့်ရေးအဖွဲ့က စားဖား အချောင် သမားလို့ ထိပ်ဆုံးမှာ စာရင်းတင်ထားပါတယ်။ သွားလေသူ သမ္မတကြီးကို အားတုံ့အားနာ ၀န္ဒနာလို့ ညောင်ရွှေဆိုတာ ဖြတ်ပြီး “ဟန်” လို့ပဲ သုံးချင်ပါတယ်။ ဟန်ဆိုတာ ရှစ်လေးလုံးမတိုင်ခင်ထဲက ပြည်ပရောက်ပြီး မိဘဂုဏ်သရေကို အသုံး ချပြီး အဖွဲ့အစည်းပေါင်းစုံမှာ လှုပ်ရှားလုပ်စားခဲ့သူပါ။ လူဖြူတွေနဲ့ ဆက်ဆံရေးကျွမ်းကျင်ပြီး အရည်အသွေးလည်းရှိလို့ အများက မျှော်လင့်အားကိုးခဲ့ရသူပါ။ သို့သော် စေတနာကောင်း မကောင်းကတော့ မေးခွန်းထုတ်စရာ၊ သံသယဖြစ်စရာ သက်သေအများကြီးပါ။ တဖွဲ့မချောင် တဖွဲ့ထောင်နဲ့ အခုနောက်ဆုံး ဥရောပ EBO အဖွဲ့ပါ။
ဟိုတုန်းကတော့ ဗမာပြည်ပြဿနာ အဖြေရှာဖို့ဆိုတာ သုံးပွင့်ဆိုင်မှ သုံးပွင့်ဆိုင်၊ သုံးပွင့်မဆိုင်ရင် လူနည်းစု တိုင်းရင်း သားတွေမှာ ဘဝနစ်နာ ဆုံးရှုံးရချေရဲ့လို့ ပြင်းထန်တဲ့ သဘောထားတွေနဲ့ လက်ရှိဗမာပြည် ပြဿနာဟာ ဖွဲ့စည်းပုံပြဿ နာလို့ ပြောခဲ့ပြီးကာမှ အခုတော့ စစ်ကျွန်ဖွဲ့စည်းပုံအတိုင်းလုပ်မယ့် ရွေးကောက်ပွဲ၊ စစ်ကျွန်ဖွဲ့စည်းပုံကို အတည်ပြုမယ့် ရွေးကောက်ပွဲကို ပကတိအခြေအနေမှန်လို့ မြင်ပြီးသကာလ ရွေးကောက်ပွဲဟာ အခွင့်အရေးဖြစ်လို့ ဝင်ရမည်လို့ ဆိုလာ ပြန်ပြီ။
ဒီလောက် ရှေ့စကား၊ နောက်စကား ဖီလာတရားတွေ ဘယ်လိုကြောင့် ပေါ်လာသလဲ။ အခွင့်အရေးကြောင့်လား၊ နေရာ ကြောင့်လား၊ အထက်ဆရာ့ဆရာကြီးတွေ အမိန့်ကြောင့်လား၊ ဘာကြောင့် ပြောင်းသွားသလဲ စဉ်းစားရ အတော်ခက် လှ တယ်။ အခုကိုပဲ နိုင်ငံတကာ ကူငွေတွေနဲ့ ဟန်တို့ အစီအစဉ်အတိုင်း ရန်ကုန်၊ မန္တလေးတွေမှာ ရွေးကောက်ပွဲပညာပေး ဟောပြောပွဲတွေ၊ သင်တန်းတွေ စလုပ်နေပြီ ကြားရတယ်။ အတွင်းအပြင်က ချိုကျိုးနွားလား ဒွန်းစဏ္ဍားတွေ ချိတ်ဆက် မိနေကြပြီ ဆိုတဲ့သဘောပေါ့။ နအဖ စစ်ထောက်လှမ်းရေးတွေနဲ့ကော ဘယ်လောက်ထိ နားလည်မူယူထားတယ် ဆိုတာ ဟာလည်း ဆက်စဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။
ဟန်ဟာEBO နာမည်နဲ့ ဗမာပြည်သူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာအလှူရှင်တွေရဲ့ သန်းပေါင်းများစွာသော ယူရိုငွေတွေ ကို ဆယ်နှစ်ကျော် တကိုယ်တော် ထင်ရာကြဲခဲ့သူပါ။ အခုတော့ အပုပ်နံ့တထောင်းထောင်းနဲ့ လူပြောသူ ပြောများလာလို့ ဆယ်နှစ်စာ အစီရင်ခံစာတခု ထွက်လာပါတယ်။ မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ စီရင်ထားတဲ့ အစီရင် ခံစာထဲမှာတောင် မတော်မတရား အလွဲသုံး စားမှုတွေ၊ မရိုးသားမှုတွေက ဘူးပေါ်သလို ပေါ်နေတုန်းပဲ။
သူ့အစီရင်ခံစာအတိုင်းဆိုရင် ဒီအဖွဲ့ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေက ခိုးကြောင်ခိုးဝှက် နိုင်လှ တယ်။ ၁၉၉၇ မှာ ဒီအဖွဲ့ကို ကနေဒါက အဖွဲ့လေးတခုကို အခြေခံဖွဲ့တယ်လို့ဆိုတယ်။ အဲဒီအချိန်က ဟန် ဟာ NCGUB လို့ခေါ်တဲ့ နဂုတ်မှာ အကြံပေးလုပ်နေပြီး NCUB နကပ်မှာလည်း လုပ်နေချိန်ပေါ့။ ဒီလိုအဖွဲ့အစည်းကြီးတွေ ရှိနေပြီးသား၊ သူကိုယ်တိုင်လည်း ပါနေပြီးသား အခြေအနေမှာ နိုင်ငံတကာ အလှူငွေတွေကို ဗမာပြည်ကိုယ်စားပြု လက်ခံအသုံးပြု မယ့် ဒီ EBO အဖွဲ့က မထင်မရှား ကနေဒါက အဖွဲ့လေးကို အခြေခံဖွဲ့ထားတယ်ဆိုတာ တော်တော်စဉ်းစားရကျပ်ပါတယ်။ ဘာကြောင့်ဘယ်လိုဆိုတာ သက်ဆိုင်သူ ကာယကံရှင်တွေသာ သိနိုင်ပါတယ်။
အဆိုးဆုံးကတော့ အဲဒီအဖွဲ့ကို ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့တယ်ဆိုတာ သိသာရှင်းလင်းခြင်း မရှိတာဘဲ။ ဗမာပြည်သူတွေ လွတ်မြောက် ရေးအတွက် ရည်စူးတဲ့ နိုင်ငံတကာအလှူရှင်တွေရဲ့ ငွေကို လက်ခံသုံးစွဲမယ့် အဖွဲ့အစည်းရဲ့ ပေါ်ပေါက် လာပုံ၊ ဖွဲ့စည်းပုံက ခါးပိုက်နှိုက် ဂိုဏ်းလိုလို၊ စောရဖောက်ထွင်းဂိုဏ်းလိုလို ပါပဲ။
အလှူငွေ ယူရိုသန်းပေါင်းများစွာ ပြုန်းတီးသွားခဲ့ရပေမယ့် ဗမာပြည်လွတ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့တာ၊ လုပ်နိုင် ခဲ့တာ ဘာတခုမှ လောက်လောက်လားလား ပြစရာမရှိပါဘူး။ အရေးတော်ပုံနဲ့ မပတ်သက်တဲ့ နှုတ်ပိတ်ခေါင်းညိတ်တွေ ကို ဝန်ထမ်းခန့်၊ ကိုယ့်ကိုယ်ကိုယ် မတန်တဆ လုပ်ခလစာတွေပေးနဲ့ ခိုးခြင်း (၂၅) ပါးနဲ့အညီ စောရဇာတ်ထုတ်ခင်းလာ လိုက်တာ (၁၀) နှစ်ကျော်ကြာလာ တော့ မျိုးဖျက်မိစ္ဆာ နအဖ သန်းရွှေတို့ရဲ့ ရာသက်ပန် စစ်အာဏာရှင် တည်မြဲရေးလုပ် ငန်းတွေကို ပြောင်ပြောင်တင်းတင်း ထောက်ခံလာတဲ့အထိ အတင့်ရဲလာတယ်။
သူ့အစီရင်ခံစာထဲက ကိုယ့်အနီးက ဒေလီအီးယူရုံးဆိုတာ ၂၀၀၄ လောက်ကမှ စဖွင့်တယ်။ နှုတ်ပိတ်ခေါင်းညိတ် အိန္ဒိယ နိုင်ငံသားတွေနဲ့ ဖွဲ့တယ်။ ABSL စည်းရုံးတည်ဆောက်ထားတဲ့ နိုင်ငံရေးဂွင်ထဲက လူပုဂ္ဂိုလ်အဖွဲ့ အစည်းတွေကြားမှာပဲ မရိုးမသား ထိုးဖောက် ချဉ်းကပ်ပြီး စားရင်တင် ဓာတ်ပုံရိုက် နှမ်းဖြူးပြီး ကိုယ်လုပ်သလိုလို ဟိတ်ထုတ်တယ်။ အစီရင်ခံ စာထဲမှာ ဖော်ပြထားတဲ့ ဒေလီအီးယူရဲ့ လုပ်ငန်းဆောင်ရွက်ချက်များဆိုတာ အဲဒါပါပဲ။ ငွေအမြောက်အမြား ဖြုန်းတီးခဲ့ ပေမယ့် ABSL တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးထက် ထူးကဲသာလွန် ဆောင်ရွက်နိုင်ခဲ့တာ ဘာမှမရှိပါဘူး။ ဒီနေ့ အိန္ဒိယ ရောက် မြန်မာ့ဒီမိုကရေစီအင်းစုများရဲ့လှုပ်ရှားမှုဆိုတာ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်အထိ သန်သန်မာမာ လှုပ်ရှားခဲ့တဲ့ ABSL ရဲ့ ထိုးဖောက်တည်ဆောက်ခဲ့တဲ့ လှုပ်ရှားဂွင်ထဲမှာပဲ တဝဲလည်လည် လှုပ်ရှားမှုတွေ ဖြစ်တယ်။
တခြားမြင်မိတဲ့ EBO ရဲ့ လှုပ်ရှားမှုကတော့ လွန်ခဲ့တဲ့ လေးငါးနှစ်ကစလို့ နအဖစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆန့် ကျင်ရေး၊ ရွေးကောက်ပွဲထောက်ခံရေး (မသိမသာ) ဆွေးနွေးပွဲတွေ၊ ညီလာခံတွေကို ဥရောပမှာ အသွင်တူ ပုလင်းတူဗူး ဆို့ အမြီးပြတ်တွေ၊ ဒေါက်တာခင်ဇော်ဝင်းတို့၊ ဒေါက်တာဇာနည်တို့၊ နေဝင်းမောင်တို့လို နအဖ အလိုတော်ရိတွေနဲ့ တ ခြိမ်းခြိမ်း ပွဲခံခဲ့တယ်။ ပြီးတော့ ဒူးထောက်ရေးလမ်းစဉ်ကို နယ်စပ်အခြေစိုက်အဖွဲ့ အစည်းတွေကပဲ ထောက်ခံနေသ ယောင် မျက်လှည့်ပြဖို့ ခေါင်းဆောင်တချို့ကို ဖဲ့စည်းရုံးတယ်။ စစ်ကျွန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လူ မျိုးများကောင်စီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှုးတို့ တယောက်က ဆန့်ကျင်၊ တယောက်က ကန့်ကွက်နဲ့ ဖီလာဆန့်ကျင် ကြေ ငြာချက်တွေ ထုတ်ခဲ့ကြတာကို မှတ်မိကြအုံးမှာပါ။ ဒါဟာ ဟန်ရဲ့ လုပ်စားရိုက်ချက်ဆိုတာ လူတိုင်းသိပါတယ်။
တိုင်းပြည်ထဲမှာ ဒီမိုကရေစီ စာလုံးပါတဲ့ စာတစောင် မိရင်တောင် ထောင်အနှစ် (၂၀) ကြမ်းခင်း ဈေးပေါက်နေချိန်မှာ ခင်ဇော်ဝင်း၊ ဇာနည်တို့ နေဝင်းမောင်တို့လိုလူတွေ ပြည်ပကို ဝင်ချီထွက်ချီ လုပ်နေနိုင်တာ၊ ဟန်တို့လို ပြည်ပအတိုက်ခံ ခေါင်းဆောင်ဆိုသူတွေနဲ့ ဒူးတိုက်တွေ့ဆုံဆွေးနွေး ညီလာခံနိုင်နေတာဟာ စစ်အုပ်စုရဲ့ သဘောထားကြီးမှုလည်း မဟုတ် သလို၊ ညံ့ဖျင်းမှုလည်း မဟုတ်တာ သေချာပါတယ်။ နောက်ပိုသေချာတာကတော့ ဟန်တို့ နေဝင်းမောင်တို့ လုပ်သမျှကို စစ်မိစ္ဆာတွေက သဘောကျ အားရတယ်ဆိုတာ ပါပဲ။
ကောင်းခြင်းဆိုးခြင်း၊ လက်ခံလိုခြင်း လက်မခံလိုခြင်း၊ ကြိုက်ခြင်း မကြိုက်ခြင်းများနဲ့ ဒွန်တွဲနေတဲ့ အမှန်တရားဆိုတာ ကိုယ့်သီလ ကိုယ် စိတ်ချယုံကြည်သူတွေမှ ရဲရဲရှုမြင်ခြင်း၊ လက်ခံခြင်း၊ တုံ့ပြန်ခြင်းအမှုတွေကို တတ်နိုင်ပါတယ်။ မှန်ကန် ခြင်းနဲ့ ရဲရင့်ခြင်းဆိုတာ တိုက်ရိုက်အချိုးနဲ့ ဆက်စပ်နေတယ်။ ရဲရင့်မှုက မှန်ကန်မှုကို ဖြစ်ပေါ်စေသလို၊ မှန်ကန်ခြင်းက ယုံကြည်မှုနဲ့ ရဲရင့်ခြင်းကို ဖြစ်ပေါ်စေတယ်။ မှန်ကန်မှ ရဲရင့်တယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ “ကိုယ့်ကိုယ်ကိုယ် မယုံတဲ့သူဟာ ဘယ်အခါမှ တခြားသူကို မယုံဘူး။ တိုင်းသူ ပြည်သား ကိုလည်း မယုံဘူး။ ခေါင်းဆောင်တွေဟာ သူယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြရဲရမယ်၊ ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်တယ်ထင်တဲ့ နေရာမယ် စွန့်ရမယ်၊ ပရိယာယ်သုံးသင့်တဲ့ နေရာမယ် သုံးရမယ်၊ ဘယ် ကိစ္စမဆို လုပ်ရင်မှားတယ်၊ မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။ အခု ဟန်တို့ရဲ့ လုပ်ရပ်တွေ ကတော့ မမှန်လို့ မရဲလေသလား၊ မရဲလို့ မမှန် လေသလားမသိ။ ခိုး ကြောင်ခိုးဝှက် နိုင်လွန်းလှတယ်။
ဒီလောက်ဖောက်ပြန်တဲ့ ဟန်ရဲ့ လုပ်ရပ်တွေကို အများတကာ ခေါင်းဆောင်အမည်ခံတို့ ရေငုံနှုတ်ပိတ်နေနိုင် ကြတာကို အစီရင်ခံပါ (၂၀၀) ကျော် စာရင်းပေါက်တဲ့ ဟန်ရဲ့ လက်ဝေခံ အဖွဲ့အစည်းစာရင်းကိုတွေ့မှ သဘောပေါက်မိတယ်။ အသံ မထွက်နိုင်တဲ့ ပိတ်ဆို့မှုတွေ ပါးစပ်ပေါက်မှာ ရှိနေပြီကိုး။ ဒီတော့ ကျုပ်တို့ရဲ့ ပြည်ပတော်လှန်ရေး၊ နယ်ခြားတော်လှန်ရေး နှစ် (၂၀) ခရီးဆိုတာလည်း အထက်မှာပြောခဲ့သလို လောက်ကျပျက်စ်ီး ဇာတ်ပျက်ခဲ့ပြီ။ ရေငုံနှုတ်ပိတ်နေတတ်တဲ့ တပ် ပေါင်းစုခေါင်းဆောင်တွေရဲ့ သူခိုး နွားကောင်းမသိ ဉာဉ်ဆိုးကြောင့် အသက်အသွေးချွေးများနဲ့ ရင်းနှီးခဲ့ရတဲ့ ကျုပ်တို့ တော်လှန်ရေးကြီး ဂုဏ်သရေညစ်နွမ်း ဆုံးခန်းတိုင်ခဲ့ပြီ။
တောသား တောင်သူလယ်သမားတွေအတွက်တော့ နွားဆိုတာ အဖိုးတန်ရတနာတပါးပါပဲ။တောသားမှန်ရင် နွားကောင်း နွားဆိုး ခွဲခြားတတ်တယ်။ နွားကောင်းကို တန်ဘိုးထားတတ်တယ်။သူခိုးဆိုတာကတော့ နွားမြင်ရင် အသားပဲထင်တယ်။ အဆိုးအကောင်းမသိ စားဖို့ပဲသိ၊ တန်ဘိုးမထားဖြစ်တာ သဘာဝပေါ့။ ဒီတော့ ကျုပ်တို့ခေါင်းဆောင်တွေဆိုတာ နွားနဲ့ သပိတ်ထဲက ညိုမြအပြောနဲ့ “မျိုးချစ် စိတ်ရှိကြောင်း ဟစ်ကြ၏၊ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏၊ ဤသို့ ပြောဆို ကြွေးကြော် ဟစ်အော်သူတို့အား မြင့်မြတ်သည့် ပုဂ္ဂိုလ်တွေဟု ထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့် စဖြီး များသာ ဖြစ်ကုန်၏။” လို့ ဆိုရမယ့် ခေါင်းဆောင်တွေပေါ့။
ဟန်ရဲ့လက်ဝေခံ အဖွဲ့အစည်းစာရင်းအရ ကြားတောင်မကြားမိဘူးတဲ့ ထူးထူးဆန်းဆန်း အဖွဲ့အစည်းတွေကြားမှာ ထိပ် တန်းအဖွဲ့ အစည်းကြီးတွေလည်း ပါနေတာတွေ့ရတယ်။ သစ္စာဖောက်ခံလိုက်ရတဲ့ ရောမအင်ပါယာရှင် ဂျုးလီးယက်ဆီဇာ ရဲ့ သေခါနီးစကားကိုပဲ သံယောင် ရေရွတ်နိုင်ပါတော့တယ်။
ဆီဇာက “သြော် ဘရုတပ် မင်းလည်း ပါသကိုး (Et tu, Brute) တဲ့။ ”
ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com
စာကြွင်း… ဘရုတပ်ဆိုတာ ဂျူးလီးယက်ဆီဇာအား ပုန်ကန်သူ မြို့စားတဦးကို တိုက်ခိုက်အနိုင်ယူ အသက်ကယ်ပြီး ဆီး နိတ်တာအထိ ချီးမြှောက်ခံခဲ့ရတဲ့ သူတယောက်ပါ။ ဂျူးလီးယက်ဆီဇာက အကြွင်းမဲ့ ယုံကြည်ခံထားရပြီး လုပ်ကြံမူမှာ ဘရုတပ် ကိုယ်တိုင်ပါနေတာကို သိတဲ့အချိန်မှာ ဆီဇာက တအံ့တသြနဲ့ အထက်ပါအတိုင်း ရေရွက်ပြီးတော့ သေဆုံး သွားခဲ့ရပါတယ်။
မှတ်ချက် … EBO အစီရင်ခံစာအား ရယူလိုသူများအား မျှဝေနိုင်ပါသည်။ တိုက်ရိုက်ပို့ပေးပါမည်။

လေပြင်းတိုက်၍ အိန္ဒိယသို့မျောပါသွားသည့် ဖျာပုံရေလုပ်သား ၁၃၅ ဦး လေယာဉ်အခက်အခဲကြောင့် ပြန်မလာနိုင်သေး

အိန္ဒိယနိုင်ငံ၊ ပို့ဗလဲမြို့ရောက် ဖျာပုံမြို့မှ ကျန်ရှိသူရေလုပ်သား ၁၃၅ ဦး လေယာဉ်အပြောင်းအလဲ ကြောင့် ပြန်ရောက်ချိန်ကြန့်ကြာနေ ရကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
ပြန်ရောက်ချိန် ကြန့်ကြာနေသော ရေလုပ်သားများနှင့် ပတ်သက်၍ ၄င်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ”ရေလုပ်သား ၁၃၅ ဦးကို အဲပုဂံစင်းလုံး ငှားပြီး ပြန်ခေါ်မယ်လုပ်ထားတာ၊ဒါပေမဲ့အိန္ဒိယ၊ ပို့ဗလဲမြို့မှာက အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတိုင်း ဆင်းသက်လို့မရဘူး၊ အိန္ဒိယစစ်တပ်ဖြစ်နေ တဲ့အတွက် ကြောင့်ပါ၊ အခုပြန်ခေါ် မယ်ဆိုရင် မြန်မာ့လေကြောင်းလိုင်း နဲ့ခေါ်မယ်၊ အဲဒီအတွက် နှစ်နိုင်ငံ အစိုးရချင်းပြန်ပြီးညှိနှိုင်းနေပါတယ်” ဟု ပြောသည်။
အဆိုပါ ရေလုပ်သားများကို စက်တင်ဘာလလယ်တွင် အဲပုဂံလေယာဉ်ဖြင့် ပြန်ခေါ်မည်ဟု ပြင်ဆင်ထားခဲ့သော်လည်း လိုင်းပြန်လည် ပြင်ဆင်ပြောင်းလဲလိုက်ခြင်း ကြောင့် နှစ်နိုင်ငံ အစိုးရချင်း ပြန်လည်ဆွေးနွေးနေရ၍ ယခုကဲ့သို့ကြာမြင့်နေခြင်း ဖြစ်ကြောင်း အထက်ပါ အဖွဲ့ချုပ်မှ သိရသည်။
မြန်မာ့လေကြောင်းလိုင်းနှင့် ပြန်လည်ခေါ်ယူမည့် ကိစ္စနှင့် ပတ်သက်၍ ဝါရင့်လေယာဉ်မှူး တစ်ဦးက အိန္ဒိယနိုင်ငံရောက် ရေလုပ်သား၎ဝဝကျော်ကိုအောက်တို ဘာ ၂၄ ရက်တွင် ပြန်ခေါ်ရန်စီစဉ် ခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ပြန်နောက်ဆုတ်လိုက် ကြောင်း ပြောသည်။
ဆက်လက်၍ ဦးဝင်းကြိုင်ကလည်း ”ရေလုပ်သားတွေ ဘယ်နေ့ ပြန်ရောက်မယ်ဆိုတာတော့ ရက်ကို အတိကျ မသိသေးပါဘူး၊ ဒါပေမဲ့ နိုဝင်ဘာလလောက်မှာတော့ ပြန် ရောက်မယ်ထင်ပါတယ်”ဟု ထပ်လောင်းပြောသည်။
၂ဝ၁၁ ခုနှစ် မတ်လလယ်က တိုက်ခတ်ခဲ့သောလေပြင်းကြောင့် ဖျာပုံမှ မျောပါသွားသော ကျားဖောင်ရေလုပ်သား ၁၃၅ ဦးသည် ၈ လကျော်ကြာမှ အိန္ဒိယနိုင်ငံ ပို့ဗလဲမြို့ ရောက်ရှိနေပြီး ပြန်မလာနိုင်သေးဘဲ ယင်းလေပြင်းကြောင့်ပင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိသွားသည့်ရေလုပ်သား ၁၄ ဦးမှာ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကာ ၁၁ နှစ် ခန့်ကြာမြင့်ခဲ့သည်။ အိန္ဒိယရောက် ရေလုပ်သား ၃ ဦးကိုလည်း သြဂုတ် ၁၅ ရက်က ပြန်လည်ခေါ် ယူခဲ့ ကြောင်း သိရသည်။ အိန္ဒိယမှ ပြန် လည်ခေါ်ယူရန် ကျန်ရှိသည့် ရေလုပ်သား ၄ဝဝ ကျော်တွင် မတ်လလယ်မှ တိုက်ခတ်ခဲ့သော လေပြင်းကြောင့်ရောက်ရှိ သွားသာ ရေလုပ်သားများနှင့် တခြားကိစ္စ ရပ်များကြောင့် ရောက်ရှိသွားသော ရေလုပ်သားများလည်းပါဝင်ကြောင်း သိရသည်။
ထက်ထက်မိုးမြင့်၊ ဝေယံမိုးမြင့်

ဦးဟန်ညောင်ဝေ လာရောက်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဟု DVB တာဝန်ရှိသူတဦးကပြော

ဒီမိုကရက်တစ် မြန်မာ့အသံ၏ ယာယီညွှန်ကြားရေးမှူး တာဝန်ယူထားသည့် ဦးဟန်ညောင်ဝေ မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်ရောက်လာခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း ၄င်းနှင့် နီးစပ်သော အသိုင်းအဝိုင်း မှ သိရသည်။
”ဦးဟန်အခုသွားတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး”ဟု နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်၏ Online
ဆက်သွယ်မေးမြန်းချက်ကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အကြိမ် အရေအတွက် အားဖြင့် အတိအကျမ သိရသော်လည်း မြန်မာနိုင်ငံသို့ နိုင်ငံရေး သဘော မဟုတ်သည့် လာရောက် လည်ပတ်မှုများရှိခဲ့ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
အောက်တိုဘာ ၁၉ ရက်နေ့ က Air  Asiaလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ဦးဟန်ညောင်ဝေနှင့်၎င်း၏သမီးဖြစ်သူတို့အား ပြည်တွင်းမီဒီယာ အချို့က တွေ့ဆုံရာတွင် ယခုမြန်မာနိုင်ငံကို ပြန်လာခြင်းသည် မည်သည့်ရည် ရွယ်ချက်မှ မရှိပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ပြည်တော်ပြန်ခွင့်အမိန့် အရ လာရောက်ခြင်း ဖြစ်ပြီး ပြောင်းလဲနေသည့် အခြေအနေများကို လေ့လာလိုခြင်းသက်သက်သာ ဖြစ်ကြောင်း
ဦးဟန်ညောင်ဝေက ပြောကြားသည်။
ဒီမိုကရက်တစ်မြန်မာ့အသံ၏ တာဝန်ချပေးချက်အရ မည်သည့်တာဝန်ရှိသူမှ မြန်မာနိုင်ငံသို့ သွားရောက်မည်မဟုတ်သကဲ့သို့ ယင်းဌာန၏အလုပ်ကိစ္စဖြင့်လည်း မည်သူမျှ မြန်မာအစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းမှုမရှိခဲ့ကြောင်း ယင်းသတင်းဌာန သတင်းအယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပေါ်ပြူလာနယူးစ် ၏ Online ဆက်သွယ်မေးမြန်း ခန်းတစ်ခုတွင် ပြောကြားခဲ့သည်။
ဦးဟန်ညောင်ဝေသည် မြန်မာ နိုင်ငံ၏ ပထမဆုံးသမ္မတ စစ်ရွှေ သိုက်၏ သားအကြီးဆုံးဖြစ်ပြီး နှစ်ပေါင်းငါးဆယ်ကျော်ကြာ ပြည်ပ တွင် နေထိုင်ခဲ့သူဖြစ်ကာ လက်ရှိ တွင် အသက် ၆၃ နှစ်ရှိပြီဖြစ်ပြီး ပြည်ပအခြေစိုက်ဒီမိုကရေစီအင်အား စုများအား ကူညီနေသူတစ်ဦးဖြစ် ကြောင်း ¤င်းနှင့်နီးစပ်သောအသိုင်း အဝိုင်းမှ သိရသည်။ ¤င်းမြန်မာ နိုင်ငံလာရောက်ခြင်းကြောင့် မြန်မာ နိုင်ငံရေး ဖြစ်စဉ်များပြောင်းလဲ နေပြီဟု ရှုမြင်ကြသကဲ့သို့ ဒီမို ကရက်တစ် မြန်မာ့အသံအနေဖြင့် ပြည်တွင်းတွင် အခြေစိုက်ရန် စတင် ကြိုးစားနေပြီဟူသော ရှုမြင်သုံးသပ် ချက်များလည်း ထွက်ပေါ်နေ ကြောင်း နိုင်ငံရေးလေ့လာသူများ ထံမှ သိရသည်။
နိုင်လင်း







ဒဂုံဆိပ်ကမ်း တောင်သူလယ်သမား ၄ဝကျော် အိုးအိမ်ဦးစီးဌာနရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်


ဒဂုံဆိပ်ကမ်း တောင်သူများ အောက်တိုဘာလ ၂၇ ရက်(ယခု မနက်ပိုင်း) နံနက် ၉ နာရီခွဲခန့်က အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်မှုကို ၁ဝ မိနစ် ခန့်ကြာ ပြုလုပ်ခဲ့သည်။  တောင်သူလယ်သမား အခွင့် အရေး၊ လန-၃၉ အမိန့်ဖျက်သိမ်း ပေးရေး၊ ကမ္ဘာ့စားနပ်ရိက္ခာပြည့်စုံ ရေး စသည့်ဆန္ဒထုတ်ဖော်မှု ဆိုင်းဘုတ် များကို ကိုင်ဆောင်ကာ လယ် သမား ၄ဝ ကျော်ခန့်သည် အိုး အိမ်ဦးစီးဌာနရုံးရှေ့ရှိ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ပလက်ဖောင်းပေါ်ထိုင်ကာ ဆန္ဒထုတ်ဖော်ပြ ခဲ့ခြင်းဖြစ် သည်။ ”သူတို့က ဘာမှ အော်ဟစ် ဆူညံတာမလုပ်ပါဘူး။ ကိုဖိုးဖြူ ကတော့ မီဒီယာကို သူတို့လာရောက် ဆန္ဒထုတ်ဖော်ပြသခြင်း နဲ့ပတ်သက်ပြီး ရှင်းပြနေတယ်။   နောက် သိပ်မကြဘူး၊ ထွေအုပ်ရုံးနဲ့ ရဲမှူးတွေရယ်၊ လုံခြုံရေးရဲကား ၇ စီးလောက်ရောက်လာပြီး လူစုခွဲ လိုက်တယ်။ ကိုဖိုးဖြူက တောင်သူ တွေအားလုံးကို စီးလာတဲ့ကားပေါ်   ပြန်လွှတ်ပြီး သူတို့ထဲက ၁၁ ဦးက အိုးအိမ်မှတွေ့ပြီး တောင်းဆိုစရာရှိ လို့ နေခဲ့မယ်ပြောတယ်။ ရဲတွေ ဘက်က လက်မခံဘူး အတင်းပြန် လွှတ်လိုက်တယ်”ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူတစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောကြားသည်။  ဒဂုံဆိပ်ကမ်း လယ်ယာမြေများ အား ယခင်တပ်မတော် အစိုးရ လက်ထက်ကတည်းက အထူးစီးပွား   ရေးဇုန် ပြုလုပ်ရန် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ၄င်းလယ် သမားတို့က လျော်ကြေးမလို လယ်သမားစိုက်ပျိုးခွင့် သာလိုသည်။ ဓာတုမြေသြဇာ ဆန့်ကျင်ရေး၊    တောင် သူလယ်သမားနှင့် လယ်ယာမြေ ခွဲဝေပေးလျှင် ဓာတုကင်းလွတ် စိုက် ပျိုးရေးဇုတ်လုပ်မည် အပါအဝင် လယ်စိုက်ဧကမလျော့ပါးရေး လန-၃၉ အမိန့် ဖျက် သိမ်းပေး စသည့် ဆန္ဒပြုဆိုင်းဘုတ်များကိုင်ဆောင်၍ ယခုကဲ့သို့ လာရောက်ဆန္ဒဖော်ထုတ် ခြင်းဖြစ်သည်။
မိုးမြင့်မြတ်၊ ထက်ထက်မိုးမြင့်

နေပြည်တော်၌ ဝန်ထမ်းများ ဆိုင်ကယ် ကယ်ရီဖြင့် ပြင်ပသွားခြင်း တားမြစ်ထား


နေပြည်တော် မြို့မဈေး အနီးမှ ဆိုင်ကယ်ကယ်ရီများ
နေပြည်တော်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ရုံးကိစ္စဖြင့် ပြင်ပ သွားရာတွင် ဆိုင်ကယ် ကယ်ရီဖြင့် သွားရောက်ခြင်းအား တားမြစ်ထားကြောင်း ဝန်ထမ်းများ၏ ပြောပြ ချက်အရ သိရသည်။
”ဝန်ထမ်းတွေ ကယ်ရီနဲ့ သွားရာမှာ အန္တရာယ် အများကြီးရှိတယ်။ လုယက်မှု တွေကလည်း ခဏခဏ ဖြစ်နေပြီး ဆိုင်ကယ် တိုက်မှုတွေ မဖြစ်အောင် တားမြစ်လိုက် တာပါ။ လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ လုယက်တဲ့ ဒုစရိုက်သားတွေ ရန်က ကာကွယ်လိုက်ခြင်း ဖြစ်တယ်”ဟု မော်တော်ယာဉ် ကော်မတီမှ တာဝန်ရှိသူ ကဆိုသည်။
ရုံးကိစ္စဖြင့် ပြင်ပ သွားရောက်ပါက မော်တော်ယာဉ် ကော်မတီမှ အငှားကား တောင်းခံ၍ သွားရောက်ရန် စက်တင်ဘာ ၃ဝ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။
”ရုံးချိန် အတွင်း သွားလာရေး အဆင်ပြေစေဖို့ လူရှစ်ဦးဆံ့ လျှပ်စစ်ဘတ်ထရီ ကားငယ်ကို ထုတ် ပေးထားတယ်။ သွားလာစရာ ရှိတဲ့ ဝန်ထမ်းအားလုံး အခမဲ့ သွားပါ တယ် ”  မော်တော်ယာဉ် ကော်မတီမှ တာဝန်ရှိသူက ပြောသည်။
အဆောင်နေသူ အများအနေဖြင့် ရုံးချိန် ပြင်ပတွင် သွားလာလိုပါက လူတစ်ဦးလျှင် အသွားအပြန် ၂ဝဝ ကျပ် သတ်မှတ်ထားပြီး မိမိ တစ်ဦးတည်းသာ သွားရောက် လိုပါက အသွားအပြန် ၁၅ဝဝ ကျပ် သတ်မှတ်ထားကြောင်း ထပ်မံသိရသည်။
ထိုသို့ ဆိုင်ကယ်ကယ်ရီ အစား ရုံးကားများ စီစဉ်ပေးသည့် အပေါ် ဝန်ကြီးဌာ ရုံးတစ်ရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ”ရုံးကိစ္စနဲ့ အပြင်သွားရတာ အရင်ကဆို ဆိုင်ကယ် ကယ်ရီ နဲ့သွားလို့ အဆင်မပြေဘူး။ ဒီလိုဌာနက စနစ်တကျ ပို့ဆောင်ပေးတာ ကောင်းပါတယ်။ လိုအပ်တာ မှန်သမျှ ဈေးနေ့ စောင့်ပြီး အဲဒီနေ့မှ ဝယ်ရတယ်” ဟု ၄င်းက ဆိုသည်။
နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများ အားလုံးတွင် ဝယ်ယူစားသောက်ရေး အဆင်ပြေစေရန် အတွက် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ ရက်များ၌ ညနေ ရုံးဆင်းချိန်တွင် နေပြည်တော် မြို့မဈေးသို့ ပို့ဆောင်ပေးကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းများ ထံမှ ထပ်မံသိရသည်။
မေမြန်မာ

ဒဏ်ရိုက်သည်ကို မကျေနပ်၍ စကားများရာမှ ဓားထိုးသည် အထိ ဖြစ်ပွားခဲ့သော လူသတ်မှု နေပြည်တော် ပျဉ်းမနားတွင် ဖြစ်ပွား


မိမိထိုးလိုက်သည့် ဓားချက်ကြောင့် ဦးနီ လဲကျသွားသည့် နေရာကို တရားခံက ပြသနေစဉ်
အောက်တိုဘာလ ၁၁ ရက် နေ့က နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးအုပ်စု၊ မအူပင်ကျေးရွာနေ ရာအိမ်မှူး တစ်ဦးကို တစ်ရွာတည်းနေသူ တစ်ဦးက အသွား ခြောက်လက်မ ခန့်ရှိသော ဓားဦးချွန်ဖြင့် ထိုးခဲ့ရာ ဆေးရုံအသွား လမ်း၌ပင် သေဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။
ညပိုင်း ၇း၃ဝ နာရီအချိန်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လူသတ်မှု၏ အဓိက တရားခံမှာ အသက် ၅ဝ အရွယ်ရှိသော ကျပန်းလုပ်ကိုင်သူ တစ်ဦးဖြစ်သည်။ ၄င်းသည် အခင်း ဖြစ်ပွားချိန်၌ အရက်သေစာ သောက်စားထားပြီး သေဆုံးသူ ရာအိမ်မှူး ဦးနီ၏နေအိမ်သို့ လာရောက်ရမ်းကား သူလည်းဖြစ်သည်။ တရားခံ လာရောက် ရမ်းကား ချိန်၌ အသတ်ခံရသူ ရာအိမ်မှူးက သူ၏ နေအိမ်တွင် အရပ်အတွင်း မှကလေးများကို ဗီဒီယို ပြသနေချိန် ဖြစ်ကြောင်း၊ ထိုအချိန် ကလေးများအပြင် အရပ်အတွင်းမှ မိတ်ဆွေ နှစ်ဦးလည်း ဦးနီ၏ အိမ်တွင် ရောက်ရှိ နေကြောင်း၊ တရားခံ လာရောက် ရမ်းကားစဉ် အိမ်အတွင်း တစ်ဦး နှင့် တစ်ဦး တစ်ခဏတာ လုံးထွေးသတ်ပုတ် ကြသဖြင့် နေအိမ်သို့ ရောက်ရှိနေသော တစ်ရပ်တည်းနေ မိတ်ဆွေနှစ်ဦးက ဝိုင်းဝန်း ဖျန်ဖြေခဲ့ရကြောင်း သတင်းရရှိသည်။
ဖျန်ဖြေမှုအပြီး တရားခံမှာ နေအိမ်ခြံဝင်း အပြင်သို့ ထွက်သွားကာ လမ်းပေါ်မှ အော်ဟစ် စိန်ခေါ်သဖြင့် ဦးနီက ၄င်းရှိရာသို့ သွားရောက်စဉ် အသင့် ယူဆောင်လာသော အသွား ခြောက်လက်မရှိ ဓားဦးချွန်ဖြင့် ဝဲဘက်ချိုင်းအောက်မှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ထိုးခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေတို့က နေပြည်တော် ပျဉ်းမနား ရဲစခန်းတွင် တိုင်ကြားခဲ့သည်။ တရားခံ ထိုးလိုက်သည့်ဓားသည် ဦးနီ၏ နှလုံးသို့ တိုက်ရိုက် စူးနစ်ခဲ့သဖြင့် ဦးနီမှာ နေရာ၌ ပင်လဲကျကာ စကားမပြောနိုင်သည့် အခြေ အနေ ရှိနေစဉ် မိသားစုဝင်များ နှင့် မိတ်ဆွေ နှစ်ဦးက မြင်းလှည်း ငှားရမ်းကာ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထိုသို့ ပို့ဆောင်စဉ် ဆေးရုံအသွားလမ်း မြို့ဦးရပ်ကွက် အရောက်တွင် ဦးနီ သေဆုံးခဲ့သည် ဟု သိရသည်။
တရားခံ ဖြစ်သူသည် ၄င်း၏ သမီးဖြစ်သူအား ရာအိမ်မှူး ဦးနီက ကျပ်ငွေငါးထောင် ဒဏ်ရိုက်သည်ကို မကျေနပ်သဖြင့် ဦးနီအိမ်သို့ သွားရောက် ရမ်းကားရာမှ လုံးထွေး သတ်ပုတ်ကြပြီး မကျေနပ်သေး၍ စိန်ခေါ်ရင်း လူသတ်မှု ဖြစ်သည် အထိ ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်သည် ဟု မျက်မြင်သက်သေ တို့က ဆိုသည်။
၎င်းအမှုကို နေပြည်တော် ပျဉ်းမနား ရဲစခန်းက ပြစ်မှုပုဒ်မ-၃ဝ၂၊ (ပ)၆၃၃/၁၁ ဖြင့် အမှု ဖွင့်ထားပြီး အမှုကို စခန်းမှူး ရဲအုပ် ကျော်ဝင်း  က တာဝန်ယူ စစ်ဆေးခဲ့သည် ဟု သိရသည်။
စွမ်းရဲထွဋ်

ရွှေချောင်းရေကြီးမှုကြောင့် ပခုက္ကူကျောင်းတိုက်တစ်ခု ပျက်စီးပျောက်ကွယ်


အောက်တိုဘာ ၂ဝ ရက် နံ နက်ပိုင်းက ရွှေချောင်း ချောင်းရေ တိုက်စားမှုကြောင့် ပခုက္ကူမြို့ရှိ အေးငြိမ်းချမ်းသာ ကျောင်းတိုက်ကြီးမှာ ကျောင်းဆောင် အဆောက် အဦများ၊ ရှစ်မျက်နှာစေတီနှင့် ကျောင်းတိုက် တို့ ပျက်စီးပျောက်ကွယ် သွားခဲ့ကြောင်းသိရသည်။  အေးငြိမ်းချမ်းသာကျောင်း တိုက်ကြီးမှာ ပခုက္ကူမြို့၊ အမှတ် ၃ရပ်ကွက် အတွင်းရှိပြီး ကျောင်း မြေအကျယ် ပေ ၂ဝဝ ပတ်လည် ရှိကြောင်း၊ ချောင်းရေတိုက်စားမှု ကြောင့် ၂နာရီအတွင်း သာသနိက အဆောက်အအုံအကြီး၊ အသေး ၁၅ လုံး၊ သစ်ပင်၊ ပန်းမန်၊ ရေတွင်း၊ ရေကန်အလုံးစုံ ပျောက်ကွယ် ပျက်စီးခဲ့ရပြီး ကျောင်းဝင်းမြေ နေရာမှာလည်း ချောင်းမြေ၊သဲပြင်ကြီး ဖြစ်သွားခဲ့ရသည်။ အေးငြိမ်းချမ်းသာ   ကျောင်း တိုက်ကြီးတွင် ဆရာတော် ဦးပညာသာမိနှင့် သံဃာတော်တစ်ပါး၊ ရှင်သာ မဏေ ၆ ပါး သီတင်းသုံးနေထိုင်ကြပြီး ချောင်းရေတိုက်စား မှုကြောင့် ကျောင်းတိုက် ကြီး ပြိုကျ ပျက်စီးခဲ့သော်လည်း ဆရာတော်၊ သံဃာ တော်များမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။ သို့သော်လည်း ကျောင်း၏ ဝေယျာဝစ္စကို ဆောင်ရွက်ပေး   နေသော ကိုရင်လူထွက် ကျောင်းသားများနှင့် ကိုရင်များ၏ အမိ၊ အဘ၊ ညီအစ်ကို၊ မောင်နှမများ ချောင်းရေတွင် မျောပါသေဆုံး သွားခဲ့ကြောင်း သိရသည်။  ထိုသို့   ကျောင်းတိုက်ကြီး ချောင်းရေတိုက်စား ပျက်စီးသွားခြင်းကို အလှူဒါယကာ ဦးလှအောင်က ”၁ဝ နှစ်ကျော်ကြိုးစားတည်ဆောက် ခဲ့တာတွေက ၂ နာရီအတွင်းမှာ အကုန် ပျက်စီးသွားတယ်။ ဝိုင်းဝန်း ကြိုးစားပြီး မြေနေရာလေးနဲ့ ကျောင်းတစ်ဆောင် ကတော့ အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရမှာပေါ့” ဟု ပြောပြသည်။  ရွှေချောင်း    ချောင်းရေ တိုက်စား မှုကြောင့် အေးငြိမ်းချမ်းသာ ကျောင်းတိုက်အပါအဝင် အိမ်ထောင် စု ၃၅ဝ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူဦးရေ ၃ဝဝ ကျော် ချောင်းရေနှင့် အတူ မျောပါ   သေဆုံးခဲ့ကြောင်း သိရသည်။
မောင်တာ

နှစ် ၁ဝဝကျော် သက်တမ်းရှိ ဝန်ကြီးများရုံး ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲအပ်

နှစ် ၁ဝဝ ကျော်သက်တမ်းရှိ ဝန်ကြီးများရုံးအား နိုင်ငံတော်သမ္မ တမှ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပြီး အပိုင်လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ် အဖွဲ့ မှ သိရသည်။
”ဒီရက်ပိုင်းအတွင်း လွှဲပြောင်းပေးလိုက်တာပါ။ ဆိုလိုတာက ဟိုတယ်မလုပ်တော့ဘူးပေါ့”ဟု မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင် ပြောသည်။
ယင်းအဆောက်အအုံကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ပြီး ထိုသို့ပေးအပ်မှုကို ကြည့်ခြင်းဖြင့် ယင်းဝန်ကြီးများရုံးကို အလေးထားသည်မှာ ပေါ်လွင်နေကြောင်း၊ သမိုင်းအစဉ်အလာအရ ပြယုဂ်အနေဖြင့်သာ ထားရှိသင့်သည်ကို လက်ခံသည့် သဘောရှိနေကြောင်းကို ခရီးသွားလုပ်ငန်းရှင်၊ ဗိသုကာပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့တို့မှ သဘောထားမှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၏ နာယကဦးသန်းတင်အောင်က”ဗိသုကာပညာရှင် တစ်ယောက်အနေနဲ့ ပြောရရင် မြန်မာပြည်က လူတွေရယ်၊ နိုင်ငံခြားခရီး သွားတွေ လေ့လာကြည့်ရှုဖို့ ဝန်ကြီးများရုံးကို ပြတိုက်အနေနဲ့ထားသင့်တာပါ၊ သမိုင်းမှတ်တမ်းအနေနဲ့ နိုင်ငံတော်ကထိန်းသိမ်း ထားတယ်ဆိုတာကို ပြယုဂ်အနေနဲ့ ပြသထားသင့်ပါတယ်”ဟု ပြောသည်။
ရန်ကုန်မြို့၌ ပြုပြင်ထိန်းသိမ်းသင့်သည့် ရှေးဟောင်းအဆောက် အအုံ ၁၈၉ လုံးရှိသည့် အနက် ထိုဝန်ကြီးများရုံးမှာ အဆောက်အအုံ ကြီးမားခြင်း၊ ပတ်ဝန်းကျင်ကျယ်ပြန့် ခြင်းနှင့်  သမိုင်းအစဉ်အလာကြီးမားခြင်းတို့ ရှိသည့်အတွက်ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ပြောဆို၍ရကြောင်း၊ ၂ဝ၁၁ခုနှစ်အတွင်းပိုင်းက ရှေးဟောင်း အဆောက်အအုံ ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးလေ့လာစဉ် အခါကလည်းမူလ ယဉ်ကျေးမှုလက်ရာများ အတိုင်းရှိနေသည်ကို အထင်အရှားတွေ့ရှိခဲ့ရသည့် မှတ်တမ်းများလည်း ရှိခဲ့ကြောင်း ရှေးဟောင်း အဆောက်အအုံပြုပြင် ထိန်းသိမ်းရေးအဖွဲ့တွင် ပါဆောင်ရွက်ခဲ့သူလည်း ဖြစ်သည့်၎င်းက ထပ်မံပြောသည်။
ထိုအဖွဲ့တွင်ကိုယ်တိုင် ဆောင်ရွက်ခဲ့သူတစ်ဦးကလည်း နှစ်ကာလကြာမြင့်သည့်အတွက် ပျက်စီးယိုယွင်းမှုရှိသည်မှာ မှန်သော်လည်း ရာခိုင်နှုန်းအနေဖြင့် တိတိကျကျ ပြောဆို၍ မဖြစ်နိုင်ကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့် ထိုစဉ်က ပြုပြင်ထိန်းသိမ်းခဲ့စဉ် အမိုးအား ပထမဦးစားပေးခဲ့ကြောင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ဒုတိယထားပြီး နောက်မှ ကြမ်းခင်းနှင့် အုတ်တိုင်များကို ဆောင်ရွက်ခဲ့ရသည်ဟုပြောသည်။
ထိုကဲ့သို့ သုတေသနပြုလုပ်ခြင်းကို ယမန်နှစ်က ပြုလုပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်  အစပိုင်း၌ ပြီးစီးခဲ့ကြောင်း ၄င်းတို့ထံမှသိရသည်။
လက်ရှိ၌ အလျင်အမြန် ထိန်းသိမ်းသင့်သည့် ဝန်ကြီးများရုံးနှင့် ပဲခူး ကလပ်အပါအဝင် ရှေးဟောင်းအ ဆောက်အအုံ ၁၈၉ လုံးရှိရာ အများစုမှာ မြို့လယ် အဓိကဇုန်အဖြစ် သတ်မှတ်ထားသည့် ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းမှစ၍ ကမ်းနားလမ်းအထိ၊ ထို့နောက်ကမ်းနားလမ်းမှသည် လမ်း ၄ဝ စာတိုက်ကြီး အထိတို့တွင်ရှိနေကြောင်း နိုင်ငံပိုင်စာရင်းများအရ သိရသည်။
မင်းသုအောင်၊ မေဇင်ဝင်း

နိုင်ငံရေး အကျဉ်းသားများ အင်းစိန်ထောင် အတွင်းမှာ ဆန္ဒပြ

 ထောင်ဒဏ် လျှော့ရက် ရရှိရေးအတွက် ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက  ဗုဒ္ဓဟူးနေ့ မွန်းတည့်မှစ၍ အစာငတ်ခံ ဆန္ဒပြမှု စတင်နေပြီဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်က ထုတ်ပြန်လိုက်သည်။

အဆောင် ၅ ဒုထောင်မှူး ဦးမြင့်မောင်မှ တဆင့် ထောင်တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင်အား နေ့လည်စာ ထမင်း မစားတော့ဘဲ အစာငတ်ခံ ဆန္ဒပြမှု စတင်ကြောင်း အကြောင်းကြားလိုက်ပြီး ဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြ ထားသည်။

သာမန်အကျဉ်းသားများကို လျော့ရက် ခံစားခွင့်ပေးချိန်တွင် နိုင်ငံရေး အကျဉ်းသားများကို လျော့ရက် ခံစားခွင့် မပေးဟု ကွန်ယက်အဖွဲ့၏ တာဝန်ခံ ကိုအောင်ဇော်ထွန်းက ပြောသည်။

“သူတို့ရဲ့ တောင်းဆိုချက်ကို မရမချင်း အစာငတ်ခံ ဆန္ဒပြမယ်

innsein
အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက အစာငတ်ခံ ဆန္ဒပြ
ဆိုတာကို ထုတ်ပြန်ထားတာ ဖြစ်တယ်။ သူတို့ ရည်ရွယ်ချက်ကို ဘယ်လောက် အတိုင်းအတာအထိ အကောင်အထည် ဖော်ပေး သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ရှည်ကြာသွားမှာပါ” ဟု ကိုအောင်ဇော်ထွန်းက ပြောသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ် ၃၄၇ တွင်  “နိုင်ငံတော်
သည် မည်သူ့ကို မဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်
အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကို
လည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။”ဟု ဖော်ပြ
ထားကြောင်းလည်း သူက ညွှန်းဆိုလိုက်သည်။

အကျဉ်းဦးစီး၏ ထောင်လက်စွဲအရလည်း သေဒဏ်ကျ အကျဉ်းသားများ၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်တသက် တကျွန်း ကျခံနေရသော အကျဉ်းသားများမှလွဲ၍ အကျဉ်းသားတိုင်း လျှော့ရက် ခံစားခွင့်ပေးရန် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို လျှော့ရက်ခံစားခွင့် ပိတ်ပင်မှုကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ခဲ့ သည်။

sandapya
အင်းစိန်အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူများထဲမှ ပါဝင်သည့်သူအချို့

sandapya1


သတင်း----မဇ္ဈိမ


ရန်ကုန်မှာ လယ်သမား များဆိုင်းဘုတ်ကိုင်ဆန္ဒပြ

ရှေ့နေ ကိုဖိုးဖြူ နဲ့ လယ်သမား တွေ ဒီမနက် ရန်ကုန်မှာ ဆန္ဒပြကြပါတယ်
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ 
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးနားလေးမှာပါ




ဒါက လယ်သမားတို့ရဲ့ တောင်းဆိုချက်







ဒီကနေ့ မနက် ၉နာရီ က ဗိုလ်အောင်ကျော်လမ်းနှင့် သိမ်ဖြူလမ်းကြား၊ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့၌ လယ်သမား(၁၀၀)ခန့်က လန ၃၉ ကို ဖျက်သိမ်းပေးရန် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ပါသည်။ဆန္ဒပြရာနေရာကို ရဲမှူးတစ်ဦးနဲ့ လုံထိန်းတွေ ရောက်လာပြီး ဒီကိစ္စကို နေပြည်တော်ရှိ လွှတ်တော်ရုံးမှ အကြောင်းပြန်မကြားသေးဘူးလို့ ပြောပြီး ဆန္ဒပြသူတွေကို မောင်းထုတ်လိုက်ပါတယ်။အခု ဆန္ဒပြလယ်သမားတွေက သိမ်ဖြူမီးပွိုင့်ဘက်သို့ ဆက်လက်ချီတက်သွားတယ်လို့ သိရပါတယ်။

သတင်း...Burma VJ Media Network


မတ်ဖန်အယ်ဒီတာချူပ် တာဝန်ဖြင့် ဆိပ်ဖြူရေဘေးသင့် ပြည်သူများထံ သွားရောက်ခဲ့သော ခရီးစဉ် အပိုင်း-၃



မတ်ဖန်အယ်ဒီတာချူပ် တာဝန်ဖြင့် ဆိပ်ဖြူရေဘေးသင့် ပြည်သူများထံ သွားရောက်ခဲ့သော ခရီးစဉ် အပိုင်း-၃

ကိုမှူးရေ...

ကျွန်တော့်ခရီးစဉ်အကြောင်း ပြောပြခဲ့တာ အခုဆိုရင် အပိုင်း(၃) တောင် ရောက်တော့မှာပါ။ အပိုင်း(၁) က မုံရွာကနေ ပခုက္ကူခရီးစဉ် + ပခုက္ကူမှာကြုံတွေ့ခဲ့ရတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း အကြောင်း၊ အပိုင်း (၂) က ပခုက္ကူကနေ ချောက်မြို့၊ ချောက်မြို့ကနေ ဆိပ်ဖြူမြို့နယ် အတွင်းက ရေဘေးသင့်ဒေသ ဆီ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ပုံအကြောင်းတွေ ဖြစ်ပြီး အခုတင်ပြပေးမယ့် တတိယပိုင်း အနေနဲ့ကတော့ ဆိပ်ဖြူမြို့နယ်၊ ဆိုက်ခမ်းကျေးရွာ အတွင်း ရေဘေးသင့် ပြည်သူတွေနဲ့ ကြုံဆုံခဲ့ရတဲ့ အကြောင်း ဖြစ်ပါတယ်။

ဘုရင့်နောင်ကျော်ထင်အနော်ရထာမင်း လက်ထက် တိုင်းတွင်းလှည့်လည်စဉ် ယောချောင်းထဲဖောင်တော်နဲ့ မျှောလာခိုက် ဆိုက်ခမ်းရွာအနီးမှာ ခေတ္တဆိုင်းငံ့တော် မူသတဲ့ဗျာ။ အဲ့ဒီလို ဖေါင်တော် ဆိုင်းငံ့လိုက်စဉ် တခဏအတွင်းမှာပဲ ရေတွေက ထူးထူးခြားခြား ခမ်းသွားသတဲ့၊ အဲ့ဒီလို ဖြစ်ပျက်ခဲ့တာကို အစွဲပြုရာက ဆိုင်းခမ်းကနေ ကာလရွှေ့လျားလာလိုက်တာ ဆိုက်ခမ်း ကျေးရွာအဖြစ် တည်ရှိနေခဲ့တာ အခုအချိန်အထိပါပဲ။ အဲ့ဒီဆိုက်ခမ်း ကျေးရွာကြီးမှာ လူဦးရေပေါင်း (၁၃၅၀) ရှိပြီး ဒီရွာရဲ့ အဓိက စီးပွါးရေး လုပ်ငန်းက စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါတယ်။

မနှစ်က ဂီရိမုန်တိုင်းဝင်ချိန် သီတင်းကျွတ်လပြည့်နေ့ကလည်း ယောချောင်းတစ်လျှောက်က ရွာတွေ မကြုံစဖူး ရေကြီးခဲ့ပြီး အိမ်အချို့ပျက်စီးခဲ့သလို စိုက်ပျိုးမြေတွေလည်း ပျက်စီးခဲ့လို့ ဒုက္ခရောက်နေတဲ့ ဒေသလေး ဖြစ်ပါတယ်။ ဒီနှစ်ရေကြီးချိန်ဟာ မနှစ်က ရေကြီးချိန်နဲ့ ၈ ရက်သာကွာပြီး ဂီရိရေထက် ၂  ဆကျော်ပိုကြီးခဲ့တာပါ။ သက်ဆိုင်ရာက သတင်းပေးလို့ ရေကြီးမယ်ဆိုတာ ကြိုသိထားပေမယ့် မနှစ်က ကြီးတုန်းက မမြုပ်တဲ့ တောင်ကုန်းဒေသလေးတွေဆီ လူတွေ ပစ္စည်းတွေပို့ထားပြီး သတိထားနေခဲ့ကြတာပါ။ ဒါပေမယ့်ဗျာ တကယ်ရေကြီးလာတဲ့ ည ၂၁ ရက်နေ့ နံနက် ၁၂ နာရီကျော် အချိန်ကစလို့ ကြီးလာလိုက်တဲ့ရေဟာ ၄ နာရီအတွင်း မကြုံစဖူး ပေအမြင့်အထိ တက်လာခဲ့ပြီး ပစ္စည်းတွေ၊ တိရိစ္ဆာန်တွေ အားလုံးကို ၀ါးမျိုသွားခဲ့ပါတယ်။ အမှန်တော့ အဲ့ဒီရွာက လူတွေလည်း တော်တော်များများသေဖို့ အခြေအနေ ကြုံခဲ့သေးပေမယ့် အသက်ကယ်ကုန်းအဖြစ် ခေါ်တွင်နိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ဘုရားကုန်းလေး ရှိနေတာကြောင့် အခုလို အသက်ရှင်ခဲ့ကြတာပါ။ အဲ့ဒီ ဘုန်းကြီးကျောင်းကုန်းလေးကို အားလုံးပြေးလာကြ အိမ်တွေထဲ ပိတ်မိနေတဲ့ သူတွေကို ၀က်တွေ နွားတွေ စားတဲ့ အစာခွက်တွေဘေး ရေပေါ်ပေါ်နိုင်တဲ့ ပုံးတွေချပြီး သွားကယ်ကြနဲ့ပေါ့။

တစ်ခု ထူးခြားတာ ရှိတယ်ဗျာ။ ဂျပန်က ဆူနာမီအရေး ကျွန်တော်တို့ ရုပ်/သံတွေကနေ မြင်ခဲ့ကြရတုန်းက အဖြစ်အပျက်ကို ရင်ဆိုင်ခဲ့ကြတဲ့ ဂျပန်ပြည်သူတွေက ငိုကြ ယိုကြနဲ့နော်။ အခု အဖြစ်အပျက်ကို ရေတက်နေတုန်း ရိုက်ကူးထားတဲ့ Movie ဖိုင်ကို ကျွန်တော်တင်ပေးတဲ့ဟာ မြင်ရင် သိပါလိမ့်မယ်။ မြန်မာလူမျိုးတွေဟာ အဲ့ဒီလောက်အထိ အသက်အန္တရာယ် ရင်ဆိုင်နေရစဉ် တခဏလေးမှာတောင် ရီရီမောမောနဲ့ လောကဓံကို ရင်ဆိုင်ခဲ့ကြရတာပါ။ ဒါပေမယ့် ဖြစ်ပျက်အပြီးမှာတော့ သူတို့မှာ ပိုင်ဆိုင်မှုအားလုံးဖြစ်တဲ့ အိမ်လေး တစ်လုံးတောင် မကျန်တဲ့အခြေအနေ၊ ဘယ်ဘဏ်တိုက်မှာမှ ငွေစာရင်းမရှိတဲ့အခြေအနေ ရောက်ခဲ့သလို ၀တ်စရာအ၀တ် တစ်ထည်မှ မရှိတော့ပေမယ့်၊ စားစရာ ဆန်တစ်စိတောင် မရှိတော့ပေမယ့်၊ ကယ်ဆယ်မယ့်သူ တစ်ယောက်တစ်လေမှ ရောက်လာမှု မရှိပေမယ့် လက်ရှိအခြေအနေမှာကိုပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အကောင်းဆုံး ရင်ဆိုင်နေကြတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။

တောင်၇ွာမ ကျေးရွာကနေ မြောက်ရွာမ ကျေးရွာအထိ ရွှံ့ဗွက်တွေကြား ခြေလျင်လမ်းလျောက်ရင်း မတ်ဖန်ပရိသတ်တွေ၊ စေတနာရှင်တွေ၊ ပရဟိတ လူငယ်အဖွဲ့တွေ အတွက် သတင်းရယူပေးနေခဲ့တာ နောက်ဆုံး ဆိုက်ခမ်းကျေးရွာဆီ ကျွန်တော် ရောက်ခဲ့ပါတယ်။ ဆိုက်ခမ်းကျေးရွာအတွင်းက မြောက်ဖက်ပိုင်းဆိုရင် အိမ်အားလုံး တစ်လုံးမကျန်ပျက်သွားလို့ ကျွန်တော် တိုးမပေါက်အောင်ဖြစ်ခဲ့ရပါတယ်။ အပျက်အစီးတွေပဲ ဓါတ်ပုံတွေ လိုက်ရိုက်နေရုံနဲ့ ပ၇ိသတ်ဆီ တင်ပြနိုင်ရုံနဲ့လည်း မပြီးသေးဘူးမို့လား အဲ့ဒီတော့ အသက်ရှင်နေတဲ့ ရွာသူရွာသားတွေဆီ ကျွန်တော် အရောက်သွားခဲ့ပါတယ်။ သူတို့ကို စာကြည့်တိုက်၊ ဓမ္မာရုံ၊ ဆေးခန်းအဆောက်အဦးတွေမှာ လူစုခွဲထားကြပါတယ်။ ကျွန်တော်ရောက်တဲ့နေ့ဟာ ရေဘေးဖြစ်ပြီး ၃ ရက်မြောက်နေ့ ဖြစ်လေတော့ အချို့ရေဘေး ဒုက္ခသည်တွေက အိမ်ကောင်းတဲ့ အမျိုးအိမ်ဆီ ပြန်သွားပြီး ပျက်စီးနေတဲ့ အိမ်တစ်အိမ်မှာ မိသားစုဝင်ပေါင်း လေးငါးစု စုပေါင်းနေထိုင်ကြပါတယ်။ ဒါ့ကြောင့် ဘုန်းကြီးကျောင်းပေါ်မှာ လေးငါးရာလောက်သာရှိတော့တာ တွေ့ရပါတယ်။ အရင်ကတော့ ထောင်ကျော်နေခဲ့ကြတာပါ။

ကျွန်တော့်အနီးမှာ ရှိတဲ့ အသက်ကြီး အဖိုးကြီး အချို့ဟာ နေထိုင်မကောင်း ဖြစ်နေပြီး ကျောင်းပေါ်မှာ ပက်လက်အနေအထားနဲ့ ရောဂါခံစားနေရတာ တွေ့မြင်ခဲ့ရပါတယ်။ ကလေးငယ်လေး အချို့ဟာလည်း ပြေးရင်းလွှားရင်း သံတွေစူး၊ ငုတ်တွေထိုးနဲ့ ထိခိုက်ဒဏ်ရာ ရရှိထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျန်တဲ့သူ အတော်များများကတော့ ၀တ်စရာ အ၀တ်မရှိပေမယ့်၊ စားစရာ မရှိပေမယ့် ကျန်းကျန်းမာမာပဲရှိနေပါတယ်။ တစ်ဦးချင်းဆီက သူတို့ ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်ကို ကျွန်တော့်ဆီ လာပြောပြခဲ့ကြပြီး ကျွန်တော်ကလည်း စိတ်လေးနဲ့သာ မှတ်ထားခဲ့ပါတယ်။ မန်ကျည်းပင်ပေါ် တက်နေခဲ့ရတဲ့ သားအဖတွေ ရှိခဲ့ပါတယ်။

အရင်ကလည်း ဒီနေရာ ရေမတက်ဖူးတော့ ငါ့အိမ်တော့ အမြုပ်လောက်ဘူး ဆိုပြီး အိမ်ထဲမှာပဲ နေရာက အိမ်ထဲရေ၀င်လာတုန်း လန့်သွားပေမယ့် ငါ့အိမ် ခေါင်မိုးနားက ထုတ်တန်းတော့ မမြုပ်လောက်ဘူးဆိုပြီး ထုတ်တန်းပေါ် ထပ်တက်ထိုင်နေတုန်း ထုတ်တန်းပါ ရေမြုတ်လာလို့ ခေါင်မိုးက သွတ်ကို မရမက ထိုးဖေါက်ပြီး ထွက်ကာ ကယ်ပါ ယူပါ အော်ခဲ့ရတဲ့ အဖိုးကိုတော့ ဗွီဒီယို မှတ်တမ်းလေး တင်နိုင်ခဲ့ပါတယ်။

ကိုမှူးသခင်ရေ..

အဖြစ်အပျက်တွေ ငရဲပွက်သလို ဖြစ်ပျက်တဲ့ ညကစလို့ ပခုက္ကူတစ်ခွင်က ဖုန်းအားလုံးလိုလို သုံးမရသလိုပဲ ကျွန်တော်ရှိရာ ဆိုက်ခမ်းကျေးရွာလေးမှာလည်း ဖုန်းအဆက်အသွယ်တွေ ပြတ်နေခဲ့တာပါ။ ညဖက် ၈ နာရီလောက်မှာတော့ လူတစ်ယောက်ကိုင်ထားတဲ့ ကမ်းရိုးတန်းသုံး တယ်လီဖုန်းလေးက လိုင်းမိလာတာနဲ့ ကျွန်တော်က ယူပြီး ရန်ကုန်က မတ်ဖန်အကျိုးတော်ဆောင် ညီလေး နောင်နောင်ဆီကို ဖုန်းဆက်ကာ နောက်ထပ် ကူညီကယ်ဆယ်ရေး ကိစ္စတွေအတွက် ဆက်လက် စီမံဖြစ်ပါတယ်။ အမှန်တော့ ကျွန်တော့်ဆီမှာ ပါလာတဲ့ ခရီးဆောင်ငွေ အားလုံးကိုလှူလိုက်ပြီးဖြစ်ပါတယ်။ ကျွန်တော့် အိမ်မှာကလည်း အကြီးအကဲမရှိလေတော့ ငွေပိုပိုလျံလျံငွေရယ်လို့ အပြင်မှာ သိမ်းထားတာ များများစားစား မထားခဲ့ပါဘူး။ ဒီတော့ အဝေးကနေ ငွေသုံးဖို့ကိစ္စ ကျွန်တော့်မှာ အခက်တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် ခရီးသွားနေတုန်း ၀င်ထားတဲ့ ငွေလေးသိန်းကျော်တော့ ကျွန်တော့်ရုံးမှာ ရှိနေတယ် ဆိုပြီး ရုံးက ၀န်ထမ်းမလေးဆီက သိထားတော့ ညီလေး နောင်နောင့်ကို အဲ့ဒီငွေအားလုံးသွားယူ၊ မတ်ဖန်ဖေါင်ဒေါင်းရှင်းက လိုက်ထရတ်ကားသွားယူ၊ ပြီးတော့ မတ်ဖန်က အကျိုးတောင်ဆောင် လူငယ်လေး လေးဦးလောက်ခေါ်ပြီး ချောက်မြို့ကို ဒုတိယအကြိမ် ကယ်ဆယ်ရေးအတွက် ထွက်ခဲ့ပါလို့ နောင်နောင့်ကို မှာလိုက်တော့ သူကလည်း မဖြစ်မနေ စီစဉ်ခဲ့မယ်ဆိုတဲ့ ဂတိလေး ပေးခဲ့ပါတယ်။ (သတင်းရေးနေချိန် နောင်နောင်နဲ့ အဖွဲ့ဟာ ချောက်မြို့နားကို ရောက်နေပါပြီ။)

ည ၈ နာရီလောက်မှာ ရန်ကုန်ပိုင်းကိစ္စတွေ စီစဉ်ပြီးတဲ့  ကျွန်တော်ဟာ မားမားခေါက်ဆွဲထုတ် ၂ ထုတ်ဖေါက် အစိမ်းစား၊ ရေသောက်ပြီး ညစာအတွက် ဗိုက်ဖြည့်လိုက်ပြီးတဲ့နောက် ကျေးရွာက လူငယ်တွေကို စုပေါင်းပြီး အစည်းအဝေးပုံစံလေး ခေါ်ယူခဲ့ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံလေးကိုလည်း ရှင်းပြခဲ့ပါတယ်။

ကျွန်တော်လိုချင်တာ အဓိကတော့ ကိုမှူးရေ.. အလှူပစ္စည်းကို မျက်စိရှေ့တင် ညီညီမျှမျှ ဝေပေးတာ မြင်ချင်တယ်။ မှတ်တမ်းတင်ချင်တယ်၊ အလှူရှင်တွေကို ပြန်ပြချင်တယ်၊ ကိုယ်တိုင်လည်း ၀င်ပြီးဝေပေးချင်တယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမှ ၀င်ရောက် စိုးမိုးခြယ်လှယ်တာမျိုး မလိုလားဘူး ဆိုတာကို ပြောပြခဲ့ပါတယ်။ ဒေသခံ လူငယ်တွေကလည်း အဲ့ဒီအတွက် စိတ်ချပါ။ ကျွန်တော်တို့ လိုလားတာလည်း ဒီအတိုင်းပဲ ဆိုပြီး ပြန်ပြောပြတဲ့အပြင် ချောက်ကနေ ဆိပ်ဖြူရောက်လာမယ့် ကယ်ဆယ်ရေး အကူအညီ ပစ္စည်းတွေ တောင်ရွာမ၊ မြောက်ရွာမ ကျေးရွာတွေဆီ သယ်ယူနိုင်ရေး အစီအစဉ်တွေ စီစဉ်နိုင်ခဲ့သလို ဒုက္ခသည်တွေကို ကယ်ဆယ်ထားတဲ့ ဆိုက်ခမ်းကျေးရွာ ရွာဦးကျောင်း ဆရာတော်ဦးက္ကုန္ဒက နဲ့ ထပ်မံဆွေးနွေး တိုင်ပင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော်ဟာ ရေဘေးသင့် ဒုက္ခသည်တွေနဲ့ တမိုးအောက်မှာ အတူတူ တစ်ညတာ အိပ်စက်ခဲ့ပါတယ်။ အပေါ်ထပ်၊ အောက်ထပ် ၂ ထပ်ရှိတဲ့ ရွာဦး ဘုန်းတော်ကြီးကျောင်းမှာ မိသားစုဝင်တွေက အောက်ထပ်၊ လူလွတ်တွေက အပေါ်ထပ်မှာ အောက်ဖက်က အမျိုးသမီးတွေ ဘုရားစင်နားမှာတော့ အမျိုးသားတွေ အိပ်နေကြရတာပါ။ ကယ်ဆယ်ရေးဆန်တွေကို ၂ မိုင်လောက် ဝေးတဲ့နေရာကနေ ကျောင်းတောင်ကုန်းပေါ်အထိ ၂ မိုင်သာသာလောက် လူအားနဲ့ တစ်နေ့ သုံးလေးခေါက် ထမ်းထားတဲ့ လူငယ်တွေဟာလည်း အရမ်းပင်ပန်းနေပြီလေ။ ညပိုင်း ချောင်းဆိုးသံ၊ ငြီးသံ လေးတွေ စည်စည်းကားကားနဲ့ ကျွန်တော်တို့ အိပ်ခဲ့ကြရပေမယ့် ကျွန်တော့်ခေါင်းထဲမှာ ငရဲပွက်သလို အဖြစ်အပျက်တွေက ကိုယ်တိုင်မကြုံပေမယ့် ကြုံနေရသလို မြင်ယောင်နေပြီး ကောင်းကောင်းအိပ်မရတဲ့ ဒုတိယမြောက် နေ့လေးတစ်နေ့ပါပဲဗျာ။... တကယ်ကြုံခဲ့ရတဲ့ သူတွေရင်ထဲမှာရော ဘာတွေရှိနေမလဲ..

ကိုမှူးရေ...

နံနက်မိုးသောက်တာနဲ့ အသံချဲ့စက်လေးနဲ့ ကျွန်တော့်ဆီက ပါလာတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဝေမယ့်အကြောင်း၊ ဆန် ဆယ့်ငါးအိတ်ဟာ လူတစ်ဦးကို နို့ဆီဗူးတစ်ဗူးရမယ့်အကြောင်း ကြော်ငြာ ပေးနေသံကြားရသလို လူတစ်ဦးကို ဆားတစ်ခွက်၊ ဆီငါးကျပ်သားဆီပါ ရမယ်ဆိုလို့ အားလုံးက တန်းစီနေကြပါပြီ။

အခုအချိန် ဘာလိုသလဲ လို့မေးတော့ အ၀တ်အထည်အကြောင်း မပြောအားပဲ ဆန်၊ဆီ၊ ဆားပေါ့ ဆရာရယ် ဆိုတဲ့စကားလေးကလည်း ကျွန်တော့်နားထဲ စွဲနေပါတယ်ဗျာ..

ကျွန်တော်ကလည်း ကိုယ်တတ်နိုင်တာ ကိုယ်လုပ်ဖို့အတွက် မျက်နှာမသစ်အားပဲ ကင်မရာလေးကိုင်၊ တန်းစီနေတဲ့သူတွေ၊ ဆန်အိတ်တွေ ဖေါက်နေတဲ့သူတွေဆီ အပြေးသွားရင်း မှတ်တမ်းလေးတွေ တင်ရတာပေါ့။ အသက် ၈၀ ကျော်အဖွားကြီးက သူ့မှာ ထည့်စရာ မရှိလို့ ရပြီးသား လူတစ်ယောက်ဆီက တောင်းစုတ်လေး၊ ဆီထည့်ဖို့ခွက်လေး ငှါးပြီး တန်းစီနေရာမှာ သူ့အလှည့်ကျလို့ သွားယူတဲ့အခါ အဖွါးက ရပြီးသားလားလို့ အမေးခံရတာ ကျွန်တော့်မျက်စိနဲ့ မြင်ခဲ့ပါတယ်။ အဖွါးက မရသေးပါဘူးသားရယ် ဟောဒီမှာ အဖွါးရဲ့ တုံကင်လေးပါ။ ဒီထဲက ဟာတွေက အဖွါးမှာ ထည့်စရာမရှိလို့ သူများဟာ ငှါးလာတာပါ လို့ ပြောရှာတာ မြင်ရပြီး ကျွန်တော့်ရင်ထဲ မကောင်းဘူးဗျာ။ ကျွန်တော့်မှာ ပါသလောက်ငွေ အကုန်လုံး လှူတာတောင်မှ တစ်ယောက်ကို ဆန်နို့ဆီဗူး တစ်ဗူးပဲရတာပါ။ ဒါကို စိတ်မကောင်းကြောင်း ဦးခင်မောင်မြင့်ကို ပြောတော့ မဟုတ်ပါဘူး ကိုဇော်ရယ် ကိုဇော့်လိုလူတွေ ရှစ်ယောက်လောက် ပေါင်းလိုက်ရင် တစ်ဦးကို ဆန်တစ်ပြည်စီ ရပြီပေါ့လို့ သူက ပြောတော့ ဟုတ်တယ် အခုလောက်ဆိုရင်ပဲ မတ်ဖန်က စေတနာရှင်တွေ ၀ိုင်းနေလောက်ပြီလို့ အတွေးလေး ၀င်ခဲ့ပါတယ်။ တကယ်ပါပဲဗျာ။ သင့်တင့်တဲ့ ပမာဏအတိုင်းအတာလေးတွေ ၀င်မယ့် အကြောင်း မကြာခင်မှာပဲ ဖုန်းသတင်းလေး ရခဲ့တယ် မဟုတ်လား။

ကိုမှူးရေ.. ကျွန်တော်ဟာ မတ်ဖန်က အယ်ဒီတာချူပ် တစ်ယောက်အနေနဲ့ သတင်းလာယူရတာကို သိပ်ကို ဂုဏ်ယူနေမိသလို သိပ်ကို တာဝန်ကြီးနေပြီဆိုတာ ကိုယ့်ကိုကိုယ် သတိပေးနေခဲ့ပါတယ်။ ငါရောက်နေတုန်း သေချာစီစဉ်ခဲ့နိုင်ရင် စီစဉ်နိုင်သလောက် ဒီရွာပတ်ဝန်းကျင်က ရေဘေးသင့် ပြည်သူတွေ အဆင်ပြေမယ် ဆိုတာလေး ကိုယ့်ကိုကိုယ်ပြောပေမယ့်  မြင်စိရှေ့က မြင်ကွင်းလောက်ပဲ ကြည့်နေလို့ မရဘူးမို့လား။ အဲ့ဒါကြောင့် ဆိပ်ဖြူဆိုတာ ဘယ်နားမှန်း မသိသေးတဲ့ ပရဟိတ အဖွဲ့ဝင်လူငယ်တွေ၊ အလှူကို အခင်းဖြစ်ရာ ဒေသဆီ ကိုယ်တိုင်သွားပြီး လှူချင်တဲ့ စေတနာရှင် မေတ္တာရှင်တွေအတွက်ပါ ကူညီပေးဖို့ ကျွန်တော် စဉ်းစားမိပါတယ်။

အဲ့ဒီအတွက် အကောင်းဆုံး အကြံလေး စဉ်းစားမိတော့ အားလုံးလည်း သိ၊ အားလုံးလည်း သွားတတ်လာတတ်တဲ့ ချောက်မြို့မှာ ကြားစခန်းလေး တစ်ခုလောက် ဖွင့်လှစ်ပေးလိုက်မယ်ဆိုရင် ဒီကနေ တဆင့် ရေဘေးသင့်ရာ ဒေသဆီကို အလှူရှင်တွေသွားလာနိုင်ရေး ကျွန်တော်တို့ ကူညီနိုင်မယ်လို့ တွေးမိပြီး အဲ့ဒီကိစ္စကိုပါ တစ်ခါထဲ စီစဉ်လိုက်ပါတယ်။

တစ်ပြိုင်တည်း ဆိုက်ခမ်းကျေးရွာ တွဲဖက်အလယ်တန်းကျောင်းဆီ သွားခဲ့ပြီးတော့ လက်ရှိအခြေအနေတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ ကျောင်းဆောင်က အခင်းကလွဲပြီး ကျန်တာ မပျက်စီးပေမယ့် ခုံတွေကိုတော့ ယောချောင်းကြီးက ဧရာဝတီမြစ်ဆီ ယူဆောင်သွားခဲ့ပြီမို့ ခုံတွေ နည်းနည်းပဲ ကျန်တော့တဲ့ အနေအထား ဖြစ်နေသလို ကျောင်းသား/သူ တွေမှာ ကျောင်းဝတ်စုံအပထား ကျောင်းစာအုပ်တောင် မကျန်တော့တဲ့ အနေအထားအတွက် ကျောင်းအုပ် ဆရာမကြီးဆီသွား ကျောင်းသား အင်အားလေး တောင်းယူခဲ့ပါတယ်။ ကူညီနိုင်ရင်လည်း ကူညီမယ်ဆိုတဲ့ အတွေးလေးနဲ့ပေါ့။

အဲ့ဒီနောက် နောက်ထပ် အသက်ကယ်ကုန်းအဖြစ် ခေါ်တွင်နိုင်တဲ့ ဘုရားကုန်းပေါ် တက်လိုက်တဲ့အခါ ယောချောင်းရဲ့ တစ်ဖက်ကမ်းမှာ ရွာလေးတစ်ရွာ တွေ့လိုက်ပါတယ်။ ရေစီးသန်တဲ့ ယောချောင်းဟိုဖက်က ရွာလေးလည်း ရေဘေးထိခဲ့ပြီး အခုထိ အခြေအနေ မသိရသေးကြောင်း ရေစီးသန်ပြီး အရင်သုံးနေကျ လှေတွေ အားလုံး ရေမျောကုန်လို့ ဟိုဖက်ကမ်း ကူးမရနိုင်ဘူးဆိုတာပြောပြလို့ ကျွန်တော် အင်မတန် စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သွားချင်တယ်ဆိုရင် ပခုက္ကူကနေ ကားနဲ့ပတ်ချင်ပတ် မပတ်ချင်ရင်တော့ ယောချောင်းကို လက်ပစ်ဖြတ်ကူးပြီး သွားမှသာ ဖြစ်နိုင်မယ့်အနေအထားအတွက် အားမတန် မာန်လျော့လိုက်ရပါတယ်။ ပခုက္ကူဖက်က ကယ်ဆယ်ရေး အကူအညီတွေရမှာပါလေ ဆိုတဲ့ ဖြေသိမ့်စရာလေး တစ်ခုနဲ့ပေါ့။ ဒါပေမယ့် ကျွန်တော်မြင်သလောက်တော့ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေက ဗွီဒီယိုမှာပါဖို့ ရုပ်/သံမှာ ပါဖို့ မြို့ပေါ်မှာသာ လှိုင်လှိုင်လုပ်နေတုန်းပါပဲ။

ဒီလိုနဲ့ ကျွန်တော်ရထားတဲ့ အချက်အလက် မှတ်တမ်းမှတ်ရာတွေကို အသုံးချဖို့ အရမ်းကို အရေးကြီးနေပြီ ဆိုတာ သိထားတဲ့ ကျွန်တော်ဟာ အခင်းဖြစ်ရာဒေသကနေ အမြန်ဆုံး ပြန်မှဖြစ်တော့မယ်ဆိုတာ ဒေသခံ လူတွေကိုပြောပြ အကူအညီတောင်းခဲ့ရာမှာ ထွန်စက်လမ်းတော့ ပေါက်ပြီ ဆိုတာနဲ့ ကျွန်တော့်ကို ထွန်စက်ကြီးနဲ့ လိုက်ပို့ပေးခဲ့ပါတယ်။ ထွန်စက်နောက်ပိုင်းမှာ မတ်တပ်ရပ်လိုက်ရင်း မနေ့က မြင်ခဲ့တဲ့ မြင်ကွင်းတွေကို ထွက်စက်ကြီးပေါ်ကနေ ထပ်မံ မှတ်တမ်းတင်ဖြစ်ပြန်ပါတယ်။ ကျွန်တော့်အတွက် ဆိပ်ဖြူမြို့ ပြန်မယ့် ကြားစခန်းဖြစ်တဲ့ တောင်ရွာမကျေးရွာကို ရောက်တဲ့အခါမှာတော့ ထူးခြားတာလေး မြင်လိုက်ရပါတယ်။ ဒါကတော့ တောင်ရွာမ ကွင်းကြီးထဲမှာ ကယ်ဆယ်ရေး ရွက်ဖျင်တဲ ၂၀ လောက် ထိုးနေခြင်းပါပဲ။ ယူနီဖေါင်းဝတ် ရဲတပ်သားတွေက မလိုအပ်ပဲ ကွင်းထဲက  မြက်တွေလိုက်ခုတ်နေတာ မြင်ခဲ့ရပါတယ်။ ကွင်းထဲက မြက်ပင် လိုက်ခုတ်နေတာထက် ပျက်နေတဲ့ အိမ်တွေကို ကယ်ဆယ်ပေးတာက ပိုအကျိုးထူးမှာလို့ တွေးနေမိသလို For Show Only လုပ်တတ်တဲ့ မြန်မာပြည်က ၀န်ထမ်းတွေရဲ့ စိတ်တွေ ဘယ်တော့များမှ ပျောက်ပါ့မလဲလို့ တွေးနေမိတယ်လေ။ အမှန်တော့ သူတို့ ဆောက်ပေးနေတဲ့ ရွက်ဖျင်တဲ မှာ ဘယ်သူမှ လာနေမယ့်သဘောမရှိပါဘူး။ တကယ်ဖြစ်တဲ့ အတွင်းပိုင်းကျေးရွာတွေက ပြည်သူတွေက သူတို့ဒေသကို စွန့်ပြီး ဒီတဲထဲ ဘယ်လာနေမတုန်းဗျာ။ အခုတော့ ကတ္တရာလမ်းပေါက်တဲ့ နေရာလေးမှာ ရွက်ဖျင်တဲထိုး လူကြီးကလာပြီးတော့ လုပ်အုံးမယ်နဲ့ တူပါရဲ့။ ဒေသခံတစ်ဦးက ပြောတာတော့ သူတို့လည်းပြန် တဲလည်းပြန်ဖျက်ယူသွားမှာတဲ့ဗျာ...

ကျွန်တော့်ခရီးစဉ်အတွင်း ရီစရာလေးတွေလည်း ကြုံခဲ့ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်သွားမယ့်နေ့က ဒုတိယ သမ္မတ စိုင်းမောင်ခမ်း လာမယ်ဆိုလို့ ရေဘေးသင့်ဒေသမှာ အပျက်အစီးတွေကြား အလံတိုင်နီတွေ လိုက်ထောင်ခိုင်းလို့ ထောင်ကြရပါတယ်။ ၀တ်စရာအ၀တ်တောင် ရေထဲပါသွားတဲ့ ဒေသခံပြည်သူတွေမှာ ဘယ်ကလာ အ၀တ်နီတွေရှိမတုန်းဗျာ။ အဲ့ဒီတော့ အပျက်အစီးတွေကြား ကြက်သွန်နီအိတ်ခွံတွေ ထောင်တာ မြင်ရတဲ့အပြင် ဘုန်းကြီး သင်္ကန်းစုတ်တွေနဲ့ အလံတွေလုပ်ပြီး သမ္မတကြီး ဟတ်စကီးပေါ်က ကြည့်ရင်မြင်အောင် လုပ်ပြထားတာပါပဲ။ ပိုပြီးရီစရာကောင်းတာက သမ္မတကြီးရဲ့ လေယာဉ်ဆင်းချင် ဆင်းရအောင် ဆိုပြီးတော့ ဟတ်စကီးကွင်းတစ်ကွင်းလုပ် ထုံးသုတ်ထားတာ ရွာသားတွေ ပိုက်ဆုံ နှစ်ထောင်လောက် ထုံးဖိုးသာ ကုန်သွားတယ် သမ္မတ ဆိုတာကို မမြင်လိုက်ရဘူးဆိုတာပါပဲ၊ ညဖက် သတင်းမှာ တွေ့လိုက်ရတာက ပခုက္ကူမြို့ပေါ်က ရေဘေးသင့်ပြည်သူတွေဆီ သမ္မတကြီး အရောက်သွားခဲ့တယ် ဆိုတာပါပဲ။ ဆိုက်ခမ်းကျေးရွာအရောက် သွားပြီး အားပေးစကားလေးများ ပြောပေးမယ်ဆိုရင်ဖြင့် သမ္မတကြီးကို နေ့စဉ် ဦးညွတ်နေမယ့် ရေဘေးသင့် ပြည်သူတွေ ရှိနေတယ် ဆိုတာလေး ကျွန်တော် ဒီနေရာကနေ သတင်းပေးချင်ပါရဲ့ဗျာ..
ကိုမှူးရေ.. တကယ်တော့ ကျွန်တော်လည်း ရဲအရာရှိတွေကြား ကင်မရာတကားကားမလုပ်ရဲခဲ့ပါဘူး။ ကယ်ဆယ်ရေး အဆောက်အဦးတွေကို ဓါတ်ပုံရိုက်တာကိုတော့ သဘောကျမယ် ထင်ပြီး ရိုက်ခဲ့ပေမယ့် မြက်ခုတ်နေတဲ့ ရဲလေးငါးဆယ်ယောက်ကိုတော့ မရိုက်ရဲဘူးဗျ။ အိမ်မပြင်နိုင်ပဲ မြက်ရှင်းနေတဲ့ ရွာသူလေးတွေကိုတော့ မသိမသာလေး ခိုးပြီးဓါတ်ပုံရိုက်ခဲ့ပါတယ်။ ရေဘေးသင့် အရပ်ဒေသကိုတော့ လူကြီးတစ်ဦးဦးလာတော့မယ် ထင်တယ်လို့ တွေးမိပေမယ့် ကတ္တရာလမ်းရှိရာ ဒီနေရာကပဲ ပြန်လှည့်သွားမှာ စိုးရိမ်နေမိပါတယ်။  ဒီလိုနဲ့ ဆိုင်ကယ်လေးနဲ့ ချစ်ချောင်းကိုဖြတ်စဉ် စက်ရပ်သွားလို့ နောက်ထပ် ဆိုင်ကယ် တစ်စီးကို မောင်းရင်း ကျွန်တော်ဟာ ဆိပ်ဖြူကနေတဆင့် ချောက်၊ ချောက်ကနေတဆင့် ကျောက်ပန်းတောင်း၊ ကျောက်ပန်းတောင်းမြို့ကနေတဆင့် ရန်ကုန်မြို့ဆီ တစ်ညလုံး လိုင်းကားစီးရင်းပြန်ခဲ့ပါတယ်။ အခုဒီစာလေး ရေးနေတဲ့အချိန်ဟာ ကျွန်တော်ရန်ကုန်ရောက်ပြီး ၃ နာရီအတွင်းဖြစ်ပါတယ်။ ညက မအိပ်ခဲ့ရပေမယ့် ကျွန်တော်နားနေဖို့ အချိန်မရဘူးလေ။ မင်းကိုနိုင် မွေးနေ့ ကတည်းက ရေအောက်ကေဘယ်လ် ပုရွက်ဆိပ်ကိုက်လို့ ပျက်သွားတဲ့ ရတနာပုံ တယ်လီပို့က အင်တာနက် ကွန်နက်ရှင်ကို ဖြတ်ကျော်ရင်း ကျွန်တော် ပင်ပင်ပန်းပန်းယူလာတဲ့ သတင်းတွေ၊ ဗွီဒီယိုတွေကို တင်ပြရအုံးမှာပါ။ 

ကျွန်တော့်ခရီးစဉ်လေးဟာ
- ဘယ်သူမှ မရောက်သေးတဲ့ ဒေသရဲ့ ရေဘေးအခက်အကြုံနေပုံအကြောင်း သေချာလေး မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။
- အရေးပေါ် ကယ်ဆယ်ရေး လိုအပ်နေတဲ့ ပြည်သူတွေဆီ ကျွန်တော့်မှာ ပါလာသလောက်ငွေကြေး အားလုံးနဲ့ ဆန် ၁၅ အိပ်အပါအ၀င် တတ်နိုင်သလောက် ကူညီခွင့်ရခဲ့သလို နောက်ထပ် ကူညီနိုင်ဖို့ အဆင်သင့် ဖြစ်စေခဲ့ပါတယ်။
-  ရေဘေးသင့် ပြည်သူတွေဆီ တိုက်ရိုက်ကူညီ ကယ်ဆယ်ရေး လုပ်ချင်နေတဲ့ ပရိဟိတ အဖွဲ့တွေအနေနဲ့ ချောက်မှတဆင့် သက်ဆိုင်ရာဒေသဆီ ကိုယ်တိုင်သွားနိုင်ဖို့ ကြားစခန်း တစ်ခုဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဒါတွေဟာ ကျွန်တော့်ခရီးစဉ်အောင်မြင်မှု အစပါ ဆိုတာလေး သတင်းကောင်းပေးရင်း ကျွန်တော့်စာလေးကို နိဂုံးချုပ် ပါရစေတော့ ကိုမှူးရေ...

မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးရန်ကင်းကွာပြီး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ကျွန်တော် ဒီနေရာကနေ ဆုတောင်းလိုက်ပါတယ်ဗျာ..

ဇော်ဇော်- Mutdfan.com
ရန်ကုန်မြို့။

ရေဘေးအတွက် မတ်ဖန်နှင့်အတူ ပါဝင်ကူညီလိုသူများ အနေဖြင့်ေ အာက်ဖေါ်ပြပါ အကျိုးတော်ဆောင်များမှတဆင့် ဆက်သွယ်နိုင်ပါသည်။

ဦးဇော်လွင်ဝင်း၊
အယ်ဒီတာချူပ် (Mutdfan.com)
Rm- 401, Excel Tower,
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း -559377 Ext: 6411
0943113390

ပြည်တွင်းမှ လှူဒါန်းလိုသူများအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်တွင်
Saving Account ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ကမ္ဘောဇဘဏ် သို့ သွားပြီး
Saving Account
Account No.      0071220027265 (ရွှေဂုံတိုင်ကမ္ဘောဇဘဏ်)
Account Name.  U ZAW LWIN WINသို့ ငွေလွဲထည့်ပေးပါဟု ပြောပြပြီး
ကမ္ဘောဇဘဏ် ရှိရာ မည်သည့်မြို့မှ ဖြစ်စေ လှူဒါန်းနိုင်ပါသည်။
တောင်ကိုရီးယား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။

ကိုရီးယားနိုင်ငံ

ထူးကိုကို (ကိုဂျာရက်)
ဘဏ်အကောင့် - ၁၀၀၂-၀၃ရ-၈၃ရ၀၃၂
Woori Bank

ဖုန်းနံပါတ် ..010 -3434-6184
လိပ်စာ-1360-8 , Jung Wang -Dong,
Siheung-City , Kyungki-Do , Korea
( 2 Ra – 509, Sihwa Industrial Complex )

စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ

ကိုသန့်ဇင်ဝင်း
အယ်ဒီတာ (Mutdfan.com)
(potatothant@gmail.com)
ဖုန်း – ၉၀၉၄၀၂၈၁…၆၂၂၁၉ရ၈၉(အိမ်ဖုန်း)
POSB Bank Account No. 402- 11900-4
win htut aung (Bank Account Holder Name )၉၀၉၄၀၂၈၁ (သို့)၆၂၂၁၉ရ၈၉(အိမ်ဖုန်း)

မခင်စုယဉ်
suuyin@gmail.com
Ph: 93887207
စင်္ကာပူ…
Bank Account  { POSB Savings , 248-06784-5 }

ကျော်ဇင်ထက်
အယ်ဒီတာ (mutdfan.com)
kyawzinhtat@gmail.com
Mobile No: 97263234
POSB Saving : 058767646

မလေးရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။
ဆရာတော်ဥုးစရိယ
( စရိယာရာမကျောင်း )
No.4. Jalan Chawan 6/21, Section 6, 46000 Petaling, Jaya.
ဆရာတော်ဦးစရိယ- ၀၁၆၆၂၆၄၆၄၂
လမ်းညွှန်။     ။ KL( Pasar Sini) မှ U-66 စီး  Section 6, Caltex
ဓာတ်ဆီဆိုင်မရောက်ခင် ဆင်းပါ၊ ပူထရာLRT ရထားစီးလျှင် Taman Jaya
(တမန်ဂျာရာ)

ရုရှားနိုင်ငံမှ အလှူငွေလက်ခံပေးမည့်  ကိုယ်စားလှယ်များ

ကိုသက်ထွန်းဦး (MPEI)
အယ်ဒီတာ (Mutdfan.com)
+79037894871
mincansi@gmail.com

ကိုအောင်ဇော်လတ် (MIIT)
အယ်ဒီတာ (Mutdfan.com)
+79851335345
saisyant@gmail.com

Online မှ လှူဒါန်းလိုပါလျင်..
Paypal.com - donate@mutdfan.com|

ပခုက္ကူရေဘေး ကူညီရေးအတွက် စေတနာရှင်များစါရင်း

- ဆရာတော်ဦးစရိယ (စရိယာရာမကျောင်းတိုက်-မလေးရှား) နှင့် ဒါယိကာ၊
ဒါယိကာမများမှ မတည်အလှူငွေအဖြစ် ကျပ် ၄ သိန်းမတည်ပေးခဲ့ပါသည်။
- kyaw phone    -  $37.37 USD
- ရုရှားနိုင်ငံ ကာလုဂါမြို့ မြန်မာကျောင်းသားများ - $ 500 USD + ရူဘယ် ၅၀၀ (အလှူငွေလက်ခံရရှိရာ ဌါန - မင်းကံစီ-Mutdfan.com) 
- ရုရှားရောက် အပတ်စဉ် ၅၁ မှ အရာရှိများ(MPEI) - ရူဘယ် ၁၀၀၀ (အလှူငွေလက်ခံရရှိရာ ဌါန - မင်းကံစီ-Mutdfan.com)
ရုရှားနိုင်ငံ MPEI ကျောင်းမှ ကျောင်းသားများ - ရူဘယ် ၁၃၀၀ (အလှူငွေလက်ခံရရှိရာ ဌါန - မင်းကံစီ-Mutdfan.com) 
- ရုရှားနိုင်ငံ ဘောင်းမန်း(မော်စကို) ကျောင်းမှ ကိုအောင်နိုင်စိုး နှင့် သူ၏သူငယ်ချင်းများ - ရူဘယ် ၁၀၀၀ (အလှူငွေလက်ခံရရှိရာ ဌါန - မင်းကံစီ-Mutdfan.com) 
- ရုရှားနိုင်ငံ ဘောင်းမန်း(မော်စကို)ကျောင်းမှ ကိုလွင်မျိုး နှင့် ကိုနေကျော်ထက် - ရူဘယ် ၁၀၀၀ 
(အလှူငွေလက်ခံရရှိရာ ဌါန - မင်းကံစီ-Mutdfan.com) 
- စင်္ကာပူနိုင်ငံမှ မလဲ့လဲ့ခိုင် ကောက်ခံပေးခဲ့သော အလှူရှင်များစာရင်း (အလှူငွေလက်ခံ ရရှိရာဌာန - ကျော်ဇင်ထက်- Mutdfan.com)
ကိုရေချမ်း 100 s$
မသီရိအောင်  100 s$
မခင်စန္ဒာထွန်း 20 s$
ကိုဝင်းနောင် 30 s$
ကိုထင်အောင်စိုး- မလဲ့လဲ့ဝင်း 150 s$
ကိုလင်းဇော်ဝင်း 30 s$
မဖြူဖြူသဲ 50 s$
မခင်ခင်ခိုင် 30 s$

- စင်္ကာပူနိုင်ငံမှ ကိုကျော်ဇေယျ - ၁ သိန်း 
(အလှူငွေလက်ခံ ရရှိရာဌာန - ကျော်ဇင်ထက်- Mutdfan.com)
စင်္ကာပူနိုင်ငံမှ ကိုကျော်ဇင်ထက် + အတာ - ၁ သိန်း (အလှူငွေလက်ခံ ရရှိရာဌာန - ကျော်ဇင်ထက်- Mutdfan.com)
- စင်္ကာပူနိုင်ငံမှ ကိုလင်းမြတ် - s$ 50 
(အလှူငွေလက်ခံ ရရှိရာဌာန - ကျော်ဇင်ထက်- Mutdfan.com)
စင်္ကာပူနိုင်ငံမှ ကိုဆန်းထွန်း - s$10 (အလှူငွေလက်ခံ ရရှိရာဌာန - ကျော်ဇင်ထက်- Mutdfan.com)- စင်္ကာပူနိုင်ငံမှ ကိုပြည့်ဖြိုး - s$ 50 (အလှူငွေလက်ခံ ရရှိရာဌာန - ကျော်ဇင်ထက်- Mutdfan.com)

စင်္ကာပူနိုင်ငံ မှ မချိုနွယ် ကောက်ခံပေးခဲ့သော အလှူရှင်စာရင်းန
 (အလှူငွေလက်ခံ ရရှိရာဌာန - မခင်စုယဉ် - Mutdfan.com)ကိုဟန်မင်းထိုက် + မတင်မျိုးခိုင် - S$20
မနန္ဒာစုလှိုင် - 
S$20
Ma Naw Annie Win - S$20
မစောသွယ်အေး - S$10
မခိုင်ခိုင်၊ မဆွေမာ၊ မအိရတနာ - S$50
မချိုနွယ်စုလှိုင် - S$30
- စင်္ကာပူနိုင်ငံမှ ကိုမြင့်ဇော်+ မပပထွန်း - s$ 30 (အလှူငွေလက်ခံ ရရှိရာဌာန -မခင်စုယဉ် - Mutdfan.com)
- စင်္ကာပူနိုင်ငံမှ မထားထားဇော် - s$ 20 (အလှူငွေလက်ခံ ရရှိရာဌာန -မခင်စုယဉ် - Mutdfan.com)















ရွှံ့တင်နေတဲ့ အိမ်ခေါင်မိုးပေါ်


သံစူးထားတဲ့ ဒဏ်ရာ ရင်းလာလို့ မခံစားနိုင်အောင် ဖြစ်နေတဲ့ ကလေးငယ်


























အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်