အသနားခံစာ တင်ရမဲ့ လွှတ်တော်ကော်မတီများ
![]() |
| လွှတ်တော် အစည်းအဝေးများ ကျင်းပအပြီး လွှတ်တော် ကိုယ်စားလှယ်များ ပြန်လည်ထွက်ခွာစဉ် |
ထို့ပြင် သက်ဆိုင်ရာနယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ တည်ဆဲဥပဒေများ နှင့်သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များသည် လက်ရှိအခြေအနေနှင့် ညီညွတ်ဆီလျော်ပါက အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် ရာတွင် စောင့်ကြည့်ထိန်းညှိ ကူညီရမည်ဖြစ်ကြောင်း ကော်မတီများ နှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ကော်မတီ၏တာဝန်များအရ သိရှိ ရသည်။
ကော်မတီများ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်ဖြစ်ပြီး ကော်မတီများတွင်ပါ ၀င်သူဦးရေမှာ ကော်မတီတစ်ခုလျှင် ၁၅ ဦးဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းသည့် ယင်းကော်မတီများ အားလုံးကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကော်မတီများ ဖွဲ့စည်းရာ၌ ကော်မတီ၏သက်တမ်း၊ ကော်မတီ ၏တာဝန်များ၊ ကော်မတီ၏ လုပ်ပိုင်ခွင့်များ၊ ကော်မတီ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ထည့်သွင်းသတ်မှတ် ပေးထားကြောင်း သိရသည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများမှာ ကော်မတီဝင်များ သည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့်အားလျော်စွာ ကော်မတီ လုပ်ငန်းအားလုံးကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန် ဖြစ်စေ၊ ကော်မတီ ရုံးစိုက်ရ ဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွား လာရာ၌လည်းကောင်း ယင်းတို့နှင့်သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့်စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစား ခွင့်ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့် များကိုလည်း ခံစားခွင့်ရှိကြောင်း သိရသည်။
ယင်းအပြင် ကော်မတီဝင်များသည် ကော်မတီအစည်းအဝေးများ တွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေး ယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်း ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့ အစည်း၏ အကြီးအမှူးမှတစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြု ချက်မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်း ပြစ်မှု တစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိကြောင်း သိရသည်။
နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်သည့် တိုင်ကြားစာ၊ အသနားခံစာများကို လွှတ်တော်သို့တင်ပြရမည့် ပြည်သူ့လွှတ်တော်၏ ကော်မတီ ၁၉ ခု
၁။ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ
၂။ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ
၃။ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
၎။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ
၅။ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ
၆။ နိုင်ငံတကာဆက်ဆံရေး ကော်မတီ
၇။ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
၈။ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ
၉။ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ
၁၀။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
၁၁။ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
၁၂။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ
၁၃။ ကျန်းမာရေးမြှင့်တင်မှုကော်မတီ
၁၄။ ပညာရေးမြှင့်တင်မှုကော်မတီ
၁၅။ တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီ
၁၆။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ
၁၇။ အမျိုးသမီးများနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ
၁၈။ ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီ
၁၉။ ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ
သတင်း----Eleven Media Group
သစ်ထူးလွင်
10/26/2011 11:24:00 PM
မကွေးတိုင်း ရေဘေး နောက်ဆုံးစာရင်းများအရ ပျက်စီးအိမ်ခြေ ၂၀၀၀ ကျော်၊ ရေမြုပ်အိမ်ခြေ ၄၅၀၀ ကျော်၊ ပျက်စီးတံတားကြီး ၁၀ စင်းနှင့် အသေအပျောက် များစွာ ရှိခဲ့ကြောင်း
မကွေးတိုင်းဒေသကြီး အတွင်း ဖြစ်ပွားခဲ့သော ရေဘေးအန္တရာယ် ကျရောက်မှုကြောင့် နောက်ဆုံးစာရင်းများအရ ပျက်စီးအိမ်ခြေ ၂၀၀၀ ကျော်၊ ရေမြုပ်အိမ်ခြေ ၄၅၀၀ ကျော်၊ ပျက်စီး တံတားကြီး ၁၀ စင်းနှင့် အသေအပျောက် များစွာရှိခဲ့ကြောင်း ရေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အန္တရာယ်ကျရောက် သော နယ်မြေများသို့ လွှတ်တော်မှ သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၄၁ ရက်မြောက်နေ့၌ ပြောကြားခဲ့သည်။
“မကွေးတိုင်းဒေသကြီး ရေဘေး အန္တရာယ် ကျရောက်မှု နယ်မြေသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ စီစဉ်ပေးသည့်ခရီးစဉ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနဲ့ ရေဘေး သင့်ခံရတဲ့ ပေါက်မြို့မဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင် ညိုတို့ လိုက်ပါသွားကြပါတယ်။ ဒီနှစ် မှာ လွှတ်တော်ကျင်းပနေစဉ် ကာလမှာပဲ မြစ်ရေကြီးခြင်း၊ အခြားရေကြီး ရေလျှံခြင်းများ၊ တိုင်းနဲ့ ပြည်နယ် အနှံဖြစ်ခဲ့တာရှိပါတယ်။ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနဲ့ အခုဆိုရင် မကွေး တိုင်းဒေသကြီး ပခုက္ကူဒေသမှာ နောက်ဆုံးဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ပေါ်တဲ့ နေရာမှာ မကွေးတိုင်းဒေသကြီးအတွင်း မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောက်ဆုံးရရှိထားတဲ့ စာရင်းများ အရ ဆိုရင် စုစုပေါင်း အိမ်ခြေပျက်စီးမှုက ၂၂၀၈ အိမ်ဖြစ်ပါတယ်။ ရေမြုပ် အိမ် ခြေက ၄၅၁၀ ဖြစ်ပါတယ်။ လယ် ဧက ၁၂၀၊ ယာ ဧက ၁၄၀၊ သီးနှံစိုက် ပျိုး မျိုးစပါးတင်းပေါင်းက ၃၀၀၀၀ ကျော်၊ အသေအပျောက်စုစုပေါင်း ၉၀ ကျော် ဒီအထဲမှာ ပျောက်ဆုံးစာရင်း မပါပါဘူး။ နွားအနေနဲ့ ၄၀၅၊ ဆိတ် ၁၀၄၀၊ ၀က် ၁၄၈၊ ထွန်စက် ၁ စီး၊ ရေတင်စက် ၅ စီး၊ ရေစုပ်စက် ၆ စီး၊ တံတားကြီး ၁၀ စင်း၊ ဘုန်းကြီး ကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၈ ကျောင်းပါဝင်ပါတယ်။ ဒီနေရာမှာ ကိုယ်ပိုင်ပစ္စည်း မပါပါဘူး”ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက “ဒါကြောင့် ဒီသတင်းကို မိမိလွှတ်တော် ဥက္ကဋ္ဌ ရရှိတဲ့အချိန်မှာ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များနဲ့ အနီးနားမှာရှိတဲ့ ကိုယ်စားလှယ်များနဲ့ညှိနှိုင်းပြီး ဒီဖြစ်ပေါ်ခဲ့တဲ့ ဘေး အန္တရာယ်အတွက် ကူညီသင့်ကြောင်း၊ ကူညီတဲ့အခါမှာလည်း မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်တဲ့အချိန်မှာ နေ့တွက် စရိတ်ငွေ ၁၀၀၀၀ ရပါတယ်။ ဒါကြောင့်မို့ ဒီနေ့တွက်စရိတ် ၁၀၀၀၀ ကို ထည့်ဝင်ခြင်းအားဖြင့် ပြည်သူ့လွှတ်တော်အနေနဲ့ ၃၉ ဒသမ ၅ သိန်း ရနိုင်ပါတယ်။ ဒါကြောင့် ဒီဟာကို ပါဝင်ကူညီ လှူဒါန်းသင့်တဲ့ အတွက် ဆုံးဖြတ်ချက်ချပြီး လှူခဲ့ပါတယ်။ ဒီနေ့ နိုင်ငံတော် သမ္မတကြီးက မကွေး တိုင်းဒေသကို သွားရောက်ပြီး ရေဘေး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင် ရွက်တဲ့နေရာမှာကျွန်တော်တို့ရဲ့ပြည်သူ့ လွှတ်တော်က ဒုတိယဥက္ကဋ္ဌနဲ့ ပေါက် ဒေသကိုယ်စားလှယ် ဦးခင်မောင်ညို တို့ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလိုလှူဒါန်းခြင်းဟာ ပြည်သူများကို အလေးထား စာနာ ထောက်ထားတဲ့ သဘောဖြစ်ပါတယ်”ဟု ပြောကြား ခဲ့သည်။
သတင်း---Eleven Media Group
သစ်ထူးလွင်
10/26/2011 02:55:00 PM
ပြည်တွင်းအင်တာနက် . . . ခေတ်မပြောင်းသေးပါ
ရေအောက်အင်တာနက် ဆက်ကြောင်း SEA-ME-WE 3 (South-East Asia - Middle East - Western Europe 3) ချို့ယွင်းမှုမှာ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်၌ ဖြစ်ပေါ်ခဲ့သည်ဟု ရတနာပုံ တယ်လီပို့မှ သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော အင်တာနက်မြန်နှုန်း နှေးကွေးမှုနှင့် ယာယီပြတ်တောက်မှုများမှာ အောက်တိုဘာလ၂၅ ရက်နေ့သို့ ရောက်ရှိချိန် အထိ ပြန်လည် ကောင်းမွန်လာခဲ့ခြင်း မရှိသေးပေ။ ယခုဖြစ်ပေါ်နေသော အင်တာနက် ယာယီပြတ်တောက်မှုမှာ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြားSEA-ME-WE 3 ရေအောက်ဆက်ကြောင်းအပိုင်း၌ ချို့ယွင်းခဲ့သဖြင့်ဟု ဆိုပါသည်။
“SEA-ME-WE 3 ချို့ယွင်းတာ ကို ပြင်ဆင်ဖို့အတွက် သွားနေတဲ့ သင်္ဘောက အောက်တိုဘာလ ၂၅ရက် နေ့လောက်မှ ပျက်တဲ့နေရာကို ရောက်မယ်လို့ သိရပါတယ်”ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ပြောဆိုခဲ့သည်။
လုပ်ငန်းတိုင်း အင်တာနက်နှင့် မကင်းနိုင်
“အင်တာနက်က လုပ်ငန်းတိုင်း နဲ့ မကင်းနိုင်တော့ဘူး။ အခုလို အင်တာနက် ယာယီ ပြတ်တောက်မှုတွေကြောင့် လုပ်ငန်းတွေမှာ ဆုံးရှုံးမှု ဘယ်လောက် ရှိတယ်ဆိုတဲ့ အတိုင်းအတာ ပမာဏကို အတိအကျမပြောနိုင် သေးပေမယ့် အခက်အခဲကတော့ ကြုံလာရတယ်။ လုပ်ငန်းကိစ္စတွေအတွက် ချိတ်ဆက်တာတွေကအစ အရေးကြီးတဲ့ စာချုပ်စာတမ်းကိစ္စတွေမှာ အခက် အခဲရှိလာတယ်”ဟု စင်ကာပူအခြေစိုက် Kelvin Cha ဥပဒေအကျိုးဆောင်လုပ်ငန်း၏ ရန်ကုန်ရုံးတာဝန်ခံ ဦးသန်းမောင်က ပြောပြပါသည်။
“ထင်သာမြင်သာ ရှိနေတဲ့ အခက်အခဲကတော့ လေယာဉ်လက်မှတ် ရောင်းတဲ့ ကုမ္ပဏီတွေ ဖြစ်နေတယ်။ e-Ticket စနစ်ကို အသုံးပြုသူတွေ အကုန်လုံး အချိန်မီ မရကြတော့တာပါပဲ။ ဒီအချက် တစ်ခုတည်းနဲ့တင် နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ ကလူတွေ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲတယ် ဆိုတာ သာဓကပါ။ ဆုံးရှုံးတာတွေကို မတွက်ချက်သေးလို့ ဂဏန်းတစ်ခု ထွက်မလာသေးတာပါ။ ဆုံးရှုံးမှုတွေ ရှိနေမှာတော့ သေချာပါတယ်” ဟု Myanmars.net မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်က ပြောပါသည်။
အင်တာနက်မြန်နှုန်း နှေးကွေးမှုမှာ ဆက်လက်ဖြစ်ပေါ်နေပြီး အင်တာနက် တပ်ဆင် အသုံးပြုခမှာလည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်း မြင့်မားနေဆဲဖြစ်ပါသည်။ လက်ကိုင်ဖုန်းအချို့၌ အင်တာနက် အသုံးပြုခွင့် ရရှိခဲ့သော်လည်း လူတိုင်း အင်တာနက်သုံးစွဲခွင့်မှာ အလှမ်းကွာနေဆဲဖြစ် . .
|
အင်တာနက်ဆက်ကြောင်း လေးလိုင်း
မြန်မာနိုင်ငံတွင် အသုံးပြုနေသော အင်တာနက် ဆက်ကြောင်းလိုင်း လေးလိုင်းရှိပါသည်။SEA-ME-WE 3 ရေအောက် ဆက်ကြောင်းလိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြင့် ချိတ်ဆက် ထားသော ကုန်းတွင်းဆက်ကြောင်းလိုင်းတို့ ဖြစ်သည်။SEA-ME-WE 3 ရေအောက် ဆက်ကြောင်းလိုင်းမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံကို ချိတ်ဆက်ထားသော နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းလိုင်းဖြစ်ပြီး ကုန်းတွင်း ဆက်ကြောင်းလိုင်း သုံးလိုင်းမှာမူ မြန်မာနိုင်ငံနှင့် သီးခြားဆက်သွယ် ထားခြင်းဖြစ်သည်။
SEA-ME-WE 3 နှင့် အင်တာနက် ယာယီပြတ်တောက်မှု
မြန်မာနိုင်ငံ၌ အင်တာနက်ယာယီ ပြတ်တောက်မှု ဖြစ်ပေါ်သည့်အချိန် အတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများမှSEA-ME-WE 3 ချို့ယွင်းမှု သို့မဟုတ် National Backbone ချို့ယွင်းမှုကြောင့် ဟု ပြောဆိုလေ့ရှိပါသည်။ သုံးစွဲသူများဘက်တွင်မူ မြန်မာနိုင်ငံ၌ အင်တာနက် ဆက်ကြောင်းလိုင်း လေးလိုင်း ရှိနေပြီး ဆက်ကြောင်းလိုင်း တစ်လိုင်း ပျက်ရုံဖြင့် အင်တာနက် ပြတ်တောက်မှု မဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။
အင်တာနက် ယာယီပြတ်တောက်မှု ဖြစ်ပေါ်သည့်အခါတိုင်း နိုင်ငံရေး အခြေအနေများနှင့် ဆက်စပ်စဉ်းစား လေ့ရှိသည်မှာ အင်တာနက်သုံးစွဲသူများအကြား အစဉ်အလာအားဖြင့် ရှိခဲ့ပြီ ဖြစ်ပါသည်။
“မြန်မာနိုင်ငံမှာ စုစုပေါင်း အင်တာနက်သုံးစွဲမှု Bandwidth ပမာဏ မှာ 3.596Gbps ၀န်းကျင် ရှိပါတယ်။SEA-ME-WE 3 ကနေ 1.7 Gbps ရပါတယ်။ ကုန်းတွင်းဆက်ကြောင်း တွေက 2 Gbps လောက်ရပါတယ်။ ဒါကြောင့်မို့ SEA-ME-WE 3 ချို့ယွင်းတာနဲ့ အင်တာနက် ယာယီပြတ်တောက်မှုတွေ ဖြစ်တာပါ”ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောပါသည်။
အင်တာနက် ဆက်ကြောင်း ချို့ယွင်းပါက အစားထိုးနိုင်ပေးမည့် နည်းလမ်းမရှိသေး
“အင်တာနက် ဆက်ကြောင်းလိုင်းတစ်လိုင်း ချို့ယွင်းသွားရင် အစားထိုး နိုင်မည့် နည်းလမ်းရှာဖွေထားသင့်တယ် ဆိုတာထက် လုပ်နေတယ်လို့ ကြားထားပါတယ်။ ကုန်းတွင်းဆက်ကြောင်း လိုင်းတွေကတစ်ဆင့် on damand ပေါ် မူတည်ပြီး ထပ်တိုးဖို့ လုပ်နေတယ်လို့ ကြားပါတယ်”ဟု Myanmar Gateway Technology ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောပြသည်။
“ဆက်ကြောင်းလေးကြောင်း ရှိနေတာတော့ မှန်တယ်။ ဒါပေမယ့် ဒီဆက်ကြောင်းတွေက ဆက်သွယ်ထားတာပဲ ရှိတယ်။ တစ်ဖက်မှာကလည်း နိုင်ငံတကာ ဆက်ကြောင်းလိုင်းတွေဆီက အင်တာနက် Bandwidth ယူပြီဆိုတာ နဲ့ယူသလောက် ပိုက်ဆံပေးရပါပြီ။ SEA-ME-WE 3 ကတော့ တည်ဆောက်မှုမှာ မြန်မာနိုင်ငံ ပါတဲ့အတွက် အင်တာနက် Bandwidth ဖိုးက သက်သာပါတယ်။ တခြားကုန်းတွင်း ဆက်ကြောင်းမှာ ယူမယ်ဆိုရင်တော့ 55 Mbps ရှိတဲ့ STN-1 link တစ်ခုကို ၀ယ်မယ်ဆိုရင် အနည်းဆုံး တစ်လ အတွက် အမေရိကန်ဒေါ်လာ ၄၀၀၀ နဲ့ ၅၀၀၀ ကြားလောက် ပေးရပါတယ်။ on damand ပေါ်မူတည်ပြီး ကုန်းတွင်း ဆက်ကြောင်းတွေဆီက ပိုယူမယ်ဆိုရင် ဟိုကပေးနိုင်မယ့် ပမာဏနဲ့ ဒီကယူနိုင်မယ့် ပမာဏကို ချိန်ဆရတာတွေ ရှိနေမှာပါ။SEA-ME-WE 3 ကနေ ထပ်ယူဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ သူတို့ပေးထားတဲ့ ပမာဏ အပြည့်ယူ ထားလို့ပါ”ဟု Myanmar Gateway Technology မှ ဦးဇော်မင်းဦးက ဆက်လက်ပြောပြပါသည်။
သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး ကမူ ရေအောက် ဆက်ကြောင်းလိုင်း မှာ လက်ရှိအချိန်တွင် ဈေးအသက်သာဆုံး ဖြစ်နေသည့်အတွက် ကုန်းတွင်း ဆက်ကြောင်းလိုင်းထက် ပိုမိုအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။
အင်တာနက် ပြတ်တောက်မှုနှင့် ဖြေရှင်းပေးနိုင်မှု
အင်တာနက်မြန်နှုန်း နှေးကွေးခြင်းကြောင့်ဖြစ်စေ၊ အင်တာနက်လိုင်း ယာယီ ပြတ်တောက်ခြင်းကြောင့် ဖြစ်စေ ဖြစ်ပေါ်လာသော ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများသို့ မေးမြန်းရာတွင်လည်း Customer Sales Services ကင်းမဲ့သော တုံ့ပြန်မှုများဖြင့် ရင်ဆိုင်ရလေ့ရှိကြောင်း အင်တာနက် လိုင်း တပ်ဆင်အသုံးပြုတိုင်းက ဆိုသည်။
“ဘယ်လိုဖြစ်နေသလဲဆိုရင် ရပ်ကွက်တစ်ခုမှာ မီးကြိုးတွေတော့ သွယ်ထားတယ်။ လျှပ်စစ်ဓာတ်အားက အပြည့်မရတဲ့သဘော ဖြစ်နေတယ်။ ဒီကြားထဲမှာ ဓာတ်တိုင်တွေလဲပြီး လျှပ်စစ်ဓာတ်အား ပြတ်သွားရင် အမှောင်ထဲ မှာပဲနေ ဆိုတဲ့ပုံစံဖြစ်နေတယ်။ ဒါပေမယ့် မီတာကြေးကတော့ ကြိုယူထားတယ်။ မီတာကြေး ပုံမှန်မပေးရင် မီးလာဖြတ်တယ်”ဟု အင်တာနက်ကဖေးဆိုင် ပိုင်ရှင် တစ်ဦးက ပြောပြပါသည်။
မြန်မာနိုင်ငံ၏ အင်တာနက် တပ်ဆင်အသုံးပြုခများ အခြားနိုင်ငံများထက် များပြားလျက်ရှိနေပြီး ၀န်ဆောင် မှုမှာမူ အခြားနိုင်ငံများထက် နည်းပါး လျက်ရှိနေပါသည်။
“ကျွန်တော်တို့ သိထားသလောက်ကတော့SEA-ME-WE 3 မှာ မြန်မာနိုင်ငံက consortium ဖြစ်တဲ့အတွက် Bandwidth ဖိုးက အခုအချိန်မှာ အများကြီးမပေးရဘဲ အလကားလောက်နီးနီး ရထားပါတယ်။ တကယ်လို့ ဒီအချိန်မှာ ကုန်းတွင်းဆက်ကြောင်းကနေယူလို့ Bandwidth ပမာဏ 1Gbps ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပေးပြီး ၀ယ်မယ်ဆိုရင် 3Gbps လောက်ကို အလွန်ဆုံး အမေရိကန်ဒေါ်လာ ၉၀၀၀၀ လောက်ပဲ ကျမှာပါ။ မြန်မာ နိုင်ငံမှာ 512Mbps လိုင်းကို တပ်ဆင်တဲ့သူ ၁၀၀၀၀ ပဲ ရှိတယ်ထားဦးတော့ တစ်ဦးချင်းစီက ပေးရတဲ့ လစဉ်ကြေး တစ်လစာကို အမေရိကန်ဒေါ်လာ ပျမ်းမျှ ၅၀ ကျော်နဲ့မြှောက်ရင် ၀င်ငွေ က အမေရိကန်ဒေါ်လာ ငါးသိန်းကျော် ရှိနေပါတယ်။ ဒါတောင်ကျပ်ငွေ သိန်းဂဏန်းပေးနေရတဲ့ ကနဦးတပ် ဆင်ခတွေ၊ တခြားဝန်ဆောင်ကြေးတွေ မပါသေးပါဘူး” ဟု ကွန်ပျူတာ လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုသူ ၄၀၀၀၀၀ ကျော်ရှိနေပြီး အင်တာနက် တပ်ဆင် အသုံးပြုသူ အရေအတွက်မှာ ADSL တပ်ဆင်သူများ အပါအ၀င် ၄၀၀၀၀ ကျော် ခန့် ရှိသည်။
ကုန်းတွင်းပိုင်း ဆက်ကြောင်းလိုင်း အဆင့်မြှင့်တင်ရန် စီစဉ်
လက်ရှိအချိန်၌SEA-ME-WE 3 ချို့ယွင်းမှုအား ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေသည့် နည်းတူ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြင့်ချိတ် ဆက်ထားသော ကုန်းတွင်းပိုင်းဆက်ကြောင်းလိုင်းများ ကို အဆင့်မြှင့်တင်သွား မည်ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြောပါသည်။
“အခုချိန်မှာတော့ ထိုင်း နဲ့ချိတ်ဆက် ထားတဲ့ ကုန်းတွင်း ဆက်ကြောင်းကနေ STN-1 11link ၊ တရုတ်နဲ့ ချိတ်ထားတဲ့ STN-1 2link ကို ထပ်ယူဖို့ စီစဉ်နေပါတယ်။ ငွေကြေးပိုင်းမှာ အားလုံး ပြီးသွားပါပြီ။ နည်းပညာပိုင်း တချို့ပဲ ကျန်နေပါတယ်။ အမြန်ဆုံး လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ပြောပြသည်။
STN-1 link တစ်ခုလျှင် Bandwidth Speed ပမာဏ 155Mbps ရှိသဖြင့် စုစုပေါင်း Bandwidth ပမာဏ 2Gps ရရှိနိုင်ကြောင်း သိရသည်။ ကုန်းတွင်းပိုင်း ချိတ်ဆက်မှုမှ စုစုပေါင်း Bandwidth ပမာဏ 4Gps အထိရှိမည်ဖြစ်ကာ ရေအောက် ဆက်ကြောင်းလိုင်းမှ 1.7Gps ရမည် ဆိုပါက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် စုစုပေါင်း Bandwidth ပမာဏ 5.7Gps အထိ ရှိလာနိုင်ပါသည်။
ထိုပမာဏအတိုင်း အမှန်တကယ် ရရှိပါက မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူများ လက်ရှိ အသုံးပြုနေသော Bandwidth ပမာဏ 3.596Gps အတွက် လုံလောက်မည့် အခြေအနေ ရှိသော်လည်း မြန်မာနိုင်ငံ၏ အင်တာနက် Bandwidth သုံးစွဲမှု ပမာဏမှာ တစ်နှစ်လျှင် ၃၀ရာခိုင်နှုန်းခန့် မြင့်တက်လျက် ရှိနေကြောင်း သိရသည်။
ခေတ်မပြောင်းသေးသည့် ပြည်တွင်းအင်တာနက်
အစိုးရနှင့်သက်ဆိုင်သော လုပ်ငန်းနယ်ပယ်များ၌ ပြုပြင်ပြောင်းလဲမှု ဟူသော လုပ်ဆောင်မှုများ ဆောင်ရွက်လာချိန်၌ ပြည်တွင်းအင်တာနက် ထိန်းချုပ်မှုအပိုင်းမှာမူ သတင်းဝက်ဘ်ဆိုက်အချို့အား ကြည့်ရှုခွင့် ပိတ်ပင် ထားခြင်းကို ပြန်ဖွင့်ပေးခဲ့သည်မှ လွဲ၍ အခြားထင်ရှားသော ပြောင်းလဲမှုများ မရှိခဲ့ပေ။ အင်တာနက်မြန်နှုန်း နှေးကွေးမှုမှာ ဆက်လက်ဖြစ်ပေါ်နေပြီး အင်တာနက် တပ်ဆင် အသုံးပြုခမှာ လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမြင့်မားနေဆဲ ဖြစ်ပါသည်။ လက်ကိုင်ဖုန်းအချို့၌ အင်တာနက် အသုံးပြုခွင့်ရရှိခဲ့သော်လည်း လူတိုင်းအင်တာနက် သုံးစွဲခွင့်မှာ အလှမ်းကွာနေဆဲဖြစ်သည်။
e-Govermentစနစ်နှင့် စတော့ ဈေးကွက်ကို ပုံဖော်မည့်အစီအစဉ်များ မှာလည်း အနာဂတ်ကာလ၌ အကောင်အထည်ဖော်မည့် ကိစ္စများ ဖြစ်နေပါ သည်။ လက်တွေ့အခြေအနေ၌မူ နိုင်ငံ အများစုတွင် အသုံးမပြုတော့သည့် နည်းလမ်းဖြစ်သော်လည်း e-Government စနစ်အတွက်ရှေ့ပြေးစမ်းသပ်မှု တစ်ခု အဖြစ် လုပ်ဆောင်ထားသည့် ပြည်ပထွက်ခွာခွင့် fh e-D Form လျှောက်ထားရာ၌ပင် အခက်အခဲများစွာ ရှိနေခဲ့သည်။
“အရင်တုန်းကတော့ နည်းပညာ သုံးစွဲနိုင်မှု ကွာဟချက် (Digital Divide) ကြောင့် တိုင်းပြည်မှာ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးတာတွေ ဖြစ်တယ်။ အခုချိန်မှာတော့ Digital Divide အဆင့်ကနေ Brodband Divide ခေတ် ဖြစ်လာပြီ။ နည်းပညာ အသစ်တွေသုံးစွဲမှုက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်နိုင်သလို ကုန်ကျစရိတ်တွေကိုလည်း သက်သာစေတယ်။ မြန်မာနိုင်ငံမှာတော့ Digital Divide ကွာဟမှုကို ကျဉ်းမြောင်းအောင် လုပ်နိုင်တဲ့ အနေအထား မရောက်သေးပါဘူး”ဟုဦးဇော်ထွဋ်က ပြောပြသည်။
“ISP (Internet Service Providers) ကိုယ်တိုင်က Clustering Gateway မဖြစ်ဘဲ တစ်ပေါက်တည်း ပေးထားတဲ့အတွက် သုံးတဲ့သူများလာရင် အဲဒီအပေါက်က ကျပ်လာမှာပဲ။ ယူထားတဲ့ Bandwidth အတိုင်း အပြည့်သုံးခွင့် မပေးတာကြောင့် လေလွင့် နေတာ အများကြီးပဲ။ ဒီနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေအပြင် အင်တာနက်ဆက်သွယ်မှု ကောင်းကောင်း မရှိရင် မတိုးတက်နိုင်ဘူး”ဟု စင်ကာပူ ရောက် မြန်မာကွန်ပျူတာ ပညာရှင်တစ်ဦးက ပြောပြပါသည်။
Network Design ပိုင်း၌ ပြဿနာရှိနိုင်
အင်တာနက်လိုင်း နှေးကွေးမှုနှင့် အင်တာနက်လိုင်း ဆက်ကြောင်းတစ်ခု ပျက်ရုံဖြင့် အင်တာနက် ယာယီပြတ်တောက်မှု ဖြစ်ပေါ်ရသည့်အပိုင်း၌ Network Design ကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိပါသည်။
“မလိုလားအပ်တာတွေကို ပိတ်ထားတာတွေ၊ speed ကိုသတ်မှတ်ထားတဲ့ အတိုင်းမပေးဘဲ လျှော့ချထား တာတွေ အစရှိသဖြင့် Network Design မှာ ပြဿနာကြောင့်လည်း နှေးတာတွေ၊ ယာယီ ပြတ်တောက်တာ တွေ ဖြစ်နိုင်ပါတယ်။ Network Design ပိုင်းကို Improve လုပ်ရင် ကောင်းပြီလို့ ထင်ပါတယ်”ဟု ဦးဇော်ထွဋ်က ပြောပြပါသည်။
“အင်တာနက် ဆက်သွယ်မှုနှေး တာ၊ ယာယီပြတ်တောက်တယ်ဆိုတဲ့ ကိစ္စမှာ Local Content အားနည်းချက်ကြောင့်လည်း အခက်အခဲ ပိုတွေ့ကြတာပါ။ စင်ကာပူမှာဆိုရင် Google ၊ Facebook စတဲ့ကုမ္ပဏီတွေက စင်ကာပူမှာတင် data တွေရှိနေတဲ့အတွက် နိုင်ငံတကာ အင်တာနက်ဆက်ကြောင်း လိုင်း ချို့ယွင်းမှုရှိရင်တောင် အခက်အခဲ မတွေ့နိုင်ဘူး”ဟု Myanmar Gateway Technology ကုမ္ပဏီမှ ဦးဇော်မင်းဦးက ပြောပါသည်။
Kelvin Cha ရန်ကုန်ရုံးတာဝန်ခံ ဦးသန်းမောင်ကမူ ယခုကဲ့သို့ အင်တာနက် မြန်နှုန်းနှေးကွေးမှု၊ ယာယီပြတ်တောက်မှုများဖြင့်သာ ဆက်တိုက်ကြုံ တွေ့နေရမည် ဆိုပါက e-Government စနစ်သို့ ကူးပြောင်းရာတွင် ပီပီပြင်ပြင် ဖြစ်လာမည် မဟုတ်ကြောင်း သုံးသပ်ခဲ့ပါသည်။
သတင်း---Eleven Media Group
သတင်း---Eleven Media Group
သစ်ထူးလွင်
10/26/2011 02:50:00 PM
ကျေးလက်ဒေသများမှ အရွယ်မရောက်သေးသော ကလေးငယ်များ နေရပ်စွန့်ခွာမှု များပြားလာ
![]() |
| ထိုင်း လ၀က မှ ဖမ်းထားတဲ့ မြန်မာအလုပ်သမားများ |
သစ်ထူးလွင်
10/26/2011 02:37:00 PM
လစ်ဗျားလူထုတော်လှန်းရေးဖြစ်စဉ် အပိုင်း (၇) (၈)
အာဏာရှင်တွေအလိုကျ သတင်းထုတ်ပြန်ပေးရတဲ့ သတင်းပြန်ကြားရေးဝန်ကြီးတွေရဲ့  အခန်းကန်ဒကို လစ်ဗျားနိုင်ငံမှာလဲ အထင်အရှားတွေ့ရပါတယ်။ နိုင်ငံခြားသတင်းသမားတွေကို ဖိတ်ခေါ်ပြီး လှဲ့ကွက်မျိုးစုံနဲ့ ၀ါဒဖြန့် ကစားဖို့ကျိုးစားခဲ့တဲ့အထဲမှာ ဂဒါဖီလဲ ထိပ်ဆုံးက ပါဝင်နေတယ်ပြောနိုင်ပါတယ်။ လစ်ဗျားလေ့လာလိုသူများအတွက် လစ်ဗျား အပိုင်း ၇ ဖြစ်ပါတယ်။ လစ်ဗျားအတိုက်အခံတွေကို နေတိုးတပ်တွေက လေကြောင်းကနေ ၀င်ကူညီပေးနေပေမဲ့ ဆီးရီးယားတို့ ယမင်တို့ ဘာရိမ်းတို့ ကျတော့ နိုင်ငံတကာက ဘာကြောင့် လက်ပိုက်ကြည့်နေသလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ချိန်က ဒီအစီအစဉ်ကို ဖန်တီးဖြစ်ခဲ့တာပါ။ လစ်ဗျားကို ဘာကြောင့် နိုင်ငံတကာက ၀င်ကူတာလဲဆိုတဲ့ သုံးသပ်ချက်လေးကို လစ်ဗျားလေ့လာလိုသူများအတွက် အပိုင်း ၈ ဖြစ်ပါတယ်။ (DVB) ကိုမိုးအေး တင်ဆက်သည်
သစ်ထူးလွင်
10/26/2011 02:01:00 PM
သရုပ်ဆောင်ရဲတိုက် နဲ့ သူ့ရဲ့ ဖောင်ဒေးရှင်း အဖွဲ့သားများရဲ့ မကွေးတိုင်း ဆိပ်ဖြူမြို့ ရေဘေးသင့်ဒေသ ကူညီရေး ခရီးစဉ်
သရုပ်ဆောင်ရဲတိုက် နဲ့ သူ့ရဲ့ ဖောင်ဒေးရှင်း အဖွဲ့သားများရဲ့ မကွေးတိုင်း ဆိပ်ဖြူမြို့ ရေဘေးသင့်ဒေသ ကူညီရေး ခရီးစဉ်အကြောင်း မှတ်တမ်းဓာတ်ပုံတွေ ဖြစ်ပါတယ်။ရဲတိုက်ဖောင်ဒေးရှင်း Facebook မှာ တွေ့ရတဲ့ ဓာတ်ပုံနဲ့ အချက်အလက်တွေကို ကူးယူ ဖော်ပြလိုက်ပါတယ်
စစ်ကိုင်းတိုင်း မကွေးတိုင်း ဒေသ အများအပြားမှာ အောက်တိုဘာ ၁၉၊ ၂၀ ရက်နေ့ မိုးသည်းထန်မှုကြောင့် ရေကြီးခဲ့ပါတယ်
ရဲတိုက်ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများသည် ရေလွှမ်းမိုးမှု့ကိုဆိုးရွားစွာခံခဲ့ရသော ဆိပ်ဖြူမြို့နယ်မှ ကျေးရွာအချို့သို့ အောက်တိုဘာ ၂၂၊၂၃ရက်နေ့များက သွားရောက်ကာ ရေဘေးသင့်ပြည်သူများလိုအပ်နေသော ဆန်၊ခေါက်ဆွဲခြောက်၊ ရေသန့်ဆေး၊ပဲကြော်၊ရေသန့်ဘူးစသည့် အစားအသောက်များကို သွားရောက် လှူဒါန်းခဲ့ပါသည်။
ယောချောင်းနှင့်ချစ်ချောင်းစသည့် ချောင်းရေများလျှံကာ အိုးအိမ်များဆုံးရှုံးခဲ့ရကာ ထိုဆိပ်ဖြူမြို့နယ်မှ ကျေးရွာ ၂၅ရွာမှာ အကူအညီ များစွာလိုအပ်နေပါသေးသည်။
အလှူရှင်များနှင့် ပရိသတ်များ မျှဝေနိုင်ရန် အလှူခရီးစဉ်မှ ဓာတ်ပုံအချို့ကို တင်ပေးလိုက်ပါသည်။ အကူအညီများ လိုအပ်နေသေးသော ဒေသခံများ အတွက် အကူအညီများ ၊ အိမ်သုံးပစည်းများ တတ်နိုင်သလောက် လှူဒါန်းပေးကြပါရန် ရဲတိုက်ဖောင်ဒေးရှင်းက တိုက်တွန်းအပ်ပါသည်။
ရေဘေးသင့် ဆိပ်ဖြူမြို့နယ်၊ကပိုင်ကျေးရွာမှ ကျေးရွာသူ၊ကျေးရွာသားများကို တစ်အိမ်ထောင်လျှင် ဆန်၂ပြည်နှုန်းနှင့် ခေါက်ဆွဲခြောက် ၆ထုပ်၊ပဲကြော် ၅ထုပ်တို့ကို ပေးလှူခဲ့သည်။
အရှေ့ကပိုင်ကျေးရွာသူကျေးရွာသားများနှင့်
ဖောင်ဒေးရှင်း၏ရေဘေးကူညီရေးပထမနေ့ခရီးတွင် လှူဒါန်းမည့်ရွာများသို့ရောက်ရှိရန် ရဲတိုက်ဖောင်ဒေးရှင်းစေတနာ့ဝန်ထမ်းများ ရွံတောထဲတွင် ခက်ခက်ခဲခဲသွားခဲ့ရသည်။
ရဲတိုက်ဖောင်ဒေးရှင်း၏အလှူပစ္စည်းများတင်ဆောင်လာသောကား သဲချောင်းအတွင်း နစ်နေသဖြင့် ဒေသခံများ ၀ိုင်းဝန်းကူညီပေးနေစဉ်။
ရဲတိုက်ဖောင်ဒေးရှင်း၏အလှူပစ္စည်းများတင်ဆောင်လာသောကား သဲချောင်းအတွင်း နစ်နေသဖြင့် ဒေသခံများ ၀ိုင်းဝန်းကူညီပေးနေစဉ်။
ပြန်တော့မယ့် ရဲတိုက်ကို နှုတ်ဆက်နေတဲ့ ရေဘေးသင့် တောင်ရွာမကျေးရွာသူ၊ရွာသားများတောင်ရွာမရွာသည် ရေဘေးကြောင့် ရွာ၏၇၀ရာနှုန်း ပျက်စီးခဲ့ကာ တစ်ရွာလုံးနီးပါး နွံများဖုံးလွှမ်းခဲ့သည့် ကျေးရွာဖြစ်သည်။
ရဲတိုက်ဖောင်ဒေးရှင်းကသွားရောက်လှူဒါန်းခဲ့သော ဆင်နီတောင်ကျေးရွာတွင် အိမ်ခေါင်ထိနစ်မြုပ်ခဲ့သော အိမ်တစ်လုံးကို ယခုလိုတွေ့ခဲ့သည်။
သစ်ထူးလွင်
10/26/2011 12:44:00 PM
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှ တရုတ်နိုင်ငံသားဝန်ထမ်းအများစု နေရပ်သို့ပြန်
![]() |
| မြစ်ဆုံ စီမံကိန်းမှ တရုတ်ဝန်ထမ်းများ (ဓါတ်ပုံ-Google Images) |
မစ်ဆုံရေအားလျှပ်စစ်စီမံကိန်း သည် မြစ်ကြီးနားမြို့နှင့် မြစ်ဆုံဒေသအကြားတွင် တည်ရှိပြီး အဆိုပါစီမံကိန်းကို အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
|
လောလောဆယ်မှာတော့ ၀န်ထမ်းတော်တော်များများ ပြန်သွားကြပြီ။ အကုန်လုံးတော့ မဟုတ်သေးဘူးထင်တယ်။ နည်းနည်း လောက်တော့ ကျန်ဦးမှာပေါ့။ လုပ်ငန်းခွင်လည်း လုံးဝရပ်သွားပြီ။ |
''လောလောဆယ်မှာတော့ ၀န်ထမ်းတော်တော်များများ ပြန်သွားကြပြီ။ အကုန်လုံးတော့ မဟုတ်သေးဘူး ထင်တယ်။ နည်းနည်းလောက်တော့ ကျန်ဦးမှာပေါ့။ လုပ်ငန်းခွင်လည်း လုံးဝ ရပ်သွားပြီ။ ရုံးတွေဘာတွေကိုတော့ ဘယ်လိုလုပ်မလဲမပြောတတ်ဘူး''ဟု မြစ်ကြီးနား မြို့ခံတစ်ဦးက ၂၀၁၁ ခုနှစ် အောက် တိုဘာလ ၂၄ ရက်နေ့က ပြောပြခဲ့သည်။
ဧရာဝတီမြစ်အထက်ပိုင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၏ စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသော ရွာငါးရွာကို ပြောင်းရွှေ့နေရာချထားခဲ့ကာ ယင်းရွာများမှာ တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး/အောင်ဂျာယန်၊ ဒေါင်ပန်ရွာတို့ဖြစ်ပြီး လက်ရှိတွင် ဒေသခံတိုင်းရင်းသားတို့သည်ပြောင်း ရွှေ့ပေးထားသော စံပြကျေးရွာသစ်များတွင် နေထိုင်လျက်ရှိကြသည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံသားဝန်ထမ်းများ အဓိကပါဝင်လျှက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံဒေသမှ အစပြုစီးဆင်းလာသော ဧရာဝတီမြစ်သည် ကီလိုမီတာ ၂၁၇၀ (၁၃၄၈ မိုင်) ရှည်လျားပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့ကို အဆင့်ဆင့် ဖြတ်သန်းစီးဆင်းကာ ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်နေသည်။ မြစ်ဖြတ်သန်းရာတစ်လျှောက်တွင် လူနေထူထပ်သော၊ စီးပွားရေးဖွံ့ဖြိုးသော မြို့ကြီးများစွာ တည်ရှိနေကြသည်။
သတင်း--- Eleven Media Group
သစ်ထူးလွင်
10/26/2011 11:09:00 AM
ဘိန်းရာဇာ အမတ်များကြောင့် ဘိန်းနှစ်ဆတိုးဟု PWO ပြော
အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အမတ်သုံးဦးမှာ ဘိန်းရာဇာများ ဖြစ်သည်ဟု
ပြည်ပ အခြေစိုက် ပလောင် အမျိုးသမီး အစည်းအရုံး PWO က စွပ်စွဲလိုက်ပြီး
ယင်းတို့ကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု နှစ်ဆ
တိုးပွားလာသည်ဟု ဆိုသည်။
နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ပန်းဆေး ဦးကျော်မြင့် ခေါ် လီယောင်ကျန်း၊ ကွတ်ခိုင်မြို့နယ်မှ
ပြည်နယ် လွှတ်တော်အမတ် ဦးမြင့်လွင် ခေါ် ဦးဝမ်းကွယ်တာနှင့် ပြည်ထောင်စုမှ အောက်လွှတ်တော်အမတ် ဦးတီခွန်မြတ်တို့သည် ပြည်သူ့စစ်ခေါင်းဆောင်များ ဖြစ်ခဲ့ကြပြီး ဒေသတွင်း ဘိန်းစိုက်ပျိုးမှု လုပ်နေကြသူများ
ဖြစ်သည်ဟု PWO က ပြောသည်။
နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲနှင့် နမ့်ဖတ်ကာ စသည့် မြို့နယ်များအတွင်း ဘိန်းစိုက်ပျိုးမှု ယခင်ထက် ပိုမို များပြား လာသည်ဟု PWO အထွေထွေ အတွင်းရေးမှူး ဒေါ်လိုည်းနွေနှောင်းက ပြောသည်။
“သူတို့တွေ ဘိန်းဘုရင်တွေလည်း ဖြစ်တယ်။ တော်တော် စိုးရိမ်ရတာပေါ့နော်။ လွတ်တော်ထဲမှာကိုက သူတို့တွေ ပါနေတယ်ဆိုတော့ အာဏာလည်းရနေတယ်။ အောက်ခြေမှာဆိုရင် သူတို့အတွက် ပိုပြီးတော့ လွတ်လွတ် လပ်လပ်လပ် လုပ်ဖို့ လွယ်ကူနေတယ်။ လွတ်တော်မှာလည်း လူတွေကို သုံးသပ်စေချင်တယ်။”ဟု အထွေထွေ အတွင်းရေးမှူး လိုည်းနွေနှောင်းက ပြောသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာတွင် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်က ဘိန်းစိုက်ဧက ၁,၅၃၅ ဧက ရှိရာမှ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ ဘိန်းစိုက်သော ကျေးရွာပေါင်း ၂၇ ရွာဖြစ်လာကာ၊ ဘိန်းစိုက်ဧက ၂,၇၄ဝ ဧကထိ
မြင့်တက်ခဲ့သည်ဟု PWO ၏ အင်္ဂါနေ့က ထုတ်ပြန်သော "အဆိပ်သင့်နေဆဲ" အစီအရင်ခံစာ တစောင်တွင် ပါရှိသည်။
ဦးကျော်မြင့်နှင့် ပတ်သက်၍ "အခု လွှတ်တော် အမတ်ဖြစ်တော့ သူကိုယ်တိုင် အာဏာရနေတော့ ဘိန်းစိုက်တာကို ရပ်တန့်မှာ မဟုတ်ဘူး။ နိုင်ငံရေးကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"ဟု သုတေသန တာဝန်ခံတဦးလည်း ဖြစ်သူ လိုည်းနွေနှောင်းက ပြောသည်။
ဦးကျော်မြင့်သည် ရွေးကောက်ပွဲအတွင်း မဲအနိုင်ရရေးအတွက် သူ့ထံ မဲထည့်ပါက ငါးနှစ် ဘိန်းစိုက်ပျိုးခွင့် ပြုမည်ဟု မဲဆွယ်စည်းရုံးခဲ့သလို၊ ဘိန်းခင်းများ မဖျက်ဆီးစေရန် ကာကွယ်ပေးမည်ဟုလည်း ကတိပေးခဲ့သည်ဟု အစီရင်ခံစာ တွင် ပါရှိသည်။
နမ့်ခမ်းရှိ အသက် ၁၅ နှစ်နှင့် အထက်အရွယ်ရှိ မူးယစ်ဆေးဝါးသုံးစွဲသူ ယမန်နှစ်က ဦးရေ ၇၅ဝ တွင် ၆၈ ရာခိုင်နှုန်း ရှိရာမှ ယခုနှစ်အတွင်း ၁,၂ဝဝ ဦးတွင် ၉၁ ရာခိုင်နှုန်းအထိ တိုးမြင့်လာသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။
PWO က ယမန်နှစ်ဆန်းမှ ယခုလနှစ် ဇူလိုင်လကုန်အထိ နှစ်နှစ်ခန်ကြာ ဒေသခံရွာသားများ၊ မူးယစ်ဆေး သုံးစွဲသူ များ၊ ကျေးရွာဥက္ကဋ္ဌ၊ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ လက်တွေ့သွားရောက်တွေ့ဆုံ မေးမြန်း၍ စစ်တမ်း ကောက်ယူခဲ့ခြင်း
ဖြစ်သည်ဟု ဆိုသည်။
ပန်းဆေး၊ တာဂွန်း၊ စတန့်(အပေါ်)၊ စတန့်(အောက်)၊ မန်းပိုး၊ မိုင်းဝီး၊ စန်ခါး၊ မန်းဆပ်၊ ပန်ခါး၊ နမ်းစရီး စသည့်
ကျေးရွာများတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ရွာကြီးများ ဖြစ်ပြီး တအိမ်ထောင်လျှင် အနည်းဆုံး သုံး ဧကခန့် စိုက်ပျိုးနိုင်ပြီး စီးပွားရေးအရ စိုက်ပျိုးသူများမှာ အနည်းဆုံး ၁ဝ ဧကထိ စိုက်ပျိုးကြသည်ဟု သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာသည်ဟု သိရှိသော်လည်း တအောင်း(ပလောင်)အမျိုးသားပါတီ TNP မှ လက်တွေ့ ကွင်းဆင်းလေ့လာချိန် မရသေးသဖြင့် မည်မျှ တိုးမြင့်သည်ဟု မရှိရသေးကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးမိုင်အုန်းခိုင်က ပြောသည်။
"ဘိန်းစိုက်မှု အခြေအနေ ပိုများလာတယ်လို့တော့ ကြားနေတာပဲ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ကွင်းဆင်းပြီးတော့ မလေ့လာမိသေးဘူး။ ကျနော်တို့ ပါတီအနေနဲ့တော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုပြီး ညှိနှိုင်းနေတုန်းပါ" ဟု သူက မဇ္စျိမကို ပြောသည်။
TNP ပါတီသည် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တွင် ငါးမြို့နယ်ဝင်ပြိုင်ခဲ့ရာမှ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ စသည့် မြို့နယ်များတွင် ရှုံးနှိမ့်ခဲ့ပြီး မန်တုန်နှင့် နမ့်ဆန်မြို့နယ် နှစ်ခုသာ အနိုင်ရခဲ့သည်။
လက်ရှိ ပလောင်လူမျိုးများ၏ အဓိက အသက်မွေးဝမ်းကျောင်းတခုဖြစ်သော လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းများကို စစ်အစိုးရက ချုပ်ကိုင်ထားပြီး လက်ဖက်ဈေးနှုန်းများ ကျသွားခဲ့သည်ကလည်း ပလောင်ပြည်သူများ ဘိန်းစိုက်ပျိုးမှု ပိုမို များပြားလာသည့် အကြောင်းအရင်းတရပ်ဖြစ်သည်ဟု PWO က ဆိုသည်။
စစ်အစိုးရအာဏာပိုင်များက မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဖမ်းဆီးခြင်း မပြုဘဲ မူးယစ်ဆေးဝါး သုံးစွဲသူများကိုသာ ဖမ်းဆီးခဲ့သော်လည်း လာဘ်ယူ၍ ပြန်လည် လွှတ်ပေးလျက် ရှိနေပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက ဖမ်းဆီး ခံရသူ တဦးအနည်းဆုံး တသိန်းခွဲမှ အများဆုံး နှစ်သိန်းခွဲထိပေး၍ ပြန်လည် လွှတ်ပေးခဲ့မှုများ ရှိသည်ဟု ဖော်ပြ ထားသည်။
ဘိန်းစိုက်ရာသီမှာ သြဂုတ်လတွင် ဘိန်းစိုက်ပျိုး၍ ဖေဖော်ဝါရီလနှင့် ဧပြီလအတွင်း ဘိန်းခြစ်သည့် ရာသီဖြစ်ပြီး ဘိန်းမခြစ်မီ ဒီဇင်ဘာလတွင် အာဏာပိုင်များက အခွန်ကောက်ခံချိန်ဖြစ်ပြီး ဘိန်းတိုက်ဖျက်ရေးအဖွဲ့ လာရောက် ပါက ဘိန်းစိုက်တောင်သူများမှ အခွန်အဖြစ် တအိမ်ထောင်လျှင် အနည်းဆုံး ၁၅,၀၀၀ ကျပ် လာဘ်ထိုးရလေ့ ရှိသည်ဟု ဆိုသည်။
ပြည်သူ့စစ်အင်အား ၄၀၀ ခန့်ကို ဦးဆောင်းခဲ့သူ အသက် ၅၀ ကျော်အရွယ် တရုတ်-ဗမာလူမျိုး ဦးကျော်မြင့်သည် အစိုးရ၏ သောင်းကျန်းသူဆန့်ကျင်ရေး ပြည်သူ့စစ်တပ်ဖွဲ့၏ ခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး နမ့်ခမ်းမြို့နယ် ပန်းဆေး နယ်မြေအတွင်း ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းကုန်ကူးသည့် လုပ်ငန်းများကို ဆယ်စုနှစ်ကျော်ကြာ ချုပ်ခိုင်ခဲ့သူ ဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရမှ လက်ရှိ သူ၏ ညီဖြစ်သူ ဦးကျော်ထွေးက ဆက်လက် တာဝန်ယူနေသည်ဟု သိရသည်။
၂ဝဝ၉ ခုနှစ်က ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးစစ်တမ်း UNODC တွင် ရှမ်းပြည်မြောက်ပိုင်း
ကျေးရွာ ၂၃ ရွာတွင် ဘိန်းစိုက်ပျိုးမှု ၁,၆ဝဝ ဟတ်တာ ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ၃,၇ဝဝ ဟတ်တာသို့ မြင့်တက်လာ သည်ဟု ဆိုထားသည်။
သို့သော် PWO က နမ့်ခမ်းမြို့နယ်တခုတည်း၏ စစ်တမ်းအရ ယခုနှစ်မှာ ၈၉၂ ဟတ်တာရှိသဖြင့် UNODC ၏ အချက်အလက်နှင့် ကွဲလွဲနေကာ ယင်းတို့၏ စစ်တမ်းများသည် အစိုးရ၏ အချက်အလက်များဖြစ်၍ သီးခြား လွတ်လပ်သည်ဟု မဆိုနိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

10/26/2011 10:34:00 AM
သံဃာတော်များ ဆန္ဒပြခွင့်မပြုရန် ကြံ့ခိုင်ရေးအမတ် တင်ပြ
အထက်လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော "ငြိမ်းချမ်းစွာ စီတန်း
လှည့်လည်ခွင့်" ဥပဒေမူကြမ်း၌ ဗုဒ္ဓဘာသာ သံဃာတော်များကို ဆန္ဒပြခွင့်
မပြုသည့် တားမြစ်ချက် ထည့်သွင်းရန် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ
အမတ်တဦးက အင်္ဂါနေ့က ထည့်သွင်း ဆွေးနွေးသွားခဲ့သည်ဟု လွှတ်တော် အမတ်များက
ပြောသည်။
ဧရာဝတီတိုင်း မဲဆန္ဒနယ် (၆)မှ အထက်လွှတ်တော် အမတ် ဦးခင်မောင်ရီ (အငြိမ်းစား တိုင်းပညာရေးမှူး) မှ သံဃာတော်များနှင့် လေကြောင်းဌာနများမှ ဝန်ထမ်းများ၊ ရေပေးဝေရေး ဌာနများမှ ဝန်ထမ်းများကိုလည်း ဆန္ဒပြပွဲတွင် မပါဝင်ရန် ဥပဒေဖြင့် ကန့်သတ်သင့်ကြောင်း ဆွေးနွေးသွားခြင်းဖြစ်သည်။
ထို့အပြင်
ဆန္ဒပြခွင့်ဥပဒေကို ရေးဆွဲရုံသာ ရေးဆွဲထားပြီး ဥပဒေပြဋ္ဌာန်းမှု
မလုပ်သင့်သေးကြောင်းလည်း ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ၏ အခြားသော
အမတ်တဦးကလည်း ဆွေနွေးသွားခဲ့သေးသည်။ ကရင်ပြည်နယ် မဲဆန္ဒနယ် (၅) မှ
လွှတ်တော်အမတ် ဦးစောထွန်းမြအောင်က 'အစိုးရ သက်တမ်းနုသေးသည်' ဟူသည့်
အကြောင်းပြချက်ဖြင့် ဆန္ဒပြခွင့် မပေးသင့်သေးကြောင်း စောဒက တက်သွားခဲ့ခြင်း
ဖြစ်သည်။
လွှတ်တော်အတွင်း အတိုက်အခံပါတီ တခုဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကမူ ဆန္ဒပြခွင့် ဥပဒေမူကြမ်းကို ထောက်ခံသည့် အပြင် ဆန္ဒပြလိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ကြိုတင် အကြောင်းကြားရမည့် ကာလကိုပင် လျော့ချစေလိုသည်။
အောက်လွှတ်တော်က စက်တင်ဘာလ အတွင်းက အတည်ပြုပြီးသော ဆန္ဒပြခွင့် ဥပဒေမူကြမ်းတွင် ဆန္ဒပြလိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ခုနှစ်ရက် ကြိုတင် အကြောင်းကြားရမည် ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။
RNDP ၏ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁၀) လွှတ်တော်အမတ် ဦးအုန်းတင်က သုံးရက်သာ ကြိုတင် အကြောင်းကြား
စေသင့်သည်ဟု ထည့်သွင်း ဆွေးနွေးသွားသည်။
'ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကြမ်း' နှင့် ပတ်သက်၍ အထက်လွှတ်တော် အမတ်များ၏ ဆွေးနွေးမှု များကို ဥပဒေကြမ်း ကော်မတီမှ စိစစ်ကာ အထက်လွှတ်တော်သို့ ပြန်လည် တင်ပြရမည် ဖြစ်သည်။ ဥပဒေကြမ်း
ကော်မတီမှ သုံးသပ်ချက် ထပ်မံ ထွက်ပေါ်လာ အပြီး လွှတ်တော်အမတ်များမှ ထပ်မံ ဆွေးနွေးကာ ဥပဒေ အဖြစ် အတည်ပြု၊ မပြုကို ဆုံးဖြတ်မည် ဖြစ်သည်။
အဆိုပါ ဥပဒေမူကြမ်းသည် ပြည်ထဲရေး ဝန်ကြီးဌာနမှ စက်တင်လာလ ၂၇ ရက်နေ့က အောက်လွှတ်တော်သို့ တင်သွင်းခဲ့သည့် ဥပဒေ မူကြမ်းဖြစ်ပြီး အောက်လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့် ဥပဒေကြမ်းကို အထက် လွှတ်တော်၏ သဘောထားရယူရန် လွှတ်တော်တွင်း တနင်္လာနေ့က ဆွေးနွေးကြခြင်းဖြစ်သည်။
ဥပဒေတွင် အခန်း ရှစ်ခန်းပါဝင်ပြီး ဆန္ဒဖေါ်ထုတ်ရာတွင် ပါဝင်မည့်သူ အရေအတွက်၊ ဆန္ဒ ဖေါ်ထုတ်မည့် လမ်းကြောင်း တရားဟောမည်သူ၏ ကိုယ်ရေးရာဇဝင်တို့ကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ တင်ပြရမည်ဟု ပြဋ္ဌာန်း ပါရှိသည်။
"ခွင့်ပြုချက် မရဘဲ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း၊ ငြိမ်းချမ်းစွာ စီတန်းခြင်း၊ ပြစ်မှုထင်ရှားပါက တနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်၊ စီတန်း လှည့်လည်သူများကို နှောက်ယှက်လျှင် နှစ်နှစ်ထက် မပိုသော
ထောင်ဒဏ်" တို့ကို သတ်မှတ်ထားသည်။
သတင်း---မဇ္ဈိမ
ပြောသည်။
ဧရာဝတီတိုင်း မဲဆန္ဒနယ် (၆)မှ အထက်လွှတ်တော် အမတ် ဦးခင်မောင်ရီ (အငြိမ်းစား တိုင်းပညာရေးမှူး) မှ သံဃာတော်များနှင့် လေကြောင်းဌာနများမှ ဝန်ထမ်းများ၊ ရေပေးဝေရေး ဌာနများမှ ဝန်ထမ်းများကိုလည်း ဆန္ဒပြပွဲတွင် မပါဝင်ရန် ဥပဒေဖြင့် ကန့်သတ်သင့်ကြောင်း ဆွေးနွေးသွားခြင်းဖြစ်သည်။

"ငြိမ်းချမ်းစွာ
စီတန်း လှည့်လည်ခွင့်" ဥပဒေမူကြမ်း၌ ဗုဒ္ဓဘာသာ သံဃာတော်များကို ဆန္ဒပြခွင့်
မပြုသည့် တားမြစ်ချက် ထည့်သွင်းရန် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ
အမတ်တဦးက ထည့်သွင်း ဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)
လွှတ်တော်အတွင်း အတိုက်အခံပါတီ တခုဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကမူ ဆန္ဒပြခွင့် ဥပဒေမူကြမ်းကို ထောက်ခံသည့် အပြင် ဆန္ဒပြလိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ကြိုတင် အကြောင်းကြားရမည့် ကာလကိုပင် လျော့ချစေလိုသည်။
အောက်လွှတ်တော်က စက်တင်ဘာလ အတွင်းက အတည်ပြုပြီးသော ဆန္ဒပြခွင့် ဥပဒေမူကြမ်းတွင် ဆန္ဒပြလိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ခုနှစ်ရက် ကြိုတင် အကြောင်းကြားရမည် ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။
RNDP ၏ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁၀) လွှတ်တော်အမတ် ဦးအုန်းတင်က သုံးရက်သာ ကြိုတင် အကြောင်းကြား
စေသင့်သည်ဟု ထည့်သွင်း ဆွေးနွေးသွားသည်။
'ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကြမ်း' နှင့် ပတ်သက်၍ အထက်လွှတ်တော် အမတ်များ၏ ဆွေးနွေးမှု များကို ဥပဒေကြမ်း ကော်မတီမှ စိစစ်ကာ အထက်လွှတ်တော်သို့ ပြန်လည် တင်ပြရမည် ဖြစ်သည်။ ဥပဒေကြမ်း
ကော်မတီမှ သုံးသပ်ချက် ထပ်မံ ထွက်ပေါ်လာ အပြီး လွှတ်တော်အမတ်များမှ ထပ်မံ ဆွေးနွေးကာ ဥပဒေ အဖြစ် အတည်ပြု၊ မပြုကို ဆုံးဖြတ်မည် ဖြစ်သည်။
အဆိုပါ ဥပဒေမူကြမ်းသည် ပြည်ထဲရေး ဝန်ကြီးဌာနမှ စက်တင်လာလ ၂၇ ရက်နေ့က အောက်လွှတ်တော်သို့ တင်သွင်းခဲ့သည့် ဥပဒေ မူကြမ်းဖြစ်ပြီး အောက်လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့် ဥပဒေကြမ်းကို အထက် လွှတ်တော်၏ သဘောထားရယူရန် လွှတ်တော်တွင်း တနင်္လာနေ့က ဆွေးနွေးကြခြင်းဖြစ်သည်။
ဥပဒေတွင် အခန်း ရှစ်ခန်းပါဝင်ပြီး ဆန္ဒဖေါ်ထုတ်ရာတွင် ပါဝင်မည့်သူ အရေအတွက်၊ ဆန္ဒ ဖေါ်ထုတ်မည့် လမ်းကြောင်း တရားဟောမည်သူ၏ ကိုယ်ရေးရာဇဝင်တို့ကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ တင်ပြရမည်ဟု ပြဋ္ဌာန်း ပါရှိသည်။
"ခွင့်ပြုချက် မရဘဲ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း၊ ငြိမ်းချမ်းစွာ စီတန်းခြင်း၊ ပြစ်မှုထင်ရှားပါက တနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်၊ စီတန်း လှည့်လည်သူများကို နှောက်ယှက်လျှင် နှစ်နှစ်ထက် မပိုသော
ထောင်ဒဏ်" တို့ကို သတ်မှတ်ထားသည်။
သတင်း---မဇ္ဈိမ
သစ်ထူးလွင်
10/26/2011 10:30:00 AM
လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုချီးမြှင့်ခံရ
အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံရေးလောကမှာ သြဇာကြီးမားတဲ့ ၀ါရှင်တန်
ဒီစီမြို့တော် အခြေစိုက် Freedom House အဖွဲ့ကြီးက ၁၅ နှစ်တာ ကာလအတွင်း
ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ (Freedom Award) ခေါ် လွတ်မြောက်ရေးဆုကို
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
ဂုဏ်ပြု ချီးမြှင့်လိုက်တယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းဟာ နိုင်ငံတကာ
အသိုင်းအ၀ိုင်း အတွက် တကယ့်ကို လေးစား စံနမူနာ ယူထိုက်တာကြောင့်
လွတ်မြောက်ရေးဆုကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ရတာ ဖြစ်တယ်လို့
Freedom House အဖွဲ့ ဥက္ကဌ David Kramer က အာအက်ဖ်အေ ကို
ပြောဆိုပါတယ်။
" ဒီဆုအတွက် အမည်စာရင်း ပေးသွင်းခံရသူတွေကို ကျနော်တို့ သုံးသပ်တဲ့ အခါမှာ
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့် သတ္တိရှိမှု၊ ဦးဆောင်မှု အရည်အချင်း၊
အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ လှုပ်ရှား ဆောင်ရွက်နေတာတွေဟာ ထင်ရှား
ပေါ်လွင်နေပါတယ်။ ဒါတွေဟာ ကျနော်တို့ အတွက် မီးရှုးတန်ဆောင်လို ခွန်အား
ဖြစ်စေတာကြောင့် ၀မ်းမြောက်ဝမ်းသာ တညီတညွတ်တည်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်"
လို့ David Kramer က ပြောပါတယ်။
လွတ်မြောက်ရေးဆု ကို ဒီကနေ့ ကျင်းပမယ့် Freedom House အဖွဲ့ကြီး
ထူထောင်ခဲ့တဲ့ အနှစ် (၇၀) မြောက်အထိမ်းအမှတ် အခမ်းအနားမှာ ချီးမြှင့်မှာ
ဖြစ်ပါတယ်။
ဒီအခမ်းအနားကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းတွေ ဖြစ်တဲ့
မယ်ဒလင်အော်ဘရိုက် (Madeleine Albright) နဲ့ ကွန်ဒိုလီဇာရိုက်စ်
(Condoleezza Rice) တို့က
ဦးဆောင် ကျင်းပမှာ ဖြစ်ပြီး အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ် ၅၀
လောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။
သတင်း---VOA
Photo: RFA
ဝါရှင်တန် ဒီစီမြို့တော် အခြေစိုက် Freedom
House အဖွဲ့ကြီး၏ Freedom Award ခေါ် လွတ်မြောက်ရေးဆုကို မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
ဂုဏ်ပြု ချီးမြှင့်သည့် အခမ်းအနားသို့ ဖိတ်ကြားလွှာ။
သတင်း---VOA
သစ်ထူးလွင်
10/26/2011 10:26:00 AM
နိုင်ငံရေးအကျဉ်းသားလွှတ်ရေး အမေရိကန်အထူးသံ ဆွေးနွေး
![]() |
| Derek Mitchell နဲ့ သူရရွှေမန်း စက်တင်္ဘာလ တုန်းက တွေ့ဆုံခဲ့ပုံ |
အမေရိကန် အထူးကိုယ်စားလှယ်ဟာ တနင်္လာနဲ့ အင်္ဂါ ၂ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
စက်တင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို ၅ ရက်ကြာခရီး သွားရောက်ခဲ့တဲ့ မစ္စတာ မစ်ချယ်ဟာ အခု အောက်တိုဘာလထဲမှာ ၂ ရက်ကြာခရီး ထပ်ပြီး သွားရောက်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် ရှိနေတာမို့ အားလုံးကို လွှတ်ပေးဖို့ အမေရိကန်အစိုးရက ဖိအားပေးနေပေမယ့် မကြာခင်ကမှ မြန်မာအာဏာပိုင်တွေ ပြန်ပြီး လွှတ်ပေးခဲ့တဲ့ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၂၀၀ ကျော်ပဲ ပါတာမို့ ဒီနိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မစ္စတာမစ်ချယ်ရဲ့ ခရီးစဉ်အတွင်း ပြောဆိုဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Victoria Nuland ဗစ်တိုးရီးယား နျူလန်ကပြောပါတယ်။
“သူ့ရဲ့ ဒီတခေါက် ခရီးစဉ်အတွင်း သူဆောင်ရွက်မယ့် ကိစ္စတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ပတ်သက်ပြီး လုပ်ဆောင်ဖို့ ရှိပါတယ်။ ဘယ်သူတွေ လွတ်လာပြီး ဘယ်လိုလူကကျန်နေတယ် ဆိုတာကို မှန်မှန်ကန်ကန် တိတိကျကျ သိရဖို့ လုပ်ဆောင်မှာဖြစ်တဲ့ အပြင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်ပြီး လွတ်လာဖို့ ဆက်ပြီးဆွေးနွေးမှာ ဖြစ်ပါတယ်”
![]() |
ဓာတ်ပုံ VOA
အမေရိကန်နိုင်ငံခြားရေး ပြောခွင့်ရ ဗစ်တိုးရီးယားနျူလန်
|
မြန်မာအစိုးရက လွှတ်ပေးခဲ့သူတွေထဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ မပါဝင်သလို ဦးခွန်ထွန်းဦးလို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အရှင်ဂမ္ဘီရတို့လို ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ဦးဆောင်ခဲ့သူတွေ မပါခဲ့ပါဘူး။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအပြင် တိုင်းရင်းသားတွေ နေထိုင်ရာဒေသတွေမှာ စစ်ရေးတိုက်ခိုက်မှုတွေ လုပ်နေတာနဲ့ လူ့အခွင့်ရေး ချိုးဖောက်နေတဲ့ ကိစ္စရပ်တွေ၊ တရားဥပဒေစိုးမိုးမှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိတာပါ။
“ သူ့အစီအစဉ်ထဲမှာ တွေ့ဆုံဆွေးနွေးရေးကို ဆက်ပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးမှာဖြစ်သလို နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး ပိုလွှတ်ပေးလာဖို့ပါ။ ဒါ့အပြင် အမေရိကန်နိုင်ငံက တင်ပြထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးပြန်လွှတ်ပေးရေး အပါအ၀င် ပြဿနာတွေအားလုံးအတွက် တိုးတက်မှုတွေရှိလာစေဖို့ ဖိအားပေးမှာလည်းဖြစ်ပါတယ် ”
အခုလို မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲလာစေဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဖိအားပေးခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
“ အခုတခေါက် ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့သလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နောက် သူတွေ့တာက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ”
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ JADE ဥပဒေအရ သြဂုတ်လထဲမှာ ခန့်အပ်ခံခဲ့ရတဲ့ အမေရိကန် အထူးသံတမန် ဒဲရစ်မစ်ချယ်က သမ္မတ အိုဘားမားရဲ့ ဆုပေး၊ ဒဏ်ပေး မူဝါဒကို အကောင်အထည်ဖော်ဖို့ တပတ်မှာ ၇ ရက် တရက်မှာ ၂၄ နာရီ ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံကို မသွားခင် တပတ်ကမှ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့နဲ့ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံပါတီတွေ အထူးသဖြင့် NLD ပါတီ ပါဝင်ဆောင်ရွက်ခွင့်ရမယ့် နိုင်ငံရေး ပါတီမှတ်ပုံတင် ဥပဒေ ပြင်ဆင်တာလိုမျိုး အပြောင်းအလဲတွေကိုလုပ်မှ နောက်ပြန်လှည့်မသွားတဲ့ ခိုင်မာအပြောင်းအလဲလို့ အမေရိကန်နိုင်ငံက သတ်မှတ်မှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
သတင်း---VOA
သစ်ထူးလွင်
10/26/2011 10:18:00 AM
မြန်မာပြည် အပြောင်းအလဲမှာ လူငယ်နဲ့ အမျိုးသမီးတွေ ပါဝင်ဖို့ အရေးကြီး
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အစပျိုး အပြောင်းအလဲတွေ မြင်တွေ့ရစ
ပြုလာပြီလို့ ဆိုနိုင်ပေမဲ့၊ ပြောင်းလဲမှု အဆင့်တိုင်းမှာ လူငယ်တွေနဲ့
အမျိုးသမီးတွေ ပါဝင်ခွင့်ရှိရေးဟာ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး အတွက်
အထူးအရေးကြီးကြောင်း မြန်မာနိုင်ငံကို (၈) ရက်ကြာ လေ့လာခဲ့တဲ့
အော်စကာဆုရ ဗြိတိန် နိုင်ငံသူ ရုပ်ရှင်မင်းသမီး Emma Thompson က
ပြောလိုက်ပါတယ်။
Action Aid
Action Aid အဖွဲ့ ရဲ့ သံတမန် အဖြစ်
မြန်မာနိုင်ငံကို လာရောက် လေ့လာသူ အော်စကာဆုရ ဗြိတိန် နိုင်ငံသူ
ရုပ်ရှင်မင်းသမီး Emma Thompson နှင့် အဖွဲ့တို့ ဒေါ်အောင်ဆန်းစုကြည်ကို
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က လာရောက်တွေ့ဆုံစဉ်။
ဟောလိဝုဒ် မင်းသမီး Emma Thompson ဟာ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု
လျှော့ချရေး စီမံကိန်းတွေကို အောက်ခြေ လူမှု အဖွဲ့အစည်းတွေနဲ့ ပူးတွဲ
ဆောင်ရွက်နေတဲ့ Action Aid အဖွဲ့ ရဲ့ သံတမန် အဖြစ် မြန်မာနိုင်ငံကို
လာရောက် လေ့လာခဲ့တာပါ။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး
အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ -
"မြန်မာနိုင်ငံဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံစားနေရတဲ့ နိုင်ငံ
ဖြစ်ပါတယ်။ ရာသီဥတု ဆိုးဝါးမှုဒဏ်ကို ခံစားနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ
တွေ့ခဲ့ရတာမျိုးတွေ မြန်မာနိုင်ငံရဲ့ ဒေသ တစ်ချို့ မှာလည်း တွေ့ နေရပါတယ်။
တစ်ချို့ နေရာတွေမှာ ဆိုရင် စိုက်ပျိုးရ ခက်ခဲတဲ့ ဒေသတွေ ဖြစ်နေပါတယ်။
အဆိုးဝါးဆုံးက ဆင်းရဲသား ပြည်သူတွေဟာ ကျန်းမာရေးနဲ့  ပညာရေး ကဏ္ဍတွေမှာ
အခွင့်အလမ်း မရှိဘဲ နိမ့်ကျနေတာ ဖြစ်ပါတယ်" လို့ ရုပ်ရှင် မင်းသမီး Emma
Thompson ပြောသွားပါတယ်။
ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့ အစည်း ခေါင်းဆောင်တွေ အပြင်
ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ချို့နဲ့လည်း
တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ပြောင်းလဲမှု
အခြေအနေ အပေါ် သဘောထား အမြင်တွေ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
လေ့လာရေးခရီးမှာ တွေ့ ကြုံခဲ့ရတဲ့ အချက် တစ်ချို့ ကို ဗီဒီယို မှတ်တမ်း
အဖြစ် Action Aid အဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာ အနေနဲ့ လည်း လက်ရှိ
မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု အစပိုင်းကို လက်လွတ်မခံဘဲ ၀ိုင်းဝန်း
ပံ့ပိုးပေးကြဖို့ လိုအပ်ကြောင်း မင်းသမီး Emma Thompson က
ဗီဒီယို မှတ်တမ်းက တဆင့် တောင်းဆိုလိုက် ပါတယ်။
သတင်း---RFA
သစ်ထူးလွင်
10/26/2011 10:03:00 AM
ပခုက္ကူရေဘေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကူညီ
လူရာချီသေဆုံးခဲ့ပြီး ထောင်ချီဒုက္ခရောက်ခဲ့တဲ့ပခုက္ကူနယ်က ရေဘေးကယ်ဆယ်ကူညီဖို့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ သိန်း ၄၀ မတည်ပေးတယ်လို့ သိရပါတယ်။
ရေဘေးဒုက္ခသည် ၄ သောင်းဝန်းကျင်ရှိနေပြီး လောလောဆယ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးစားပေးလုပ်သွားမယ်လို့ ပခုက္ကူမြို့ကို ထွက်ခွာဖို့ ပြင်နေတဲ့ အဖွဲ့ချုပ်ဗဟိုက ဦးအုန်းကြိုင်က ပြောပါတယ်။...............
“ရေဘေးသင့်သူတွေကို ပထမဦးဆုံး ကယ်ဆယ်ရေးလုပ်မယ်။ ဒုက္ခရောက်နေသူတွေကို နောက်ထပ် ရောဂါဘယတွေမရအောင်၊ အသက်အန္တရာယ်မရှိရအောင် တတ်နိုင်တဲ့ ဆေးဝါး၊ အစားအသောက်၊ သောက်ရေ၊ နေထိုင်ဖို့ ဆန်၊ ဆီတို့ ပေးမှာပေါ့။ ဒါက ကယ်ဆယ်ရေး။ ကယ်ဆယ်ရေးပြီးတော့ ကူညီထောက်ပံ့ရေးလုပ်မယ်။ သူတို့ ဘယ်လိုဆက်လက်နေထိုင်သွားကြမလဲ။ ဘယ်လောက်ကြာ စတည်းချနေထိုင်ရဦးမလဲပေါ့။ တိုင်ပင်ဆွေးနွေးမယ်။ တတိယ တခုအနေနဲ့ ထူမရေးလုပ်ငန်း လုပ်ရမှာပေါ့။ ဒါကိုတော့ ငွေကြေးပိုမိုတတ်နိုင်တဲ့ အဖွဲ့အစည်းက ပိုပြီး လုပ်နိုင်မှာပေါ့။ ကျနော်တို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ ကယ်ဆယ်ရေးလုပ်ငန်းကို ဇောက်ချပြီးလုပ်နေတယ်။”
ပခုက္ကူမြို့မှာရှိတဲ့ အဖွဲ့ချုပ်ဝင်တွေက ရေဘေးကူညီရေး ကော်မတီတရပ် ဖွဲ့စည်းထားပြီလို့ ဦးအုန်းကြိုင်က ပြောပါတယ်။
အဖွဲ့ချုပ်ဟာ ၂၀၀၈ နာဂစ်ဒုက္ခသည်တွေနဲ့၊ ရခိုင်ပြည်နယ်မှာ မနှစ်ကဖြစ်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် ဒုက္ခရောက်သူတွေကိုလည်း အလားတူ အကူအညီပေးခဲ့ဖူးပါတယ်။
Hein Latt Win
http://www.lanpyakye.com(လမ်းပြကြယ်)

10/26/2011 12:07:00 AM
သတင်းတွေ အပြင်ဆက်ပို့မယ် ဆိုတဲ့ Burma VJ
တိုင်းပြည် တိုးတက်ပြောင်းလဲရေးအတွက် မီဒီယာအား ကိရိယာတခုအနေဖြင့် အသုံးပြု
၍ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဆက်လက် ဖော်ထုတ်သွားမည်ဟု Burma VJ
အဖွဲ့က ပြောဆိုသည်။
အဖွဲ့အနေဖြင့် လက်ရှိတွင် လွတ်လပ်စွာ ရပ်တည်နေပြီဖြစ်ကြောင်းနှင့် လတ်တလောဖြစ်ပျက်နေသည့် လူအခွင့်အရေး ချိုးဖောက်မှု ဗီဒီယိုနှင့် ဓာတ်ပုံမှတ်တမ်းများကိုလည်း လူမှုကွန်ယက်တခုဖြစ်သည့် Facebook
တွင် “Burma VJ Media Network” အမည်ဖြင့် ဆက်လက် ဖော်ထုတ်သွားမည် သိရသည်။
Burma VJ အဖွဲ့ကို ၂ဝဝ၆ ခုနှစ်မှစ၍ တည်ထောင်ခဲ့ခြင်းဖြစ်ကာ နော်ဝေအခြေစိုက် ရုပ်မြင်သံကြားမီဒီယာ တခု
ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ - DVB နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းများနှင့်
ပြည်တွင်းသတင်းများကို ထုတ်လွှင့်ခဲ့သည်။
သို့သော် DVB သတင်းဌာနတွင် အမေရိကန်ဒေါ်လာ သုံးသိန်းခန့် ငွေကွာဟမှု ၂ဝ၁၁ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းတွင်း ပေါ်ပေါက်လာခဲ့ပြီးနောက် Burma VJ အဖွဲ့ဝင်များ နုတ်ထွက်ခဲ့ကြသည်။
VJ အဖွဲ့၏ ရပ်တည်ချက်၊ ရှေ့လုပ်ငန်းစဉ်၊ အဖွဲ့ဘဏ္ဍာရေးနှင့် သီးသန့် မီဒီယာ ထောင်လာနိုင်ခြေ ရှိ၊ မရှိနှင့် ပတ်သက်၍ အဖွဲ့ဝင် တဦးဖြစ်သည့် ကိုအောင်ကြီးအား မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်း ထားသည်။
----------
အရင်ဆုံး Burma VJ အဖွဲ့ ဖြစ်ပေါ်လာပုံလေး အကျဉ်းလေး ရှင်းပြပေးပါဦး။
“ကျနော်ကတော့ Burma VJ စပြီးတော့ Founding လုပ်တဲ့ထဲမှာ ပါတာပေါ့နော်။ ကျနော်တို့ Burma VJ ဆိုတဲ့ ရုပ်ရှင်ကားကို ၂ဝဝ၆ နှစ်ကုန်ပိုင်းလောက်ကတည်းက စပြီးတော့ ရိုက်ဖို့ဆိုပြီးတော့ ကျနော်တို့ အဲဒီ အချိန်မှာ ထိုင်းကို ထွက်လာတယ်။ ထိုင်းကို ထွက်လာပြီးတော့ ဘန်ကောက်မှာပေါ့နော်။ အဲဒီမှာ စတည်တယ်။
“ကျနော်တို့ Burma VJ မီဒီယာအဖွဲ့ စပေါ်လာခဲ့ကြတာက တကယ့်ပတ်ကား ရုပ်သံမီဒီယာ ဂျာနယ်လစ်တွေနဲ့ စတည်ထောင်ခဲ့တာ မဟုတ်ဘူး။ ကျနော်တို့ မြန်မာပြည်ထဲမှာရှိတဲ့ Political Activist တွေကနေစတာ။ အထူး သဖြင့် ကျနော် အပါအဝင် ပေါ့နော်။ ကျနော်က အဲဒီအချိန်တုန်းက ထောင်တခါ ကျထားတယ်။ နောက် တခြား Burma VJ အဖွဲ့ဝင်တွေ အများစုကလည်း အကုန်လုံးကလည်း ထောင်ကျဖူးတဲ့သူတွေ။ ထောင်ထွက်တွေ ချည်း
ပဲ။ ကျနော်တို့ အဓိက က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာ။ ကျနော်တို့က မီဒီယာကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ Tool တခုအနေနဲ့ အသုံးချပြီးတော့ လုပ်တဲ့သဘောပဲ။ ကျနော်တို့ အားလုံးက မီဒီယာသမားသက်သက် မဟုတ်ဘူး။ တဖက်အခြမ်းမှာ ကျနော်တို့က Activist တွေ ဖြစ်တယ်။ အထူးသဖြင့် Burma VJ စပြီးတော့ တည်ခဲ့တဲ့ အပြင် ဘက်က လူတွေကော၊ အထဲက လူတွေကောက၊ Burma VJ အဖွဲ့ရဲ့ ၉၀ ရာခိုင်နှုန်းက ထောင်ထွက်တွေချည်းပဲ။ အရင်တုန်းက နိုင်ငံရေးလုပ်ခဲ့တဲ့ သူတွေချည်းပဲ”
“ကျနော် အဓိက ပြောချင်တာကတော့ Burma VJ ဆိုတဲ့ တချို့မီဒီယာတွေမှာ ပြောနေတာ Burma VJ ဆိုတာ မရှိခဲ့ဘူးပေါ့နော်။ တကယ်မရှိဘူး၊ အဖွဲ့ဆိုတာ မရှိခဲ့ဘူး။ တကယ် ဒါက ပြည်သူတွေသာ ဖြစ်တယ် ဆိုတဲ့ဟာချည်း ကတော့ ကျနော် ပါခဲ့တဲ့ လူတယောက်အနေနဲ့ ပြောရရင် အဲဒါက မမှန်ဘူးလေ။ ဒါကတော့ ကာယကံရှင်တွေ
သေသေချာချာ သိမှာပဲလေ”
လက်ရှိ ရပ်တည်နေသေးတဲ့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကကော။
“အဓိက ကတော့ ကျနော်တို့ မြန်မာပြည်ထဲမှာ လတ်တလော လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စတွေ အားလုံးကို နိုင်ငံတကာကို တပြေးညီသိအောင်လို့ လုပ်ပေးနေတယ်။ အဓိက ကတော့ ကျနော်တို့ ရည်ရွယ် ချက်ကတော့ အဲဒါပဲ။ ကလေးစစ်သားကိစ္စမျိုးတွေ လုပ်ခဲ့တာ ရှိတယ်။ အရင်တုန်းကလည်း နျူကလီးယား ကိစ္စ
တွေ ကျနော်တို့ အဖွဲ့ကပဲ လုပ်ပေးခဲ့တာပဲ။ ၂ဝဝ၇ (ရွှေဝါရောင်တော်လှန်ရေး) Revolution တုန်းက ရိုက်ခဲ့တဲ့ အရုပ်တွေ၊ ဂျပန် (သတင်းထောက်) သေခဲ့တဲ့ အရုပ်ဆိုလည်း ကျနော်တို့ အဖွဲ့က လူတွေပဲ ရိုက်ခဲ့တာပဲ”
“အဲဒီတုန်းလည်း ကျနော်တို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေကို ဟိုးအရင်တုန်း ကလည်း လုပ်ခဲ့တယ်။ အခုအချိန်မှာလည်း နိုင်ငံတကာကို လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ကိစ္စကို သိအောင် ဆက်ပြီး
တော့ လုပ်နေတုန်းပဲ။ အဓိက ကျနော်တို့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကို Burma VJ ကားထဲကလို အပိတ်ခံထား ရတဲ့ တိုင်းပြည် တပြည် ကနေပြီးတော့ သတင်းတွေ အကုန်လုံးကို နိုင်ငံတကာကို သိအောင် တတ်နိုင်သလောက်
ပြောဖို့ပဲ”
အခုကော Burma VJ မှာ အဖွဲ့ဝင်အင်အား ဘယ်လောက်လောက် ရှိနေသေးလဲ။
“ကျနော် အဲဒီအရေအတွက်ကတော့ ပြောဖို့ မလိုဘူး ထင်တယ်။ အဓိက ကျနော်တို့ Burma VJ နာမည် အနေနဲ့ ဆက်သွားနေတယ်။ အဲဒီအဖွဲ့အနေနဲ့ ဆက်ပြီး ရပ်တည်ဖို့ ကြိုးစားနေတယ်။ ကျနော်တို့ အထဲက ရိုက်နေတဲ့ အရုပ်
တွေပေါ့နော်။ အထဲက ကျနော်တို့ အဖွဲ့တွေက ဆက်ပြီးတော့ ရိုက်နေတယ်။ လုံခြုံရေးအရ ကျနော် အရေအတွက် ကိုလည်း မပြောချင်ဘူး။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီးတော့ ရှိနေတယ်။ ကျနော်တို့ Activities တွေ ဆက်ရှိတယ် ဆိုတာ သိချင်တယ်ဆိုရင် Face Book မှာလည်း တက်ကြည့်လို့ရတယ်။ Burma VJ Media Network ဆိုပြီး
တော့ နေ့စဉ် မြန်မာပြည်ထဲမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုသတင်းတွေ တောက်လျောက် တင်နေတာပေါ့နော်”
“နောက်ပြီးတော့ မီဒီယာတခု အနေနဲ့လည်း ဆက်ပြီးတော့ ရပ်တည်ဖို့ အတွက်ကို ကြိုးစားနေတယ်။ ကျနော်
ပြောနိုင်တာကတော့ ကျနော် ဆက်ပြီးတော့ အလုပ်လုပ်နေတယ်။ ကျနော်တို့ မြန်မာပြည်ထဲမှာလည်း ထပ်ပြီး
တော့ ကျနော်တို့ လူတွေ အလုပ်လုပ်နေတယ်။ အပြင်မှာလည်း ကျနော်တို့ အဖွဲ့က ဆက်ပြီး အလုပ် လုပ်နေတယ် ဆိုတာတော့ အသေအချာ ပြောနိုင်တယ်”
အဖွဲ့ရဲ့ ရှေ့ရေးအတွက်ကော ဘာတွေဆက်လုပ်သွားဖို့ ရှိလဲ။
“အရင်တုန်းကတော့ ကျနော်တို့က သတင်းဌာနတခုအောက်မှာပဲ ရှိနေတာပေါ့နော်။ အခုကတော့ ကျနော်တို့ ကတော့ အဲဒီလို သတင်းဌာနတခုအောက်ကနေပြီးတော့၊ သတင်းဌာနတခုရဲ့ ပေါ်လစီအောက်ကနေပြီး တော့ လုပ်နေတဲ့ဟာမျိုးတော့ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ ပိုပြီးတော့ လွတ်လပ်လာတယ်လို့ ထင်တယ်။ အခုက အရင်တုန်းထက်ပိုပြီးတော့ နိုင်ငံတကာမီဒီယာတွေကို ချိတ်ဆက်ပြီးတော့ ကြိုးစားနေ တယ်။ ဥပမာ ကျနော်တို့ကို မီဒီယာတင် မဟုတ်ဘူးပေါ့ဗျာ။ တခြား နိုင်ငံတကာမှာ ရှိတဲ့ ကွန်ဖရင့်တွေနဲ့ ပတ်သက်ပြီးတော့ အထဲက လူတွေရဲ့ Message တွေ၊ Video Message တွေဘာတွေရအောင် လုပ်ပေး တယ်။ ဒါက မီဒီယာလို့ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ လုပ်ပေးတဲ့ဟာတွေလည်း ရှိတယ်”
အခုကော ဘာလုပ်ငန်းတွေ ဆက်လုပ်နေတာ ရှိလဲ။
“ကျနော်တို့ ဆက်လုပ်နေတာတော့ အထဲမှာ ရှိနေတဲ့ သတင်းတွေပေါ့နော်။ အထူးသဖြင့် ဗီဒီယိုနဲ့ ဓာတ်ပုံ သတင်း
တွေကို တတ်နိုင်သလောက် ရအောင် အရင်တုန်းကလိုဘဲ ဆက်ပြီးတော့ ယူနေတယ်။ ယူနေပြီးတော့ တခြား လိုချင်တဲ့ မီဒီယာတွေကိုလည်း ကျနော်တို့ ပေးတယ်။ နောက်ပြီးတော့ Facebook ပေါ်မှာလည်း တင်တယ်။ ကျနော်တို့လည်း ပြောထားတယ်လေ။ ကျနော်တို့စီက လိုချင်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ အကုန်လုံးကို လွတ်လွတ် လပ်လပ် သုံးလို့ရတယ်။ ကျနော်တို့ နာမည်ကိုပဲ Credit ပေးပြီးတော့ သုံးလို့ရတယ်။ အလကားသုံးလို့ ရတယ် ဆိုတာလည်း ကျနော်တို့ Facebook မှာ ကြည့်ဖြစ်မယ် ထင်ပါတယ်”
အခုထပ်လုပ်နေတဲ့ဟာတွေကို Facebook တင် မဟုတ်ဘဲ တခြား ဘယ်နေရာတွေမှာ သုံးဖို့ ရှိသေးလဲ။
“လောလောဆယ် ကျနော်တို့ကတော့ အခြား လုပ်ထားတဲ့ဟာတွေ ပေါ့နော်။ သုံးချင်တဲ့ ဘယ်မီဒီယာကို မဆို ကျနော်တို့က ခုချိန်မှာ လွတ်လွတ်လပ်လပ် ပေးသုံးဖို့ အားလုံးကို သဘောတူထားတယ်လေ။ အခြားမီဒီယာ တခု
အောက်မှာ လုပ်ဖို့ဆိုတဲ့ အစီအစဉ်ကတော့ လောလောဆယ်တော့ မရှိသေးဘူးပေါ့။
အခု အဖွဲ့ရပ်တည်ရေး အတွက်ကော ကူညီထောက်ပံ့တာတွေ ရှိသေးလား။
“လောလောဆယ်တော့ ကျနော်တို့ ဘယ်က အကူအညီ၊ အထောက်အပံ့မှတော့ မရှိသေးဘူးပေါ့ဗျာ။ အထဲက သတင်းထောက်တွေကလည်း လုပ်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးတော့ လုပ်ပေးနေတဲ့ သဘောပဲ”
ဒါဆိုတော့ အဖွဲ့မှာကော အခက်အခဲမရှိဘူးလား။
“ကျနော်တို့ ငွေရေးကြေးရေး အခက်အခဲကတော့ အရင်ကထက်စာရင်တော့ အများကြီးတော့ ရှိသွားတာ တော့ အမှန်ပဲလေ။ အရင်ကလောက် ကျနော်တို့ ငွေမသုံးနိုင်တော့ဘူး။ ဒါပေမဲ့ ကျနော်တို့ တတ်နိုင် သလောက်ပေါ့ဗျာ။ လုပ်နိုင်တဲ့အတိုင်းအတာနဲ့ ဆက်ပြီး လုပ်နေတာပဲ”
အခု Facebook မှာလည်း လုပ်နေတယ်ဆိုတော့ သီးခြား မီဒီယာတခု ပုံစံမျိုး လုပ်လာဖို့ ရှိလား။
“စိတ်ကူးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါကို ကျနော်တို့ သွားဖို့ အတွက်တော့ အများကြီးတော့ စိန်ခေါ်မှုတွေ ရှိတာပေါ့။ အဲဒါတွေကိုတော့ တတ်နိုင်သလောက် ကျော်လွှားနိုင်အောင်တော့ လုပ်နေတယ်။ ဘာလို့ဆိုတော့ ကျနော်တို့ မြန်မာပြည်က လွတ်လပ်တဲ့ သတင်း အေဂျင်စီတခု အနေနဲ့ သွားဖို့ ဆိုတဲ့ဟာမျိုး စိတ်ကူးတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါကိုတော့ ကျနော်တို့ အတတ်နိုင်ဆုံးတော့ ငွေရေးကြေးရေး အပိုင်းကော၊ အခြား နည်းပညာ အပိုင်း
ကော၊ လူအင်အားအပိုင်းကော အကုန်လုံးကို ဖြည့်ဆည်းပြီးလုပ်ဖို့ ကြိုးစားနေတယ်။ အဲဒါက ဘယ်လောက် အတိုင်းအတာထိ ဖြစ်မလဲဆိုတာတော့ ကျနော်တို့ပေါ် မူတည်တာပေါ့နော်”
လုပ်ဖြစ်ရင်ကော ပြည်ပ အခြေစိုက်လား၊ ပြည်တွင်းအခြေစိုက်လုပ်မှာလား။
“လောလောဆယ်ကတော့ ကျနော်တို့ ပြည်တွင်းအခြေစိုက်အနေနဲ့ကတော့ မရှိပါဘူး။ မရှိပါဘူးဆိုတာက ကျနော် တို့က အရင်တုန်းက DVB နဲ့လုပ်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ သတင်းတွေ အပြင်ကို ပို့မယ်၊ အပြင်ကနေပြီးတော့မှ
နိုင်ငံတကာသိအောင် လုပ်မယ်”
သီးခြား ပြောဆိုချင်တာ ရှိပါသေးလား ခင်ဗျ။
“အရင်တုန်းက လုပ်ခဲ့သလိုပဲ ဆက်ပြီးတော့လည်း တတ်နိုင်သလောက် အထဲမှာရှိတဲ့ သူငယ်ချင်းတွေပေါ့ နော်။ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တွေကလည်း ကြိုးစားပေးနေတယ်။ ကျနော်တို့ကလည်း တတ်နိုင် သလောက် ကျနော်တို့ လုပ်နေတဲ့ဟာကို၊ မြန်မာပြည်ထဲမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေအားလုံးကို နိုင်ငံတကာ သိအောင် ထိရောက်တဲ့နည်းလမ်းကို ရှာပြီးတော့ လုပ်နေတယ်ဆိုတဲ့ဟာကိုတော့ ပြောချင်ပါတယ်”
အင်တာဗျူး--- မဇ္ဈိမ

10/25/2011 11:17:00 PM
နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဂုဏ်ပြုပွဲတစ်ခု တောင်ကုတ်မြို့ နယ်တွင် ကျင်းပ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဂုဏ်ပြုပွဲတစ်ခု ရခိုင်ပြည်နယ် တောင်ကုတ်မြို့ နယ်က ဦးကျော်ခိုင် (တောင်ကုတ်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ) ၏ နေအိမ်တွင် ၂၅/၁၀/၂၀၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကလေးထောင်မှ လွတ်မြောက်လာတဲ့ ကိုမင်းအောင် (ရခိုင်ပြည်နယ်စည်းရုံးရေးအဖွဲ့၏ ဘဏ္ဍာရေးမှူး၊ တောင်ကုတ်မြို့ စည်းအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး)၊ သံတွဲထောင်မှ လွတ်မြောက်လာတဲ့ ကိုစန်းလွင် (တောင်ကုတ်မြို့ နယ်စည်းအဖွဲ့ဝင်)နှင့် မြောင်းမြထောင်မှ လွတ်မြောက်လာတဲ့ ဦးမြတ်ထွန်း (ရခိုင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အတွင်းရေးမှူး) တို့ သုံးဦးကို ကြိုဆိုတဲ့အခမ်းအနားဖြစ်ပါတယ်။
အခမ်းအနားကို တောင်ကုတ်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်တဲ့ ဦးကျော်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်လွတ်မြောက်လာသူ ၃ ဦးကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါတယ်။
ပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ၃ ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။
ပရိသတ် ၂၀၀ ကျော် တက်ရောက်ခဲ့တဲ့ အဲ့ဒီအခမ်းအနားကို မနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
By ဇာဏီ (Burma VJ Media Network)
Welcome Ceremony at Taunggot by Zar Ne
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ နယ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဂုဏ်ပြုပွဲအပြီးတွင် ကလေးထောင်မှ လွတ်မြောက်လာတဲ့ ကိုမင်းအောင် (ရခိုင်ပြည်နယ်စည်းရုံးရေးအဖွဲ့၏ ဘဏ္ဍာရေးမှူး၊ တောင်ကုတ်မြို့ စည်းအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး)က ကျေးဇူးတင်စကားပြောကြားတဲ့ (အသံဖိုင် နားဆင်ရန်)
![]() |
| တောင်ကုတ်မြို့  |
သစ်ထူးလွင်
10/25/2011 11:07:00 PM
ကဒါဖီရုပ်အလောင်း လျှို့ဝှက် သင်္ဂြိုဟ်
လစ်ဗျားနိုင်ငံမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း မွန်မာ
ကဒါဖီရဲ့ ရုပ်အလောင်းကို ကဒါဖီရဲ့သားဖြစ်သူ မူတာ့ဆဲင်း (Mutassim) နဲ့
ကာကွယ်ရေးဝန်ကြီးဟောင်း အဘူဘက်ကာ ယူနစ်စ် (Abu Bakr Younis) တို့ရဲ့
ရုပ်အလောင်းတွေနဲ့ အတူတကွ ဒီကနေ့မနက် စောစောပိုင်း လစ်ဗျားနိုင်ငံထဲက
လျှို့ဝှက်တဲ့တနေရာမှာ မြေမြှုပ်သဂြိုင်္ဟ်လိုက်ပြီလို့ လစ်ဗျားနိုင်ငံရဲ့
ယာယီအာဏာပိုင်အဖွဲ့က ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ အောက်တိုဘာ ၂၁ ရက်နေ့က စပြီးတော့ ကဒါဖီရဲ့ ရုပ်အလောင်းကို ဆိပ်ကမ်းမြို့ဖြစ်တဲ့ မစ်-စ် ရာတာက သားသတ်အအေးခန်းတခန်းမှာ ထားရှိပြီးတော့ အများပြည်သူကို ကြည့်ရှုခွင့် ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ကဒါဖီကို လက်ရဖမ်းဆီးမိခဲ့တဲ့ ဆာ့တ်မြို့တ၀ိုက်မှာ အထိန်းသိမ်းမဲ့ ပျံ့နှံ့နေတဲ့ စစ်လက်နက်ပစ္စည်း အမြောက်အများကို တွေ့ရှိနေရတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး HRW အဖွဲ့က ပြောပါတယ်။
စစ်လက်နက်ပစ္စည်းတွေ သိုလှောင်ရာ ၂ နေရာကို သွားရောက်စစ်ဆေးတာမှာ ပြီးခဲ့တဲ့ စနေနေ့က မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေ၊ တင့်ကား အမြောက်ကျည်နဲ့ မော်တာကျည်တွေ၊ သေနတ်ကျည်နဲ့ မော်တာကျည်ဆံအမြောက်အများ ခိုးယူခံထားပြီးတော့ ပျောက်ဆုံးနေတာကို တွေ့ရှိရတယ်လို့ HRW က ပြောဆိုပါတယ်။

10/25/2011 10:48:00 PM
တောင်သူလယ်သမားအဖွဲ့ စတင် ထူထောင်
ပြည်နယ်တိုင်း အသီးသီးက လယ်သမားအရေး ဆောင်ရွက်နေသူတွေ ဦးဆောင်ပြီး
မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး
အလုပ်သမားများအဖွဲ့ကို ဒီကနေ့ စတင်ဖွဲ့စည်း ထူထောင်လိုက်ကြောင်း သိရပါတယ်။
ဒီအဖွဲ့နဲ့ ပတ်သက်ပြီး တရားဝင် မှတ်ပုံတင် ရရှိရေးအတွက် အလုပ်သမား
ဝန်ကြီးထံကို ဒီကနေ့ လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်း အဖွဲ့ဥက္ကဋ္ဌ
ဦးသန်းဆွေက RFA ကို ပြောပါတယ်။
“ပြည်ထောင်စုလွှတ်တော်ကနေ ဥပဒေကို ပြဋ္ဌာန်း ပေးလိုက်ပြီးတဲ့နောက် သမ္မတကြီး
ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ နောက်ကို အလုပ်သမား
အဖွဲ့အစည်း ဥပဒေ အကျိုးသက်ရောက်မှု ရှိနေပြီလို့ ယုံကြည်တဲ့အတွက် အလုပ်သမား
ဝန်ကြီးကတဆင့် လျှောက်ထားလိုက်ပါတယ်။”
အဖွဲ့အတွက် တရားဝင် မှတ်ပုံတင် ရရှိတာနဲ့ တပြိုင်နက် တိုင်းနဲ့ပြည်နယ်
အသီးသီးက လယ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ပူးပေါင်းပြီး လယ်သမားတွေရဲ့
အခွင့်အရေးအတွက် စတင် အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။
သတင်း---RFA
(Photo: AFP)
လယ်ယာ လုပ်ငန်းခွင်တခုတွင် အလုပ်လုပ်နေသော လယ်သူမလေးများ ဖြစ်ပါသည်။ (Photo: AFP)
သတင်း---RFA
သစ်ထူးလွင်
10/25/2011 10:42:00 PM
နိုင်ငံရေးအကျဉ်းသား (၃၉) ဦးကို ဇာဂနာ ထောင်ဝင်စာလိုက်တွေ့
![]() |
| ဓါတ်ပုံ ဇာဂနာ Facebook |
Zaganar Photos Album
ဟာသ သရုပ်ဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း
ကိုဇာဂနာနှင့် အဖွဲ့က သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေသည့် နိုင်ငံရေး
အကျဉ်းသား (၃၄) ဦးအတွက် လှူဒါန်းသည့် ကျပ်ငွေ ၃ သိန်း ၄ သောင်းနှင့်
အလှူပစ္စည်းများကို သာယာဝတီ ထောင်ပိုင်ကြီးက လက်ခံ ရယူနေစဉ်။ Zaganar Photos Album
သတင်း---RFA
သစ်ထူးလွင်
10/25/2011 10:38:00 PM
လူထုခေါင်းဆောင်ဒေါ်စု နှင့်အမေရိကန် ကိုယ်စားလှယ် တွေ့ ဆုံ
မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ရောက်ရှိနေသော အမေရိကန်အစိုးရ
အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ အင်္ဂါနေ့ နေ့လည်က တွေ့ဆုံ ခဲ့ကြသည်။
ရန်ကုန်မြို့ရှိ အမေရိကန် ဒုသံအမတ်ကြီးနေအိမ်တွင် မွန်းလွဲ နှစ်နာရီမှစတင်ကာ မိနစ် ၉ဝ ကြာ ဆွေးနွေးခဲ့
ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
“ဟုတ်ပါတယ်။ ကျနော့်အနေနဲ့ကတော့ တွေ့ဆုံတာမှန်ကြောင်း ထုတ်ပြန်ဖို့ပါပဲ။ တခြားထုတ်ပြန်စရာ ကျနော့်မှာ မရှိပါဘူး” ဟု ပြောသည်။
ဤဆွေးနွေးမှုနဲ့ပါတ်သက်၍ သတင်းရယူရန် ပြည်တွင်း၊ ပြည်ပ သတင်းသမားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်
ရှေ့တွင် သွားရောက် စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံမှုနှင့် ပတ်သတ်၍ ထုတ်ပြန်ချက်၊ မှတ်ချက် ပေးခဲ့ခြင်း မရှိပေ။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့တားမြစ်မှုများ ရုတ်သိမ်းရန် အချိန် မကျသေးကြောင်း
ဒေါ်အောင်ဆန်းစုကြည် က Wall Street Journal အား ပြောကြားလိုက်ပြီး နောက်တရက်အကြာတွင် မစ္စတာမစ်ချဲလ် မြန်မာနိုင်ငံသို့ တိုက်ဆိုင်စွာ ရောက်ရှိလာခြင်းဖြစ်သည်။
အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell စက်တင်္ဘာလအတွင်းက ပထမအကြိမ် လာရောက်ခဲ့စဉ်က NLD ခေါင်းဆောင်များ
အပြင် အခြား နိုင်ငံရေး အင်အားစုများနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယခု ကသုတ်ကရက် ခရီးစဉ်တွင်
တွေ့ဆုံ နိုင်ခြင်းမရှိခဲ့ပေ။
မကြာမီက လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများကလည်း မစ္စတာ ဒဲရစ်မစ်ချဲလ်ထံ လိပ်မူ၍ အမေရိကန် သံရုံးမှတဆင့် စာတစောင် ရေးသားပေးပို့ခဲ့သေးသည်။
အင်္ဂါနေ့ နံနက်က ပေးပို့လိုက်သောစာတွင် အဓိကအားဖြင့် တောင်းဆိုချက် သုံးချက် ပါဝင်ကြောင်း ၈၈ မျိုးဆက်
ကျောင်းသားတဦးဖြစ်သည့် စမ်းချောင်းကိုကိုကြီးက မဇ္ဈိမကို ပြောသည်။
“ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လည် လွတ်မြောက်စေရန်၊ တိုင်းရင်းသား ဒေသ
တွေမှာ ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး
ကြေညာပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအပြင် တိုင်းရင်းသားကိုယ်စားလှယ်များအားလုံး၊ သက်ဆိုင်သူ
တွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်ဆိုတဲ့ အချက်သုံးချက်” ဟု ပြောသည်။
အောက်တိုဘာ ၁၂ ရက်နေ့က လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၂၃၄ ယောက် အနက် အချိန် အခက်အခဲကြောင့် ၅၅ ယောက်သာ ပါဝင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။
ဤတောင်းဆိုချက်များအား အမေရိကန် ကိုယ်စားလှယ်ထံသို့ ပေးပို့ရသည့် အကြောင်းနှင့် ပတ်သက်၍ ကိုကိုကြီး က “လက်ရှိတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းချင်တယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဝင်ဆံ့ချင် တယ် ဆိုရင် ခုနပြောတဲ့ အချက် သုံးချက်က မဖြစ်မနေ ဖြေရှင်းရမှာပါ။ အဲဒီထဲကမှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆိုတဲ့အချက်ကို မပြေလည်ဘဲနဲ့ နိုင်ငံရေးပြဿနာ ပြေလည်မယ်လို့ ကျနော်တို့က မယူဆပါဘူး။ အဲဒီအတွက် ဒီအစိုးရကိုရော၊ ဒီအစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်နေတဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ကိုရော တိုက်တွန်း
တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ဒဲရစ်မစ်ချဲလ်သည် ၎င်း၏ နှစ်ရက်ကြာ ဒုတိယ ခရီးစဉ်အတွင်း နေပြည်တော်ရှိ အစိုးရ အရာရှိများနှင့်လည်း တွေ့ဆုံ
ဆွေးနွေးခဲ့သည်။ ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများ အနက် နိုင်ငံရေး အကျဉ်းသားများ ထပ်မံ လွှတ်ပေးရေး ဖိအားပေးသွားရန်နှင့် လူမျိုးစု ဒေသများအတွင်း စစ်မက်ဖြစ်ပွားမှု ကိစ္စများလည်း ပါဝင်မည်
ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ၃၇ ယောက်အနက် ၎င်းအပါအဝင် ခုနှစ်ယောက်သာ လွတ်မြောက်လာသေးကြောင်း ကိုကိုကြီးက ပြောဆိုသည်။
ထို့ပြင် နိုင်ငံရေး အကျဉ်းသား ၁၈ဝဝ ခန့် ကျန်ရှိနေသေးပြီး ၎င်းအနက် ၁၂၂ ဦးမှာ ကျန်းမာရေး အခြေအနေ ဆိုးရွား လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရောက်ရေးအသင်း AAPP မှတ်တမ်းများတွင် ပါရှိသည်။
သတင်း--- မဇ္ဈိမ

အမေရိကန်
အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell
နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမအကြိမ်တွေ့ဆုံစဉ် (ဓါတ်ပုံ မဇ္ဈိမ)

10/25/2011 07:36:00 PM
Subscribe to:
Posts (Atom)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။