တာဝန်မဲ့ ဘတ်ဂျက်

သစ်ထူးလွင် (အသံဖိုင်နဲ့ဆောင်းပါး) April/19/2011
ကြံ့ဖွံ့အစိုးရရဲ့ 2011-2012 နိုင်ငံတော်ဘတ်ဂျက် မှာ ကျန်းမာရေးနဲ့ပညာရေးအသုံးစရိတ် ၅ ရာခိုင်နှုန်း သာရှိပြီး စစ်တပ်အသုံးစရိတ်က ၂၄ ရာခိုင်နှုန်းထားရှိပါတယ်။ စစ်အစိုးရအဆက်ဆက် လစ်လျူရှုခဲ့ လို့   မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ပညာရေး ပျက်စီးယိုယွင်းမှု့တွေကိုလည်း  အားလုံးအသိပဲဖြစ်ပါတယ်။
ပြည့်သူ့ ကျန်းမာရေးအတွက် တနှစ်သုံးစွဲငွေဟာ ကာကွယ်ရေး ၀န်ကြီးဌာန တနှစ် သုံးစွဲငွေရဲ့ ၉ ရာခိုင်နှုန်း   ကျော်သာ ရှိတာကြောင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ ချွတ်ယွင်း
     အားနည်းမှုများစွာဖြစ်ပေါ် နေကြောင်းလေ့လာသူပညာရှင်များကထောက်ပြပြောဆိုပါတယ်။

လာမယ့် ၂၀၁၁-၂၀၁၂ အစိုးရ အသုံးစရိတ်မှာ ကျန်းမာရေးကဏ္ဍအတွက် ၁.၃% လျာထားပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခန့်မှန်းခြေ လူဦးရေ သန်း ၆၀ နီးပါးနဲ့ တွက်ရင်တော့ တဦးကို ကျန်းမာရေး အသုံးစရိတ်က ၂ ဒေါ်လာ သာသာပဲ ရှိပါတယ်။ ဒါတွေဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အင်မတန် နည်းပါးသလို မြန်မာနိုင်ငံမှာ လက်ရှိ ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လုံလောက်မှုမရှိပါဘူး။
“ဆေးရုံတက်ရင် ဆေးထိုးအပ်၊ ဂွမ်းက အစ၊ ခွဲစိတ်ခ၊ ဆေးဝါး အဆုံး အစအရာရာ ကုန်ကျ စရိတ်တွေ   ပြည်သူတွေ ကိုယ်တိုင် အကုန်အကျ ခံနေရတယ်။ ကျန်းမာရေး ကဏ္ဍအတွက် က ဘတ်ဂျက် သုံးငွေတော်တော်နည်းတယ်။   စစ်တပ်ကြီးတွေ   ဘယ်လောက်ဖွဲ့ဖွဲ့၊   စစ်စခန်းကြီးတွေ
ဘယ်လောက်ဆောက်ဆောက်၊ ပြည်သူ့ကျန်းမာရေး မကောင်းရင် ခိုင်မာ တောင့်တင်းတဲ့ ကာကွယ်မှုမျိုး၊ လုံခြုံမှုမျိုး မရနိုင်ပါဘူး”
“လူတဦးချင်းစီရဲ့ ပျမ်းမျှ အသက်ရှင်နိုင်တဲ့ အနေအထားတွေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ပျမ်းမျှခြင်း အသက်ရှည်တဲ့ အသက်က ၆၀.၂ ပဲရှိတယ်။ အင်ဒိုနီးရှားမှာဆိုရင် ၆၆.၈ ရှိတယ်။ ထိုင်းနိုင်ငံမှာဆိုရင်း ပျမ်းမျှ သက်တမ်း ၇၀ ရှိတယ်ဆိုတာ တွေ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ အဓိကအားဖြင့်တော့ HIV/AIDS တို့၊ TB တို့၊ ငှက်ဖျားတို့ဟာ လူထုကျန်းမာရေးဆိုင်ရာ အကြီးအကျယ် စိန်ခေါ်မှုကြီးတွေ၊ တကယ့် ကူးစက်ရောဂါကြီးတွေ ဖြစ်နေတာ တွေ့ရပါတယ်။”
ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကျေးရွာတွေမှာ အခြေခံကျန်းမာရေး ဗဟုသုတ အဲဒါကနေ အရင်ပြုပြင်ပြောင်းလဲ ဖို့လိုပါတယ်။ ဘာလို့ဆိုရင် ကျေးရွာလူထုက ဘာတွေ အကျင့်ဖြစ်နေလဲဆိုရင် သူတို့ရင်းနှီးနေရတဲ့ ပတ်ဝန်းကျင်က ရမ်းကုတွေ များတယ်၊၊ အဲဒီ့ ရမ်းကုတွေကြောင့် မသေဆုံးသင့် ပဲ  သေဆုံး နေရတာတွေကလည်း ဒုနဲ့ဒေးပါ။
တကယ်တော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောက်ရှောက်မှု့ကဏ္ဍမှာ ပြဿနာတွေက အများကြီးပါ။ အဲဒီတော့ ဒီပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ဘယ်သူ့မှာတာဝန်ရှိလဲ- ကျနော်ကတော့ အာဏာပိုင်တွေ မှာပဲ တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်။


စာဖတ်သူတွေရော ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ မြင်ပါသလဲ----

ပညာရေး ကဏ္ဍနဲ့ပါတ်သတ်လို့လဲ ဆက်လက်ဆွေးနွေးချင်ပါတယ်။
၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ခွဲဝေမှုမှာ ပညာရေးအတွက် ၄.၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေး ကဏ္ဍအတွက် ၁.၃၁ ရာခိုင်နှုန်းစီသာ ခွဲဝေပေးထားပါတယ်။
ပညာရေးကဏ္ဍ သုံးစွဲငွေက အဓိကအားဖြင့် တက္ကသိုလ်၊ ကောလိပ် တည်ဆောက် ရေးမှာ ကုန်ကျစရိတ် များပြားကြောင်းသိရတယ်။ပြည်နယ်နဲ့တိုင်းအသီးသီးမှာ-
“ဆန္ဒပြပွဲတွေဖြစ်မှာစိုးလို့ ကျောင်းသားတွေ မစုစည်းမိအောင် တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေ ခွဲပြီး မြို့စွန်၊ မြို့ဖျား နေရာတိုင်း ဆောက်နေတယ်ဆိုတာ အားလုံးအသိပဲ။ တက္ကသိုလ် ကောလိပ် ဆောက်ရုံ နဲ့တော့ပညာရေး မတိုးတက်နိုင်ဘူး”




ဒီလိုလုပ်တော့ ဘယ်လိုအကျိုးဆက်တွေဖြစ်လာပါသလဲ- မိထ္ထိလာမြို့ က ပညာရေးဌာနအရှိဟောင်းတဦး ရဲ့ ပြောပြချက်ကလေးကို နားထောင်ကြည့်ရအောင်ပါ---

မိထ္ထိလာမြို့က ပညာရေးအရာရှိဟောင်းပြောချက်အသံဖိုင်

ပညာရေး ကဏ္ဍ ပျက်စီးယိုယွင်းမှုတွေကြောင့် လက်ရှိကျောင်းသားတွေကြားရင်ဆိုင်ကြုံတွေ့  နေရတဲ့ 
ပြဿနာ တွေဟာ မတွေးဝံစရာပါ။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဒီလူငယ်တွေလက်ထဲကို မလွှဲ မသေ  ရောက်မှာပါ၊ အစိုးရဲ့ ဘတ်ဂျတ် နဲ့ စီမံခန့်ခွဲမှု့ အမှားအယွင်း တွေဟာ မြန်မာ ပညာရေးနယ်ပယ် ဘယ်လိုရိုက်ခတ်နေပါသလဲ-
အပြည်အစုံကို ဆက်လက်နားထောင်ကြည့်ရအောင်--

မိထ္ထိလာမြို့က ပညာရေးအရာရှိဟောင်းပြောချက်အသံဖိုင်

မိထ္ထိလာမြို့က ပညာရေးအရာရှိဟောင်းတဦးရဲ့ပြောပြချက်တွေပါ။ ဆရာရဲ့ပြောပြချက်တွေဟာ လက်ရှိ 
မြန်မာ့ ပညာရေးစနစ်အပေါ်မှာ ရောင်ပြန်ဟပ်နေတယ်ဆိုတာ ညင်းဆိုစရာမရှိပါဘူး။ စစ်အစိုးရဟာ သူတို့အာဏာ တည်မြဲရေးအတွက် စစ်တပ်ကို တိုးချဲ့နေတော့ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်က တိုးတက်နေဦးမှာပါ။
ပညာရေးစရိတ်တွေမြင့်မားနေတော့နှစ်စဉ် ကျောင်းထွက်ရတဲ့ ကျောင်းသားတွေက မနည်းပါဘူး။ နီးစပ် ရာ ဘုန်းကြီးကျောင်း ပညာရေးဘက် ရောက်သွားသူတွေ ရှိသလို့ လုပ်ငန်းခွင်ထဲဝင်သွားတဲ့သူတွေလည်း ရှိပါတယ်။








ပညာရေး သုတေသန လေ့လာချက်များအရ ကလေးငယ် သုံးပုံတစ်ပုံဟာ ကျောင်းစာသင်ခန်းထဲကို မ၀င် သေးပါဘူး။ ကျေးလက်ကျောင်းများစွာရဲ့ အခြေအနေကလည်း ကိုယ်ထူကိုယ်ထ ယိုင်နဲ့နဲ့ တည်ဆောက်ထား ကြပြီး ကျောင်းလုံလောက်မှု့ ပြည်နယ်နဲ့တိုင်းတွေမှာပါ မရှိသေးတာတွေ့ရပါတယ်။


တိုင်းရင်းသားနယ်မြေတွေ မှာဆို ကျေးလက်ဒေသကျောင်းများမရှိလို့ အခြေခံပညာရေး ဆုံးခန်းတိုင် တက်ရောက်ဖို့ အခက်အခဲများ စွာ ရှိနေဆဲပါ။
ပိုဆိုးတာတော့ တိုင်းရင်းသား ဘာသာစကားကို ကျောင်းမှာ သင်ကြားခွင့် လုံးဝ မပြုခြင်းပါ။ ပြီးခဲ့တဲ့ နအဖ လွှတ်တော်မှာ မိုးမောက်မြို့နယ် အမတ် ဦးဇော်ထွန်း က စာသင်ကျောင်း တွေမှာ မြန်မာစာအပြင် တိုင်းရင်း သားစာပေတွေ သင်ကြားခွင့်ကို ဥပဒေရေးဆွဲ အကောင်အထည်ဖော်ပေးဖို့ အစီအစဉ်ကို မေးမြန်းရာ ၀န်ကြီး ဒေါက်တာ ချမ်းငြိမ်း က သင်ရိုးညွှန်းတမ်း ပြီးပြည့်စုံနေပြီဖြစ်လို့ မလိုအပ်ကြောင်း နဲ့ မဖြစ်နိုင်ကြောင်းသာ ဖြေကြားသွားပါတယ်။ စစ်အစိုးရအဆက်ဆက် သင်ရိုး ညွန်းတမ်းကို ဘယ်တုန်းကမှ ဒီမိုကရေစီနည်းလမ်း တကျ ရေးဆွဲထားတာမရှိလို့ တိုင်းရင်းသား ဘာသားစကားများ သင်ကြားခွင့်ကတော့ ဆုံးရှုံးနေဦးမှာပါ။
ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍဟာ တိုင်းပြည်တပြည်အတွက် အရေးအကြီးဆုံးဆိုတာပြောဖို့မလိုပေးမဲ အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ မြန်မာနိုင်ငံ ကျန်းမာရေး ပညာရေးစနစ် တွေ တိုးတက်လာဖို့ တာဝန်ရှိ တဲ့သူတွေအနေနဲ့ပြန်စဉ်းစားကြဖို့တိုက်တွန်းလိုက်ပါတယ်။

သစ်ထူးလွင်
(ထပ်ဆင့်ကူးယူဖြန့်ဝေနိုင်ပါသည်)
တာဝန်မဲ့ ဘတ်ဂျက် တာဝန်မဲ့ ဘတ်ဂျက် Reviewed by သစ်ထူးလွင် on 07:25 Rating: 5

No comments:

Powered by Blogger.