ရန်ကုန်မြို့တရုတ်သံရုံရှေ့ ဆန္ဒပြပွဲ အခြေအနေ

ယမန်နေ့ (၁၉-၉-၂၀၁၁) မနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်း (ယခင် ဟယ်ပင်လမ်း) အတွင်း တရုတ် သံရုံးရှေ့မှာ “ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်း” ကို ကန့်ကွက် ဆန္ဒပြမယ်လို့  သတင်းရရှိလို့ သွားခဲ့ပါတယ်။
ပြည်ထောင်စုရိပ်သာလမ်းအတွင်းမှာ လုံထိန်းတွေ ကြိုတင်နေရာယူထားတာကို တွေ့ရှိပါတယ်။ လုံထိန်းအင်အား (၁၀၀) ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ပြည်လမ်းဘက်မှ ပြည်ထောင်စုရိပ်သာလမ်း အတွင်းချိုး အ၀င်စပ်မှာ လုံထိန်းကား (၂) စီး ချထားပါတယ်။ သံရုံးရှေ့မှာ လုံထိန်းကား (၁) စီး နေရာယူတာပြီး ဗဟိုလမ်းဆီ အထွက်နားမှာ လုံထိန်းကား (၁) စီး ချထားပါတယ်။
သံရုံးရှေ့နဲ့ မျက်နှာဆိုင်ရှိ ကလေးဆေးရုံဝန်းရှေ့မှာလဲ လုံထိန်းတွေ နေရာယူထားပါတယ်။ ဒီသတင်းကို တရုတ်သံရုံးက လဲ ရရှိထားတာမို့ ၀န်ထမ်းတွေကို အပြင်ထွက်ခွင့်မပေးပါဘူး။ သတင်းထောက်တချို့ ရောက်ရှိလာတဲ့အပြင် အခြားစိတ် ၀င်စားသူ အားပေးသူ အချို့လဲ ရောက်လာပါတယ်။

ဒါပေမယ့် မွန်းလည်တိုင်အောင် ဆန္ဒပြမှု မဖြစ်လာတဲ့အတွက် ပြန်သွားခဲ့ကြပါတယ်။ ဒီလမ်းဟာ သံရုံးဗီဇာဝင်သူနဲ့ က လေးဆေးရုံလာသူတွေသာ ရှိတာမို့  သာမန်အားဖြင့် လူရှင်းတဲ့ လမ်းပါ။ သို့သော် သံရုံးနဲ့ လုံထိန်းတော့ ထိတ်ထိတ် ပြာ ပြာ ဖြစ်သွားတာမို့ ဘာပဲဖြစ်ဖြစ် အောင်မြင်တယ် ပြောရပါမယ်။

အလင်းတန် ဂျာနယ် အမှတ်စဉ် ၆၇၂

အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၇၁

ကုန်းဘောင်ခေတ်ဟု ဆိုသော သမ္မတဟောင်း ဦးဘဦး


၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရသော အခါ သမ္မတ ဖြစ်သူမှာ ညောင်ရွှေ စော်ဘွားကြီး စ၀်ရွှေသိုက် ဖြစ်သည်။ သို့သော် စ၀်ရွှေသိုက်ကို ယာယီ သမ္မတ ဟုသာ ဆိုကြသည်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ ထားသဖြင့် ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပပြီးသော အခါ လွှတ်တော်ခေါ်သည်။ နိုင်ငံတော် သမ္မတ ရွေးချယ်ရန် ဖြစ်၏။ ဦးဘဦးကို မြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။

သို့ကြောင့် သူ့ကို ပထမဆုံး ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ ဟု ဆိုကြပါသည်။ ဦးဘဦးသည် နှစ်စေ့၍ နိုင်ငံတော် သမ္မတ အဖြစ်မှ အငြိမ်းစား ယူသောအခါ ၁၉၅၉ ခုနှစ်တွင် သူ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ အဖြစ် My Burma (ကျွန်ုပ်၏ဗမာပြည်) ဟူသော စာအုပ်ကို အင်္ဂလိပ် ဘာသာဖြင့် ရေးသား၍ Taplinger Publishing CO.INC.NEW YORK မှ ထုတ်ဝေခဲ့၏။ စာရေးသူ၌ ရှိသော ထိုစာအုပ်ကို ငှားရမ်းသူ တစ်ဦးက ပြန်မပေးသဖြင့် ဆုံးသွားပါသည်။ ငှားရမ်းသူကို သတိမရတော့သဖြင့် ပြန်မတောင်းနိုင်တော့ပါ။

၂၆.၆.၂၀၁၁ တနင်္ဂနွေ နေ့က စာရေးသူသည် ရန်ကုန်မြို့ တပ်မတော် ခန်းမတွင် ကျင်းပနေသော မြန်မာပုံနှိပ် ထုတ်ဝေရေးနှင့် မီဒီယာ ပြပွဲသို့ သွားရောက်ခဲ့ပါသည်။ စာအုပ်အဟောင်း ရောင်းသည့်ဆိုင်တွင် ဦးဘဦး၏ စာအုပ်ကို တွေ့သဖြင့် ၀ယ်ခဲ့ပါသည်။ ယင်းစာအုပ်တွင် ဦးဘဦးက သူ၏ မျိုးရိုးသည် ကုန်းဘောင်ဆက် မင်းသမီး တစ်ပါးမှ ဆင်းသက်သည်ဟု ရေးခဲ့ကြောင်း မှတ်မိနေသည်။ ယခု စာအုပ် ပြန်ဝယ်၍ရမှ သေသေချာချာ ဖတ်ကြည့်ရာ ဤဆောင်းပါး ရေးရန် အကြောင်း ပေါ်ပေါက်လာပါသည်။

ဦးဘဦးစာအုပ်၏ ပထမ အခန်းဖြစ်သော Parentage (မိဘမျိုးရိုး) အခန်း၌ သူ၏ မိဘမျိုးရိုးသည် ကုန်းဘောင်ဆက် ဟင်္သာတ မင်းသမီးမှ ဆင်းသက် လာသည်ဟု ဆိုထားသည်။ သူ ရေးထားသည်ကို အနီးစပ်ဆုံး ဘာသာ ပြန်ပြပါမည်။ မြန်မာတို့တွင် အနောက် နိုင်ငံသားများ ကဲ့သို့ မိသားစု အမည် မရှိချေ တစ်သီး ပုဂ္ဂလ၀ါဒ ဆန်သည်။ ထို့ကြောင့် တစ်ဦးတစ်ယောက် မိသားစု၏ အဆက်အနွယ်ကို အထက်သို့ သုံးဆက်လေးဆက် အထိသာ ဖော်ထုတ် နိုင်ပေသည်။

ကျွန်ုပ်၏ ဖခင်ဘက်မှ အဆက်အနွယ်ကို အဘိုး၏ ဖခင်ဖြစ်သော “ဦးစံမင်း အထိသာ ခြေရာခံ၍ ရသည်။ ဦးစံမင်းသည် ဟသာင်္တ မြို့စား ဖြစ်၏။ မြို့စား ဆိုသည်မှာ ထိုမြို့၏ အခွန်အတုတ်တို့ကို အကျိုး ခံစားရသူ ဖြစ်သည်။ မြန်မာ ဘုရင်များ လက်ထက်တွင် မင်းသားများ၊ မင်းသမီးများ၊ မှူးမတ်နှင့် အရာထမ်း၊

အမှုထမ်းတို့သည်သာ မြို့စား၊ ရွာစားများ ဖြစ်ခဲ့ရသည်။ ကျွန်ုပ်အဘိုး ဦးစံမင်း အကြောင်းကို မှတ်မိ နေသည်မှာ ကျွန်ုပ်၏ ဖခင်သည် သူ့အမည်ကို မကြာခဏ ထုတ်ဖော်တတ်၍ ဖြစ်ပါသည်။

“သား၊ ငါတို့ မျိုးရိုးဟာ ဆွေကြီးမျိုးကြီး ဆိုတာ သိလား။ သူတို့က အထက် မြန်မာနိုင်ငံက ပြေးလာကြတယ်။ မင်းရဲ့အဘိုးနဲ့ သူ့ညီတို့က အခြေအနေ မကောင်းလို့ အောက်မြန်မာပြည်ကို ပြေးလာကြတာ”ဟု ပြောတတ်သည်။ ကျွန်ုပ် ဖခင်က ဘာကြောင့် ပြေးလာသည်ဟု မပြောပါ။ ကျွန်ုပ်ကလည်း ပြန်မမေးမိပါ။ ကျွန်ုပ်တို့ မျိုးရိုး အကြောင်းကိုလည်း မမေးမိပါ။ ကျွန်ုပ် နိုင်ငံတော် သမ္မတ ဖြစ်လာမှ  ကျွန်ုပ်ဘ၀ ဖြစ်စဉ်ကို မြန်မာလူထု သိသင့်သည်ဟု တွေးမိသဖြင့် ကျွန်ုပ်မိသားစု အကြောင်းကို စုံစမ်း ရှာဖွေရတော့သည်။ ကျွန်ုပ်၏ဖခင် ဦးဖိုးလှ၊ ကျွန်ုပ်၏ဦးလေး ဦးဖိုးမြ(ရွှေတိဂုံ ဘုရားဂေါပက)နှင့် ကျွန်ုပ်၏ အဒေါ် ဒေါ်ဒေါ်ရှင်တို့က မြင်းခြံတွင် ကျွန်ုပ်တို့၏ ဆွေမျိုးများ ရှိသည်ဟု ပြောဖူးသဖြင့် ကျွန်ုပ် နိုင်ငံတော် သမ္မတ ဖြစ်မှ အငြိမ်းစား ရဲချုပ် သရေစည်သူ ဦးဘမောင် (K.S.M.T.D.M)ကို စုံစမ်း ခိုင်းရသည်။

မကြာမီပင် မြင်းခြံမှ အောင်တော်မူ ပုံနှိပ်တိုက် ပိုင်ရှင် ဦးဘကျော် (T.P.S) နှင့် အဆက်အသွယ် ရသည်။ သူမှ တစ်ဆင့် မြင်းခြံမြို့၊ ဇေယျသိန် ရပ်မှ ဒေါ်ဂျမ်းနှင့် တွေ့ဆုံရ၏။ ယခင်က ဒေါ်ဂျမ်းကို မတွေ့ဆုံဖူးပါ။ သို့သော် သူ့အကြောင်းကို ကြားဖူးနေပါသည်။ သူက ကျွန်တော်တို့ ဆွေစုမျိုးစု အားလုံး အကြောင်းကို သိသည်။ စစ်မဖြစ်မီက သူ ရန်ကုန်သို့ လာသည့် အခါ ကျွန်ုပ်၏ ဦးလေး ဦးဖိုးမြ အိမ်တွင် တည်းခိုတတ်သည်။ သူက ကျွန်ုပ်၏ အဘိုး ဦးရပို၏ ညီမ ဒေါ်သီ၏ မြေးဟု ဆိုသည်။ ဒေါ်ဂျမ်းက သူ၏ အဘိုးအဘွားများ လက်ထက်မှ အမှတ်အသား စာရွက်စာတမ်းများသည် စစ်အတွင်း ပျောက်ဆုံး ကုန်သဖြင့် ကျွန်ုပ် ရေးသားထားသည့် ဒေါ်ဂျမ်း ပြောသမျှကို ချမပြရဲပါ။

အဘယ်ကြောင့် ဆိုသော် ဒေါ်ဂျမ်း၏ နှုတ်ပြောမျှသာဖြစ်၍ ကျွန်ုပ် ကိုယ်တိုင်က အားလုံး မှန်သည်ဟု အာမ မခံရဲသောကြောင့် ဖြစ်သည်။ သို့သော် ကျွန်ုပ်၏ မိတ်ဆွေများနှင့် တိုင်ပင်ကြည့် သောအခါ ဒေါ်ဂျမ်း ပြောသမျှ သည် အရေးပါ၍ တစ်ခုနှင့် တစ်ခု ဆက်စပ်မှု ရှိခြင်း၊ အကျိုးသက် ရောက်မှုရှိခြင်း၊ ယုတ္တိရှိခြင်း တို့ကြောင့် ရေးသားပုံနှိပ် ဖော်ပြ သင့်သည်ဟု တိုက်တွန်းကြသည်။ ကျွန်ုပ်ကိုယ်တိုင်ကလည်း ကျွန်ုပ်၏ သားစဉ် မြေးဆက်အား ဒေါ်ဂျမ်း ပြောသမျှ ကျွန်ုပ်၏ မျိုးရိုးကို သိစေ သင့်သည်ဟု ထင်ပါသည်။

ကျွန်ုပ်အဘိုး၏ ဖခင် ဦးစံမင်း(ဟင်္သာတမြို့စား)သည် ဟင်္သာတ မင်းသမီး၏ သားတော် နှစ်ပါးအနက် တစ်ပါး ဖြစ်သည်။ ဟင်္သာတ မင်းသမီးနှင့် အစ်မတော် ပန်းတောင်း မင်းသမီးတို့သည် ဘုရင့်မြေးတော် မင်းသမီးများ ဖြစ်သည်။ ဘိုးတော်ဘုရား နတ်ရွာ မစံမီ သူ၏မြေးတော် အိမ်ရှေ့မင်းသားကို ပန်းတောင်းမင်း သမီးနှင့် လက်ဆက်ပေးပြီး ဘုရင် ဖြစ်သည့်အခါ မိဖုရားခေါင်ကြီး အရာ မြှောက်ရမည်ဟု ဆိုခဲ့သည်။ သို့သော် မြေးတော် အိမ်ရှေ့မင်းသည် ဘုရင်ဖြစ်သော အခါ အရပ်သူ မယ်နုကို လက်ထပ်ခဲ့သည်။ နောင်အခါ နန်းမတော် မယ်နုဟု တွင်သည်။ ဘကြီးတော်မင်း၏ အချစ်ဆုံး မိဖုရား ဖြစ်သည်။ မယ်နုသည် သူ၏နောင်တော် မင်းသားကြီး အကူအညီဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့လေသည်။ ဘိုးတော် ဘုရား၏ အစီအမံကြောင့် မယ်နု သည် ပန်းတောင်း မင်းသမီးနှင့် ပတ်သက်သမျှကို ကြောက်သည့် အပြင် မင်းသမီးကိုလည်း မုန်းတီးသည်။ အခွင့်အရေး ရသည်နှင့် တစ်ပြိုင်နက် မယ်နုသည် ပန်းတောင်း မင်းသမီးကို သတ်လေသည်။ မကြာမီပင် ဟင်္သာတ မင်းသမီးကိုလည်း သတ်၏။ ဟင်္သာတ မင်းသမီး၏ သားတော်နှစ်ပါး ဖြစ်သော မောင်စံမင်းနှင့် မောင် ရွှေဝတို့ကို မြင်းခြံမှ ဆရာတော် ဦးမာလာက ၀င်ရောက်၍ အသက် ကယ်လိုက်ရသည်။ ဆရာတော်၏ ကျောင်းသို့ ခေါ်ထားပြီး စာသင် ပေးသည်။ ထိုစဉ်က သူတို့သည် ငယ်ရွယ်သည့် ကလေးများသာ ဖြစ်၏။ သူတို့၏ ဖခင်တောင် ထားဝယ်ဗိုလ် မောင်မောင်ဖြူမှာ မည်သို့ ဖြစ်ပွားသည်ဟု မသိရပါ။

သာယာဝတီမင်းသည် သူ၏နောင်တော် (ဘကြီးတော်မင်း) အား နန်းမှ ချသောအခါ နန်းမ တော် မယ်နုနှင့် နောင်တော်မင်း သားကြီးတို့ကို သတ်လေသည်။ မောင်စံမင်းနှင့် မောင်ရွှေဝတို့ ညီ နောင်ကိုလည်း မွေးစားလိုက် သည်။ သူတို့ညီနောင်ကို အခြား ကလေး ၁၀၀ နှင့်အတူ သင်္ကန်း ဆီးပေးလိုက်သည်။ ကြီးပြင်း လာ၍ ရဟန်းဘောင် ကူးပြီးသော အခါမှ လူထွက်စေကာ မောင် စံမင်းကို ဟင်္သာတ မြို့စား အဖြစ် လည်းကောင်း၊ မောင်ရွှေဝကို ပဇာဝမြို့စား အဖြစ် လည်းကောင်း နေမျိုးဇေယျ သီရိမင်္ဂလ ဟူသော ဘွဲ့ဆင်တူနှင့် ချီးမြှင့် မြှောက်စားခဲ့သည်။ သာယာဝတီမင်း လက်ထက်တော်၌ လည်းကောင်း၊ သူ၏ သားတော် ပုဂံမင်း လက်ထက်တော်၌ လည်းကောင်း ဦးစံမင်းနှင့် ဦးရွှေသိ မြို့စား ညီနောင်သည် အေးချမ်း သာယာစွာ နေခဲ့ရသည်။

ဦးစံမင်း မည်သည့် အရွယ်တွင် ကွယ်လွန်သည် ဟူသော မှတ်တမ်းမှတ်ရာ မရှိပါ။ သို့သော် သူသည် မင်းတုန်းမင်း နန်းတက် သည့်အချိန်တွင် သက်ရှိထင်ရှား မရှိတော့ချေ။ မင်းတုန်းမင်းသည် နန်းမတော် မယ်နု၏သမီး(ဆင်ဖြူမရှင် ဖြစ်လာသူ)ကို မိဖုရား မြှောက်သည်။ ထိုမိဖုရား ဓားထက် လာသည်နှင့် ပန်းတောင်း မင်းသမီးနှင့် ဟင်္သာတ မင်းသမီးတို့၏ အဆက် အနွယ်များကို ဒုက္ခ ပေးတော့သည်။ ထို့ကြောင့် ကျွန်ုပ်၏ အဘိုး ဦးရပိုနှင့် သူ၏အစ်ကို ဦးရိုး တို့သည် ကိုရင်ဝတ်ကာ အောက်မြန်မာပြည်သို့ ထွက်ပြေးကြရသည်။

ထိုအချိန်က အောက်မြန်မာ ပြည်သည် ဗြိတိသျှ လက်အောက်တွင် ဖြစ်သည်။ ထို့ကြောင့် ဦးရပို

နှင့် ဦးရိုးတို့ ညီအစ်ကိုသည် ပုသိမ်တွင် ဆန်ကုန်သည် အဖြစ်နှင့် အခြေတကျ နေထိုင်ကြရသည်။ ထိုအချိန်က ပုသိမ်တွင် ရှိသော Merssrs. Bulloh Brothers and Company Limited တွင် ဦးရပို က ပွဲစားကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ ဆန်းစက်ဝင်း အတွင်း အိမ်ရသည်။ သူ၏ အစ်ကို ဦးရိုးကမူ အခြား ဆန် ကုမ္ပဏီ လီမိတက်တွင် ပွဲစားကြီး လုပ်သည်။ ဦးရပိုက ဦးယောက်နှင့် ဒေါ်ကီးတို့၏သမီး ဒေါ်လေးနှင့် လက်ဆက်သည်။ ဦးယောက် သည် ဘကြီးတော်ဘုရား လက်ထက်က အင်းဝတွင် ရေတွင်းဝန် ဖြစ်၏။ သို့သော် သူသည် နန်းမ တော်မယ်နုနှင့် မသင့်မြတ်သဖြင့် မိသားစုနှင့် အတူ ပန်းတနော်သို့ ပြေးလာရသည်။ ပန်းတနော်တွင် တစ်သက်တာ နေထိုင်သွားသည်။ သူ့သမီး ဒေါ်လေးနှင့် ဦးရပိုတို့တွင် သားသမီးများ ထွန်းကား သည်။ အကြီးဆုံးမှာ ကျွန်ုပ်၏ အဒေါ် ဒေါ်ဒေါ်ရှင် ဖြစ်၏။ ဒုတိယ သားမှာ ကျွန်ုပ်၏ ဖခင် ဦးဖိုးလှ ဖြစ်သည်။ ကျွန်ုပ်၏ ဖခင်သည် ဦးဆိတ်နှင့် ဒေါ်ရိပ်တို့၏ သမီး ဒေါ်ဒေါ်ညွန့်နှင့် လက်ဆက်ခဲ့သည်။ မိခင်ဒေါ်ဒေါ် ညွန့်ဘက်မှ အဘိုး ဦးဆိတ်သည် အထက်တန်း ရှေ့နေ ဖြစ်၏။ သမာဓိ မြို့ဝန်လည်းဖြစ်ကာ မြူနီစီပယ် ကော်မတီ မင်ဘာနှင့် ရွှေမော်ဓော စေတီတော် ဂေါပက ဖြစ်သဖြင့် သူ့ခေတ် သူ့အခါက ပုသိမ်တွင် လူကြီးလူကောင်း တစ်ဦး ဖြစ် သည်။ ဦးဆိတ်သည် ဦးရွှေကူနှင့် ဒေါ်ဦးတို့၏သားဖြစ်ကာ ဒေါ်ဦး၏ ဖခင် ဦးမြတ်ဖုန်းသည် ပုသိမ် မြို့ဝန်ဖြစ်၏။ ဦးမြတ်ဖုန်း၏ ဇနီး အမည်မှာ ဒေါ်ထွန်းလှ ဖြစ်သည်။ ဦးဆိတ်၏ ဇနီး ဒေါ်ရိပ်သည် ဦးရွှေအို၊ ဒေါ်ဝိုင်းတို့၏ သမီး ဖြစ်ပါသည်။ ပုသိမ်မြို့ဝန် ဦးမြတ် ဖုန်းနှင့် မောင်နှမ ၀မ်းကွဲတော်သည်။ ဒေါ်ဝိုင်း၏ မိခင် ဒေါ်ချော မှာလည်း ပုသိမ်မြို့ဝန်၏ နှမဖြစ်ကာ ဒေါ်ချော၏ ဖခင် ဦးရွှေတိုးသည် ပုသိမ်မှ ဆရာကြီး ဖြစ်သည်။ (ပုသိမ်မြို့ဝန်၏ လက်ထောက်လည်း ဖြစ်ပါသည်)”

သမ္မတဟောင်း ဦးဘဦးသည် သူ၏ အဘိုး ဦးရပိုနှင့် အစ်ကို ဦးရိုးတို့လည်း ပုသိမ်မှ လူကြီး လူကောင်းများ ဖြစ်ကြောင်း ဆက်လက် ဖော်ပြသွားပါ သေးသည်။ သို့သော် စာရေးသူ ရေးမည့် အကြောင်းအရာနှင့် မသက်ဆိုင်သဖြင့် ဘာသာပြန် မပြတော့ပါ။ ဦးဘဦးက သူ၏မိဘ အကြောင်းကို ဆက်လက် ဖော်ပြထားပါသည်။

“ကျွန်ုပ်၏ ဖခင်သည် ကျောင်းမှ ထွက်ပြီးသောအခါ ပုသိမ်မှ အရေးပိုင် ရုံးတွင် အမှုထမ်းသည်။ နှစ်အနည်းငယ် ကြာသော အခါ မြို့အုပ်ဖြစ်လာသည်။ ကြိုးစား ရိုးသားသဖြင့် မကြာမီပင် ၁၉၁၈ ခုနှစ်လောက်တွင် အရေးပိုင် ဖြစ်လာသည်။ ထိုအချိန်က အရေးပိုင် ၄၀ ဦးခန့်တွင် ကျွန်ုပ်ဖခင် အပါ အ၀င် မြန်မာ အရေးပိုင်နှစ်ဦး၊ သုံးဦးသာ ရှိသည်။ အခြားအရေး ပိုင်များမှာ အင်္ဂလိပ် လူမျိုးများ ဖြစ်သည်။ ကျွန်ုပ်၏ ဖခင်သည် C.I.E ဘွဲ့၊ K.S.M ဘွဲ့နှင့် A.T.Mဘွဲ့ များကို ရရှိခဲ့သည်။ အသက် ၅၇ နှစ်တွင် အလုပ်မှ ပင်စင်ယူပြီး ပုသိမ်မှ ပါလီမန် အမတ်အဖြစ် အရွေးခံသည်။ ထိုအချိန်က ၁၉၂၁ ခုနှစ် ဖြစ်သည်။ ပါလီမန်လွှတ် တော်သက်တမ်း ကုန်သောအခါ ထပ်မံ အရွေး မခံတော့ချေ။ ၁၉၃၆ ခုနှစ်တွင် မြန်မာပြည်ကို အိန္ဒိယ မှ ခွဲထုတ်လိုက်သည်။ ကျွန်ုပ်၏ ဖခင်ကို ဘုရင်ခံက အထက် လွှတ်တော်တွင် ခန့်အပ်၍ အထက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်စေသည်။ စစ်ဖြစ်သည် အထိ ဖြစ်၏။ ကျွန်ုပ် ဖခင်သည် ၁၉၅၀ ခုနှစ်၊ အသက် ၈၆ နှစ်တွင် ကွယ်လွန်ပါသည်။

ကျွန်ုပ်၏ မိခင်မှာ ထိုအချိန်က ၈၂ နှစ်ရှိပြီ။ ကျွန်ုပ်၏ မိဘတွင် သား ၈ ယောက်နှင့် သမီး တစ်ယောက် ထွန်းကားသည်။ သမီးနှင့် သားအချို့ အရွယ် မရောက်မီကပင် သေဆုံးကုန်သည်။ သားများ ကြီးပြင်းလာ သည့်အနက် သားလေးယောက် ကွယ်လွန်ပြန်သည်။ ကျန်သားများမှာ ကပ္ပတိန် ဘဖူး၊ ဦမြဘူးနှင့် ကျွန်ုပ်တို့ ဖြစ်သည်။ ကပ္ပတိန် ဘဖူးသည် ပထမ ကမ္ဘာစစ်ကြီး ဖြစ်စဉ်က ဘုရင့် ကော်မရှင် အဖြစ် ခန့်အပ် ခံရသော မြန်မာလေးဦး အနက် တစ်ဦး ဖြစ်သည်။ သူ သည် တပ်မတော် အတွင်း အငြိမ်း စားယူသည် အထိ တာဝန် ထမ်းဆောင်သွားသည်။ ဦးမြဘူးမှာ ပုသိမ်တွင် အမှု လိုက်နေသော ရှေ့နေတစ်ဦး ဖြစ်၏”ဟု ရေးထားပါသည်။

သမ္မတဟောင်း ဦးဘဦး၏ ရေးသားချက်များ အပေါ် စာရေးသူ အတွေး နယ်ချဲ့တော့သည်။ သူ့အဆိုအရ-

“သူ့အဘိုး၏ ဖခင် ဦးစံမင်း (ဟင်္သာတမြို့စား)သည် ဟင်္သာ တမင်းသမီး၏ သားတော်နှစ်ပါး အနက် တစ်ပါးဖြစ်သည်။ ဟင်္သာတ မင်းသမီးသည် ပန်းတောင်း မင်းသမီး၏ ညီမတော်”

ဟု ဆိုထားသည်။ ပန်းတောင်းမင်း သမီး ဆိုသူမှာ နန်းမတော် မယ်နု၏ ရန်ဘက်ဖြစ်သည်။ ဘကြီးတော် စစ်ကိုင်းမင်းနှင့် လက်ထပ် ထားသူဟု ဆိုသဖြင့် ပန်းတောင်း မင်းသမီးကိုပင် ပင်တိုင်ထား ၍ စဉ်းစား ရတော့သည်။

ပန်းတောင်း မင်းသမီး ဆိုသူမှာ ဗဒုံ မင်းတရားကြီး (ဘိုးတော်ဘုရား)နှင့် စမ္ပယ်နဂိုရ်မြို့စား၊ ဒုတိယ မြောက်နန်း မိဖုရားကြီး သီရိမဟာ ရတနာ ဒေ၀ီတို့၏ သားတော်၊ မဟာသီရိ သုဓမ္မရာဇာ ဘွဲ့ခံ မက္ခရာ မြို့စား မင်းသားကြီး (ငယ်မည် မောင်ဖြိုး)နှင့် ဗဒုံ မင်းတရားကြီး (ဘိုးတော်ဘုရား)နှင့် ဟန်လင်းကြီး၊ စကုနှစ် မြို့စား မိဖုရား သီရိတိ လောကဒေ၀ီတို့၏ သမီးတော် ကြံညှပ်မြို့စား မင်းသမီး သီရိမလ္လာဝတီ (ငယ်မည် မင်းရွှေရုပ်) တို့ကို စုံဖက်ပေးရာမှ ဖွားတော်မူသော သမီးတော်ကြီး ဖြစ်သည်။ ပန်းတောင်း မင်းသမီး၏ ခမည်းတော် မက္ခရာမြို့စား မင်းသားကြီး ဆိုသူမှာ ထိုခေတ် ထိုအခါက ထိပ်တန်း သုတေသီ ပညာရှင်များ သာ ပါဝင်ခွင့် ရသော အိန္ဒိယနိုင်ငံ ဘင်္ဂလား ပြည်နယ် အာရှတိုက် ဆိုင်ရာ ၀ိဇ္ဇာသိပ္ပံ သုတေသန အသင်းကြီး၏ ဂုဏ်ထူးဆောင် အသင်းသား ဖြစ်သူ အင်္ဂလိပ်-မြန်မာ အဘိဓာန် ကျမ်းပြု ပညာရှင်ဖြစ်၏။ ပန်းတောင်းမင်းသမီး ၏ မယ်တော် ကြံညှပ်မြို့စား မင်းသမီး ဆိုသူမှာလည်း ခေသူ မဟုတ်ချေ။ ကြံညှပ်မြို့ အပြင် ညောင်ရမ်း မြို့နှင့် မေဃ၀တီ မြို့များကို အဆင့်ဆင့် ပွားစား ရသူ ဖြစ်သည်။ ကျေးစေ ရတုများကို စပ်ဆိုသော စာဆိုတော် မင်းသမီး တစ်ပါး ဖြစ်၏။

သမ္မတဟောင်း ဦးဘဦးက သူ့ အဘိုး၏ ဖခင် ဦးစံမင်းသည် ဟင်္သာတ မင်းသမီး၏ သားတော်နှစ်ပါး အနက် တစ်ပါး ဖြစ်သည်။ ဟင်္သာတ မင်းသမီးသည် ပန်းတောင်း မင်းသမီး၏ ညီမတော် ဟု ဆိုထားပေရာ ဟင်္သာတ မင်းသမီးသည် မက္ခရာ မြို့စား မင်းသားကြီးနှင့် ကြံညှပ်မြို့စား မင်းသမီးတို့၏ သမီးတော် ဖြစ်ရပေမည်။ မက္ခရာ မြို့စား မင်းသားကြီး၏ မြောက်သားတော် ကြံညှပ် မင်းသမီးတွင် အစ်မတော် မကွေးမြို့စား မင်းသမီး၊ ညီမတော် ဓနုဖြူမြို့စား မင်းသမီး ဟူ၍ ရှိရာ ထိုမင်းသမီး နှစ်ပါး မုဆိုးမ ဘ၀ရောက်ကြ သောအခါ မက္ခရာမြို့စား မင်းသားကြီးနှင့် ပြန်လက်ဆက်၍ ညီအစ်မတော် သုံးပါးလုံးသည် မက္ခရာမင်းသား ကြီး၏ မြောက်သားတော် (မယား)များ ဖြစ်ကြသည်။ ထိုမင်းသမီး သုံးပါးအပြင် အခြား ကိုယ်လုပ်တော်များလည်း ရှိပါသေးသည်။

မက္ခရာ မင်းသားကြီး၏ မြောက် သားတော်များ အနက် မကွေးမြို့စား မင်းသမီးသည် ခရစ်နှစ် ၁၈၁၅ ခုနှစ်တွင် လည်းကောင်း၊ ဓနုဖြူမြို့စား မင်းသမီးသည် ၁၈၂၇ ခုနှစ်တွင် လည်းကောင်း၊ ကြံညှပ်မြို့စား မင်းသမီးသည် ၁၈၄၁ ခုနှစ်တွင်လည်းကောင်း အသီးသီး ကံတော် ကုန်ကြသည်။ (ကြံညှပ် မြို့စား မင်းသမီးသည် ပန်းတောင်း မင်းသမီး ကလေး ငယ်စဉ်ကပင် မက္ခရာ မြို့စား မင်းသားနှင့် ကွာရှင်းခဲ့သူ ဖြစ်   သည်။) မက္ခရာ မင်းသားကြီးသည် ပုဂံ မင်းတရားကြီး လက်ထက်တော် ၁၈၄၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကံတော် ကုန်သောအခါ အတွင်းအပြင် ပစ္စည်းများစွာ ကျန်ရစ်ခဲ့သည်။ ပုဂံ မင်းတရားကြီး၏ မိဖုရားခေါင်ကြီး (ငယ်မည် မင်းရွှေကျူ) မှာလည်း မက္ခရာ မင်းသားကြီး၏ သမီးတော် တစ်ပါးဖြစ်ရာ၊ သူ ကောင်းစား နေစဉ် ဖြစ်သဖြင့် ကျန်ရစ်သည့် အမွေပုံကို လက်ဝါးကြီး အုပ်ထားလိုက်သည်။ သို့ဖြစ်၍ ပုဂံ မင်းတရားကြီး နန်းကျပြီး မင်းတုန်းမင်း တရားကြီး နန်းတက်သည့် လက်ထက်ရောက်မှ မက္ခရာ မင်းသားကြီး၏ အမွေပုံကို ခွဲဝေ ကြရသည်။ ၁၈၅၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် နေ့စွဲဖြင့် ၀န်မင်းဦးပဲ စီကုံး ရေးသားသော အမွေခွဲ စာတမ်းအရ မက္ခရာ မြို့စား မင်းသားကြီးနှင့် မြောက်သားတော်များ၊ ကိုယ်လုပ်တော်များမှ ဖွားမြင်ခဲ့သော သားတော်၊ သမီးတော်များ အမည် စာရင်းကို သိရသည်။ အားလုံး ၁၂ ပါး ရှိ၏။

၁။       ပန်းတောင်းမြို့စားမင်းသမီး

၂။       အင်းခရုရွာစားမင်းသမီး (ထိုမင်း သမီး နှစ်ပါးမှာ ခမည်းတော်ထက် အရင်စော၍ ကံတော်ကုန်ကြသဖြင့် အမွေ မမီပါ)

၃။       ထီးလင်းမြို့စားမင်းသား

၎။       ပုဂံမင်း မိဖုရားခေါင်ကြီး

(မင်းရွှေကျူ)

၅။       တပယ်မြို့စား မင်းသမီး

၆။       ကြံညှပ်မြို့စားမင်းသမီး

၇။       ရွာလင်းတိုက်စား မင်းသမီး

၈။       မင်းလှမြို့စား မင်းသား

၉။       ထိပ်တင်ကလေး

၁၀။     မင်းသားမောင်ယုန်ဖြူ

၁၁။     မင်းသားမောင်ဖိုးသက်

၁၂။     မင်းသားမောင်ဘအို

အထက်ပါ စာရင်းတွင် သမ္မတဟောင်း ဦးဘဦး ပြောသည့် ဟင်္သာတ မြို့စား မင်းသမီး ဆိုသည့်အမည် မပါပါ။ ထိုခေတ် ထိုအခါက ဟင်္သာတမင်း သမီး ဆိုသူကား ရှိ၏။ ထိုမင်းသမီးမှာ ဗဒုံမင်းတရား (ဘိုးတော်ဘုရား)နှင့် အလယ်နန်း မိဖုရား သီရိမဟာနန္ဒာဘိ ရတနာဒေ၀ီ(မယ်လွန်းပု)တို့၏ သမီးတော် ဖြစ်သည်။ သီရိ ရတနာပဘာ ဒေ၀ီ(ငယ်နာမည် မမင်းတုတ်) ဖြစ် သည်။ ၁၁၈၈ ခုနှစ် အ၀တွင် ကံတော် ကုန်သည်။ သူနှင့် မွေးချင်းသုံးပါးရှိရာ ငယ်ကလွန် နှစ်ပါးနှင့် မောင်တော် ပုသိမ်မြို့စား မင်းသား ဖြစ်သည်။ ဤဟင်္သာတ မြို့စား မင်းသမီးနှင့် ပန်းတောင်း မြို့စား မင်းသမီးတို့သည် တူဝရီး တော်ပါသည်။ ဦးဘဦးက ဟင်္သာတ မြို့စား မင်းသမီးမှာ ပန်းတောင်း မင်းသမီး၏ ညီမတော် ဆိုသဖြင့် တွေးရခက် သွားပါသည်။ ဦးဘဦးက-

“မယ်နုသည် ပန်းတောင်း မင်းသမီးနှင့် ပတ်သက်သမျှကို ကြောက်သည့်အပြင် မင်းသမီးကိုလည်း မုန်းတီးသည်။ အခွင့်အရေး ရသည်နှင့် တစ်ပြိုင်နက် မယ်နုသည် ပန်းတောင်း မင်းသမီးကို သတ်လေသည်။ မကြာမီပင် ဟင်္သာတ မင်းသမီးကိုလည်း သတ်၏”ဟု ဆိုထားပြန်သည်။

ကုန်းဘောင် သမိုင်းတွင် ပန်းတောင်း မင်းသမီးသည် မယ်နုသတ်၍ မသေပါ။ သတ်ရန်ကြိုးစားသည်ဟု အထောက်အထားများ ရှိပါသည်။ စစ်ကိုင်းမင်းတရား (ဘကြီးတော်ဘုရား) နန်းသက် တစ်လျှောက်လုံး ပန်းတောင်း မင်းသမီးကလေးသည် မယ်တော် ကြံညှပ်မြို့စား မင်းသမီးနှင့် အတူ အနိမ့် ကျ စံတော် မူရရှာသည်။ သာယာဝတီ မင်းတရား အထွတ်အမြတ် ရောက်တော် မူသော အခါမှ သီရိမဟာ ရတနာဒေ၀ီ ဘွဲ့မည်နှင့် မိဖုရားလတ် အရာမြှောက်ခြင်း ခံရသည်။ ယင်းပန်းတောင်း မင်းသမီးသည် သာယာဝတီ မင်းတရား ဒဂုံသို့ ထွက်စံတော်မူသော မြန်မာနှစ် ၁၂၀၃ ခု၊ တပို့တွဲ လဆန်း ၅ ရက် စနေနေ့ ၁၅.၁.၁၈၄၂ တွင် ကံကုန် တော်မူပါသည်။ ထိုအချိန်က ခမည်းတော် မက္ခရာ မြို့စား မင်းသားကြီး သက်တော်ထင်ရှား ရှိသေးသည်ဟု ဆိုသည်။ ပန်းတောင်း မင်းသမီး၏ ညီမတော်ရင်းမှာ ပုဂံ မင်းတရား၏ မိဖုရားခေါင်ကြီး ဖြစ်လာသော မင်းရွှေကျူသာ ဖြစ်၏။

သမ္မတဟောင်း ဦးဘဦးက ဟင်္သာတ မင်းသမီး၏ မြောက်သားတော် (ခင်ပွန်း)မှာ တောင်ထားဝယ် ဗိုလ်မောင်မောင်ဖြူဟု ဆိုထားပေရာ ဘုရင့် သမီးတော် သို့မဟုတ် မြေးတော်တစ်ပါး အနေဖြင့် ထိုခေတ် ထိုအခါက မင်းမှုထမ်း တစ်ဦးနှင့် လက်ဆက်ဖို့ ခဲယဉ်းပါသည်။ သို့သော် မြတောင် မြို့စားမင်း သမီးသည် ညောင်ရမ်းမင်းသား(စကြာမင်း)ဖွားဖက်တော် ဗိုလ်ဆံရှည်နှင့် လက်ဆက်သည်ဟု ဆိုပေရာ ဟင်္သာတ မင်းသမီး၏ မြောက်သားတော်(ခင်ပွန်း)မှာ တောင်ထားဝယ်ဗိုလ်မောင် မောင်ဖြူ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။

ဦးဘဦးက သူ့အဘိုး၏ဖခင် ဦးစံမင်းကို ဟင်္သာတ မြို့စားဟု လည်းကောင်း၊ ဦးစံမင်း၏ညီ ဦးရွှေဝကို ပဇာဝမြို့စား (Myosa of Pazawa) ဟု ဆိုထားပေရာ ပဇာဝ ခေါ်သည့် မြို့လည်း မြန်မာပြည်တွင် မကြားဖူးပါ။ ပဉ္စာလ မြို့များ ဖြစ်လေမည်လားဟုသာ ထင်ရပါသည်။ နန်းမတော်မယ်နု၏ သမီး ဆင်ဖြူမရှင်ကြောင့် ပန်းတောင်း မင်းသမီးနှင့် ဟင်္သာတ မင်းသမီးတို့၏ အဆက်အနွယ်များ ဖြစ်သော ဦးရပိုနှင့် ဦးရိုးတို့ ကိုရင်ဝတ်ကာ အောက်မြန်မာ ပြည်သို့ ထွက်ပြေးရသည် ဆိုသည်မှာ သဘာဝ ကျပါသည်။ သို့ရာတွင် ဦးရပို၏ ယောက္ခမ ဦးယောက်ကို ဘကြီးတော် ဘုရား(စစ်ကိုင်းမင်း) လက်ထက်က အင်းဝတွင် ရေတွင်းဝန်(Ye.Twin.Wun) ဟု ဆိုထားပေသည်။ အင်္ဂလိပ်လို Admiral of the Fleet ဟု ဖော်ပြထား သဖြင့် လှေသင်းဝန် ဖြစ်ဖို့များ၏။

ထိုခေတ် ထိုအခါများက မြန်မာ ဘုရင်များ လက်ထက်တွင် ပြဿနာရှိ သူများသည် လွတ်ရာလွတ်ကြောင်း အင်္ဂလိပ်ပိုင် အောက်မြန်မာပြည်သို့ ထွက်ပြေး ကြရသည်မှာ ဓမ္မတာ ဖြစ်သည်။ ပုဂံမင်းကို နန်းချ၍ မင်းတုန်း၊ ကနောင်ညီနောင် နန်းလုသည့် အရေးတွင် မြတောင် မင်းသမီး၏ သမီးနှစ်ပါးကို နောင်စကြာဒေ၀ီ မိဖုရားကြီး ဖြစ်လာမည့် သူက ကယ်ထား လိုက်ရပြီး သားတော်နှစ်ပါး ဖြစ်သော မင်းမျိုး ထွန်းနှင့် မင်းမျိုးညွန့်တို့မှာလည်း အောက်ပြည်အောက်ရွာသို့ ပြေးလာကြရသည်။ ထိုအရေးတွင်ပင် ပုဂံမင်း၏ မိဖုရား ခေါင်ကြီးနှင့် ပတ်သက်သော မင်းမျိုးနွယ်များလည်း အောက်ပြည် အောက်ရွာသို့ ပြေးလာသဖြင့် ၄င်းတို့မှ ဆင်းသက် လာသူများတွင် အရေပြား အထူးကု ဆရာဝန်ကြီး ၀ဏ္ဏကျော်ထင် ဒေါက်တာသာလှတို့ ဆွေမျိုးစု ဖြစ်လာ၏။

ပတိမ်းမင်းသား အရေးတော်ပုံနှင့် ပတ်သက်ပြီး အိမ်ရှေ့တော်ဆက်များလည်း ရှောင်ရှားကြရသည်။ အိမ်ရှေ့စံ ကနောင်မင်း၏ ကိုယ်လုပ်တော် သခင်ကြီး ခင်ဖော့ (လင်းပင်မင်းသား မယ်တော်)၏ အစ်မနှစ်ယောက် ဖြစ်သော အိမ်ရှေ့အတွင်းဝန် ဦးသင်ကတော် ခင်သော့၊ အခွန်တော်ဝန် ဦးစစ်ခါးကတော် ခင်ကျော့တို့ မိသားစု များသည်လည်း အောက်ပြည်အောက်ရွာသို့ ပြေးကြရာမှ အင်္ဂလိပ် အစိုးရက အခွန်တော်ဝန် ဦးစစ် ခါးနှင့် ဇနီးခင်ကျော့တို့ကို ထားဝယ်သို့ ပို့လိုက်ခြင်းဖြင့် စာရေးသူ၏ ဖခင်ဘက်မှ မိခင်ဒေါ်မြှင်တို့ ဆင်းသက်လာရ သည်။ သီပေါမင်း နန်းတက်သည့် အရေးတွင်လည်း မင်းတုန်းမင်း တရားကြီး၏ စိန်တုံး မိဖုရားကြီးသည် အောက်ပြည် အောက်ရွာသို့ ပြေးလာရာမှ မော်လမြိုင်သို့ ရောက်သည်။ စိန်တုံး မိဖုရားကြီးနှင့် ပတ်သက်သော တစ်နွယ်ငင် တစ်စင်ပါ သူများအားလုံး လိုက်ပါလာကြသည်။ ဤသည့် သာဓကများကို ထောက်၍ သမ္မတဟောင်း ဦးဘဦး၏ ဖခင်ဘက်မှ ဟင်္သာတ မင်းသမီး အဆက်အနွယ် ဦးရပိုနှင့် ဦးရိုးတို့ ညီအစ်ကိုသည် လည်းကောင်း၊ ဦးယောက်သည် လည်းကောင်း အောက်ပြည်အောက်ရွာသို့ ပြေးလာရာမှ မြစ်ဝကျွန်းပေါ် ဖြစ်သော ပုသိမ်နှင့် ပန်းတနော်ဘက်သို့ ရောက် ကြရသည်မှာ ဖြစ်နိုင်ခြေ ရှိသည်။

ပန်းတောင်း မင်းသမီး၏ ညီမတော် ဟင်္သာတ မင်းသမီး ဆိုသည့် အချက်ကသာ ခြေရာခံ၍ မရဘဲ ဖြစ် နေသည်။ အမည်ပင် လွဲနေ၍လော၊ အခြား အနွယ်တော်များ ဖြစ်နေ၍လော ဟူ၍သာ ထင်ရပေသည်။ သမ္မတ ဟောင်း ဦးဘဦး၏ အဆိုအရ သူသိရ သည့် ဤအဆက်အနွယ်များ ကိစ္စသည် ဒေါ်ဂျမ်း တစ်ဦးတည်း၏ နှုတ်ထွက် စကားပေါ်သာ မူတည်နေသဖြင့် စာရွက် စာတမ်း အထောက်အထားများလည်း ပျောက်ဆုံး ကုန်သည် ဆိုသောကြောင့် ဦးဘဦး၏ ကုန်းဘောင်ဆက်မှ ဆင်းသက် လာသည်ဆိုသော အဆိုသည် ဂဃနဏ မဖော်ပြနိုင်စေကာမူ ယုတ္တိရှိ ပါသည်။ သံသယဖြစ်ရန် မရှိပါ။ တစ်ခုခု လွဲမှားနေခြင်းသာ ဖြစ်လိမ့်မည်ဟု မှတ်ချက် ပြုရပေမည်။        
မောင်သန်းဆွေ၊ထားဝယ်၊       
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၁)

The Myanmar Post News Journal vol3_no36


The Voice Weekly No.7/ Vol.40


ပြည်သူ့ဆန္ဒရှိပါက တိုင်းပြည်ကို ဦးဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


(Bankok Post မှ 18 Sept 2011 ရက်စွဲပါ "Aung San Suu Kyi sees positive change in Burma" သတင်းဆောင်းပါးကို YC မှဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် ဆယ်စုနှစ် အတန်ကြာ တပ်မတော်က အုပ်ချုပ်ခဲ့ပြီးနောက်တွင် နိုင်ငံရေး အပြောင်းအလဲလက္ခဏာများ နောက်ဆုံး ထွက်ပေါ် လာပြီ ဖြစ်သော်လည်း ကာလရှည်ကြာ ဒုက္ခခံစားခဲ့ရသော ပြည်သူများမှာ တကယ့်လွတ်လပ်ခွင့်အစစ်နှင့် အလှမ်းဝေးနေကြဆဲပင် ဖြစ်ကြောင်း ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

လက်ရှိမြန်မာအစိုးရသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လိုလားသည့် ပုံရှိပြီး အာရပ်ပုံစံ တော်လှန်အုံကြွမှုများသည် မြန်မာနိုင်ငံ၏ ပြဿနာများကို ပြေလည်စေမည့်နည်းလမ်းမဟုတ်ပါဟု
နိုဘယ်လ်ဆုရှင်က AFP နှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

"ပြောင်းလဲမှုတွေကတော့ ရှိနေပြီပေါ့။ ဒါပေမယ့် ကျွန်မတို့အားလုံး လွတ်လပ်ခွင့်ရပြီ၊ အပြည့်အဝ လွတ်လပ်ခွင့်ရှိပြီလို့တော့ ကျွန်မ မယူဆ ပါဘူး"။ ရှေ့ကိုဆက်သွားနိုင်ဖို့လိုသေးတယ်ဆိုပေမယ် အကောင်းဖက်ကို ရောက်လာတဲ့ အပြုသဘော တိုးတက်မှုတွေ ရှိနေပြီလို့တော့ ကျွန်မထင်ပါ တယ်" ဟု အတိုက်အခံ ခေါင်းဆောင်က ရန်ကုန်မြို့ ပါတီဋ္ဌာနချုပ်တွင် ပြောကြားသည်။

"ကျွန်မဟာ အကောင်းမြင်ဖို့ သတိကြီးကြီးထားတတ်သူဖြစ်တယ်လို့ အမြဲတမ်းပြောခဲ့သလို အခုချိန်ထိ ဒီအတိုင်း ခံယူထားဆဲပါပဲ"။ လက်ရှိ သမ္မတကြီးဟာ ကောင်းမွန်တဲ့ အပြုသဘောပြောင်းလဲမှုတွေကို လုပ်ဆောင်ပေးဖို့ ဆန္ဒရှိနေတယ် ဆိုတာကို ကျွန်မယုံကြည်ပါတယ်၊ ဒါပေမယ့် သူဖြစ်ချင်တာတွေကို ဘယ်လောက်အထိ အောင်အောင်မြင်မြင် လုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ ကျွန်မတို့ ဆန်းစစ်ဖို့လိုပါသေးတယ်" ဟု သူမက ဆက်လက် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံကို ရာစုနှစ်ထက်ဝက်မျှ ဖိနှိပ်အုပ်ချုပ်ခဲ့ပြီးသော တပ်မတော် အစိုးရသည် မနှစ်က ရွေးကောက်ပွဲဝင်ရန် ယူနီဖောင်းချွတ်ခဲ့ကြသည့် ဗိုလ်ချုပ်ကြီးများထဲမှ တစ်ဦးဖြစ်သော ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ်ထံ ပြီးခဲ့သော မတ်လက အာဏာလွှဲပြောင်းပေးခဲ့သည်။

တပ်မတော်က ထူထောင်ထားသော ပါတီမှ အမတ်များသာ အနိုင်ရသွားကြသည့် နိုဝင်ဘာရွေးကောက်ပွဲသည် ခြိမ်းခြောက်ခြင်း၊ မဲလိမ်ခြင်း စသော မသမာမှု တိုင်ကြားချက်များစွာအပြင် ခုနှစ်နှစ်ဆက်တိုက် ထိန်းသိမ်းထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို တမင်တကာ ဖယ်ရှားထားမှု တို့ကြောင့် ကမ္ဘာအလယ် နာမည်ပျက်ခဲ့ရကာ ယင်းရွေးကောက်ပွဲ ပြုလုပ်ပြီးမှသာ တပ်မတော်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သော သီတင်းပတ်များအတွင်း မြန်မာအစိုးရသစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ (၁၉၉၀ ရွေးကောက်ပွဲနိုင်ကာ အာဏာမရခဲ့သော) NLD ပါတီ အပါအဝင် အစိုးရအတိုက်အခံအုပ်စုများအပေါ် ပျော့ပြောင်းသည့် လက္ခဏာများ ပြသခဲ့သည်။

ယခုအချိန်ထိ အနည်းစုကသာ စိတ်ကူးမျှော်မှန်းခဲ့ကြသည့် မြင်ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် သမ္မတအိမ်တော်၌ သူမ၏ ဖခင် လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကားချပ် အောက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အပြန်အလှန်နှုတ်ဆက်ကာ သတင်း ဓါတ်ပုံများ ထုတ်ပြန်ခဲ့ရလေသည်။

အသေးစိတ်ဆွေးနွေးမှုများကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရနိုင်မည့် ကဏ္ဍများကို ရှာဖွေကြရန် စီစဉ်ခဲ့ကြသည်ဟု ဆိုသော ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ နိုင်ငံအတွက် မြင်ချင်ပါတယ် ဆိုတဲ့ ပတ်သက်လို့ သဘောထားကိုက်ညီတဲ့ အချက် တွေ အများကြီး ရှိနေပါတယ်" ဟု ပြောကြားသည်။

တပ်မတော်ဖိနှိပ်အုပ်ချုပ်မှုကို ငြိမ်းချမ်းစွာ တွန်းလှန်ခြင်းအတွက် နိုင်ငံတကာ ထောက်ခံမှု ရရှိနေသူ၊ အကြမ်းမဖက်ရေး ဝါဒကြောင့် အိန္ဒိယ၏ လွတ်လပ်ရေး ခေါင်းဆောင် မဟတ္တမ ဂန္ဒီနှင့် နှိုင်းယှဉ်ခံရသူ မြန်မာအတိုက်အခံ ခေါင်းဆောင်က "လစ်ဗျားတွင် မြင်တွေ့နေရသော ရေပန်းစား တော်လှန် အုံကြွမှုပုံစံမျိုးကို မြန်မာနိုင်ငံတွင် မဖြစ်စေလိုပါ" ဟု ပြောကြားသည်။

"ခံယူချက်တွေပြောင်းသွားတဲ့တိုင်အောင် အာဏာပိုင်တွေက သူတို့ကိုင်တွယ်ရမယ့် ပြဿနာတွေအပေါ် အယူအဆတွေ ပြောင်းသွားတဲ့ တိုင်အောင် တကယ့်အပြောင်းအလဲက ချက်ချင်းဖြစ်လာမှာ မဟုတ်ပါဘူး" ဟု သူမက မှတ်ချက် ပေးသည်။

"လစ်ဗျားရဲ့ ဒုက္ခသုက္ခတွေဟာ အချိန်အတော်ကြာအောင် အမြစ်တွယ်နေဦးမယ်ဆိုတာ လူတိုင်းသိကြမှာပါ။ အာဏာရှင်အစိုးရဟောင်းထဲက လူသားအားလုံးကို ရှင်းထုတ်ပြီး အစိုးရသစ်ဖွဲ့စည်းနိုင်မယ်ဆိုရင်တောင် ပြဿနာတွေ အများကြီးရှိနေပါသေးတယ်။ မပြေနိုင်သေးတဲ့ ခါးသီးမှုတွေ၊ အချိန်ကြာတဲ့တိုင်အောင် မကျက်နိုင်တဲ့ ဒဏ်ရာတွေ ရှိနေဦးမှာပါ" ဟု သူမက ဆိုသည်။ အသက် ၆၆နှစ် အရွယ်ရှိ စကားပြောညင်သာ၍ သြဇာတိက္ကမ ကြီးမားသော အတိုက်အခံခေါင်းဆောင်ကို တပ်မတော်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးများက အချိန်ကြာအောင် ထိန်းသိမ်းကာ ပြင်ပနှင့် အဆက်ဖြတ်ခဲ့ သော်လည်း သူမ၏ ထက်မြက်သော အသိဥာဏ်နှင့် အရှုံးမပေးသော စိတ်ဓါတ်ကို လျော့ပါးသွားအောင် မပြုလုပ်နိုင်ခဲ့ကြပါ။

သူမက ဆက်လက်၍ "တကယ့်တော်လှန်ရေးဆိုတာ အပြည့်အဝပြီးစီးဖို့ အချိန်အကြာကြီးလိုပါတယ်။ ကျွန်မတို့ လိုချင်တဲ့ အပြောင်း အလဲ တွေ ပေါ်ပေါက်လာဖို့အချိန်ယူရမှာပါ။ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေ၊ စေ့စပ်ညှိနှိုင်းမှုတွေက တဆင့် အပြောင်းအလဲဖြစ်လာအောင် လုပ်တဲ့ ပုံစံကို ကျွန်မ ပိုပြီး သဘောကျပါတယ်" ဟု ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့သဘောထားကို တင်းမာစွာ တုန့်ပြန်သည့်ပုံစံအားလျှော့ပေါ့မည့် လက္ခဏာ လုံးဝမပြသခဲ့သည့် ယခင်တပ်မတော် အာဏာရှင် အုပ်ချုပ်သူများက ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီလိုလားသော တော်လှန်အုံကြွမှုများကို ရက်စက်စွာ နှိမ်နင်း ပစ်ခဲ့ကြ သည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ဖမ်းဆီးထားသော မြန်မာကဲ့သို့ အာဏာရှင်နိုင်ငံမျိုးတွင် ဆန္ဒပြပွဲများ ရှားရှားပါးပါး ပေါ်ပေါက်နိုင်ပေသေး သည်။ နောက်ဆုံးဆယ်စုနှစ် နှစ်နှစ်စုအတွင်းပထမဆုံး ကျင်းပသည့် မနှစ်ကရွေးကောက်ပွဲသည် နိုင်ငံရေးအကျဉ်းသား NLD ပါတီဝင်များ မယှဉ်ပြိုင်နိုင် အောင် ဥပဒေထုတ်ပြန်ဖယ်ရှားထားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့သည်။ ရလဒ်အဖြစ် တပ်မတော် အစိုးရက NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း ပစ်လိုက်ပြီးနောက်ပြီး လွန်ခဲ့သော ဇွန်လကမူ တရားမဝင် လှုပ်ရှားမှုများ ရပ်ဆိုင်းရန် သတိပေးခဲ့သည်။

မည်သို့ပင် အဓမ္မ ပိတ်ပင်ခံရမည့် စိုးရိမ်မှုများ ရှိနေသော်လည်း ရန်ကုန် NLD ဋ္ဌာနချုပ်သို့ လာသော ဧည့်သည်များကို ဓါတ်ပုံရိုက်ယူနေသော အရပ်ဝတ် လျှို့ဝှက်ပုလိပ်များ၏ အနီးကပ် စောင့်ကြည့်မှုအောက်တွင် NLD က ဆက်လက်စည်းဝေးမြဲ၊ ကြေညာချက်များ ဆက်လက် ထုတ်ပြန်မြဲပင် ဖြစ် သည်။

ယခုအခါအတိုက်အခံများနှင့် တွေ့ထိဆက်ဆံရန် အာဏာပိုင်များက ကြိုးပမ်းလာသည့်အလျှောက် အကျဉ်းကျ နိုင်ငံရေးပါတီဝင်များအား ယခင်က တားမြစ်ထားသည့် ဥပဒေကိုပြန်လည် ပြင်ဆင်ဖွယ်ရှိသည်ဟု သမ္မတ၏ ထိပ်တန်းအကြံပေးတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။ “ဒီဥပဒေက အရင်တပ်မတော်အစိုးရက ထုတ်ပြန်ထားခဲ့တာပါ။ ဒီဥပဒေကို အခုလွှတ်တော်က ပြန်ပြင်ဖို့ စဉ်းစား သုံးသပ်နေပါတယ်” ဟု ဦးကိုကိုလှိုင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ၂ဝ၁၅ တွင် ပြုလုပ်မည့် နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် သူမ၏ ပါတီ ပြန်လည် မှတ်ပုံတင်၊ ယှဉ်ပြိုင်ရေး ကိစ္စကိုပြောရန် အချိန်စောလွန်းသေးသည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း သူမ၏ ကိုယ်ပိုင် နိုင်ငံရေးရည်မှန်းချက်များကို အမြဲတစေ ထုတ်ဖော် ပြောလေ့မရှိသော ဒီမိုကရေစီခေါင်းဆောင်က အကယ်၍ ပြည်သူများကသာ ဆန္ဒရှိပါက သူမအနေဖြင့် တိုင်းပြည်ကို ဦးဆောင်ရန် အဆင်သင့် ရှိကြောင်း သဲကွဲသည့် စကားစကို ပြသလိုက်သည်။

“ကျွန်မရဲ့ နိုင်ငံရေးကဏ္ဍနဲ့ ပတ်သက်လို့ သမ္မတဖြစ်လာဖို့ မစဉ်းစားထားပေမဲ့ ဒီကိစ္စမျိုးဟာ နိုင်ငံရေးသမား တစ်ဦးချင်း (သို့) သူတို့ရဲ့ ပါတီတွေကတောင် မဆုံးဖြတ်သင့်ဘဲ ပြည်သူတွေကသာ ဆုံးဖြတ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ကျွန်မ ယုံကြည်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ပြည်သူများဆန္ဒရှိပါက သမ္မတလုပ်ရန် အဆင်သင့်ရှိသည်ဟု ဆိုလိုပါသလားဟု မေးမြန်းသောအခါ သူမက “ရှင့်အနေနဲ့ ဒီလိုမျိုး လိုအပ်တဲ့ အချိန်မှာ ဒီတာဝန်ကို ယူဖို့ ပြင်ဆင်မထားဘူးဆိုရင် နိုင်ငံရေးလောကထဲကို အစကတည်းက ဝင်မလာသင့်ဘူးလေ” ဟု ပြန်၍ ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခင်လက ရန်ကုန်မြို့ပြင်သို့ နိုင်ငံရေး စည်းရုံးမှုခရီးလှည့်ရန် အာဏာပိုင်များက ခွင့်ပြုခဲ့ရာ ယင်းခရီးစဉ်အတွင်း ထောက်ခံသူ ပရိသတ်များစွာကို ဆွဲဆောင်ခဲ့ခြင်းသည် ယခင်က ရေပန်းစားမှုကို သတိရစရာပင် ဖြစ် သည်။

နောက်ထပ် ပွင့်လင်းမှုလက္ခဏာအဖြစ် နိုင်ငံခြားမှ အရေးပါသော ကိုယ်စားလှယ်အဖွဲ့များကို အာဏာပိုင်များ၊ အတိုက်အခံများနှင့် ဆွေးနွေး ရန် အစိုးရက ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် AFP သတင်းထောက်အပါအဝင် နိုင်ငံခြားသတင်းထောက် အုပ်စုငယ်ကိုလည်း လွှတ်တော် ကျင်းပပုံကို တက်ရောက်သတင်းယူရန် ယခင် အပတ် များက ခွင့်ပြုခဲ့သည်။

ယခုကဲ့သို့ ထင်ရှားမြင်သာသည့် ပြောင်းလဲမှု လက္ခဏာများ ရှိလာသော်လည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကိစ္စကဲ့သို့ အဓိက ပြောင်းလဲမှုများ မရှိသေးသဖြင့် အစိုးရ၏ ရည်ရွယ်ချက်များအပေါ် အများက သံသယ ရှိနေကြဆဲပင် ဖြစ်သည်။

ယခင်လက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က “မြန်မာအစိုးရသစ်လက်ထက် တိုးတက်မှုလက္ခဏာများ ရှိလာသော်လည်း စိုးရိမ်ပူပန်စရာများ ကျန်ရှိနေဆဲ ဖြစ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန်” တောင်းဆိုခဲ့သည်။

၁၉၉ဝ ခုနှစ်များက အသားအရောင်ခွဲခြားမှု ခေတ်လွန် တောင်အာဖရိကမှ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက် မည့် ကုလစုံစမ်းရေးကော်မရှင်သည် ယိုယွင်းပျက်စီးနေသော သူမ၏ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးထားသည်။

“အနာဂတ်မှာ ညီညွတ်ဖို့၊ ခွင့်လွတ်ဖို့ ကိစ္စတွေအတွက် အချက်အလက်မှန်တွေ ရဖို့ လိုအပ်ပါတယ်၊ ဒါဟာ စစ်ဆေး အရေးယူတာ မဟုတ်ပါ ဘူး။ လက်စားချေစရာအကြောင်းလည်း မရှိပါဘူးလို့ ကျွန်မယူဆပါတယ်” ဟု သူမက သုံးသပ် ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ်လိုငွေ ကျပ်ဘီလီ ၂,၃၀၀ ကျော်

ချင်းမိုင် (မဇ္ဈိမ)။        ။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံပေါင်း ၂,၃ဝဝ ကျော်ရှိသည်ဟု အထက်လွှတ်တော်၏
ငွေစာရင်းကော်မတီမှ တနင်္လာနေ့တွင် ရှင်းလင်းပြောကြားသွားသည်ဟု အမတ်များအပြောအရ သိရသည်။

၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွင်း ရသုံးမှန်းခြေ ငွေစာရင်းကို အထက်လွှတ်တော် ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးစံပြည့်မှ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ရာ ဗဟိုအစိုးရ၏ လိုငွေပြမှုနှင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ ဘဏ္ဍာရေး လိုငွေပြမှု စုစုပေါင်း ဖြစ်သည်။

၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုအစိုးရ၏ ဘဏ္ဍာရေးလိုငွေမှာ ၂၂၀၁.၄၅၀ ဘီလီယံကျပ်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဘဏ္ဍာရေးလိုငွေမှာ ၁၇၀.၄၉၅ ဘီလီယံကျပ်ဖြစ်သည် ဟု အောက်လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအတွင်းရေးမှူး ဦးမောင်တိုးကလည်း မဇ္ဈိမကိုပြောသည်။

meetlotdaw2
သူပြောတာတွေက လက်တွေ့ အမှန်တရားတွေ ဆိုတော့ ကျနော်တို့ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံးက အလိမ်ခံနေရာတွေပေါ့ဗျာ၊ ဒါကတော့ ပေါ်လွင်သွားပြီ (ဓါတ်ပုံ မဇ္ဈိမ)

ထို့အပြင် ဘဏ္ဍာရေး လိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေသည်ဟု အထက်လွှတ်တော် ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးစံပြည့်၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်ဟု အမတ်များကပြောသည်။

အစီရင်ခံစာနှင့် ပတ်သက်၍ အင်္ဂါနေ့ အထက်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးကြမည် ဖြစ်သည်။

ယင်းအပြင် နိုင်ငံပိုင် စက်မှုလုပ်ငန်းများတွင်လည်း အရှုံးပေါ်နေကာ အစိုးရပိုင် ဇေယျဝတီ သကြားစက်နှင့် ဘီးလင်း သကြားစက်တို့မှ နှစ်စဉ် ကျပ်သန်းပေါင်း ၅၀၀ ကျော် အရှုံးပေါ်နေကြောင်း အမှတ် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်းမှ တနင်္လာနေ့ အထက်လွှတ်တော်တွင် ပြောသွားသည်ဟု သိရသည်။ သို့သော် ဝန်ကြီးက မည်သည့်နှစ်မှ
စ၍ အရှုံးပေါ်နေသည်ကို ထည့်သွင်း ပြောသွားခြင်း မရှိပါ။

မြန်မာပြည်၏ ဘဏ္ဍာရေးနှစ်သည် နှစ်စဉ် ဧပြီ ၁ ရက်နေ့တွင် စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်သည်။

အမျိုးသား ဒီမိုကရေစီပါတီသစ်မှ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “ အရင်တုန်းကတော့ ဘတ်ဂျက်လိုငွေ ကိစ္စက ဘာမှတင်ပြတာ မရှိတော့ အသံမထွက်ဘူး။ အခု နောက်ပိုင်း ကော်မတီက နိုင်ငံမှာ ဘတ်ဂျက် လိုငွေတွေ
ပြနေတာ။ အခုက သူပြောတာတွေက လက်တွေ့ အမှန်တရားတွေ ဆိုတော့ ကျနော်တို့ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံးက အလိမ်ခံနေရာတွေပေါ့ဗျာ၊ ဒါကတော့ ပေါ်လွင်သွားပြီ။ သူတို့က အရှုံးတွေ ဘတ်ဂျက်တွေ အကုန်လုံး တန်းစီထိုးပြနေပြီ။" ဟု မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရသည် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရဝန်ထမ်းများ၏ ထိရောက်မှု မရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများကြောင့် ဘဏ္ဍာရေး လိုငွေပြနေကြောင်း ၂ဝဝ၉ ခုနှစ် မေလအတွင်းက ဝီကီလိခ်မှ ပေါက်ကြားခဲ့သည့် ရန်ကုန်မြို့ အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့
ပေးပို့သည့် ကြေးနန်းစာတွင် ပါရှိဖူးသည်။

မြစ်ဆုံဆည်စီမံကိန်း လွှတ်တော်နှင့် အစိုးရပေါ် မူတည်ဟု ဝန်ကြီးပြော

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြစ်ဆုံရေကာတာ စီမံကိန်း ကိစ္စအား လွှတ်တော် အသီးသီး ပေါ်ပေါက်နေပြီ ဖြစ်သည့် အတွက် လွှတ်တော်နှင့် အစိုးရ အဖွဲ့၏ မူဝါဒ အဆုံးအဖြတ် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မင်းက ပြောဆိုလိုက်သည်။

“ယခုအခါ ပြည်သူက ရွေးချယ်ထားသော လွှတ်တော်အသီးသီး ပေါ်ပေါက်လာပြီဖြစ်သဖြင့် လွှတ်တော်၏ သဘော ထား အဆုံးအဖြတ်၊ အစိုးရအဖွဲ့၏ မူဝါဒ အဆုံးအဖြတ်အတိုင်း ဥပဒေနှင့် အညီ ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားမည်” ဟု စက်တင်ဘာလ ၁၇ ရက်နေ့က “ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ” ခေါင်းစဉ်ဖြင့်
ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ပြောဆိုသွားသည်ဟု စက်တင်ဘာ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြစ်ဆုံဆည်စီမံကိန်းမှာ နိုင်ငံတော် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးနှင့် စက်မှုဖွံ့ဖြိုးရေး အတွက် လုပ်သင့်သည့် စီမံကိန်းဖြစ်ကြောင်းနှင့် လေ့လာမှုများ ပြုလုပ်နေချိန်တွင် ချီဗွေစီမံကိန်းအား ဦးစွာ လုပ်ဆောင်လျှင် ရ၊ မရကို အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။

meetlotdaw0101
လွှတ်တော်ထဲမှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်မယ်ဆိုတာ ဒါလည်း ကျနော်တို့ကတော့ လက်မခံနိုင်ဘူး (ဓါတ်ပုံ မဇ္ဈိမ)

စီမံကိန်းလုပ်ဆောင်ချိန်၊ စီမံကိန်းလည်ပတ်ချိန်အထိ ဆက်လက် လေ့လာမည်ဖြစ်ပြီး မြစ်ဝကျွန်း အပေါ်အထိ
လေ့လာသွားရန် စီစဉ်ထားကြောင်း၊ ယခုအချိန် သပိတ်ကျင်းမြို့ အထိ လေ့လာနေဆဲဖြစ်ကြောင်း အလုပ်ရုံ
ဆွေးနွေးပွဲတွင် ဦးဇော်မင်းက ပြောသည်။။

သို့သော်  မြစ်ဆုံဆည်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ပြန်လည် သုံးသပ်ရန်နှင့် သုံးသပ်ချိန်တွင်
ဆည်များ ရပ်တန့်ထားရန် တောင်းဆိုမှုများ ရှိနေပြီး  ပြည်သူ့ဆန္ဒခံယူပွဲဖြင့်သာ ရယူသင့်ကြောင်း ကန့်ကွက်သူများ
က ပြောသည်။

“လွှတ်တော်ဆုံးဖြတ်ချက်နဲ့ မလုံလောက်ပါဘူး။ ဒီထက်ကို ပိုကျယ်ပြန့်အောင် လုပ်မယ်ဆိုရင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပလို့ ရပါတယ်။” ဟု ဧရာဝတီလက်မှတ်ထိုးကမ်ပိန်းဦးဆောင်နေသည့် ကိုမျိုးရန်နောင်သိမ်းက မဇ္ဈိမကို
ပြောသည်။



ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် ၈ ခုအနက် အကြီးဆုံးဖြစ်သည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” မှာ
ရေအားလျှပ်စစ် မီဂါဝပ် ၆ဝဝဝ ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။  ဆည်စီမံကိန်းအတွက် မေခမြစ် အပိုင်းတွင်တာ
ငါး ခု၊ မလိခမြစ်မှာနှစ်ခု ပိတ်ရမည်ဖြစ်ကာ ဆည်နယ်မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈,ဝဝဝ ရှိသည်။

ဆည်စီမံကိန်းကြောင့် အထက်ပိုင်းရေဝပ်ဒေသများတွင် ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် သက်ရောက်မှုများကို စီမံကိန်း ကုမ္ဗဏီများက လုပ်ဆောင်ပေးသည့် နည်းတူ မြစ်ကြောင်း တလျှောက်တွင်လည်း စီမံကိန်းကြောင့်
ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို ကုမ္ပဏီကပင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် သဘောတူ စာချုပ်တွင် လည်း ယင်းအချက်ကို ထည့်သွင်းချုပ်ဆိုထားကြောင်း ဦးဇော်မင်းက ပြောသည်။

ထိခိုက်မှု အနည်းဆုံးဖြစ်ရန်နှင့် အန္တရာယ်ရှိမှုနှင့် ပတ်သက်၍ လုံးဝအန္တရာယ်မရှိပါဟု အာမခံနိုင်သော အဆင့်ဖြစ်သွား
အောင် ဆောင်ရွက်မည်ပြီး မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ခွင့်ပြုထားသည့် ရွှေတူးဖော်ရေး လုပ်ငန်းများကို
လည်း သက်တမ်း ကုန်ဆုံးလျှင် ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် တနိုင်ငံလုံး၌ လျှပ်စစ်ထုတ်လုပ်နိုင်အား မဂ္ဂါဝပ် ၃၃၆ဝ ရှိနေပြီး ဓာတ်အားသွယ်လိုင်း ခံနိုင်ရည်နှင့် လိုအပ်ချက်အရ မဂ္ဂါဝပ် ၁၅ဝဝ ကျော်သာ ထုတ်လုပ်နိုင်သည်။  ယခုလက်ရှိ အစိုးရသက်တမ်း ငါးနှစ်အတွင်း
ရွှေကျင်၊ ကွန်း၊ ဖြူး၊ သောက်ရေခပ် (၂)၊ နန်ချို၊ အထက်ပေါင်း လောင်း၊ ဘီလူးချောင်း (၃)၊ အထက်ဘီလူးချောင်း၊ ချီဗွေငယ်စီမံကိန်း ကိုးခုပြီးစီးနိုင်ပြီး မဂ္ဂါဝပ် ၆၅၅ အထိ တိုးမြှင့်ရရှိမည်ဖြစ်ကြောင်းလည်း ဝန်ကြီး၏ စကားကို ကိုးကား၍ သတင်းစာတွင် ဖော်ပြထားသည်။

ထိခိုက်မှုများနိုင်၍ အများတားမြစ်နေသည့်ကြားမှပင် လုပ်ကိုင်မှုနေသည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်နေပြီး လွှတ်တော်တွင်း ယင်းကိစ္စကို ဆုံးဖြတ်ပါကလည်း ကြံ့ခိုင်ရေးပါတီမှ အများစုဖြစ်နေသည့်အတွက် လက်ခံနိုင် ဖွယ်မရှိကြောင်း လွှတ်တော်ပြင်ပ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်က ပြောသည်။

“လွှတ်တော်ထဲမှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်မယ်ဆိုတာ ဒါလည်း ကျနော်တို့ကတော့ လက်မခံနိုင်ဘူး။ ဘာလို့
ဆိုတော့ လွှတ်တော်ထဲက ဘယ်သူတွေ ရှိသလဲဆိုတော့ သူတို့တွေပဲ ရှိတာ။ ကြံ့ဖွံ့တွေပဲ ရှိတာ။ လွှတ်တော်ထဲ တင်လိုက်ရင် လွှတ်တော်ထဲကနေပြီးတော့ ဒီအတိုင်းဆုံးဖြတ်မှာပဲ။ ဆုံးဖြတ်လိုက်လို့ ဆုံးဖြတ်ချက်ကျသွားပြီး ဒီဟာကြီးကို ဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် မြစ်ဆုံဆည်လုပ်ငန်းဟာ တရားဝင် လုပ်ကိုင်နိုင်အောင် လိုင်စင်
ပေးတာနဲ့ အတူတူပဲ”

မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်


သိပ်မကြာခင်က ဂျာနယ် တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့ အတွက် ရက်ပေါင်းများစွာ စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။ စိတ်လက်မ ကြည်မသာလည်း ဖြစ်ရတယ်။
ပွဲသဘင်ပေါတဲ့မြို့
မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့ နှစ်ဖွဲ့သာ ရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင်လောက်အောင်ကို အံ့သြမိတယ်။ ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးကလူတွေကို ကိုယ်တိုင်မေးကြည့်တော့မှ ဟုတ်တယ်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှ မတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ်မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ ညဘက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာပြီးသွားရတယ်။ မန္တလေး က ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို နှစ်ဆူရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ ဘာပွဲဖြစ်ဖြစ် အငြိမ့် တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ ၂ရက် ကျင်းပမြဲဖြစ်တယ်။ တချို့ချမ်းသာ တဲ့ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက်ထိ ထည့်လေ့ရှိတယ်။
သဘင့်တက္ကသိုလ်
ပွဲတွေများတော့ အငြိမ့်တွေ ဇာတ်တွေလည်း များတယ်။ အငြိမ့် အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်း၊ သံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာ လာပြီး စာမသင်ဖူးသေးရင် စာတတ်ပြီလို့ မယူဆကြဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည် လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေး ကို သဘင့်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြား ထူးခြားချက်တွေလည်း ရှိသေးတယ်။ ဥပမာ ဘုရားဆင်းတုတော် တွေထုလုပ်တဲ့ ကျောက်ဆစ် လုပ်ငန်း၊ ကြေးသွန်း လုပ်ငန်းနဲ့ နိဗ္ဗာန်ကုန် လို့ခေါ်တဲ့  ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချလုပ်ငန်း စတဲ့ လုပ်ငန်းတွေ အကြီးအကျယ် လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။ မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုခ်နဲ့ အနောက်မုခ် ကျောက်ဆစ်တန်းတို့မှာပဲ လုပ်ကြတယ်။
အနုပညာမြို့တော်
ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်း ဆိုရင်လည်း မြန်မာပြည် ဘယ်အရပ်ဘယ်ဒေသ မှာမှမရှိဘူး။ မန္တလေးက မျက်ပါးရပ် တစ်ခုတည်း မှာပဲလုပ်တယ်။ မြန်မာပြည်အနှံ့က ဘုရားပုထိုးစေတီများ ရွှေချဖို့ မန္တလေးကပဲ မှာယူကြရတယ်။ ရှင် ပြု၊ နားသတွေမှာ ဝတ်ဆင်ကြတဲ့ မောင်ရင်လောင်းဝတ်စုံ၊ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းသူ ဝတ်ဆင်ရတဲ့ ဒွါဒယာ ဘယက်နဲ့ စည်းပုံစတဲ့ ရွှေချည်ထိုး ပစ္စည်းများလည်း မန္တလေးက ရွှေချည်ထိုးရပ် တစ်ခုတည်းမှာပဲ လုပ်တယ်။ ဒါတွေကြောင့် ရှေးခေတ် အဆက်ဆက်ကပဲ မန္တလေးကို ယဉ်ကျေးမှု အနုပညာမြို့တော်လို့ ခေါ်ဆိုခဲ့ကြတယ်။
အလုပ်ကို စွန့်တယ် မန္တလေးကို မစွန့်ဘူး
မင်းနေပြည်တော် အဖြစ်ကနေ ဒုတိယ မြို့တော်အဆင့်ကို လျှောကျသွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။ မြန်မာ့ ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ်ရှိ နေရတာ ကိုပိုပြီး ဂုဏ်ယူကြတယ်။ ပိုပြီးမြတ်နိုးကြတယ်။ အစိုးရဝန်ထမ်းတွေ  ရာထူးတက်ပြီး ရန်ကုန် ကို ပြောင်းရတယ်ဆိုရင် ရာထူးကို မယူဘဲ မန္တလေးမှာပဲ တွယ်ကပ်ပြီး နေကြတယ်။ ငြင်းမရဘူးဆိုမှ မန္တလေးက ခွာတယ်။ တချို့နောက်ခံ တောင့်တင်း သူများဆိုရင် အလုပ် ကိုစွန့်လိုက်တယ်။ မန္တလေးကိုမစွန့်ဘူး။ မန္တလေးသားတွေ မန္တလေး ချစ်တာကို ရန်ကုန်က လူတွေက နားမလည်နိုင်ကြဘူး။ အမြင်ကျဉ်းတယ်။ ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။
အမြင်ကျဉ်းတာမဟုတ်ဘူး
အမှန်တော့ ဒေသစွဲကြီးတာ မဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကိုချစ်တာ၊ တွယ်တာ မြတ်နိုးတာဖြစ်တယ်။ အမြင်ကျဉ်းပြီး ငါမြို့မှငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဆိုတဲ့ သဘောမရှိဘူး။ မင်းတုန်းမင်း တရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်း တရားလက်ထက်မှာ ဖမ်းဆီး ခေါ်ဆောင်လာခြင်းခံခဲ့ရတဲ့ ယိုးဒယား လူမျိုး လက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကို ရပ်ကွက်တည်ပေးပြီး စုဝေးနေထိုင်စေခဲ့တဲ့ အတွက် မြန်မာတွေနဲ့ ထွေးရော ယှက်တင် နေခဲ့ကြတယ်။ ပသီမျိုး နွယ် အစ္စလာမ်ဘာသာဝင်များ အတွက်လည်းရပ်ကွက်တွေ တည် ပေးပြီး ဗလီကျောင်းကြီးတွေ တခမ်းတနားဆောက်လုပ်နေထိုင် စေခဲ့တယ်။ အမေရိကန်သာသနာ ပြုဆရာ ဒေါက်တာမတ်ကြီးကို လည်း  သာသနာပြုခွင့်ပေးရုံမက စာသင်ကျောင်းပါဆောက်ပေးပြီး စာသင်စေခဲ့တယ်။ အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံပညာသင် ကြားစေခဲ့တယ်။
ဆွေလိုမျိုးလိုနေကြ
မန္တလေးမှာ ရတနာပုံ နေပြည်တော်သတင်းစာ ထုတ်ဝေတော့လည်း တရုတ်လူမျိုး ဦးအဟီးကို အယ်ဒီတာခန့်ပြီး ဘိုးဝဇီရနဲ့ အတူ လုပ်ကိုင်စေခဲ့တယ်။ မြန်မာလူမျိုးများ ဟာ ရှေးဟောင်းအစဉ်အဆက် ကတည်းက ဘာသာခြားတွေ၊ လူ မျိုးခြားတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေခဲ့ကြတာဖြစ်တယ်။ ဇာတ်ခွဲတာတွေ ခွဲခြားဆက်ဆံတာ တွေ မရှိဘူး။ အားလုံးကို ဆွေမျိုးလိုပေါင်းသင်းတယ်။ သဘာဝကိုက ခင်မင်တတ်တော့ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြား လူမျိုးခြားတွေကလည်း တုံ့ပြန်ပြီး ခင်ခင်မင်မင်နဲ့ ဆွေမျိုးလို ဆက်ဆံကြတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန် ရောက်တော့ ဘာသာခြား လူမျိုး ခြားရယ်လို့တောင် မထင်မှတ်ကြတော့ဘူး။ အားလုံး ရောရောနှော နှောနဲ့ သူ့အိမ်ကိုယ်ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့အိမ်ရဲ့ဘယ်ဘက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်း နန်ဒူးတို့ အိမ်ရှိတယ်။ သူက ဟိန္ဒူလူမျိုး ဖြစ်တယ်။ ညာဘက်ကတော့ တရုတ်လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေ တစ်ခု သမီးတစ်ခု နေကြတာမို့ ကျွန်တော် တို့ကိုပဲ ဆွေမျိုးလို မှတ်ယူထားကြတယ်။
ဗမာတွေဖြစ်ကုန်ကြ
အိမ်နောက်ဘက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျောင်းမှာ အတူနေကြတာဆိုတော့ အမြဲတမ်း လည်ပင်းဖက် နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာ ရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး၊ အားလုံး ဗမာစကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာ ကြသူတွေက ဗမာစကား တစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘူး။ အုတ်တံတိုင်း အမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာ သူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်က ဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်း မျက်နှာထားတင်းတင်းနဲ့ မတူသလိုမတန်သလို ကြည့်ပြီး မျက်နှာလွှဲသွားကြတယ်။ သူတို့က လာမရော သလို သူတို့ကို လာရောတာလည်း မကြိုက်ဘူး။
သူတို့လူများစု
ဘယ်သူနဲ့မှမရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့။ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက်တိုင်းမှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။ တချို့ရပ်ကွက်တွေဆို သူတို့တောင် လူများစု ဖြစ်နေသေးတယ်။ မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကို သူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံမြို့ခံတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိ တောင်ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင်ကြတော့ဘူးလေ။
ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်
ပိုက်ဆံတွေ ဘယ်လိုရလို့ ဘယ်လောက်ထိများပေါနေသလဲ မသိတော့ဘူး။ ဒီလူတွေက အခုဆို မန္တလေးကနေပြီး ထားဝယ်တို့ ကျောက်ဖြူတို့အထိပါ သွားပြီး ဝယ်နေကြတယ်တဲ့။ ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က  စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။  မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။ ဘုရားပွဲတွေ မကျင်းပနိုင်တော့ဘူး ဆိုတော့ အငြိမ့်တွေ ဇာတ်တွေလည်း ဘယ်ကရတော့မှာလဲ။ အစကတော့ ဇွဲမလျှော့ဘဲ တင်းခံသေးတယ်။ ကြာတော့ ဘာသားနဲ့ထုထားလို့ ခံနိုင် တော့မှာလဲ။ အငြိမ့်တွေ ဇာတ်တွေ က တဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြ ရပါတော့တယ်။
ဗမာစာပါ ပျောက်မှာစိုး
ယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ဆုံးရှုံးမှုဖြစ်တယ်။ ယဉ်ကျေးမှုပပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။ အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါသင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကို ကာကွယ်စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြရတာဖြစ်တယ်။ ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။
လူထုစိန်ဝင်း

‘နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့က ပညာဟာအကြီးမားဆုံးအရင်းအနှီးပဲ’ ဂုဏ်ထူး ဦးသိန်းနိုင်နှင့် တွေ့ဆုံခြင်း

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ဥပဒေ ကြမ်း များ၌ကိုယ်ပိုင်ကျောင်းဥပဒေ ပါရှိခဲ့သည်။ ထိုဥပဒေထွက်ပေါ် လာပြီးနောက် ၂ဝ၁ဝ တွင် ဥပဒေမရှိ အမိန့်ညွှန်ကြားချက်ဖြင့်သာ ဖွင့်လှစ်ခဲ့သည့် ပုဂ္ဂလိကကျောင်း ၂၂ ကျောင်းထဲမှ ဂုဏ်ထူးဦးသိန်းနိုင် ပုဂ္ဂလိကကျောင်း တည်ထောင် ခဲ့သူ စာသင်သက်နှစ် ၆ဝရှိ ဆရာဦးသိန်းနိုင်နှင့် တွေ့ဆုံကာ ပုဂ္ဂလိကကျောင်းတို့၏ လက်ရှိအခြေအနေနှင့် အနာဂတ်အလားအလာကို တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက် ပါသည်။
မေး    - ဥပဒေထွက်မလာသေးတဲ့အချိန်မှာ ဆရာတို့ကိုယ်ပိုင်ကျောင်းတွေကို ဘယ်လိုစံ သတ်မှတ်ချက်တွေနဲ့ စဖွင့်ခဲ့ပါသလဲ။
ဖြေ – ကိုယ်ပိုင်ကျောင်း (အလွတ်ပညာသင်ကျောင်း)က တိုင်းပြည်အတွက်လိုအပ်တယ်လို့ လူကြီးတွေကခံယူတယ်။ တကယ်ဖွင့်တဲ့အခါ ဘယ်လိုအခက်အခဲများ ရှိနိုင်မလဲလို့ စမ်းသပ်တာ။ ကျောင်း ၁ဝ ကျောင်းစလုံးကို အကြိမ်ကြိမ်စစ်တယ်။ ကလေးတွေရဲ့ အရည်အချင်းက တိုးတက်လာတယ်။ ကလေးတွေတိုးတက်တာ ဟုတ်ပါ ပြီ။ သူတို့အတွက် အဆင့်မြင့်တဲ့နေထိုင်မှုရှိလား၊ ကျန်းမာရေးနဲ့ညီရဲ့လား၊ ကောင်းတဲ့လူမှု ပတ်ဝန်းကျင်ရှိရဲ့လားပေါ့။ ဒါမျိုးတွေကိုကြည့်ပြီး သဘောကျတယ်လို့ ယူဆပါတယ်။
မေး- ဥပဒေထွက်လာရင် ဆရာတို့အနေနဲ့ ထပ်ပြီးပြောင်းလဲ ဆောင်ရွက်ဖို့ရှိပါသလား။
ဖြေ – အခုဆောင်ရွက်နေတာက ဥပဒေနဲ့ညီတယ်လို့ ထင်ပါတယ်။ မညီဘူးဆိုရင်လည်း ညီအောင်လုပ် ရမှာပဲ။
မေး – ဥပဒေထွက်လာခြင်းကြောင့် ဆရာတို့အတွက်၊ ကျောင်းသား မိဘတွေအတွက် ဘယ်လိုသက်ရောက်မှုရှိစေမလဲ။
ဖြေ – ကိုယ်ပိုင်ကျောင်းတွေကို အားထားကြတဲ့ မိဘတွေက ရှေးကလည်းများတယ်။ နောင်လည်းများမယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ စပြီးလက်ခံ ကတည်းက သင်နိုင်တဲ့ပမာဏထက် ပိုပြီး လက်မခံရဲဘူး။ မိဘတွေက ဘာကို ယုံကြည်လဲဆိုရင် တစ်ဦးချင်းစီကို ဂရုစိုက်နိုင်တာကိုပေါ့။
မေး – လက်ရှိမြန်မာနိုင်ငံမှာ ကိုယ်ပိုင်ကျောင်းတွေဘယ်လောက်အထိ ထပ်ဖွင့်ဖို့လိုနေသေးလဲဆိုတာ  သိချင်ပါတယ်။
ဖြေ – ကိုယ်ပိုင်ကျောင်းဆိုတာ ကလေးတွေ ပညာအသိတရားရစေတဲ့လူငယ်တို့ရဲ့ အရည်အချင်းကို စပြီးတပ်ဆင်ပေးတဲ့နေရာပဲ။ အစိုးရကလည်း သူတို့သတ်မှတ်ထားတဲ့ အရည်အသွေးရှိရင် ဖွင့်ခွင့်ပေးမှာပဲ။ အခုဆိုရင် တွဲဖက်အထကကို အထကအဆင့်၊  အလကကို အထက အဆင့်တိုးပေးနေတာတွေ တွေ့ရတယ်။ များလေကောင်းလေ ပဲ။ ကိုယ်ပိုင်ကျောင်းတွေလည်းအဲ ဒီလိုပဲ ဖြစ်လာပါလိမ့်မယ်။
မေး – မြန်မာ့ပညာရေးလောက ရဲ့ အလားအလာကို သုံးသပ်ပေးစေချင်ပါတယ်။
ဖြေ – ဥပဒေကြမ်းတင်လိုက်ခြင်းသည်ပင် မြန်မာ့အနာဂတ်လမ်းကြောင်း တစ်ဆစ်ချိုးကွေ့ပြီလို့ ပြော လို့ရတယ်။ ”နိုင်ငံတစ်နိုင်ငံတိုးတက် ဖို့က ပညာဟာအကြီးမားဆုံး အရင်း အနှီးပဲ”။တစ်ကျောင်းနဲ့တစ်ကျောင်း ငြိမ်းချမ်းစွာယှဉ်ပြိုင်တာတွေ များလာလေ ကလေးတွေအတွက် ကောင်းလေပါပဲ။ ဒီနေရာမှာ တစ်ခုရှိတာက အမြတ်အစွန်း အတွက် စီးပွားရေးသမားတွေဝင်လာနိုင်ပါတယ်။ စီးပွားရေးသမားကတော့ ကလေးတွေလူတစ်လုံး သူတစ်လုံးဖြစ်ဖို့ထက် သူတို့ဘဏ်စာရင်းမှာ ငွေတိုးဖို့ပဲ ကြိုးစားမှာ။ စီးပွားရေးသမားတွေ ကိုတော့ တခြားစီးပွားရေးပဲလုပ် စေချင်ပါတယ်။
မေး – ဆရာတို့ကျောင်းတွေက ဘာတွေထပ်မံဖြည့်စွက်ဆောင်ရွက် နေပါသလဲ။
ဖြေ – ကလေးတွေ (ကျောင်းသားအတွက် အမျိုးသားဆရာဝန်) (ကျောင်းသူအတွက်အမျိုးသမီးဆရာဝန်)လုံခြုံရေး၊ ကျောင်းသင်ခန်းစာနဲ့ ပတ်သက်တဲ့ လက်တွေ့ စမ်းသပ်ခန်းတွေ၊ ကွန်ပျူတာတွေ၊ Audio Lab တွေဖြည့်ထားပါတယ်။
မေး – ထပ်ဆောင်းဘာသာရပ်တွေ သင်ပေးတာမျိုးရှိပါသလား။
ဖြေ – သင်ရိုးမာတိကာကလွဲရင် ကလေးတွေဝါသနာဆိုင်ရာ ကိစ္စတွေပေါ့။ ဂီတ၊ ပန်းချီ၊ အင်္ဂလိပ် စကားပြော၊ ကွန်ပျူတာ စတာတွေ သင်ပေးတယ်။ ဒ့ါအပြင် ကျပန်း စကား ပြောတာတို့၊ ကဗျာစပ်တာတို့လည်း သင်ပေးပါတယ်။
မေး – ဥပဒေထွက်လာရင် ကိုယ်ပိုင်ကျောင်းရဲ့ပညာသင်စရိတ်ပြောင်း လဲဖို့ရှိပါသလား။
ဖြေ – ဥပဒေက ဆရာတို့မျက်စိနဲ့တော့ မမြင်ရသေးဘူးပေါ့။ ကြား ရတာကတော့ အစိုးရက ဒီကျောင်းစရိတ်ကိုတော့ ဝင်မစွက်ဖက်ဘူး။ ဒါပေမဲ့ စာရင်းဇယားရှိရမယ်ပေါ့။ ဆရာတို့ပုံမှန်နှုန်းထားအတိုင်းပဲ သွားနိုင်မယ်ထင်ပါတယ်။
မေး – ဥပဒေမထွက်ခင်လုပ်ရတဲ့ အခြေအနေနဲ့ ဥပဒေထွက်ပြီး အခြေအနေ ကွာခြားမှုရှိနိုင်မလား။
ဖြေ – မရှိနိုင်ဘူးထင်တယ်။ အခု လုပ်နေတာကိုက သာမန်ကျောင်း ထက်များစွာပိုတဲ့တာဝန်တွေကို ထမ်းနေတာဆိုတော့ ပိုပြီးတော့ မ လုပ်နိုင်စရာအကြောင်းမရှိဘူးထင် တယ်။ ညွှန်ကြားချက်တွေ အခါ အားလျော်စွာထွက်လာရင်လည်း မလိုက်နာနိုင်စရာအကြောင်းမရှိပါဘူး။
မေး – ကိုယ်ပိုင်ကျောင်း ဆရာတွေနဲ့ပတ်သက်ပြီး အရည်အချင်း သတ်မှတ်ချက်ဆိုတာ ဥပဒေမှာ ပါလာမယ်လို့ အကြမ်းဖျင်း ကြားသိထားရတဲ့အတွက် ဆရာတို့ ဘာအခက်အခဲ ရှိနိုင်မလဲ။
ဖြေ – ဆရာတို့သင်နေတာကတော့ လုပ်သက်နှစ် ၂ဝ၊ ၃ဝ ရှိတဲ့ ဆရာတွေချည်းပဲ။ လုပ်သက်မပြည့်တဲ့သူတွေလည်း မခေါ်ရဲဘူးလေ။ စာမသင်တတ်သူ သင်ရင် ဘယ်လောက်လွယ်လွယ် ခက်သွားတတ်တာကိုး။
မေး – တခြားဖြည့်စွက်ပြောချင်တာများ ရှိရင်ပြောပေးပါဆရာ။
ဖြေ – အထူးသဖြင့် မိဘတွေအနေနဲ့ကျောင်းအပ်ကြတဲ့အခါ နားကြားနဲ့ အပ်ဖို့မကောင်းဘူး။ ကိုယ်တိုင်သွားကြည့်ဖို့ တိုက်တွန်းချင်တယ်။ ဘယ်လိုသင်လဲ၊ ဘယ်လို အုပ်ချုပ်လဲဆိုတာ သေချာကြည့်ပြီး အပ်စေချင်တယ်။
မေဇင်ဝင်း

ကျောက်ဖြူမြို့နယ်တွင် အပေါ်ယံ မြေကြောမှ ရေနံထွက်၍ လူအများအပြား သွားရောက် တူးယူနေ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ငလကျွန်းနှင့် လိပ်ခမော်ကျေးများတွင် အပေါ်ယံ မြေကြောမှ ရေနံများ တူးဖေါ် ထွက်ရှိနေသဖြင့် ဒေသခံပြည်သူ များ အုပ်စုလိုက် သွားရောက်တူးယူ နေကြကြောင်း သတင်း ရရှိသည်။
ဒေသခံ တစ်ဦးက ထိုသို့ ရေနံထွက်နေကြောင်းကို နိရဉ္စရာသို့ ယခုလို အတည်ပြု ပြောကြားသည်။

  ဒေသခံများက ရိုးရာ လက်ယပ် ရေနံတွင်း တစ်ခုကို တူးနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ဒေသခံများက ရိုးရာ လက်ယပ် ရေနံတွင်း တစ်ခုကို တူးနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
" ဟုတ်ကဲ့။ အခု ထွက်နေတဲ့ နေရာက ကျောက်ဖြူက ၆ မိုင်၊ ၇ မိုင်ခန့်ဝေးတဲ့ ငလကျွန်းကျေးရွာရယ်၊ လိပ်ခမော် ကျေးရွာရယ်။ အဲဒီကျေးရွာတွေမှာထွက်နေပါတယ်။ ပိုက်ဆံ တတ်နိုင်တဲ့သူတွေက ပိုက်ဆံ နှစ်သိန်း ကနေ သုံးသိန်းထိ အရင်းစိုက်ထုတ်ပြီး တူးနေကြပါတယ်။ တစ်နေ့ကို တွင်းတစ်တွင်းကနေ တိုင်ကီ လေးလုံး၊ ငါးလုံး ထွက်နေတဲ့ တွင်းတွေလည်း ရှိနေပါတယ်" ဟု ပြောသည်။

ထိုသို့ တူးယူရာတွင် ရှေ့ရိုးရာ လက်ယက်တွင်း တူးဖေါ်မူ စနစ်ဖြင့် တူးဖေါ်နေကြပြီး လက်တောင် ၇၀- ၈၀ တူးဖေါ်ရုံမျှဖြင့် ရေနံများထွက်နေကြောင်း သိရသည်။

ထိုသို့ ရေနံများ အလွယ် တကူ တူးဖေါ် ရရှိနေရာမှ ဒေသခံများ သွားရောက် တူးယူနေကြသဖြင့် အဆိုပါ ဒေသ အနီးတ၀ိုက်တွက် မြေဈေးများလည်း တက်သွားခဲ့သည်။ မြေကွက် (၁) ကွက်ကို ကျပ်လေးငါးသိန်း ဖြင့် ဌားရမ်းပြီး တူးဖေါ်သူများလည်း ရှိနေကြောင်းသူက ပြောသည်။

ယခုကဲ့သို့ ရေနံများ တူးဖေါ်ထွက်နေရှိသည်ဆိုသော သတင်းကြောင့် ကျောက်ဖြူမြို့ပေါ်က လူတွေ သွားရောက် တူးနေကြသူများ ရှိသလို တခြားလူတွေလည်း သွားတူးဖို့ စိတ်ဝင်စားနေကြသည်ဟု သူက ပြောသည်။

တွင်းတိမ်တိမ် တူးရုံမျှဖြင့် ရေနံ စိမ်းများ အလွယ်တကူ ထွက်နေသည့် အပေါ် သူက ယခုလို သုံးသပ် ပြောဆိုသည်။


" အခု ထွက်နေတာက အပေါ်ယံ မြေကြီးက ဖြစ်ဖို့များပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ရေနံက သိပ်အနက်ကြီး မတူးရလို့ပါ။ ကျနော်တို့ လေ့လာကြည့်ရင် အဲဒီဒေသက လူတွေ အလိုလို စမ်းတူး နေကြတယ်။ လက်နဲ့ ဂျိုင့်ကလေးကို ဆင့်ပီးဆင့်ပီး တူးနေကြတဲ့အခါ ရေနံက ထွက်လာတာပါတယ်။ ရေနံက ထွက်ချင်တဲ့ အခါ ထွက်လာတဲ့ သဘောပါ။ ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကလည်း အဲဒီ ဒေသမှာ ခုလိုဘဲ ရေနံတွေ ထွက်ခဲ့ပါတယ်။ နောက်တော့ ပြန်ပျောက်သွားတယ်။ အခုတခါ ပြန်ပေါ်လာတယ်။ ရွာသား တွေ ကတော့ ခုလို ရေနံတွေ ထွက်နေတာကို နတ်ပေးတယ်လို့ ထင်နေကြပါတယ်" ဟု သူက ပြောသည်။ ၎င်းပြင် သူအနေနှင့် ယခု ရေနံများ ပြန်ထွက်လာခြင်းမှာ မြေလွှာများ ရွှေ့လျားနေမူအရ ရေနံကြောများ ပျောက်သွားပြီး ယခု ပြန်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်း ပြောသည်။
ကျောက်ဖြူမြို့နယ်မှ လက်ယပ်ရေနံတွင်းများကို ဓနိများဖြင့် မိုးထားကြရသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူမြို့နယ်မှ လက်ယပ်ရေနံတွင်းများကို ဓနိများဖြင့် မိုးထားကြရသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)

လက်ရှိ တူးဖေါ်နေသော တွင်းပေါင်း ၄၀နှင့် ၅၀ အကြားရှိပြီး အများစု တူးဖေါ်နေသောတွင်းများတွင် ရေနံစိမ်းများ ထွက်နေကြောင်း သိရသည်။

ယခုကဲ့သို့ ရေနံများ ထွက်ရှိနေသော သတင်းကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ အပါအ၀င် ရဲအရာရှိများနှင့် တခြား ဌာနဆိုင်ရာ အရာရှိများ ရောက်ရှိလာပြီး ရေနံတူးဖေါ်နေသူများထံမှ ပိုက်ဆံများ ကောက်ယူနေရန် စီစဉ်နေကြောင်းလည်း သိရသည်။

လူမူရေး လုပ်ငန်းဆောင်ရွက်နေသူ တစ်ဦးက " ကျွန်တော်ကြားတာက ပိုက်ဆံ တောင်းဖို့ စီစဉ်နေတယ် လို့ ကြားပါတယ်။ ဒါပေမယ့် တရားမ၀င် ကောက်ရင် ပြဿနာတက်နိုင်တဲ့ အတွက် ဘယ်ခေါင်းစဉ်နဲ့ ပိုက်ဆံ ကောက်မလဲဆိုပြီး နည်းလမ်း ရှာနေကြတယ်လို့ ကြားပါတယ်။ တခုသေချာတာကတော့တွင်းတူး နေသူတွေရဲ့ အမည်စာရင်းတွေကို ကျေးရွာ အုပ်ချုပ်ရေးမှူးဆီက တဆင့် သူတို့ ယူသွားတယ်လို့ ကြားပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်က ကျောက်ဖြူဒေသတွင် မြေအောက်တွင် ရေနံကြောများ ရှိနေသဖြင့် ယခုလို ရေနံစိမ်း များကို ဒေသခံများက ရိုးရာ လက်ယပ်တွင်းများဖြင့် မကြာခဏ တူးဖေါ် ရရှိ နေကြောင်း သိရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း ကျောက်ဖြူမြို့နယ် ရေနံတောင် ဒေသတွင် ရေနံများ အကြီးအကျယ် ထွက်ခဲ့သဖြင့် ဒေသခံ ပြည်သူများ ထောင်ချီပြီး သွားရောက် တူးဖေါ်ခဲ့ကြသည်။

ခရမ်းမြို့က မေတ္တာရှင်မလေး....


သူငယ်ချင်းတို့ရေ...

ခရမ်းမြို့နယ် NLD လူငယ်အဖွဲ့ဝင် မသင်းသင်းယုဟာ အမေစုရဲ့ ဆင်းရဲနွမ်းပါးသော ကလေးများ ပညာရေးဖွံဖြိုးမှု အစီအစဉ်ကို ၀ိုင်းဝန်း အကောင်အထည်ဖေါ်တဲ့ အနေနဲ့ ဆရာတော်ဦးကောသလ္လ နှင့် ခရမ်းမြို့ နယ်NLD လူကြီးများ ၀ိုင်းဝန်းကူညီမူနဲ့ သူမရဲ့ အိမ်ကလေးမှာ ကလေးငယ်(၇၄) ယောက်ကို အခမဲ့ ပညာသင်ကြား နေပါတယ်။ မွန်မြတ်တဲ့သူမရဲ့ စေတနာနဲ့ အမေစုရဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖေါ်တဲ့အနေဖြင့် အမေ့အရိပ်(အခမဲ့) ပညာဒါန ကျောင်းဆိုင်းဘုတ်တင်ပွဲနဲ့ အလှူငွေပေးအပ်ပွဲကို (၁၁.၉.၁၁)နေ့ ခရမ်းမြို့နယ်(၁၀) ရပ်ကွက်က သူမရဲ့ နေအိမ်မှာ NLD အဖွဲ့ချုပ်ရဲ့ ဦးဆောင်မူနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 NLD အဖွဲ့ချုပ်မှဆရာ ဦးအောင်ကြည်ညွန့် တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ အမေ့အိမ်(လှိုင်သာယာ) ပညာဒါနကျောင်းမှ အလှူငွေ ၁၀၀၀၀၀ိ/ တစ်သိန်းကျပ်နှင့် ကျောင်းဆိုင်ဘုတ် နှစ်ခု၊ အခြားအလှူရှင် သုံးဦးမှ စုစုပေါင်းအလှူငွေ ၄၆၀၀၀ိ/ ကျပ်ကို ခရမ်းမြို့ အမေ့အရိပ်(အခမဲ့) ပညာဒါနကျောင်းလေးကို ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။ အမေစုရဲ့ ဆင်းရဲနွမ်းပါးသောကလေးများ ပညာရေးဖွံဖြိုးမှု အစီအစဉ်ကို အားလုံးသာဓု ခေါ်နိုင်ရန် တင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုငယ်(၀၉ ၅၁၆၂၀၆၀)
အမေအိမ်ပညာရေးကော်မတီ

အကျဉ်းသား များ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် ဆောင်ရွက်မည် ဟု ယူဆ ကြောင်း

နိုင်ငံတော် သမ္မတ အနေဖြင့် အကျဉ်းသား များ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် ဆောင်ရွက်မည် ဟု ယူဆ ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဆို
အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆောင်ရွက် ပေးမည် ဟုယူဆကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဆိုသည်။
နေပြည်တော် ရှိ လွှတ်တော် အဆောက် အအုံ သဘင် ဆောင်တွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအပြီးတွင် ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ် များ ကပြုလုပ်သော သတင်းစာ ရှင်း လင်းပွဲတွင် ဦးဌေးဦးက ယင်းသို့ပြော ကြားသွားခြင်းဖြစ်သည်။
“ဟိုအရင်အစိုးရအဆက်ဆက် ကလည်း နေ့ထူးရက် ထူးတွေရှိတိုင်း အခါကြီး ရက်ကြီးတွေမှာ အကျဉ်း သားတွေ လွှတ်ပေးလေ့ ထုံးစံလည်း ရှိတယ်။ ဒါကြောင့် သမ္မတကြီး အ နေနဲ့လည်း သင့်တော်တဲ့ အချိန်မှာ လွှတ်ပေးသင့် တဲ့ အကျဉ်းသားတွေ လွှတ်ပေး နိုင်ရေး အတွက် ဆောင် ရွက်မယ် လို့မျှော်လင့်ပါတယ်။ ကျွန် တော်တို့ အဲဒီချိန် ထိစောင့်ကြည့်ပါ။ အခုက ခဏလေး ပဲရှိသေးတယ် လို့ ပြောချင် ပါတယ်” ဟု ဦးဌေးဦးက ဆို သည်။
အကျဉ်းသားများ လွတ်ငြိမ်းခွင့် ကို မေ ၁၆ ရက်က အစိုးရ သစ် တက်လာပြီး နောက် သမ္မတအမိန့် အမှတ်၂၈ / ၂၀၁၁ အရ မြန်မာနိုင်ငံ ရှိအကျဉ်းကျ စခန်း အသီးသီးတွင်အ ကျဉ်းကျ ခံနေရသော အကျဉ်းသား များကို သာမန် ရရှိသော လျှော့ပေါ့ ရက်အပြင်  တစ်နှစ် လျှော့ပေါ့ပေးခဲ့ ပြီး သေဒဏ်ကျ အကျဉ်းသားများ ကို လည်း တစ်သက် တစ်ကျွန်းသို့ လျှော့ ပေါ့ပေးခဲ့သည်။
ကျော်ဇေယျာဝင်း

ဘယ်သူအာဏာပိုင်လဲ

အာဏာပိုင်များ၊ အာဏာပိုင်အဖွဲ့အစည်းများဆိုတဲ့ စကားဟာ မြန်မာစကားမှာ အတော်တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတဲ့ စကားများဖြစ်တယ်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရ၀န်ထမ်းတွေကို ရည်ညွှန်းပြောဆိုကြတာပါ။

တစ်ချက်လွှတ်အမိန့်
တစ်ပါတီတစ်ဖွဲ့တစ်စည်းက အာဏာသုံးရပ်စလုံးကိုချုပ်ကိုင်ထားပြီး တစ်ချက်လွှတ်အမိန့်ပြန်တမ်းများနဲ့ အုပ်ချုပ်တဲ့အာဏာရှင်စနစ် အောက်မှာတော့ ဒီအသုံးအနှုန်းများဟာ လျော်ကန်သင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေလို ဒီမိုကရေစီပြယုဂ်တွေ အစုံအလင်နဲ့ အစိုးရမျိုးလက်ထက်မှာတော့ ဒီအသုံးအနှုန်းတွေဟာ ဆီလျော်အပ်စပ်ခြင်းမရှိတော့လို့ မသုံးသင့်တော့ဘူး။ သက်ဆိုင်ရာဌာနများ၊ အစိုးရ၀န်ထမ်းများဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးသုံးစွဲသင့်ကြတယ်။

ဖျောက်ဖို့ခက်ပေမယ့်
နှစ်ပေါင်းငါးဆယ်လောက် ပါးစပ်ထဲမှာစွဲနေတာတွေမို့ ရုတ်တရက် ဖျောက်ဖို့ခက်တာမှန်ပေမယ့် နေ့စဉ်တဖွဖွပြောနေကြတဲ့ ဒီမိုကရေစီဆိုတဲ့ အသံနဲ့နည်းနည်းမှ မအပ်စပ်ပါဘူး။ ပျောက်အောင် ဖျောက်ရပါလိမ့်မယ်။ အာဏာပိုင်ဆိုတဲ့စကားဟာ ကိုလိုနီခေတ်မှာ အတော်လေးသုံးစွဲကြတယ်။ အထူးအာဏာရ ရာဇ၀တ်တရားသူကြီးတို့ အထူးအာဏာရ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ စသဖြင့်သုံးကြတယ်။ မြို့အုပ်မင်းရုံးထိုင်လို့ သူကြီးမရှိတဲ့ မြို့နယ်လေးတွေမှာတော့ အရပ်ထဲက လူရိုသေရှင်ရိုသေပုဂ္ဂိုလ် တစ်ယောက်ယောက်ကိုရွေးပြီး သမာဓိမြို့ဝန်မင်းတို့၊ အထူးအာဏာရသမာဓိမြို့ဝန်မင်း တို့ဆိုပြီး ခန့်ထားခဲ့ကြတယ်။

မတော်လှန်ရဲအောင်
ကိုလိုနီလက်အောက်ခံနိုင်ငံတိုင်းမှာ အုပ်ချုပ်သူမျက်နှာဖြူ အရှင်သခင်ကြီးတွေက အာဏာပိုင်သခင်ကြီးတွေဖြစ်ပြီး ဌာနတိုင်းရင်းသားအုပ်စိုးခံတွေက ကျွန်တွေအစေအပါးတွေ ဖြစ်ကြတယ်။ အုပ်စိုးခံတွေ ကြောက်လန့်ပြီးမတော်လှန်ရဲအောင် အနိမ့်ဆုံးအဆင့် သူကြီးလောက်ကို အထူးအာဏာရသူကြီးမင်းတို့၊ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ လုပ်ထားကြတယ်။ မျက်နှာဖြူဘုရင်ခံနဲ့ အပေါင်းပါတွေတောပစ်ထွက်ရာမှာ လူတွေမောင်းထုခေါ်ပြီး တောခြောက်ပေးတဲ့ သူကြီးကလည်း 'ဘုရင်ခံမင်းတရားကြီး၏ ခြောက်လုံးပြူးဆုတော်မြတ် ပေးသနားခြင်းခံရသော အထူးအာဏာရ တိုက်သူကြီးမင်း' ဆိုတာမျိုးဖြစ်နေတယ်။ အဓိကကတော့ သာမန်တိုင်းသူပြည်သားတွေ ခေါင်းမဖော်ရဲအောင် ချိုးနှိမ်ဖိနှိပ်ထားဖို့ဖြစ်တယ်။

ကြောက်စိတ်မပျောက်
ကိုလိုနီနယ်ချဲ့သမားတွေရဲ့ အကြောက်တရားနဲ့ အုပ်စိုးခြင်းနည်းဗျူဟာက တော်တော်ထိရောက်တယ်။ ကိုလိုနီလက်အောက်ခံဘ၀ လွတ်မြောက်လာခဲ့တာ နှစ်ပေါင်းခြောက်ဆယ်ကျော်နေပြီ ဖြစ်တာတောင် မြန်မာလူမျိုးများဟာ ရုံးပြင်ကနားသွားရမှာ အင်မတန်ကြောက်ကြတယ်။ သခင်မျိုးဟေ့ တို့ဗမာလို့ပါးစပ်က ဘယ်လောက်အော်နေအော်နေ ကြောက် စိတ်ကဘယ်လိုမှ ဖျောက်လို့မပျောက်သေးဘူး။ ရုံးနားဂါတ်နားရောက်ရင် အလိုလိုနေရင်း ကျောထဲကစိမ့်စိမ့် လာတတ်ကြတယ်။ ဘယ်လောက်ပဲပြောပြော ယူနီဖောင်းဝတ်နဲ့ ရဲစာသင်(ဆာဂျင်)လောက် လာရင်ကို အာဏာပိုင်ပုဂ္ဂိုလ်ကြီးလာတယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေ လာတယ်ဆိုပြီး ခြေမကိုင်မိလက်မကိုင်မိ ပျာပျာသလဲဖြစ်နေကြရတယ်။

အရက်ယူခဲ့၊ ကြက်ယူခဲ့
'ပညတ်သွားရာဓာတ်သက်ပါ' ဆိုတဲ့စကားရှိထားတဲ့အတိုင်း ရဲစာသင်လောက်၊ မြို့အုပ်မင်းရဲ့တောလိုက်စာရေးလောက်၊ ပျာတာတော်မင်းလောက်ကလည်း သူတို့ကိုယ်သူတို့ တကယ်ကိုအာဏာပိုင်စိုးတဲ့ ပုဂ္ဂိုလ်ကြီးများအဖြစ် မှတ်ယူနေကြပြီး အရပ်သူအရပ်သားများကို တွေ့တာနဲ့ ဟိန်းဟောက်ခြိမ်းခြောက် လုပ်ကြတယ်။ အရက်ယူခဲ့၊ ကြက်ယူခဲ့နဲ့ အာဏာပါဝါပြကြတယ်။ တောသူတောင်သားတွေသာမဟုတ်ဘူး မြို့ပေါ်ကပညာတတ် လူတန်းစားတွေတောင် ဟိန်းဟောက်ခြိမ်းခြောက်ရင် ကြောက်ဒူးတုန်ကြတယ်။ အကျိုးသင့်အကြောင်းသင့် ပြန်လှန်မပြောရဲကြဘူး။ နှုတ်ဆွံ့ပြီး အ,အကြီးတွေလို ဖြစ်နေကြတော့တယ်။

ခေတ်ကြီးပြောင်းနေပြီ
အဲဒါကြောင့် 'ပညတ်သွားရာ ဓာတ်သက်ပါ' မဖြစ်ရလေအောင် အာဏာပိုင်ပုဂ္ဂိုလ်များတို့၊ အာဏာပိုင် အဖွဲ့အစည်းများတို့ဆိုတဲ့ အသုံးအနှုန်းတွေကို ပပျောက်စေချင်တာပါ။ ဘာပဲပြောပြော ခေတ်ကြီးကပြောင်းနေပါပြီ။ အရှေ့အလယ်ပိုင်းက ဘုရင်ကြီးတွေ၊ ဆူလတန်ကြီးတွေနဲ့ အာဏာရှင်ကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ရာဇပလ္လင်ပေါ်က ဆင်းသွားကြရပါပြီ။ မြန်မာပြည်မှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့၊ ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ဖြစ်နေပြီ။ တစ်ခေတ်ပြောင်းဖို့ တာစူချိန်ရောက်နေပြီ။

အမေးနဲ့ အဖြေ
ဒီနေရာမှာ ၁၁-၉-၂၀၁၁ နေ့ထုတ် မော်နီတာဂျာနယ်မှာပါတဲ့ အမေးအဖြေလေးတစ်ခုကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။ မေးသူကို 'ဦးမြတ်ခိုင် (လျှပ်တပြက်သတင်းဂျာနယ်၊ မော်နီတာသတင်းဂျာနယ် အယ်ဒီတာချုပ်)'လို့ ဖော်ပြထားပြီး အမေးခံပုဂ္ဂိုလ်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဖြစ်ပါတယ်။
မေး - "ပြည်ထောင်စုဝန်ကြီးအနေနဲ့ ကျွန်တော်တို့သတင်းသမားတွေ တွေ့ဆုံရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ကျွန်တော်တို့အပြင်မှာ ကြားသိနေရတာ အဘဦးစိုးသိန်းတို့ အဖွဲ့ကပျော့ပျောင်းတဲ့အဖွဲ့လို့ ကျွန်တော်တို့သိရပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျသွားနေတဲ့ ပြည်ထောင်စုဝန်ကြီးလို့ သိရပါတယ်။ အဲဒါ ဟုတ်ပါသလားလို့ သိလိုပါတယ်။ အဲဒါနံပါတ် ၁ အချက်ပါ။ နံပါတ် ၂ အချက်ကတော့ နိုင်ငံခြားငွေနဲ့ ကားဝယ်ခွင့်ရတယ်ဆိုတဲ့အခါမှာ ပိုက်ဆံရတဲ့နည်းလမ်း၊ ဥပမာငွေဖြူကိစ္စ၊ ငွေမည်းကိစ္စတွေ ပြဿနာရှိလား၊ အဲဒါကိုသိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။'

ပြည်သူလူထုကရွေးချယ်တင်မြှောက်ထား

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းအဖြေ 

ကျွန်တော်က ဒီမှာလာတာ ဧည့်သည်ဗျ။ သို့သော်လည်း လာကူညီတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ပျော့ပျောင်းတယ်၊ မာတယ်ရယ်လို့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်းစုမြို့နယ်က ပြည်သူ့ကိုယ်စားလှယ် ဖြစ်ပါတယ်။ ပြည်သူအနေနဲ့ ရွေးချယ်တင်မြှောက်ခံရပြီး ပြည်ထောင်စုဝန်ကြီးတာဝန်ကို နိုင်ငံတော်သမ္မတက တာဝန်ပေးထားတာပါ။ ပြည်သူ့အကျိုးအတွက် ကျွန်တော်တို့လုပ်ကြဖို့ ဝန်မလေးတာပါ။ တကယ်လုပ်ရမယ့်အလုပ်ဆိုရင် ကျွန်တော်တို့သံမဏိကဲ့သို့ တကယ်မာပါတယ်"
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လို့ ပြည်သူ့အကျိုးအတွက် လုပ်ကြဖို့ ၀န်မလေးတာပါလို့ ပြောသွားတာကျေနပ်စရာပါ။ ခေတ်ပြောင်းသွားပြီလို့ ၀န်ကြီးကအသိအမှတ်ပြုတဲ့ သဘောလို့ ယူဆပါတယ်။ ၀န်ကြီးဟာ အရင်အစိုးရလက်ထက်က ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ပုဂ္ဂိုလ်ပါ။

အကျင့်ဆိုးမဖျောက်နိုင်
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းလို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ယူခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက ခေတ်ပြောင်းသွားတာကို လက်ခံအသိအမှတ်ပြုပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ပြည်သူ့အကျိုးကို လုပ်ဆောင်ဖို့ ၀န်မလေးပါလို့ ပြောပေမယ့် ဗျူရိုကရေစီယန္တရားကြီးအတွင်းက ရုံးတစ်လုံး ဓားတစ်စင်း အာဏာရှင်စိတ်ဓာတ် မပျောက်သေးတဲ့ ဗျူရိုကရက်ကြီးတွေနဲ့ ဗျူရိုကရက်ကလေးတွေကတော့ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့အကျင့်ဆိုးတွေကို မဖျောက်နိုင်ကြသေးတာ တွေ့ရတယ်။ ကိုယ်ရုံးဌာနရှေ့ရောက်လာသူ မှန်သမျှကို ဟိန်းဟောက်ခြိမ်းခြောက်ပြီး အာဏာပါဝါပြတာမျိုးတွေ ဆက်ပြီးလုပ်နေကြဆဲဖြစ်တယ်။

ပြည်သူ့အစေခံ
ဝန်ထမ်းဆိုတာ ဘယ်လောက်ကြီးကြီး ဘယ်လောက်ငယ်ငယ် ပြည်သူလူထုရဲ့လစာရိက္ခာကို စားသောက်နေကြရသူများဖြစ်တယ်။ 'Public Servant' လို့ခေါ်တဲ့ အင်္ဂလိပ်စကားရဲ့အဓိပ္ပာယ်က 'ပြည်သူ့အစေခံ' ဖြစ်တယ်။ သဘောကတော့ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့ လစာပေးခန့်ထားခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့် ပြည်သူလူထုက အရှင်သခင်ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်တယ်။ ဗျူရိုကရေစီ ယန္တရားကြီးအတွင်းက အသိဥာဏ်အဆင့် နိမ့်ကျသူ ဗျူရိုကရက်ကြီးငယ်များဟာဒီအချက်ကို သဘောမပေါက်ကြသေးဘဲ ပြည်သူလူထုအပေါ်မှာ အာဏာရှင်များသဖွယ် ပြုမူဆက်ဆံနေကြဆဲဖြစ်တယ်။

တားမရတော့ဘူး
အာဏာရှင်စနစ်မှာက တိုင်းသူပြည်သားများရဲ့ ဆန္ဒကို လုံးလုံးဂရုမစိုက်ဘဲ ဘုရင်တစ်ပါး၊ ဆူလတန်တစ်ယောက်၊ အာဏာရှင်တစ်ဦးရဲ့ ဆန္ဒသဘောထား တစ်ခုတည်းနဲ့ အုပ်ချုပ်တာဖြစ်တယ်။ လူတွေအများကြီးက ဘယ်လောက်ပြောပြော ဂရုမစိုက်ဘူး။ အာဏာရှင်ရဲ့ပါးစပ်က ထွက်တဲ့စကားဟာ ဥပဒေဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာတော့ တိုင်းသူပြည်သား လူများစုရဲ့ဆန္ဒကို ဘယ်သူမှလွန်ဆန်လို့မရဘူး။ အားလုံးပြည်သူ့ဆန္ဒအတိုင်း လုပ်ရတယ်။ ပြည်သူလူထုဟာ အကြွင်းမဲ့အာဏာပိုင်များဖြစ်တယ်။ ပြည်သူသာအမိ၊ ပြည်သူသာအဖဖြစ်တယ်။ ဗျူရိုကရက်ကြီး ဗျူရိုကရက်လေးတွေက ပြည်သူလူထုရဲ့ 'အဘ' မဟုတ်ဘူးဆိုတာ သိထားသင့်ကြတယ်။ ခေတ်ကြီးက ပြောင်းနေပါပြီ။ ဘယ်သူတားတား တားလို့ မရတော့ပါဘူး။

မြစ်ကမ်းပြိုမှုများ မြင့်တက်လာပြီး လူနေအိမ်ခြေနှင့် စိုက်ခင်းများ ဆုံးရှုံးမှုပိုမိုလာ



6515a
မန်းချောင်းရေ တိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့ဖောင်တန်းရပ်ရှိ ကိုင်းမြေနှင့် သစ်ပင်ကြီးများ
ပြိုလဲနေသည်ကို သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီမြစ် အပါအ၀င် မြစ်ကြီး၊ မြစ်ငယ်အချို့တွင် မြစ်ကမ်းပြို မှုများ ယခုနှစ်များအတွင်း မြင့်တက် လာပြီး မြစ်ကမ်းရိုးတစ်လျှောက်တွင် အခြေချနေထိုင်ကြသော လူနေအိမ်များ ဆုံးရှုံးပျက်စီးမှု၊ မြစ်ကမ်းတစ်လျှောက်ရှိ စိုက်ခင်းများ ဆုံးရှုံးမှုတို့ ပိုမိုလာကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများကို တွေ့ကြုံလာရာ၌ မြစ်ကြောင်း ပြောင်းလဲခြင်း၊ ရေနည်းချိန်များ၌ ရေအရင်းအမြစ် ပုံမှန်ထက် နည်းပါးလာခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်ခြင်း၊ သောင်ထွန်းမှုကျယ်ပြန့်ခြင်း တို့ရှိလာကာ ယင်းသို့ သောင်ထွန်း ခြင်း၊ ရေတိုက်စားခြင်းကြောင့် ကမ်းပြိုမှုများကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။
“မန္တလေး-ဗန်းမော် ရေလမ်းခရီးကို မသွားဖြစ်တာ တော်တော် ကြာပါပြီ။ ဒီတစ်ခေါက်သွားလိုက်တာ မြင်ဖူးနေတဲ့ ရွာတချို့ ကမ်းနား မှာ လှမ်းမတွေ့ရတော့ မေးကြည့်တဲ့ အခါ ကမ်းပြိုလို့ ရွာလုံးကျွတ် အနောက်ဘက်ကို ရွှေ့လိုက်ရတယ်လို့ သိရပါတယ်။ အိမ်တွေတင် ဆုံးရှုံးတာ မဟုတ်ဘဲ စိုက်ခင်းတွေလည်း ဒီလိုပဲ ဆုံးရှုံးကြတာ တချို့ဆို အလုပ်လက်မဲ့တောင် ဖြစ်ကြတယ်”ဟု ဧရာဝတီမြစ်မှ ကမ်းပြိုမှုနှင့်ပတ်သက်၍ လေ့လာသိရှိခဲ့သူတစ်ဦးက ပြောပြသည်။
6515
မြစ်ကမ်းပြိုမှုကြောင့် ဆုံးရှုံးပျက်စီးမှုများကို ကြုံရသည့် မြစ်များတွင် ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော မူးမြစ်သည်လည်း ပါဝင် နေပြီး ရေဦးမြို့ မူးမြစ်၏ အနောက် ဘက်ကမ်းရှိ အောင်မင်္ဂလာရပ်ကွက်သည် မူးမြစ်ရေတိုက်စားမှုဖြင့် ကမ်း ပါးပြိုကျပြီး အိမ်ခြေ ၃၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း၊ မူးမြစ်ရေလမ်းကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် နောင်နှစ် အနည်းငယ်အတွင်း ကျန်ရှိနေသည့် အိမ်ရာများ ပျောက်ကွယ်ဖွယ် ရှိနေကြောင်း သိရှိရသည်။
ထို့အတူ ဖျာပုံမြို့ တစ်ဖက်ကမ်း သောင်ထွန်းမှုကြောင့် ကမ်းတစ်လျှောက် ရေတိုက်စားပြီးကမ်း ပါးပြိုမှုများ နှစ်စဉ်ဖြစ်ပေါ်နေကြောင်း၊ မြို့လူထုအစီအစဉ်ဖြင့် ဆောင်ရွက်နေကြသော်လည်း စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေသည်ဟု သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး င၀န် မြစ်ကမ်းရှိ မြို့နယ်များတွင် နေထိုင် သူများသည်လည်း ရေတိုက်စားမှုများကို စိုးရိမ်နေရကြောင်း သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင်လည်း မြစ်ကမ်းပြိုမှု များနှင့်ပတ်သက်၍ မေးမြန်းမှုများတွင် ယင်းသို့ မြစ်ကမ်းပြိုမှုများ အကြောင်း မေးမြန်းမှုများလည်း ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံရှိမြစ်ကြီး မြစ်ငယ်များသည် ရေဝေရေလဲဒေသများ၌ သစ်တောများ ပြုန်းတီးလာမှု ကြောင့် မြစ်ကြောင်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများကို တွေ့ကြုံရမှု မြင့်တက်လာသည်။
မြစ်ကမ်းများတွင် အခြေချ နေထိုင်သူများ သည် ယင်းသို့ အပြောင်းအလဲများကို တိုက်ရိုက် ရင်ဆိုင်နေရပြီး မြစ်ကမ်းပြိုမှုကြောင့် နေအိမ်၊ စိုက်ခင်းများ ပျက်စီးမှု၊ မြစ်ရေကို မှီခိုအားထားနေရသည့် မြို့များတွင် မြစ်နှင့် ကမ်းဝေးသွားသည့်အခါ ရေချိုခက်ခဲမှု၊ စိုက် ပျိုးရေအတွက် အခက်အခဲ ကြုံတွေ့ရမှု စသည်တို့ ရှိလာသည်။
မြစ်ကြမ်းပြင် မြင့်တက်နေမှုကြောင့်လည်း မိုးများသည်နှင့် လျှပ်တစ်ပြက် ရေကြီးမှုများကို ရင်ဆိုင် လာရသည်ကြောင်း သိရှိရသည်။

မြန်မာပြည်သွားမည့်ကားများ ရေတိမ်နစ်

တပတ်ရစ်ကား တင်သွင်းမှုကို မြ၀တီနယ်စပ်တွင် ပိတ်ပင်ထားသဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ကားဈေးတွင် စုဝေးနေရသော မော်တော်ယာဉ် အများအပြားသည် မကြာသေးမီက မြစ်ရေကြီးမှုဒဏ်ကို အပြင်းအထန် ခံလိုက်ရသည်။

Car_and_water_1
သောင်တင်နေသော မော်တော်ယာဉ်များ ရေကြီးမှုဒဏ်ကို ခံခဲ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

ယခုလ  ၁၁ ရက်နေ့က မိုးကြီးပြီးနောက်ပိုင်း မြ၀တီ နှင့် မဲဆောက်မြို့ကြားရှိ သောင်ရင်းမြစ်ရေ လျှံသဖြင့် မော်တော်ယာဉ် သုံးထောင်ဝန်းကျင်ရှိနေသော ကားဈေးအတွင်းသို့ ရေများ ၀င်ရောက်ခဲ့သည်။

"ကားအစီး တထောင်လောက် ရေမြှုပ် ပျက်စီးသွားတယ်" ဟု ကားလုပ်ငန်းရှင်တဦးက ပြောသည်။

ရေကျသွားပြီဖြစ်သောကြောင့် မဲဆောက်ရှိ ကားကုမ္ပဏီများက ရေကြီးမှုဒဏ် ခံလိုက်ရသည့် မော်တော်ယာဉ်များကို ပြုပြင်မွမ်းမံနေကြသည်။

ယခုလဆန်းပိုင်းမှ စတင်ပြီး တပတ်ရစ်ကားစီးဆင်းမှု ရပ်တန့်နေသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသော မဲဆောက်ရှိ ကားကုမ္ပဏီ ၄၀ ခန့်သည်  နေ့စဉ် အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ယခင်က နယ်ခြားမြစ်ကို ဖြတ်ပြီး မြန်မာပြည်ဘက်သွားသော တပတ်ရစ်ကား အရေအတွက်မှာ နေ့စဉ် အစီးရေ ၂၀၀ ၀န်းကျင် ရှိသည်ဟု မဲဆောက်မှ အကောက်ခွန်ဌာန ၀န်ထမ်းတဦးက ပြောသည်။

မြ၀တီသို့ကားတင်သွင်းမှုသည် ယခုလဆန်းတွင် ဖွင့်ချီပိတ်ချီ ဖြစ်နေရာမှ လုံးဝ ပိတ်ပင်လိုက်သည်မှာ ယနေ့ဆိုလျှင် တပတ်တိတိရှိပြီဟု မဲဆောက်မြို့မှ ကားလုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။

"ဒီဘက်ကကူးသွားတဲ့ကား ၁၆ စီး ကိုလည်း မြ၀တီက ဖမ်းထားတာ ၃ ရက်လောက်ရှိပြီ" ဟု သူက ဆိုသည်။

နေပြည်တော်မှာလာသည့်အမိန့်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သောကြောင့် ထိုကားများ ပြန်လည်ရရှိရေးကို ဒေသခံအာဏာပိုင်တို့နှင့် ညှိနှိုင်း၍ မရသေးကြောင်း မြ၀တီမှ ကုန်သည်တို့ကို ကိုးကားပြီး သူက ရှင်းပြသည်။

မြ၀တီမြို့ခံ ယာဉ်မောင်းတဦးကလည်း "ကျနော်က ဂျပန်ကားတွေကို မြ၀တီကနေ ဘားအံအထိ အငှားမောင်းပို့တဲ့ အလုပ်ပဲ လုပ်တာပါ။ အခု ကားမပို့ရတာတပတ်ကျော်သွားပြီ" ဟု ပြောသည်။

နယ်စပ်ကားဈေးကွက်တွင် ရှိနေသော ကားများမှာ ဂျပန်နိုင်ငံမှ လာသော တပတ်ရစ်ကားများ ဖြစ်သည်ဟု သိရသည်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်