ကချင်ပြည်နယ် စစ်ပွဲရဲ့ နောက်ဆက်တွဲ ရလာဒ်များ (ရုပ်/သံ-သတင်း)
ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရသည့် ကချင်စစ်ပြေးဒုက္ခသည်များ (ရုပ်/သံ)
အယ်လ်ဂျားဇီယား
ကချင်ပြည်နယ် တိမ်းရှောင်စခန်းရှိ ကလေးငယ်အများစု အာဟာရချို့တဲ့မှု၏ နောက်ဆက်တွဲရောဂါများ ခံစားနေရ
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်မြို့များ၌ ဖွင့်လှစ်ထားသည့် တိမ်းရှောင်စခန်းရှိ ကလေးငယ်အများစုသည် အာဟာရချို့တဲ့မှု နောက်ဆက်တွဲရောဂါများကို ကြုံတွေ့ခံစားနေရကြောင်း သိရသည်။
”စခန်းမှာရှိတဲ့ကလေး ၁ဝ ဦး မှာ ၈ ဦးလောက်က အသားဝါရောဂါဖြစ်ကြတယ်”ဟု မြစ်ကြီးနားမြို့ ရှတာပရူတိမ်းရှောင်စခန်းမှ သူနာပြု ဆရာမဒေါ်ကေထူးဘူးက ပြော သည်။
၎င်းအပြင် အာဟာရချို့တဲ့မှုကြောင့် စခန်းများရှိကလေးငယ် အများစုသည် နှာစေး၊ ချောင်းဆိုး၊ အဆုတ် အအေးမိ၊ အသားဝါ၊ ယားနာနှင့် အခြားကူးစက်လွယ်သော ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။
”အဓိကက အာဟာရပြည့်ပြည့်ဝဝ မရတဲ့ ပြဿနာပါပဲ။ မိဘတွေ ကိုယ်တိုင်အာဟာရပြည့်အောင် မစားသောက်ရတော့ ကလေးတွေလည်း ဘယ်အာဟာရပြည့်တော့ မလဲ။ ကျွန်မတို့လည်း တတ်နိုင်သလောက် ကြည့်ရှုပေးပါတယ်”ဟု ၄င်းကဆိုသည်။ တိမ်းရှောင်စခန်းများသို့ သွားရောက်၍လူမှုကူညီမှုနှင့် ဆေးဝါးကုသမှု ပြုလုပ်ပေး ခဲ့သည့် ဆရာဝန်တစ်ဦးကလည်း”အစားအသောက် အာဟာရမဖြစ်တော့ ရောဂါဖြစ်လွယ်ကြတယ်။ အတော်များများလည်း ချောင်းဆိုး၊ နှာစေး၊ အဆုတ်အအေးမိ၊ ယားနာတွေအဖြစ်များကြတယ်။ အဝတ်အစားလုံလောက်မှုမရှိတာရယ်၊ သန့်ရှင်းမှု မရှိတာရယ်လည်း ပါတာပေါ့။ ဝမ်းရောဂါလိုကူးစက်ရောဂါမျိုး ဖြစ်ပွားမယ် ဆိုရင် တော့မလွယ်ဘူး” ဟု ဆိုသည်။
ရောဂါဖြစ်ပွားမှုသည် အသက် ၅ နှစ်အောက် ကလေးငယ်များ၌ ပိုမိုပြီး ယင်းနှင့်အထက် ကလေးငယ်များ၌လည်း ဖြစ်ပွားလျက်ရှိ ကြောင်း၊ တီဘီဆေး သောက်သုံးနေရ သည့်ကလေးငယ်များရှိကြောင်း ဒေါ်ကေထူးဘူးက ပြောသည်။
ယင်းဒေသများသို့ UNICEF၊   World Vision စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းမှ အလှူရှင်များ ငွေကြေး၊ အစားအသောက်၊ အဝတ်အထည် စသည် များ သွားရောက်လှူဒါန်းမှု ရှိသော်လည်း တစ်နေ့တခြား တိုးပွားလာသည့် တိမ်းရှောင်သူဦးရေကြောင့် အခက်အခဲများစွာနှင့် အစားအသောက်၊ အဝတ်အထည်၊ နေရာ ထိုင်ခင်းပြသာနာများ ကြုံတွေ့ နေရကြောင်း ဝိုင်းမော်မြို့နယ် ခပ်ချိုဒေသတိမ်းရှောင် စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
”ဒီမှာနေရတာ အဆင်ပြေတယ်ဆိုပေမယ့် အများနဲ့ဆိုတော့ အခက်အခဲရှိတာ့ပေါ့။ အစားအသောက်ဆိုလည်း ကိုယ်နဲ့မတည့်ပေမယ့်လည်း အများနဲ့ဆိုတော့ စားရတာပါ ပဲ။ အထူးသဖြင့် ကလေးရှိတဲ့သူတွေဆိုပိုပြီး အခက်အခဲဖြစ်တယ်”ဟု ၂ လသားကလေးငယ်၏ မိခင်ဖြစ်သူ မရွယ်အောင်ဘူက ပြောသည်။
ယင်းဒေသများ၌ ဖွင့်လှစ်ထားသည့် တိမ်းရှောင်စခန်းပေါင်း ၇ဝကျော် ရှိပြီး ဒေသတွင်းအခြေအနေများကြောင့် တိမ်းရှောင်လာသူ သောင်းကျော်အနက် ၁၂ နှစ်အောက် ကလေးငယ် ၄ဝဝဝ ကျော်နှင့် ၅ နှစ်အောက် ကလေးငယ် ၂ဝဝဝ ကျော်ရှိကြောင်း သိရသည်။
ဥာဏ်လင်းအောင်
ပေါ်ပျူလာဂျာနယ်
No comments:
Powered by Blogger.