အစိုးရက ပြည်ပပို့ကုန် တိုးမြှင့်ရေးကို အားပေးသည့် အနေဖြင့် ရေထွက်ပစ္စည်း
အပါအ၀င် ကုန်ပစ္စည်း ၇ မျိုးအပေါ် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံခြင်း ၆ လ
ရပ်ဆိုင်းခဲ့သော်လည်း
ယခုအခါ ပို့ကုန်ဝင်ငွေ (Export Earning) တန်ဖိုး လွန်စွာကျဆင်း လာသည့်အတွက်
ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့နေသည့် ကုမ္ပဏီများ အရှုံးပေါ်နေကြောင်း
သိရသည်။

ရန်ကုန် ဗဟိုငါးဈေးမြင်ကွင်း (ဓာတ်ပုံ - AP)
ပို့ကုန်ဝင်ငွေသည်
သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တိုင်း လိုအပ်သည့် တရားဝင် ငွေကြေးဖြစ်ပြီး
အမေရိကန် ဒေါ်လာနှင့်လည်း ဆက်စပ်လျက်ရှိရာ လက်ရှိအခြေအနေတွင် အမေရိကန်
ဒေါ်လာဈေး ကျဆင်းနေသည့်အတွက် ပို့ကုန်ဝင်ငွေလည်း ကျဆင်း နေခြင်းဖြစ်သည်။
သမ္မတ
ဦးသိန်းစိန်က သြဂုတ်လ ၁၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် စီးပွားရေး၊
လူမှုရေး နယ်ပယ်အသီးသီးမှ အသင်း အဖွဲ့များနှင့် တွေ့ဆုံရာတွင် လက်ရှိ
သတ်မှတ် ထားသည့် ငွေလဲလှယ်နှုန်းထားကို ပြင်ဆင်သတ်မှတ်မည်ဟု ပြောဆိုခဲ့သည့်
နောက်ပိုင်း မြန်မာကျပ်ငွေ တန်ဖိုး တရှိန်ထိုး တက်သွားခြင်းဖြစ်သည်။
ပြီးခဲ့သည့်
ဇွန်လအတွင်း အမေရိကန်တဒေါ်လာ ကျပ် ၇၈၀၊ ပို့ကုန်ဝင်ငွေ ၈၀၀ ကျပ် ဈေး
ရှိနေရာမှာ ယနေ့တွင် တဒေါ်လာလျှင် ၆၈၄ ကျပ် ဖြစ်ပြီး ပို့ကုန်ဝင်ငွေ
ဈေးနှုန်းမှာ ၇၁၇ ကျပ်အထိ ဖြစ်သွားသည်။
ထိုသို့ ကျဆင်းနေမှုကြောင့်
ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အရှုံးပေါ်နေခြင်းကို ကာမိစေရန် အစိုးရက
သြဂုတ်လ ၁၆ ရက်နေ့တွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊
ရေချိုရေငန်ထွက် ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ ပြည်ပ
တင်ပို့မှုအပေါ် ၆ လ ကုန်သွယ်ခွန် စည်းကြပ်ခြင်း မပြုဟု
အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုသို့ အစိုးရက ကုန်သွယ်ခွန်များ
လျှော့ပေါ့ပေးခြင်းသည် ကောင်းမွန်သော လုပ်ရပ်တခုဖြစ်သော်လည်း ယခုအခါ
ပို့ကုန်ဝင်ငွေ နှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်း ကျဆင်းနေသည့်အတွက်
ပို့ကုန်လုပ်ငန်းရှင်များ အရှုံးပေါ်နေသည်ဟု ငါးလုပ်ငန်း အဖွဲ့ချုပ်မှ
လုပ်ငန်းရှင် ဦးလှမောင်ရွှေက ပြောသည်။
“အခွန်လျှော့တာ
အရမ်းကောင်းတယ်၊ ကြိုဆိုတယ်။ ဒါပေမယ့် လတ်တလောမှာ ငွေလဲနှုန်းက တဒေါ်လာ ကျပ်
၇၀၀ အောက် ရောက်နေတော့ ကိုယ့်ပိုက်ဆံထဲကနေ ၃၀ ရာခိုင်နှုန်းလောက်
ပဲ့ပါသွားတယ်လို့ ခံစားရတယ်” ဟု ၎င်းကဆိုသည်။
ပို့ကုန်ဝင်ငွေနှင့်
ကျပ်ငွေလဲလှယ်မှု နှုန်းထား ကျဆင်းနေသော်လည်း ပြည်ပနိုင်ငံများနှင့်
ချုပ်ဆိုထားသည့် ကုန်သွယ်မှု စာချုပ်များ အရ ရေထွက်ပစ္စည်း တင်ပို့မှုကို
ရပ်ဆိုင်းပစ်၍ မရနိုင်ကြောင်း၊ အရှုံးဖြင့်သာ ဆက်လက် တင်ပို့နေရကြောင်း၊
ရေရှည်တွင် ရေထွက်ပစ္စည်း ထုတ်လုပ်ရေးကို ထိခိုက်လာနိုင်ကြောင်း
ဦးလှမောင်ရွှေက ဆိုသည်။
အစိုးရအနေဖြင့် ငွေကြေးလဲလှယ်မှု ဈေးကွက်
တည်ငြိမ်စေရန်အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံ နည်းပညာ
အကူအညီပေးရန် တောင်းခံထားပြီး IMFမှ ပညာရှင်များက လာမည့် စက်တင်ဘာလအတွင်း
မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။
သမ္မတ၏ စီးပွားရေး
အကြံပေးပညာရှင် ဒေါက်တာဦးမြင့်ကလည်း ပြီးခဲ့သည့် သောကြာနေ့က
နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ
အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာကျပ်ငွေနှင့်
နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း နှင့် ပတ်သက်၍ စာတမ်းတစောင် ဖြန့်ဝေခဲ့သည်။
ထိုစာတမ်းတွင်
ကျပ်ငွေလဲလှယ်နှုန်း မြင့်မာလားခြင်းသည် မလိုလားအပ်သော အကျိုးဆက်များ
ဖြစ်ပေါ်နိုင်ပြီး အချိန်ကိုက် ဖိဖိစီးစီး ဖြေရှင်းရန်လိုကြောင်း၊ ၁၉၉၇-
၁၉၉၈ ခုနှစ် အာရှဘဏ္ဍာရေး အကျပ်အတည်းဖြစ်စဉ်က အင်ဒိုနီးရှားနိုင်ငံတွင်
ကြုံတွေ့ခဲ့ရသကဲ့သို့ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးပြဿနာများ
အဖြစ် အသွင် ကူးပြောင်းသွားမှုမျိုး ဖြစ်ပေါ် တတ်ကြောင်း ထောက်ပြထားသည်။
ထို့အပြင်
မြန်မာကျပ်ငွေဈေး မြင့်တက်နေခြင်းမှာ သဘာဝဓာတ်ငွေ့၊
ကျောက်မျက်ရောင်းချခြင်း၊ စွမ်းအင်ကဏ္ဍနှင့် အထူးစီးပွားရေးဇုန် တို့၌
အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသမှ
ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုများ ၀င်လာခြင်း၊ မြန်မာနိုင်ငံတွင် အတိုးနှုန်း
မြင့်မားနေခြင်းကို အခွင့်ကောင်းယူကာ မြေယာနှင့် အခြားပိုင်ဆိုင်မှုများ
ဝယ်ယူရန် ၀င်လာခြင်း၊ မှန်ကန်သည့် သတင်းအချက်အလက် များ ရရန်
မလွယ်ကူသည့်အတွက် မသေချာမရေရာမှုများ ဖြစ်ပေါ်ပြီး ဈေးကစားမှုများ
ပေါ်ပေါက်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု ဒေါက်တာဦးမြင့်က ၎င်းစာတမ်းတွင်
ထောက်ပြသည်။
ထိုကြောင့် ငွေကြေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းများအတွင်း
ကောလာဟလများ၊ မမှန်ကန်သော သတင်းများကို တမင်ဖြန့်ဖြူး ခြင်းများ မဖြစ်စေရန်
လွန်ခဲ့သည့် ဆယ်စုနှစ်များကကဲ့သို့ ငွေဖောင်းပွနှုန်း၊ နိုင်ငံခြား
သီးသန့်ရန်ပုံငွေ၊ အမျိုးသား ရသုံးခန့်မှန်းခြေ ငွေစာရင်း၊ ငွေကြေးပမာဏ၊
ကဏ္ဍအလိုက်နှင့် တိုးတက်မှုနှုန်း (GDP)၊ အိမ်ထောင်စု ၀င်ငွေနှင့်
အသုံးစရိတ်စစ်တမ်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုနှင့်
နိုင်ငံခြား ကုန်သွယ်မှု ဆိုင်ရာ စာရင်းအင်းများ စသည့် အဓိကနိုင်ငံအဆင့်
စီးပွားရေး စာရင်းအင်း အချက် အလက်များကို တရားဝင် ပုံမှန်
ထုတ်ဝေသင့်ကြောင်း စာတမ်း၌ အကြံပြုထားသည်။
သို့သော် လက်ရှိ
ငွေကြေးဈေးကွက် ကမောက်ကမဖြစ်ပြီး ပို့ကုန်လုပ်ငန်းထိခိုက်နေသည့်
အခြေအနေကို အစိုးရအနေဖြင့် မည်သို့ ဖြေရှင်းမည်ကို ရှင်းလင်းစွာ မသိရသေးပေ။
ပို့ကုန်လုပ်ငန်းထိခိုက်မှုတွင် ရေနှင့် ရေထွက်ပစ္စည်းလုပ်ငန်းကို သာမက
ဆန်စပါး တင်ပို့မှုလုပ်ငန်းကိုလည်း ထိခိုက်စေသည်ဟု သိရသည်။
ယနေ့
ဆန်ဈေးကွက်တွင် အကျိုးအကြေ ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဧည့်မထဆန်ကို
ပြည်ပသို့ သင်္ဘော ၂ စီးစာ တင်ပို့ရန် ရှိသော် လည်း ငွေကြေးဈေးကွက်
ကျဆင်းနေသည့်အတွက် ပြည်ပဆန်တင်ပို့သူများက ဆန်ဈေးကို လျှော့ချကာ ၀ယ်ယူရန်
ဆုံးဖြတ်ခဲ့ ကြောင်း၊ ဘုရင်နောင် ဆန်ဈေးကွက်တွင် ဧည့်မထဆန် ရောင်းဝယ်မှု
ရပ်ဆိုင်းသွားကြောင်း ဘုရင်နောင်ပွဲရုံတန်းမှ ဆန်ကုန် သည်တဦးက ဆိုသည်။
“ဒီနေ့ဈေးက တော်တော်လေးကျသွားတော့ ဈေးကွက်ထဲ နယ်ကဆန်က လောလောဆယ် ၀င်လာမှာ မဟုတ်သေးဘူး” ဟု ၎င်းကဆိုသည်။
ပြည်ပတင်ပို့သည့်
အကျိုးအကြေ ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဧည့်မထဆန်မှာ ပြီးခဲ့သည်ရက်က
တတင်းခွဲ တအိတ်လျှင် ၁၃၃၀၀ ကျပ်ခန့် ရှိရာမှ ယနေ့တွင် ၁၂၇၀၀ ကျပ်သို့
ကျဆင်းသွားခြင်းဖြစ်သည်ဟု အဆိုပါကုန်သည်က ပြောသည်။
မြန်မာနိုင်ငံ
ဆန်စပါးလုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်ကမူ အစိုးရက ကုန်သွယ်ခွန်
ပေးဆောင်ခြင်းကို ကင်းလွတ်ခွင့် ပြုလိုက်သည့်အတွက် လုပ်ငန်းရှင်များ
တနည်းတလမ်း သက်သာခွင့်ရရှိကြောင်း၊ ယခုကာလသည် အပြောင်းအလဲကာလ
တခုဖြစ်သည့်အတွက် ကုန်သွယ်ရေးလုပ်ငန်းတွင် ယာယီ ထိခိုက်မှုများ
ရှိလာနိုင်သော်လည်း နောက်ပိုင်းတွင် တည်ငြိမ် လာမည်ဟု ထင်မြင်ကြောင်း
ခန့်မှန်းပြောဆိုသည်။