ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)နှင့် တွေ့ဆုံခြင်း

ဒါရိုက်တာမောင်မျိုးမင်း
ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ စည်းကမ်းချက်များ၊ ဆင်ဆာအဖွဲ့ဝင်များနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင်အစည်းအရုံး အမှုဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ရုပ်ရှင်အနုပညာရှင်များ ကြုံတွေ့ခံစားနေရသည်များ၊ လိုလားချက်များကို တင်ပြ တောင်းဆိုခဲ့ကြပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၏ နောက်ဆက်တွဲ ရလဒ်တစ်ခုအဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် မြန်မာ့ရုပ်ရှင် လုပ်ငန်းရုံး၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များ၊ ရုပ်ရှင်အစည်းအရုံး အမှုဆောင်များ၊ အနုပညာရှင်များ တွေ့ဆုံညှိနှိုင်း၍ ဆင်ဆာမူဝါဒ ဆယ်ချက်မှ ခြောက်ချက်သို့ ပြောင်းလဲသတ်မှတ်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲနှင့် ဆင်ဆာမူဝါဒ အပြောင်းအလဲများ အပေါ် ရုပ်ရှင်အနုပညာရှင်များ၏ သဘောထားနှင့် ပတ်သက်၍ လိုလားချက်များအား တင်ပြခဲ့ရာ၌ အဓိကပါဝင် လှုပ်ရှားခဲ့သူ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ  .  .  .
မေး- အခုကြေညာလိုက်တဲ့ ဆင်ဆာမူဝါဒ အပြောင်းအလဲအပေါ် ဦးမျိုးမင်းရဲ့အမြင် လေးသိချင်ပါတယ် . . .
ဖြေ ဦးမျိုးတို့ အနုပညာရှင်တွေက ဆင်ဆာမူဝါဒတင် ပြောင်းလဲဖို့တောင်းဆိုတာ မဟုတ်ဘူး။ ဆင်ဆာအဖွဲ့ ၀င်တွေကိုပါ ပြောင်းလဲဖို့ တောင်းဆိုထားတာ။ ဘာကြောင့် ဒီလိုတောင်းဆိုထားသလဲဆိုရင် အရမ်းခေါက်ရိုးကျိုးနေပြီ။ တရားမမျှတဘူး။အခုပြောင်းလဲလိုက်တဲ့ ဆင်ဆာမူဝါဒမှာ ဆယ်ချက်အနက်လေးချက် လျှော့တယ်ပေါ့။ အဲဒီမှာ စိတ်မကောင်းစရာလေးတွေ ပါနေတာတွေ့ ရတယ်။ လျှော့ပြီးမှပြန်တင်းရတာ မကောင်းဘူးပေါ့။ တကယ်တမ်း ကျွန်တော်တို့က နိုင်ငံတော်ကိုဆန့် ကျင်နေတာမဟုတ်ဘူး။ စည်းမရှိ ကမ်းမရှိရိုက်ချင်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ဆင်ဆာနဲ့ ပတ်သက် လို့တင်ပြတဲ့စာထဲမှာ ဆင်ဆာအဖွဲ့မရှိရဘူးလို့ တစ်ခုမှမပါဘူး။ ၀န်ကြီးဆီ ရောက်သွားတဲ့ စာထဲမှာတော့ ဖြည့်စွက်ပြင်ဆင်ပြီး ရောက်သွားတယ်လို့ သိရတယ်။ ကျွန်တော်တို့ တင်ပြထားတာက ဆင်ဆာအဖွဲ့ရှိသင့်တယ်။ တရားမျှတတဲ့ ဆင်ဆာအဖွဲ့ဖြစ်ရမယ်။ အခုဆင်ဆာအဖွဲ့ရဲ့ မမျှတမှုရှိရင် တိုင်ကြားနိုင်တယ်လို့ ပြောခဲ့တယ်။ အရင်က အကြိမ်ပေါင်းများစွာ တိုင်ကြားခဲ့ဖူးတယ်။ ဒီလို နည်းနဲ့ပဲ ပျောက်ပျက်သွားခဲ့ဖူးတယ်။ အဲဒီအတွက် ပိုပြီးထိရောက်တဲ့ နည်းနဲ့တိုင်ကြားချင်တယ်။ အရင်ကပိတ်ပင်ခဲ့တဲ့ ဇာတ်ကားတွေကို ဘယ်လိုနည်းနဲ့ပြန်လည် စဉ်းစားပေးမလဲ။ အဲဒီကားတွေ ပြန်ဖွင့်ပေးမှာလား ဘာမှပြောမသွားဘူး။ ရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်လို့ ပြောရရင်လည်း ဌာနဆိုင်ရာကသူ တွေနဲ့ဖွဲ့စည်းပြီး အထက်ကညွှန်ကြားတာကို ပြန်ပြောတဲ့ အဖွဲ့အစည်းမျိုး ဖြစ်နေတယ်။ ဒီတော့ ရုပ်ရှင်အနုပညာရှင်တွေက ရွေးချယ်တင်မြှောက်ပြီး ရုပ်ရှင်လောကအကျိုးအတွက် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်သင့်ပါတယ်။
မေး- သရဲတစ္ဆေ ဇာတ်ကားတွေ ရိုက်ကူးခွင့်ပြုတော့မယ် ဆိုတော့ အရင်ရိုက်ခဲ့ပြီးသား ကားတွေကိုရော ပြန်ပြီးခွင့်ပြုမယ့် သဘောမျိုးလား
ဖြေ အဲဒီအတွက်တော့ သီးခြားထည့်သွင်းပြောသွားတာမျိုး မရှိဘူး။ အဲဒီ ကားတွေကို ဘယ်လိုဆုံးဖြတ်မယ် ဆိုတာ ဦးမျိုးတို့ကိုယ်တိုင်လည်း အရမ်း သိချင်နေပါတယ်။ ကျွန်တော်တို့ဖြစ်ချင်တာ၊ ရပိုင်ခွင့်အတွက် တောင်းဆိုရပါဦးမယ်။ ဘောင်အတွင်းက လှုပ်ရှားလို့ရသမျှ လှုပ်ရှားရပါလိမ့်မယ်။
မေး - ဆင်ဆာအဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ တာဝန်တစ်ရပ်ယူပြီး လုပ်နေကြတယ်၊ အမှားအယွင်းရှိခဲ့ရင်တောင် ဒါကစေတနာအမှားသာ ဖြစ်တယ်လို့ ပြောသွားတာ တွေ့ရပါတယ်။ အနုပညာရှင်တွေ အနေနဲ့ ဒီအပေါ်မှာ ဘယ်လို သုံးသပ်ချင်ပါသလဲ . . .
ဖြေ အမှားတိုင်းရဲ့ရှေ့မှာစေတနာဆိုတဲ့ စကားလုံးတပ်တိုင်း အမှန်ဖြစ်သွားတာ မဟုတ်ဘူး။ မမှားအောင် ဂရုစိုက်ဖို့သာ အရေးကြီးတာပါ။ အခု ဆောင်ရွက်နေကြတဲ့သူတွေ အပင်ပန်း ခံနေကြရတယ်။ ကျွန်တော်တို့အတွက် အပင်ပန်းမခံပါနဲ့။ တကယ်တတ်တဲ့သူတွေ အပင်ပန်းခံပါလိမ့်မယ်။ ကျွန်တော်တို့ အနုပညာရှင်တွေက အသွေးအသားထဲက အနုပညာချစ်စိတ် နဲ့ တစ်သက်တာလုံး မြှုပ်နှံသွားဖို့ ဆုံးဖြတ်ထားတဲ့သူတွေ။ ဆင်ဆာ အဖွဲ့ဝင်တွေ အနေနဲ့လည်း သူတို့ ကျွမ်းကျင်ရာ အလုပ်မှာ ဒီလိုပဲမြှုပ်နှံထားကြမှာပဲ။ မြှုပ်နှံထားပုံချင်းတော့ ဘယ်လိုမှတူညီမှာ မဟုတ်ဘူး။ ဒီတော့ဆင်ဆာအဖွဲ့ဆိုတာ ရှိရပါမယ်။ တရားမျှတတဲ့ ဆင်ဆာအဖွဲ့ ဖြစ်ရပါမယ်။ ဟိုထုတ်လုပ်သူကိုတော့ ငဲ့ညှာပြီးပေးလိုက်တယ်။ ဒီလူကိုတော့မပေးဘူးလို့ ပြောတာမျိုးကျတော့ တရားမမျှတမှု ရှိနေတယ်ဆိုတာ ၀န်ခံသလိုဖြစ်နေတယ်။
မေး- ဦးမျိုးတို့ နှင်းဆီအငြိမ့်အဖွဲ့ ပြန်ကဖို့ ဆုံးဖြတ်ဖြစ်တာကရော . . .
ဖြေ ဦးမျိုးတို့ လေးစားအားကျရတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင် တစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူး စေချင်တာကြာပါပြီ။ အဲဒီအတွက် ရန်ပုံငွေလိုအပ်တယ်လို့ ပြောလာတာကြောင့် ဦးမျိုးတို့ပြန်လည်ကဖို့ ဆုံးဖြတ်ဖြစ်သွားတာပါ။ ဘယ်နှပွဲ ကမယ်ဆိုတာကတော့ ရန်ပုံငွေရရှိမှု အပေါ်မူတည်ပါလိမ့်မယ်။
မေး- ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ ကော်မတီဖွဲ့တဲ့အချိန်မှာရော ဦးမျိုး က ဘယ်အပိုင်းက ပါဝင်ဖြစ်မှာလဲ . . .
ဖြေ ဦးမျိုးက ဘဏ္ဍာငွေရှာဖွေရေး အပိုင်းကပါ။ အသေးစိတ် အချက်တွေတော့ ထပ်ပြီးထုတ်ပြန်သွားပါလိမ့်မယ်။ အဓိက ကတော့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားဖြစ်တဲ့အတွက် ပါဝင်ဖြစ်တာပါ။
Eleven Media Group
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)နှင့် တွေ့ဆုံခြင်း ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)နှင့် တွေ့ဆုံခြင်း Reviewed by သစ်ထူးလွင် on 20:07 Rating: 5

No comments:

Powered by Blogger.