၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျတ်လိုငွေ ကျပ်ဘီလီ ၂,၃၀၀ ကျော်

ချင်းမိုင် (မဇ္ဈိမ)။        ။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံပေါင်း ၂,၃ဝဝ ကျော်ရှိသည်ဟု အထက်လွှတ်တော်၏
ငွေစာရင်းကော်မတီမှ တနင်္လာနေ့တွင် ရှင်းလင်းပြောကြားသွားသည်ဟု အမတ်များအပြောအရ သိရသည်။

၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွင်း ရသုံးမှန်းခြေ ငွေစာရင်းကို အထက်လွှတ်တော် ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးစံပြည့်မှ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ရာ ဗဟိုအစိုးရ၏ လိုငွေပြမှုနှင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ ဘဏ္ဍာရေး လိုငွေပြမှု စုစုပေါင်း ဖြစ်သည်။

၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုအစိုးရ၏ ဘဏ္ဍာရေးလိုငွေမှာ ၂၂၀၁.၄၅၀ ဘီလီယံကျပ်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဘဏ္ဍာရေးလိုငွေမှာ ၁၇၀.၄၉၅ ဘီလီယံကျပ်ဖြစ်သည် ဟု အောက်လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအတွင်းရေးမှူး ဦးမောင်တိုးကလည်း မဇ္ဈိမကိုပြောသည်။

meetlotdaw2
သူပြောတာတွေက လက်တွေ့ အမှန်တရားတွေ ဆိုတော့ ကျနော်တို့ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံးက အလိမ်ခံနေရာတွေပေါ့ဗျာ၊ ဒါကတော့ ပေါ်လွင်သွားပြီ (ဓါတ်ပုံ မဇ္ဈိမ)

ထို့အပြင် ဘဏ္ဍာရေး လိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေသည်ဟု အထက်လွှတ်တော် ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးစံပြည့်၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်ဟု အမတ်များကပြောသည်။

အစီရင်ခံစာနှင့် ပတ်သက်၍ အင်္ဂါနေ့ အထက်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးကြမည် ဖြစ်သည်။

ယင်းအပြင် နိုင်ငံပိုင် စက်မှုလုပ်ငန်းများတွင်လည်း အရှုံးပေါ်နေကာ အစိုးရပိုင် ဇေယျဝတီ သကြားစက်နှင့် ဘီးလင်း သကြားစက်တို့မှ နှစ်စဉ် ကျပ်သန်းပေါင်း ၅၀၀ ကျော် အရှုံးပေါ်နေကြောင်း အမှတ် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်းမှ တနင်္လာနေ့ အထက်လွှတ်တော်တွင် ပြောသွားသည်ဟု သိရသည်။ သို့သော် ဝန်ကြီးက မည်သည့်နှစ်မှ
စ၍ အရှုံးပေါ်နေသည်ကို ထည့်သွင်း ပြောသွားခြင်း မရှိပါ။

မြန်မာပြည်၏ ဘဏ္ဍာရေးနှစ်သည် နှစ်စဉ် ဧပြီ ၁ ရက်နေ့တွင် စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်သည်။

အမျိုးသား ဒီမိုကရေစီပါတီသစ်မှ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “ အရင်တုန်းကတော့ ဘတ်ဂျက်လိုငွေ ကိစ္စက ဘာမှတင်ပြတာ မရှိတော့ အသံမထွက်ဘူး။ အခု နောက်ပိုင်း ကော်မတီက နိုင်ငံမှာ ဘတ်ဂျက် လိုငွေတွေ
ပြနေတာ။ အခုက သူပြောတာတွေက လက်တွေ့ အမှန်တရားတွေ ဆိုတော့ ကျနော်တို့ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံးက အလိမ်ခံနေရာတွေပေါ့ဗျာ၊ ဒါကတော့ ပေါ်လွင်သွားပြီ။ သူတို့က အရှုံးတွေ ဘတ်ဂျက်တွေ အကုန်လုံး တန်းစီထိုးပြနေပြီ။" ဟု မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရသည် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရဝန်ထမ်းများ၏ ထိရောက်မှု မရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများကြောင့် ဘဏ္ဍာရေး လိုငွေပြနေကြောင်း ၂ဝဝ၉ ခုနှစ် မေလအတွင်းက ဝီကီလိခ်မှ ပေါက်ကြားခဲ့သည့် ရန်ကုန်မြို့ အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့
ပေးပို့သည့် ကြေးနန်းစာတွင် ပါရှိဖူးသည်။

မြစ်ဆုံဆည်စီမံကိန်း လွှတ်တော်နှင့် အစိုးရပေါ် မူတည်ဟု ဝန်ကြီးပြော

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြစ်ဆုံရေကာတာ စီမံကိန်း ကိစ္စအား လွှတ်တော် အသီးသီး ပေါ်ပေါက်နေပြီ ဖြစ်သည့် အတွက် လွှတ်တော်နှင့် အစိုးရ အဖွဲ့၏ မူဝါဒ အဆုံးအဖြတ် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မင်းက ပြောဆိုလိုက်သည်။

“ယခုအခါ ပြည်သူက ရွေးချယ်ထားသော လွှတ်တော်အသီးသီး ပေါ်ပေါက်လာပြီဖြစ်သဖြင့် လွှတ်တော်၏ သဘော ထား အဆုံးအဖြတ်၊ အစိုးရအဖွဲ့၏ မူဝါဒ အဆုံးအဖြတ်အတိုင်း ဥပဒေနှင့် အညီ ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားမည်” ဟု စက်တင်ဘာလ ၁၇ ရက်နေ့က “ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ” ခေါင်းစဉ်ဖြင့်
ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ပြောဆိုသွားသည်ဟု စက်တင်ဘာ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြစ်ဆုံဆည်စီမံကိန်းမှာ နိုင်ငံတော် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးနှင့် စက်မှုဖွံ့ဖြိုးရေး အတွက် လုပ်သင့်သည့် စီမံကိန်းဖြစ်ကြောင်းနှင့် လေ့လာမှုများ ပြုလုပ်နေချိန်တွင် ချီဗွေစီမံကိန်းအား ဦးစွာ လုပ်ဆောင်လျှင် ရ၊ မရကို အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။

meetlotdaw0101
လွှတ်တော်ထဲမှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်မယ်ဆိုတာ ဒါလည်း ကျနော်တို့ကတော့ လက်မခံနိုင်ဘူး (ဓါတ်ပုံ မဇ္ဈိမ)

စီမံကိန်းလုပ်ဆောင်ချိန်၊ စီမံကိန်းလည်ပတ်ချိန်အထိ ဆက်လက် လေ့လာမည်ဖြစ်ပြီး မြစ်ဝကျွန်း အပေါ်အထိ
လေ့လာသွားရန် စီစဉ်ထားကြောင်း၊ ယခုအချိန် သပိတ်ကျင်းမြို့ အထိ လေ့လာနေဆဲဖြစ်ကြောင်း အလုပ်ရုံ
ဆွေးနွေးပွဲတွင် ဦးဇော်မင်းက ပြောသည်။။

သို့သော်  မြစ်ဆုံဆည်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ပြန်လည် သုံးသပ်ရန်နှင့် သုံးသပ်ချိန်တွင်
ဆည်များ ရပ်တန့်ထားရန် တောင်းဆိုမှုများ ရှိနေပြီး  ပြည်သူ့ဆန္ဒခံယူပွဲဖြင့်သာ ရယူသင့်ကြောင်း ကန့်ကွက်သူများ
က ပြောသည်။

“လွှတ်တော်ဆုံးဖြတ်ချက်နဲ့ မလုံလောက်ပါဘူး။ ဒီထက်ကို ပိုကျယ်ပြန့်အောင် လုပ်မယ်ဆိုရင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပလို့ ရပါတယ်။” ဟု ဧရာဝတီလက်မှတ်ထိုးကမ်ပိန်းဦးဆောင်နေသည့် ကိုမျိုးရန်နောင်သိမ်းက မဇ္ဈိမကို
ပြောသည်။



ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် ၈ ခုအနက် အကြီးဆုံးဖြစ်သည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” မှာ
ရေအားလျှပ်စစ် မီဂါဝပ် ၆ဝဝဝ ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။  ဆည်စီမံကိန်းအတွက် မေခမြစ် အပိုင်းတွင်တာ
ငါး ခု၊ မလိခမြစ်မှာနှစ်ခု ပိတ်ရမည်ဖြစ်ကာ ဆည်နယ်မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈,ဝဝဝ ရှိသည်။

ဆည်စီမံကိန်းကြောင့် အထက်ပိုင်းရေဝပ်ဒေသများတွင် ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် သက်ရောက်မှုများကို စီမံကိန်း ကုမ္ဗဏီများက လုပ်ဆောင်ပေးသည့် နည်းတူ မြစ်ကြောင်း တလျှောက်တွင်လည်း စီမံကိန်းကြောင့်
ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို ကုမ္ပဏီကပင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် သဘောတူ စာချုပ်တွင် လည်း ယင်းအချက်ကို ထည့်သွင်းချုပ်ဆိုထားကြောင်း ဦးဇော်မင်းက ပြောသည်။

ထိခိုက်မှု အနည်းဆုံးဖြစ်ရန်နှင့် အန္တရာယ်ရှိမှုနှင့် ပတ်သက်၍ လုံးဝအန္တရာယ်မရှိပါဟု အာမခံနိုင်သော အဆင့်ဖြစ်သွား
အောင် ဆောင်ရွက်မည်ပြီး မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ခွင့်ပြုထားသည့် ရွှေတူးဖော်ရေး လုပ်ငန်းများကို
လည်း သက်တမ်း ကုန်ဆုံးလျှင် ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် တနိုင်ငံလုံး၌ လျှပ်စစ်ထုတ်လုပ်နိုင်အား မဂ္ဂါဝပ် ၃၃၆ဝ ရှိနေပြီး ဓာတ်အားသွယ်လိုင်း ခံနိုင်ရည်နှင့် လိုအပ်ချက်အရ မဂ္ဂါဝပ် ၁၅ဝဝ ကျော်သာ ထုတ်လုပ်နိုင်သည်။  ယခုလက်ရှိ အစိုးရသက်တမ်း ငါးနှစ်အတွင်း
ရွှေကျင်၊ ကွန်း၊ ဖြူး၊ သောက်ရေခပ် (၂)၊ နန်ချို၊ အထက်ပေါင်း လောင်း၊ ဘီလူးချောင်း (၃)၊ အထက်ဘီလူးချောင်း၊ ချီဗွေငယ်စီမံကိန်း ကိုးခုပြီးစီးနိုင်ပြီး မဂ္ဂါဝပ် ၆၅၅ အထိ တိုးမြှင့်ရရှိမည်ဖြစ်ကြောင်းလည်း ဝန်ကြီး၏ စကားကို ကိုးကား၍ သတင်းစာတွင် ဖော်ပြထားသည်။

ထိခိုက်မှုများနိုင်၍ အများတားမြစ်နေသည့်ကြားမှပင် လုပ်ကိုင်မှုနေသည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်နေပြီး လွှတ်တော်တွင်း ယင်းကိစ္စကို ဆုံးဖြတ်ပါကလည်း ကြံ့ခိုင်ရေးပါတီမှ အများစုဖြစ်နေသည့်အတွက် လက်ခံနိုင် ဖွယ်မရှိကြောင်း လွှတ်တော်ပြင်ပ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်က ပြောသည်။

“လွှတ်တော်ထဲမှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်မယ်ဆိုတာ ဒါလည်း ကျနော်တို့ကတော့ လက်မခံနိုင်ဘူး။ ဘာလို့
ဆိုတော့ လွှတ်တော်ထဲက ဘယ်သူတွေ ရှိသလဲဆိုတော့ သူတို့တွေပဲ ရှိတာ။ ကြံ့ဖွံ့တွေပဲ ရှိတာ။ လွှတ်တော်ထဲ တင်လိုက်ရင် လွှတ်တော်ထဲကနေပြီးတော့ ဒီအတိုင်းဆုံးဖြတ်မှာပဲ။ ဆုံးဖြတ်လိုက်လို့ ဆုံးဖြတ်ချက်ကျသွားပြီး ဒီဟာကြီးကို ဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် မြစ်ဆုံဆည်လုပ်ငန်းဟာ တရားဝင် လုပ်ကိုင်နိုင်အောင် လိုင်စင်
ပေးတာနဲ့ အတူတူပဲ”

မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်


သိပ်မကြာခင်က ဂျာနယ် တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့ အတွက် ရက်ပေါင်းများစွာ စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။ စိတ်လက်မ ကြည်မသာလည်း ဖြစ်ရတယ်။
ပွဲသဘင်ပေါတဲ့မြို့
မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့ နှစ်ဖွဲ့သာ ရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင်လောက်အောင်ကို အံ့သြမိတယ်။ ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးကလူတွေကို ကိုယ်တိုင်မေးကြည့်တော့မှ ဟုတ်တယ်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှ မတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ်မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ ညဘက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာပြီးသွားရတယ်။ မန္တလေး က ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို နှစ်ဆူရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ ဘာပွဲဖြစ်ဖြစ် အငြိမ့် တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ ၂ရက် ကျင်းပမြဲဖြစ်တယ်။ တချို့ချမ်းသာ တဲ့ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက်ထိ ထည့်လေ့ရှိတယ်။
သဘင့်တက္ကသိုလ်
ပွဲတွေများတော့ အငြိမ့်တွေ ဇာတ်တွေလည်း များတယ်။ အငြိမ့် အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်း၊ သံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာ လာပြီး စာမသင်ဖူးသေးရင် စာတတ်ပြီလို့ မယူဆကြဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည် လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေး ကို သဘင့်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြား ထူးခြားချက်တွေလည်း ရှိသေးတယ်။ ဥပမာ ဘုရားဆင်းတုတော် တွေထုလုပ်တဲ့ ကျောက်ဆစ် လုပ်ငန်း၊ ကြေးသွန်း လုပ်ငန်းနဲ့ နိဗ္ဗာန်ကုန် လို့ခေါ်တဲ့  ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချလုပ်ငန်း စတဲ့ လုပ်ငန်းတွေ အကြီးအကျယ် လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။ မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုခ်နဲ့ အနောက်မုခ် ကျောက်ဆစ်တန်းတို့မှာပဲ လုပ်ကြတယ်။
အနုပညာမြို့တော်
ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်း ဆိုရင်လည်း မြန်မာပြည် ဘယ်အရပ်ဘယ်ဒေသ မှာမှမရှိဘူး။ မန္တလေးက မျက်ပါးရပ် တစ်ခုတည်း မှာပဲလုပ်တယ်။ မြန်မာပြည်အနှံ့က ဘုရားပုထိုးစေတီများ ရွှေချဖို့ မန္တလေးကပဲ မှာယူကြရတယ်။ ရှင် ပြု၊ နားသတွေမှာ ဝတ်ဆင်ကြတဲ့ မောင်ရင်လောင်းဝတ်စုံ၊ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းသူ ဝတ်ဆင်ရတဲ့ ဒွါဒယာ ဘယက်နဲ့ စည်းပုံစတဲ့ ရွှေချည်ထိုး ပစ္စည်းများလည်း မန္တလေးက ရွှေချည်ထိုးရပ် တစ်ခုတည်းမှာပဲ လုပ်တယ်။ ဒါတွေကြောင့် ရှေးခေတ် အဆက်ဆက်ကပဲ မန္တလေးကို ယဉ်ကျေးမှု အနုပညာမြို့တော်လို့ ခေါ်ဆိုခဲ့ကြတယ်။
အလုပ်ကို စွန့်တယ် မန္တလေးကို မစွန့်ဘူး
မင်းနေပြည်တော် အဖြစ်ကနေ ဒုတိယ မြို့တော်အဆင့်ကို လျှောကျသွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။ မြန်မာ့ ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ်ရှိ နေရတာ ကိုပိုပြီး ဂုဏ်ယူကြတယ်။ ပိုပြီးမြတ်နိုးကြတယ်။ အစိုးရဝန်ထမ်းတွေ  ရာထူးတက်ပြီး ရန်ကုန် ကို ပြောင်းရတယ်ဆိုရင် ရာထူးကို မယူဘဲ မန္တလေးမှာပဲ တွယ်ကပ်ပြီး နေကြတယ်။ ငြင်းမရဘူးဆိုမှ မန္တလေးက ခွာတယ်။ တချို့နောက်ခံ တောင့်တင်း သူများဆိုရင် အလုပ် ကိုစွန့်လိုက်တယ်။ မန္တလေးကိုမစွန့်ဘူး။ မန္တလေးသားတွေ မန္တလေး ချစ်တာကို ရန်ကုန်က လူတွေက နားမလည်နိုင်ကြဘူး။ အမြင်ကျဉ်းတယ်။ ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။
အမြင်ကျဉ်းတာမဟုတ်ဘူး
အမှန်တော့ ဒေသစွဲကြီးတာ မဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကိုချစ်တာ၊ တွယ်တာ မြတ်နိုးတာဖြစ်တယ်။ အမြင်ကျဉ်းပြီး ငါမြို့မှငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဆိုတဲ့ သဘောမရှိဘူး။ မင်းတုန်းမင်း တရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်း တရားလက်ထက်မှာ ဖမ်းဆီး ခေါ်ဆောင်လာခြင်းခံခဲ့ရတဲ့ ယိုးဒယား လူမျိုး လက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကို ရပ်ကွက်တည်ပေးပြီး စုဝေးနေထိုင်စေခဲ့တဲ့ အတွက် မြန်မာတွေနဲ့ ထွေးရော ယှက်တင် နေခဲ့ကြတယ်။ ပသီမျိုး နွယ် အစ္စလာမ်ဘာသာဝင်များ အတွက်လည်းရပ်ကွက်တွေ တည် ပေးပြီး ဗလီကျောင်းကြီးတွေ တခမ်းတနားဆောက်လုပ်နေထိုင် စေခဲ့တယ်။ အမေရိကန်သာသနာ ပြုဆရာ ဒေါက်တာမတ်ကြီးကို လည်း  သာသနာပြုခွင့်ပေးရုံမက စာသင်ကျောင်းပါဆောက်ပေးပြီး စာသင်စေခဲ့တယ်။ အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံပညာသင် ကြားစေခဲ့တယ်။
ဆွေလိုမျိုးလိုနေကြ
မန္တလေးမှာ ရတနာပုံ နေပြည်တော်သတင်းစာ ထုတ်ဝေတော့လည်း တရုတ်လူမျိုး ဦးအဟီးကို အယ်ဒီတာခန့်ပြီး ဘိုးဝဇီရနဲ့ အတူ လုပ်ကိုင်စေခဲ့တယ်။ မြန်မာလူမျိုးများ ဟာ ရှေးဟောင်းအစဉ်အဆက် ကတည်းက ဘာသာခြားတွေ၊ လူ မျိုးခြားတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေခဲ့ကြတာဖြစ်တယ်။ ဇာတ်ခွဲတာတွေ ခွဲခြားဆက်ဆံတာ တွေ မရှိဘူး။ အားလုံးကို ဆွေမျိုးလိုပေါင်းသင်းတယ်။ သဘာဝကိုက ခင်မင်တတ်တော့ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြား လူမျိုးခြားတွေကလည်း တုံ့ပြန်ပြီး ခင်ခင်မင်မင်နဲ့ ဆွေမျိုးလို ဆက်ဆံကြတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန် ရောက်တော့ ဘာသာခြား လူမျိုး ခြားရယ်လို့တောင် မထင်မှတ်ကြတော့ဘူး။ အားလုံး ရောရောနှော နှောနဲ့ သူ့အိမ်ကိုယ်ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့အိမ်ရဲ့ဘယ်ဘက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်း နန်ဒူးတို့ အိမ်ရှိတယ်။ သူက ဟိန္ဒူလူမျိုး ဖြစ်တယ်။ ညာဘက်ကတော့ တရုတ်လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေ တစ်ခု သမီးတစ်ခု နေကြတာမို့ ကျွန်တော် တို့ကိုပဲ ဆွေမျိုးလို မှတ်ယူထားကြတယ်။
ဗမာတွေဖြစ်ကုန်ကြ
အိမ်နောက်ဘက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျောင်းမှာ အတူနေကြတာဆိုတော့ အမြဲတမ်း လည်ပင်းဖက် နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာ ရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး၊ အားလုံး ဗမာစကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာ ကြသူတွေက ဗမာစကား တစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘူး။ အုတ်တံတိုင်း အမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာ သူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်က ဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်း မျက်နှာထားတင်းတင်းနဲ့ မတူသလိုမတန်သလို ကြည့်ပြီး မျက်နှာလွှဲသွားကြတယ်။ သူတို့က လာမရော သလို သူတို့ကို လာရောတာလည်း မကြိုက်ဘူး။
သူတို့လူများစု
ဘယ်သူနဲ့မှမရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့။ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက်တိုင်းမှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။ တချို့ရပ်ကွက်တွေဆို သူတို့တောင် လူများစု ဖြစ်နေသေးတယ်။ မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကို သူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံမြို့ခံတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိ တောင်ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင်ကြတော့ဘူးလေ။
ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်
ပိုက်ဆံတွေ ဘယ်လိုရလို့ ဘယ်လောက်ထိများပေါနေသလဲ မသိတော့ဘူး။ ဒီလူတွေက အခုဆို မန္တလေးကနေပြီး ထားဝယ်တို့ ကျောက်ဖြူတို့အထိပါ သွားပြီး ဝယ်နေကြတယ်တဲ့။ ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က  စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။  မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။ ဘုရားပွဲတွေ မကျင်းပနိုင်တော့ဘူး ဆိုတော့ အငြိမ့်တွေ ဇာတ်တွေလည်း ဘယ်ကရတော့မှာလဲ။ အစကတော့ ဇွဲမလျှော့ဘဲ တင်းခံသေးတယ်။ ကြာတော့ ဘာသားနဲ့ထုထားလို့ ခံနိုင် တော့မှာလဲ။ အငြိမ့်တွေ ဇာတ်တွေ က တဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြ ရပါတော့တယ်။
ဗမာစာပါ ပျောက်မှာစိုး
ယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ဆုံးရှုံးမှုဖြစ်တယ်။ ယဉ်ကျေးမှုပပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။ အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါသင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကို ကာကွယ်စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြရတာဖြစ်တယ်။ ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။
လူထုစိန်ဝင်း

‘နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့က ပညာဟာအကြီးမားဆုံးအရင်းအနှီးပဲ’ ဂုဏ်ထူး ဦးသိန်းနိုင်နှင့် တွေ့ဆုံခြင်း

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ဥပဒေ ကြမ်း များ၌ကိုယ်ပိုင်ကျောင်းဥပဒေ ပါရှိခဲ့သည်။ ထိုဥပဒေထွက်ပေါ် လာပြီးနောက် ၂ဝ၁ဝ တွင် ဥပဒေမရှိ အမိန့်ညွှန်ကြားချက်ဖြင့်သာ ဖွင့်လှစ်ခဲ့သည့် ပုဂ္ဂလိကကျောင်း ၂၂ ကျောင်းထဲမှ ဂုဏ်ထူးဦးသိန်းနိုင် ပုဂ္ဂလိကကျောင်း တည်ထောင် ခဲ့သူ စာသင်သက်နှစ် ၆ဝရှိ ဆရာဦးသိန်းနိုင်နှင့် တွေ့ဆုံကာ ပုဂ္ဂလိကကျောင်းတို့၏ လက်ရှိအခြေအနေနှင့် အနာဂတ်အလားအလာကို တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက် ပါသည်။
မေး    - ဥပဒေထွက်မလာသေးတဲ့အချိန်မှာ ဆရာတို့ကိုယ်ပိုင်ကျောင်းတွေကို ဘယ်လိုစံ သတ်မှတ်ချက်တွေနဲ့ စဖွင့်ခဲ့ပါသလဲ။
ဖြေ – ကိုယ်ပိုင်ကျောင်း (အလွတ်ပညာသင်ကျောင်း)က တိုင်းပြည်အတွက်လိုအပ်တယ်လို့ လူကြီးတွေကခံယူတယ်။ တကယ်ဖွင့်တဲ့အခါ ဘယ်လိုအခက်အခဲများ ရှိနိုင်မလဲလို့ စမ်းသပ်တာ။ ကျောင်း ၁ဝ ကျောင်းစလုံးကို အကြိမ်ကြိမ်စစ်တယ်။ ကလေးတွေရဲ့ အရည်အချင်းက တိုးတက်လာတယ်။ ကလေးတွေတိုးတက်တာ ဟုတ်ပါ ပြီ။ သူတို့အတွက် အဆင့်မြင့်တဲ့နေထိုင်မှုရှိလား၊ ကျန်းမာရေးနဲ့ညီရဲ့လား၊ ကောင်းတဲ့လူမှု ပတ်ဝန်းကျင်ရှိရဲ့လားပေါ့။ ဒါမျိုးတွေကိုကြည့်ပြီး သဘောကျတယ်လို့ ယူဆပါတယ်။
မေး- ဥပဒေထွက်လာရင် ဆရာတို့အနေနဲ့ ထပ်ပြီးပြောင်းလဲ ဆောင်ရွက်ဖို့ရှိပါသလား။
ဖြေ – အခုဆောင်ရွက်နေတာက ဥပဒေနဲ့ညီတယ်လို့ ထင်ပါတယ်။ မညီဘူးဆိုရင်လည်း ညီအောင်လုပ် ရမှာပဲ။
မေး – ဥပဒေထွက်လာခြင်းကြောင့် ဆရာတို့အတွက်၊ ကျောင်းသား မိဘတွေအတွက် ဘယ်လိုသက်ရောက်မှုရှိစေမလဲ။
ဖြေ – ကိုယ်ပိုင်ကျောင်းတွေကို အားထားကြတဲ့ မိဘတွေက ရှေးကလည်းများတယ်။ နောင်လည်းများမယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ စပြီးလက်ခံ ကတည်းက သင်နိုင်တဲ့ပမာဏထက် ပိုပြီး လက်မခံရဲဘူး။ မိဘတွေက ဘာကို ယုံကြည်လဲဆိုရင် တစ်ဦးချင်းစီကို ဂရုစိုက်နိုင်တာကိုပေါ့။
မေး – လက်ရှိမြန်မာနိုင်ငံမှာ ကိုယ်ပိုင်ကျောင်းတွေဘယ်လောက်အထိ ထပ်ဖွင့်ဖို့လိုနေသေးလဲဆိုတာ  သိချင်ပါတယ်။
ဖြေ – ကိုယ်ပိုင်ကျောင်းဆိုတာ ကလေးတွေ ပညာအသိတရားရစေတဲ့လူငယ်တို့ရဲ့ အရည်အချင်းကို စပြီးတပ်ဆင်ပေးတဲ့နေရာပဲ။ အစိုးရကလည်း သူတို့သတ်မှတ်ထားတဲ့ အရည်အသွေးရှိရင် ဖွင့်ခွင့်ပေးမှာပဲ။ အခုဆိုရင် တွဲဖက်အထကကို အထကအဆင့်၊  အလကကို အထက အဆင့်တိုးပေးနေတာတွေ တွေ့ရတယ်။ များလေကောင်းလေ ပဲ။ ကိုယ်ပိုင်ကျောင်းတွေလည်းအဲ ဒီလိုပဲ ဖြစ်လာပါလိမ့်မယ်။
မေး – မြန်မာ့ပညာရေးလောက ရဲ့ အလားအလာကို သုံးသပ်ပေးစေချင်ပါတယ်။
ဖြေ – ဥပဒေကြမ်းတင်လိုက်ခြင်းသည်ပင် မြန်မာ့အနာဂတ်လမ်းကြောင်း တစ်ဆစ်ချိုးကွေ့ပြီလို့ ပြော လို့ရတယ်။ ”နိုင်ငံတစ်နိုင်ငံတိုးတက် ဖို့က ပညာဟာအကြီးမားဆုံး အရင်း အနှီးပဲ”။တစ်ကျောင်းနဲ့တစ်ကျောင်း ငြိမ်းချမ်းစွာယှဉ်ပြိုင်တာတွေ များလာလေ ကလေးတွေအတွက် ကောင်းလေပါပဲ။ ဒီနေရာမှာ တစ်ခုရှိတာက အမြတ်အစွန်း အတွက် စီးပွားရေးသမားတွေဝင်လာနိုင်ပါတယ်။ စီးပွားရေးသမားကတော့ ကလေးတွေလူတစ်လုံး သူတစ်လုံးဖြစ်ဖို့ထက် သူတို့ဘဏ်စာရင်းမှာ ငွေတိုးဖို့ပဲ ကြိုးစားမှာ။ စီးပွားရေးသမားတွေ ကိုတော့ တခြားစီးပွားရေးပဲလုပ် စေချင်ပါတယ်။
မေး – ဆရာတို့ကျောင်းတွေက ဘာတွေထပ်မံဖြည့်စွက်ဆောင်ရွက် နေပါသလဲ။
ဖြေ – ကလေးတွေ (ကျောင်းသားအတွက် အမျိုးသားဆရာဝန်) (ကျောင်းသူအတွက်အမျိုးသမီးဆရာဝန်)လုံခြုံရေး၊ ကျောင်းသင်ခန်းစာနဲ့ ပတ်သက်တဲ့ လက်တွေ့ စမ်းသပ်ခန်းတွေ၊ ကွန်ပျူတာတွေ၊ Audio Lab တွေဖြည့်ထားပါတယ်။
မေး – ထပ်ဆောင်းဘာသာရပ်တွေ သင်ပေးတာမျိုးရှိပါသလား။
ဖြေ – သင်ရိုးမာတိကာကလွဲရင် ကလေးတွေဝါသနာဆိုင်ရာ ကိစ္စတွေပေါ့။ ဂီတ၊ ပန်းချီ၊ အင်္ဂလိပ် စကားပြော၊ ကွန်ပျူတာ စတာတွေ သင်ပေးတယ်။ ဒ့ါအပြင် ကျပန်း စကား ပြောတာတို့၊ ကဗျာစပ်တာတို့လည်း သင်ပေးပါတယ်။
မေး – ဥပဒေထွက်လာရင် ကိုယ်ပိုင်ကျောင်းရဲ့ပညာသင်စရိတ်ပြောင်း လဲဖို့ရှိပါသလား။
ဖြေ – ဥပဒေက ဆရာတို့မျက်စိနဲ့တော့ မမြင်ရသေးဘူးပေါ့။ ကြား ရတာကတော့ အစိုးရက ဒီကျောင်းစရိတ်ကိုတော့ ဝင်မစွက်ဖက်ဘူး။ ဒါပေမဲ့ စာရင်းဇယားရှိရမယ်ပေါ့။ ဆရာတို့ပုံမှန်နှုန်းထားအတိုင်းပဲ သွားနိုင်မယ်ထင်ပါတယ်။
မေး – ဥပဒေမထွက်ခင်လုပ်ရတဲ့ အခြေအနေနဲ့ ဥပဒေထွက်ပြီး အခြေအနေ ကွာခြားမှုရှိနိုင်မလား။
ဖြေ – မရှိနိုင်ဘူးထင်တယ်။ အခု လုပ်နေတာကိုက သာမန်ကျောင်း ထက်များစွာပိုတဲ့တာဝန်တွေကို ထမ်းနေတာဆိုတော့ ပိုပြီးတော့ မ လုပ်နိုင်စရာအကြောင်းမရှိဘူးထင် တယ်။ ညွှန်ကြားချက်တွေ အခါ အားလျော်စွာထွက်လာရင်လည်း မလိုက်နာနိုင်စရာအကြောင်းမရှိပါဘူး။
မေး – ကိုယ်ပိုင်ကျောင်း ဆရာတွေနဲ့ပတ်သက်ပြီး အရည်အချင်း သတ်မှတ်ချက်ဆိုတာ ဥပဒေမှာ ပါလာမယ်လို့ အကြမ်းဖျင်း ကြားသိထားရတဲ့အတွက် ဆရာတို့ ဘာအခက်အခဲ ရှိနိုင်မလဲ။
ဖြေ – ဆရာတို့သင်နေတာကတော့ လုပ်သက်နှစ် ၂ဝ၊ ၃ဝ ရှိတဲ့ ဆရာတွေချည်းပဲ။ လုပ်သက်မပြည့်တဲ့သူတွေလည်း မခေါ်ရဲဘူးလေ။ စာမသင်တတ်သူ သင်ရင် ဘယ်လောက်လွယ်လွယ် ခက်သွားတတ်တာကိုး။
မေး – တခြားဖြည့်စွက်ပြောချင်တာများ ရှိရင်ပြောပေးပါဆရာ။
ဖြေ – အထူးသဖြင့် မိဘတွေအနေနဲ့ကျောင်းအပ်ကြတဲ့အခါ နားကြားနဲ့ အပ်ဖို့မကောင်းဘူး။ ကိုယ်တိုင်သွားကြည့်ဖို့ တိုက်တွန်းချင်တယ်။ ဘယ်လိုသင်လဲ၊ ဘယ်လို အုပ်ချုပ်လဲဆိုတာ သေချာကြည့်ပြီး အပ်စေချင်တယ်။
မေဇင်ဝင်း

ကျောက်ဖြူမြို့နယ်တွင် အပေါ်ယံ မြေကြောမှ ရေနံထွက်၍ လူအများအပြား သွားရောက် တူးယူနေ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ငလကျွန်းနှင့် လိပ်ခမော်ကျေးများတွင် အပေါ်ယံ မြေကြောမှ ရေနံများ တူးဖေါ် ထွက်ရှိနေသဖြင့် ဒေသခံပြည်သူ များ အုပ်စုလိုက် သွားရောက်တူးယူ နေကြကြောင်း သတင်း ရရှိသည်။
ဒေသခံ တစ်ဦးက ထိုသို့ ရေနံထွက်နေကြောင်းကို နိရဉ္စရာသို့ ယခုလို အတည်ပြု ပြောကြားသည်။

  ဒေသခံများက ရိုးရာ လက်ယပ် ရေနံတွင်း တစ်ခုကို တူးနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ဒေသခံများက ရိုးရာ လက်ယပ် ရေနံတွင်း တစ်ခုကို တူးနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
" ဟုတ်ကဲ့။ အခု ထွက်နေတဲ့ နေရာက ကျောက်ဖြူက ၆ မိုင်၊ ၇ မိုင်ခန့်ဝေးတဲ့ ငလကျွန်းကျေးရွာရယ်၊ လိပ်ခမော် ကျေးရွာရယ်။ အဲဒီကျေးရွာတွေမှာထွက်နေပါတယ်။ ပိုက်ဆံ တတ်နိုင်တဲ့သူတွေက ပိုက်ဆံ နှစ်သိန်း ကနေ သုံးသိန်းထိ အရင်းစိုက်ထုတ်ပြီး တူးနေကြပါတယ်။ တစ်နေ့ကို တွင်းတစ်တွင်းကနေ တိုင်ကီ လေးလုံး၊ ငါးလုံး ထွက်နေတဲ့ တွင်းတွေလည်း ရှိနေပါတယ်" ဟု ပြောသည်။

ထိုသို့ တူးယူရာတွင် ရှေ့ရိုးရာ လက်ယက်တွင်း တူးဖေါ်မူ စနစ်ဖြင့် တူးဖေါ်နေကြပြီး လက်တောင် ၇၀- ၈၀ တူးဖေါ်ရုံမျှဖြင့် ရေနံများထွက်နေကြောင်း သိရသည်။

ထိုသို့ ရေနံများ အလွယ် တကူ တူးဖေါ် ရရှိနေရာမှ ဒေသခံများ သွားရောက် တူးယူနေကြသဖြင့် အဆိုပါ ဒေသ အနီးတ၀ိုက်တွက် မြေဈေးများလည်း တက်သွားခဲ့သည်။ မြေကွက် (၁) ကွက်ကို ကျပ်လေးငါးသိန်း ဖြင့် ဌားရမ်းပြီး တူးဖေါ်သူများလည်း ရှိနေကြောင်းသူက ပြောသည်။

ယခုကဲ့သို့ ရေနံများ တူးဖေါ်ထွက်နေရှိသည်ဆိုသော သတင်းကြောင့် ကျောက်ဖြူမြို့ပေါ်က လူတွေ သွားရောက် တူးနေကြသူများ ရှိသလို တခြားလူတွေလည်း သွားတူးဖို့ စိတ်ဝင်စားနေကြသည်ဟု သူက ပြောသည်။

တွင်းတိမ်တိမ် တူးရုံမျှဖြင့် ရေနံ စိမ်းများ အလွယ်တကူ ထွက်နေသည့် အပေါ် သူက ယခုလို သုံးသပ် ပြောဆိုသည်။


" အခု ထွက်နေတာက အပေါ်ယံ မြေကြီးက ဖြစ်ဖို့များပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ရေနံက သိပ်အနက်ကြီး မတူးရလို့ပါ။ ကျနော်တို့ လေ့လာကြည့်ရင် အဲဒီဒေသက လူတွေ အလိုလို စမ်းတူး နေကြတယ်။ လက်နဲ့ ဂျိုင့်ကလေးကို ဆင့်ပီးဆင့်ပီး တူးနေကြတဲ့အခါ ရေနံက ထွက်လာတာပါတယ်။ ရေနံက ထွက်ချင်တဲ့ အခါ ထွက်လာတဲ့ သဘောပါ။ ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကလည်း အဲဒီ ဒေသမှာ ခုလိုဘဲ ရေနံတွေ ထွက်ခဲ့ပါတယ်။ နောက်တော့ ပြန်ပျောက်သွားတယ်။ အခုတခါ ပြန်ပေါ်လာတယ်။ ရွာသား တွေ ကတော့ ခုလို ရေနံတွေ ထွက်နေတာကို နတ်ပေးတယ်လို့ ထင်နေကြပါတယ်" ဟု သူက ပြောသည်။ ၎င်းပြင် သူအနေနှင့် ယခု ရေနံများ ပြန်ထွက်လာခြင်းမှာ မြေလွှာများ ရွှေ့လျားနေမူအရ ရေနံကြောများ ပျောက်သွားပြီး ယခု ပြန်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်း ပြောသည်။
ကျောက်ဖြူမြို့နယ်မှ လက်ယပ်ရေနံတွင်းများကို ဓနိများဖြင့် မိုးထားကြရသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူမြို့နယ်မှ လက်ယပ်ရေနံတွင်းများကို ဓနိများဖြင့် မိုးထားကြရသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)

လက်ရှိ တူးဖေါ်နေသော တွင်းပေါင်း ၄၀နှင့် ၅၀ အကြားရှိပြီး အများစု တူးဖေါ်နေသောတွင်းများတွင် ရေနံစိမ်းများ ထွက်နေကြောင်း သိရသည်။

ယခုကဲ့သို့ ရေနံများ ထွက်ရှိနေသော သတင်းကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ အပါအ၀င် ရဲအရာရှိများနှင့် တခြား ဌာနဆိုင်ရာ အရာရှိများ ရောက်ရှိလာပြီး ရေနံတူးဖေါ်နေသူများထံမှ ပိုက်ဆံများ ကောက်ယူနေရန် စီစဉ်နေကြောင်းလည်း သိရသည်။

လူမူရေး လုပ်ငန်းဆောင်ရွက်နေသူ တစ်ဦးက " ကျွန်တော်ကြားတာက ပိုက်ဆံ တောင်းဖို့ စီစဉ်နေတယ် လို့ ကြားပါတယ်။ ဒါပေမယ့် တရားမ၀င် ကောက်ရင် ပြဿနာတက်နိုင်တဲ့ အတွက် ဘယ်ခေါင်းစဉ်နဲ့ ပိုက်ဆံ ကောက်မလဲဆိုပြီး နည်းလမ်း ရှာနေကြတယ်လို့ ကြားပါတယ်။ တခုသေချာတာကတော့တွင်းတူး နေသူတွေရဲ့ အမည်စာရင်းတွေကို ကျေးရွာ အုပ်ချုပ်ရေးမှူးဆီက တဆင့် သူတို့ ယူသွားတယ်လို့ ကြားပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်က ကျောက်ဖြူဒေသတွင် မြေအောက်တွင် ရေနံကြောများ ရှိနေသဖြင့် ယခုလို ရေနံစိမ်း များကို ဒေသခံများက ရိုးရာ လက်ယပ်တွင်းများဖြင့် မကြာခဏ တူးဖေါ် ရရှိ နေကြောင်း သိရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း ကျောက်ဖြူမြို့နယ် ရေနံတောင် ဒေသတွင် ရေနံများ အကြီးအကျယ် ထွက်ခဲ့သဖြင့် ဒေသခံ ပြည်သူများ ထောင်ချီပြီး သွားရောက် တူးဖေါ်ခဲ့ကြသည်။

ခရမ်းမြို့က မေတ္တာရှင်မလေး....


သူငယ်ချင်းတို့ရေ...

ခရမ်းမြို့နယ် NLD လူငယ်အဖွဲ့ဝင် မသင်းသင်းယုဟာ အမေစုရဲ့ ဆင်းရဲနွမ်းပါးသော ကလေးများ ပညာရေးဖွံဖြိုးမှု အစီအစဉ်ကို ၀ိုင်းဝန်း အကောင်အထည်ဖေါ်တဲ့ အနေနဲ့ ဆရာတော်ဦးကောသလ္လ နှင့် ခရမ်းမြို့ နယ်NLD လူကြီးများ ၀ိုင်းဝန်းကူညီမူနဲ့ သူမရဲ့ အိမ်ကလေးမှာ ကလေးငယ်(၇၄) ယောက်ကို အခမဲ့ ပညာသင်ကြား နေပါတယ်။ မွန်မြတ်တဲ့သူမရဲ့ စေတနာနဲ့ အမေစုရဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖေါ်တဲ့အနေဖြင့် အမေ့အရိပ်(အခမဲ့) ပညာဒါန ကျောင်းဆိုင်းဘုတ်တင်ပွဲနဲ့ အလှူငွေပေးအပ်ပွဲကို (၁၁.၉.၁၁)နေ့ ခရမ်းမြို့နယ်(၁၀) ရပ်ကွက်က သူမရဲ့ နေအိမ်မှာ NLD အဖွဲ့ချုပ်ရဲ့ ဦးဆောင်မူနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 NLD အဖွဲ့ချုပ်မှဆရာ ဦးအောင်ကြည်ညွန့် တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ အမေ့အိမ်(လှိုင်သာယာ) ပညာဒါနကျောင်းမှ အလှူငွေ ၁၀၀၀၀၀ိ/ တစ်သိန်းကျပ်နှင့် ကျောင်းဆိုင်ဘုတ် နှစ်ခု၊ အခြားအလှူရှင် သုံးဦးမှ စုစုပေါင်းအလှူငွေ ၄၆၀၀၀ိ/ ကျပ်ကို ခရမ်းမြို့ အမေ့အရိပ်(အခမဲ့) ပညာဒါနကျောင်းလေးကို ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။ အမေစုရဲ့ ဆင်းရဲနွမ်းပါးသောကလေးများ ပညာရေးဖွံဖြိုးမှု အစီအစဉ်ကို အားလုံးသာဓု ခေါ်နိုင်ရန် တင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုငယ်(၀၉ ၅၁၆၂၀၆၀)
အမေအိမ်ပညာရေးကော်မတီ

အကျဉ်းသား များ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် ဆောင်ရွက်မည် ဟု ယူဆ ကြောင်း

နိုင်ငံတော် သမ္မတ အနေဖြင့် အကျဉ်းသား များ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် ဆောင်ရွက်မည် ဟု ယူဆ ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဆို
အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆောင်ရွက် ပေးမည် ဟုယူဆကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဆိုသည်။
နေပြည်တော် ရှိ လွှတ်တော် အဆောက် အအုံ သဘင် ဆောင်တွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအပြီးတွင် ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ် များ ကပြုလုပ်သော သတင်းစာ ရှင်း လင်းပွဲတွင် ဦးဌေးဦးက ယင်းသို့ပြော ကြားသွားခြင်းဖြစ်သည်။
“ဟိုအရင်အစိုးရအဆက်ဆက် ကလည်း နေ့ထူးရက် ထူးတွေရှိတိုင်း အခါကြီး ရက်ကြီးတွေမှာ အကျဉ်း သားတွေ လွှတ်ပေးလေ့ ထုံးစံလည်း ရှိတယ်။ ဒါကြောင့် သမ္မတကြီး အ နေနဲ့လည်း သင့်တော်တဲ့ အချိန်မှာ လွှတ်ပေးသင့် တဲ့ အကျဉ်းသားတွေ လွှတ်ပေး နိုင်ရေး အတွက် ဆောင် ရွက်မယ် လို့မျှော်လင့်ပါတယ်။ ကျွန် တော်တို့ အဲဒီချိန် ထိစောင့်ကြည့်ပါ။ အခုက ခဏလေး ပဲရှိသေးတယ် လို့ ပြောချင် ပါတယ်” ဟု ဦးဌေးဦးက ဆို သည်။
အကျဉ်းသားများ လွတ်ငြိမ်းခွင့် ကို မေ ၁၆ ရက်က အစိုးရ သစ် တက်လာပြီး နောက် သမ္မတအမိန့် အမှတ်၂၈ / ၂၀၁၁ အရ မြန်မာနိုင်ငံ ရှိအကျဉ်းကျ စခန်း အသီးသီးတွင်အ ကျဉ်းကျ ခံနေရသော အကျဉ်းသား များကို သာမန် ရရှိသော လျှော့ပေါ့ ရက်အပြင်  တစ်နှစ် လျှော့ပေါ့ပေးခဲ့ ပြီး သေဒဏ်ကျ အကျဉ်းသားများ ကို လည်း တစ်သက် တစ်ကျွန်းသို့ လျှော့ ပေါ့ပေးခဲ့သည်။
ကျော်ဇေယျာဝင်း

ဘယ်သူအာဏာပိုင်လဲ

အာဏာပိုင်များ၊ အာဏာပိုင်အဖွဲ့အစည်းများဆိုတဲ့ စကားဟာ မြန်မာစကားမှာ အတော်တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတဲ့ စကားများဖြစ်တယ်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရ၀န်ထမ်းတွေကို ရည်ညွှန်းပြောဆိုကြတာပါ။

တစ်ချက်လွှတ်အမိန့်
တစ်ပါတီတစ်ဖွဲ့တစ်စည်းက အာဏာသုံးရပ်စလုံးကိုချုပ်ကိုင်ထားပြီး တစ်ချက်လွှတ်အမိန့်ပြန်တမ်းများနဲ့ အုပ်ချုပ်တဲ့အာဏာရှင်စနစ် အောက်မှာတော့ ဒီအသုံးအနှုန်းများဟာ လျော်ကန်သင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေလို ဒီမိုကရေစီပြယုဂ်တွေ အစုံအလင်နဲ့ အစိုးရမျိုးလက်ထက်မှာတော့ ဒီအသုံးအနှုန်းတွေဟာ ဆီလျော်အပ်စပ်ခြင်းမရှိတော့လို့ မသုံးသင့်တော့ဘူး။ သက်ဆိုင်ရာဌာနများ၊ အစိုးရ၀န်ထမ်းများဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးသုံးစွဲသင့်ကြတယ်။

ဖျောက်ဖို့ခက်ပေမယ့်
နှစ်ပေါင်းငါးဆယ်လောက် ပါးစပ်ထဲမှာစွဲနေတာတွေမို့ ရုတ်တရက် ဖျောက်ဖို့ခက်တာမှန်ပေမယ့် နေ့စဉ်တဖွဖွပြောနေကြတဲ့ ဒီမိုကရေစီဆိုတဲ့ အသံနဲ့နည်းနည်းမှ မအပ်စပ်ပါဘူး။ ပျောက်အောင် ဖျောက်ရပါလိမ့်မယ်။ အာဏာပိုင်ဆိုတဲ့စကားဟာ ကိုလိုနီခေတ်မှာ အတော်လေးသုံးစွဲကြတယ်။ အထူးအာဏာရ ရာဇ၀တ်တရားသူကြီးတို့ အထူးအာဏာရ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ စသဖြင့်သုံးကြတယ်။ မြို့အုပ်မင်းရုံးထိုင်လို့ သူကြီးမရှိတဲ့ မြို့နယ်လေးတွေမှာတော့ အရပ်ထဲက လူရိုသေရှင်ရိုသေပုဂ္ဂိုလ် တစ်ယောက်ယောက်ကိုရွေးပြီး သမာဓိမြို့ဝန်မင်းတို့၊ အထူးအာဏာရသမာဓိမြို့ဝန်မင်း တို့ဆိုပြီး ခန့်ထားခဲ့ကြတယ်။

မတော်လှန်ရဲအောင်
ကိုလိုနီလက်အောက်ခံနိုင်ငံတိုင်းမှာ အုပ်ချုပ်သူမျက်နှာဖြူ အရှင်သခင်ကြီးတွေက အာဏာပိုင်သခင်ကြီးတွေဖြစ်ပြီး ဌာနတိုင်းရင်းသားအုပ်စိုးခံတွေက ကျွန်တွေအစေအပါးတွေ ဖြစ်ကြတယ်။ အုပ်စိုးခံတွေ ကြောက်လန့်ပြီးမတော်လှန်ရဲအောင် အနိမ့်ဆုံးအဆင့် သူကြီးလောက်ကို အထူးအာဏာရသူကြီးမင်းတို့၊ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ လုပ်ထားကြတယ်။ မျက်နှာဖြူဘုရင်ခံနဲ့ အပေါင်းပါတွေတောပစ်ထွက်ရာမှာ လူတွေမောင်းထုခေါ်ပြီး တောခြောက်ပေးတဲ့ သူကြီးကလည်း 'ဘုရင်ခံမင်းတရားကြီး၏ ခြောက်လုံးပြူးဆုတော်မြတ် ပေးသနားခြင်းခံရသော အထူးအာဏာရ တိုက်သူကြီးမင်း' ဆိုတာမျိုးဖြစ်နေတယ်။ အဓိကကတော့ သာမန်တိုင်းသူပြည်သားတွေ ခေါင်းမဖော်ရဲအောင် ချိုးနှိမ်ဖိနှိပ်ထားဖို့ဖြစ်တယ်။

ကြောက်စိတ်မပျောက်
ကိုလိုနီနယ်ချဲ့သမားတွေရဲ့ အကြောက်တရားနဲ့ အုပ်စိုးခြင်းနည်းဗျူဟာက တော်တော်ထိရောက်တယ်။ ကိုလိုနီလက်အောက်ခံဘ၀ လွတ်မြောက်လာခဲ့တာ နှစ်ပေါင်းခြောက်ဆယ်ကျော်နေပြီ ဖြစ်တာတောင် မြန်မာလူမျိုးများဟာ ရုံးပြင်ကနားသွားရမှာ အင်မတန်ကြောက်ကြတယ်။ သခင်မျိုးဟေ့ တို့ဗမာလို့ပါးစပ်က ဘယ်လောက်အော်နေအော်နေ ကြောက် စိတ်ကဘယ်လိုမှ ဖျောက်လို့မပျောက်သေးဘူး။ ရုံးနားဂါတ်နားရောက်ရင် အလိုလိုနေရင်း ကျောထဲကစိမ့်စိမ့် လာတတ်ကြတယ်။ ဘယ်လောက်ပဲပြောပြော ယူနီဖောင်းဝတ်နဲ့ ရဲစာသင်(ဆာဂျင်)လောက် လာရင်ကို အာဏာပိုင်ပုဂ္ဂိုလ်ကြီးလာတယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေ လာတယ်ဆိုပြီး ခြေမကိုင်မိလက်မကိုင်မိ ပျာပျာသလဲဖြစ်နေကြရတယ်။

အရက်ယူခဲ့၊ ကြက်ယူခဲ့
'ပညတ်သွားရာဓာတ်သက်ပါ' ဆိုတဲ့စကားရှိထားတဲ့အတိုင်း ရဲစာသင်လောက်၊ မြို့အုပ်မင်းရဲ့တောလိုက်စာရေးလောက်၊ ပျာတာတော်မင်းလောက်ကလည်း သူတို့ကိုယ်သူတို့ တကယ်ကိုအာဏာပိုင်စိုးတဲ့ ပုဂ္ဂိုလ်ကြီးများအဖြစ် မှတ်ယူနေကြပြီး အရပ်သူအရပ်သားများကို တွေ့တာနဲ့ ဟိန်းဟောက်ခြိမ်းခြောက် လုပ်ကြတယ်။ အရက်ယူခဲ့၊ ကြက်ယူခဲ့နဲ့ အာဏာပါဝါပြကြတယ်။ တောသူတောင်သားတွေသာမဟုတ်ဘူး မြို့ပေါ်ကပညာတတ် လူတန်းစားတွေတောင် ဟိန်းဟောက်ခြိမ်းခြောက်ရင် ကြောက်ဒူးတုန်ကြတယ်။ အကျိုးသင့်အကြောင်းသင့် ပြန်လှန်မပြောရဲကြဘူး။ နှုတ်ဆွံ့ပြီး အ,အကြီးတွေလို ဖြစ်နေကြတော့တယ်။

ခေတ်ကြီးပြောင်းနေပြီ
အဲဒါကြောင့် 'ပညတ်သွားရာ ဓာတ်သက်ပါ' မဖြစ်ရလေအောင် အာဏာပိုင်ပုဂ္ဂိုလ်များတို့၊ အာဏာပိုင် အဖွဲ့အစည်းများတို့ဆိုတဲ့ အသုံးအနှုန်းတွေကို ပပျောက်စေချင်တာပါ။ ဘာပဲပြောပြော ခေတ်ကြီးကပြောင်းနေပါပြီ။ အရှေ့အလယ်ပိုင်းက ဘုရင်ကြီးတွေ၊ ဆူလတန်ကြီးတွေနဲ့ အာဏာရှင်ကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ရာဇပလ္လင်ပေါ်က ဆင်းသွားကြရပါပြီ။ မြန်မာပြည်မှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့၊ ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ဖြစ်နေပြီ။ တစ်ခေတ်ပြောင်းဖို့ တာစူချိန်ရောက်နေပြီ။

အမေးနဲ့ အဖြေ
ဒီနေရာမှာ ၁၁-၉-၂၀၁၁ နေ့ထုတ် မော်နီတာဂျာနယ်မှာပါတဲ့ အမေးအဖြေလေးတစ်ခုကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။ မေးသူကို 'ဦးမြတ်ခိုင် (လျှပ်တပြက်သတင်းဂျာနယ်၊ မော်နီတာသတင်းဂျာနယ် အယ်ဒီတာချုပ်)'လို့ ဖော်ပြထားပြီး အမေးခံပုဂ္ဂိုလ်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဖြစ်ပါတယ်။
မေး - "ပြည်ထောင်စုဝန်ကြီးအနေနဲ့ ကျွန်တော်တို့သတင်းသမားတွေ တွေ့ဆုံရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ကျွန်တော်တို့အပြင်မှာ ကြားသိနေရတာ အဘဦးစိုးသိန်းတို့ အဖွဲ့ကပျော့ပျောင်းတဲ့အဖွဲ့လို့ ကျွန်တော်တို့သိရပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျသွားနေတဲ့ ပြည်ထောင်စုဝန်ကြီးလို့ သိရပါတယ်။ အဲဒါ ဟုတ်ပါသလားလို့ သိလိုပါတယ်။ အဲဒါနံပါတ် ၁ အချက်ပါ။ နံပါတ် ၂ အချက်ကတော့ နိုင်ငံခြားငွေနဲ့ ကားဝယ်ခွင့်ရတယ်ဆိုတဲ့အခါမှာ ပိုက်ဆံရတဲ့နည်းလမ်း၊ ဥပမာငွေဖြူကိစ္စ၊ ငွေမည်းကိစ္စတွေ ပြဿနာရှိလား၊ အဲဒါကိုသိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။'

ပြည်သူလူထုကရွေးချယ်တင်မြှောက်ထား

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းအဖြေ 

ကျွန်တော်က ဒီမှာလာတာ ဧည့်သည်ဗျ။ သို့သော်လည်း လာကူညီတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ပျော့ပျောင်းတယ်၊ မာတယ်ရယ်လို့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်းစုမြို့နယ်က ပြည်သူ့ကိုယ်စားလှယ် ဖြစ်ပါတယ်။ ပြည်သူအနေနဲ့ ရွေးချယ်တင်မြှောက်ခံရပြီး ပြည်ထောင်စုဝန်ကြီးတာဝန်ကို နိုင်ငံတော်သမ္မတက တာဝန်ပေးထားတာပါ။ ပြည်သူ့အကျိုးအတွက် ကျွန်တော်တို့လုပ်ကြဖို့ ဝန်မလေးတာပါ။ တကယ်လုပ်ရမယ့်အလုပ်ဆိုရင် ကျွန်တော်တို့သံမဏိကဲ့သို့ တကယ်မာပါတယ်"
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လို့ ပြည်သူ့အကျိုးအတွက် လုပ်ကြဖို့ ၀န်မလေးတာပါလို့ ပြောသွားတာကျေနပ်စရာပါ။ ခေတ်ပြောင်းသွားပြီလို့ ၀န်ကြီးကအသိအမှတ်ပြုတဲ့ သဘောလို့ ယူဆပါတယ်။ ၀န်ကြီးဟာ အရင်အစိုးရလက်ထက်က ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ပုဂ္ဂိုလ်ပါ။

အကျင့်ဆိုးမဖျောက်နိုင်
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းလို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ယူခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက ခေတ်ပြောင်းသွားတာကို လက်ခံအသိအမှတ်ပြုပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ပြည်သူ့အကျိုးကို လုပ်ဆောင်ဖို့ ၀န်မလေးပါလို့ ပြောပေမယ့် ဗျူရိုကရေစီယန္တရားကြီးအတွင်းက ရုံးတစ်လုံး ဓားတစ်စင်း အာဏာရှင်စိတ်ဓာတ် မပျောက်သေးတဲ့ ဗျူရိုကရက်ကြီးတွေနဲ့ ဗျူရိုကရက်ကလေးတွေကတော့ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့အကျင့်ဆိုးတွေကို မဖျောက်နိုင်ကြသေးတာ တွေ့ရတယ်။ ကိုယ်ရုံးဌာနရှေ့ရောက်လာသူ မှန်သမျှကို ဟိန်းဟောက်ခြိမ်းခြောက်ပြီး အာဏာပါဝါပြတာမျိုးတွေ ဆက်ပြီးလုပ်နေကြဆဲဖြစ်တယ်။

ပြည်သူ့အစေခံ
ဝန်ထမ်းဆိုတာ ဘယ်လောက်ကြီးကြီး ဘယ်လောက်ငယ်ငယ် ပြည်သူလူထုရဲ့လစာရိက္ခာကို စားသောက်နေကြရသူများဖြစ်တယ်။ 'Public Servant' လို့ခေါ်တဲ့ အင်္ဂလိပ်စကားရဲ့အဓိပ္ပာယ်က 'ပြည်သူ့အစေခံ' ဖြစ်တယ်။ သဘောကတော့ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့ လစာပေးခန့်ထားခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့် ပြည်သူလူထုက အရှင်သခင်ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်တယ်။ ဗျူရိုကရေစီ ယန္တရားကြီးအတွင်းက အသိဥာဏ်အဆင့် နိမ့်ကျသူ ဗျူရိုကရက်ကြီးငယ်များဟာဒီအချက်ကို သဘောမပေါက်ကြသေးဘဲ ပြည်သူလူထုအပေါ်မှာ အာဏာရှင်များသဖွယ် ပြုမူဆက်ဆံနေကြဆဲဖြစ်တယ်။

တားမရတော့ဘူး
အာဏာရှင်စနစ်မှာက တိုင်းသူပြည်သားများရဲ့ ဆန္ဒကို လုံးလုံးဂရုမစိုက်ဘဲ ဘုရင်တစ်ပါး၊ ဆူလတန်တစ်ယောက်၊ အာဏာရှင်တစ်ဦးရဲ့ ဆန္ဒသဘောထား တစ်ခုတည်းနဲ့ အုပ်ချုပ်တာဖြစ်တယ်။ လူတွေအများကြီးက ဘယ်လောက်ပြောပြော ဂရုမစိုက်ဘူး။ အာဏာရှင်ရဲ့ပါးစပ်က ထွက်တဲ့စကားဟာ ဥပဒေဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာတော့ တိုင်းသူပြည်သား လူများစုရဲ့ဆန္ဒကို ဘယ်သူမှလွန်ဆန်လို့မရဘူး။ အားလုံးပြည်သူ့ဆန္ဒအတိုင်း လုပ်ရတယ်။ ပြည်သူလူထုဟာ အကြွင်းမဲ့အာဏာပိုင်များဖြစ်တယ်။ ပြည်သူသာအမိ၊ ပြည်သူသာအဖဖြစ်တယ်။ ဗျူရိုကရက်ကြီး ဗျူရိုကရက်လေးတွေက ပြည်သူလူထုရဲ့ 'အဘ' မဟုတ်ဘူးဆိုတာ သိထားသင့်ကြတယ်။ ခေတ်ကြီးက ပြောင်းနေပါပြီ။ ဘယ်သူတားတား တားလို့ မရတော့ပါဘူး။

မြစ်ကမ်းပြိုမှုများ မြင့်တက်လာပြီး လူနေအိမ်ခြေနှင့် စိုက်ခင်းများ ဆုံးရှုံးမှုပိုမိုလာ



6515a
မန်းချောင်းရေ တိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့ဖောင်တန်းရပ်ရှိ ကိုင်းမြေနှင့် သစ်ပင်ကြီးများ
ပြိုလဲနေသည်ကို သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီမြစ် အပါအ၀င် မြစ်ကြီး၊ မြစ်ငယ်အချို့တွင် မြစ်ကမ်းပြို မှုများ ယခုနှစ်များအတွင်း မြင့်တက် လာပြီး မြစ်ကမ်းရိုးတစ်လျှောက်တွင် အခြေချနေထိုင်ကြသော လူနေအိမ်များ ဆုံးရှုံးပျက်စီးမှု၊ မြစ်ကမ်းတစ်လျှောက်ရှိ စိုက်ခင်းများ ဆုံးရှုံးမှုတို့ ပိုမိုလာကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများကို တွေ့ကြုံလာရာ၌ မြစ်ကြောင်း ပြောင်းလဲခြင်း၊ ရေနည်းချိန်များ၌ ရေအရင်းအမြစ် ပုံမှန်ထက် နည်းပါးလာခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်ခြင်း၊ သောင်ထွန်းမှုကျယ်ပြန့်ခြင်း တို့ရှိလာကာ ယင်းသို့ သောင်ထွန်း ခြင်း၊ ရေတိုက်စားခြင်းကြောင့် ကမ်းပြိုမှုများကိုလည်း ကြုံတွေ့နေရကြောင်း သိရသည်။
“မန္တလေး-ဗန်းမော် ရေလမ်းခရီးကို မသွားဖြစ်တာ တော်တော် ကြာပါပြီ။ ဒီတစ်ခေါက်သွားလိုက်တာ မြင်ဖူးနေတဲ့ ရွာတချို့ ကမ်းနား မှာ လှမ်းမတွေ့ရတော့ မေးကြည့်တဲ့ အခါ ကမ်းပြိုလို့ ရွာလုံးကျွတ် အနောက်ဘက်ကို ရွှေ့လိုက်ရတယ်လို့ သိရပါတယ်။ အိမ်တွေတင် ဆုံးရှုံးတာ မဟုတ်ဘဲ စိုက်ခင်းတွေလည်း ဒီလိုပဲ ဆုံးရှုံးကြတာ တချို့ဆို အလုပ်လက်မဲ့တောင် ဖြစ်ကြတယ်”ဟု ဧရာဝတီမြစ်မှ ကမ်းပြိုမှုနှင့်ပတ်သက်၍ လေ့လာသိရှိခဲ့သူတစ်ဦးက ပြောပြသည်။
6515
မြစ်ကမ်းပြိုမှုကြောင့် ဆုံးရှုံးပျက်စီးမှုများကို ကြုံရသည့် မြစ်များတွင် ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော မူးမြစ်သည်လည်း ပါဝင် နေပြီး ရေဦးမြို့ မူးမြစ်၏ အနောက် ဘက်ကမ်းရှိ အောင်မင်္ဂလာရပ်ကွက်သည် မူးမြစ်ရေတိုက်စားမှုဖြင့် ကမ်း ပါးပြိုကျပြီး အိမ်ခြေ ၃၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း၊ မူးမြစ်ရေလမ်းကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် နောင်နှစ် အနည်းငယ်အတွင်း ကျန်ရှိနေသည့် အိမ်ရာများ ပျောက်ကွယ်ဖွယ် ရှိနေကြောင်း သိရှိရသည်။
ထို့အတူ ဖျာပုံမြို့ တစ်ဖက်ကမ်း သောင်ထွန်းမှုကြောင့် ကမ်းတစ်လျှောက် ရေတိုက်စားပြီးကမ်း ပါးပြိုမှုများ နှစ်စဉ်ဖြစ်ပေါ်နေကြောင်း၊ မြို့လူထုအစီအစဉ်ဖြင့် ဆောင်ရွက်နေကြသော်လည်း စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေသည်ဟု သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး င၀န် မြစ်ကမ်းရှိ မြို့နယ်များတွင် နေထိုင် သူများသည်လည်း ရေတိုက်စားမှုများကို စိုးရိမ်နေရကြောင်း သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင်လည်း မြစ်ကမ်းပြိုမှု များနှင့်ပတ်သက်၍ မေးမြန်းမှုများတွင် ယင်းသို့ မြစ်ကမ်းပြိုမှုများ အကြောင်း မေးမြန်းမှုများလည်း ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံရှိမြစ်ကြီး မြစ်ငယ်များသည် ရေဝေရေလဲဒေသများ၌ သစ်တောများ ပြုန်းတီးလာမှု ကြောင့် မြစ်ကြောင်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများကို တွေ့ကြုံရမှု မြင့်တက်လာသည်။
မြစ်ကမ်းများတွင် အခြေချ နေထိုင်သူများ သည် ယင်းသို့ အပြောင်းအလဲများကို တိုက်ရိုက် ရင်ဆိုင်နေရပြီး မြစ်ကမ်းပြိုမှုကြောင့် နေအိမ်၊ စိုက်ခင်းများ ပျက်စီးမှု၊ မြစ်ရေကို မှီခိုအားထားနေရသည့် မြို့များတွင် မြစ်နှင့် ကမ်းဝေးသွားသည့်အခါ ရေချိုခက်ခဲမှု၊ စိုက် ပျိုးရေအတွက် အခက်အခဲ ကြုံတွေ့ရမှု စသည်တို့ ရှိလာသည်။
မြစ်ကြမ်းပြင် မြင့်တက်နေမှုကြောင့်လည်း မိုးများသည်နှင့် လျှပ်တစ်ပြက် ရေကြီးမှုများကို ရင်ဆိုင် လာရသည်ကြောင်း သိရှိရသည်။

မြန်မာပြည်သွားမည့်ကားများ ရေတိမ်နစ်

တပတ်ရစ်ကား တင်သွင်းမှုကို မြ၀တီနယ်စပ်တွင် ပိတ်ပင်ထားသဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ကားဈေးတွင် စုဝေးနေရသော မော်တော်ယာဉ် အများအပြားသည် မကြာသေးမီက မြစ်ရေကြီးမှုဒဏ်ကို အပြင်းအထန် ခံလိုက်ရသည်။

Car_and_water_1
သောင်တင်နေသော မော်တော်ယာဉ်များ ရေကြီးမှုဒဏ်ကို ခံခဲ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

ယခုလ  ၁၁ ရက်နေ့က မိုးကြီးပြီးနောက်ပိုင်း မြ၀တီ နှင့် မဲဆောက်မြို့ကြားရှိ သောင်ရင်းမြစ်ရေ လျှံသဖြင့် မော်တော်ယာဉ် သုံးထောင်ဝန်းကျင်ရှိနေသော ကားဈေးအတွင်းသို့ ရေများ ၀င်ရောက်ခဲ့သည်။

"ကားအစီး တထောင်လောက် ရေမြှုပ် ပျက်စီးသွားတယ်" ဟု ကားလုပ်ငန်းရှင်တဦးက ပြောသည်။

ရေကျသွားပြီဖြစ်သောကြောင့် မဲဆောက်ရှိ ကားကုမ္ပဏီများက ရေကြီးမှုဒဏ် ခံလိုက်ရသည့် မော်တော်ယာဉ်များကို ပြုပြင်မွမ်းမံနေကြသည်။

ယခုလဆန်းပိုင်းမှ စတင်ပြီး တပတ်ရစ်ကားစီးဆင်းမှု ရပ်တန့်နေသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသော မဲဆောက်ရှိ ကားကုမ္ပဏီ ၄၀ ခန့်သည်  နေ့စဉ် အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ယခင်က နယ်ခြားမြစ်ကို ဖြတ်ပြီး မြန်မာပြည်ဘက်သွားသော တပတ်ရစ်ကား အရေအတွက်မှာ နေ့စဉ် အစီးရေ ၂၀၀ ၀န်းကျင် ရှိသည်ဟု မဲဆောက်မှ အကောက်ခွန်ဌာန ၀န်ထမ်းတဦးက ပြောသည်။

မြ၀တီသို့ကားတင်သွင်းမှုသည် ယခုလဆန်းတွင် ဖွင့်ချီပိတ်ချီ ဖြစ်နေရာမှ လုံးဝ ပိတ်ပင်လိုက်သည်မှာ ယနေ့ဆိုလျှင် တပတ်တိတိရှိပြီဟု မဲဆောက်မြို့မှ ကားလုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။

"ဒီဘက်ကကူးသွားတဲ့ကား ၁၆ စီး ကိုလည်း မြ၀တီက ဖမ်းထားတာ ၃ ရက်လောက်ရှိပြီ" ဟု သူက ဆိုသည်။

နေပြည်တော်မှာလာသည့်အမိန့်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သောကြောင့် ထိုကားများ ပြန်လည်ရရှိရေးကို ဒေသခံအာဏာပိုင်တို့နှင့် ညှိနှိုင်း၍ မရသေးကြောင်း မြ၀တီမှ ကုန်သည်တို့ကို ကိုးကားပြီး သူက ရှင်းပြသည်။

မြ၀တီမြို့ခံ ယာဉ်မောင်းတဦးကလည်း "ကျနော်က ဂျပန်ကားတွေကို မြ၀တီကနေ ဘားအံအထိ အငှားမောင်းပို့တဲ့ အလုပ်ပဲ လုပ်တာပါ။ အခု ကားမပို့ရတာတပတ်ကျော်သွားပြီ" ဟု ပြောသည်။

နယ်စပ်ကားဈေးကွက်တွင် ရှိနေသော ကားများမှာ ဂျပန်နိုင်ငံမှ လာသော တပတ်ရစ်ကားများ ဖြစ်သည်ဟု သိရသည်။

အစိုးရတပ်ကို KIA လိုက်လံတိုက်ခိုက်

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဒါးဖော့ တပ်စခန်းကို ကူညီထောက်ပံ့နေသည့် အစိုးရ စစ်ကြောင်းကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်၍ ၂ ရက်ကြာ လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တနေရာမှ KIA တပ်ဖွဲ့ဝင်များ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း KIAက မြစ်ကြီးနား - ဗန်းမော် ကားလမ်း အရှေ့ဘက် နမ့်ဆန်ယန်ရွာအနီး လှုပ်ရှားနေသော ခြေမြန်တပ်ရင်း အမှတ် ၄၃၈၊ ခြေလျင်တပ်ရင်း အမှတ် ၃၇ တို့ကို တိုက်ခိုက်ခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)
“သူတို့ လုပ်လာမယ့် စစ်ဆင်ရေး အတွက် အင်အား ဖြည့်တင်းလို့ ကျနော်တို့ဘက်က ကြိုပြီးတော့ တိုက်ခိုက်တာပါ” ဟု KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

ဒါးဖော့ တပ်စခန်း အင်အားကောင်းပါက  KIA တပ်များကို ပြန်လည် တိုက်ခိုက်လာနိုင်သည်ဟု ၎င်းက ဆိုသည်။

ထိုတိုက်ပွဲများတွင် KIA တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အစိုးရတပ်ဘက်က အနည်းဆုံး ၆ ဦး သေဆုံးကြောင်း၊ အစိုးရတပ်က နမ့်ဆန်ယန် ကျေးရွာသို့  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဦးလနန်က ပြောသည်။  

နမ့်ဆန်ယန် ကျေးရွာရှိ နေအိမ်များ၊ အမေ့အိမ် တည်းခိုခန်း၊ ကျောင်းအားကစားကွင်း၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံး အနီးတ၀ိုက်တွင်   လက်နက်ကြီးကျည် တချို့ကျခဲ့သော်လည်း အသေအပျောက် မရှိကြောင်း၊ သို့သော်လည်း ဒေသခံများအတွက် စိုးရိမ်ကြောင်း ဦးလနန်က ပြောသည်။


“သူတို့ဘက်က ထိခိုက်မှုများလာပြီ ဆိုရင် ဒီရွာသားတွေကို နှိပ်စက်တာမျိုး အမြဲတမ်း လုပ်လေ့ရှိတယ်” ဦးလနန်က ပြောသည်။

ဤအတောအတွင်း အစိုးရတပ်များက ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ် အနီးအနားတွင်လည်း  အင်အား တိုးချဲ့နေကြောင်း သိရသည်။

တိုးချဲ့သည့်တပ်များ ခြုံခို တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု SSAက ဆိုသည်။

“ခိုလမ်ကနေ မိုင်းနောင်ဖက်ကို စစ်ကား ၁၀ စီး ထပ်လာတယ်၊ မိုင်းနောင်ကနေ ကျေးသီးဖက်ကို ဆက်သွားတယ်၊ အဲဒါ ရွာသား (၃၅)ယောက်၊ ရဟန်း ၁၀ ပါးကို ခေါ်သွားတယ်” ဟု SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလှက ဧရာဝတီကို ပြောသည်။ 

ရှမ်းပြည်နယ်အတွင်း တန့်ယန်း၊ မိုင်းရှုး၊ သီပေါတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွား နေကြောင်း သိရသည်။

မြစ်ဆုံဆည်ကိစ္စ အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲနေ

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုရှိနေသောကြောင့် မြစ်ဆုံဆည် ဆက်လက် တည်ဆောက် ခြင်းပြု၊ မပြုကိစ္စ မတင်မကျ ဖြစ်နေကြောင်း သတင်း ရရှိသည်။
IMG-1306
ဧရာဝတီမြစ်ဆုံ (ဓာတ်ပုံ - missgreenlady.com)

သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ၀န်ကြီးဌာန တချို့က မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ ဆန်းစစ်လေ့လာမှုများ ပြုလုပ်ပြီးမှ ပြန်လည် ဆောက်လုပ်ခွင့်ပြုသင့်၊ မပြုသင့် ဆုံးဖြတ်ရန် လိုလားနေကြသော်လည်း ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါအ၀င် အစိုးရ၀န်ကြီး တချို့ကမူ မြစ်ဆုံစီမံကိန်း မူလရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်သွားရန် ဆန္ဒ ရှိနေကြကြောင်း သိရသည်။

နေပြည်တော်တွင် စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရ ၀န်ကြီးတချို့၏ သဘောထား ကွဲလွဲမှုများကို သိသိသာသာ တွေ့မြင်ခဲ့ရကြောင်း တက်ရောက်ခဲ့သည့် သတင်းထောက်များ ထံမှ သိရသည်။

“အလုပ်ရုံ ဆွေးနွေးပွဲ နောက်ဆုံးမှာ စက်မှု ၂ ၀န်ကြီးဦးစိုးသိန်းက အကြံပြုချက်တခု တင်ပြတယ်။ ဒီအကြံပြုချက်မှာ စည်းလုံးညီညွတ်မှု မပြိုကွဲချင်တဲ့ အကြောင်း၊ ပြည်သူကို အလေးထားတဲ့ အကြောင်းပြောတယ်။ ဒါပေမယ့် အဲဒီ အကြံပြုချက်ကို အစိုးရ သတင်းစာတွေမှာ မဖော်ပြဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်ခွင့် ရခဲ့သည့် ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

ဧရာဝတီမြစ်နှအလုပ်ရုံ ဆွေးနွေးပွဲတွင် အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သဘာဝ ပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သော်လည်း မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ပြောသည်။

ပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက် အပါအ၀င် ဒုဝန်ကြီးတချို့က
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံအတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်သောကြောင့် ဆက်လက် ဆောင်ရွက် သင့်သည်ဟု ဆိုကြသည်။

“မြစ်လက်တက်တွေမှာ ဆည်တွေ များများ ဆောက်တာဟာ မြစ်ကြောင်း ထိန်းသိမ်းရေး အထောက်အကူ ပြုပါတယ်။ ဆည်တွေက နုန်းတွေကို တားဆီးထားပြီး မြစ်ကြောင်း တလျှောက် နုန်းကျတာ နည်းစေတယ်” ဟု ၀န်ကြီး ဦးဉာဏ်ထွန်းအောင်က ဧရာဝတီမြစ်ဆုံ စီမံကိန်း တည်ဆောက်ရန် ထောက်ခံရသည့် အကြောင်းအရင်း တရပ်ကို
ပြောသည်။

အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးကလည်း “စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှု စိစစ်ချက်” ဆိုသော စာတမ်းတစောင်ကို တင်သွင်းခဲ့ပြီး မြစ်ဆုံစီမံကိန်းမှ
အမေရိကန်ဒေါ်လာ ဘီလျံချီ အမြတ်ရမည်ဟု ဆိုသည်။

“စီမံကိန်းကြောင့် အကျိုးဖြစ်ထွန်းမှုကို ကြည့်ရင် မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၇. ၆၇ ရမယ်။ တရုတ်ဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၁.၆၇ ရမယ်။ နှစ်ဘက် အကျိုးဖြစ်ထွန်းမှုကို နှိုင်းယှဉ်တဲ့ အခါမှာ မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းခြောက်ထောင်ကျော် အသာရတယ်” ဟု ဦးကြီးစိုးက ရှင်းပြသည်။

စက်မှု ၁ နှင့် စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်း၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ကမူ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး ပြန်လည် စဉ်းစားသုံးသပ်ကာ ပြည်သူ့သဘောထားကို လိုက်နာမည်ဟု ပြောဆိုသွားသည်။

“တိုင်ပင်ခြင်း မရှိတဲ့ စီမံကိန်းက ပျက်စီးတတ်တယ်။ များများတိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံးဝိုင်းဝန်း တိုင်ပင် ဆွေးနွေးနိုင်မှ အကျိုးများများရမယ်” ဟု ဦးစိုးသိန်းက ပြောသည်။

နေပြည်တော်တွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတရုံးမှ ထောက်ခံသော ကြေညာချက်တရပ် ထုတ်ပြန်လိုက်ရာ အဆိုပါ ကြေညာချက်တွင် မြစ်ဆုံစီမံကိန်းအား ပြန်လည် စိစစ်သင့်ကြောင်း ပါရှိသည်။

ရာထူး အာဏာများသည် တခဏတာမျှသာ ဖြစ်ပြီး ပြည်သူလူထု ထာဝရတည်တံ့ရေးနှင့် မြစ်ဆုံစီမံကိန်းကြောင့် စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အလေးထားသင့်ကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း၊ ဆည်ဆောက်ခြင်းသည် နောက်နောင် ပြင်ဆင်ရန်ခက်ခဲသော ကိစ္စဖြစ်သည်ကို နားလည်ကြောင်း ၎င်းက အကြံပြု ပြောသည်။

“Environmental Impact Access (EIA)၊ Social Impact Access (SIA) တွေကို ပြန် Review လုပ်သင့်ပါ တယ်။ ပြီးရင်ချပြ၊ ပွင့်ပွင့်လင်းလင်းပေါ့။ ပညာရှင်တွေ အပြုသဘောနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဝေဖန်သုံးသပ်သင့်တယ်” ဟု ဦးစိုးသိန်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းကလည်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ ထွက်ရှိနိုင်စေရန် ဆောင်ရွက်နေပြီး မြစ်ဆုံဆည်ကြောင့် သဘာဝ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးရှိ၊ မရှိ ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ပြောသည်။

“သစ်တောက တာဝန်ရှိလို့ မှန်မှန်ကန်ကန် ဆောင်ရွက်မယ်။ ဒီစီမံကိန်းက နိုင်ငံတော်စီမံကိန်းဖြစ်လို့ မပြည့်စုံတဲ့ ဗဟုသုတတွေနဲ့ ဝေဖန်ဖို့ထက် သေသေချာချာ စိစစ်လေ့လာပြီးမှ ပြောမယ်။ လေ့လာပြီးမှ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း လုပ်မယ်။ ဘာကိုမှ မငဲ့ညှာဘူး။ မျက်နှာလိုက်တာ၊ အခွင့်ရေးပေးတာ မလုပ်ဘဲ ဆောင်ရွက်သွားမယ်” ဟု
ဦးဝင်းထွန်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက လွှတ်တော်တွင်း မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့် မဲခွဲဆုံးဖြတ်မှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် စစ်တပ် ကိုယ်စားလှယ်များက မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် ထောက်ခံခဲ့လျှင် ပြည်သူနှင့် အစိုးရအကြား သေချာပေါက် တင်းမာမှုများ ဖြစ်ပေါ်လာမည်ဟု ထင်မြင်ချက်ပေးသည်။

ဧရာဝတီမြစ်ကြီး ပျက်စီးသွားနိုင်သောကြောင့် မြစ်ဆုံစီမံကိန်းကိစ္စ ပြန်လည်သုံးသပ်စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူလူထု အလွှာသီးသီးက အစိုးရကို တောင်းဆိုလျက်ရှိသည်။

အဆိုတော်အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့  မွန်မြတ်သောဒါနအလှူ (အမေ့အိမ် ပညာသင်ကျောင်း)


အဆိုတော်အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့  မွန်မြတ်သောဒါန

သူငယ်ချင်းများအားလုံး မင်္ဂလာပါ....

ဒီကနေ့ (19th Sept ) မှာကျရောက်တဲ့ အဆိုတော် သံသာဝင်းနဲ့  အနဂ္ဂရဲ့ တူလေး အခရာ တို့ ရဲ့  မွေးနေ့  မှာကုသိုလ်ကောင်းမူ ပြုတဲ့အနေဖြင့် အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ)မှ ကလေးငယ်များ အားလုံး ကို ဗလာစာအုပ်နှင့် စာရေးကရိယာများ၊ အဟာရမုန့်နှင့် အအေးတို့ကို ကလေးတဦးချင်းစီအား ကိုယ်တိုင်ကိုယ်ကျ ကြင်နာစွာ လာရောက် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမေ့အိမ်ပညာဒါန ကျောင်း ရံပုံငွေအဖြစ် အလှူငွေကျပ် (၁၀၀,၀၀၀) တစ်သိန်းကိုလည်းပေးအပ် လှူဒါန်းခဲ့ကြပါတယ်။

နိုင်ငံကျော် အနုပညာရှင်နှစ်ဦးတို့ရဲ့ ဖြူစင်တဲ့စေတနာနဲ့ ကျွေးမွေးလှူဒါန်းမူဟာ ကလေးငယ်များအတွက် ခန္ဒာကိုယ် အဟာရသာမက စိတ်ဓါတ် အင်အားတွေကိုပါ မြှင့်တင်ပေးရာ ရောက်စေတာမို့ အမေ့အိမ်ပညာရေး ကော်မတီမှ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါသည်။

ပကာဿနမပါ ဖြူစင်မွန်မြတ်သောဒါနမို့ အားလုံးသာဓုခေါ်နိုင်ရန်မျှဝေလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုငယ်(၀၉ ၅၁၆ ၂၀၆၀)
အမေ့အိမ် ပညာရေးကော်မတီ


သမ္မတ အကြံပေး ဦးမြင့် ဝေမျှတဲ့ ကချင်ခေါင်းဆောင်ရဲ့ မြစ်ဆုံ စီမံကိန်းပေါ် အမြင်

သမ္မတ ဦးသိန်းစိန်ရုံး၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးမြင့်က ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ရေးသားပေးပို့လာသော စာတစောင်ဖြစ်ပါသည်။

ဒေါက်တာမြင့်သည် ပင်လုံစာချုပ်အတွက် ဦးဆောင်ခဲ့သော ကချင်ခေါင်းဆောင် တဦး၏ သားဖြစ်သူ ဒူဝါဇော်ဂမ်နှင့် လွန်ခဲ့သော တနှစ်ကျော်ကျော်က မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့သည်။


  နေ့စွဲ - ၂၂ ရက် ဇူလိုင်လ ၂ဝ၁ဝ ပြည့်နှစ် ကြာသပတေးနေ့ ၊ နံနက်ပိုင်း (၉:၁၅)
Howa Duma Zau Gam နေအိမ်  မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

ပင်လုံ စာချုပ်အတွက် ဦးဆောင်ခဲ့သူ ကချင်ခေါင်းဆောင် Howa Duwa M.Hkun Hpung ၏ သား၊ ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ် နှင့် ဆရာဦးမြင့်တို့ တွေ့ဆုံစဉ်က မြစ်ဆုံရေကာတာ စီမံကိန်း နှင့် ပတ်သက်၍ Duwa Zau Gam ၏ အမြင်နှင့် ပြောဆိုချက်။

Howa-Duma-Zau-Gam၁၉၈၇ ခုနှစ်တုန်းက အလုပ်လုပ်နေတုန်း ညဖက်မှာ အသံတွေ ကြားတော့ ဘာမှန်းလဲ မသိ၊ ထွက်ပြေးမယ် လုပ်ပြီး အပြင်ကို ကြည့်လိုက်တော့မှ ရေတွေနဲ့ အတူတူ ညောင်ပင်ကြီးတွေ၊ သစ်ပင် ကြီးတွေ မျောပါ လာတာ တွေ့ရတယ်။ နားလုံလယ် တပြင်လုံးလည်း သဲကန္တာရ လို သဲတွေ ဖုံးကျန်ခဲ့ပြီးတော့၊
တော်တော်နဲ့ ပြန်ပြီး စိုက်ပျိုးစားလို့ မရတော့ဘူး။ ဗန်းမော်၊ စိန်လုံဖက်မှာ လည်း တောင်ကြီးတွေ၊ မြေပြို ကျပြီး သစ်ပင်တွေ၊ ရေထဲမျောပါတာ ကြုံတွေ့ဖူးတယ်။

“မော်ရို” ဆိုတာ ကချင်စကား၊ တောင်တွေ ကွဲပြီး ပြိုကျတာကို ပြောတာ။ ၂ဝဝ၄ ခုနှစ် ရေကြီးတုန်းကလည်း “ကျိန်ခရမ်” ရေအား လျှပ်စစ်က ခြောက်နေရာတောင် တောင်ကွဲပြီး ပြိုကျတာ။ ရေတံခွန်လိုပဲ ရေလုံးကြီးတွေ တောင်ပေါ်က “ဝုန်း” ကနဲပြိုကျတာ၊ သစ်ပင်ကြီးတွေပါ ပါလာတယ်။ ဘာမှလုပ်ချိန် မရလိုက်ဘူး။ မကြာခင်မှာပဲ “တန်ဖရဲ” ချောင်းဘေးနားက အိမ်တွေ အကုန်ရေထဲ မျောပါသွားပြီ။ ဒါတွေကိုမြင်ဘူး၊ ကြုံဘူးတော့၊ ဘဝမှာ ဒါတွေဟာ မီးမောင်းထိုးပြသလို ကြောက်စိတ်တွေ၊ ဒဏ်ရာတွေ အဖြစ်ကျန်ခဲ့တယ်။

ညကိုးနာရီကျော်ကျော်မှာ “ဘူဒိုဇာ” နဲ့ ထိုးချလိုက်သလိုပဲ။ အသံကျယ်ကြီးတွေကြားရပြီး ဟိုဖက်နားက ကပ်ပြီးကျော်သွားတယ်။ ငလျှင်လှုပ်သလိုပဲ ခံစားရတယ်။ ကမ္ဘာကြီး ပျက်သွားတဲ့ အတိုင်းပဲ။ အဲဒီတုန်းကမြင်ကွင်းနဲ့ ခံစားချက်တွေဟာ ခုထက်ထိစိတ်ထဲမှာ ဒဏ်ရာဖြစ်နေတယ်။ ရေဟာခြေသလုံးလောက်ပဲ၊ ဒါပေမယ့် ရပ်လို့လုံးဝ မရဘူး။ ရေစီးက တအားမြန်တယ်။

ရိုးရိုးရေကြီးရင် ပြေးချိန်ရတယ်။ တာတမံကျိုးကျရင် ပြေးချိန်မရဘူး။     

ဘဝမှာကြုံဘူးတော့ ဒါတွေကိုတွေးရင်တောင် ကြောက်တယ်။ ဒီတမံကြီး မကျိုးဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။ တရုတ် ခေါင်းဆောင်တွေလား။ ဗမာ ခေါင်းဆောင်တွေလား။ နေရာတိုင်း၊ အလုပ်တိုင်းမှာ အကျိုးနဲ့အပြစ် ဆိုတာရှိပါတယ်။ ဆိုးကျိုး၊ ကောင်းကျိုးတွေပေါ့။ ဒီရေကာတာ လုပ်လို့ရတဲ့ ကောင်းကျိုးက “လျှပ်စစ်” ဘယ်သူရမှာလဲ၊ သူတို့ယူသွားမှာ၊ ဆိုးကျိုးဖြစ်လာရင် ဘယ်သူတွေ ခံရမှာလဲ။

ငွေရှိလို့ ပြန်လည် ထူထောင်နိုင်တယ် ဆိုရင်တောင် အိုးအိမ်တွေပဲ ပြန်ဆောက်လို့ ရမယ်။ စိတ်မှာဖြစ်သွားတဲ့ စိတ်ဒုက္ခ၊ စိတ်ဒဏ်ရာတွေက တော်တော်နဲ့ ပြန်ထူထောင်ဖို့ မလွယ်ဘူး။ သူတို့ တိုင်းပြည်မှာ ဒါတွေကြုံပြီးပြီ။ သင်ခန်းစာတွေ တပုံကြီးနဲ့၊ စိတ်ဓါတ်ကျ၊ ကြေက်စိတ်ဝင်သွားတဲ့ လူတွေရဲ့ကျဆင်းသွားတဲ့ စိတ်ဓါတ်ခွန်အား၊ လုပ်အား အားလုံးဟာ တိုင်းပြည်နဲ့ချီပြီး နစ်နာတယ်။ ဆိုတော့ကာ ... နိုင်ငံတော်ကရမဲ့ ဝင်ငွေမှာ ဒီလိုမျိုး လူမှုရေး နစ်နာနိုင်တာတွေကို ကာဗာဖြစ်ဖို့ ထည့်စဉ်းစားထားသလား။ ဒီလို မဖြစ်စေရပါဘူးလို့  ဘယ်သူက အာမခံနိုင်လဲ။  ကိုယ့်အတွက် ကောင်းကျိုးက အလွန်နည်းပြီး ဆိုးကျိုးများနေတဲ့ ကိစ္စကို ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်... အားလုံး ဝိုင်းကန့်ကွက်ဖို့ လိုတယ်။

ဒီကနေ ကားဆီးပြီး ရေကာတာ ပိတ်လိုက်ရင် တောတောင်တွေထဲက သယ်ဆောင်လာတဲ့ မြေသြဇာတွေအားလုံး ဒီရေကာတာထဲမှာ ကျန်ခဲ့မယ်။ အောက်ပိုင်းကလူတွေ စိုက်ပျိုးရေး စိုက်စား၊ ပျိုးစားလို့ကောင်းမှာ မဟုတ်တော့ဘူး။ ဟိုးအောက်ဆုံးပိုင်းက ဧရာဝတီထိပဲ၊ တတိုင်းပြည်လုံး ဒုက္ခရောက်မဲ့ကိစ္စ အားလုံးနဲ့ ဆိုင်တယ်။

တရုတ် စကားပုံရှိတယ် “သေဖို့ မကြောက်ဘူး၊ ငတ်ဖို့ (မစားရ)မှာ ကြောက်တယ်။” အသက်ရှင်နေစဉ် ကောင်းကောင်းစား၊ ဝဝစားနေချင်တဲ့စိတ်ဓါတ်၊ နောင်အတွက် မစဉ်းစားဘူး။ ညီအကို၊ သားအဖစိတ်တောင် မထားကြဘူး။ တော်တော်ကြောက်ဖို့ ကောင်းတယ်။

ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင်တယ်။ ပထမ ရည်ရွယ်ချက်က ရေအားလျှပ် စစ်ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံး ထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့ ခေါင်းဆောင်တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီသေဖို့ ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ တသီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြေက်တယ်။ ငါတို့ အကျိုးကနည်းပြီး၊ သူတို့ အကျိုးက များနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံးလက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါတယ်။

တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။ အားလုံးဝိုင်းဝန်း တိုင်ပင် စဉ်းစားဆုံးဖြတ်ကြပါ။ ခရစ်ယာန် သမ္မာကျမ်းစာထဲမှာ ရေးထားတာ ရှိတယ်။

“တိုင်ပင်ခြင်းမရှိတဲ့ အလုပ်(စီမံကိန်း)ဟာ ပျက်စီးတတ်တယ်။” များများ တိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံး ဝိုင်းဝန်းတိုင်ပင် ဆွေးနွေးနိုင်မှ အကျိုးများများ ရနိုင်တယ်။ ဒါတွေအားလုံး သူတို့ကို သိစေချင်တယ်။

သဘာဝဘေးဒဏ် (ဆည်ကျိုးပေါက်မဲ့ ကိစ္စ၊ ရေများလာလို့၊ ငလျှင်လှုပ်လို့ .... အခြား...) သဘာဝဘေးဒဏ်ဆိုတာ
  • မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။
  • ကြိုပြီး တားထားလို့ မရဘူး။
  • ဖြစ်ရင်လဲ တားဆီးလို့ မရ။
  • ဘယ်လောက် အတိုင်းအတာထိလဲ ဆိုတာ တွက်ချက်လို့မရ။

ဒါကြောင့်မို့လို့ ဒီလုပ်ငန်း(Project) ကို အသက်နဲ့လဲပြီး စီးပွားရှာဖို့ အရေးတကြီး လိုမယ်လို့ မထင်ဘူး။ လက်ရှိ တိုင်းပြည်အစိုးရ အနေနဲ့  အဖက်ဖက်မှာ ဖွံ့ဖြိုး တိုးတက်အောင် လုပ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီရေကာတာကြောင့် နေ့စဉ်စားမဝင် အိပ်မပျော်ဘဲ အသက်ရှင်နေရတယ်။

နောက်ကြည့်မှန်

သည်ပန်းချီကားတစ်ချပ်တွင် တစ်စုံတစ်ရာဖြည့်စွက်ရန်လိုနေသည်ဟု သူမအနေဖြင့် တောင့်တမိသည်မှာ ကြာပြီ။ ခုလိုနွေဦးတွင် ပို၍ထင်ရှားသည်မှာ  နောက်ခံ ကွင်းပြင်နှင့် မှုန်ပျပျကားလမ်း ပြီးတော့ ဟိုတစ်ပုံ သည်တစ်ပုံစုထားသည့် သံလမ်းတို ရှည်များနှင့် ဇလီဖားတုံးအပုံတို့ရှေ့ မှာထီးတည်းကုက္ကိုပင်ကြီးက ခါး နွဲ့နွဲ့ နှင့်ထီးဆောင်းထားသော မိန်းမ နှယ်။ တံလျှပ်တွေကြွယ်သည့် နေ့လယ်ခင်းမှာညိုတစ်ယောက်တည်း ထိုမြင်ကွင်းကိုကြည့်ရင်း လက်တွေ့ ကျသောအလုပ်ကို လုပ်ဖြစ်ခဲ့သည်။ ထွေထွေထူးထူးစဉ်းစားမနေတော့၊ အိမ်ဘေးရှိ သစ်တိုသစ်စများဆွဲ ထုတ်ကာလက်သမားကိရိယာများ ပါယူခဲ့သည်။ ”ဘာလဲ မိန်းကလေး … ကျုပ်ကို ဘာခိုင်းဦးမှာလဲ” အဘမောင်သည် ဆရာသမား ဖြစ်သူ၏သမီးမို့ အလိုလိုက်ရသည် ထက် ပျော်စရာကောင်းသောကစား နည်းတစ်ခုကို မကြီးမငယ်အရွယ်မှာ ပျင်းပျင်း ရှိတိုင်း ကစား ခွင့်ရသူနှယ် ခံစားတတ်ရ၍ ထိုသို့အမေးကို မဲ့ ရှုံ့ရှုံ့ဟန်လုပ်ကာမေးရင်းကွမ်းတစ် ယာဝါးသည်။ ညိုက ဒါကို ဒီ လောက်ဖြတ်ပေး၊ ဒါကိုသံနဲ့ ရိုက် မယ်၊ ဒီလိုပုံဟု အဆောက်အအုံ ကြီးတခမ်းတနားဆောက်လိုသူ နှယ်ညွှန်ပြနေ၏။ စိတ်လိုလက်ရရှိ သည်နှင့် အဘမောင်ဇိုးဇိုးဇတ်ဇတ် လုပ်ပေးလိုက်ပြီ။ သူမညွှန်ကြားရာ   နေရာမှာ တပ်ဆင်ပေးခဲ့ပြီ။ ညိုတစ်ယောက် အိမ်ထဲဝင် ပြီးရေအိုးတစ်လုံးသယ်လာကာ နေ ရာချအပြီးတွင် ကုက္ကိုပင်ခါးပန်း၌ ရေ ချမ်းစင်တစ်ခုအဖြစ် ကျက်သရေရှိ ရှိတည် ပြီးဖြစ်တော့သည်။ အလှူရှင် ကမ္ဗည်းထိုးဦးလေဟု အဘမောင် ကတိုက်တွန်းပြီး မြေဖြူတစ်ခဲယူ လာကာရေချမ်းစင်အခြေသစ်တန်း တွင်မည်သို့ရေးမည်ကို အမူအ ရာဖြင့်မေးသည်။  ”အဘမောင် ကောင်းမှုပေါ့” ”အို… ကျုပ်က မိန်းကလေး ခိုင်းလို့လုပ်ပေးရတာပဲ၊ မိန်းကလေး တို့မိသားစုနာမည် ရေးပါလား” ”ဟာ …  မလုပ်ပါနဲ့။ နေဦး စဉ်းစားဦးမယ်”  ညိုက အကြံရခက်၍ တွေဝေ နေစဉ် အဘမောင်ကပင် ဝိုင်းစက် သောစာလုံးများဖြင့် စေတနာရှင် ဒေါ်ကျွဲမကောင်းမှုဟု   ရေးသည်။ ညိုစိတ်ပျက်ပြီး အိမ်ဘက်ပြန်ထွက် သွား၏။ ဒေါ်တင်တင်သည် ရေ သောက်မည်ကြံပြီးမှ သောက်ရေ အိုးပျောက်နေခြင်းကြောင့် ဟဲ့ .. ဟုရေရွတ်ကာ ဟိုဟိုဒီဒီရှာသည်။ အိမ်ပေါ်တက်လာသော ညို အား  တွေ့၍ ”ညည်းခုနက သောက်ရေအိုးလှယ် နေတာဘာလို့ရေအိုးစင် မှာပြန်မထားတာလဲ”ဟုမေး၏။ ”ရေအိုးစင်မှာ ထားလိုက်တာပဲ”
ညို့အဖြေကြောင့် ဒေါ်တင်တင် မျက်စောင်းထိုး၍ ”ဘယ်မလဲ ဟဲ့ ဒီမှာမရှိဘူး။ အတောင်ပေါက် ပြီးပျံသွားလို့လား”ဟု ဘုဆက်ဆက် မေး၏။ ”အင်း …ဒါဖြစ်နိုင်တယ်။ သဒ္ဓါတရားက အတောင်တပ်ပေး လိုက်တာပေါ့” မနေ့ကပင် စာမေးပွဲကြီးဖြေပြီး ၍ဘာလုပ်ရမှန်းမသိ ယောင်ချာနေ ပြီဟုသမီးဖြစ်သူအား သနားမိခဲ့ သည်ကိုပင်   နောင်တရမိ၏။ ကြီးကျယ်သော ညို့စကားကြောင့်   ဒေါ်တင်တင်ရေငတ်ရ သည့်အထဲ စိတ်မရှည်တော့၊ ဘယ် မလဲဟုသာ ထပ်မေး၏။ ညိုမေးထိုး ၍ညွှန်ပြလိုက်သည်။ ကုက္ကိုပင်ခါး ပန်းတွင် အခန့်သားနေရာယူသွား သည့်ရေအိုးကိုမြင်သည်နှင့် … ဟင် ငါတို့က ဘာနဲ့သောက်ရမလဲ” ဟုမေး၏။ ”လောလောဆယ် ဒန်ချိုင့်ကြီး ထဲထည့်   သောက်မယ် အမေရာ။ အဖေပြန်လာမှ အိုးတစ်လုံး အသစ် ဝယ်ကြတာပေါ့။ ညိုသဒ္ဓါပေါက် ပြီးလှူပြီးပြီ။ ပြန်ယူလို့မရတော့ဘူး” ”ရာသီဥတုပူရတဲ့ အထဲ ဒန်ချိုင့် ထဲကရေက နွေးနွေးကြီးဖြစ်နေမှာ ပေါ့။ ဈေးကအသစ်ဝယ်လို့လည်း မြေအိုးပဲရမှာ။ ဒီသဲစိမ့်အိုးမျိုးက ရှားပါဘိ။ ငါတော့ မပြောလိုက်ချင် ဘူး။ စိတ်ကူးပေါက်တိုင်း ကိုးရိုး ကားရားထထလုပ်နေတာပဲ”  ညိုကား သူမမိခင် ရေရွှတ်နေသည်ကို ဂရုမပြုတော့၊ အသစ်စက်စက် ရေအိုးစင်တွင် ပထမဆုံးလာမည့် အလှူခံပုဂ္ဂိုလ်၏ ကျေနပ်ပီတိဖြင့် သုံးဆောင်မည့် မျက်နှာကို သာခံစား ရန်စိတ်စောနေ၏။ တစ်နေ့ခင်းလုံး မျှော်သည့်တိုင် အလှူခံပုဂ္ဂိုလ်က ပေါ်တော်မမူ။ တွေ့နေကျမဟုတ်၍ အမှတ်မဲ့ဖြတ် ကျော်သွား ကြသည် လည်းရှိမည်ဟု နားလည်ထားသည့် တိုင် နွေအပူ တွင်ရေချမ်းစင်ကို မရှာဖွေရကောင်းလားဟု သူမငြိုငြင်မိသည်။ တစ်ယောက်တလေက မြင်သွားပါလျက် ကိုယ့်လမ်းကိုယ်ဆက် သွားသည်ကို ညိုမြင်သော် မချိတင်ကဲ ကျန်ခဲ့၏။ လူတွေက ကြီးကျယ်လို့ ငါ ဒီလောက်အပင်ပန်းခံ လုပ်ပေးထား တာ၊ စေတနာကို အသိ အမှတ်ပြုရ ကောင်းမှန်းမသိကြဘူး။ ဒီတစ်နေ့ လုံး တစ်ယောက်မှ မသောက်လို့ ကတော့ ငါကိုယ်တိုင်ရေအိုးကို လက်ဝါးစောင်းနဲ့ရိုက်ခွဲလိုက်မယ်။ ဟယ် …ဖွ …ဖွ   ယောင်လို့။ ဒါနကုသိုလ်ဆိုတာ အကုသိုလ်စိတ် မထားရ ဘူးတဲ့။ အင်း … အေး မြကြစေ … သောက်သုံးသူတွေ။ အလိုမကျခြင်းကို ချိုးနှိမ်၍ သူမဆုတောင်းရင်း ဗျာ များနေသည်ကို အဘမောင်ကြည့်၍ရယ်ကာ ”အလှူရှင်   ဒေါ်ကျွဲမဆိုတော့ လူတွေက အခတ်ခံရမှာ ကြောက်ကြတယ်။ နာမည်ပြောင်းပေးလိုက်ရမလား”ဟု မထိတ ထိစရင်း မေးသည်။ သူမ ရေအေးအလွန်ကြိုက်၍ ရေချိုးလျှင်  မပြီးနိုင်သောကြောင့် အမေကစိတ် တိုတိုင်းကျွဲမဟုခေါ်သည်ကို အဘ မောင်သံယောင် လိုက်ခြင်းအတွက် သူမပို၍အလိုမကျဖြစ်လာသည်။ ညနေ ရောက်လာသော် လည်း အပူရှိန်က မလျော့သေး၊ အဝေးမှ ဦးထုပ်ပျော့တစ်လုံး ငိုက်ငိုက်စောင်း ၍စိုက်စိုက်လာနေ သူတစ်ဦး   ရေအိုး စင်မြင်ပြီး အမြန်လျှောက်လာသည် ကိုညိုတွေ့  လိုက်ရ၍ ဝမ်းသာအားရ ခြံစည်းရိုးထောင့်သို့ ပြေးသွားကာ အကဲခတ်နေလိုက်၏။ သူမနှင့် လေးငါးလံခန့်အကွာ ရှိရေအိုးစင်မှ ရေမှုတ်ကို ထိုသူက ဆွဲကိုင်ပြီး အငမ်းမရ ရသောက်နေ သည်ကိုနောက်ကျောဘက်မှမြင်ပြီး ညိုပျော်ရွှင်နေသည်။ ”အား … ကောင်းပါ့ဗျာ။ အလှူရှင်   ဒေါ်ကျွဲမ ချမ်းသာသုခ ပြည့်ပါစေ သတည်း” ရေနှစ်မှုတ် ဆင့်သောက်ပြီး ကျေနပ်ဝမ်းသာ ဖြင့် ထိုသူက စာတန်းကမ္ဗည်းကို ဖတ်ကာဆုတောင်းပေး၍ ထွက်သွားသည် တွင်ညိုမှာနှစ်သက်ခြင်း နှင့် အလိုမကျခြင်းနှစ်မျိုး   ရောလျက် ကျွဲမြီးတိုကျန်ရစ်ခဲ့၏။ ညကအိပ်ရာဝင်သည့်တိုင် လူ တစ်ယောက်ရွှင်ပျအားရသောက်သုံး ခွင့်ရခဲ့သော သူမ၏ဒါနအတွက် ညို မှာကြည်နူးမဆုံး၊ ဘုရားရှိခိုး ပြီး ခေါင်းအုံးပေါ်ခေါင်းချအိပ်ပြီးသည့်တိုင် အမျှအမျှဟူ၍ ပေး၍မပြီးနိုင်သေး။ ဒန်အိုးထဲမှရေကို သတ္တုစော် နံသည်ဟု ညည်းတွားရှုံ့မဲ့သောက် ခဲ့ရသော ဒေါ်တင်တင် ကား သာဓု ပါတော် သာဓုပါ အလှူ့အမကြီးရဲ့ ဟုခပ်ရွဲ့ရွဲ့ပြန်အော်နေ၏။ ညိုရယ် မောလျက် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။ မနက်မလင်းမီပင် သူမချမ်း သာစွာနိုးနေပြီ။ တံမြက်စည်းကိုဆွဲ ၍မြူတွေဆိုင်းနေသော ခြံအပြင် ထွက်ခဲ့သည်။ ကုက္ကိုပင်ခြေတစ်ဝိုက် တဂျွမ်း ဂျွမ်းမြည်အောင် သူမတံ မြက်စည်းလှည်းသံကြောင့် ငှက်က လေး တို့စောစောနိုးသွားပြီး ပကျစ် ပကျစ်နှင့် အော်ကြသည်။ ဘာလဲ ဟဲ့ စောစောထတာ မင်္ဂလာရှိတယ်။ ကျန်းမာရေးကောင်းစေတယ်။  နင်တို့ ဘာသိလဲဟု ညိုတစ်ယောက် တည်း ငှက်ကလေးတွေကို ပြန်၍ ရန်လုပ်နေ၏။ ဝေလီဝေလင်းအချိန်တွင် သံ လမ်းပေါ်၌ ရထားဖြတ်မောင်းသည် ကိုကြည့်ရင်း သူမရေအိုးကိုလှယ် နေရာမှ ငါတော့ အတန်းတင်စာမေး ပွဲပြီးလို့ယောင်နေတာ အခုမှအလုပ် ရတယ်ဟုတွေးကာ ကျေနပ်နေ သည်။ နေမြင့်လာသည်နှင့်အမျှ ဘူတာလေး တစ်ဝိုက်ရောက်လာ သူတို့ရေ ငတ်ပြေသောက်ကြသည်ကို လည်းသူမသတိပြုမိရင်း ကျေနပ် မဆုံး၊ အထူးသဖြင့် သူမတို့၏ကြား ဘူတာလေးတွင်ဆိုက်သော အနှေး ရထားပေါ်မှ ဆင်းလာသည့်ခရီး သည်တွေနေပူထဲမဖြတ်ခင် တစ်ယောက်တစ်လှည့်   စောင့်ဆိုင်း၍ သောက်နေရ သည်ကိုပင်မြင်၍ ရေ မှုတ်တစ်ခုတော့ ထပ်လုပ်ဦးမှပဲဟု တွေးမိပြန်သည်။ အဘမောင်အား အုန်းပင်တက် ခိုင်းပြီး အလုံးသေးသေး ရွေးခူးခိုင်းသည်။ အုန်းသီးတစ်လုံး တည်းနဲ့ ကျုပ်အပင်တက်ရတာမကာမိဘူးဟု ညည်းရင်းအခွံနွှာ အုန်းသီး ခွဲစားကြပြီး အုန်းမှုတ်ခွက်ဖြင့် ရေမှုတ်အသစ် ထပ်လုပ်ရသည်နှင့်ပင် နေစောင်းပြီ။ မနေ့က အချိန်၊ မနေ့ကပုဂ္ဂိုလ်ထပ် ရောက်လာပြန်၏။ သူမ၏ပထမဆုံး အလှူခံပုဂ္ဂိုလ်မို့ ညိုမှတ်မိနေပြီး ဂရု တစိုက်အနားသို့မယောင်မလည် ကပ်သွားမိသည်။ ညို့ထက် ငါးနှစ် ခြောက်နှစ်ခန့် ကြီးမည်ဟုထင်ရသော ထိုသူမှာ ဦးထုပ်စုတ်နှင့် အဝတ်နွမ်းများ   ကြောင့် လူကြီးတစ်ယောက်လို သာမန်ကြည့်လျှင် တွေ့ရမည်ဖြစ် သည်။ သူကားလွယ်အိတ်စုတ် တစ်လုံးကို စလွယ်သိုင်းလျက် ရေ တဝကြီးခပ်သောက်ကာ သာဓုပါ ဒေါ်ကျွဲမရယ်ဟု ခေါ်နေပြန်၏။  ရက်အတန်ကြာသော် တစ်နေ့ညို   သောက်ရေဖြည့်နေခိုက် သူ ရောက်လာသည်။ သောက်ရေစစ် တွင်အမှုန်များကပ်နေ၍ သူမဆေး ကြောသန့်စင်နေသည်ကို သူစောင့် နေ၍ ညိုအားနာကာ ”ခဏလေးနော်။ ဒီနေ့ အလုပ်တွေရှုပ်သွားလို့ ရေဖြည့်တာ နောက်ကျသွားတယ်”ဟု စကားစပြော မိသည်။ သူကား ”ရပါတယ်။ ဖြည်း ဖြည်းလုပ်။ အခုမှ နေပူထဲက လာ တော့ ချွေးသိပ်လိုက်ဦးမယ်” ဟု ပြောကာညို့အားရပ်ကြည့်နေသည်။ အသားညိုစိမ့်စိမ့်နှင့်   နှစ်လိုဖွယ် မျက်နှာပိုင်ရှင်ကလေး၏ ကျက်သရေမှာ သူမရင်တွင်း က စေတနာဓာတ်ခံ ကြောင့် ပို၍ဆွဲဆောင်မှုရှိလေသ လားဟု သူတွေးနေ၏။ ကုက္ကိုရွက် များကလေ အဝှေ့တွင်တဖွဲဖွဲကြွေလွင့် လာသည်။ အဖုံးမပါသောရေပုံးထဲ ကျမည်စိုး၍ ညိုအလုပ်ရှုပ်သွား သည်ကို သူဝင်ကူရင်း ”ဒီမှာ … ဒေါ်ကျွဲမဆိုတာ ဒီ အနားမှာနေတာ လား” ဟု မေး၏။  ညိုရယ်ချင်စိတ်ကို မျိုသိပ်ရင်း ”အင်းပေါ့” ဟုသာဖြေလိုက်သည်။ ”ဘယ်အိမ်ကလဲ” ဟု သူထပ် မေး၍ ညိုက သူမတို့အိမ်ကိုသာ ညွှန်ပြလိုက်သည်။ ခြံစည်း ရိုးလေး သေသပ်စွာကာထားသည့် အုပ်ကြွပ်နီမိုးအိမ် ကလေးကို သူကြည့် ရင်း သြော် … ဒါရုံပိုင်ကြီးအိမ် ပဲဟု ရေရွတ်နေသည်။ တောဘူတာဆိုတော့ ရုံပိုင် ကလေး လို့ပဲခေါ်သင့်တယ်ဟု ညို ကဝေဖန်သည်။  ဘူတာကြီး ကြီးသေးသေးဗျာ ဒေါ်ကျွဲမကို အားနာတဲ့အနေနဲ့ ရုံ ပိုင်ကြီးလို့ပဲခေါ်မယ်။ ဘာမှလုပ်စရာလည်းမရှိ၊ ဖတ် စရာလည်း ကင်းမဲ့ခြင်းလောက် ဒေါသဖြစ်စရာ လောလောဆယ် သူ စဉ်းစားမရ။ ဆရာတော့် မှန်ဗီရိုထဲမှ ဓမ္မကျမ်းထူကြီးများကိုယူကြည့်ပြီး  တပည့်တော် ဥာဏ်မမီပါဘူးဘုရား ဟု သူဝန်ခံခဲ့သည်။ ဆရာတော် ကား ဒါမဆန်းပါဘူး။   လောကုတ္တရာ ကို လောကီပျော်တစ်ယောက်က စူးစမ်းဖို့ ဝန်လေးနေတတ်တာ သဘာဝပဲ။ မစင်ထဲမှာ လောက် ဟာပျော်တယ်။ ရွှေပန်းကန်ပေါ် ရေ ဆေးပြီးတင်ပေးရင် သူသေမှာ ဟု မိန့်သည်။ ”မှန်ပါ့ ဘုရား …  တပည့် တော်က လောကီမှာ ရှုပ်နေတော့ လောမကုတ်နိုင်သေးပါ” ”အေး …ကီမှာရှုပ်ရင်း မနေ နိုင်လောက်အောင် ယားယံ လာရင် တော့ ကုတ်ပေါ့။” ”သို့နှင့်ပင် သူကျမ်းစာအုပ် များကိုလက်မြှောက်အရှုံးပေးပြီး အ ကြံသစ်ထုတ်ရသည်။ တကယ် တော့သူ့အနေဖြင့် အပြင်ထွက်ဖို့ မသင့်လှ၊ လူသူရှင်း၍ သစ်ကြီးဝါး ကြီးတို့ဖြင့် အုပ်မိုးထားသော ဘုန်း ကြီးကျောင်းဝင်းထဲတွင်ရှဥ့်တစ်ကောင် လိုလုံခြုံစွာနေ သင့်မှန်းသိပါလျက် တွင်းအောင်းရက်ကျော် ပုစွန်လုံး တစ်ကောင်လို ပြူတစ်ပြူတစ်လုပ် နေမိသည်။ လယ်ကွက်ကို ဖြတ်ကျော်လျှင် ရောက်နိုင်သော ကြားဘူတာကလေး ကိုသူစွဲလမ်းနေပြီ။ အထူးသဖြင့် ညနေ   နေခြည်   စောင်းချိန်၊ အ နောက်ကောင်းကင်ပန်းနုရင့်ရောင် သမ်းချိန်တွင်အမောဆို့လာသော မြင်းနက်တစ်ကောင်လိုဘူတာထဲဝင် လာသောစာပို့ရထား ဆိုက်ချိန်အကြော် အလှော်သရေစာနှင့် စာစောင်အချို့လက်ပွေ့ရောင်းသူများ၊ တစ်ရေးနိုးလှုပ်ရှားချိန်ကို သူတမက် တမောကြည့်ရန်၊ သူဖတ်ချင်သည့် စာအုပ်စာစောင်ရှာ ဝယ်ရန်   ရောက်ခဲ့သည်မှအစပြု၍ ရေချမ်းစင်အလှူ ရှင်ဒေါ်ကျွဲမကြီးအကြောင်း ပြောပြ တတ်သည့် ညိုစိမ့်စိမ့်ကလေးကို လည်းမမြင်ရလျှင် ဟာတာတာဖြစ် နေတတ်၏။ သူမနေနိုင်သည့်အဆုံး ရောက် လာပြန်၏။ သည်တစ်ခါတော့ ရေအိုးစင် ဘေးငုတ်တုတ်ထိုင်၍ ဘူတာရုံကလေး၏ ညနေခင်းကို ကမ္မဋ္ဌာန်းရှု သလိုရှုနေမိသည်။ ဗိုက်ဆာတိုင်း  ရေထသောက်လိုက်၊ ထိုင်ကြည့်ု လိုက်လုပ်နေစဉ် ဒန့်သလွန်သီးများ ပွေ့ပိုက်လျက် သူ့နံဘေးလျှောက် လာနေသော သူမကိုမြင်၏။ နှစ်ဦးသား အားပါးတရ ပြုံး နှုတ်ဆက်ကြသည်။ ”ဒီမှာ … ကျုပ်ကိုတစ်ခု ကူညီမလား”  သူ့အမေးကို ဆန်းစစ်မနေဘဲ ”ရပါတယ်”ဟုသာဖြေ၏။ ညနေ ခင်းနေခြည်ဖျော့ တွင် ဒန့်သလွန်သီး များပွေ့၍သူ့နံဘေးမှမှန်မှန်လျှောက် လာသောသူမမှာ သူ့မျက်စိထဲ ကြည့်ကောင်းလှသည်ဟုသာ မဖွဲ့နွဲ့ စတမ်းဝန်ခံချင်သည်။ ”ဒါတွေ ဘယ်ယူ သွားမလို့လဲ  အလုပ်ရှိသေးလား” ဒန့်သလွန်သီးများကိုမေးငေါ့ ပြ ၍သူမေးသည်။ ”အသိတွေအိမ် လိုက်ဝေမလို့ပါ။ ဘာလုပ်ပေးရမှာ လဲ” ဟု ပြန်မေး၏။  ”ဒီနားမှာ စာအုပ်ငှားဆိုင် မရှိဘူးလား” သူ့အမေးကြောင့် ညိုစဉ်းစား စရာရလာသည်။ ထိုသူသည် ဒီအနီးအပါး ရွာတစ်ရွာမှမဟုတ်ဘူးလား။  ဒီဝန်းကျင်အကြောင်း မသိသ လိုမေးနေ၍”ဘယ်မှာနေလို့လဲ” ဟုသူမပြန် မေးမိသည်။ သူဖြေချင်ပုံမရ။ ”ကျုပ် ကတောကလာတာပါ”ဟုသာ မရေမရာပြောသည်။  ညိုသည် သူသောက်ရေ ခပ်သောက်   နေစဉ် ဤသို့ပြောမိ၏။ ”အဲဒီ ဒေါ်ကျွဲမက သူ့ကို ဒေါ်ကျွဲမလို့ခေါ်ရင် မကြိုက်ဘူး။ သိပ်စိတ်ဆိုးတယ်။ သူ့အလှူကို သာဓုခေါ်တာ၊ ဒါနမြောက်အောင်  သုံးဆောင် တာတော့  သူကဝမ်း သာတယ်။” ”ဟာ အဲဒါ …စိတ်ဆိုးတယ်၊ မခေါ်ဘူး။ ကျွဲမြီးတိုတယ်လို့ ခေါ်တယ်။ ဒေါ်ကျွဲမဆိုတော့ ကျွဲမြီး တိုတယ်ဆို ပိုသဘာဝကျတယ်။ ဟာ …လူကြီးကို နောက်ပြောင်မိ ပြီ ကန်တော့ … ကန်တော့ဗျာ” ထိုသူသည် ညိုတို့အိမ်ဘက် မလုံမလဲလှမ်းကြည့်ပြီး ထိုသို့ပျာ ပျာသလဲ နောင်တရနေ၏။ ညို ကားရယ်လျက် ”ရပါတယ်။ ဒေါ်ကျွဲမကသဘောကောင်းပါတယ်။ ဒါပေမဲ့ကျွဲမြီးတိုတယ်ဆိုတာ သူ့မူ  ရင်းပုံပြင်က ဘယ်လိုလဲ၊ သိရင်ပြော ပြပါ”ဟု တောင်းဆို၏။ သူက အင်း … ဟုဆိုကာ အိတ်ကပ်ထဲလက် နှိုက်သည်။ လက်မလုံးခန့်ရှိပြီး တစ် ထွာမပြည့်သော သစ်သားတစ်လုံး ထွက်လာ၏။ သူလှည့်၍ချွတ်သော် အတွင်းမှဆေးလိပ်တစ်တို ထပ်ထွက် လာပြန်သည်။ အတော်ကပ် စေးနှဲတဲ့လူကြီးဟု ညိုကြိတ်၍ ဝေ ဖန်ရင်းပြုံးမိသည်။ သူကလွယ်အိတ် ထဲလက်နှိုက်စမ်းပြန်၏။ အတန် ကြာမှဓာတ်ဆီသုံး ပုလင်းမီးခြစ် ကြီးလက်ထဲပါလာသည်။ ဂျိခနဲ ခြစ်ပြီး မီးညှိကာ ဒီလိုဟုစကားစ သည်။  အဘမောင်သည် ရထားလက် မှတ်ရောင်းသည့်ရုံအတွင်းငိုက်မြည်း နေရာမှ ကုက္ကိုပင်အောက် လှမ်း ကြည့်မိသည်။  သောက်ရေပုံးကို လက်တစ်ဖက်ကဆွဲလျက် တစ် ဖက်ကရေစစ်ကို လှုပ်ယမ်းလျက်ညို သည်သူမရှေ့မှ ဦးထုပ်ပျော့ဆောင်း သောသူ၏စကားဝယ် တရင်းတ နှီးရယ်ပွဲဖွဲ့နေသည်ကို မြင်ရ၏။ ”တစ်ခါက လယ်ကူလီတစ် ယောက်ကကျွဲနှစ်ကောင်နဲ့ လယ်ထွန်နေရတယ်” ”လယ်က နွားနဲ့ မထွန်ဘူးလား။ ဘာလို့ ကျွဲနဲ့ထွန်တာလဲ”  ”ကျွဲကပိုပြီး နွားထက်ထွန် အားကောင်းတယ်ဗျာ …နေစမ်း ပါဦး။ ကျုပ် စကားပျက်တယ်။ အဲ ဒါ နေ့လယ်ထမင်းပို့ချိန်ကျော်တဲ့ အထိ လယ်ရှင်ထမင်း လာမပို့ဘူး။ သူလည်းဗိုက်ဆာနေပြီ။ ဘာမှစား စရာသောက်စရာမရှိတော့အချိန်လွန် တောင်ရောက်မလာဘူးဆိုပြီး ကျွဲ အမြီးကိုဖြတ်ပြီး မီးဖုတ်စားလိုက်တာ ပေါ့။ အဲဒီလိုစားပြီးမှ လယ်ရှင်က ထမင်းထုပ်နဲ့ ရောက်လာတယ်။   သူ့လယ်ကူလီကို မေးတယ်။ ဗိုက် ဆာလို့စိတ်ဆိုးနေပြီလားတဲ့။ ဒီတော့ လယ်ကူလီက အေးအေး ဆေး   ဆေးပဲပြောတယ်။ စိတ်မဆိုး ပါဘူး။ ဒါပေမဲ့ ကျွဲမြီးတော့ နည်း နည်းတိုသွားတယ်တဲ့”  ညိုမနေနိုင်ဘဲ ပွင့်လင်းစွာ ရယ်၍ ရယ်စရာကောင်းတယ်ဟု မှတ်ချက်ချ သည်။ ထိုသူက ပြုံးရုံပြုံး၍ ”ကျုပ်တို့ ဘေးကကြည့်ရင်တော့ ရယ်ချင်စ ရာပဲ။ ကာယကံရှင် လယ်ပိုင်ရှင် တော့ဘယ်လောက်ကျွဲမြီးတိုမလဲဆို တာစဉ်းစားသာကြည့်”ဟု တုံ့ပြန် သည်။ သူ့စကားအဆုံး ညိုအိမ်ဝင်း ထဲပြန်ရန်စိတ်ကူးပြီးမှ အိမ်ကိုသိမှာ စိုး၍ ယောင်တောင်တောင်လုပ်နေ ရသည်။ ထိုသူကား စကားအစရ လျှင် ပြီးချင်ပုံမပေါ် အစကိုဆွဲထုတ် ၍ချည်လုံးကုန်အောင် ဆွဲချင်နေပုံ ဖြင့် – ”ဥပမာ … ဟိုမှာ ဒေါ်ကျွဲမ ကြီးအိမ်ကိုပဲကြည့်၊ အဝေးပြေးကား လမ်းကို နောက်ကျော ခိုင်းပြီး ဆောက်ထား ရတယ်။ သူ့အိမ်ဝင်း အိမ်သာပြီးရင်မြေကွက်၊ ပြီးရင် ကားလမ်းပဲ။ ကားပေါ်ကကြည့်ရင် ဘယ်လောက်အူကြောင်ကြောင်နိုင် မလဲ။ ဒါပေမဲ့ ဒေါ်ကျွဲမကြီးရဲ့အိမ် ဟာရထားဝန်ထမ်းအိမ်ရာဆိုတော့ ရထားလမ်းကို မျက်နှာမူထားရတာ သဘာဝ အကျဆုံးအမှန်ဆုံးပါပဲ”။ ထိုသို့ဆိုပြီး ”ကိုင်းကျုပ်သွားဦး မယ်”ဟုဆိုကာ ထွက်သွားသော သူ့ကျောပြင်အားကြည့်ရင်း၊ ငါတို့ အိမ်ကကားလမ်းဘက်ကကြည့်ရင် ရယ်စရာကောင်းသတဲ့၊ ကြီးကျယ် လို့ ဟုသူမအသံတိတ်ပြောရင်း ကျန်ခဲ့ သည်။  ”ဒါလည်း   တောပဲ။ တော ဘူတာပဲ” ”ဟုတ်ပါတယ်။ ကျုပ်နေတဲ့ တောက ဒီထက်ပိုတောကျတဲ့ တောပေါ့” သူမ ဆက်မငြင်းတော့။ ”စာ အုပ်ငှားတာ ဟိုနားက အကွေ့မှာ ရှိတယ်လေ။ မသိဘူးလား”ဟု ပြန် မေးသည်။ သြော်..ဟု သူ ရေရွတ် ကာ”ကျုပ်မသိဘူး။ ကျုပ်ကိုလည်း မသိတော့ သူတို့ ငှားပါ့မလား မသိဘူး။ အဲဒါ ကြားကဝင်ပြီး ငှား ပေးနိုင်မလား မသိဘူး”ဟု မသိဘူး သုံးလုံးဆက်ကာ သူ ပြန်မေး၏။ ”ညိုက အာမခံပေးရမှာ ဟုတ်လား” သူမနာမည်ကို ထည့်ပြော လာ၍ သူ သတိထားမိပြီး ဟုတ်ပါ တယ်ဟု ဖြေသည်။ ညို စဉ်းစားနေသည်။ ဘူတာ တစ်ဝိုက်တွင် ရထားသံကြား၍ ဈေး သည်အချို့ လှုပ်ရှားလာကြ၏။ စာပို့ရထားမှာ ဟောဟဲမြည်သံဖြင့် အဝေးမှ လာနေပြီ။  ”ဘယ်မှာနေလဲဆိုတာ တောင် မသိရဘဲ ညိုက…”  သူမ စကားမဆက်နိုင်ဘဲ ခက် နေ၍ သူကပင် ”ဟုတ်ပါတယ်လေ၊ ကျုပ်ကိုယုံပြီး စာအုပ်ဖိုးလျော်ပေး ရမယ့်အဖြစ်ကို လန့်နေမှာပေါ့။ ဒါဆိုလည်း ရှိပါစေတော့လေ။ ကျုပ်မှာငှားပြီး ထွက်မပြေးပါဘူးဆို တာ ပါးစပ်နဲ့ ဘယ်လိုမှ သက်သေပြလို့မရဘဲ”  သူ စိတ်ပျက်စွာ ထရပ်သည်။ ညို အားနာသနားစွာဖြင့် ”လာပါ လိုက်ခဲ့ပါ။ ဒီတစ်ခါ ငှားကြည့်မယ်လေ။ ညိုကတော့ ဆိုင်နဲ့ သိပါတယ်” ”အေးဗျာ.. စိတ်ချစမ်းပါ”ဟု သူဝမ်းပန်းတသာပြော ၍ ဘေးချင်း ယှဉ် လျှောက်လာ၏။ ”တကယ်ဗျာ။ စာမဖတ်ဘဲ ခုနစ်ရက်လောက်နေပြီး ပြောတဲ့ စကားဟာ ဘာအရသာမှ မရှိဘူး။ ကျုပ် စာကို ဘိန်းစားဘိန်းစွဲသလို စွဲနေတာ သိပ်ကျေးဇူးတင်တယ်။ ဒီမှာ ဒန့်သလွန်သီးမြင်လို့ ပြောရဦး မယ်။ စာရေးဆရာတစ်ယောက် ဒန့်သလွန်သီးရောင်းတဲ့အဖြစ် ဖတ်ဖူးလား”    သူ့ထုံးစံအတိုင်း စကားချည်စ ဆွဲထုတ်ရသွား၍ အမျှင်မပြတ်ပြော တော့မည်ကို ညို နားလည်လိုက် သည်။ ”မဖတ်ဖူးပါဘူး၊ ပြောပြပါ ဦး” ဟုသာ ပြုံး၍ဖြေ၏။  ”သော်တာဆွေ   ရေးဖူး တာ လေဗျာ.. ကြာလှပြီ။ သူ့ခြံထဲက ထွက်တဲ့ ဒန့်သလွန်သီးတွေ ခုလိုပဲ ပွေ့ပြီး ဈေးမှာသွားရောင်းဖို့ အိမ်က ထွက်လာတယ်။ အဲဒါ..” သူအိတ်ကပ်ထဲနှိုက်၍ သစ်သား အခေါင်းထဲမှ ဆေးလိပ်တိုကို ထုတ်ပြန်သည်။ သူ အလုပ်ရှုပ်နေ ခိုက် သူ့ဘေးမှ လျှောက်လာသော ညိုက ဒီဦးထုပ်ပျော့အစုတ်ကြီးပဲ ဆယ့်နှစ်ရာသီ သူဆောင်းနေတာပဲ။   နှုတ်ခမ်းမွေးထူလပျစ်ကြီးနဲ့ အဘိုး ကြီးရုပ် သူ ဖမ်းထားရတာ အတော် ကျေနပ်နေတယ် ထင်တယ်ဟု တွေးနေမိ၏။ ”အဲဒါ.. သူ့အိမ်ဘေးက မိန်းမတစ်ယောက် ကတွေ့တော့ မေးပြီး ဝယ်ရောဗျာ။ သူက ဆိုပါ တော့။ အဲ တစ်ကျပ်ဖိုး လေးတောင့် ဆိုတော့ ဟိုမိန်းမက ကိုဆွေရယ်၊ အချင်းချင်းတွေပဲ၊ မရဘူး ငါး တောင့်ထားဆိုပြီး ဆစ်တယ်။ သူ လည်း အားနာပြီး ပေးလိုက်တယ်။ တစ်ခါ နောက်တစ်ယောက်တွေ့ပြန် တော့ အားပေးဦးမယ်ဆိုပြီး ဝယ် မယ်လုပ်။ ဈေးမေးတော့ တစ်ကျပ် ဖိုး လေးတောင့်ကို ငါးတောင့်ရ အောင် ဟိုတစ်ယောက်က ဆစ် သွားတာပဲ။ ကဲ.. ခင်ဗျားလည်း ငါးတောင့်ပဲယူဆိုတော့ ဒုတိယ အမျိုးသမီးက ဟာ..ဘယ်ရမလဲ၊ ကျွန်မနဲ့ရှင်က ဒီလောက်ရင်းနှီးတာ ခြောက်တောင့်ပေးရမယ်ဆိုပြီး အနိုင် ကျင့်ရော”  သူ့စကားကြောင့် ညို့မှာ ဒန့် သလွန်သီးများပွေ့လာရင်း ပြုံးမိ သည်။ စာပို့ရထား သူမတို့နံဘေးမှ ဖြတ်သွားသည်အထိ ခေတ္တစကား တိတ်လျှောက်လာပြီးမှ သူ ဆက်သည်။ ”ဒါနဲ့ တတိယတစ်ယောက်နဲ့ လမ်းထဲတွင် တွေ့ပြန်ရော။ ဝယ် မယ်ဆိုတော့” သူ စကားမဆက် ဘဲ သံလမ်းကို ဖြတ်ကူးရန် ဇလီဖား တုံးများကို နင်းကျော်နေခိုက် ”အဲဒီ မိန်းမကြီးက သူကျ တော့ မရဘူး။ ခုနစ်တောင့် ပေးကို ပေးရမယ်လို့ အနိုင်ကျင့်ပြန်ရော မဟုတ်လား” ဟု ညိုက ပြုံးလျက် မေးသည်။ ”ဟာ..မဖတ်ဖူးဘဲ တယ် သဘောပေါက်လွယ်ပါလား” သူ ကျေနပ်စွာ ညို့မျက်နှာ အား လှည့်ကြည့်သည်။ သနပ်ခါး ကပိုကရိုပွတ်ထားသော ညို့ပါးပြင် တွင် နေခြည်နုဖြင့်ဖွေးကာ တင့် တယ်ပါဘိ။ ”ကဲ ဒီလိုနဲ့ နောက်တစ် ယောက်တွေ့တော့ ရှစ်တောင့်ပေး ရရောဆိုပါတော့။ ဒါနဲ့ ဒန့်သလွန်သီး တွေ ကုန်ရောလား” ”အေးလေဗျာ။ ဒီလောက်နဲ့ ဘယ်စာဖွဲ့ဦးမလဲ။ ညကျတော့ ဇာတ်လမ်းက တစ်ကနေ ပြန် စ တယ်” ဟု သူ စကားကို ဆက် သည်။ သဲနုနုခင်းထားသော တော လမ်းကလေးထဲ သူတို့ ကွေ့ဝင်ချိုး လိုက်ကြ၏။  ”ကဲ ခုနစ်တောင့်ရလိုက်တဲ့ သူက ရှစ်တောင့်မရလို့ မကျေနပ်၊ ခြောက်တောင့်နဲ့ ရလိုက် တဲ့သူက ခုနစ်တောင့် မပေးလို့ဆိုပြီး ရန်တွေ့၊ သူ့ခမျာ ကျေနပ်တဲ့နှုန်းနဲ့ ရောင်းခဲ့ ပြီးပါလျက် ဝိုင်းပြီး ရန်တွေ့ခံရတာ ပဲပေါ့” ညို့အသံ တိုးတိုးရယ်နေစဉ် ပင် စာအုပ်ဆိုင် ကလေးကို အကွေ့ မှာ ဘွားခနဲတွေ့လိုက်ရ၏။ သူ ပျော်ရွှင်စွာ ဤသို့ပြောသည်။ ”ဟော.. စာအုပ်ဖတ်ရတော့ မယ်။ ကျေးဇူးတင်တယ်ဗျာ။ ကျုပ် မှာ အရက်သမားတွေ   ပြောသလို နေစောင်းရင် ဖေသောင်းတို့ အရည် တောင်းပြီဆိုတာမျိုး စာဖတ်ချင်တဲ့ ဝေဒနာ ထလွန်းလို့.. ခုမှ ပြည့် တော့တယ်” ခြေလှမ်းကျဲကြီးများဖြင့် ဦးဆောင် လိုက်သောသူ့အား အမီ လိုက်ရင်း ညိုက ”နေပါဦး၊ စာအုပ်ငှားတော့ အာမခံပေးရအောင် ညို့ကို နာမည်ပြော ထားဦးလေ”ဟု သတိပေး၏။ ”အေးဗျာ.. ဖေသောင်းလို့ပဲ မှတ်ထားဗျာ” ဟုသာ သူ ပြောသည်။
မင်းကိုနိုင်

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်