ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပ

ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day) အခမ်းအနားကို ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၂၀ ရက်နေ့က ကျင်းပခဲ့သည်။ ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day) သည် ဇွန်လ ၂၀ ရက် နေ့ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် အဆိုပါ နေ့၌ ဒုက္ခသည်များနှင့်
ပတ်သက်၍ ဆွေးနွေးပြောဆိုခြင်း၊ ပြပွဲများပြုလုပ် ခြင်းတို့ကိုပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားကို ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် နံနက် ၁၀ နာရီ ကျော်က စတင်ကျင်းပခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး၏ ချစ်ကြည်ရေးသံအမတ် အင်ဂျလီနာဂျိုလီ၏ အမှာစကားပြောကြားချက်ကို ပရိုဂျက်တာဖြင့်ပြသခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဌာနေကိုယ်စားလှယ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်များနှင့် ပတ်သက်၍ကမ္ဘာတစ်ဝန်း ဆောင်ရွက်နေမှု ရုပ်ရှင်ကိုပြသခြင်းတို့ကို ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံ၊ တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန် ရှိသူများ၊ အိုင်အင်န်ဂျီအိုများ၊ အင်န်ဂျီအိုများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက် အရ ကမ္ဘာတစ်ဝန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်ဖြစ်နေသူ ၈၀ ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ဖြစ်ပြီး ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခု၏ စောင့်ရှောက်မှု အောက်တွင်ရှိသော ဒုက္ခသည်ဦးရေမှာ ၁၅ ဒသမ ၄ သန်း ဖြစ်ကြောင်း သိရသည်။  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကို ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်တွင် စတင်တည်ထောင်ခဲ့သည်။
ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပ Reviewed by သစ်ထူးလွင် on 18:49 Rating: 5
Powered by Blogger.