ဦးဂမ္ဘီရ မြောင်းမြထောင်သို့ တိတ်တဆိတ် ပြောင်းရွှေ့

နိုဝင်ဘာ ၁၉၊ ၂၀၁၁ (YPI)
ယခုပတ် ဗုဒ္ဓဟူးနေ့က ကလေးမြို့ အကျဉ်းထောင်မှ အင်းစိန်ထောင်သို့ ခေတ္တပြောင်းရွှေ့ထားရှိသည့် ရွှေဝါရောင် သံဃာ့အရေးအခင်းခေါင်းဆောင် ဦးဂမ္ဘီရကို နောက်တနေ့ နံနက်စောစောတွင် မြောင်းမြ အကျဉ်းထောင်သို့ တိတ်တဆိတ်ပြောင်းရွှေ့လိုက်သည်ဟု အစ်မဖြစ်သူ မခင်သူဋ္ဌေးက YPI သို့ပြောသည်။
“ အဲဒီလို မြောင်းမြထောင်ကိုပြောင်းသွားတဲ့ အကြောင်း သိရဖို့ ၃ ရက်တောင် စုံစမ်းရတယ်။ သောကြာနေ့ကျတော့ အင်းစိန်ထောင်မှာမနက် ၈ နာရီကတည်းက သွားစောင့်နေတာ နေ့လည် ၁၂ နာရီမှ မြောင်းမြထောင်ကို ပြောင်းလိုက်တယ်ဆိုတာ ထုတ်ပြောတာ၊ ထုတ်ပြောဖို့ကို စည်းဝေးလုပ်နေရတယ်တဲ့” ဟု ၎င်းကပြောပြသည်။
ဗုဒ္ဓဟူးနေ့ နေ့ခင်းက ဦးဂမ္ဘီရအား ကလေးမြို့ အကျဉ်းထောင်မှ ရန်ကုန်သို့ ပြောင်းရွှေ့လာစဉ်ကလည်း ကလေးလေယာဉ်ကွင်းတွင် မိခင်ဖြစ်သူ ဒေါ်ရေးက သွားရောက်စောင့်ဆိုင်းခဲ့သော်လည်း တွေ့ခွင့်မပေးပဲ ပုန်းလျှိုးကွယ်လျှိုးဖြင့် လေယာဉ်ဖြင့် ခေါ်ဆောင်လာခဲ့ကြောင်း ထိုနေ့က မိခင်ဖြစ်သူက ပြောပြခဲ့သည်။
အစ်မဖြစ်သူက “ သိတော့ရော ငါတို့ မိသားစုဝင်တွေက ဘာလုပ်လို့ရမှာမို့လဲ၊ အားပေးစကား၊ ထောင်ဝင်စာပို့ ရုံပဲ လုပ်လို့ရတာ” ဟုပြောသည်။
ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကို အဓိကနေရာမှ ဦးဆောင်ခဲ့သူ သံဃာဖြစ်၍ နအဖ အစိုးရက ထောင်ဒဏ် ၆၈ နှစ်ချမှတ်ခံထားရသည်။
အကျဉ်းကျခံရသည့် အစောပိုင်းနှစ်များတွင် အကျဉ်းထောင်တွင်း ရိုက်နှက်သည့် ဒဏ်၊ ပြင်းထန်သည့် ရာသီဥတုဒဏ်များကြောင့် ဦးခေါင်း ဝေဒနာခံစားနေရသည်ဟု မိခင်ဖြစ်သူက ပြောသည်။
ရပ်ဝေး အကျဉ်းထောင်များသို့ ပို့ထားသည့် နိုင်ငံရေး အကျဉ်းသားများအား ယခုသီတင်းပတ်မှ စတင်ကာ မိသားစုနှင့် နီးသည့် အကျဉ်းထောင်များသို့ စတင်ရွှေ့ပြောင်းသည့် သတင်းများ ထွက်ပေါ်လာသည်။ မနီလာသိန်းအား သရက်မှ သာယာဝတီ အကျဉ်းထောင်သို့၎င်း၊ ကိုမင်းကိုနိုင်အား ကျိုင်းတုံမှ လတ်တလော အင်းစိန်ထောင်သို့၎င်း အသီးသီးပြောင်းရွှေ့ထားရှိသည်ဟု သိရှိရသည်။
မိသားစုနှင့် နီးသည့်အကျဉ်းထောင်များသို့ ပြောင်းရွှေ့သည်ဆိုသော်လည်း ဦးဂမ္ဘီရ ၏ မိခင်ဖြစ်သူမှာ မိတ္ထီလာမြို့တွင် နေထိုင်လျှက်ရှိသော်လည်း ယခုမြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်သည်ကိုတွေ့ရသည်။မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား သို့မဟုတ် အစိုးရ အခေါ်အားဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အနည်းဆုံး ၆၀၀ ကျော်မှ အများဆုံး ၁၆၀၀ ကျော်ထိရှိပြီး နိုင်ငံတကာ အစိုးရများနှင့် ကုလသမ္မဂ လူ့အခွင့်အရေး အဖွဲ့များက ချွင်းချက်မရှိ လွှတ်ပေးရန် တိုက်တွန်းလျက်ရှိသော်လည်း ယခုနှစ်မေလနှင့် အောက်တိုဘာလများတွင် စုစုပေါင်း ၃၀၀ ကျော်သာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ် ပေးသည်ကိုတွေ့ရသည်။    ။
ဦးဂမ္ဘီရ မြောင်းမြထောင်သို့ တိတ်တဆိတ် ပြောင်းရွှေ့ ဦးဂမ္ဘီရ မြောင်းမြထောင်သို့ တိတ်တဆိတ် ပြောင်းရွှေ့ Reviewed by သစ်ထူးလွင် on 00:19 Rating: 5

No comments:

Powered by Blogger.