အမေရိကန် ပြန်လာပြီ

အမေရိကန်သမ္မတ အိုဘားမား၏ နိုဝင်ဘာလ အာရှ-ပစိဖိတ်ဒေသ ကိုးရက်ကြာခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထိုခရီးစဉ်တွင် အိုဘားမားက ဟိုနိုလူလူတွင်ပြုလုပ်သည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(Asia-Pacific Economic Cooperation (APEC)) ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး အဖွဲ့ဝင် ၂၁ နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးကို တိုက်တွန်းခဲ့သည်။  ထိုမှတစ်ဆင့် သြစတေးလျနိုင်ငံ ပါလီမန်တွင် အမေရိကန်နိုင်ငံ၏ အာရှ-ပစိ ဖိတ်ဆိုင်ရာ မူဝါဒများကို ထုတ်ဖော်ပြောကြားခဲ့သည်။ နောက်ဆုံးတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှ အစည်းအဝေးတို့ကို တက်ရောက်ခဲ့သည်။ ဘာလီတွင် အိုဘားမားက အမေရိကန်နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ်ဒေသအပေါ် အလေးထားမှုများကို ထပ်လောင်းပြောကြားခဲ့သကဲ့သို့ နှစ်နှစ်ဆယ်ကျော် ဆက်ဆံရေးအေးခဲနေခဲ့သည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည့်အကြောင်း ကြေညာခဲ့သည်။
အမေရိကန်ပြန်လာပြီ
စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုနောက်ပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးမူဝါဒသည် အယ်လ်ကေဒါချေမှုန်းရေးနှင့် ဖျက်အားပြင်းလက်နက်များ ထိန်းချုပ်ရေးကိစ္စများတွင်သာ ဗဟိုပြုနေခဲ့သည်ဟု ဆိုနိုင်သည်။ ထိုဦးစားပေးမှုများနှင့်အညီ အမေရိကန်တို့၏ အာရုံကျရာဒေသသည်လည်း အရှေ့အလယ်ပိုင်း ဗဟိုအာရှဒေသနှင့် အာဖရိကဒေသ ဖြစ်လာခဲ့သည်။ အာရှ-ပစိဖိတ်ဒေသက နောက်တန်းသို့ ရောက်သွားခဲ့သည်။ ထိုအချိန်တွင် အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ အင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိလာမှုကြောင့် ပထ၀ီ နိုင်ငံရေး အခြေအနေတွေက အပြောင်းအလဲ ဖြစ်လာခဲ့သည်။ ဒေသတွင်း နိုင်ငံတွေက တရုတ်နိုင်ငံအင်အား ကြီးမားလာမှုကို ထိန်းညှိနိုင်ရန်အတွက် အမေရိကန်ကို အလိုရှိလာကြသည်။
ယခုအခါ အိုဘားမားက အာရှ-ပစိဖိတ်ဒေသနိုင်ငံများသို့ အမေရိကန် ပြန်လာပြီဟူသည့် သတင်းစကား ပါးခဲ့ပေပြီ။ နိုဝင်ဘာလ ၁၇ ရက်နေ့ သြစတေးလျ ပါလီမန်သို့ မိန့်ခွန်းပြောကြားရာတွင် အိုဘားမားက အမေရိကန်နိုင်ငံဟာ ပစိဖိတ်ဒေသ အင်အား ကြီးနိုင်ငံဖြစ်တဲ့အတွက် အနာဂတ်မှာ အာရှ-ပစိဖိတ်ဒေသရေးရာများမှာ ပိုမိုပါဝင်ဆောင်ရွက်သွားမှာ ဖြစ်တယ်ဟု ကတိပေး ပြောကြားသွားခဲ့သည်။  အိုဘားမားက အမေရိကန်သည် အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံအားလုံးက လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်များနှင့်ပတ်သက်ပြီး နိုင်ငံတကာဥပဒေ များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် ဆောင်ရွက်သွားမည်ဟု ကတိပေးသွားခဲ့သည်။ ထို့ပြင် အီရတ်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းခဲ့ပြီး အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များကို လျော့ချခဲ့ပြီးဖြစ်သည့်အတွက် အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်တပ်ဖွဲ့များ ပိုမိုချထားနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက အမျိုးသားလုံခြုံရေးကောင်စီကို အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးမူဝါဒကို ပြန်လည်သုံးသပ်ရန်နှင့် ထိုကဲ့သို့ဆောင်ရွက်ရာတွင် အာရှ-ပစိဖိတ်ဒေသကို ဦးစားပေးဒေသအဖြစ် သတ်မှတ်ရန်အတွက် ညွှန်ကြား ထားပြီးဖြစ်ကြောင်းလည်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။  အိုဘားမား၏ မိန့်ခွန်းအရ အမေရိကန်တို့အနေဖြင့် ဂျပန်နှင့် တောင်ကိုရီးယားတွင် ရှိပြီးဖြစ်သည့် တပ်ဖွဲ့များကို ပိုမိုခေတ်မီအောင် ဆောင်ရွက်မည့်အပြင် အရှေ့တောင်အာရှဒေသတွင်လည်း ဒေသတွင်းနိုင်ငံများနှင့် တပ်မတော်ချင်း ဆက်ဆံရေးများ ကို တိုးချဲ့သွားမည်ဖြစ်သည်။
အမေရိကန်တို့က သြစတေးလျနိုင်ငံ ဒါဝင်မြို့တွင် သြစတေးလျတပ်ဖွဲ့များနှင့် ပူးတွဲလေ့ကျင့်ရန်တွက် အင်အား ၂၅၀၀ ရှိတပ်ဖွဲ့တစ်ခုချထားမည်ဖြစ် ပြီး တိုက်လေယာဉ်အချို့လည်းထား ရှိသွားမည်ဖြစ်သည်။ လက်ရှိ အချိန် တွင်အမေရိကန်တပ်မတော်အနေဖြင့်  ထိုင်းတပ်မတော်နှင့်သဘာဝဘေးဒဏ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေပြီး ဖိလစ်ပိုင်တပ်မတော်အတွက် လေ့ကျင့်သင်တန်းပေးမှုများ ပြုလုပ်ခြင်း၊ စစ်ရေယာဉ်များ သွားရောက်လည်ပတ်ခြင်းတို့ကို တိုးမြှင့် လုပ်ဆောင်လျှက်ရှိပေသည်။ အင်ဒိုနီးရှားနိုင်ငံနှင့်မူ ပင်လယ်ဓားပြ နှိမ်နင်းရေးနှင့် အကြမ်းဖက်သမားများ နှိမ်နင်းရေးကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မလေးရှားနိုင်ငံနှင့် ဖျက်အားပြင်းလက်နက်များ မပြန့်ပွားရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ အလားတူပင် စင်ကာပူနိုင်ငံသို့ အမေရိကန်စစ်သဘောင်္များ ပုံမှန်ဝင်ထွက်နေပြီး ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့နှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျှက်ရှိပေသည်။ ထို့ပြင် အိုဘားမားက အိန္ဒိယနိုင်ငံ၏ အရှေ့မျော်မူဝါဒကိုကြိုဆိုခဲ့ပြီး အိန္ဒိယနိုင်ငံကို အာရှ ဒေသ အင်အားကြီးနိုင်ငံအဖြစ် ဒေသရေးရာများတွင် ပိုမိုပါဝင်စေလိုသည့်ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်။
နီယိုကွန်စာတမ်း
တကယ်တော့ အမေရိကန်တို့အနေဖြင့် အာရှ-ပစိဖိတ်ဒေသကို ပိုမိုဦးစားပေးရန်ဆိုသည့် မဟာဗျူဟာကို အိုဘားမားလက်ထက်မှသာ ချမှတ်ခဲ့ခြင်းမဟုတ်ပေ။ သမ္မတဘုရှ် သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်ကပင် နီယိုကွန်ဝါဒီများ က ၂၁ ရာစုအတွက် အမေရိကန်တို့၏ မဟာဗျူဟာနှင့်ပတ်သက်ပြီး စာတမ်းတစ်စောင် ပြုစုခဲ့သည်။ ထိုစာတမ်းတွင် ၂၁ ရာစုတွင် နိုင်ငံတကာ လုံခြုံရေးစနစ်သည် ဧကမဏ္ဍိုင်စနစ် ဖြစ်လာပြီး အမေရိကန်နိုင်ငံ၏ မဟာဗျူဟာ ရည်မှန်းချက်သည် စစ်အေးခေတ်လွန်ကာလတွင် ရရှိထားသည့် မဟာအင်အားကြီး နိုင်ငံအဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားရန်ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။ စစ်ရေး ရည်မှန်းချက်အနေဖြင့် အမေရိကန်တို့၏ သြဇာလွှမ်းမိုးရာ နယ်မြေများကိုတိုးချဲ့ရန်နှင့် ကမ္ဘာ့ဒေသကြီးများတွင် အမေရိကန်တို့၏ အကျိုးစီးပွားကို စိန်ခေါ်နိုင်စွမ်းရှိသည့် နိုင်ငံများ ပေါ်ထွက်လာခြင်းမရှိအောင် တားဆီးရန်ဆောင်ရွက်ရမည်ဟု အကြံပြုခဲ့ပြီး စစ်အေးတိုက်ပွဲကာလတုံးက ဥရောပတိုက်ကို ဦးစားပေးဒေသ သတ်မှတ်ခဲ့ရာမှ ၂၁ ရာစုတွင်မူ အာရှဒေသကို ဦးစားပေးဒေသအဖြစ် သတ်မှတ်သင့်သည်ဟု တင်ပြထားခဲ့သည်။
နီယိုကွန်တို့က အမေရိကန်တို့သည် ဖိလစ်ပိုင်နိုင်ငံရှိ စစ်အခြေစိုက် စခန်းကြီးများကို စွန့်လွှတ်ခဲ့ရပြီးချိန်မှစကာ အရှေ့တောင်အာရှဒေသကို ပစ်ပယ်ထားခဲ့ကြောင်း၊ တရုတ်နိုင်ငံက အရှေ့တောင်အာရှဒေသကို ပိုမိုထိုးဖောက်ရန် ကြိုးစားလာမှု၊ အရှေ့ တောင်အာရှဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အရှေ့တောင်အာရှ ပင်လယ်ပြင်တွင် မဟာဗျူဟာကျသော ရေကြောင်းဆက်သွယ်ရေး လမ်းကြောင်းများရှိနေခြင်းကြောင့် အမေရိကန်အနေဖြင့် အရှေ့တောင်အာရှဒေသကို ပြန်ပြီးအာရုံစိုက်သင့်ပြီဟု အဆို ပါစာတမ်းတွင် ထောက်ပြထားခဲ့သည်။  သမ္မတဘုရှ်က ထိုအယူအဆကို လက်ခံခဲ့သော်လည်း အယ်လ်ကေဒါအပေါ် အာရုံစိုက်ခဲ့ရမှုကြောင့် ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ခဲ့ပေ။ အိုဘားမား ရာထူးလက်ခံပြီးချိန်တွင် အာရှဒေသကို ပြန်လည်အာရုံစိုက်လာခဲ့ပြီး ယခုကဲ့သို့ မူဝါဒအသစ် ပေါ်ထွက်လာခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ သြစတြေးလျ ပါလီမန်သို့ မိန့်ခွန်းပြောကြားရာတွင် အိုဘားမားက အမေရိကန်နိုင်ငံဟာ ပစိဖိတ်ဒေသအင်အားကြီး နိုင်ငံဖြစ်တဲ့အတွက် အနာဂတ်မှာ အာရှ-ပစိဖိတ်ဒေသရေးရာများမှာ ပိုမိုပါဝင် ဆောင်ရွက်သွားမှာဖြစ်တယ် .  . 
တရုတ်တို့၏စိုးရိမ်မှု
အိုဘားမားအစိုးရ၏ အာရှ-ပစိဖိတ်ဆိုင်ရာ မူဝါကို တရုတ်တို့ဘက်က အလေးထား စောင့်ကြည့်ခဲ့သည်။ အိုဘားမားအနေဖြင့် အမေရိကန်နိုင်ငံ၏ မူဝါဒသည် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်မဟုတ်ကြောင်း တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ အ ဓိက ကုန်သွယ်ဘက်နိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း၊ အမေရိကန်က တရုတ်နိုင်ငံအနေဖြင့် ဒေသရေးရာများ ဥပမာတောင်တရုတ်ပင်လယ် အငြင်းပွားမှုမျိုးတွင် နိုင်ငံတကာ ဥပဒေများကို လေးစားမှု၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်တို့ကို လေး စားမှုရှိရန် လိုလားကြောင်း ဆိုခဲ့သည်။  သို့သော် တရုတ်ဘက်ကမူ အိုဘားမား၏ အာမခံချက်များအပေါ် ယုံကြည်ပုံမရှိခဲ့ပေ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin ကတော့ သြစတြေးလျအပါအ၀င် အာရှဒေသနိုင်ငံများ၌ အမေရိကန်တပ်ဖွဲ့များ ပိုမိုချထားမည်ဆိုသည့် အစီအစဉ်အပေါ် မေးခွန်းထုတ်ခဲ့ပြီး ပြင်ပအင်အားစု များမှ ၀င်ရောက်စွက်ဖက်မှုများသည် အာရှဒေသ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေမည်ဟု သတိပေးခဲ့သည်။ ထို့ပြင် အမေရိကန်-သြစတေးလျ ဆက်ဆံရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်ရာ တွင် အခြားနိုင်ငံများ၏ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်ဟု ထောက်ပြခဲ့သည်။  အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ကလည်း တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ ပြည်တွင်းရေးတွင် ပြင်ပအင်အားစုများက ၀င်ရောက်စွက်ဖက်မှုကို လက်မခံသည့်နည်းတူ ဒေသတွင်း အငြင်းပွားမှု များတွင်လည်း ပြင်ပအင်အားစုများက စွက်ဖက်မှုကို လက်မခံကြောင်း သတိပေး ခဲ့သည်။ ထိုအစည်းအဝေး၌ ၀မ်ကြားပေါင်က တရုတ်နိုင်ငံက အာဆီယံနိုင်ငံများတွင် လုပ်ဆောင်နေသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်း ၅၀ အတွက် သက်သာသော ချေးငွေ ဒေါ်လာလေး ဘီလျံအပြင် နောက်ထပ်ဒေါ်လာဆယ်ဘီလျံ ချေးငှားမည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ထိုငွေနှင့်ဆိုပါက တရုတ်နိုင်ငံက အာဆီယံနိုင်ငံများအတွက် ထုတ်ချေးမည့် ငွေပမာဏာမှာ ၂၅ ဘီလျံရှိ သွားပြီဖြစ်သည်။  အလားတူပင် တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Wu Hailong ကလည်း အေပက်အဖွဲ့တွင်းရှိ ဖွံဖြိုးဆဲနိုင်ငံများနှင့် Trans-Pacific Partnership(TPP) ကုန်သွယ်ရေး စာချုပ်ချုပ် ဆိုနိုင်ရန် အမေရိကန်တို့ ကြိုးစားနေမှုကို လက်တွေ့မကျ၊ စိတ်ကူးယဉ် အလုပ်အဖြစ် ဝေဖန်ခဲ့သည်။
အမေရိကန်တို့အတွက်မူ အေပက်အဖွဲ့ဝင်နိုင်ငံများက ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန် ပို့ကုန်များကို ဒေါ်လာ ၇၇၄ ဘီလီယံဖိုးဝယ်ယူခဲ့ရာ အမေရိကန် ပို့ကုန်တန်ဖိုး၏ ၆၁ ရာခိုင်နှုန်းရှိသည့် အခြေအနေကို ဆက် လက်ထိန်သိမ်းနိုင်ရန် ပြင်ဆင်လျက်ရှိ နေပေသည်။ အိုဘားမားက အေပက်နိုင်ငံများတွင် စားသုံးသူ ၂ ဒသမ ၇ ဘီလျံရှိပြီး အမေရိကန်လုပ်သား ၅ သန်း၏အလုပ်အကိုင်များကို အထောက်အကူပေးလျက်သဖြင့် ယခုကဲ့သို့စီးပွားရေးအကျပ်အတည်းဖြင့် ရင်ဆိုင်နေရချိန်တွင် အေပက်အဖွဲ့အတွင်း စီးပွားရေး၊ ကုန်သွယ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ပိုမိုလုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။ ယခုအမေရိကန်တို့ ဆောင်ရွက်မည့် အေပက်အဖွဲ့ဝင်နိုင်ငံများနှင့် ချုပ်ဆိုနိုင်ရန် ကြိုးစားနေသည့် Trans-Pacific Partnership(TPP) ကုန်သွယ်ရေး စာချုပ် တွင် တရုတ်နိုင်ငံကို ထည့်သွင်းထားခြင်းမရှိသည့်အတွက်လည်း ထိုလုပ်ဆောင်ချက်ကို တရုတ်တို့က တရုတ်နိုင်ငံကို ပိတ်ဆို့ရန် လုပ်ဆောင်မှုအဖြစ် ရှုမြင်ခဲ့ခြင်းဖြစ်သည်။
တရုတ်အစိုးရက အမေရိကန်တို့၏ မူဝါဒပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် မဟာဗျူဟာ အကျိုးဆက်များသုံးသပ်ပြီး တရုတ်ဘက်က လုပ်ဆောင်သင့်သော အချက်များကို ထောက်ခံတင်ပြရန်အတွက် ပညာရှင်များကို တာဝန်ပေးထားသည်ကိုလည်း တွေ့ရသည်။ ထိုကဲ့သို့ တာဝန်ပေးခြင်းခံရသည့် ပေဂျင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Zhu Feng ကတော့ အမေရိကန်တွေက လိုတာထက်ပိုပြီး လုပ်နေတာဖြစ်တယ်ဟု ပြောဆိုခဲ့ပြီး အမေရိကန်တို့၏ ရန်လိုမှုကြောင့် တရုတ်တို့ စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ပြောဆို သွားခဲ့သည်။ Institute of American Studies at the Chinese Academy of Social Sciences မှ ပါမောက္ခ နီဖန်းကတော့ အမေရိကန်တွေဟာ သူတို့ရဲ့စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် တည်ငြိမ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ အာရှ-ပစိဖိတ်ဒေသကို စိတ်ဝင်စားနေတာပါဟု ဝေဖန်သွားခဲ့သည်။
ဤအချိန်တွင် တရုတ်မီဒီယာများကလည်း အမေရိကန်တို့၏ မူဝါဒသစ်ကို အပြင်းအထန် ဝေဖန်လာခဲ့သည်ကိုလည်းတွေ့ရသည်။ ဆင်ဝှာသတင်းဌာနက အမေရိကန်တွေဟာ သူတို့ရဲ့ ဗိုလ်ကျစိုးမိုးမှုကို တရုတ်နိုင်ငံက စိန်ခေါ်လာမှာကို စိုးရိမ်နေကြတယ်။ အမေရိကန်တွေက အရှေ့အာရှကို ပိုပြီးအာရုံစိုက်မယ်လို့ ပြောတာဟာ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ လုပ်ဆောင်ချက်သာဖြစ်တယ်ဟု ဝေဖန်ခဲ့သည်။  တရုတ်ကွန်မြူနစ်ပါတီပိုင် ပြည်သူ့နေ့စဉ်သတင်းစာက အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ဂလိုဘယ်တိုင်း (Global Times) သတင်းစာတွင် တရုတ်တပ်မတော် ဗိုလ်မှူးချုပ်တစ်ဦးက အမေရိကန်နှင့် သြစတြေးလျတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ခြင်းသည် တရုတ်နိုင်ငံကို ပိတ်ဆို့ဝန်းရံထားနိုင်မည့် စစ်စခန်းများ တည်ဆောက်ရေးအစီအစဉ်၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြောဆိုချက်ကို ဖော်ပြထားခဲ့သည်။ ထိုသတင်းစာ၌ အမေရိကန်တို့၏ အာရှမဟာဗျူဟာကို တုံ့ပြန်ရန် နည်းလမ်းခြောက်သွယ် ဆောင်းပါး ကိုဖော်ပြခဲ့ပြီး ဆောင်းပါးရှင်က တရုတ်တို့က အမေရိကန်ငွေချေးစာချုပ်များ အလုံးအရင်းနှင့် ၀ယ်ယူပေးနေမှုကို လျော့ချသင့်သည်ဟု အကြံပြုထားခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ရ ဂလိုဘယ်တိုင်း သတင်းစာအယ်ဒီတာ့အာဘော်တွင် ဒေသတွင်း နိုင်ငံများကို သတိပေးသည့်အနေဖြင့် အမေရိကန်နိုင်ငံ၏ တရုတ်ဆန့်ကျင်ရေး မဟာဗျူဟာတွင် အသုံးချခံသည့် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများကို ခံစားခွင့် ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်းနှင့် တရုတ်ဆီကစီးပွားရေး အမြတ်ယူပြီး အမေရိကန်ဆီက လုံခြုံရေးအကာအကွယ်ယူဖို့ ကြိုးစားသည့်နိုင်ငံများအတွက် နေရာမရှိဟု သတိပေးထားခဲ့သည်ကို တွေ့ရသည်။  မည်သို့ပင်ဖြစ်စေ အမေရိကန်နိုင်ငံ၏ မူဝါဒအပြောင်းအလဲကြောင့် တရုတ်ရော၊ အမေရိကန်ပါ အာဆီယံအပါ အ၀င်ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရာတွင် တစ်ဖက်သတ် အပေါ်စီး ဆက်ဆံ၍မရတော့သည်မှာ သေချာသည်။ ထိုအချက်ကို အသုံးချနိုင်လျှင် ဒေသ တွင်းနိုင်ငံငယ်များသည် နိုင်ငံကြီးနှစ်နိုင်ငံလုံး၏ လွှမ်းမိုမှုကိုမခံရဘဲ မိမိနိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အားပြိုင်မှုကြောင့် အနိုင်ရသူမှာ အာဆီယံနိုင်ငံများ ဖြစ်ပေလိမ့်မည်။
မှီငြမ်းပြုစာစောင်များ
၁။ သမ္မတအိုဘားမား၏ နိုဝင်ဘာ ၁၇ ရက်နေ့ သြစတေးလျပါလီမန် မိန့်ခွန်း။
၂။ ၀ါရှင်တန်ပို့စ် သတင်းစာ နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၇ ရက်။ 
၃။ ဂလိုဘယ်ပို့စ်သတင်းစာ နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်။

Written by ရဲထွဋ်
Eleven Media Group
အမေရိကန် ပြန်လာပြီ အမေရိကန် ပြန်လာပြီ Reviewed by သစ်ထူးလွင် on 09:03 Rating: 5

No comments:

Powered by Blogger.