ကျင်တုတ်ခံဝံ့ မခံဝံ့ (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)


Sunday, May 1, 2011


ကျင်တုတ်ခံဝံ့ မခံဝံ့

အစိုးရသစ်ကနေ နိုင်ငံရေးပါတီတွေ ကို သတိပေးသလိုနဲ့ NLDကို အဟမ်းအဟမ်း လုပ်လာတယ်။ ကျန်ပါတီတွေကို လဲခြိမ်းခြောက်လာပါတယ်။ စစ်သားဆိုပြီး သတ္တိရဲရဲမပြရဲတာကို ထင်ဟပ်ပြလိုက်တာပါဘဲ။ သူတို့လုပ်နည်း လုပ်ဟန်အတိုင်း ကြောက်တတ်သူကို (အဟမ်းအဟမ်း)  လုပ်ကြည့်လာတာပါ။ ကြောက်တတ်သူ မဟုတ်ရင် (ဟဲဟဲ) လုပ်ပြန်ရော။ သူတို့ သတ္တိက ရင်ဆိုင်သူရဲ့ သတ္တိအပေါ်မှာ မူတည်ပြိး ပြောင်းလဲနေတာပါ။  ကာလံ ဒေသံ ဆိုတာမျိုးပေါ့။

အဲဒီတော့ သေသေချာချာ ပြန်စမ်းစစ်ကြည့်ကြပါ။ မတရားအသင်းဆိုတာကို။ အစိုးရတရပ်ဟာ မတရားအသင်းဆိုတာကို အထူးသဖြင့်ပြည်တွင်းက အဖွဲ့ဖြစ်ခဲ့ရင် ဘယ်အဖွဲ့ ဆိုတာကို တရားဝင်ပြည်သူလူထု သိအောင် အတိအကျထုတ်ပြန်ထား ရပါမယ်။ အတိအကျ မထုတ်ပြန်ထားပဲ ဘယ်ပြည်သူတဦး တယောက်ကိုမှ ဖမ်းဆီးလို့ မရပါဘူး။ ဖမ်းဖို့နေနေသာသာ အဖွဲ့တခုကိုတောင် အဲဒီအဖွဲ့ဟာ မတရားအသင်း (ဖြစ်လေသယောင်) တောင် မပြောမဆိုရပါဘူး။ မလုပ်ရပါဘူး။ လုပ်ချင်ရင် ပြတ်ပြတ်သားသားဘဲ မင်းတို့အဖွဲ့အစည်းက ဒီလိုဒီလို အချက်အလက်တွေကြောင့် မတရားအသင်း အင်္ဂါရပ်တွေနဲ့ ငြိစွန်းနေတယ် သတိအရင် ပေးရပါတယ်။

သတိပေးလို့ မပြုပြင်မှ မလိုက်နာမှဘဲ ဖမ်းဆီးခွင့်ရှိတာပါ။ ၁၉၉၅- နိုဝင်ဘာလမှာ ရန်ကုန် အင်းစိန်ထောင်ကြီးထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို မတရားအသင်းအဖွဲ့ ဥပဒေနဲ့ (အသားလွတ်) ကိုင်ခဲ့ပါတယ်။ ဘာအသင်းမှ ဖွဲ့မထားကြပါဘူး။ ထောင်ထဲမှာ တိုက်နံပတ်အလိုက် အရေးကိစ္စရှိရင် နံပတ်တစ်တိုက်က ဘယ်သူဦးဆောင်ပြော ဆိုပြီး စတိလေး သဘောတူထားတာလေး လုပ်ထားကြတာပါ။ အဲဒါကို မတရာအသင်းဖွဲ့ ထားတယ်ဆိုပြီး နှစ်တွေအများကြီး နောက်ထပ် အပြစ်ဒါဏ်တွေ ထပ်တိုးချမှတ်ခဲ့တာပါ။ ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းတင်တို့ အပါအ၀င်ပါ။

အခုအဖွဲ့ချုပ်မှာ ရှိနေသလို ဘယ်သူကဥက္ကဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှုးဆိုတာ လုပ်မထားကြပါဘူး မရှိပါဘူး။ အခုအဖွဲ့ချုပ်မှာ လုပ်ထားသေးလား အစိုးရပီပီ မေးလေ။ မတရားအသင်း ထင်ထားတယ် သတ်မှတ်ထားသူကိုတော့ မထိရဲဘဲ ဘေးက သွားပတ်သက်သူကို ဖြဲခြောက်တာကတော့ ဆင်သတ်သူကို မဖမ်းရဲဘဲ ဆင်သားအရပ်ဝေသူကို ဖမ်းရာရောက်နေပါတယ်။ အစိုးရပီပီ သတ္တိရှိရင် ဆင်သတ်သူကို အရင်ဖမ်းပါ ။

ပါတီတွေ အမတ်မင်းတွေကလဲ ဒီမိုကရေစီကို တိုင်းတာဖို့ စမ်းကြည့်ဖို့လုပ်ကြပါ။ ဘယ်လောက် အတိုင်းအတာအထိ ဥပဒေနဲ့ အုပ်ချုပ်တယ်ဆိုတာ (RULE of LAW) ပေါ့။ အမတ်မင်းတို့က အစိုးရကို ကျနော်တို့က ဘယ်အသင်း ဘယ်အဖွဲ့က မတရားအသင်းဆိုတာ တိတိကျကျ မသိလို့ တရားဝင်ကြေငြာပေးပါ စာတင်လိုက်ကြပါ။ အမတ်မင်းတို့ သတ္တိပေါ်မူတည်ပြီး ဒီလူတွေရဲ့  တုန့်ပြန်ချက်က ကွာခြားပါလိမ့်မယ်။ ကြောက်တတ်ရင် (အဟမ်းဟမ်း) လုပ်ပြတာခံရပါမယ်။ ပြန်ဖြဲမယ့်သူဆိုရင် (အဟဲအဟဲ) လုပ်ပြပါမယ်။ ပြန်ချမဲ့လူ ပြန်တွယ်မဲ့သူဆိုရင် (အဟီးဟီး) လုပ်ပြပါမယ်။ ဒီလူတွေက သူတို့ကိုယ်တိုင်က မမှန်သူတွေဆိုတော့ တဖက်သား နဲ့ ခေတ်အခြေအနေကိုကြည့် တုန့်ပြန်နေကြတာပါ ။

အဟီး လား အဟမ်းလားက ကိုယ့်အပေါ် မှာလဲမူတည်ပါတယ်။ အစိုးရကိုချည်း ပုံမနေကြပါနဲ့ ။ အခုအဟမ်း တချက်လုပ်လာပါပြီ။ ကိုယ်က အဟီး လုပ်နေရင် ဟိုက အဟမ်းလုပ်မှာဘဲ။ ဒီမိုကရေစီ ပူပူနွေးနွေးလေးမှာ ကျနော်သာဆိုရင် အဲဒီလိုလာ ဟန့်ရင် သူတို့စီတောင် ဒီနေ့ အဖွဲ့ချုပ်ကိုသွားမယ် ဆိုပြီး ကြိုတင်စာပို့ အကြောင်းကြား ထားလိုက်ပါအုံးမယ်။ ပြီးမှလာဖမ်းလို့ ကတော့ ဘာလို့အစက စာနဲ့ မတားလည်း ကိုင်ထဲ့လိုက်မှာပါ။ အမတ်မင်းတို့ မကြောက်ကြပါနဲ့။ ခင်ဗျားတို့ က စကြောက်နေမှတော့ ပြည်သူအတွက် ဘာတိုက်ပေးမယ် ညာတိုက်ပေးမယ်တွေ လာအာမနေကြပါနဲ့။ ဒီမိုကရေစီ ပူပူနွေးနွေးလေးမှာ အထမဆုံး အဖမ်းခံရတဲ့ အမတ် ဆိုတဲ့နာမည်နဲ့ စံချိန် ယူပြလိုက်ချင် ပါသေးတယ်ဗျာ။ ဘာမှလဲ အစိုးရက ဒီလိုဆိုလိုတာထင်တယ် ဒါဖြစ်နိုင်တယ် လုပ်မနေကြပါနဲ့။ တားချင်ရင် ဘယ်အဖွဲ့ ဖြစ်တယ်ဆိုတာ အရင်ကြေငြာချက် ထုတ်ခိုင်းလိုက်ပါ ။

၉၀- ခုနှစ်မှာ န.၀.တ က (၁/၉၀) ထုတ်ပြန်လာတော့ (ငါကွာ အမတ်ဝင် အရွေးမခံမိတာ မှားတယ်လို့ကို နောင်တရနေမိတော့တယ်) ငြီးတွားနေမိတော့တယ်။ ကိုက်ထဲ့ချင်တာမှ သခွားသီးဝါးသလို ဂျွမ်းဂျွမ်းမြည်အောင် ကိုက်ထဲ့ချင်နေမိတယ်ဗျာ။ ထောင်ကိုမကြောက်လို့ မဟုတ်ပါဘူး။  ကိုယ်ဘက်က အပိုင်ပြန်တွယ်လို့ရတဲ့ ဂွင်မြင်လို့ပါ။ သတ္တိ ပြနေစရာမလိုပါဘူး။ ဥပဒေနဲ့ ပြန်ပက်ထည့်လိုက်ရုံပါ။ တကယ်ပါ... ကျနော့်မြို့ မုံရွာသူ/သားတွေက မဲတောင် ဆွယ်တာတောင် မလုပ်ပါနဲ့ အမတ်ဝင်ပြိုင်မယ်သာ ကတိပေး ကျန်တာသူတို့ အကုန်လုပ်မယ် တဖွဖွ တောင်းဆိုကြတာပါ။ သုံးလေးခါ ဖုံးဆက် တောင်းဆိုနေကြတာပါ။

မုံရွာမြို့ ဓာတ်ပုံ wikimyanmar
ကျနော်တို့ မြို့  မုံရွာကို ၁၉၈၂ ကနေ ၈၆ အထိ လူလိမ်ဗိုလ်မှုးစိန်ဝင်းဆိုသူ မြို့ နယ်ဥက္ကဌ လုပ်သွားပါတယ်။ လူက လူလိမ်မှ ပိပိယိယိ လိမ်တတ်တဲ့သူ။ အင်မတန် မှင်ကောင်းကောင်းနဲ့ လိမ်တတ်တဲ့ လူလိမ်အကြီးစားပါ။ သူကမြို့ကိုမလာခင်ကတည်းက ရုပ်ဖျက်ပြီး ဘယ်ပွဲရုံ၊ ဘယ်ရုံးဆိုတာကို ၀င်လေ့လာထားပြီးပြီ ဆိုတဲ့ လှိမ့်လုံးတွေ လူကမလာခင် ကြိုထည့်ထားပြိးပြီ။ သူကထောက်လှမ်းရေးကပေါ့။ မျက်မှန်တင်ဦးက သီးသန့်လွှတ်လိုက်သူ ဘာညာပေါ့။ ကြောက်ကြတော့တာပေါ့။ တမြို့လုံး ဂျပန်ကင်ပေတိုင်ကို ကြောက်တာထက် ပိုဆိုးနေကြတော့တာ။ ကျနော်ကလဲ မသင်ကာလို့  စုံစမ်းတယ်။ မဟုတ်ဘူး။ အဲ-သူရောက်လာပြီးမကြာပါဘူး.. ၁၉၈၃ - မေလ- ၁၇-ရက်နေ့မှာ မျက်မှန်တင်ဦး အဖမ်းခံရပြီး ထောက်လှမ်းရေးတဖွဲ့လုံး ဖြတ်လိုက်တော့ သူမပါဘူးလေ။ ၁၉၈၄ ကျတော့ ကျနော်နဲ့ တည်ကြတော့တာပေါ့။ ကျနော်က မြို့နယ်သမ ဆေးခန်းထိုင်တယ်။ တာဝန်ခံဆရာဝန်ပေါ့။ ကျနော်က နောက်မှဝင်လာသူ။ မဟုတ်ရင်မခံသူ၊ တည်ရဲသူဆိုတော့ အရင်ဆရာဝန်တွေက လူမိုက်ငှားကြတာလေ။

ကျနော်ကို ကောင်စီဥက္ကဌကို စော်ကားမှုတို့နဲ့ ကောင်စီရုံးမှာ စစ်ဆေးရေးလုပ်မယ်ပေါ့။ ဆယ်ရက်လောက် ခွာချိန်းပါတယ်။ အဲဒီမယ် လူတွေက ကောင်စီဥက္ကဌ/ ပါတီဥက္ကဌကို ၀င်ပေါ့ သွားတောင်းပန်ပေါ့။ စောက်ရေးတောင် မလုပ်ဘူးဘဲ ပြတ်ပြတ်ကောလွှတ်တာပေါ့။ ကောင်စီရုံးကြီးမှာ ပါတီရယ်၊ ကောင်စီရယ်၊ သမ၀န်ထမ်းတွေ နယ်ကလူတချို့ တွေနဲ့ ကျနော်ကို စွဲချက်တွေ တခုပြိးတခုတင်ကြပါတယ်။ ကျနော်က ဆေးလိပ် မသောက်တတ်ပါဘူး။ အဲဒီမှာ ပါတီ၊ကောင်စီဥက္ကဌတွေ စားပွဲကို လက်တဇောင်းတင် ဆေးလိပ်လေးဖွာလိုက် မျက်လုံးလေးမှေးပြီး နားထောင်လိုက်ပေါ့။ မထီတဲ့ ပုံအပြတ်လုပ်ပြနေတာ။

တဦးကထွက်ဆိုပြိးရင် ဟုတ်ပါလားပေါ့ မေးတယ် ထားပါထားပါ။ ဆက်စစ်စရာရှိတာ ဆက်စစ်စမ်းပါဗျာ၊ ခပ်ရွတ်ရွတ်ဘဲ။ လူ (၃၀-လောက်စစ်လဲပြိးရော) ခင်ဗျားဘာပြောချင်လဲပေါ့။ ခနဆိုပြီး ဆေးလိပ်ကို ကုန်အောင် အသာလေး ဖွာနေလိုက်သေးတယ်။ ပြီးစားပွဲပေါ်ဆေးလိပ်မီးကို ဖိငြိမ်းလိုက်ပြိး ရေအေးအေးလေး တခွက်လောက် တောင်းသောက်သေးတယ်။ သူတို့ကလည်း သေဒါဏ်ပေးထားသူကို မသတ်ခင်လူကို အလိုလိုက်သလို လုပ်နေကြတာလားမသိ။ ရေသောက်ပြိးမှ အင်္ကျီအိတ်ထဲက စာအိတ်လေးထုတ်ပေးပြီး ကောင်စီဥက္ကဌ မောင်စိန်ဝင်း လက်ထဲထည့်လိုက်တယ်။ ဒီစာက ခင်ဗျားနဲ့ ကျနော်နဲ့ နှစ်ကိုယ်ကြားပေးတဲ့စာ။ ပေါက်ကြားသွားရင် ကျနော့်ကို အဆိုးမပြောပါနဲ့ဘဲ ပြောပြီးပေးလိုက်ပါတယ်။ မသာလူလိမ် သူ့ရုံးခန်းထဲ ၀င်သွားပြီးဖတ်တယ်။ ပြီးခနနေတော့ ရန်ကုန်က အရေးကြီး ဖုံးလာနေလို့ စစ်ဆေးရေးကို နောက်ထပ်ရက်မှာ ထပ်ချိန်းမယ် ပြောလာပါတယ်။ နောက်ထပ်လည်း မစစ်တော့ဘူး။ ပြီးသွားပါတယ်။ တမြို့လုံးက သိချင်နေကြတာ ကျနော် ဘာစာပေးလိုက်သလည်းပေါ့။ ကျနော်ဘယ်သူ့ကိုမှ မပြောပြပါဘူး။ သူတို့တဖွဲ့လုံး ပြုတ်သွားနိုင်တဲ့ဟာ ကျနော်ကိုင်ထားတာပါ။ ထောင်ပါကျသွားနိုင်တာပါ။

၁၉၈၆ -မှာ ကျနော်ကို မနိုင်တော့ ကျနော့်ယောက်ဖကို တခါလှည့်ပြီး ရစ်ပါတယ်။ ၁၉၈၅ မှာ  ကျနော့်ယောက်ဖက မြို့နယ်လျှပ်စစ်မှုးပါ။  အဲဒီအချိန် မတိုင်ခင်ကတည်းက   မုံရွာကို ကျွန်းချောင်းဓါတ်ငွေ့ကနေ လျှပ်စစ်ဓါတ်အားတွေ   ရလာတော့  မုံရွာမှာ ၂၄- နာရီ လျှပ်စစ်မီး ထိန်ထိန်လင်းခဲ့ပါတယ်။  အဲဒီတော့ မြို့နယ်မှုးက  လျှပ်စစ်မီတာဘောက်တွေ  ပါဝါမီတာတွေ ချပေးခွင့် ပါဝါ ရှိလာခဲ့ပါတယ်။ ထုံးစံအတိုင်း  ငွေပေးနိုင်သူတွေက  ငွေပေးဖို့ ကြိုးစားကြပါတယ်။  ယောက်ဖကလဲ ဘာသာရေးသမား  လူကလဲ လူအေးဆိုတော့ ငွေပေးလာရင် အိမ်ထဲကို အ၀င်မခံပါဘူး။

သူ့ သုံးသပ်ချက်နဲ့ သူ  အမှန်တကယ်အလုပ်လုပ်နေသူ  ဘာညာပေါ့ ညွှန်ကြားချက်နဲ့ ကိုက်ညီသူတွေကို ဥိးစားပေးချပေးပါတယ်။ မီတာဘောက်ရသူက ကျေးဇူးသိတတ်လို့ နောက်မှ လာကန်တော့ရင် (သင့်တင့် သလောက်ပေး များရင်လည်း မယူဘူး) လက်ခံပါတယ်။ ဒါကို မောင်စိန်ဝင်းက သူ့လူတွေကို ချပေးဖို့ ဖိအားပေးလာပါတယ်။  သူတောင်းသမျှ တော်တော်များများကိုတော ယောက်ဖက လုပ်ပေးပါတယ်။ ဒါပေမဲ့ သူတောင်းတာတွေက မတရားများနေတော့ တချို့ကို မပေးနိုင်ပါဘူး။ အဲဒီမှာ(စ.စ.စ) လုံးက ဆိုပြီး ၀ီလီဂျစ်ကားနဲ့  လူလေးယောက် မုံရွာကို ရောက်လာပြီး လျှပ်စစ်ဝန်ထမ်း ( ရ-ဦး) ကိုဖမ်းဆီးပြီး ရဲစခန်းနဲ့  စစ်တပ် မှာ ရိုက်နက်စစ်ဆေးပါတော့တယ်။ မြို့က ကုန်သည်  စက်မှုလုပ်ငန်းရှင်တချို့ကိုလဲ  ဆည်မြောင်းရိပ်သာ (ဘိုတဲ) မှာ ခြိမ်းခြောက် မေးမြန်းပြီ  အတင်းအဓ္ဓမ ဦးလှပိုက် (ယောက်ဖဖြစ်သူ)ကို လာဘ်ပေးရပါတယ် ဆိုတာကို ထွက်ဆိုခိုင်းတာ လုပ်လာပါတယ်။

ယောက်ဖနဲ့အမ ကတော့ မျက်ရည်စက်လက်နဲ့ နေ့တိုင်း ငိုယိုနေကြရတော့တာပါ။ အမနဲ့ ယောက်ဖက မျက်ရည်စက်လက်နဲ့  ဟိုလူ့ ပြေးကပ် ဗောဓိဆရာတော် ညောင်ပင်အိုင်ဆရာတော်တွေ ကူပါကယ်ပါပေါ့... ကျနော်က ဘယ်ရမလည်း မန္တလေး (စ.စ.စ.) ရုံးကိုသွားပြီး ငယ်သူငယ်ချင်း (သော်တာ)ကို သွားစုံစမ်းကြည့်တော့  မုံရွာလျှပ်စစ်က တိုင်စာ တစ်စောင်မှ  မရှိပါဘူး။ တခါ လာစစ်တဲ့ကားကလဲ  နံပတ်ပြားအတုကြီး။   ဒီတော့ကျနော်က  စစ်ကိုင်းတိုင်းကောင်စီကို တိုင်စာပို့ပါတယ်။ နောက်နေ့ ချက်ချင်းဗျာ စိန်ဝင်းရယ် ပါတီဥက္ကဌတွေက ကျနော့်ယောက်ဖကို ခေါ်တောင်းပန်ပြိး သူတို့လည်း မသိရပါပေါ့ အသားလွတ်လိမ်ပြီး ချော့ပါလေရော။ ကျနော့်တိုင်စာကို ပြန်ရုတ်သိမ်းခိုင်းပါတယ်။ တခါ ရဲစခန်းမှုးရဲ့ ဇနီးက အမေနဲ့က နှစ်ဝမ်းကွဲတော်တယ်။ သူတို့ကလည်း ငိုကာယိုကာ လာတောင်းပန်။ ဒု-ဗိုလ်မှုးကြီးညွှန့်တင် (လယ်ယာ/ဆည်မြောင်း-၀န်ကြီး) ဒု-တပ်ရင်းမှုး( အောင်ထွန်း- သူက မွန်လူမျိုး) တို့က အဖေနဲ့ ရင်းနှီးခင်မင်နေကြတော့ ကျနော်ကြောင့် သူတို့ပါ ပြုတ်ကုန်မှာမို့ ကျနော့်တိုင်စာကို ပြန်ရုတ်သိမ်းပေး လိုက်ရပါတယ်။ အပီကို ဂျွတ်ဂျွတ်နေအောင် ကိုက်နိုင်တဲ့ အခွင့်အရေးကို လူတွေငဲ့ပြိး ရပ်လိုက်ရတာပါ။

လာတောင်းပန်တဲ့သူတွေ  ရှေ့ မှာကျနော် တောက်တခေါက်ခေါက်နဲ့  အံကြိတ်ပြီး ညှာတာလိုက်ရတာပါ။  ခင်ဗျားတို့ မျက်နှာတွေကြောင့်  ဒီမသာကောင်  လူကြီးရာထူးနဲ့ မတန်ဘူးပဲ ပြောလွှတ်လိုက်ပါတယ်။  ဒီမသာကို မကိုက် လိုက်ရတာ အခုအထိ အခဲမကြေပါဘူး။ လူလိမ်လူယုတ်မာ။ စိန်ဝင်းလဲ ပြသနာတွေ ရှင်းရပါတယ် ။ ကျနော်က တခုဘဲ သူ့ ဆီက ကတိတခုယူလိုက်ပါတယ်။ နောင်ကျနော်တို့ မိသားစုအပေါ်  အကောက်မကြံဖို့ပါ။ ယုတ်မာလာရင်  အမှုဆိုတာ ဘယ်တော့မှ မဆွေးဘူးဆိုတာဘဲ ပြောလိုက်ပါတယ်။ စိန်ဝင်းတို့ အဲဒီလို ယုတ်မာတာပါ။ ကျနော့်ကို ၁၉၈၄ နိုဝင်ဘာလမှာ မန္တလေး ထောက်လှမ်းရေးက ဖမ်းတာမှာ သူ့စံနက်လည်း မကင်းပါဘူး။ စစ်ကြောရေးနဲ့တင် ပြန်လွတ်လာတာပါ။ လူတော့ခံလိုက်ရတာပေါ့။ ပြန်ပို့တဲ့ ငထောက်က အရိပ်အမြွှက် ပြောလိုက်ပါတယ်။

ဒီလူလိမ်က ၁၉၉၀ -ရွေးကောက်ပွဲမှာ တ.စ.ည အမတ်အဖြစ် မုံရွာကနေ ၀င်ပြိုင်ပါတယ်။ သူတည်းတဲ့အိမ်က - အသက်-၂၀- မပြည့်သေးတဲ့ မိန်းခလေးကို ဗိုက်ကြီးလို့ ထွက်ပြေး ခိုးပြေးသွားပါတယ်။ လူက ၆၀-လောက်ရှိနေပြီ။ ပြီးမကြာခင် အရက်မူးလွန်ပြီး သေတာပါဘဲ။ အဲဒီလိုလူစားပါ။

ဆိုလိုတာကတော့ အဟမ်းအဟမ်း ဆိုတာ ကိုယ့်အပေါ်မှာ တော်တော်မူတည်ပါတယ်။ ကိုယ်က မာမာဆိုရင် အဟီးအဟီးအထိ ပြောင်းသွားပါမယ်လို့။ ပြည်သူအတွက် တိုက်ပွဲဝင်ပေးမယ့် အမတ်တွေရဲ့ သတ္တိကို စမ်းကြည့်တဲ့ အဟမ်းလေးပါ။ ဘယ်လိုလူစားတွေလည်း သတ္တိဘယ်လောက်ရှိတဲ့လူတွေလဲ စမ်းကြည့်လိုက်တာပါ။ လက်ထိပ်ကို အပ်စိုက် ခံဝံ့ မခံဝံ့ စမ်းကြည့်လိုက်တယ်လို့ဘဲ ကျနော်ထင်ပါတယ်။ ဆရာကြိးမောင်သာရ စကားလေးယူ သုံးရရင် ကျင်တုတ်ခံဝံ့ မခံဝံ့ပေါ့။

အခုတော့ အပြောတွေကို တကယ်လျှောက်ပြကြမယ့် လူစားတွေလား...WALKS THE TALKS စမ်းသပ်လိုက်ပါပြီ။

အားလုံးကိုလေးစားလျှက်
လှိုင်မြင့်... 
http://www.demowaiyan.co.cc/ တဆင့်ပြန်လည်ဖော်ပြပါသည်။
ကျင်တုတ်ခံဝံ့ မခံဝံ့ (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) ကျင်တုတ်ခံဝံ့ မခံဝံ့ (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) Reviewed by သစ်ထူးလွင် on 06:20 Rating: 5

No comments:

Powered by Blogger.