ကလေးငယ်များကို ကာကွယ်ရန် HRDP တောင်းဆို

မြန်မာနိုင်ငံမှာ ကလေး သူငယ်တွေကို အကာကွယ်ပေးမှု အားနည်းနေတဲ့အတွက်  ကလေးသူငယ်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး ထိထိရောက်ရောက် ကာကွယ်ကြဖို့  လူ့အခွင့်အရေး ကာကွယ်မြှင့်သူများ ကွန်ရက်က ပြောဆိုလိုက်ပါတယ်။
မြန်မာပြည်တွင်းမှာ နေထိုင်တဲ့ အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ်တွေ အဓမ္မ ပြုကျင့်ခံရတာ၊ အမျိုသားကလေးငယ်တွေကို စစ်သားအဖြစ် အဓမ္မစုဆောင်းမှု စတဲ့ ကလေးအခွင့်အရေး ချိုးဖောက်ခံရမှုတွေ များပြားနေတယ်လို့ လူ့အခွင့်အရေး ကာကွယ်မြှင့်သူများ ကွန်ရက် (HRDP) အဖွဲ့ဝင်  ဦးမောင်မောင်လေးက ပြောပါတယ်။
အရွယ်မရောက်သေးသူ အမျိုးသမီး ကလေးငယ်တွေ အဓမ္မပြုကျင့်ခံရမှု ၁၀ ခုနဲ့ ကလေးစစ်သားအဖြစ် စုဆောင်ခံရမှု ၁၈ မှု ပြီးခဲ့တဲ့ဇွန်၊ ဇွန်လိုင် နှစ်လအတွင်းမှာ HRDP ကို ရောက်လာတယ်လို့ သူက ပြောပါတယ်။
“အရွယ်မပြည့်သေးတဲ့ အသက် ၁၃- ၁၄ နှစ်ကောင်မလေးတွေ မတရားပြုကျင့်ခံရတဲ့ ကိစ္စတွေ နှစ်လအတွင်းမှာ ကျနော်တို့စီကို အဲဒီအမှုတွေ ၁၀ မှုကျော်ရောက်လာတယ်။ နောက် ကလေးစစ်သား ၁၈ မှု၊ အဲဒါတွေ ရောက်လာတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အဓမ္မကျင့်ကြံမှုတွေနဲ့ ပတ်သက်လို့ လူ့အဖွဲ့အစည်းတွေက ဒါကို အကာအကွယ်ပေးမှု နည်းနေတဲ့ကိစ္စတွေ။ နောက် တရားရုံးကို ရောက်လာတဲ့ အခါမှာလည်း တရားရုံးမှာ ဥပဒေနဲ့အညီ မဆောင်ရွက်ဘဲ တချို့အမှုအခင်းတွေကို လွှတ်ပစ်လိုက်တာ ရှိတယ်။ တချို့ညှိပြီး အတင်းအဓမ္မ ပြုကျင့်တာရှိတယ်။ နောက်ပိုင်းမှာ ဒီအမျိုးသမီးငယ်လေးတွေဟာ မလွှဲသာမရှောင်သာ ကိုယ်ဝန်တွေရလာတယ်။ အဲဒီကိုယ်ဝန်တွေကို မိသားစုနဲ့ အဆက်ဖြတ် ချုပ်နှောင်ထားပြီးတော့ အဲဒီကိုယ်ဝန်တွေကို အရပ်လက်သည်တွေနဲ့ ဖျက်ချတာရှိတယ်။ အဲဒီလို အင်မတန် ကောက်ကျစ်စဉ်းလဲတဲ့ ရာဇ၀တ်ကောင်တွေကို ထောင် ၁ နှစ်ဆိုတဲ့ ကိစ္စမျိုးတွေလောက်နဲ့ အဆုံးသတ်လိုက်တာ ရှိတယ်။ အဲဒီကိစ္စတွေကို အဓိကထောက်ပြပြီးတော့ အစိုးရအပါအ၀င် နိုင်ငံရေးပါတီ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်း အသီးသီးကို ဥပဒေကြောင်းအရသော်လည်းကောင်း၊ အဖွဲ့အစည်းတွေ အရသော်လည်းကောင်း။ တတ်နိုင်သလောက် ကူညီဆောင်ရွက်ဖို့ လိုအပ်သည် ဆိုတဲ့အကြောင်းကို ကျနော်တို့ မေတ္တာရပ်ခံစာ ထုတ်တာပါ။”
ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကလေးငယ်တွေအတွက် ယူနီဆက်တို့လိုအဖွဲ့တွေ ရှိပေမယ့် သူတို့ အဖွဲ့တွေကလည်း အပြည့်ဝ ကာကွယ်မပေးနိုင်သလို  လူထုကြား အသိပေးမှု ကျယ်ကျယ်ပြန့်ပြန့် မရှိဘူးလို့လည်း သူက ပြောပါတယ်။
“ကလေးသူငယ် အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ခေါင်းစဉ်အရကော၊ စာရွက်ပေါ်အရပါ၊ ဆောင်ရွက်နေရတာ ယူနီဆက်ရှိပါတယ်။ save the children ရှိပါတယ်။ ဒီဘက်ကတော့ ဒီကိစ္စမျိုးတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေလည်းဖြစ်တယ်။ ငွေကြေးအင်အား၊ အခြေအနေအင်အားတို့လည်း အင်မတန်တောင့်တောင့်တင်းတင်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သိရသလောက်တော့ လူထုကြားထဲမှာ ဒီလိုကိစ္စတွေကို ဖြစ်ပျက်လာတဲ့အခါမှာ ကာယကံရှင်တွေဘက်က ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမယ်။ ဘယ်လိုအကူအညီပေးရမယ်ဆိုတာကို ဒီဥစ္စာပေါ်မှာ စနစ်တကျ လူထုသိအောင် ဆောင်ရွက်တဲ့အားကတော့ အင်မတန် နည်းပါတယ်။ သူတို့ ၁၄ – ၁၅ ထပ်၊ trader hotel ကြီးပေါ်မှာ ရုံးခန်းအကြီးအကျယ်ဖွင့်မယ်။ အင်မတန်လှပတဲ့ အရေးအသား ကောင်းမွန်တဲ့ ကလေးသူငယ် စာရွက်စာတမ်းလေးတွေ ထုတ်ဝေတာ ရှိပါတယ်။
“ဒါပေမယ့် အဲဒါတွေကို လူထုထဲကို ဖြန့်ဝေတယ်ဆိုတာ ကျနော်တို့ မတွေ့ခဲ့ဘူးပါဘူး။ ကျနော်တို့ ယူနီဆက် အဖွဲ့တွေက ဥပဒေကြောင်းအရ ကူညီတဲ့အပိုင်းကတော့ ရှိပါတယ်။ ဒါပေမယ့် ဒီကလေးသူငယ်တွေ ဒီလိုကိစ္စတွေ မဖြစ်ပွားအောင် ကလေးသူငယ်တွေ အပါအ၀င် ကလေးသူငယ်များရဲ့ မိဘအုပ်ထိန်းသူတွေ တခြားလူ့အဖွဲ့အစည်းထဲမှာ ဒီလိုကိစ္စမျိုးတွေ ဆောင်ရွက်ဖို့ကျတော့ အင်မတန် သူတို့အနေနဲ့ ခက်ခဲတယ်။ အစိုးရကလည်း ဒါကိုမကြိုက်ဘူး။ သူတို့ကလည်း အစိုးရက မကြိုက်တာကို လုံးဝမလုပ်ပါဘူး။ အဲဒီ ယူနီဆက်တို့ ဘာတို့အားလုံး။”
ကလေးသူငယ် အမှုအတွက် လုပ်ဆောင်ရာမှာ အာဏာပိုင်တွေက ကန့်သတ်တာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ လွတ်လပ်စွာလုပ်ကိုင်ခွင့်မရတဲ့အတွက် ကလေးသူငယ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေနဲ့အညီ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကူညီဆောင်ရွက်ပေးဖို့ အစိုးရအပါအ၀င် နိုင်ငံရေးပါတီတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှု အသင်းအဖွဲ့တွေကို မေတ္တာရပ်ခံထားတာ ဖြစ်တယ်လို့ ဦးမောင်မောင်လေးက ပြောပါတယ်။
ကလေးငယ်များကို ကာကွယ်ရန် HRDP တောင်းဆို ကလေးငယ်များကို ကာကွယ်ရန် HRDP တောင်းဆို Reviewed by သစ်ထူးလွင် on 21:15 Rating: 5
Powered by Blogger.