ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့ 

UZa Wana on Monday, May 30, 2011 at 8:34am

ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ
ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း
ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင်
ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

 ဒီပဲယင်းအ၀င်လမ်း

၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ
အထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း
မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ်
ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။


ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ်
စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊
စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။

ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်း
သေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။

သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။

ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု

ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊
အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကို
တွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့
စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကို
ထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက်
မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူ
မိုးကုတ်သားတွေက တခဲနက်ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး
ဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့
သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။

ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေး
ညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။

သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီး
သတင်းပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊
လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့
လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာ
စစ်တာဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။
အောင်မြင်သွားတယ်။

ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။
ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့
ပိတ်ကြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ်
အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ
စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့
ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။

သူတို့က ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။
ကျနော်တို့ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါ
ပြောပေမယ့် ရှေ့ကပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို
မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီကားကြီးတွေကလည်း
နောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး
အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက်
ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။
ခေါင်မိုးတွေကိုလည်း မှန်တယ်။

ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို
အမှုဖွင့်ဖို့ ပြောတဲ့အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို
ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင်
တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရားစွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က
ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက
လိုက်လာပြီးတော့ အမှုဖွင့်တယ်။

အမှုဖွင့်နေစဉ်အတွင်းမှာ ကားတစီး ဝင်လာတယ်။ ကားပေါ်မှာ ပတ်တီးစည်းထားတဲ့
လူတယောက်ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ
ထသွားလဲဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့
ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊
ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက်သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။

ဒီဘက်မှာက တိုင်ချက်ဖွင့်တာကိုတော့ ကျန်တဲ့လူနဲ့ ပြီးအောင် လုပ်လိုက်တာပေါ့လေ။
ဆိုလိုတာက ဘာပြောချင်လဲဆိုတော့ အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊
စွမ်းအားရှင်တို့ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေးအပိုင်းက
လူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့
ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့
အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။

အောက်ကကောင်တွေက
မခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့
မှန်သွားတယ်လို့ ပြောတာပါ။

အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။
စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလားဆိုပြီးတော့
စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွား
ဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေရော၊
ယောက်ျားတချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင်အချိန်လောက်မှာ
လိုက်ပို့ကြတယ်။

ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက်လာကြတာပဲ။ အဲဒီလာတဲ့အခါမှာ
တားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ် ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့
ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေက
မသွားဘဲ၊ မလာဘဲနဲ့ ဘာဖြစ်လို့ ခရာမှုတ်နေရတာလဲလို့ ပြောလိုက်တော့မှ ခရာသံ
တိပ်သွားတယ်။ တရားပွဲတွေဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။
မတ္တရာထွက်လာတဲ့အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့ အနှောင့်အယှက်
မရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာ
စားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။
ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲ
ဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့
ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့
ကတောက်ကဆဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊
ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က
ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။

အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။
မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့
တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန် မေလ ၂၉ ရက်နေ့မှာ
မုံရွာဘက်ကို ထွက်တယ်။ မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။

အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့
လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်က
ခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်း
ဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။
သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျာတို့
သွားတဲ့အခါ သတိထားသွားပါ၊ စသဖြင့် အဲဒီလို ပြောတယ်။


ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထားပြီးပြီ။

တတ်နိုင်သလောက်
လုံခြုံရေးစောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလိုပြောပြီးတော့ မြင်းမူကနေ
စထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။
မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။

နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့
တော်တော် ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်က
လမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့သဘော
သူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲဆိုတော့
မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊
မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့
အတားအဆီး အပိတ်အပင်လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာ
မှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီ
နီးပါးလောက်မှာ ရောက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက်ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့
မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက်
ဖယောင်းတိုင်တွေထွန်းပြီး လိုက်ကြတဲ့သူတွေက အများကြီးပဲ။ အဲဒီမှာ
အဖွဲ့ချုပ်ရုံးရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ်တင်ပြီးတော့ကာ မုံရွာအဖွဲ့ချုပ်က
စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့
ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူးဆိုပြီးတော့
ဖမ်းချုပ်တယ်။

အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့
လာတဲ့အတွက် ပြောလည်တော့ သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။
တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရ
လူငယ်ဖွဲ့စည်းရေး လုပ်တယ်။

လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ်တချို့က တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့
ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ်ပေါ့လေ။
ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင်
လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘဆင်းသွားတယ်။ ဆင်းသွားတဲ့အခါကျတော့
သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။

ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာက
ရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရား
ညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်း
ပင်ပန်းနွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော်အနေနဲ့
မနက် အာရုံဆွမ်းဖိုးပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို
တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။

မတွေ့နိုင်ဘူး၊ မပြန်နိုင်ဘူး။ ဒီနေ့ည ဒီတကာမကြီးကို မတွေ့ရရင် ကျုပ်မပြန်ဘူး။
ခေါ်လာခဲ့၊ ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာ သူ
အလုပ်လုပ်နေတယ်။ ပြီးရင် သူ အနားယူပါမယ်။ အလုပ်လုပ်ရင် ည ၁၂ နာရီ၊ ၁ နာရီထိ
ရောက်သွားမယ်။ သူအိပ်ချိန်က ၂ နာရီ၊ ၃ နာရီလောက်ပဲ ရှိမယ်။ ဆရာတော်
သံဃာတော်ရှင်မြတ်များအနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှ
တရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံ လုပ်နေတဲ့အခါမှာ
ဘေးနားမှာရှိတဲ့ လူတွေက ရပ်ကြည့်နေကြတာပေါ့။ တခြားတဖက်မှာရှိတဲ့ လူငယ်တွေက
ကျောင်းသားတွေ ရောက်လာကြတယ်။ သူတို့ကလည်း အဲဒီလို ဘုန်းကြီးတွေ လုပ်နေတာကို
မကြိုက်ဘူး။ မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့အခါကျမှ သူတို့က
ယောင်ချာ၊ယောင်ချာနဲ့ ပြန်သွားကြတယ်။

စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။

တကယ်တမ်းကျတော့ ဘေးကနေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထပ်ထပ်ရနေကြတယ်။ ဒါနဲ့
မုံရွာကနေ ထွက်တော့ လိုက်ပို့တဲ့ လူအုပ်က မနည်းဘူး။ သံဃာတော်တွေရော၊ မုံရွာက
ကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော
ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေးသွားတဲ့ အခါကျတော့
ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့ နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊
ဆီးတယ်၊ တားတယ်၊ ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။

အဲဒီနောက် ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။
အမြှီးပိုင်းလေးလောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ
ဖွဲ့စည်းတာတွေ လုပ်တယ်။

ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့
အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်း
ပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊
အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ
ရောက်ပြီ။

ပန်းကုံးဆွတ်တာတို့ လုပ်တာတွေ ရှိသလို တချို့နေရာတွေက ၁ဝဝ-၁၅ဝ လောက်ရှိတဲ့ လူတွေက ၅
နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ တလျှောက်လုံး
မပြတ်ဘူး၊ ရှိနေကြတယ်။ တချို့ရွာတွေက တရားဟောခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က
တရားမဟောနိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး
ပြန်နှုတ်ဆက်ပြီးလာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို
ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။

ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့
အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။
စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ သူက
အဖမ်းခံထားရတယ်။ သူ့မိသားစုတွေကို အားပေးစကားပြောဖို့ ဝင်လိုက်တယ်။
ဝင်လိုက်တဲ့အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။


လူကတော့ ၄-၅ဝဝဝ လောက် ရှိမယ်။ တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့
လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။
စကားပြောတဲ့အချိန်မှာ အချိန်လေးက ရသွားတော့ ထွက်တဲ့အချိန်က မှောင်စပြုနေပြီ။
စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာ လမ်းပြတဲ့
ကားက မုံရွာဘက် ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးက ရှေ့က
မောင်းပြီးတော့ နောက်ကလိုက်တဲ့ ဘဘကား (တောင်းအေစ့်) က ရှေ့ဖြစ်သွားတယ်။

ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့က
လိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီးအထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။
ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာ
တခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅
မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘက ကားကို ရပ်စောင့်တယ်။ နောက်တော့
ဒေါ်အောင်ဆန်းစုကြည်ကား ထွက်လာပြီး မကြာဘူး သူ့ကားကို ရပ်လိုက်တယ်။ ဘဘတို့ကားလည်း
ရပ်လိုက်တယ်၊ သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်က လိုက်လာတဲ့ ကားတွေ
ရောက်လာတယ်။

ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က
အုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့
ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက
ကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကားကို ဝိုင်းပြီးတော့ လုံခြုံရေး
ယူပေးတယ်။

ဘဘကို ကားပေါ်က မဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲ မနေနိုင်ဘူး။ လိုက်သွားပြီးတော့
ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည်
ရှိတဲ့နေရာကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားနဲ့ ဘဘကား ရပ်ထားတဲ့နေရာနဲ့
ကိုက်၂ဝ-၂၅ လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။


ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူက အလယ်ခန်းမှာ ရှိတယ်။ ဘဘက
ကားဘေးရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။

ဘဘက အန္တရာယ်ဖြစ်နေတယ်ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကို
မောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်က
အရိုက်အနှက်ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူ
လက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့အတူ သူ နေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။
စိတ်ထဲမှာတော့ သိပ်စိုးရိမ်သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခများလိမ့်မယ်ဆိုပြီး၊
နောက်ပိုင်းက အခြေအနေသိအောင် ကြည့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ
ဘာမြင်လဲဆိုတော့ မီးအနီးရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့
မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုးထားတာက မီးက အဖြူရောင်ပေါ့။
အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက်သလိုပါပဲ။ လမ်းဘေးက
ဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ
မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ
အားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာ
လှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေနပြီ။ ရိုက်တဲ့ အသံတွေ စပြီး
ကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယကားကိုလည်း
ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (Double Cap) ရဲ့ တံခါးပေါက်ထိပ်နားကို
ရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်က
ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။

အဲဒီအချိန်မှာ ကိုတိုးက အော်လိုက်တယ်။ ဘာ အော်လိုက်လဲဆိုတော့ ဒီကားဟာ
နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊
ဘဘကလည်း မင်သက်မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊
မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့အချိန်မှာ စက္ကန့်ပိုင်းလေးလောက်တော့
ရပ်သွားတယ်။

သင်္ကန်းဝတ် ရွယ်သူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။
နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့က
ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက
ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ
ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။
နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။


ဘဘက ဒုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်က
ရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ်
လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ရောက်တဲ့
အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။ ကျနော်ကတော့ အဲဒီလို
ထွက်သွားတဲ့အချိန်မှာ သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။
သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာသွားမိတယ်။

ဘဘက ဘဘကားဆီ အပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင်းရိုက်ရင်း
လိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့
လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘစီးလာတဲ့ကားကို လှည့်ပြီးတော့
ရိုက်တာပေါ့နော်။


ဘဘကားကလည်း မောင်းထွက်သွားတော့ မမီလိုက်ဘူး။ ဘဘက ကိုက် ၁၅ ကိုက်လောက်မှာ
ကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့
အခါကျတော့ ဆဲဆိုပြီးတော့ ပြန်လာကြတယ်။ ရိုက်တဲ့ သင်္ကန်းဝတ်တဲ့ ကောင်တွေနဲ့ နောက်က
ညာသံပေးပြီး လုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။


ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။
လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့
နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊
အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။


ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁
ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေ ကြားနေရတယ်။ မန်း ၁၊ မန်း ၂ ဆိုတာက
မန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလားဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာ
ကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ ရှေ့မှာတော့ ဒီကောင်တွေ
မရှိသေးဘူးဆိုတာ သိထားတယ်။ ရှေ့မှာ တွေ့ရတဲ့ လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေ
ဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက်
ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။


ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့
သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေး
ရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်း
တပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့အခါကျ မန္တလေးတိုင်းက
လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။


မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊
ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးက
သနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကို
မရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေး
သဘာဝအတိုင်းပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။ အဲဒီကနေ
ဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးက လင်းလိုက်၊ မှိတ်လိုက်၊ လင်းလိုက်ဆိုတော့၊
ကျနော်တို့ စိတ်ထဲမှာ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေက
သူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန်သွားကြတယ်။
ဟိုလည်းရောက်ရော၊ အနားလည်းရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့
ဘဘတို့ကို မီးနဲ့ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။


ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။
ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေ
ပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ မင်းတို့နဲ့ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။
ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။


မင်းတို့နဲ့ ငါတို့က ဘာဖြစ်လို့လဲလို့ ပြောလိုက်တော့ တန့်သွားတယ်။
ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။ သူတို့ကို မေးကြည့်ရဦးးမယ်။ အကောင်
နှစ်ကောင် သုံးကောင်လောက်က ပြောတယ်။ ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။
အားလုံးပိတ်ဆို့ထားတဲ့ အတားအဆီးကိုလည်း၊ အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။
တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။


ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။
ငါတို့က ဟိုက အသက်လုပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့
ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျား
ဘယ်သွားချင်လဲဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့
အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။


အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က
ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ
နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ
အော်နေကြတဲ့အချိန်မှာ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊
လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့
ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်းတခုခုက
သင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား
ဆိုတာကို စဉ်းစားနေမိတယ်။


ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှု
ရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊
ရပ်ဆို ရပ်တာတွေကို သတိထားကြည့်မိတော့ ဒါဟာ အဖွဲ့အစည်းတခုအနေနဲ့ လာလုပ်တာပဲလို့
အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။


သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာ
ကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေ
ပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှ
မထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။ အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေ
အေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ်ဆိုပြီး
သွားကြည့်တယ်။

သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့
ထင်ရတယ်။


သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့
ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့
နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကို
ဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေ
ခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ်ဆိုပြီးတော့ ကောင်းပြီဆိုပြီး
လက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနန
စည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီး
ပြောလိုက်တယ်။

ဘဘတို့ လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာ
ကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝ
အုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက် ပိတ်ပြီးတော့
ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊
လမ်းတဖက်တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။


အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေးတဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။
သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေက
သူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြ
ဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့
အောက်တမ်းကြတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော်အောက်တမ်းကျတဲ့
မိန်းမတွေလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။


အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာ
ထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေ
ထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့
ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။
ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျင်္ီ လက်ပြတ်ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။
သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။
 UZa Wana ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။
ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့  ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့  Reviewed by သစ်ထူးလွင် on 20:00 Rating: 5

No comments:

Powered by Blogger.