ကြားရင်နားခါးတဲ့စကား



“လူတွေဟာ ကိုယ့်တာဝန် ကိုယ်မသိတတ်ဘူး။ နိုင်ငံကြီးသား ပီသဖို့ အများကြီးလိုသေးတယ်” နေရာတကာမှာ ဒီစကားပြောတာ မကြာခဏကြားရတတ်တယ်။  စာ တွေလည်း ရေးကြတာဖတ်ရတယ်။ လမ်းဖြတ်ကူးတာ၊ အမှိုက်ပစ်တာ၊ မရိုသေ့စကား လမ်းဘေး အပေါ့သွားတာ စတာမျိုးတွေကို လက်ညှိုးထိုး ပြပြီး လူမျိုး တစ်မျိုးလုံးကို နိုင်ငံကြီးသားစိတ် နားမလည်သေးဘူး၊ မယဉ်ကျေးဘူးလို့ ကဲ့ရဲ့တတ်ကြတယ်။ ဒီစကားမျိုးတွေ ကြားတိုင်း တအား စိတ်ဆိုးတယ်။ အထူးသဖြင့် အဲဒီလို ကဲ့ရဲ့တဲ့သူတွေက နှိုင်းနှိုင်းပြီး ပြောလေ့ရှိတဲ့နိုင်ငံတွေ အမည်ကြားရင် ပိုပြီးဒေါသဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက် အထိ အဲဒီ   နိုင်ငံတွေဟာ စာမတတ်ပေမ တတ်နဲ့ လူဆင်းရဲတွေ အများဆုံး၊ ဒုစရိုက်မှုတွေ အများဆုံးနိုင်ငံတွေ အဖြစ်နာမည်ဆိုးရခဲ့ကြပြီး အခု ခေတ်မှာလည်း စီးပွားရေးတိုးတက် လာမှုတစ်ခုကလွဲရင် ကျန်တဲ့လူမှု ရေး၊ ယဉ်ကျေးမှုရေးတို့မှာ ခပ်ရိုင်းရိုင်းစရိုက်တွေ ပပျောက်ကြသေးတာ မဟုတ်ပါဘူး။ မြန်မာလူမျိုးတွေဟာ လူဘယ် လောက်ပဲ ဆင်းရဲဆင်းရဲ စိတ်ဓာတ်ယဉ်ကျေးမှု မဆင်းရဲကြပါဘူး။ သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေ ကို သူ့ထိုက်နဲ့သူ့ကံပဲဆိုပြီး ပစ်ပယ် ထားတာမျိုးတော့ မဆိုထားနဲ့ ရန်ကုန် လို မြို့ကြီးပြကြီးမှာတောင် ပြောရလောက်အောင်မရှိပါဘူး။ အမိုးတစ်ခုတည်းအောက်မှာ ဘိုးဘွား တွေကို သားသမီးမြေးမြစ်တွေက မရှိအတူရှိ အပြုစုစောင့်ရှောက်   ပေးကြမြဲဖြစ်တယ်။  တောကနေပြီး မြို့ပေါ်က ဦး လေးအဒေါ်တွေ အိမ်မှာ၊ အစ်ကို အစ်မတွေအိမ်မှာ လာနေရင်း ကျောင်းတက်တဲ့ဓလေ့ရှိနေဆဲပဲ။ အများအားဖြင့် လာနေခ၊ စားစရိတ် စသဖြင့် တောင်းယူလေ့မရှိပါဘူး။ အတူနေ အတူစားပေါ့ဆိုပြီး ကိုယ်စားရသလို ကျွေးကြတာပါပဲ။ ဒီဓလေ့မျိုး တခြားနိုင်ငံတွေမှာ ရှိလို့ လား။ ပိုပြီး ထင်ရှားတဲ့ နမူနာပြရ ရင်တော့ မန္တလေးဗြဟ္မစိုရ် နာရေးကူ ညီမှုအသင်းက စတင်လိုက်တဲ့ လူမှုရေးပရဟိတ စစ်စစ်လုပ်ငန်းမျိုးတွေ ရန်ကုန်မြို့ကြီးနဲ့ နိုင်ငံ အနှံ့မြို့ နယ်ပေါင်း များစွာမှာ ပေါ်ပေါက်လာခဲ့တာကို ကြည့်ပါ။ ဒီလို အခမဲ့ နာရေးကိစ္စ အဝဝကို ကူညီတဲ့ အသင်းအဖွဲ့မျိုး ဘယ်နိုင်ငံမှာ ကြားဖူးပါသလဲ။ ဒီအသင်းအဖွဲ့တွေဟာ ဘီလ် ဂိတ်လို သူဌေးကြီးတွေ၊ ဖောင်ဒေး ရှင်းကြီးတွေရဲ့ အလှူငွေနဲ့ တည် ထောင်ခဲ့ကြတာတွေ မဟုတ်ပါဘူး။ စိတ်ယဉ်ကျေးမှု အဆင့်မြင့်တဲ့ လူကြီးတွေက စတင် ဝါယမစိုက်ထုတ် ခဲ့ကြပြီး စိတ်ယဉ်ကျေးမှု အဆင့်မြင့် တဲ့လူငယ်တွေက ကိုယ့်ထမင်း ကိုယ်စားပြီး ဝိုင်းဝန်းလုပ်ဆောင်ခဲ့ ကြတာဖြစ်တယ်။ ဒါနိုင်ငံကြီးသား စိတ်ဓာတ် မဟုတ်ဘူးလား။ ဒါ တာဝန်သိတတ်မှုမဟုတ်ဘူးလား။  လူသားချင်း မေတ္တာစေတနာ ထားတာ၊ တစ်ဦးနဲ့တစ်ဦး ဝိုင်းဝန်း ကူညီစောင့်ရှောက်တာ၊ ကိုယ့်အိမ် က ဟင်းကောင်းလေးချက်ရင် ဘေး အိမ်ကို သွားပို့တတ်တာဆိုတာမျိုး ကို စိတ်ယဉ်ကျေးမှုလို့ မခေါ်ဘူးလား။ စက်မှုနည်းပညာအရာမှာသာ အောက်ကျနောက်ကျရှိပါတယ်။ စိတ်ယဉ်ကျေးမှုအရာမှာတော့ ဘယ်လူမျိုးနဲ့ယှဉ်ယှဉ် မနိမ့်ကျပါ ဘူး။ သူများတွေကို တာဝန်မသိ တတ်ဘူးလို့ပြောတဲ့သူဟာ ကိုယ့် ကိုယ်ကိုယ်လည်း ”ငါရော ငါ့ တာဝန်ငါလုပ်ရဲ့လား” လို့ ပြန်မေး ကြည့်သင့်တယ်။ တကယ်တော့ လူတိုင်းလူတိုင်း ကိုယ့်အလုပ် ကိုယ် လုပ်နေကြမယ်၊ ကိုယ့်တာဝန် ကိုယ်ကျေကြမယ်ဆိုရင် ဘာပြဿ နာမှ မရှိနိုင်တော့ပါဘူး။ ပြဿနာ ရယ်လို့ ဖြစ်လာရှိလာရတာကိုက လူတွေကိုယ့်အလုပ်ကိုယ် မလုပ်ကြ လို့၊ တာဝန်မကျေလို့ဖြစ်ပါတယ်။ ရယ်စရာတော့   တော်တော်   ကောင်းတယ်။  တချို့လူတွေက ကိုယ့်အ လုပ်ကလွဲရင် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ နေရာတကာဝင်လုပ်တတ်တယ်။ ပြီးတော့မှ သူ့အလုပ်မပြီးတာ ဟို လူ့ကြောင့်၊ ဒီလူ   ကြောင့်ဆိုပြီး လူ တကာလိုက် လက်ညှိုးထိုး အပြစ် တင်တတ်ကြတယ်။  ဒီနေ့ မြန်မာ့လူ့အဖွဲ့အစည်း ဟာ စိုက်ပျိုးရေးကို အခြေခံအဖြစ် ထားနေသေးတဲ့ အဖွဲ့အစည်း   ဖြစ်တယ်။ ကျေးလက်က လူတွေက မြေကြီးကို ထွန်ယက်စိုက်ပျိုးတယ်။ မြို့ပေါ်က လူတွေက လယ်ယာ စိုက်ပျိုးထုတ်ကုန်တွေကို ရောင်းဝယ်ဖောက်ကားတယ်။ လူဦးရေရဲ့ ၉ဝ ရာခိုင်နှုန်းလောက်ဟာ ကျေး လက်နဲ့ မကင်းကြဘူးလို့ ဆိုနိုင်လိမ့် မယ်ထင်တယ်။ ကျေးလက်နဲ့မကင်း  တော့ နေရာတကာမှာ ကျေးလက် ရနံ့တွေ ထုံနေဆဲ လူ့အဖွဲ့အစည်းဖြစ် တယ်။ ကျေးလက်ရနံ့ ကျေးလက် စရိုက်ဆိုတာက သူ့လယ်ကိုယ်စိုက် ပေး၊ ကိုယ့်လယ်သူစိုက်ပေးတဲ့ သဘာဝဖြစ်တယ်။ စာရင်းငှားနဲ့ စာ ရင်းဒိုင်ဆိုပြီး ခွဲခြားမှုရှိတာမျိုးလည်း မဟုတ်ဘူး။ တကယ်ကို သန့်ရှင်းပြီး ချစ်စရာကောင်းတဲ့ ဓလေ့မျိုး လူ့အဖွဲ့အစည်းမျိုးဖြစ်တယ်။ ဒီ လူ့အဖွဲ့အစည်းမျိုးမှာ လူ တိုင်းရပ်ရေးရွာရေးကို ပါဝင်ဆောင် ရွက်ကြမြဲဖြစ်တယ်။ အဲဒါကြောင့် တစ်မျိုးလုံးကို သိမ်းကျုံးပြီး တာဝန် မသိတတ်ဘူး၊ နိုင်ငံကြီးသား မပီသဘူးလို့ မြို့သားပညာ တတ်တွေက ပုတ်ခတ်သံကြားတိုင်း စိတ်ဆိုးတာ ဖြစ်တယ်။ ခဏတဖြုတ်ရောက်ဖူး တဲ့ ဟိုနိုင်ငံ ဒီနိုင်ငံက လူတွေကို သိပ်စည်းကမ်းရှိတာပဲ၊ သိပ်တာဝန် သိတတ်တာပဲ၊ သိပ်ယဉ်ကျေးတာ ပဲလို့ ပြောတတ်တဲ့လူတွေကို ကိုယ့် နိုင်ငံထဲက ကျေးလက်တောရွာတွေ မှာ တစ်ပတ်ဆယ်ရက်လောက် သွားနေကြည့်ကြပါဦးလို့ တိုက်တွန်း လိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
ကြားရင်နားခါးတဲ့စကား ကြားရင်နားခါးတဲ့စကား Reviewed by သစ်ထူးလွင် on 22:15 Rating: 5

No comments:

Powered by Blogger.