မန္တလေး ဘူတာကြီး၌ လက်မှတ်မှောင်ခို ပြုလုပ်သူများ ရှိနေ

ရန်ကုန်-မန္တလေး အမြန်ရထား (ဓါတ်ပုံ-ပေါ်ပျူလာဂျာနယ်)
မြန်မာ့ မီးရထား၊ မန္တလေးဘူတာကြီး၌ ပွင့်လင်း ရာသီရောက်ချိန် ရထားစီး ခရီးသွားများ အနေနှင့် ခရီးသွား လက်မှတ် ဝယ်ယူရေးတွင် လွယ်ကူ အဆင်ပြေစေရန်၊ လက်မှတ် ရောင်းဝယ်မှု လျော့နည်း ပပျောက်စေရန် မီးရထား တာဝန်ရှိ ဝန်ထမ်းများ နေ့စဉ် အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိနေပြီး ရထာစီး ခရီးသွားများ လက်မှတ် ဝယ်ယူရေးတွင် မသိ နားမလည်မှုများအပေါ် လက်မှတ်မှောင်ခို ရောင်းဝယ် ပြုလုပ်နေသော သူများ ရှိနေသောကြောင့် မြန်မာ့မီးရထား အနေနှင့် ကူညီ ဖြေရှင်း ပေးနေရပြီး ခရီသွား ပြည်သူများ စိတ်ချမ်းမြေ့ အဆင်ပြေစေရန် အဓိကထား လုပ်ဆောင်လျက် ရှိနေကြောင်း မြန်မာ့မီးရထား တာဝန်ရှိ ဝန်ထမ်းများထံမှ သိရသည်။ ရထားလက်မှတ် မှောင်ခို ရောင်းဝယ် ပြုလုပ်နေသူများသည် နယ်မြို့များမှ ရထားစီးရန် လာကြသော ခရီးသွားများကို အဓိကထား ပြုမူလုပ်ဆောင်နေကြောင်း သိရသည်။ ယခု ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော လက်မှတ်မှောင်ခို ရောင်းဝယ်မှုတွင် ကွတ်ခိုင်မှလာသော ခရီးသွား မောင်အိုက်ရီမှ သူကိုယ်တိုင် ကြုံတွေ့ ခံခဲ့ရပုံကို ပြောပြရာတွင် “ကျွန်တော်တို့ (၁၁) ဦး အဖွဲ့ မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်ကို အလုပ် သွားလုပ်ဖို့ ကွတ်ခိုင်ကနေ မန္တလေးကို လာခဲ့တယ်။ မန္တလေးရောက်တော့ မြို့တွင်း ခေါက်တို ကားသမား တစ်ယောက်က ဘူတာကြီးကို တစ်ယောက် တစ်ထောင် တောင်းပြီး ကားနဲ့ လိုက်ပို့တယ်။ ဘူတာကြီး မပို့ဘဲ ၇၇ လမ်း၊ ၃ဝx ၃၁ လမ်းကြားရှိ ကားဂိတ်တစ်ခုရဲ့ အိမ်တစ်အိမ်ကို ပို့ခဲ့တယ်။ မင်းတို့ကို ဒီအိမ်က လူတွေက ရထားလက်မှတ် ဝယ်ပေးပြီး ရထားပေါ်ထိ လိုက်တင် ပေးလိမ့်မယ်လို့ ပြောပြီး ထားခဲ့တယ်။

အဲဒီအိမ်က လူကလည်း မင်းတို့ ဒီမှာ နားနားနေနေ နေကြပြီးရင် လက်မှတ် သွားဝယ် ပေးမယ် ပြောတယ်။ လက်မှတ် တစ်စောင်ကို၂၆၀၀၀ ကျပ် တောင်းတယ်။ များပါတယ်လို့ ပြောတော့ ၂၃၀၀၀ ကျပ်နဲ့ လုပ်ပေးမယ် ပြောပြီး မှတ်ပုံတင် (၁၁) ခုကို တောင်းတယ်။ ပြီးတော့ လက်မှတ်ဖိုး ကျသင့်ငွေ ၂၅၃၀၀၀ ကျပ်ကို တောင်းလို့ ပေးလိုက်ရတယ်။ လက်မှတ်ကို နောက်သုံးနာရီနေရင် ရမယ်လို့ ပြောတယ်။ ခဏနေတော့ ဆိုင်ကယ်နဲ့ ကျွန်တော်တို့ အဖွဲ့ထဲက လေးယောက်ကို ဘူတာကြီးအပေါ်ထပ် လက်မှတ်ရောင်း နေရာကို ခေါ်သွားတယ်။ လက်မှတ်တန်းစီတဲ့ နေရာမှာ ကျွန်တော်တို့ကို တန်းစီခိုင်းပြီး သူတို့ နေရာလို့ ပြောတယ်။ မှတ်ပုံတင်လေးစောင်နဲ့ လက်မှတ်ဖိုး ၁၇၀၀၀ ကျပ်ပေးပြီး ဝယ်ခိုင်းတယ်။ လက်မှတ်ဝယ်ပြီး အိမ်ကို ပြန်ခေါ်တယ်။ လက်မှတ် လေးစောင်ပဲ ရတယ်။ ကျန်တဲ့ လူတွေအတွက် မရတော့ဘူး ပြောတယ်။ စိတ်ပူပြီး ကျန်တဲ့လူတွေက အိတ်တွေယူပြီး ဘူတာကို သွားကြတယ်။ ကျွန်တော်တို့လည်း ဘူတာကို ပြန်လိုက်လာတယ်။ ကျွန်တော်တို့ လက်မှတ်တွေကို သူတို့က ယူထားလိုက်တယ်။ ကျွန်တော်တို့ လက်မှတ် ရောင်းလိုက်တဲ့ နေရာကို သွားမေးကြတယ်။ ကျွန်တော်တို့ (၁၁) ယောက်အတွက် လက်မှတ်ခ ပေးထားတယ်။ အခု လေးစောင်ပဲ ရတယ်။ ကျန်တဲ့လူတွေက ဘာလို့ မရတာလဲလို့ မေးကြည့်လိုက်တော့ မီးရထားဝန်ထမ်းတွေက ကျွန်တော်တို့ကို ခေါ်ပြီး အကျိုးအကြောင်း မေးတော့ ဖြစ်စဉ်ကို ပြောပြတဲ့အခါ ကျွန်တော်တို့ကို လက်မှတ် မှောင်ခိုသမားတွေ လက်မှတ်ဝယ်ပေးမယ် ပြောပြီး ပိုက်ဆံကို အဆမတန် တောင်းသွားခြင်း ဖြစ်ကြောင်း သိရတယ်။

ကျွန်တော်တို့လည်း ကားဂိတ်ကအိမ်ကို ပြန်လိုက်သွားတယ်။ လက်မှတ် မဝယ်တော့ဘူး။ ကိုယ်တိုင် ဝယ်မယ် မှတ်ပုံတင်နဲ့ ပိုက်ဆံ ပြန်တောင်းတယ်။ မှတ်ပုံတင်နဲ့ ပိုက်ဆံ ပြန်ပေးတယ်။ ပထမဝယ်ထားတဲ့ လက်မှတ် (၄) စောင်ကို ပြန်မပေးဘူး။ လက်မှတ်ခတွေက (၁၅) ရက် (၁) ကြိမ် မီးရထားက တက်နေတာလို့ ပြောပြီး ကျွန်တော်တို့ကို မြန်မြန်သွားကြ ဆိုပြီး နှင်ထုတ်လိုက်တယ်။ မီးရထား တာဝန်ရှိသူတွေက ကျွန်တော်တို့ရဲ့ အဖြစ်မှန်ကို သိပြီး ရထားလက်မှတ် အခက်အခဲကို ဖြေရှင်း အကူအညီ ပေးခဲ့ကြတယ်။ အမှန်တကယ် လက်မှတ် တန်ဖိုးက ၄၂၅၀ ကျပ်သာ ရှိတာ။ ကျွန်တော်တို့က လက်မှတ်ဖိုးကို အတိအကျ မသိဘူး။ မီးရထား ဝန်ထမ်းတွေ ရှင်းပြလို့ သိရတာ။ ကျေးဇူးအများကြီး တင်ပါတယ်။ အခုလို လက်မှတ် မှောင်ခိုသမားတွေရဲ့ မသမာမှုတွေကို သက်ဆိုင်ရာ တာဝန် ရှိသူတွေကိုလည်း အကြောင်း ကြားထားတယ်။ ကျွန်တော်တို့ ခံရသလို ခရီးသွား ပြည်သူတွေ မဖြစ်အောင်လို့ ပြောရတာပါ” ဟု ပြောပြခဲ့သည်။ “ရထားစီး ခရီးသွား ပြည်သူများ အနေနဲ့ ရထားလက်မှတ် ဝယ်ယူရာတွင် ဘူတာကြီးထိ ရောက်အောင် လာပြီး လက်မှတ်ရုံတွေမှာ တိုက်ရိုက်ဆက်သွယ် ဝယ်ယူစေချင် ပါတယ်။ အထက်တန်း (၃) ရက်ကြို ရိုးရိုးတန်း (၁) ရက်ကြို နေ့ချင်း လက်မှတ် တစ်ဦးကို (၁) စောင်နှုန်းနဲ့ ရောင်းချပေးနေ ပါတယ်။ လက်မှတ်နဲ့ ပတ်သက်ပြီး ကြေညာ ဆိုင်းဘုတ်တွေကိုလည်း ခရီးသွား အများမြင်သာ သိရှိနိုင်အောင် လက်မှတ်ရုံများနဲ့ ဘူတာကြီး နေရာအများ ချိတ်ဆွဲထားပါတယ်။ ပြန်ကြားရေးကလည်း (၁၅) မိနစ် တစ်ကြိမ် ကြေညာပေးနေ ပါတယ်။

ဘူတာကြီး ပထမထပ်ရှိ ရိုးရိုးတန်း လက်မှတ်ရုံနဲ့ အထက်တန်းရုံကြား မီးရထားမှာ Complain Center ထားရှိပြီး ခရီသွားပြည်သူများ ရထားလက်မှတ် ဝယ်ယူနိုင်ရေးမှာ အဆင်ပြေ ချောမွေ့စေဖို့ မီးရထားကနေ အခုလို စီစဉ်ပေးထား ပါတယ်” လို့ မီးရထား တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ မန္တလေး ဘူတာကြီးအနီး ပတ်ဝန်းကျင်၌ ရှိသော တည်းခိုခန်း လုပ်ငန်းများ၊ အဝေးပြေး ကားဂိတ်များသည်လည်း ရထားစီး ခရီးသည်များကို အဓိကအားထား ပြုနေရသော လုပ်ငန်းများ ဖြစ်သည့်အတွက် ရထားစီး ခရီးသည်များ လက်မှတ် ဝယ်ယူရေးတွင် ကောင်းမွန် မှန်ကန်စွာ လမ်းညွှန် ပေးကြရန် လိုအပ်သလို ရထားလက်မှတ် တန်းစီ ဝယ်ယူရာတွင်လည်း အမှန်တကယ် ခရီးသွားများသာ တန်းစီ ဝယ်ယူနိုင်ရန်အတွက် ယခုလက်ရ လက်မှတ်ရုံ အနေအထားမှ ပိုမိုကောင်းမွန်သော မီးရထားဝန်ဆောင်မှုများကို တိုးမြှင့် လုပ်ဆောင်ပေးမှသာ မီးရထား အဓိက ရည်မှန်းချက်များ ဖြစ်တဲ့ လက်မှတ်မဲ့ မပါရှိရေး၊ မှောင်ခို ပပျောက်ရေး၊ မသမာသော နည်းများနဲ့ ခရီးသွားများအပေါ် အမြတ်ထုတ် ကိုယ်ကျိုးရှာနေသူများ ဖော်ထုတ် အရေးယူရေးတို့ကို ဆောင်ရွက်နိုင်မှာ ဖြစ်သလို ရထားစီး ခရီးသည်များ စိတ်ချမ်းမြေ့ အဆင်ပြေမှာ ဖြစ်ပါတယ်လို့ မီးရထား တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကြည်စိုး (မန္တလေး)
မန္တလေး ဘူတာကြီး၌ လက်မှတ်မှောင်ခို ပြုလုပ်သူများ ရှိနေ မန္တလေး ဘူတာကြီး၌ လက်မှတ်မှောင်ခို ပြုလုပ်သူများ ရှိနေ Reviewed by သစ်ထူးလွင် on 11:27 Rating: 5

1 comment:

Unknown said...

Good news!

အ၇မ်းအ၇မ်းကို ကောင်းတဲ့ သတင်းပါပဲ အဲဒီစာထဲက ၇ထား ၀န်ထမ်းတွေကို အ၇မ်းပဲ လေးစားမိပါတယ်။ မြန်မာပြည်အတွက် ၀န်ထမ်းကောင်းတွေ အများကြီး လိုပါတယ်။

ကျေးဇူးပါ ၀န်ထမ်းအပေါင်းတို့ခင်ဗျား။
jan jan

Powered by Blogger.