မီရှဲလ်ယိုး မြန်မာပြည် ၀င်ခွင့်မရတော့

michelle-yeoh-and-nld-members-aung-san-suu-kyiရန်ပိုင်- ဧရာဝတီ
မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုးကို အာဏာပိုင်များက နာမည်ပျက်စာရင်း သွင်း၍ ပြည်ဝင်ခွင့် ငြင်းပယ် လိုက်သည့်အတွက် ရန်ကုန်လေဆိပ်မှ လှည့်ပြန်သွားရကြောင်း
AFP သတင်းတွင် ယနေ့ ဖော်ပြ ထား သည်။


ယမန်နှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန် လေဆိပ်၌ NLD အဖွဲ့ဝင်များနှင့်အတူ တွေ့ရသည့် မီရှဲလ်ယိုး (ဓာတ်ပုံ - AP)
မီရှဲလ်ယိုးအား ရန်ကုန်မြို့ နိုင်ငံတကာလေဆိပ်မှပင် ပြန်ခိုင်းလိုက်သည်ဟု အမည်မဖော်လိုသည့် မြန်မာ အရာရှိတဦး၏ ပြောကြား ချက်ကို ကိုးကား၍ ယင်းသတင်း၌ ရေးသားထားသော်လည်း မည်သည့်နေ့ရက်က ရောက်ရှိလာခြင်းကိုမူ ဖော်ပြခြင်းမရှိပေ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက“ပြီးခဲ့တပတ်က ဖြစ်တာ ၊ လေဆိပ်ကနေ ၀င်ခွင့်မပေး ဘူး ပြောတယ်၊ ဒေါ်စု ဆီ လာတဲ့ ဧည်သည်မို့လို့ ပြန်ပို့တာ ဖြစ်နိုင်တယ်”ဟု ဆိုသည်။

ယခုတခေါက် မီရှဲလ်ယိုးလာရောက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မည် မတွေ့မည်ကို မပြောနိုင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

မီရှဲလ်ယိုးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခဲ့သေးသည်။

ပြင်သစ် ဒါရိုက်တာ Luc Besson က ဒေါ်အောင်ဆန်းစုကြည် အကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရိုက်ကူးသည့် “The Lady”ဟု အမည် ပေးထားသော ရုပ်ရှင်ကား၌ မီရှဲလ်ယိုးက ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ထားသည်။

The Lady ရုပ်ရှင်မှာ ၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် ကျန်းမာရေးချို့ယွင်းလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ ပြန်လာခဲ့ချိန်မှ ၁၉၉၉ ခုနှစ်ခန့် အထိ သရုပ်ဖော်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ ချင်း ပြည်နယ် နှင့် ဧရာဝတီတိုင်း ဓနုဖြူမြို့သို့ သွားရောက်သည့် ပါတီ ခရီးစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

ယင်းဇာတ်ကားတွင် မြန်မာ့နိုင်ငံရေး လောက၏ နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီး  နေ၀င်း၊ NLD ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသည့် ဇာတ်ရုပ်များလည်း ပါဝင်ကြောင်း ဇာတ်ကား၌ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား တဦးက ပြောသည်။

The Lady ရုပ်ရှင်နှင့် ပတ်သက်ပြီး Time မဂ္ဂဇင်းနှင့် တွေ့ဆုံခန်းတွင် မီရှဲလ်ယိုးက“ကျမ သိပ်ကံကောင်းပါတယ်။ ရုပ်ရှင်ထဲမှာ တကယ့် ဇာတ်ရုပ်အမှန် သရုပ်ဆောင်ရပါတယ်။ ကျမနဲ့ တကယ်ကို ထပ်တူကျတယ်လို့လည်း ခံစားမိပါတယ်။ ရိုက်ကွင်းမှာဆို 
မြန်မာတွေက ကျမကို ဒေါ်စု(အန်တီ)လို့ပဲ ခေါ်ကြတယ်”ဟု ပြောကြားခဲ့ဖူးသည်။

မီရှဲလ်ယိုးသည် Tomorrow Never Dies ၊ Crouching Tiger, Hidden Dragon ၊ Memoirs of Geisha စသည့် ရုပ်ရှင်ကားများဖြင့် အောင်မြင် ကျော်ကြားခဲ့သည့် သရုပ်ဆောင် မင်းသမီး တဦးဖြစ်သည်။
မီရှဲလ်ယိုး မြန်မာပြည် ၀င်ခွင့်မရတော့ မီရှဲလ်ယိုး မြန်မာပြည် ၀င်ခွင့်မရတော့ Reviewed by သစ်ထူးလွင် on 17:19 Rating: 5
Powered by Blogger.